မြို့ကို မှောင်မိုက်သောမြူခိုးများနှင့် ဖုံးလွှမ်းနေပြီ(3)
Vol. 50 Ch. 502
ဌာနချုပ်မှ လူများမှာလည်း ဝိညာဉ်တံခါးမှတစ်ဆင့် ကျောက်မြို့တော်အစွန်သို့ ရောက်ရှိလာကြပြီး အရှေ့မှ ကမ္ဘာပျက်မည့် မြင်ကွင်းကို ကြည့်ကာ မှင်သက်နေကြသည်။
သူတို့၏ဖုန်းများမှာလည်း ဆက်တိုက်ဆိုသလို မြည်နေပြီး အစီရင်ခံစာများမှာ ရှုပ်ထွေးနေခဲ့သည်။
“ဂြိုဟ်တု ထောက်လှမ်းရေးနဲ့ သံလိုက်စက်ကွင်း ပြောင်းလဲမှုတွေအရ ဖုန်းတုကို ဗဟိုပြုပြီး ဘေးပတ်ဝန်းကျင်က မြို့နယ် ငါးခုလုံး အနက်ရောင်မြူခိုး ဖုံးလွှမ်းသွားပြီလို့ အတည်ပြုပါတယ်...”
“ဝိညာဉ်ဆိုင်ရာအဖွဲ့ဝင် အားလုံးနဲ့ တောက်ဓမ္မဆရာသခင်တွေကို မြို့အစွန်ကို ချက်ချင်းလွှတ်ပါ၊ ဒါကုု ပြန့်မသွားအောင် အစွမ်းကုန် တားဆီးရမယ်!”
“တချို့မြို့က ရဲဌာနတွေကို ဆက်သွယ်ပေမယ့် ဘယ်သူမှ ဖုန်းမကိုင်ကြဘူး၊ သတင်းလည်း ဘာမှ ထွက်မလာဘူး ၊ အထဲမှာ လိုင်းမိနေပေမဲ့ ဘာသတင်းမှ မရှိဘူးဆိုတော့ မြို့ထဲကလူတွေ တစ်ခုခု ဖြစ်သွားပြီဆိုတာ သေချာသလောက်ပဲ...”
“မြို့ Z ကို လူတွေ ထပ်လွှတ်ရမယ်၊ ပြည်သူတွေက ထိတ်လန့်နေကြပြီး အနက်ရောင်မြူခိုးထဲကို ဝင်သွားမိမှာ စိုးရိမ်ရတယ်”
ဌာနချုပ် အစည်းအဝေးခန်းမ၌
အင်တာနက်ပေါ်တွင်သာ မြင်တွေ့ရတတ်သော ထိပ်တန်းပုဂ္ဂိုလ်ကြီးများ စုရုံးကာ အဖြေရှာနေကြသည်။
တစ်ဦးက ဒေါသတကြီးပြောလာသည်။
“ဒီလိုမျိုးဖြစ်လာတော့ သတင်းကို ကြာကြာဖုံးထားလို့ မရဘူး၊ ပြည်သူတွေ သိသွားရင် ဘယ်လောက်အထိ ထိတ်လန့်သွားမလဲဆိုတာ တွေးမိကြရဲ့လား”
“ယန်ရှီလုပ်ငန်းစုက ထုတ်ထားတဲ့ စောင့်ကြည့်ရေးစက်တွေက ဘာလို့ ဒီလို အရေးကြီးတဲ့အချိန်ကျမှ အသုံးမကျဖြစ်ရတာလဲ”
နောက်တစ်ဦးကပြောသည်။
“ကျွန်တော် ကြားတာတော့ ဒီယန်ချန်က စိတ်ကို ထိန်းချုပ်နိုင်စွမ်း သိပ်မရှိဘူးတဲ့၊ ငယ်ငယ်က တောက်ဓမ္မကျင့်စဥ်တွေကြားမှာ အနှိပ်စက်ခံခဲ့ရဖူးတယ်ဆိုတော့ သူက လူ့အဖွဲ့အစည်းကို လက်စားချေချင်နေတာလည်း ဖြစ်နိုင်တာပဲ”
“ဒီကိစ္စကို သေသေချာချာ စုံစမ်းစစ်ဆေးပြီး သက်ဆိုင်သူတွေကို အပြစ်ပေးသင့်တယ်လို့ ကျွန်တော် အကြံပြုပါတယ်”
တစ်ချိန်လုံး တိတ်ဆိတ်နေသော အဘိုးအိုကြီးက ဒေါသထွက်ခြင်းမရှိဘဲ သက်ပြင်းချကာ မေးလိုက်သည်။
“ဒါပဲလား ၊ မင်းတို့ ဒီလောက်ကြာအောင် စဉ်းစားခဲ့တာ ဒါပဲလား”
အခန်းထဲတွင် တိတ်ဆိတ်သွားခဲ့သည်။
“ဘယ်လို ထိရောက်တဲ့ အစီအစဥ်ကိုမှ မထုတ်နိုင်ဘဲ သူများတွေကိုပဲ အပြစ်တင်နေကြတာလား! သေရေးရှင်ရေး အခိုက်အတန့်မှာတောင် မင်းတို့က ကိုယ့်အကျိုးစီးပွားအတွက်ပဲ တွေးနေကြတာလား!”
အဘိုးအို၏ လေသံမှာ အလွန်လေးလံနေခဲ့သည်။ ဤလူတချို့မှာ အခြေအနေ မည်မျှအထိ ဆိုးရွားနေသည်ကို သတိမမူမိဘဲ ကိုယ်ပိုင်အကျိုးစီးပွားကိုသာ ကြည့်နေကြခြင်းဖြစ်ကြောင်း သူ သိရှိသည်။
“ယန်ရှီလုပ်ငန်းစုက တကယ့် အသုံးဝင်တဲ့ အရာတွေကို ထုတ်လုပ်ပေးခဲ့တာ၊ ဖုန်းတု အဖြစ်အပျက်က အရမ်းရုတ်တရက်ဆန်လွန်းလို့ အချက်အလက်တွေ သိခဲ့ရင်တောင် တုံ့ပြန်ဖို့ အချိန်မရလိုက်ဘူး၊ အဲဒါကို မင်းတို့က ဘာတွေများ လုပ်ပေးနိုင်ခဲ့လို့လဲ”
“မင်းတို့မှာ ဘာဆုံးဖြတ်ချက်မှ မရှိရင်လည်း ကိုယ့်တာဝန်ကိုယ် လုပ်ကြပါ၊ ဒီအချိန်မှာ ဘယ်သူ့ကိုမှ အချိန်ဆွဲခွင့် မပြုနိုင်ဘူး!”
အဝေးတစ်နေရာမှ အနက်ရောင်မြူခိုး၏ အစွန်းပိုင်းတွင် ရှိနေသော လူများမှာ ဌာနချုပ်မှ အခြေအတင်ဖြစ်မှုများကို မသိရှိကြပါချေ။
ဆူညံမှုများကြားတွင် ကျန်းရူယွီက လူအုပ်ကို တိုးဝှေ့ကာ ကုကျစ်စုန့်ဘေးသို့ ရောက်လာခဲ့သည်။
သူမ၏ မျက်နှာမှာ ထိတ်လန့်နေခဲ့သည်။
“စုန့်စုန့်... ဌာနချုပ်က လူကြီးတွေ နင်နဲ့ စကားပြောချင်နေတယ်”
ကုကျစ်စုန့် ခေါင်းညိတ်ကာ ဖုန်းကို ယူလိုက်သည်။ မကြာမီ တည်ငြိမ်ပြီး လေးနက်သော အဘိုးအို၏ အသံထွက်ပေါ်လာသည်။
“ကုတောက်ကျန့်... မင်္ဂလာပါ”
ဖုန်းဆက်သူမှာ ဝိညာဉ်ရေးရာအဖွဲ့၏ ခေါင်းဆောင် လောင်ပိုင်သာဖြစ်ပေ၏။ ကုကျစ်စုန့်အနေဖြင့် တစ်ဖက်မှလူက မည်သူဖြစ်မည်ကို ချက်ချင်းပင် ခန့်မှန်းမိလိုက်ပြီး လေးနက်စွာ ပြောလိုက်သည်။
သူမက အခြေအနေများနှင့် ဖြစ်လာနိုင်သော အကျိုးဆက်များကို ရှင်းပြပြီးနောက် ပြောခဲ့သည်။
“ဒါက ခြောက်လှန့်နေတာ မဟုတ်ဘူးဆိုတာကို ဌာနချုပ်အနေနဲ့ နားလည်ပေးဖို့ မျှော်လင့်ပါတယ်၊ ဒီညသာ ဖုန်းတုက ကပ်ဘေးကို မထိန်းချုပ်နိုင်ရင် ရက်ပိုင်းအတွင်း ဒါမှမဟုတ် တစ်ပတ်နှစ်ပတ်အတွင်းမှာ ကျွန်မပြောတဲ့အတိုင်း ဖြစ်လာလိမ့်မယ်၊ အခြေအနေက ထင်ထားတာထက် ပိုဆိုးသွားလိမ့်မယ်”
“နားလည်ပါပြီ”
အဘိုးအို ခဏမျှ တိတ်ဆိတ်သွားပြီးမှ ဖြည်းညင်းစွာ မေးလိုက်သည်။
“ဒါဆိုရင် အခုကုကျစ်စုန့် အနေနဲ့ အောင်နိုင်ဖို့ အခွင့်အလမ်း ဘယ်လောက်ရှိလဲ သိပါရစေ”
ကုကျစ်စုန့် ခေါင်းမော့ကြည့်လိုက်ပြီး သူမ၏ မျက်လုံးများထဲတွင် အေးစက်သော အလင်းရောင်များ ယှက်သန်းသွားသည်။
“၃၀ ရာခိုင်နှုန်းပါ၊ ကံကောင်းရင် ၅၀ ရာခိုင်နှုန်းအထိ ရှိနိုင်ပါတယ်”
“၅၀-၅၀ ဆိုတာက တကယ်ကို ကောင်းလှပါပြီ”
အဘိုးအို၏ လေသံမှာ လေးနက်လွန်းပေ၏။
“ဖုန်းတုကိစ္စအတွက် ကုတောက်ကျန့်ကိုပဲ အပ်နှံပါရစေ”
“ကျွန်မ အစွမ်းကုန် ကြိုးစားပါ့မယ်”
ဖုန်းချပြီးနောက် ကုကျစ်စုန့်က ကျန်းရူယွီ၏ စိုးရိမ်တကြီး ကြည့်နေသော အကြည့်ကို မြင်လိုက်ရလေသည်။
ကုကျစ်စုန့်နှင့် စတင်တွေ့ဆုံချိန်က ကျန်းရူယွီမှာ ယူနီဖောင်းကိုဝတ်ဆင်ကာ မျက်မှန်တပ်ပြီး လုပ်ငန်းသဘောအရသာ ဆက်ဆံခဲ့သည်။ သို့သော်လည်း အမှုပေါင်းများစွာကို အတူတကွ ရင်ဆိုင်ကာဖြတ်သန်းပြီးနောက်တွင် သူတို့တို့နှစ်ဦးမှာ အလွန် ရင်းနှီးသွားခဲ့ကြလေသည်။
ကျန်းရူယွီက ဖြူဖျော့သော နှုတ်ခမ်းများဖြင့် မေးလိုက်သည်။
“ဌာနချုပ်က ရှင့်ကို အဲဒီ အနက်ရောင်မြူခိုးထဲအထိ ဝင်တိုက်ခိုင်းနေတာမလား”
တကယ်တမ်းတွင် မမေးဘဲ သိနိုင်ပေသည်။
ယခုအချိန်တွင် ကုကျစ်စုန့်က ဌာနချုပ်၏ နောက်ဆုံးလက်နက်ဖြစ်ပြီး သူမတစ်ဦးတည်းသာ ဤကိစ္စကို ကိုင်တွယ်နိုင်သည်။
ကုကျစ်စုန့်: “ကျွန်မ သွားဖို့ ဆုံးဖြတ်ပြီးပြီ”
“ကုကျစ်စုန့်... သေသေချာချာ ဂရုစိုက်နော်”
ကျန်းရူယွီ နှုတ်ခမ်းကို တင်းတင်းစေ့၍ ပြောလိုက်သည်။
သူမ၏ရာထူးအရ ဖုန်းတုမှ ပြည်သူများနှင့် ရှားနိုင်ငံ၏ လုံခြုံရေးကို ကြည့်နေခဲ့ရပြီး ကုကျစ်စုန့်အတွက် အလွန်အန္တရာယ်များကြောင်းကို သိနေလျှင်ပင် ‘မသွားပါနဲ့’ ဟု သူမ မပြောနိုင်ခဲ့ပါချေ။
ကျန်းရူယွီက ဆက်ပြောလာသည်။
“စိတ်မပူနဲ့၊ အထက်လူကြီးတွေက ဌာနချုပ်က အရင်းအမြစ်တွေကို စုစည်းနေပြီ၊ အမြန်ဆုံး ရောက်လာပါလိမ့်မယ်”
ကုကျစ်စုန့် အောင်မြင်သည်ဖြစ်စေ၊ မအောင်မြင်သည်ဖြစ်စေ ရှားနိုင်ငံအနေဖြင့် သူမတစ်ဦးတည်းအပေါ်တွင်သာ မျှော်လင့်ချက်အားလုံးကို ပုံအောထားမည် မဟုတ်ပါချေ။
၁၀ မိနစ်ခန့်အကြာတွင်...
တောက်ဓမ္မကျောင်းတော်များနှင့် လျှို့ဝှက်ဂိုဏ်းများမှ ခေါင်းဆောင်များသည်က သူတို့၏ နောက်ပိုင်းမျိုးဆက်များအတွက် မှာစရာရှိသည်များကို မှာခဲ့ပြီးနောက်၊ ‘အနက်ရောင်မြူခိုး’ ပြန့်ပွားမှုကို ခေတ္တတားဆီးပေးမည့် ဂါထာများကို ချန်ထားရစ်ခဲ့ကြသည်။
ထို့နောက် သူတို့အားလုံးမှာ ကုကျစ်စုန့်နှင့်အတူ သေခြင်းတရားကို ရင်ဆိုင်ရန်အတွက် အသင့်အနေအထားဖြင့် အနက်ရောင်မြူခိုးထဲသို့ လှမ်းဝင်လိုက်ကြလေသည်။
အရှိန်မြှင့်ဂါထာများကို အသုံးပြုထားသောကြောင့် ဤပညာရှင်ကြီးများမှာ အလွန်လျင်မြန်စွာ လှုပ်ရှားနိုင်ကြသည်။
မြူများဖုံးနေသော မြို့ထဲတွင် မြင်ကွင်းက အလွန်ဝေဝါးနေခဲ့သည်။
ငါးမီတာကျော်လျှင် စတင်ဝေဝါးလာပြီး ဆယ်မီတာကျော်လျှင် မည်သည်ကိုမှမမြင်ရတော့ပါချေ။
“ဒီကျောက်တုံးမြို့တော်က ဘာလို့ ဒီလောက်တောင် တိတ်ဆိတ်နေရတာလဲ”
တောက်ကျန့်တစ်ဦးက အသံတိုးတိုးဖြင့် မေးလိုက်သည်။
“လူတွေအားလုံး အိပ်ပျော်နေကြတာလား”
တိတ်ဆိတ်နေရုံတင်မကဘဲ လူသေများကဲ့သို့ ငြိမ်သက်နေခြင်း ဖြစ်သည်။ မည်သည့်အသံ၊ မည်သည့်လှုပ်ရှားမှုမျှ မရှိဘဲ ကောင်းကင်တွင် လွင့်မျောနေသော အနက်ရောင်မြူခိုးကသာ တစ်ခုတည်းသော ‘အသက်ရှင်’ နေသည့်အရာ ဖြစ်နေလေသည်။
ဤအချက်က လူတိုင်းကို မြို့ထဲရှိ ပြည်သူများအတွက် စိုးရိမ်စိတ် ပိုများလာစေသည်။
တောက်ကျန့်တစ်ဦးက စုံစမ်းရန်အတွက် နေအိမ်တစ်ခု၏ ပြတင်းပေါက်မှတစ်ဆင့် အတွင်းသို့ ကြည့်လိုက်သည်။
ကံကောင်းစွာဖြင့်ထိုမိသားစုက လိုက်ကာများ ပိတ်မထားခဲ့ပေ။
မှိန်ပျပျ အလင်းရောင်ထဲတွင် ပုံရိပ်များ တဖြည်းဖြည်း ကြည်လင်လာချိန်တွင်တော့ သူ၏လည်ချောင်းမှ အော်ဟစ်သံတစ်ခု ထွက်ပေါ်လာခဲ့သည်။
သူ မြေပြင်ပေါ်သို့ လဲကျလုနီးပါး ဖြစ်သွားခဲ့ရလေသည်။
“ဘာဖြစ်တာလဲ”
“သေကုန်ပြီ!”
ထိုတောက်ကျန့် ထိတ်လန့်တုန်လှုပ်နေခဲ့သည်။
“အခန်းထဲက လူတွေအားလုံး သေကုန်ပြီ! တစ်မိသားစုလုံး မလှုပ်ရှားတော့ဘူး!”
“ဘာ! နင် အကြည့်မှားတာ မဟုတ်ဘူးလား!”
“လုံးဝ မမှားဘူး၊ ငါ ကိုယ်တိုင် မြင်လိုက်တာ ၊ လူလတ်ပိုင်း အမျိုးသားတစ်ယောက်က ပြတင်းပေါက်ကို စိုက်ကြည့်နေတယ်၊
သူ့ရဲ့မျက်နှာက ဖြူဖျော့နေပြီး လည်ပင်းမှာ ပြတ်ရှတဲ့ဒဏ်ရာတစ်ခု ရှိနေတယ်၊ အဲဒါက အနက်ရောင်မြူတွေနဲ့ ဖုံးနေတာ...”
“ဒီလူတွေက အဆက်အသွယ် ပြတ်နေတာ မဟုတ်ဘူး၊ အားလုံး အသတ်ခံလိုက်ရတာပဲ၊ အနက်ရောင်မြူခိုးက သတ်ပစ်လိုက်တာ!”
တချို့က မယုံကြည်သဖြင့် ဂါထာများကို သုံး၍ တခြားအိမ်တစ်ခု၏ တံခါးနှင့် ပြတင်းပေါက်များကို ဖွင့်ကြည့်လိုက်ကြသည်။
ထိုအချိန်တွင် ခုတင်ပေါ်၌ ပုံစံမျိုးစုံဖြင့် တောင့်တင်းစွာ သေဆုံးနေကြသော လူများကို မြင်တွေ့လိုက်ရလေသည်။
တောက်ကျန့်အားလုံး ခြေဖျားလက်ဖျားများ အေးစက်သွားကြရသည်။
ကျောက်တုံးမြို့တော်က လူတွေအားလုံး သေကုန်ပြီဆိုရင်...
အနက်ရောင်မြူခိုး ဝါးမြိုခံလိုက်ရတဲ့ တခြားမြို့က ပြည်သူတွေကရော။
သူတို့ ခန့်မှန်းကြည့်လိုက်လျှင် အရေအတွက်မှာ သုံးသန်းခန့် ရှိပေလိမ့်မည်။
ဤအခိုက်အတန့်တွင် မည်မျှပင် စိတ်ဓာတ်ခိုင်မာအောင် ပြင်ဆင်လာခဲ့သည်ဖြစာစေ၊ တောက်ကျန့်များစွာမှာ အလွန်အမင်း ကြောက်ရွံ့လာကြသည်။
သူတို့ ရင်ဆိုင်ရမည်မှာ ဝိညာဉ်ဆိုးတစ်ခုတည်း မဟုတ်ဘဲ ဝိညာဉ်ဆိုး အုပ်စုကြီးဖြစ်နေခဲ့ပြီး အဆုံးမရှိသော အန္တရာယ်တွင်းကြီးလည်း ဖြစ်နေခဲ့ပေသည်။
ထိတ်လန့်ဖွယ် သတင်းကို ကြားလိုက်ရချိန်တွင် ကုကျစ်စုန့်က ခဏမျှသာ တုန့်ဆိုင်းသွားခဲ့သည်။
သူမက လှုပ်ရှားနေသော မြူများကြားရှိ ရုပ်ပျက်ဆင်းပျက် သေဆုံးနေသော အလောင်းကို တစ်ချက်ကြည့်လိုက်သော်လည်း သူမ၏ အေးစက်သော မျက်နှာက ပြောင်းလဲသွားခြင်း မရှိပါချေ။