← Chapters

ကံကောင်းစေသော ခိုအီငါး(1)

Vol. 50 Ch. 497

ကံကောင်းစေသော ခိုအီငါး(1)

Vol. 50 Ch. 497

“သေစမ်း... ယွီဖုန်းချင်းရဲ့ ပရိသတ်အုပ်စုတွေကို တကယ် စိတ်ပျက်ဖို့ ကောင်းတာပဲ၊ သူတို့က တိုက်ခိုက်ရတာကို အရမ်း ဝါသနာပါကြတာ၊ သူမ Trend စာရင်းထဲ မပါတာက စုန့်စုန့်နဲ့ ဘာဆိုင်လို့လဲ”

ကျန်းရူယွီက မျက်မှောင်ကြုတ်လျက် ပြောလာသည်။

“ရှင့်ရဲ့စကားအရ ဒီ ‘ခိုအီငါး’ ဘလော့ဂ်ပို့စ်မှာ တစ်ခုခု မှားယွင်းနေပြီး အဲဒီနောက်ကွယ်မှာလည်း မကောင်းဆိုးရွားတစ်ကောင် ရှိနေတယ်၊ သူမ Trend ထဲ မဝင်တာ၊ ဒါမှမဟုတ် ကျွန်မတို့ဆီကို သတင်းမရောက်လာတာက အဲဒီမကောင်းဆိုးရွားက တမင်တကာ ဖုံးကွယ်ထားလို့...”

သူမ စကားကို ခေတ္တရပ်လိုက်ပြီးနောက် တစ်စုံတစ်ခုကို ရုတ်တရက် သတိပြုမိသွားသည်။

“ဒါပေမဲ့ ယွီဖုန်းချင်း မွေးကတည်းက ‘ခိုအီငါး’ ကံကောင်းခြင်း ပိုင်ဆိုင်ထားသူ မဟုတ်လား ၊ တကယ်လို့ သူမမှာ ပြဿနာရှိတယ်ဆိုရင်.. ‘အနက်ရောင်မြူခိုး’ က လွန်ခဲ့တဲ့ အနှစ် ၂၀ ကျော်ကတည်းက ရှိနေပြီး ဒီကစားပွဲကို ကြိုတင်ခင်းကျင်းထားတာလား!”

ကျန်းရူယွီသည် သေသေချာချာစဉ်းစားကြည့်ပြီးနောက် ထိတ်လန့်သွားကာ ထိုင်နေရာမှ ရုတ်တရက် ထရပ်လိုက်မိ၏။

မှန်ပေသည်။ တစ်ဦးနှင့်တစ်ဦး ဆက်နွယ်နေကြသော ထိုငွေလိမ်ဂိုဏ်းများ၊ လူကုန်ကူးမှုနှင့် မှောင်ခိုဂိုဏ်းများသည်က ပြည်ပနိုင်ငံများနှင့်ပင် အဆက်အသွယ်ရှိကြပြီး လွန်ခဲ့သော ၁၀ နှစ်ကျော်ကတည်းက ခြေရာခံနိုင်ခြင်း ဖြစ်ပေသည်။

ဤသည်မှာ အလွန်ပင်ကြောက်စရာကောင်းလွန်းသည်။

“ဒါဆို အခု ငါတို့ ဘာလုပ်ကြမလဲ သူမရဲ့ ဘလော့ဂ်ပို့စ်ကို ဖျက်ခိုင်းရမလား၊ ဒါမှမဟုတ် ပြည်သူတွေကို ဒါတွေမယုံဖို့နဲ့ မဆွေးနွေးကြဖို့ သတိပေးရမလား”

ကျန်းရူယွီက အလွန်စိုးရိမ်တကြီး မေးလိုက်သည်။

မျှဝေသူ တစ်သန်းကျော်နေပြီဖြစ်၍ မည်မျှအထိ လူအင်အား သုံးရမည်ကိုပင်မသိနိုင်တော့ပေ။

ကုကျစ်စုန့်က ခေါင်းကို ဖြည်းညင်းစွာ ခါရမ်းလိုက်သည်။

“အဲဒါက အလကားပဲ၊ ပိတ်ပင်တားဆီးတာက လူတွေကို ပိုပြီး အာရုံစိုက်လာအောင် လုပ်သလို ဖြစ်လိမ့်မယ်၊ ပြီးတော့ ပြန်မျှဝေထားတဲ့သူတွေကလည်း အဲဒီထဲမှာ ပါဝင်ပတ်သက်သွားကြပြီ”

သူ၏ သက်တမ်းကို အလဲအထပ်ပြု၍ လှပလာရန်နှင့် ပိန်လာရန် ဆုတောင်းခဲ့သော မိန်းကလေးများသည်က အမှန်တကယ်ပင် တဖြည်းဖြည်း လှပလာကြလိမ့်မည်။

သို့သော် သူတို့၏ သက်တမ်းမှ အနှစ် ၂၀၊ ၃၀ ခန့် ဖြတ်တောက်ခံလိုက်ရသည်ကို မသိနိုင်ကြပါချေ။

ထို့အပြင် စာမေးပွဲအောင်လိုသူများ၊ မိသားစု ကျန်းမာရေးအတွက် ဆုတောင်းသူများနှင့် အချစ်ရေး အဆင်ပြေလိုသူများလည်း ရှိကြပေသည်။

ဤဘလော့ဂ်ပို့စ်အောက်တွင် ဆုတောင်းလိုက်သည့် ခဏ၌ပင် အရောင်းအဝယ်မှာ အလိုအလျောက် ပြီးမြောက်သွားပြီပင်။

ရေတွက်မရနိုင်သော လူအများ၏ အသက်စွမ်းအား၊ ကံကောင်းမှု၊ ကျန်းမာရေးနှင့် သက်တမ်းတို့မှာ တစ်ညတွင်းချင်းပင် လုယူခံလိုက်ရချေပြီ။

သူတို့သည်က ခဏတာ ပျော်ရွှင်မှုကို ခံစားရနိုင်ပြီး ဆုတောင်းများ ‘ပြည့်စုံ’ သွားခြင်းအပေါ် အံ့ဩနေကြပေလိမ့်မည်။

သို့သော် မကြာမီမှာပင် ထို ‘ခိုအီငါး’ ကံကောင်းခြင်းအတွက် သူတို့ ပေးဆပ်ရမည့် တန်ဖိုးမှာ ဆုတောင်းနှင့် မမျှတဘဲ ငါးဆ၊ ဆယ်ဆခန့် ပိုမိုဆိုးရွားလှသော အနိဋ္ဌာရုံများကို ကြုံတွေ့ရပေတော့မည်။

ယခုအချိန်တွင် ယွီဖုန်းချင်းက ပို့စ်ကို ဖျက်လိုက်လျှင်ပင် ထူးတော့မည်မဟုတ်ပါချေ။

ထိုကြီးမားလွန်းသော အသက်စွမ်းအားနှင့် ကံကောင်းခြင်းများက ‘အနက်ရောင်မြူခိုး’ ထံသို့ ရောက်ရှိသွားခဲ့ပြီပင်။

ယွီဖုန်းချင်းအနေဖြင့် ထိုအရာမှ အကျိုးအမြတ် အနည်းငယ် ရရှိနိုင်သော်လည်း တစ်ထောင်ပုံ တစ်ပုံခန့်သာ ရှိပေလိမ့်မည်။

ကျန်းရူယွီ၏ မျက်လုံးများ နီမြန်းလာခဲ့သည်။

“ကျားနာကို အသားကျွေးပြီး အခွင့်အရေး ယူတာပဲ၊ ဒီမိန်းမ ရူးနေတာလား! ငါတို့တွေက သာမန်လူတွေ အသတ်မခံရအောင်၊ လိမ်လည်မှုတွေ မခံရအောင် မအိပ်မနေ ကြိုးစားနေကြတာ

သူမရဲ့ ဘလော့ဂ်ပို့စ်တစ်ခုက လူပေါင်း သန်းနဲ့ချီကို သတ်လိုက်တာနဲ့ အတူတူပဲ!”

“အရေးကြီးဆုံးကတော့ ဒီလိုမျိုး ထပ်မဖြစ်အောင် တားဆီးဖို့ပဲ၊ သူမရဲ့ ခန္ဓာကိုယ်ထဲမှာ ‘အနက်ရောင်မြူခိုး’ ရဲ့ အမှတ်အသား ရှိနေမယ်လို့ ကျွန်မသံသယရှိတယ်၊ ဒါကြောင့် သူမနဲ့ စကားသွားပြောရမယ်”

ကုကျစ်စုန့် ပြောလိုက်သည်။

“လူကို တိုက်ရိုက် သွားဖမ်းလိုက်ရအောင်”

ကျန်းရူယွီ၏ အသံက အက်ရှနေပြီး အံကြိတ်လျက် ပြောလာသည်။

“ငါ အထက်လူကြီးတွေကို အစီရင်ခံပြီးပြီ၊ ဌာနချုပ်ကလည်း သဘောတူတယ်၊ သူမကို အန္တရာယ်အရှိဆုံး အဆင့်အဖြစ် တိုက်ရိုက် ဖမ်းဆီးထိန်းသိမ်းပြီး အရေးယူသွားမယ်”

“ဒီဘလော့ဂ်ပို့စ်အတွက်တော့ ဌာနချုပ်က တစ်ယောက်ယောက်ကို ရှာပြီး ဖြေရှင်းခိုင်းပါလိမ့်မယ်၊ အနည်းဆုံးတော့ ထပ်ပြီး သားကောင်တွေ မတိုးလာအောင်ပေါ့”

နာရီဝက်ခန့်အကြာတွင် အဝါရောင်ကျန်းစာရွက်များကပ်ထားသော ဌာနချုပ်၏ စစ်ဆေးမေးမြန်းခန်းအတွင်း၌ ငေးငိုင်နေသော အမျိုးသမီးငယ်တစ်ဦးမီာ လက်ထိပ်ခတ်ခံထားရပြီး စိုးရိမ်တကြီး မေးမြန်းနေခဲ့သည်။

“ရှင်... ရှင်တို့က ဘယ်သူတွေလဲ”

မကြာသေးမီအချိန်ကပင် သူမက သူမ၏ တိုက်ခန်းအတွင်း၌ ဇာတ်ညွှန်းအသစ်တစ်ခုကို ကြည့်ရှုနေခဲ့ပြီး စိတ်လှုပ်ရှားနေသော မန်နေဂျာထံမှ ဖုန်းလက်ခံရရှိခဲ့သည်။

“ငါ့ရဲ့ ကံကောင်းတဲ့ ခိုအီငါးလေး... မင်းက တကယ် တော်တာပဲ! ဒါရိုက်တာ Amber နဲ့ ဘယ်လို ချိတ်လိုက်တာလဲ၊ ရှားနိုင်ငံတစ်ခုလုံးအတွက် ကိုယ်စားလှယ်နေရာကို မင်း ရလာတော့မှာ...”

ယွီဖုန်းချင်းက နှုတ်ခမ်းထောင့်ကို အသာကွေးလိုက်မိသည်။ နှစ်ဝက်နီးပါးခွဲခန့် စိတ်ဓာတ်ကျနေခဲ့သော သူမ၏ ခံစားချက်များမှာလည်း နောက်ဆုံးတွင် ကြည်လင်သွားခဲ့ပြီ ဖြစ်၏။

‘စနစ်’ပြောသည်က မှန်ကန်နေခဲ့ချေပြီ။ သူမသာ စနစ်၏ စကားကို နားထောင်ပြီး သူမ၏ ကျော်ကြားမှုနှင့် ဆွေးနွေးမှုများကို တိုးပွားစေရန် ဘလော့ဂ်ပို့စ်များ တင်မည်ဆိုပါက လုယူခံခဲ့ရသော ကံကောင်းခြင်းများ အမှန်တကယ်ပင် ပြန်လည်ရောက်ရှိလာနိုင်ပေသည်။

ဘလော့ဂ်ပို့စ် တင်ထားသည်မှာ တစ်ညသာ ရှိသေးသော်လည်း ယနေ့မနက်တွင် နာမည်ကြီး ဇာတ်လမ်းတွဲတစ်ခုမှ ဒါရိုက်တာက ကုမ္ပဏီသို့ ဆက်သွယ်လာပြီး ဇာတ်ဆောင်နေရာအတွက် လူတွေ့စစ်ဆေးရန် ဖိတ်ခေါ်ခဲ့သည်။

ထို့အပြင် သူမ သုံးလကျော်ကြာအောင် ဆက်သွယ်ခဲ့သော်လည်း အကြောင်းမပြန်ခဲ့သော ဇိမ်ခံပစ္စည်း တံဆိပ်တစ်ခုမှ ဒါရိုက်တာကလည်း သူမနှင့် စာချုပ်ချုပ်ရန်အတွက် သဘောထား ပျော့ပျောင်းလာခဲ့သည်။

ဤသည်မှာ ယွီဖုန်းချင်းအတွက် ‘ခိုအီငါး’ ကံကြမ္မာက မည်မျှ သာယာဖွယ်ကောင်းကြောင်းကို ပထမဆုံးအကြိမ် သိသိသာသာ သတိပြုမိခြင်းပင် ဖြစ်သည်။

သူမသည်က နေရာတိုင်းတွင် အပယ်ခံရသော အချိန်များသို့ နောက်ထပ် တစ်ခါမျှ မပြန်လိုတော့ပါချေ။

သို့သော် သူမက “ဆုံးရှုံးသွားသောအရာများကို ပြန်လည်ရရှိခြင်း” ဟူသော ကံကောင်းမှုကို ခံစားနေချိန်မှာပင် အင်္ကျီရှည်ဝတ်ထားသော လူကြီးတစ်ဦးမှာ ခုတင်ဘေး၌ ရုတ်တရက် ပေါ်လာခဲ့သဖြင့် ထိတ်လန့်တကြားအော်မိသွားရသည်။

ထို့နောက်တွင် သူမသည်က ဤနေရာသို့ ခေါ်ဆောင်ခြင်း ခံခဲ့ရပြီး ရာဇဝတ်သားတစ်ဦးကဲ့သို့ လက်ထိပ်ခတ်ခံကာ အေးစက်သော အခန်းအလွတ်တစ်ခုအတွင်း၌ ထိုင်နေရခြင်း ဖြစ်ပေသည်။

ယွီဖုန်းချင်းမှာ ထိန်းမနိုင်လောက်အောင် တုန်ရီနေခဲ့ပြီး နှလုံးသားထဲတွင်မှ ‘စနစ်’ ကို အကြိမ်ကြိမ် ခေါ်နေသော်လည်း မည်သည့်တုံ့ပြန်မှုမျှ မရရှိခဲ့ပေ။

နောက်ဆုံးတွင် ပိတ်ဆို့ထားသော တံခါးက ပွင့်လာခဲ့သည်။ သူမ လှည့်ကြည့်လိုက်ချိန်တွင် အခန်းထဲသို့ ဝင်လာသော ပုံရိပ်ကို မြင်ပြီး မျက်လုံးများ ပြူးကျယ်သွားခဲ့သည်။

“နင်ပဲ!”

ယွီဖုန်းချင်းသည်က သူမ အလေးမထားဟု ထင်ခဲ့ကာ၊ တစ်ဖက်လူနှင့် ပတ်သက်သည့် သတင်းများကို တမင်တကာ ရှောင်ရှားခဲ့သော်လည်း ယခုအချိန်တွင် တစ်ဖက်လူ၏ ပုံရိပ်မှာ သူမ၏ စိတ်ထဲ၌ နက်ရှိုင်းစွာ စွဲထင်နေပြီဖြစ်ကြောင်း သိလိုက်ရသည်။

“နင် ငါ့ကို ဒီနေရာကို ခေါ်လာတာလား ကုကျစ်စုန့်... နင် ရူးနေတာလား!”

အခန်းထဲသို့ ဝင်လာသော ကုကျစ်စုန့်မှာ သူမ၏ ‘ရန်သူ’ နှင့် ‘ပြိုင်ဘက်’ ဟု သတ်မှတ်ထားသူကို ပထမဆုံးအကြိမ် မျက်နှာချင်းဆိုင် အနီးကပ် ကြည့်ရှုလိုက်သည်။

အရှေ့တွင်ရှိနေသော အမျိုးသမီးမှာ အနွေးထည်ပါးနှင့် ဘောင်းဘီရှည်ကို ဝတ်ဆင်ထားပြီး ခြေချောင်းများမှာတော့ ဖိနပ်ပါးအတွင်း၌ ကွေးနေခဲ့သည်။

သူမက အနွေးပေးစက်ဖွင့်ထားသော အခန်းထဲမှ ဌာနချုပ်သို့ ရုတ်တရက် ခေါ်ဆောင်ခံခဲ့ရသဖြင့် အေးစက်နေပြီး ကြောက်ရွံ့မှုကြောင့် တစ်ကိုယ်လုံး တုန်ရီနေခဲ့သည်။

ထို့ကြောင့် ကုကျစ်စုန့်က ခေါင်းကိုလှည့်၍ နောက်မှ လိုက်လာသော မှတ်တမ်းတင်သူအား ပြောလိုက်သည်။

“သူ့အတွက် အဝတ်ထူထူနဲ့ စောင်တစ်ခု ယူပေးလိုက်ပါ”

ယွီဖုန်းချင်းက ထိုစကားကို ကြားလိုက်သော်လည်း နှလုံးသားထဲတွင်မှ ထိတ်လန့်မှုကြောင့် စိတ်ခံစားချက်ကို မထိန်းနိုင်တော့ဘဲ အော်ဟစ်လိုက်သည်။

“နင့်ရဲ့ ဟန်ဆောင်တဲ့ စေတနာတွေကို ငါမလိုချင်ဘူး! နင် ဘာလုပ်ချင်နေတာလဲ!”

ဘေးမှ လိုက်ပါလာသော ကျန်းရူယွီမှာ ယူနီဖောင်းကို ဝတ်ဆင်ထားခဲ့ပြီဖြစ်ကာ သူမကို အေးစက်သော လေသံဖြင့် ဆိုသည်။

“ယဉ်ကျေးစွာ ပြောဆိုပေးပါ၊ ကျွန်မတို့က တရားဝင် ဝိညာဉ်ဆိုင်ရာအဖွဲ့ကပဲ၊

ရှင်က ပြည်သူတွေရဲ့လုံခြုံရေးကို တမင်တကာ ဘေးဥပါဒ်ဖြစ်စေတယ်လို့ သံယယရှိတဲ့အတွက် အခု စစ်ဆေးမေးမြန်းရလိမ့်မယ်”

“ရှင် ပြန်မျှဝေလိုက်တဲ့ ခိုအီငါးကံကောင်းခြင်းပို့စ်က ပရိတ်သတ် တွေနဲ့ အပြစ်မဲ့တဲ့လူတွေဆီက ကံကောင်းခြင်းတွေကို လုယူခဲ့တယ်ဆိုတာ ရှင် သိလား”

ယွီဖုန်းချင်းမှာ ရုတ်တရက် အံ့အားသင့်သွားပြီး စကားပင် မပြောနိုင်ဖြစ်သွားသည်။

“နင်တို့ ဘာတွေ ပြောနေတာလဲ ဘယ်လို လုယူတာလဲ နင်တို့ ငါ့ကို စွပ်စွဲနေတာပဲ!”

ကျန်းရူယွီက ဒေါသတကြီး ရယ်လိုက်ပြီး သူမ၏ ဒေါသကို အခွင့်ကောင်းမယူတော့ဘဲ သက်သေများကို တစ်ခုချင်း ချပြလိုက်သည်။

ဝိညာဉ်ဆိုင်ရာအဖွဲ့၏ တရားဝင် အာဏာပိုင်မှု၊ တည်ရှိမှု အကြောင်းပြချက်များမှစ၍ မကြာသေးမီက ‘အနက်ရောင်မြူခိုး’ အင်အားစုများ လုပ်ဆောင်ခဲ့သော ကံကောင်းခြင်း လုယူမှုများ၊ ကံကောင်းခြင်း ဆုံးရှုံးသွားသူများ ကြုံတွေ့ရမည့် အကျိုးဆက်များအထိ အားလုံးကို ပြောပြလိုက်လေသည်။

အလွန်အမင်းလေးနက်သော မျက်နှာအမူအရာများရှိသည့် ကုကျစ်စုန့် အပါအဝင် လူများအားလုံးမှာ စောင့်ကြည့်ရေးဌာန၏ တံဆိပ်များကို ပိုင်ဆိုင်ထားကြပြီး အားလုံးမှာ ဝန်ကြီးများ သို့မဟုတ် ခေါင်းဆောင်အဆင့်များ ဖြစ်နေကြောင်းကို မြင်လိုက်ရချိန်တွင် ယွီဖုန်းချင်း၏ နှလုံးသားထဲတွင်၌ မကောင်းသော အငွေ့အသက်များ ပိုမို ပြင်းထန်လာခဲ့သည်။

သူမ ခေါင်းကိုသာ အဆက်မပြတ် ခါနေမိသည်။

“မဖြစ်နိုင်ဘူး..”

“ငါ သူတို့ဆီက ကံကောင်းခြင်းတွေကို မခိုးခဲ့ပါဘူး! ငါ့မှာ ကိုယ်ပိုင် ခိုအီငါးကံကောင်းခြင်း ရှိတယ်၊ ငါ လိုချင်တာကို ငါရနိုင်တယ်၊ ဘာလို့ သူများဆီက လုရမှာလဲ!”

“ယွီဖုန်းချင်း...”

တစ်ချိန်လုံး တိတ်ဆိတ်နေသော ကုကျစ်စုန့်က ရုတ်တရက် စကားပြောလာပြီး သူမ၏ အာရုံကို ဖမ်းစားလိုက်သည်။

“ခိုအီငါးဘဝဆိုတာ ဘယ်တုန်းကမှ မရှိခဲ့ဘူး၊ နင် နားလည်ရဲ့လား”

“ဘယ်လို အားထုတ်မှုမျိုးမှ မရှိဘဲ၊ အကြောင်းရင်း မရှိဘဲ ရရှိနေတဲ့ ကံကောင်းခြင်းဆိုတာ လုံးဝ မရှိဘူး၊ အစကနေ အဆုံးအထိ နင်က သူများဆီက လုယူနေခဲ့တာပဲ”

“နင် လျှောက်ပြောနေတာ!”

ယွီဖုန်းချင်း အံကြိတ်လိုက်ပြီး မျက်လုံးများ နီမြန်းလာခဲ့သည်။

သို့သော် ကုကျစ်စုန့်၏ အသံက ရပ်မသွားပါချေ။

“ငါ မမှားဘူးဆိုရင် နင် ငယ်ငယ်လေးကတည်းက နင် မုန်းတဲ့သူမှန်သမျှ ကံဆိုးကြတယ် ၊ နင့်ကို မနှစ်သက်တဲ့သူတွေကလည်း တဖြည်းဖြည်းနဲ့ ပိုပြီး အခြေအနေ ဆိုးလာကြတယ်

နင် အားကျတဲ့သူတွေရဲ့ အောင်မြင်မှုတွေ၊ အခွင့်အလမ်းတွေ၊ အရည်အချင်းတွေက မကြာခင်မှာပဲ နင့်လက်ထဲကို ရလာတတ်ပြီး အဲဒီအရာတွေကို ပိုင်ဆိုင်ခဲ့တဲ့သူတွေကတော့ တဖြည်းဖြည်းနဲ့ သာမန်လူတွေဖြစ်သွားပြီး အရာအားလုံးကို ဆုံးရှုံးသွားကြရတယ်”

All Chapters