စစ်တုရင်အပိုင်းအစများနှင့် ဗျူဟာ
Vol. 50 Ch. 499
ယွီဖုန်းချင်း၏ ပြောပြချက်များမှတစ်ဆင့် ကုကျစ်စုန့်အနေဖြင့် ယွီဖုန်းချင်း၏ ‘ဝတ္ထု’ ကမ္ဘာမှာ သူမ (ကုကျစ်စုန့်) ရောက်ရှိနေသော ဤခန္ဓာကိုယ်၏ မူလပိုင်ရှင် ‘ကုကျစ်စုန့်’ နေထိုင်ခဲ့သည့် ဝတ္ထုကမ္ဘာနှင့် တစ်ထပ်တည်းဖြစ်ကြောင်း သိရှိလိုက်ရသည်။
ဇာတ်ကွက်များက လုံးဝ ထပ်တူကျနေခဲ့သည်။ ပြိုင်ဘက်မှာ ဘဝ၏ အောင်နိုင်သူ ဖြစ်ပြီး၊ ‘ကုကျစ်စုန့်’ မှာတော့ သနားစရာကောင်းသော အမျိုးသမီး အရန်ဇာတ်ကောင်သာ ဖြစ်ပေသည်။
အကယ်၍ ‘ကုကျစ်စုန့်’ သာ ပျောက်ကွယ်မသွားခဲ့ပါက သူမ၏ ဘဝမှာ ယွီဖုန်းချင်း၏ အိပ်မက်ထဲကအတိုင်း ဝမ်းနည်းစရာကောင်းပြီး ရွံရှာဖွယ်ကောင်းသောသူအဖြစ် ပြောင်းလဲသွားကာ နောက်ဆုံး၌ စိတ်ပျက်အားငယ်စွာဖြင့် သေဆုံးသွားရပေလိမ့်မည်။
ယန်ချန်မှာလည်း ယင်စွမ်းအင်များ ထိန်းမနိုင်သိမ်းမရဖြစ်ကာ တောက်ဓမ္မဂိုဏ်းများမှ နှိမ်နင်းသတ်ဖြတ်ခြင်းကို အစောပိုင်းကတည်းက ခံခဲ့ရပေလိမ့်မည်။
ယန်ရှုကွေ့ကတော့ အခက်အခဲများနှင့် အကျပ်အတည်းများစွာကို ကြုံတွေ့ပြီးနောက် လုပ်ငန်းစုကို အတင်းအဓမ္မ ဆက်ခံရမည်ဖြစ်၍ သူ၏ ကားပြိုင်သမားအိပ်မက်ကို စွန့်လွှတ်ကာ မိသားစုလုပ်ငန်းကို ဦးစီးရပေလိမ့်မည်။
ယွီဖုန်းချင်းက အရာအားလုံး ချောမွေ့နေသော ကံကောင်းခြင်းများကို ပိုင်ဆိုင်နေဦးမည်ပင်
သူမ၏ ကံကောင်းခြင်းမှာ မည်သည့်နေရာမှ လာသည်ကို မည်သည့်အချိန်တွင်မျှ သိရှိလိမ့်မည်မဟုတ်ဘဲ ထိုကံကောင်းခြင်းများကို အသုံးချ၍ အလုပ်အကိုင်နှင့် အချစ်ရေးတို့တွင် အောင်မြင်မှုများစွာ ရရှိနေပေလိမ့်မည်။
သို့သော် ကုကျစ်စုန့် ရောက်ရှိလာခြင်းက ဘဝအကြောင်းကို ပြန်လည်ရေးသားလိုက်ခြင်း ဖြစ်ပေသည်။ ထိုကမ္ဘာနှစ်ခုလုံးမှာ အစစ်အမှန်များ ဖြစ်ကြသည်။
ပထမတစ်ခုမှာ ‘ကုကျစ်စုန့်’ အစစ်နှင့် သက်ဆိုင်ပြီး သူမသာ ဤခန္ဓာကိုယ်ထဲသို့ မဝင်ရောက်ခဲ့ပါက ကြုံတွေ့ရမည့် ဘဝမျိုး ဖြစ်၏။
ဒုတိယတစ်ခုမှာ ယခု လက်ရှိကမ္ဘာပင် ဖြစ်ပေသည်။
အကြောင်းရင်းနှင့် ရလဒ်အားလုံးကို နားလည်သွားသော ကုကျစ်စုန့်အနေဖြင့် သူမ၏ ရှေ့မှ နောက်ဆုံးသောမြူထူမျက်နှာစာကြီး တဖြည်းဖြည်း ပွင့်လင်းသွားသကဲ့သို့ ခံစားလိုက်ရသည်။
အချက်အလက်နှင့် သဲလွန်စအားလုံးမှာ ဆက်နွယ်သွားပြီး သူမကို ယခင်ကထက် ပို၍ ကြည်လင်ပြတ်သားလာစေသည်။
သူမသည် ယွီဖုန်းချင်းကို ကြည့်၍ ပြောလိုက်သည်။
“ခဏနေရင် ဌာနချုပ်ကနေ နောက်ထပ် လူနှစ်ယောက် လာပြီးစစ်ဆေးလိမ့်မယ်၊ နင်က အခု အန္တရာယ်ရှိတဲ့သူတစ်ယောက် ဖြစ်နေလို့ ဒီရှုပ်ထွေးမှုတွေ အားလုံး မပြီးမချင်း ဌာနချုပ်မှာပဲ နေရပါလိမ့်မယ်”
“နင် ကောင်းကောင်း နေမယ်ဆိုရင် ဘာမှမဖြစ်ပါဘူး” သို့မဟုတ် “ဌာနချုပ်က နင့်ကို နားလည်ပေးနိုင်ပါတယ်” စသည့် နှစ်သိမ့်စကားမျိုးများကိုတော့ ကုကျစ်စုန့်က တစ်ခွန်းမျှ မပြောဆိုခဲ့ပါချေ။
ယွီဖုန်းချင်းအနေဖြင့် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်သည်ဖြစ်စေ၊ မတော်တဆလုပ်မိသည်ဖြစ်စေ သူမကြောင့် ဖြစ်ပွားခဲ့သော အနိဋ္ဌာရုံများနှင့် သန်းပေါင်းများစွာသော ပြည်သူများ၏ ကံကောင်းခြင်းများ လုယူခံရသည့် အကျိုးဆက်များကို ဖျက်ပစ်၍ မရနိုင်ပါချေ။
သူမာ ထိုလုပ်ရပ်အတွက် တာဝန်ယူရလိမ့်မည်။
အကယ်၍ အခြေအနေများက ပြန်လည်ကောင်းမွန်လာပါက အဆင်ပြေနေသေးသော်လည်း၊ အခြေအနေက အလွန်ဆိုးရွားပြီး ပြန်လှည့်ရန်လမ်းမရှိပါက ထိုဆုံးရှုံးသွားသော ကံကောင်းခြင်းများက အမှန်တကယ်ပင် ပျောက်ကွယ်သွားမည်ဖြစ်၍ သူမအနေဖြင့် တစ်သက်တစ်ကျွန်း ထောင်ဒဏ်နှင့်ပင် ရင်ဆိုင်ရနိုင်ပေသည်။
စစ်ဆေးမေးမြန်းခန်းထဲမှ မထွက်ခွာမီ ယွီဖုန်းချင်းက သူမကို ရုတ်တရက် လှမ်းခေါ်လိုက်သည်။
“ကုကျစ်စုန့်!”
သူမ လှည့်ကြည့်လိုက်၏။
“သူတို့ဆီက ကံကောင်းခြင်းတွေကို ငါပြန်ပေးလို့ရမလား”
ယွီဖုန်းချင်းက လက်သီးကို တင်းတင်းဆုပ်လျက် ပြောလိုက်သည်။
“ငါ အဲဒါတွေကို မလိုချင်တော့ဘူး”
ကုကျစ်စုန့်က ပြန်မပြောခဲ့ပါချေ။
အကြောင်းမှာ ဆုံးရှုံးသွားသော ကံကောင်းခြင်းနှင့် အသက်စွမ်းအား အများစုမှာ ‘အနက်ရောင်မြူခိုး’ ၏ ဝါးမြိုခြင်းကို ခံလိုက်ရပြီဖြစ်ကြောင်းကို သူမ သိနေသောကြောင့် ဖြစ်သည်။ ယွီဖုန်းချင်းက ပြန်ပေးချင်ရုံနှင့် ပြန်ပေးနိုင်သည့် အနေအထားမျိုး မဟုတ်တော့ပေ။
တံခါးအပြင်ဘက်တွင် ကျန်းရူယွီက နံရံကိုမှီ၍ စာရွက်စာတမ်းတချို့ ရေးသားနေခဲ့သည်။
သူမက ကုကျစ်စုန့် ထွက်လာသည်ကို မြင်လျှင် မေးလာသည်။
“စကားပြောလို့ ပြီးပြီလား”
“ရှင်တို့ ခုနက စကားပြောတာတွေကို ကျွန်မတို့လည်း နားထောင်နေခဲ့တယ်၊ ပြောရရင်တော့ သူမမှာ လူသားဆန်တဲ့ အသိစိတ်လေး ကျန်နေသေးတယ်လို့ ဆိုရမယ်၊ ဒါပေမဲ့ အရမ်း နောက်ကျသွားပြီ”
ကျန်းရူယွီ၏ လေသံမှာ အနည်းငယ် နိမ့်နေခဲ့သည်။ ယခုအချိန်တွင် သူမလည်း တစ်စုံတစ်ခုကို သတိပြုမိသွားပေပြီ။
တကယ်တမ်းတွင် သူတို့ဘက်က အလုပ်လုပ်ရန် နှေးကွေးနေခြင်း မဟုတ်ဘဲ ‘အနက်ရောင်မြူခိုး’ က အားထုတ်မှုများစွာ ပြုလုပ်ခဲ့ခြင်းသာ ဖြစ်သည်။
ဌာနချုပ်နှင့် အဆက်အသွယ်ရှိသူ မည်သူကမျှ ယနေ့မတိုင်မီအထိ ထိုဘလော့ဂ်ပို့စ်ကို မမြင်ခဲ့ကြရပါချေ။
သူမ စုံစမ်းကြည့်ပြီးနောက် လူတိုင်းမှာ ထိုအတိုင်းပင် ဖြစ်နေခဲ့သည်။
ယခုအချိန်တွင် ‘အနက်ရောင်မြူခိုး’ ၏ ရည်ရွယ်ချက်က အောင်မြင်သွားပြီဖြစ်၍ ဖုံးကွယ်ထားမှုများကို လျှော့ချလိုက်ချိန်တွင်မှသာ ပတ်ဝန်းကျင်ရှိ လူတချို့က သတင်းအနည်းငယ်ကို မြင်တွေ့လာရခြင်း ဖြစ်ပေသည်။
ခိုအီငါးကံကောင်းခြင်း သတင်းဌာနချုပ်သို့ ရောက်ရှိလာချိန်တွင် အဓိက တာဝန်ရှိသူများအကြား၌သာ ပျံ့နှံ့သွားခဲ့သည်။
လူပေါင်း တစ်သန်း၏ အသက်စွမ်းအားဆိုသည်မှာ မည်သည့်အရာကို ဆိုလိုခြင်းဖြစ်ကြောင်း လူတိုင်း သိထားကြသည်။
အခြေအနေများ အနည်းငယ် တိုးတက်လာပြီး မျှော်လင့်ချက်လေး ရှိလာချိန်တွင် အခြေအနေက တစ်ဖန် ပြန်လည် ဆိုးရွားသွားခဲ့ချေပြီ။
ယခင်က ကြိုးစားအားထုတ်ခဲ့သမျှ အရာအားလုံးမှာလည်း ပျက်စီးသွားရရုံသာမက ပို၍ပင် ဆိုးရွားသော အခြေအနေသို့ ရောက်ရှိသွားခဲ့သည်။
ဤသည်မှာ အဖွဲ့ဝင်တချို့၏ စိတ်ဓာတ်ကို တိုက်ရိုက် ရိုက်ချိုးလိုက်သကဲ့သို့ပင် ဖြစ်နေခဲ့၏။
ကုကျစ်စုန့်က သူမကို ကြည့်၍ တစ်ခွန်းသာ ပြောလိုက်သည်။
“နောက်မကျသေးပါဘူး”
နောက်ဆုံးအချိန်သို့ မရောက်မချင်း ပြန်လည်တိုက်စစ်ဆင်ရန် အခွင့်အရေး ရှိနေဆဲပင်။
သူမက ကျန်းရူယွီကို များစွာ နှစ်သိမ့်မနေတော့ဘဲ ပြောလိုက်သည်။
“ကျွန်မ ထင်ထားတဲ့အတိုင်းပဲ၊ ယွီဖုန်းချင်းကလည်း ‘အနက်ရောင်မြူခိုး’ ရဲ့ ဝါးမြိုခြင်းနဲ့ ကျူးကျော်ခြင်း ခံရတဲ့ ပစ်မှတ်တွေထဲက တစ်ခုဖြစ်ခဲ့ပြီးတော့ ကျူးကျော်ခံလိုက်ရတာပဲ
အခု ‘အနက်ရောင်မြူခိုး’ က ကြိုတင် ထွက်ပြေးသွားပေမဲ့ သူမရဲ့ ခန္ဓာကိုယ်ထဲမှာ နက်ရှိုင်းတဲ့ အမှတ်အသားတွေ ကျန်နေခဲ့သေးတယ်၊ ဒါက အခွင့်အရေးပဲ
သူမကို ဌာနထဲမှာပဲ ပိတ်မထားဘဲ အပြင်ကို ခေါ်ထုတ်သွားလိုက်”
“ဘာကို ဆိုလိုတာလဲ”
ကျန်းရူယွီက နားမလည်နိုင်ဖြစ်နေသည်။
ကုကျစ်စုန့်က ရှင်းပြလိုက်သည်။
“ကျွန်မသာ အထင် မမှားဘူးဆိုရင် ယွီဖုန်းချင်းရဲ့ ခန္ဓာကိုယ်က ‘အနက်ရောင်မြူခိုး’ နဲ့ ပတ်သက်ရင် အထူး အာရုံခံနိုင်စွမ်း ရှိနေလိမ့်မယ်
သူမကို အပြင်ကို ခေါ်သွားကြည့်မယ်ဆိုရင် မထင်မှတ်ထားတဲ့ အံ့ဩစရာတွေ ရှိလာနိုင်တယ်”
ဥပမာအားဖြင့် အလွန်နက်ရှိုင်းစွာ ပုန်းအောင်းနေပြီး အရေးကြီးသော ဖုန်းရွှေနေရာများအောက်တွင် ရှိနေသည့် ကိုယ်ပွားများကို ရည်ရွယ်ချက်မရှီ လိုက်ရှာနေမည်ဆိုပါက အချိန်နှင့် လူအင်အား များစွာ ကုန်ဆုံးပေလိမ့်မည်။
သို့သော် ယွီဖုန်းချင်း၏ ခန္ဓာကိုယ်မှာ ‘အနက်ရောင်မြူခိုး’ ၏ ဝါးမြိုခြင်းကို အချိန်အကြာကြီး ခံခဲ့ရသူဖြစ်၍ သူမသည်က အသင့်တော်ဆုံး ‘ထောက်လှမ်းစက်’ ပင် ဖြစ်ပေသည်။
ကျန်းရူယွီ၏ မျက်လုံးများ တောက်ပသွားသည်။
“ဒါက ဖြစ်နိုင်ပါ့မလား သူမကရော ကျွန်မတို့ကို ကူညီဖို့ သဘောတူပါ့မလား”
ကုကျစ်စုန့်က နှုတ်ခမ်းထောင့်ကို အသာ ကွေးလိုက်မိသည်။
“လောလောဆယ်တော့ သူမက သဘောတူမယ့်ပုံပဲ၊ ဌာနချုပ်က သူမကို ဘယ်လို စည်းရုံးမလဲဆိုတဲ့အပေါ်မှာပဲ မူတည်ပါတယ် ၊ တကယ်လို့ အကြောင်းပြချက်တွေနဲ့ စည်းရုံးလို့ မရဘူးဆိုရင်တော့ တင်းကျပ်တဲ့ အစီအမံတွေ သုံးရမှာပေါ့”
ကျန်းရူယွီ : “ကောင်းပါပြီ၊ ဒါကို ကျွန်မကိုပဲ လွှဲထားလိုက်ပါ”
“ဒါနဲ့...”
အရေးကြီးသောအချက်တစ်ခုကို သတိရသွားပြီး ကုကျစ်စုန့်က ဆက်ပြောလိုက်သည်။
“ တောက်ကျန့် ချန်ချင်းနဲ့ ရှီကွေးကို သူမရဲ့ဘေးမှာ ကိုယ်တိုင် စောင့်ကြပ်ခိုင်းလိုက်၊ သူတို့က ပညာရပ်ပိုင်းမှာ နက်နဲသလို လှုပ်ရှားမှုလည်း မြန်ဆန်တဲ့အတွက် ခရီးလမ်းမှာ အချိန်ကုန်တာကို လျှော့ချနိုင်တယ်၊
ဒါ့အပြင် ‘အနက်ရောင်မြူခိုး’ က လမ်းမှာ လာရောက်နှောင့်ယှက်ပြီး လူကို လုယူသွားတာမျိုးကိုလည်း ကာကွယ်နိုင်လိမ့်မယ်”
“အဓိကအချက်ကတော့ ဝူတုနဲ့ ချန်ချင်းဂိုဏ်းလူတွေကို ယွီဖုန်းချင်းနဲ့ အထိအတွေ့ မရှိစေပါနဲ့”
ကုကျစ်စုန့်၏ အကြည့်များမှာ အေးစက်နေခဲ့သည်။
“ကျွန်မ သူတို့ကို မယုံဘူး”
…
ဌာနချုပ်မှ သူမအတွက် ပြင်ဆင်ပေးထားသော တိုက်ခန်းသို့ ပြန်ရောက်ချိန်တွင် ကုကျစ်စုန့်က သူမ၏ အိတ်ကို ချလိုက်ပြီး အပေါ်အင်္ကျီကို ချွတ်လိုက်သည်။
သူမကနူးညံ့သော ကော်ဇောပေါ်တွင် ခြေဗလာဖြင့် လျှောက်သွားခဲ့ပြီး အနက်ရောင် အနွေးထည်က သူမ၏ ကျောက်စိမ်းကဲ့သို့ ဖြူဖွေးသော လက်ကောက်ဝတ်များကို ပိုမို ထင်ရှားစေသည်။
သူမ ဆိုဖာပေါ်တွင် မှီထိုင်လိုက်ပြီးနောက် မျက်လုံးကို အနည်းငယ် ဖွင့်ကြည့်လိုက်ပြီး ဗလာသက်သက်ဖြစ်နေသော ဧည့်ခန်းကို ကြည့်ကာ ပြောလိုက်သည်။
“မင်း ကိုယ့်ဘာကိုယ် အမှန်အတိုင်း ဝန်ခံဖို့ ဆုံးဖြတ်ထားတာ ကြာပြီပဲ၊ အခု ဒီအဆင့်အထိ ရောက်နေပြီကိုတောင် ဘာမှ ပြောစရာ မရှိသေးဘူးလား”
အတော်ကြာ တိတ်ဆိတ်နေပြီးနောက် ကုကျစ်စုန့်က သူမ၏ အာရုံကြောများကို မမြင်ရသော လက်တစ်စုံက အသာအယာ ဆွဲငင်နေသကဲ့သို့ ခံစားလိုက်ရသည်။
ဤသည်က သူမကို ချော့မြှူနေသကဲ့သို့ပင်။ နာကျင်မှုမရှိဘဲ အနည်းငယ် ထုံကျင်ကျင်သာ ဖြစ်စေသည်။ တစ်ဖက်လူက စကားမပြောသော်လည်း အနည်းဆုံးတော့ သေချင်ယောင်ဆောင်မနေတော့ဘဲ နူးညံ့ပြီး အပြစ်ရှိသကဲ့သို့သော သဘောထားမျိုးကို ပြသလာခဲ့သည်။
ကုကျစ်စုန့်က မျက်လုံးဖွင့်လိုက်ပြီး အေးစက်သောလေသံဖြင့် ဆိုသည်။
“ဒါမျိုးတွေ မလုပ်နဲ့”
“နှမြောစရာပဲ၊ ငါက မင်းကို ဘာမှမသိတဲ့၊ ဘာမှလည်း ကောင်းကောင်းမလုပ်နိုင်တဲ့ အသုံးမကျတဲ့ကောင်လေးလို့ ထင်ခဲ့တာ၊ တကယ်တော့ မင်းက ကျားကို ဝက်ရေခြုံခိုင်းပြီး ငါ့ဆီကနေ အမှန်တရားကို ဖုံးကွယ်ထားခဲ့တာပဲ”
“စနစ်က တကယ်ကို တော်တာပဲ”
ကုကျစ်စုန့်မှာ အမှန်တကယ် ဒေါသထွက်နေခဲ့ပြီး ဤကဲ့သို့ သိသာထင်ရှားသော စိတ်လှုပ်ရှားမှုမျိုးကိုပင် ပြသလာခဲ့သည်။
သူမ၏ ထေ့ငေါ့သော စကားလုံးများကြောင့် စနစ်က အားနည်းပြီး ထိတ်လန့်သွားကာ စကားပြောရန် ငြင်းမရတော့ပါချေ။
“စုန့်စုန့်... ဒီလို မပြောပါနဲ့၊ ငါ တကယ်ပဲ အရင်က ဘာမှ မသိခဲ့လို့ပါ!”
“ဒါဆို အခုတော့ မင်း အကုန်လုံးကို သိသွားပြီပေါ့”
စနစ်၏ အသံက ရုတ်တရက် ရပ်တန့်သွားပြီး ပြန်လည် တိတ်ဆိတ်သွားခဲ့သည်။
ကုကျစ်စုန့်က လှောင်ပြုံးပြုံးလိုက်သည်။
“မင်း ငါ့ကို မပြောရင်တောင် ငါ ခန့်မှန်းလို့ ရပါတယ်၊ ဒါက ကစားပွဲကြီး တစ်ပွဲပဲ၊ ဒါပေမဲ့ ငါက အစကတည်းက အဆုံးအထိ ဒီကစားပွဲကို ကစားနေတဲ့သူ မဟုတ်ဘူး
ငါက အဖြူရောင်ဘက်က ကိုယ်စားပြုတဲ့ စစ်တုရင်ခုံပေါ်က ဘုရင်ရုပ်တစ်ခုပဲ... ငါ တစ်ယောက်တည်းပဲ ရှိနေတဲ့ အထီးကျန် စစ်တုရင်ရုပ်ပေါ့”
“ပြီးတော့ ‘အနက်ရောင်မြူခိုး’ က တစ်ဖက်က ကစားပွဲကို ဦးဆောင်နေစစ်တုရင်ကစားသမားပဲ၊ သူ့လက်အောက်မှာတော့ အဆုံးမရှိတဲ့ စစ်တုရင်ရုပ်တွေ ရှိတယ်
သူက ငါ့ကို တိုက်ခိုက်ဖို့အတွက် သဲလွန်စတွေကို အချိန်အကြာကြီး မြှုပ်နှံထားနိုင်သလို၊ လိုအပ်ရင်လည်း အသုံးချပြီး လွှင့်ပစ်နိုင်တယ်”
“မင်း ပြောချင်တာက အဖြူရောင်ဘက်က ကစားသမားက ငါ့ကို အထင်ကြီးနေတယ်လို့လား”