← Chapters

မြို့ကို မှောင်မိုက်သောမြူခိုးများနှင့် ဖုံးလွှမ်းနေပြီ(1)

Vol. 50 Ch. 500

မြို့ကို မှောင်မိုက်သောမြူခိုးများနှင့် ဖုံးလွှမ်းနေပြီ(1)

Vol. 50 Ch. 500

စနစ်မှာ ကျားရှေ့သို့ ရောက်နေသကဲ့သို့ ဖြစ်နေပြီး ငိုချင်သော်လည်း မျက်ရည်မထွက်နိုင်ဘဲ ထစ်ထစ်ငေါ့ငေါ့ဖြင့်သာ ပြောနိုင်တော့သည်။

“ငါ... ငါ မသိဘူး၊ ငါ ဒီကိစ္စတွေကို နားမလည်ဘူး...”

“မသိတာလား၊ ဒါမှမဟုတ် ပြောလို့ မရတာလား”

ကုကျစ်စုန့်၏ စစ်ဆေးမေးမြန်းမှုက ကပ်ပါလာခဲ့ပြီး အေးစက်သော လေသံကြောင့် စနစ်မှာ ထိတ်လန့်သွားပြီး မစဉ်းစားဘဲ လွှတ်ခနဲ ပြောလိုက်မိသည်။

“ပြောလို့ မရဘူး!”

ကုကျစ်စုန့် : ...

ဒီအသုံးမကျတဲ့ကောင်လေး။

ခဏမျှ တိတ်ဆိတ်နေပြီးနောက် ကုကျစ်စုန့်က သက်ပြင်းရှည်တစ်ချက်ကို ချလိုက်ကာ အခန်းတွင်းရှိ ဖိအားများမှာ တဖြည်းဖြည်း လျော့ပါးသွားခဲ့သည်။

ထားလိုက်ပါတော့...

စနစ်က အမှန်တကယ်ပင် တုံးအလွန်းပြီး သူမကို ဤမျှအကြာကြီး လှည့်စားထားနိုင်မည်မဟုတ်ကြောင်း သူမ သိရှိသည်။

ယခင်က ဇာတ်ကွက်မှ လွဲချော်သွားချိန်တွင် သူ ခံစားခဲ့ရသော စိတ်ပျက်မှုများနှင့် ထိတ်လန့်နေမှုများမှာ အစစ်အမှန်များ ဖြစ်ပေလိမ့်မည်။

နောက်ပိုင်းတွင် သူက ရုတ်တရက် စကားများနေရာမှ တိတ်ဆိတ်သွားပြီး နှစ်ခြိုက်စွာ အိပ်ပျော်သွားခြင်းမှာ တစ်စုံတစ်ခုကို သိရှိသွားသော်လည်း သူမကို ပြောပြခွင့် မရှိသောကြောင့် ဖြစ်ပေလိမ့်မည်။

လျှို့ဝှက်ချက်ကို မထိန်းနိုင်မည် စိုးသဖြင့် အော့ဖ်လိုင်းဖြစ်သွားခြင်းသာ ဖြစ်ပေမည်။

စနစ်မှာ အကြောင်းရင်းကို မသိသော်လည်း ကုကျစ်စုန့်၏ စိတ်အခြေအနေ အပြောင်းအလဲကို အာရုံခံမိသဖြင့် ငိုရှိုက်၍ ပြောလိုက်သည်။

“စုန့်စုန့်... ငါ မှားသွားပါတယ်၊ ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါ၊ ငါက အကူအညီတဲ့ အချိန်ပိုင်း အလုပ်သမား စနစ်လေးပါပဲ QAQ”

ကုကျစ်စုန့်က မျက်နှာသေဖြင့် ပြောလာသည်။

“ဒီကိစ္စက ဒီလောက်နဲ့တင် ပြီးသွားမယ်လို့ မထင်နဲ့၊ ဒီရှုပ်ထွေးတဲ့ ကိစ္စတွေ အားလုံး ပြီးသွားရင် ငါ မင်းနဲ့စာရင်း ရှင်းမယ်”

စနစ် : !

“ငါတို့မှာ အနာဂတ် ရှိသေးတယ်! ကြားလိုက်တယ်မလား”

ယွီဖုန်းချင်းနှင့် ပတ်သက်သော ကုကျစ်စုန့်၏ အကြံပြုချက်ကို ဌာနချုပ်က အလျင်အမြန်ပင် အတည်ပြုပေးခဲ့သည်။

တချို့လူများက အခြေအနေကို ပိုမိုဆိုးရွားအောင် လုပ်ဆောင်ခဲ့သော ဤအမျိုးသမီးကို မနှစ်မြို့ကြသည့်အတွက် ‘အနက်ရောင်မြူခိုး’ ၏ ကြိုးကိုင်မှုကို ခံရသော ရုပ်သေးရုပ်ကို အသုံးပြုခြင်းမှာ မရေရာလွန်းကြောင်းနှင့် သူမက တမင်တကာ နှောင့်ယှက်မည်ကို စိုးရိမ်ကြသည်။

သို့သော် ခေါင်းဆောင်ပိုင်နှင့် တောက်ကျန့်ချန်ချင်းတို့က ဤသည်မှာ ဖြစ်နိုင်ခြေရှိသည်ဟု ယူဆခဲ့ကြသည်။

ရလဒ်များအရ ဤဆုံးဖြတ်ချက်မှာ မှန်ကန်ကြောင်း သက်သေပြခဲ့လေသည်။ ယွီဖုန်းချင်းသက ‘အနက်ရောင်မြူခိုး’ ၏ စွမ်းအားအပေါ် အထူးအာရုံခံနိုင်စွမ်း ရှိနေခဲ့သည်။

သူမကို တင်ဆောင်လာသော ကား ထူးခြားမှုမရှိသော မြေကွက်လပ်တစ်ခုကို ဖြတ်သန်းသွားချိန်တွင် သူမ၏ နှလုံးသားထဲတွင်၌ ရုတ်တရက် တုန်လှုပ်မှု ဖြစ်ပေါ်လာခဲ့ပြီး ကားကို ရပ်ခိုင်းလိုက်သည်။

ထို့နောက် တောက်ကျန့် ချန်ချင်းမှာ ထိုမြေကွက်လပ်အောက်တွင် ဖုံးကွယ်နေသော ‘မျက်နှာတစ်ထောင်နတ်ဘုရား’ ၏ ကိုယ်ပွားတစ်ခုကို အမှန်တကယ်ပင် တူးဖော်တွေ့ရှိခဲ့လေသည်။

ဤ ‘ထောက်လှမ်းစက်’ ကြောင့် ရပ်တန့်နေသော ရှာဖွေရေး လုပ်ငန်းအတွက်အချိန်မှာ သိသိသာသာ လျင်မြန်လာခဲ့သည်။

တစ်ဖက်တွင် အမျိုးသား ထိန်းချုပ်ရေးဌာန၏ စောင့်ကြည့်ရေးအဖွဲ့မှာလည်း ၂၄ နာရီပတ်လုံး မနားတမ်း ယင်စွမ်းအင်များကို စမ်းသပ်နေပြီး နေရာအနှံ့ရှိ အနီရောင်အစက်များ၏ အပြောင်းအလဲကို စောင့်ကြည့်နေခဲ့ကြသည်။

လက်ရှိတွင် အရေးကြီးဆုံး ကာကွယ်ရေးလုပ်ငန်းချိန် ဖြစ်လာခဲ့ချေပြီ။ မူလက စောင့်ကြည့်ရေးစက် ၆ ခုသာ ရှိသော်လည်း ယခုအချိန်တွင် ၃၀ နီးပါးအထိ တိုးမြှင့်လိုက်ရသည်။

နယ်မြေအသီးသီးမှ အနီရောင်အစက်များ တိုးပွားလာမှုမှာလည်း ပိုမို ထင်ရှားလာခဲ့လေသည်။

ဤအပြောင်းအလဲများကို ဂရုပြုစောင့်ကြည့်ပြီး အချိန်မရွေး ကယ်ဆယ်ရေးလုပ်ရန် အသင့်ဖြစ်နေခြင်းမှာ ရဲအရာရှိများနှင့် တောက်ကျန့်များအတွက် အရေးကြီးကိစ္စ ဖြစ်လာခဲ့သည်။

ဤအထဲတွင် ယန်ရှီလုပ်ငန်းစုမှ ထုတ်လုပ်သော စက်ပစ္စည်းလေးများ ရှိကြပြီး သူတို့နှင့်အတူ ဆောင်ထားကြသည်။ ထိုစက်၏ မျက်နှာပြင်ပေါ်တွင် အနီးနားရှိ ၁၀ ကီလိုမီတာအတွင်းရှိ အနီရောင်အစက်များ၏ ပြန့်နှံ့မှုကို မြင်တွေ့နိုင်ပြီး တစ်စုံတစ်ဦးက ဖုန်းဆက်တိုင်ကြားလာပါက အချက်ပေးသံ ထွက်ပေါ်လာလေ့ရှိသည်။

အမှုကိစ္စအများစုမှာ မိသားစုဝင်များကို လျှို့ဝှက်ထားရသောကြောင့် ရဲအရာရှိများ၏ မိသားစုဝင်များမှာ သူတို့၏ ချစ်သူများနှင့် မိဘများမှာ အဘယ်ကြောင့် မိုးမလင်းမီ အိမ်မှထွက်သွားပြီး မိုးချုပ်မှ ပြန်လာကြသည်ကို မသိရှိကြပါချေ။

အိမ်ပြန်ရောက်ချိန်တွင်လည်း စိတ်အေးအေး မနေနိုင်ကြဘဲ အနီရောင်နှင့် အပြာရောင်မီးလေးများ ပါသော စက်အငယ်လေးကို ခုတင်ဘေးတွင် ထားနေခဲ့ကြသည်။

တစ်ခါတစ်ရံ အိပ်ပျော်နေချိန် တတီတီ အသံမြည်လာပါက အမြန်ဆုံး အဝတ်အစားလဲ၍ အပြင်သို့ ထွက်သွားကြရသည်။

လစာနှင့် ခံစားခွင့်များ နှစ်ဆတိုးလာသော်လည်း လူတိုင်းမှာ ပိန်ချောင်သွားကြပြီး အိမ်တွင်ပင် မကပ်နိုင်ကြတော့ပါချေ။

ဤကဲ့သို့ ပြင်းထန်လှသော ထိန်းချုပ်မှုနှင့် စီမံမှုများအောက်တွင် ‘အနက်ရောင်မြူခိုး’ ၏ ကျူးကျော်မှုနှင့် ပြန့်နှံ့မှုမှာ ရပ်တန့်မသွားသော်လည်း အကြီးအကျယ် ပြိုလဲပျက်စီးမှုမျိုးတော့ မဖြစ်ပေါ်ခဲ့ပါချေ။

သေဆုံးသူအရေအတွက်မှာ တဖြည်းဖြည်း နည်းပါးလာပြီး အရာရာမှာ လမ်းမှန်ပေါ်သို့ ရောက်ရှိလာနေသကဲ့သို့ ရှိသည်။

ဖုန်းတုဝိညာဉ်မြို့တော်..

ဤသည်မှာ စည်ကားသော မြို့ကြီး၏ ပတ်ဝန်းကျင်ရှိ ကျော်ကြားသော မြို့နယ်တစ်ခုတွင် တည်ရှိသည်။

ရှေးယခင်ကတည်းက ရှိခဲ့သော ဒဏ္ဍာရီများကြောင့် ဤမြို့မှာ ထူးခြားသော အရောင်အသွေးများ ရှိနေခဲ့သည်။ ပွဲတော်ရက်များတွင် အစိုးရက ရိုးရာစုဝေးပွဲများနှင့် အထိမ်းအမှတ်ပွဲများကို အမြဲ ကျင်းပလေ့ရှိသည်။

လွန်ခဲ့သော နှစ်ဝက်ခန့်က ဖုန်းတုမြို့တွင် ဤကဲ့သို့သော ဒဏ္ဍာရီတစ်ခု ပျံ့နှံ့ခဲ့ဖူးသည်:

ရွာတစ်ရွာတွင် သရဲနှင့် အမှန်တကယ် တွေ့ဆုံခဲ့ပြီး ရွာတစ်ရွာလုံးကို သရဲက ဝါးမြိုသွားခဲ့သည်ဟူ၏။

ထိုရွာသို့ သွားသော လမ်းမှာ ယခုအချိန်အထိ ပိတ်ထားရဆဲဖြစ်ပြီး ထိုရွာရှိ ရွာသားများအားလုံးမှာလည်း အစအနမကျန် ပျောက်ကွယ်သွားခဲ့ကြသည်။

သရဲက လူကို ဝါးမြိုသည်ကို မည်သူမျှ မမြင်ဖူးသကဲ့သို့ အာဏာပိုင်များကလည်း ရှင်းလင်းချက်တချို့ ပေးခဲ့သော်လည်း ဤအဖြစ်အပျက်မှာ ဖုန်းတုမြို့တွင် အလွန်ကျော်ကြားနေဆဲဖြစ်ပြီး လူအများ ပြောဆိုနေကြဆဲသာဖြစ်ပေသည်။

လအနည်းငယ် ကြာပြီးနောက်တွင် ဖုန်းတုမြို့မှ လူများက ဤအဖြစ်အပျက်ကို တဖြည်းဖြည်း မေ့လျော့လာကြပြီး ပုံမှန်ဘဝသို့ ပြန်လည်ရောက်ရှိလာကြသည်။

မြို့နယ်လေးများမှာ ပြည်နယ်အဆင့် မြို့ကြီးများကဲ့သို့ မစည်ကားသဖြင့် အလုပ်အကိုင် အခွင့်အလမ်း နည်းပါးကာ လစာလည်း နည်းသည်။

ထို့ကြောင့် လူငယ်အများစုက ငွေရှာရန်အတွက် မြို့ကြီးများသို့ ထွက်ခွာသွားကြလေ့ရှိသည်။

ယေဘုယျအားဖြင့် မြို့နယ်တစ်ခုတွင် လူဦးရေ နှစ်သိန်းမှ ငါးသိန်းခန့်သာ ရှိတတ်ပြီး မြို့ကြီးများတွင်ပင် တစ်သန်းထက် မပိုပါချေ။

အများစုမှာ အသက် (45)နှစ်အထက် သတ်လတ်ပိုင်းအရွယ်များနှင့် လယ်ယာလုပ်ငန်းကို ကိုယ်တိုင်လုပ်ကိုင်နေကြသော သက်ကြီးရွယ်အိုများ၊ ထို့ပြင် ကျန်ရစ်ခဲ့သော ကလေးငယ်များသာ ဖြစ်ကြသည်။

လူငယ်လူရွယ်ဟူ၍ အလွန်နည်းပါးပေသည်။

နှစ်စဥ် နှစ်သစ်ကူးကာလများတွင်သာ လူငယ်များ အုပ်စုလိုက် အိမ်ပြန်လာကြပြီး မိသားစုများကိုပါ ခေါ်လာကြသောကြောင့် ထိုမြို့နယ်လေးများက စည်ကားလာလေ့ရှိသည်။

လူဦးရေ နည်းပါးခြင်းကြောင့် မြို့၏ အခြေခံအဆောက်အအုံများမှာလည်း သာမန်မျှသာ ဖြစ်လေ၏။

လမ်းမီးတိုင်များမှာ တချို့ကကောင်းပြီး တချို့က ပျက်နေကာ လမ်းတစ်လျှောက်မှာ မှောင်တစ်လှည့် လင်းတစ်လှည့် ဖြစ်နေသော်လည်း မည်သူမျှ ဤကိစ္စကို အလေးထားပြီး ပြုပြင်ရန် မတောင်းဆိုကြပါချေ။

ကံကောင်းစွာဖြင့် သတ်လတ်ပိုင်းအရွယ်နှင့် သက်ကြီးရွယ်အိုများမှာ စောစောစီးစီး အနားယူတတ်ကြသည်။ ပုံမှန်အားဖြင့် မိုးချုပ်၍ ဈေးပိတ်လိုက်သည်နှင့် ဖျော်ဖြေရေးနေရာမရှိသောကြောင့် သာမန်လူများက အိမ်သို့ပြန်ကာ အနားယူကြလေသည်။

ည ၁၁ နာရီကျော်ချိန်တွင် ကိုယ်တိုင်ဆောက်ထားသော အိမ်အနိမ့်လေးများနှင့် တိုက်ပုလေးများတွင် မီးလင်းနေသည်ကိုပင် သိပ်ပြီးမတွေ့ရတော့ပေ။

မိုးချုပ်ချိန်မှစ၍ မနက် တစ်နာရီ၊ နှစ် နာရီအချိန်အထိ အလွန်ပင် တိတ်ဆိတ်နေခဲ့သည်။

မြို့နယ်တစ်ခုလုံးမှာ အိပ်မောကျနေခဲ့ချေပြီ။ ထိုတိတ်ဆိတ်မှုကြားတွင် ခုတင်ဘေး၌ ဖုန်းအားသွင်းထားသော တချို့သော သက်ကြီးရွယ်အိုများ၏ ဖုန်းမျက်နှာပြင်များက အလင်းရောင်များ လင်းလာခဲ့သည်။

ကွဲအက်နေသော မျက်နှာပြင်မှ ထွက်ပေါ်လာသော အလင်းရောင်မှာ ဘေးပတ်ဝန်းကျင် အနည်းငယ်ကို လင်းထိန်စေသည်။

သူတို့၏ ဖုန်းအများစုမှာ အသစ်များ မဟုတ်ကြပါချေ။ နှစ်ပေါင်းများစွာ အသုံးပြုထား၍ ဟောင်းနွမ်းနေသော ဖုန်းများ သို့မဟုတ် သားသမီးများ မသုံးတော့သော ဖုန်းအဟောင်းများသာ ဖြစ်ကြသည်။

ဖုန်းခေါ်ဆိုနိုင်ပြီး အပြင်တွင် အလုပ်လုပ်နေသော သားသမီးများနှင့် ဗီဒီယိုကော တစ်ခါတစ်ရံပြောနိုင်လျှင် ဟောင်းနေသော်လည်း အသစ်ဝယ်ရန် ငွေမဖြုန်းလိုကြပါချေ။

သက်ကြီးရွယ်အိုများ၏ မျိုးချစ်စိတ်ကြောင့် လူတိုင်းနီးပါးမှာ ယန်ရှီလုပ်ငန်းစုမှ ထုတ်လုပ်သော ဖုန်းများကိုသာ အသုံးပြုကြပြီး နိုင်ငံခြားဖြစ် ဖုန်းများကို အသုံးနည်းကြသည်။

ဝေးလံသော ကျေးရွာများတွင် အသက် ၇၀၊ ၈၀ အရွယ် သက်ကြီးရွယ်အိုများမှာ စမတ်ဖုန်းကိုပင် မည်သို့အသုံးပြုရမှန်း မသိကြဘဲ PHS ဖုန်းများကိုသာ အသုံးပြုနေကြဆဲ ဖြစ်သည်။

နေ့ဘက်တွင် အပြင်သို့ရောက်နေသော သားသမီးများကလည်း အိမ်တွင်ရှိနေသော လူကြီးများကို ဖုန်းဆက်ပြီး အထပ်ထပ် မှာတတ်ကြသည် ။

‘အင်တာနက်က လင့်ခ်တွေကို မနှိပ်နဲ့ဦးနော်၊ လူလိမ်တွေက နေရာအနှံ့မှာ ရှိတယ်၊ သူစိမ်းတွေကိုလည်း မယုံနဲ့!’

မိဘများက စိတ်မရှည်စွာဖြင့် ပြန်ပြောလေ့ရှိသည် ။

‘သိပါတယ်၊ နင်တို့သာ အပြင်မှာ ကိုယ့်ဘာသာကိုယ် ဂရုစိုက်ကြစမ်းပါ၊ ငါတို့က အိမ်မှာ ဘေးကင်းပါတယ်!’

‘နင်တို့ ထင်ထားတာထက်တောင် ပိုပြီး ဘေးကင်းသေးတယ်!’

ညအချိန်၌ အိပ်ပျော်နေသော မြို့နယ်နေပြည်သူများမှာ မမြင်နိုင်သော ထူထပ်လှသည့် အနက်ရောင်မြူခိုးများမှာ အဆိပ်ငွေ့များကဲ့ငို့ ဘေးပတ်ဝန်းကျင်ရှိ မြို့များကို ဖုံးလွှမ်းသွားသည်ကို မသိရှိခဲ့ကြပါချေ။

လရောင်ပင်လျှင် အနည်းငယ်မျှပင် မဖြတ်သန်းမထိုးဖောက်နိုင်တော့ပေ။ တိတ်ဆိတ်နေသော မြို့လေးမှာ လှိုင်းထနေသော မြူထုကြီး၏ ဝါးမြိုခြင်းကို ခံလိုက်ရပြီး အမှောင်ထုထဲ၌ လက်ချောင်းကိုပင် မမြင်နိုင်တော့ပါချေ။

ရုတ်တရက် ငြိမ်သက်နေသော ခုတင်အောက်မှ လှုပ်ရှားမှုတချို့ ရှိလာခဲ့သည်။ သို့သော် ဤအရာအားလုံးမှာလည်း အိပ်မက်မောကျနေသော လူများ၏ အာရုံကို မဖမ်းစားနိုင်ခဲ့ပါချေ။

မည်းနက်သော မြူခိုးများမှာ အခန်းထဲသို့ ကျူးကျော်ဝင်ရောက်လာပြီး မြို့၏ ထောင့်တိုင်းကို ဖုံးလွှမ်းသွားသော်လည်း သူတို့၏ ဖုန်းများမှာ မည်သည့်အရာကိုမျှ ထောက်လှမ်းမိခြင်း မရှိဘဲ တိတ်ဆိတ်နေဆဲသာ ဖြစ်သည်။

မြို့နယ်နှင့် ခရိုင်အတွင်းရှိ ရဲစခန်းများတွင် အိမ်ပြန်သွားကြသော ရဲအရာရှိများ၏ စောင့်ကြည့်ရေးစက်များမှာ မျက်နှာပြင် လင်းနေဆဲဖြစ်ပြီး မှိန်ပျပျ မီးလေးများမှာ လင်းလက်နေခဲ့သည်။

မြူထုများအောက်တွင် မရေမရာ မြင်တွေ့နေရသော်လည်း အနီရောင်အစက်များမှာတော့ မပြောင်းလဲပါချေ။ တစ်နေရာမှပင် တိုးမလာခဲ့ပေ!

All Chapters