ဖုန်မှုန့်များ ငြိမ်သက်သွားခြင်း(1)
Vol. 50 Ch. 503
သာမန်လူများအတွက် ခြောက်ခြားဖွယ်ကောင်းလွန်းသော အနုတ်လက္ခဏာခံစားချက်များ၊ နှလုံးသားထဲတွင်၌ နက်ရှိုင်းစွာ ဖုံးကွယ်ထားပြီး တွေးရုံနှင့်ပင် မဝံ့ရဲသော ယုတ်ညံ့သည့်အတွေးများမှာ မှော်သေတ္တာကြီး ပွင့်သွားသကဲ့သို့ ရူးသွပ်စွာ တိုးထွက်လာကြသည်။
တောက်ကျန့် ချန်ချင်းနှင့် ရှီကွေးတို့ပင်လျှင် ကြာရှည်မတောင့်ခံနိုင်တော့ဘဲ သူတို့၏ မျက်လုံးများထဲတွင် သွေးကြောမျှင်များဖြင့် နီမြန်းလာခဲ့လေသည်။
ကောင်းကင်ယံရှိ လျှပ်စီးကြောင်းများမှာ မြွေများကဲ့သို့ရစ်ပတ်နေပြီး စူးရှတောက်ပသော အလင်းတန်းများက မြူများကြား၌ ပိတ်မိနေသူများကို လုံးဝ ကန်းမသွားအောင် တစ်ဝက်တစ်ပျက် အလင်းပေးနေလေ၏။
ကုကျစ်စုန့်က လက်ကို မြှောက်လိုက်သည်နှင့် သူမထံမှ ထွက်ပေါ်လာသော မှိန်ပျပျ အလင်းရောင်က မှောင်မည်းနေသော အရပ်၌ တစ်ခုတည်းသော ဖယောင်းတိုင်မီးကဲ့သို့ တဖြည်းဖြည်း ကြီးမား၍လင်းထိန်လာခဲ့သည်။
ထိုအလင်းရောင်ကို ဘေးပတ်ဝန်းကျင်ရှိ အနက်ရောင်မြူခိုးများပင် ငြိမ်းသတ်နိုင်ခြင်း မရှိပါချေ။
သူမက ဂါထာစက်ဝန်းကို အသုံးပြု၍ နောက်ဘက်မှလူများကို အကာအကွယ်ပေးလိုက်မှသာ ရူးသွပ်လုနီးပါးဖြစ်နေသော တောက်ကျန့်များ သတိပြန်ဝင်လာကြသည်။
သူတို့က အလျင်အမြန်ပင် ကိုယ်ပိုင်ခုခံရေးဂါထာများကို အသုံးပြု၍ ကိုယ့်ကိုယ်ကိုယ် ကာကွယ်လိုက်ကြရ၏။
ဤနေရာမှာ ကပ်ဘေး၏ ဗဟိုချက်မျက်လုံးပင် ဖြစ်သည်။ ကောင်းကင်ယံ၌ မိုးကြိုးလျှပ်စီးများ ပြည့်နှက်နေပြီး မြေပြင်တွင်တော့ အလင်းနှင့် အသံအားလုံးကို ဝါးမြိုနိုင်သည့် အနက်ရောင်မြူခိုးများ ဖုံးလွှမ်းနေသည်။
အဖြူနှင့် အမည်း ရောယှက်နေမှုများမှာ နောက်တစ်စက္ကန့်တွင် မြို့ကို ဖျက်ဆီးပစ်တော့မည့်အတိုင်းထင်ရသည်။
“အခု ကျွန်တော်တို့ ဘာလုပ်ကြမလဲ”
လူတိုင်း မည်သည့်အရာကိုဆက်လုပ်သင့်ကြောင်းမသိနိုင်တော့ဘဲ ဖြစ်နေချိန် တစ်စုံတစ်ဦးက ရုတ်တရက် မျက်လုံးပြူးကာ တစ်နေရာသို့ ညွှန်ပြလိုက်သည်။
“ဟိုမှာကြည့်စမ်း... လူရိပ်တစ်ခုမလား!”
လူတိုင်း လှမ်းကြည့်လိုက်လျှင် လှိုင်းထ၍လူးလွန့်နေသော မြူထုများကြား၌ လေထဲတွင် လွင့်မျောနေသော လူသားပုံရိပ်တစ်ခုကို အမှန်တကယ်ပင် တွေ့လိုက်ရသည်။
“သွားကြည့်ရအောင်”
သူတို့ ထိုပုံရိပ်အနားသို့ တဖြည်းဖြည်း ချဉ်းကပ်သွားချိန်တွင်ပင် ပြင်းထန်သော အရှိန်အဝါတစ်ခုက သူတို့၏ဘေးမှ ဖြတ်သန်းသွားပြီး လူတစ်ဦးကို အားပြင်းစွာ ရိုက်ခတ်လိုက်လေသည်။
လူတိုင်းက အံ့အားသင့်စွာဖြင့် လှည့်ကြည့်လိုက်ချိန်တွင် တစ်ချိန်လုံး တိတ်ဆိတ်နေခဲ့သော ချန်ချင့်ဂိုဏ်းမှတောက်ကျန့်ယွမ်မှာ နေရာမှလွင့်ထွက်သွားပြီး ဆယာမီတာခန့်အကွာရှိ မြေပြင်ပေါ်သို့ အားပြင်းပြင်းဖြင့် ကျသွားသည်ကို တွေ့လိုက်ရ၏။
တိုက်ခိုက်လိုက်သူက ကုကျစ်စုန့်ပင် ဖြစ်လေသည်။
ကုကျစ်စုန့်က အဘယ်ကြောင့် တောက်ကျန့်ယွမ်ကို ဤမျှရက်စက်စွာ တိုက်ခိုက်ခဲ့ကြောင်းကို သူတို့ မမေးမီမှာပင် မြေပြင်ပေါ်သို့ သံထည်ပစ္စည်းတစ်ခု ပြုတ်ကျသံ ကြားလိုက်ရသည်။
သွေးအန်နေသော တောက်ကျန့်ယွမ်၏ အင်္ကျီလက်ထဲမှ သေးသွယ်ချွန်ထက်သော စူးချွန်တစ်ခု ပြုတ်ကျလာခဲ့သည်။
ထိုစူးချွန်ပေါ်တွင် မြေပြင်အဆင့်ရှိ ပညာရှင်တစ်ဦးကို နေရာတွင် သေစေနိုင်သော ကျိန်စာများနှင့် ဂါထာများက ပြည့်နှက်နေခဲ့လေ၏။
ဤသည်ကိုမြင်လိုက်ရမှသာ တောက်ကျန့်ယွမ်မှာ အဖွဲ့သားများကို နောက်ကျောမှ ဓားဖြင့်ထိုးရန် ကြံစည်ခဲ့ခြင်းဖြစ်ကြောင်း လူတိုင်း သတိပြုမိလိုက်ကြသည်။
ရှီကွေးတစ်ယောက် မျက်နှာပျက်သွားခဲ့ရသည်။ သူသည်က တောက်ကျန့်ယွမ်နှင့် အနီးဆုံးနေရာတွင် ရှိနေခဲ့ပြီး တိုက်ခိုက်ခံရဖို့ အလားအလာ အရှိဆုံးသူ ဖြစ်ခဲ့ပေသည်။
“ကူညီပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ကုတောက်ကျန့်”
သူက ဓားကို ဆွဲထုတ်ကာ ခုန်းခုန်းကို ချိန်ရွယ်လိုက်သည်။
“တောက်ကျန့်ယွမ်... ကျွန်တော် ခင်ဗျားကို ဘာအပြစ်များလုပ်ထားမိလို့လဲ”
ရုတ်တရက် ကောင်းကင်တွင် စုစည်းနေသော မိုးကြိုးကြီးက ဝုန်းခနဲ ကျဆင်းလာပြီး လေထဲတွင်ရှိနေသော လူပုံရိပ်၏အနီးသို့ ပြင်းထန်စွာ ပစ်ချလိုက်လေသည်။
ထိုမိုးကြိုးဒဏ်ကြောင့် ဖြစ်ပေါ်လာသော လေလှိုင်းများက လူတိုင်း၏ အဝတ်စများကို လွင့်ပျံစေခဲ့ခဲ့သည်။
ကုကျစ်စုန့်၏ ဆံနွယ်များကလည်း ဝဲလွင့်သွားကာ သူမ၏ စူးရှသော မျက်လုံးများ ပေါ်ထွက်လာသည်။
လျှပ်စီးရောင်များ တဖြည်းဖြည်း မှိန်သွားချိန်တွင် မြူများကြားရှိ ထိုလူ၏ ရုပ်သွင်အစစ်အမှန်က ပေါ်ထွက်လာခဲ့သည်။
လူတိုင်း ကြောင်အမင်သက်သွားကြပြီး သူတို့မျက်လုံးကိုပင် မယုံနိုင်ဖြစ်နေကြလေ၏။
တောက်ကျန့်ယွမ်မှာတော့ စိတ်လှုပ်ရှားစွာထရပ်ကာ ဝမ်းသာအားရဖြင့် ထိုလူရှိရာသို့ ယိုင်တိယိုင်တိုင်ဖြင့် ပြေးသွားခဲ့သည်။
“ဂိုဏ်းချုပ်... ကျွန်တော့်ကို ကယ်ပါဦး!”
ကုကျစ်စုန့်က မျက်လုံးကို မှေးကျဦ်းလိုက်ပြီး မက်မွန်သစ်သားဓားကို ဝှေ့ယမ်းကာ အရှိန်ပြင်းလွန်းသော ဓားအလင်းတန်းကို တောက်ကျန့်ယွမ်၏ နောက်ကျောဆီသို့ ပစ်လွှတ်လိုက်လေသည်။
ဖြတ်ခနဲ အသံနှင့်အတူ မြေပြင်အဆင့်ရှိ ပညာရှင်ဖြစ်သော တောက်ကျန့်ယွမ်မှာ သူမ၏လက်ချက်ဖြင့် နှစ်ပိုင်းပြတ်သွားခဲ့သည်။
လေထဲတွင်ရှိနေသော ထိုလူကတော့ လှောင်ပြောင်လိုစွာသာ ပြုံးနေခဲ့ကာ တစ်ဖက်လူကို ကယ်တင်ရန် ကြိုးစားခြင်းပင် မရှိပါချေ။
တောက်ကျန့်ယွမ်၏ ဝိညာဉ်က ခန္ဓာကိုယ်မှ ထွက်လာသည်နှင့် ထိုလူက ဝိညာဉ်ကို တိုက်ရိုက် ဝါးမြိုပစ်လိုက်လေသည်။
ဤအရာအားလုံးမှာ အလွန်လျင်မြန်စွာ ဖြစ်ပျက်သွားခဲ့လေ၏။
တောက်ကျန့် ချန်ချင်းမှာ အံ့ဩဒေါသထွက်စွာဖြင့် အော်ဟစ်လိုက်သည်။
“ တောက်ကျန့် ကျန်းဟဲ! ဒါ... ဒါ ခင်ဗျား ဘယ်လိုဖြစ်ရတာလဲ! ခင်ဗျားက မကောင်းဆိုးရွား ‘အနက်ရောင်မြူခိုး’ နဲ့ ပူးပေါင်းပြီး တောက်ဓမ္မကို သစ္စာဖောက်ခဲ့တာလား”
ရှီကွေးကလည်း ဒေါသကို ထိန်းရင်းပြောလာသည်။
“အခြေအနေ ဒီလောက်ဆိုးနေတာတောင် ခင်ဗျားက ဘာလို့ အပြင်ကိုမထွက်လာဘဲ မြူတွေကို ရှင်းဖို့ မကူညီတာလဲဆိုတာ အခုမှ ရှင်းသွားတော့တယ်၊ ခင်ဗျားက ကျားနာကို အသားကျွေးပြီး အခွင့်အရေးယူနေတာကိုး”
လျှပ်စီးရောင်အောက်တွင် ရပ်နေသော ထိုသူမှာ ချန့်ချင်းဂိုဏ်းမှ တောက်ကျန့်ကျန်းဟဲပင် ဖြစ်ပေသည်။
သူက ထိုစွပ်စွဲချက်များကို ကြားချိန်တွင် ဂုဏ်ယူဝင့်ကြွားစွာဖြင့် မုတ်ဆိတ်ကို သပ်ကာ ရယ်မောလိုက်ပြီး ကုကျစ်စုန့်ကို စိုက်ကြည့်လျက် ပြောလိုက်သည်။
“ကုကျစ်စုန့်... မတွေ့တာကြာပြီ”
“ရှင်တို့တွေက အရမ်းရိုးအလွန်းတယ်၊ သူက အနက်ရောင်မြူခိုးနဲ့ ပူးပေါင်းနေတာ မဟုတ်ဘူး၊ သူကိုယ်တိုင်က အနက်ရောင်မြူခိုး ဖြစ်နေတာ”
ကုကျစ်စုန့်က အေးစက်သော အသံဖြင့်ပြောလိုက်သည်။
“ တောက်ကျန့် ကျန်းဟဲရဲ့ ခန္ဓာကိုယ်က ဝါးမြိုခံလိုက်ရပြီ”
တောက်ကျန့်များမှာ ထိတ်လန့်လွန်းနေသောကြောင့် ကျန်းဟဲ၏ စကားထဲမှ ထူးဆန်းမှုကို သတိမထားမိခဲ့ကြပေ။
တကယ်တမ်းတွင် သူနှင့် ကုကျစ်စုန့်မှာ တစ်ခါမျှ မတွေ့ဖူးကြပါချေ။
သို့သော် သူပြောသွားသည်မှာ ‘တွေ့ရတာ ဝမ်းသာပါတယ်’ မဟုတ်ဘဲ ‘မတွေ့တာ ကြာပြီ’ ဟူ၍သာ ဖြစ်ခဲ့သည်။
ကုကျစ်စုန့်တစ်ဦးတည်းသာ ဤသည်မှာ ကျန်းဟဲ၏ ခန္ဓာကိုယ်ထဲရှိ အနက်ရောင်မြူခိုးက သူမ၏ အတိတ်ဟောင်းကို ပြန်ပြောနေခြင်းဖြစ်ကြောင်း သိရှိခဲ့သည်။
သူတို့မတွေ့ရသည်မှာ နှစ်ပေါင်း ၈၀၀ ခန့်ပင် သက်တမ်းရှိကြပြီ မဟုတ်ပါလား။
လွန်ခဲ့သော နှစ်ပေါင်း ၈၀၀ က သူမ အောင်မြင်ခါနီးအချိန်တွင် ကြုံတွေ့ခဲ့ရသော ဖျက်ဆီးလိုသည့် အရှိန်အဝါမှာ ဤ ‘အနက်ရောင်မြူခိုး’ ကြောင့်သာ ဖြစ်ပေလိမ့်မည်။
တိတိကျကျ ပြောရလျှင် ကျန်းဟဲ၏ ဖြစ်ရပ်မှာ သာမန်ဝါးမြိုခြင်းမျိုး မဟုတ်ပါချေ။ သူ၏ ဝိညာဉ်မှာ ဖျက်ဆီးခံလိုက်ရခြင်း မဟုတ်ဘဲ ‘အနက်ရောင်မြူခိုး’ နှင့် ပေါင်းစပ်သွားခဲ့ပြီး ၎င်းက လွှမ်းမိုးထားခြင်းသာ ဖြစ်သည်။
သူ၏ အတိတ်မှတ်ဉာဏ်များ ရှိနေသော်လည်း စိတ်ထဲတွင် ယုတ်ညံ့သော လောဘများနှင့် အဆိုးမြင်ခံစားချက်များသာ ကျန်ရှိတော့သည်။
လွန်ခဲ့သော အနှစ်(20)က သူ၏ ကျင့်စဥ်မှားယွင်းချိန်တွင် သူ၏ အတ္တဆန္ဒကို ဖြည့်ဆည်းရန်အတွက် ဖျားယောင်းမှုကို ခံခဲ့ရပြီး သူ၏ ကံကြမ္မာမှာလည်း ထိုအချိန်ကတည်းက သတ်မှတ်ခံထားရပြီးသား ဖြစ်ပေသည်။
ကျန်းဟဲသည်က ကုကျစ်စုန့် သံသယဝင်နေခဲ့သော တတိယမြောက်လူလည်းဖြစ်လေ၏။ သူသည်က ဤကမ္ဘာ၌ လက်ရှိတွင် တစ်ဦးတည်းသော ‘ကောင်းကင်အဆင့်’ ပညာရှင်ဖြစ်ပြီး တောက်ဓမ္မဂိုဏ်းများကို ဦးဆောင်နေသူလည်းဖြစ်သည်။
လူသတ်မှုနှင့် အနိဋ္ဌာရုံများစွာ၏ နောက်ကွယ်တွင် ချန့်ချင်းဂိုဏ်း၏ အရိပ်အယောင်များ ရှိနေခဲ့သောကြောင့် ကုကျစ်စုန့်က သူ့ကို အဘယ်ကြောင့် ယုံကြည်နိုင်ပါမည်နည်း။
ယခုအချိန်တွင် သူသည်က မိုးကြိုးဒဏ်ကို ခံယူနေခဲ့သော်လည်း ထိခိုက်မှုမရှိဘဲ ခံနိုင်ရည်ရှိနေခြင်းမှာ မယုံနိုင်စရာကောင်းသော အဆင့်သို့ ရောက်ရှိနေပြီဖြစ်ကြောင်း ပြသနေခဲ့သည်။
ဖုန်းတုတွင် သူရှိနေခြင်းက ကုကျစ်စုန့်တို့ လာမည့်အချိန်ကို တမင်စောင့်နေခြင်းသာ ဖြစ်ပုံရသည်။
တောက်ကျန့် ချန်ချင်းက အံကြိတ်လျက် ပြောလိုက်သည်။
“ကျန်းဟဲ... မင်း တကယ်ပဲ ဘာလုပ်ချင်နေတာလဲ ဒီကမ္ဘာကြီးကို ဖျက်ဆီးပစ်ချင်နေတာလား!”
ကျန်းဟဲ၊ ပို၍ တိကျစွာပြောရလျှင် အနက်ရောင်မြူခိုးက လက်ကို ဖြန့်လိုက်ပြီး ပြောလာသည်။
“မှားတယ်... လုံးဝကို မှားနေပြီ!”
“ငါက အသစ်စက်စက် သာယာဝပြောတဲ့ ကမ္ဘာသစ်တစ်ခုကို တည်ဆောက်နေတာ၊ ဟန်ဆောင်မှုတွေ ပြည့်နှက်နေတဲ့ ဒီတာအိုကို ပြန်ရေးနေတာပဲ!”
“ဒီနေ့ကစပြီး ငါက ဒီကမ္ဘာရဲ့ အရှင်သခင်၊ အသစ်စက်စက် ‘ကောင်းကင်တာအိုဖြစ်လာပြီး ဘုံခြောက်ဆင့်ရဲ့ အရှင်သခင် ဖြစ်လာတော့မယ်!”
သူ၏ အသံမှာ ပိုမိုကျယ်လောင်လာပြီး နားကွဲလုမတတ်ဖြစ်လာခဲ့သည်။
ကုကျစ်စုန့်၏ ထင်မြင်ချက်က မှန်ကန်နေခဲ့ချေပြီ။ ‘အနက်ရောင်မြူခိုး’ အမှန်တကယ် ဝါးမြိုဖျက်ဆီးချင်နေသည့်အရာမှာ ‘ကောင်းကင်ဘုံ၏ တာအို’သာ ဖြစ်သည်။
ကောင်းကင်တာအို၏ ပြိုလဲမှုမှာလည်း ဤမကောင်းဆိုးရွား၏ တဖြည်းဖြည်း တိုက်စားမှုကြောင့်သာဖြစ်ပေသည်။
လူတိုင်း အံ့အားသင့်နေချိန်တွင်ပင် ကျန်းဟဲက လက်ညှိုးကို ခါရမ်းလိုက်သောကြောင့် ပြင်းထန်လွန်းသော အနက်ရောင်မြူလှိုင်းကြီးက လူတိုင်းကို လွှမ်းခြုံသွားခဲ့သည်။
ကုကျစ်စုန့်၏ မျက်စိရှေ့တွင်လည်း မည်းမှောင်သွားပြီး သတိစိတ်များ ဝေဝါးလာခဲ့သည်။
သူမက မြူများကြားထဲတွင် အတိတ်မှမြင်ကွင်းများကို မြင်တွေ့လိုက်ရသည်။
ကမ္ဘာဦးအစတွင် လူသားမျိုးနွယ်များ၌ ‘အလိုဆန္ဒ’ များ စတင်ပေါ်ပေါက်လာခဲ့သည်။
အစပိုင်းတွင် လူသားများ၌ စားဝတ်နေရေးအတွက်သာ ရိုးရှင်းသော အလိုဆန္ဒများ ရှိခဲ့သော်လည်း လူမှုအဖွဲ့အစည်းများ ပေါ်ထွက်လာပြီး အာဏာလုမှုများရှိလာချိန်တွင် ထိုအလိုဆန္ဒများမှာ ပိုမိုနက်ရှိုင်းလာခဲ့သည်။
‘အနက်ရောင်မြူခိုး’ ဟူသော အရာမှာလည်း ဤနေရာမှ စတင် ပေါက်ဖွားလာခဲ့ခြင်း ဖြစ်ပေသည်။