← Chapters

ကံကောင်းစေသော ခိုအီငါး(2)

Vol. 50 Ch. 498

ကံကောင်းစေသော ခိုအီငါး(2)

Vol. 50 Ch. 498

အရာအားလုံးကို အလွယ်တကူ ရရှိသူများက တန်ဖိုးထားမည်မဟုတ်ပါချေ။ သို့သော် အခွင့်အရေးတစ်ခုအတွက် နှစ်ဝက်နီးပါးခွဲခန့် ကြိုတင်ပြင်ဆင်ခဲ့သူများ၊ ပြိုင်ပွဲများတွင် ဆုရရန် ကြိုးစားခဲ့သူများ၊ စင်ပေါ်သို့တက်ရန် ခြေဖဝါးများတွင် သွေးထွက်သည်အထိ လေ့ကျင့်ခဲ့သူများ...

သူတို့သည်က ဂုဏ်ယူဝင့်ကြွားစွာဖြင့် သူတို့၏ ရည်မှန်းချက်အတွက် ကြိုးစားခဲ့ကြသော်လည်း အကြောင်းရင်းမရှိဘဲ ကျရှုံးသွားခဲ့ကြရသည်။

တချို့က ကခုန်ခြင်းကို စွန့်လွှတ်လိုက်ကြသည်။ တချို့က ယုံကြည်မှုများ ဆုံးရှုံးသွားကြသည်...

သူတို့ပိုင်ဆိုင်သင့်သော အောင်မြင်မှုအသီးအပွင့်များမှာ တခြားသူတစ်ဦး၏ ဘဝတက်လှမ်းရန် ခြေနင်းတုံးများ ဖြစ်သွားခဲ့ရသည်ကိုပင် သိရှိခွင့် မရခဲ့ကြပါချေ။

ကုကျစ်စုန့် : “စွမ်းအင်တွေက တည်မြဲနေသလို ကံကောင်းခြင်းတွေကလည်း ဒီအတိုင်းပဲ၊ နင် အမြဲတမ်း ရရှိနေတာတွေက တခြားလူတွေ အများကြီးဆီက ဆုံးရှုံးသွားတာတွေနှင့် ပြန်ဖြည့်နေတာပဲ”

ယွီဖုန်းချင်းသည်ကား မည်သည့်အချိန်ကတည်းက မျက်ရည်များ စီးကျနေခဲ့သည်ကို မသိပါချေ။

သူမ၏ အောက်နှုတ်ခမ်းကို တင်းတင်းစေ့ထားမိသည်။

ကုကျစ်စုန့်၏ အေးစက်သော မျက်နှာမှာ မျက်ရည်များကြား၌ ဝေဝါးနေပြီး ထိုအေးစက်မှုက သူမကို ပို၍ ကြောက်ရွံ့စေသည်။

သူမ၏ ဂုဏ်ယူမှုနှင့် ဘဝတွင်ရှိနေသမျှသော အရာအားလုံးမှာ သူမ၏ မွေးရာပါ ကံကောင်းမှုအပေါ် အခြေခံထားခြင်း ဖြစ်ပေသည်။

သူမ၏ ပြိုင်ဘက်များက ပွဲအတွင်း အမှားများ ပြုလုပ်ကြသည်။ သူမက အရည်အချင်းအသစ်များ သင်ယူချိန်တွင် အတွေးသစ်များ ပေါ်လာတတ်သည် ။

တခြားသူများနှင့် ဆက်ဆံရာတွင်လည်း အလွယ်တကူ အချစ်ခံရတတ်သည်...

ယွီဖုန်းချင်း ဟူသော နာမည်မှာ လူတိုင်း အားကျရသော ဘဝတစ်ခု ဖြစ်ခဲ့ဖူးသည်။ သူမသည်က လိုချင်သည့်အရာမှန်သမျှကို ရနိုင်သည်ဟု ယုံကြည်ထားသောကြောင့် အကျိုးအမြတ် အနည်းငယ်အတွက် ရုပ်ပျက်ဆင်းပျက် တိုက်ပွဲဝင်ရန် မလိုခဲ့ပါချေ။

ထို့ကြောင့်ပင် အစပိုင်း၌ စနစ်က ကုကျစ်စုန့်ကို ရင်ဆိုင်ရန် စည်းရုံးချိန်တွင် သူမ မလုပ်လိုခဲ့ခြင်း ဖြစ်၏။

သူမ၏ အမြင်တွင် ဤကဲ့သို့ ပြုမူခြင်းမှာ အဆင့်မရှိဟု ထင်ခဲ့သည်။

သူမသာ ကံကောင်းခြင်းကိုသာမက ချစ်သူကိုပါဆုံးရှုံးရမည်ကို အမှန်တကယ် မကြောက်ရွံ့ခဲ့ပါက၊ စနစ်ပြသသော သူမ၏ နောက်ပိုင်းကံကြမ္မာကို မထိတ်လန့်ခဲ့ပါက ဤစည်းကို သူမ ကျော်ဖြတ်ခဲ့မည် မဟုတ်ပါချေ။

သို့သော် ယခုအချိန်တွင် ကုကျစ်စုန့်က သူမ ဂုဏ်ယူခဲ့သမျှ အရာအားလုံးမှာ လုယူထားခြင်းနှင့် ခိုးယူထားခြင်းဖြစ်ကြောင်း ပြောလိုက်ချေပြီ။

ထိုကံတရားအတွက် အလွန်အမင်း ဂုဏ်ယူဝံ့ကြွားတတ်သော ယွီဖုန်းချင်းအတွက်တော့ ဤသည်မှာ သူမ၏ ဂုဏ်သိက္ခာနှင့် အရာရာကို ဖျက်ဆီးလိုက်ခြင်းသာ ဖြစ်ပေ၏။

ကျန်းရူယွီက စိတ်ဓာတ်ပြိုလဲနေသော အမျိုးသမီးငယ်ကို စာနာစိတ်တချို့ဖြင့် ကြည့်လိုက်မိသည်။

ယွီဖုန်းချင်းမှာ ဤကစားပွဲအတွင်း၌ အနက်ရှိုင်းဆုံးနှင့် အစူးရှဆုံး ဓားတစ်လက်သာဖြစ်ကြောင်း သူမ သိရှိပေသည်။ ယနေ့ ဖြစ်ပျက်ခဲ့သော အကျိုးဆက်များမှာ ယွီဖုန်းချင်း၏ မူလရည်ရွယ်ချက် မဟုတ်လောက်ပါချေ။

‘ငါက မသတ်ခဲ့ပေမဲ့ ငါ့ကြောင့် သူ သေသွားရတယ်’ ဆိုသကဲ့သို့အချေအနေမြိုးသာဖြစ်ပေသည်။

သို့သော် ပြည်သူ သန်းပေါင်းများစွာ၏ ကံကောင်းခြင်းများက လုယူခံလိုက်ရပြီး ထိုကံကောင်းခြင်းများဖြင့် ‘အနက်ရောင်မြူခိုး’က မည်မျှအထိ ကြီးထွားလာမည်ကို တွေးမိချိန်တွင် ကျန်းရူယွီတစ်ယောက် ဒေါသထွက်မိပြန်သည်။

သူမက ခိုင်မာသော လေသံဖြင့် ပြောလိုက်သည်။

“ဒီလောက် ကြီးမားတဲ့ ကိစ္စမျိုးကို ငါတို့ မင်းကို လိမ်ပြောနေစရာ မလိုဘူး”

“မင်း ရရှိထားတဲ့ ဇာတ်လမ်းတွဲအသစ်တွေ၊ ဇိမ်ခံပစ္စည်း ကိုယ်စားလှယ်နေရာတွေနဲ့ တခြား အခွင့်အရေးတွေ...

အဲဒီ ကောင်းကင်က ကျလာတဲ့ ဘန်းမုန့်ကြီးတွေက ပရိတ်သတ် ပေါင်းများစွာရဲ့ အသက်တွေနဲ့ လဲလှယ်ပြီး ဝယ်ယူထားတာပဲ၊ မင်းဘာသာမင်း သေသေချာချာ ပြန်စဉ်းစားကြည့်ပါဦး”

ယွီဖုန်းချင်း၏ မျက်လုံးများက နီမြန်းဖောင်းအစ်နေပြီး နှလုံးသားထဲတွင်မှ အလွန်အမင်း ထိတ်လန့်မှုနှင့် အအေးဓာတ်တို့က အရေပြားတစ်လျှောက်မှ ဦးရေပြားအထိ ပျံ့နှံ့သွားခဲ့သည်။

သူမသည်က ကျန်းရူယွီ၏ စကားများကို ကြားနေရသော်လည်း ဦးနှောက်က မည်သည့်အတွေးကိုမျှ မထုတ်နိုင်တော့ဘဲ စိတ်ထဲတွင်သာ အထပ်ထပ်အခါခါ အော်ဟစ်နေမိသည် ။

‘စနစ်! စနစ်... ထွက်ခဲ့ဦး! သူတို့ပြောနေတာတွေ မဟုတ်ဘူးလို့ ငါ့ကို ပြောစမ်းပါ!’

‘ငါက မွေးကတည်းက ခိုအီငါးကံကြမ္မာနဲ့ မွေးလာတာ၊ သူများရဲ့ ကံကောင်းခြင်းနဲ့ အသက်တွေကို ငါမခိုးခဲ့ဘူး၊ ဒါက ဝတ္ထုတစ်ပုဒ်ပဲဆို၊ ငါက အဲဒီဝတ္ထုထဲက ဇာတ်လိုက်ပဲဆို! ထွက်ခဲ့စမ်းပါ!’

သို့သော် သူမ မည်မျှပင် အော်ဟစ်နေပါစေ၊ စနစ်က ထွက်လာပြီး အတည်ပြုပေးရန် မျှော်လင့်နေပါစေ၊ သူမ၏ စိတ်ထဲတွင် ဗလာသက်သက်သာ ဖြစ်နေခဲ့သည်။

သူမ၏ စိတ်ထဲ၌ အမြဲတစေကြားနေရသော ထိုမှော်ဆန်သည့်အသံမှာ မည်သည့်အချိန်ကမှ မရှိခဲ့ဖူးသကဲ့သို့ပင်။ ဤသည်မှာ မူလကတည်းက သူမ၏ စိတ်ကူးယဉ်မှုသက်သက်သာ ဖြစ်ခဲ့သည်လား။

သူမ၏ မျှော်လင့်ချက်များက တဖြည်းဖြည်း အေးခဲသွားခဲ့သည်။

ယွီဖုန်းချင်းသည် ကိုယ့်ကိုယ်ကိုယ် လိမ်လည်နေရန် မစွမ်းသာတော့ပါချေ။ သူမ ခေါင်းငုံ့လိုက်လျှင် ရှုပ်ပွနေသော ဆံပင်များမှာ မျက်ရည်နှင့် ချွေးအေးများဖြင့် စိုစွတ်နေခဲ့သည်။

ထို့နောက်တွင် သူမ ရုတ်တရက် ရယ်မောလိုက်၏။

ထိန်းချုပ်၍မရသော မျက်ရည်များက ပါးပြင်ထက်သို့ စီးကျလာခဲ့သည်။ သူမ ခေါငားမော့ကြည့်လိုက်ကာ တိုးညင်းပြီး အက်ရှနေသော အသံဖြင့် ပြောခဲ့သည်။

“ငါ ကုကျစ်စုန့်နဲ့ နှစ်ယောက်တည်း စကားပြောချင်တယ်”

ကုကျစ်စုန့်က မျက်ခုံးအသာပင့်လိုက်သည်။

“ရတယ်”

လူနှစ်ဦးတည်း ကျန်ရှိသော အခန်းထဲတွင် လူသေများသာရှိနေကဲ့သို့ ငြိမ်သက်ခြင်းများ ဖုံးလွှမ်းသွားခဲ့သည်။ ယွီဖုန်းချင်းက အတော်ကြာအောင် တိတ်ဆိတ်နေပြီးမှ စကားစလာခဲ့သည်။

“ငါ့ရဲ့ ကံကောင်းခြင်းက သူများဆီက လုယူထားတာဆိုရင်... နင်ကရော”

ကုကျစ်စုန့်၏ လေသံမှာ တည်ငြိမ်နေခဲ့သည်။

“ငါ့ရဲ့ ပင်ကိုယ်စရိုက်တွေ ဘာလို့ ရုတ်တရက် ပြောင်းလဲသွားပြီး သဘာဝလွန်စွမ်းအားတွေ ရလာတာလဲလို့ နင်မေးချင်တာဆိုရင်တော့... အကြောင်းရင်းက ငါက ဒီခန္ဓာကိုယ်ထဲက မူလပိုင်ရှင် မဟုတ်လို့ပဲ”

ဤသည်က ဖုံးကွယ်ထားရမည့်အရာ မဟုတ်ပါချေ။ တောက်ဓမ္မဂိုဏ်းများနှင့် ဌာနချုပ်ရှိ လူများမှာလည်း ထိုသို့ပင် သံသယရှိကြပေလိမ့်မည်။

တချို့က သူမကို လူလိမ်ဟု ထင်ကောင်းထင်နိုင်သော်လည်း မည်သူမျှ လာရောက် မမေးမြန်းရဲကြဘဲ မသိချင်ယောင်ဆောင်နေကြခြင်းသာ ဖြစ်သည်။

“ဒီစွမ်းအားတွေက ငါ့မှာ အမြဲတမ်း ရှိနေခဲ့တဲ့အရာတွေပဲ၊ လုယူတာကတစ်ဆင့် ရရှိလာတာ မဟုတ်ဘူး”

ယွီဖုန်းချင်းက ရုတ်တရက် ခေါင်းမော့၍ သူမကို စိုက်ကြည့်ကာ အံကြိတ်လျက် ဆိုသည်။

“ဒါကြောင့် နင်က အခု မကောင်းမှုကို နှိမ်နင်းပြီး ကောင်းမှုကို ဖော်ဆောင်တဲ့ ဇာတ်လိုက် ဖြစ်နေတာပေါ့၊ နင်က လူ့အဖွဲ့အစည်းကို ဘေးဥပဒ်ပြုတဲ့ ငါလို ဗီလိန်တစ်ယောက်ကို ဖျက်ဆီးချင်နေတာမလား”

ကုကျစ်စုန့်က ထိုစကားကို ငြင်းပယ်ကာ ပုခုံးအသာတွန့်ပြလိုက်သည်။

“သေချာတာကတော့ နင်က ဗီလိန်တစ်ယောက် မဟုတ်ဘူး ၊ အကောင်းဆုံး ပြောရရင်တော့ နင်က အမှန်တရားကိုတောင် မသိဘဲ တစ်ဖက်သတ် အနိုင်ကျင့်ခံနေရတဲ့ သနားစရာကောင်းတဲ့ အမြှောက်စာခံတစ်ယောက်ပဲ”

“နင်...!”

ယွီဖုန်းချင်း၏ ဒေါသတကြီး ပြောဆိုမည့် စကားလုံးများမှာ ကုကျစ်စုန့်၏ စူးရှသော အကြည့်များကြောင့် လည်ချောင်းထဲမှာတင် ပိတ်ဆို့သွားခဲ့သည်။

ကုကျစ်စုန့် အနီးကပ် ကြည့်ရှုလိုက်လျှင် ယွီဖုန်းချင်း၏ တုန်ရီနေသော သူငယ်အိမ်အတွင်း၌ စုစည်းနေသော အမည်းရောင်တစ်ခုကို မြင်လိုက်ရသည်။

ဆိုရလျှင် သေဆုံးနေသော အမည်းရောင် အပေါက်ငယ်လေးနှစ်ခုကဲ့သို့ပင်ဖြစ်ပြီး ပုပ်သိုးဆွေးမြည့်ကာ မှောင်မိုက်သော အငွေ့အသက်များဖြင့် ပြည့်နှက်နေခဲ့သည်။

ဤသည်မှာ ‘အနက်ရောင်မြူခိုး’ ကျူးကျော်ဝင်ရောက်ခဲ့ဖူးသော အမှတ်အသားပင် ဖြစ်၏။ သေချာပေါက် အနက်ရောင်မြူခိုး၏ အနှစ်သာရ ဖြစ်ပေလိမ့်မည်။

နှမြောစရာကောင်းစွာဖြင့် ထိုအနက်ရောင်မြူခိုးတို့က ယခုအချိန်တွင် ထွက်ခွာသွားပြီဖြစ်ပြီး အကြွင်းအကျန် အနည်းငယ်သာ ကျန်နေခဲ့တော့သည်။

ကုကျစ်စုန့်က ပြောလာသည်။

“ငါ့အထင်တော့ နင့်မှာ စနစ်တစ်ခု ရှိတယ်၊ သူက နင့်ကို ဒီကမ္ဘာရဲ့ ဇာတ်လိုက်ဖြစ်ပြီး လူတွေရဲ့ အာရုံစိုက်မှုအောက်မှာ တောက်ပနေရမယ့်သူလို့ ပြောခဲ့မှာပဲ၊ ဒါပေမဲ့ အခုတော့ အဲဒါက မရှိတော့ဘူး”

ယွီဖုန်းချင်းမှာ အံ့အားသင့်သွားခဲ့သည်။ သူမ ဝန်မခံသော်လည်း သူမ၏ မျက်နှာတွင် ‘နင် ဘယ်လိုသိတာလဲ’ ဟူသော စာသားများက အတိုင်းသား ပေါ်နေခဲ့သည်။

“ကွမ်းချီဟုန်အကြောင်းကို နင် ကြားဖူးမှာပေါ့”

ကုကျစ်စုန့် ပြောလိုက်သည်။

“သူ အဖမ်းခံရတဲ့ အကြောင်းရင်းကလည်း ပရိတ်သတ်တွေရဲ့ ကံကောင်းခြင်းတွေကို လုယူခဲ့လို့ပဲ၊ သူက သိရက်နဲ့ ကျူးလွန်ခဲ့တာ

သူ လက်ထိပ်ခတ်ခံရပြီး စစ်ဆေးမေးမြန်းခန်းထဲမှာ ထိုင်နေတုန်းကလည်း သူကိုယ်သူ ကမ္ဘာ့ကြီးရဲ့ဇာတ်လိုက်လို့ အော်ဟစ်နေခဲ့သေးတယ်၊ ကောင်းကင်က စနစ်တစ်ခုက သူ့ကို ပရိတ်သတ်တွေနဲ့ အင်တာနက်အသုံးပြုသူတွေဆီကနေ ကံကောင်းခြင်းတွေ အမြဲရရှိစေပြီး ဘဝရဲ့ ထိပ်ဆုံးကို ပို့ပေးမယ်လို့ ပြောခဲ့တယ်တဲ့”

“ကမ္ဘာပေါ်မှာ ဇာတ်လိုက်တွေက ဘာလို့ ဒီလောက်တောင် များနေရတာလဲ

သူမ ပြောလိုက်သော စကား၏ အဓိပ္ပာယ်ကို ယွီဖုန်းချင်း နားမလည်သော်လည်း သူမ၏ စိတ်ထဲ၌ တိတ်ဆိတ်နေသော စနစ်မှာတော့ ရူးသွပ်ကာ အပြစ်ရှိသကဲ့သို့ ခံစားနေရချေပြီ။

စိတ်ထဲမှ အတက်အကျ လှိုင်းနှုန်းများကို အာရုံခံမိသော်လည်း ကုကျစ်စုန့်က မျက်နှာသေဖြင့်သာ ရှိနေခဲ့သည်။

သေချာပေသည်။ ယွီဖုန်းချင်းအနေဖြင့် ကွမ်းချီဟုန်အကြောင်းကို ကြားဖူးသည်။

တိုက်ရိုက်ထုတ်လွှင့်မှုအတွင်း အဖမ်းခံရခြင်းနှင့် မျက်နှာအသွင်အပြင် ပြောင်းလဲသွားသော သတင်းများက အလွန်ပင် ကျော်ကြားခဲ့သည့်အတွက် သူမလည်း အာရုံစိုက်မိခဲ့သည်။

သို့သော် ထိုကဲ့သို့ အောက်တန်းကျသောသူတွင်လည်း စနစ်ရှိနေလိမ့်မည်ဟု သူမ မမျှော်လင့်ထားခဲ့ပါချေ။

ထို့အပြင် စနစ်ပြောခဲ့သမျှ စကားလုံးတိုင်းမှာ သူမ ကြားခဲ့ရသည့်စကားများနှင့် ထပ်တူကျနေခဲ့သည်။

ဒါဆို သူမက အဲဒီကွမ်းချီဟုန်နှင့် ဘာမှ မခြားနားဘူးဆိုတဲ့ အဓိပ္ပာယ်ပဲ မဟုတ်ဘူးလား !

ဒုတိယစနစ်တစ်ခု တည်ရှိနေခြင်းက ယွီဖုန်းချင်း၏ နောက်ဆုံး မျှော်လင့်ချက်ကို လုံးဝ ဖျက်ဆီးလိုက်လေတော့သည်။

သူမ၏ စိတ်ခံစားချက်မှာ နောက်တစ်ဖန် ပြိုလဲသွားပြန်သည်။ အတော်ကြာပြီးနောက်တွင် သူမက စကားပြောရန်အတွက် သဘောတူခဲ့ပြီး လွန်ခဲ့သော တစ်နှစ်ကျော်ကတည်းက စနစ် စတင်ပေါ်ပေါက်လာချိန်မှ ယခုအချိန်အထိ ဖြစ်ပျက်ခဲ့သမျှကို တစ်ခုချင်းစီ ပြန်လည်ပြောပြခဲ့သည်။

All Chapters