ကြီးမားသောလောင်းကြေး၊ ဘုရားသခင်နှင့် လူသား (1)
Vol. 50 Ch. 504
အနက်ရောင်မြူခိုးက ကောင်းကင်ဘုံ၏ တာအိုကို တိုက်ရိုက်ရင်ဆိုင်ရန် ခက်ခဲသောကြောင့် လျှို့ဝှက်သော ‘ဖြတ်လမ်း’ တစ်ခုကို စဉ်းစားလိုက်သည်။
ဤသည်မှာ သမိုင်းတစ်လျှောက်တွင် ကောင်းကင်ဘုံ၏ မျက်နှာသာပေးမှုကို ခံရသော ‘ကံကောင်းခြင်းကလေးငယ်များ’ထံမှ ကံကောင်းခြင်းကို ခိုးယူရန်ဖြစ်ပေသည်။
ထို့ကြောင့်ပင် လွန်ခဲ့သော နှစ်ပေါင်း (၃၀၀၀)အတွင်း ကျင့်စဥ်အောင်မြင်ပြီး ကောင်းကင်ဘုံသို့တက်ရန် ပိုမိုခက်ခဲလာခြင်း ဖြစ်ပေ၏။
ကောင်းကင်ဘုံ၏ တာအိုက ဤအခြေအနေကို သိရှိချိန်တွင် နောက်ကျနေခဲ့ချေပြီ။
ထိုအချိန်တွင် လူ့လောက၌ ‘မွေးရာပါ နတ်ဘုရားအရှိန်အဝါ’ ပါရှိသော ပါရမီရှင်တစ်ဦး ပေါ်ထွက်လာခဲ့သည်။
သူမက ကုကျစ်စုန့်ပင်။
သူမသည်က ကံကောင်းခြင်းများစွာနှင့် ခိုင်မာသော စိတ်ဓာတ်ရှိသူဖြစ်၍ ကမ္ဘာကြီးကို ပြောင်းလဲပေးနိုင်မည့်သူလည်း ဖြစ်ပေသည်။
သို့သော် ‘အနက်ရောင်မြူခိုး’ က သူမကို မျက်စိကျလာခဲ့သည်။ သူမ၏ ဝိညာဉ်ကို ဝါးမြိုနိုင်ပါက သူ၏ စွမ်းအားမှာ နောက်တစ်ဆင့်သို့ တက်လှမ်းနိုင်လိမ့်မည် ဖြစ်သည်။
ထို့ကြောင့် သူက ကုကျစ်စုန့် ဘေးအန္တရာယ်နှင့် ရင်ဆိုင်ရမည့်အချိန်ကို စောင့်ဆိုင်းကာ တိုက်ခိုက်ခဲ့သည်။
သို့သော် ကျင့်ကြံခြင်းစွမ်းအင် အနည်းငယ်မျှပင် မရှိသော သာမန်လူတစ်ဦး ဖြစ်သည့် ယန်ဟွေ့ရှန်က သူမအတွက် အသက်စွန့်ကာ ထိုတိုက်ခိုက်မှုကို ကာကွယ်ပေးခဲ့လိမ့်မည်ကိုတော့ သူ မထင်မှတ်ထားခဲ့ပါချေ။
ထိုအချိန်တွင် ကုကျစ်စုန့်၏ ဝိညာဉ်ကလည်းပျောက်ကွယ်သွားခဲ့လေ၏။
သို့သော်လည်း ဤသည်မှာ ကောင်းကင်ဘုံ၏တာအိုက သူမကို ကာကွယ်ရန် လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း သူ သိရှိခဲ့သည်။
လွန်ခဲ့သော နှစ်ပေါင်း ၈၀၀ အတွင်း ကောင်းကင်ဘုံ၏တာအိုက သူမ၏ ပျက်စီးသွားသော ဝိညာဉ်ကို ပြန်လည်ပြုပြင်ပေးနေခဲ့သည်။
ကုကျစ်စုန့် ပြန်လည်မွေးဖွားလာချိန်တွင် ‘အနက်ရောင်မြူခိုး’ ကလည်း သူမကို တစ်ကမ္ဘာလုံး၌ ရှာဖွေခဲ့သည်။ ရာစုရှစ်ခုအကြာတွင် အင်တာနက် ထွန်းကားလာမှုနှင့်အတူ လူသားတို့၏အလိုဆန္ဒမှာလည်း အထွတ်အထိပ်သို့ ရောက်လာခဲ့သည့်အတွက် သူ့အတွက် အခွင့်ကောင်းများ ဖြစ်လာခဲ့သည်။
သူသည်က ကုကျစ်စုန့်အတွက် ကျော့ကွင်းများစွာကို ကြိုတင်ပြင်ဆင်ခဲ့ပြီး ချန့်ချင်းဂိုဏ်းမှာလည်း ထိုစီချိန်မှု၏ အဓိက အစိတ်အပိုင်း ဖြစ်နေခဲ့သည်။
သူက ကျန်းဟဲ၏ ကျင့်စဥ်အတွင်းစိတ်ထဲသို့ ကျူးကျော်ဝင်ရောက်ခဲ့ပြီး လူကုန်ကူးမှုနှင့် ကိုယ်အင်္ဂါရောင်းဝယ်မှုများမှတစ်ဆင့် ဝိညာဉ်ပေါင်းများစွာကို ဝါးမြိုခဲ့သည်။
ဝါးမြိုသူများထဲတွင် ကုကျစ်စုန့်လည်း ပါဝင်ရန်အတွက် စီစဥ်ခဲ့သည်။
သူမကို ဖျော်ဖြေရေးလောကထဲသို့ ဝင်ရောက်စေပြီး တခြားသော ‘ခိုအီငါး’ဖြစ်သည့် ယွီဖုန်းချင်းကို အသုံးချကာ ကုကျစ်စုန့်၏ ကံကောင်းခြင်းများကို တဖြည်းဖြည်း လုယူစေခဲ့သည်။
ယွီဖုန်းချင်း ကံကောင်းလေလေ၊ ကုကျစ်စုန့်က ကံဆိုးလေလေ ဖြစ်ရ၏။
နောက်ဆုံးတွင် ကုကျစ်စုန့်မှာ ရေသောက်လျှင်ပင် သီးရသည့်အထိ ကံဆိုးသူ ဖြစ်လာခဲ့ရသည်။
ကုကျစ်စုန့်မှာ ရုတ်တရက် မျက်လုံးပွင့်လာခဲ့ပြီး မြူလှိုင်းများကို တားဆီးရန် လက်ကို မြှောက်လိုက်ပြီး အနောက်ဘက်မှလူများကို ပြောလိုက်သည်။
“မီတာ (100)လောက် နောက်ဆုတ်ကြ၊ ဒါက ရှင်တို့ ထိန်းချုပ်နိုင်တဲ့ အဆင့် မဟုတ်တော့ဘူး”
ရှီကွေးနှင့် တခြားသူများမှာ သူတို့၏ အင်အားနည်းမှုကို သိသောကြောင့် နောက်သို့ ဆုတ်ပေးလိုက်ကြသည်။
ဤနေရာတွင် ကုကျစ်စုန့်နှင့် ကျန်းဟဲ သို့မဟုတ် အနက်ရောင်မြူခိုးတို့သာ မျက်နှာချင်းဆိုင် ကျန်ရစ်ခဲ့တော့သည်။
သူမအနေဖြင့် စနစ်၏ စိတ်လှုပ်ရှားနေမှုကို ခံမိလိုက်သည်။ မတိုင်ခင်က မြင်ကွင်းများကို စနစ်ကလည်း မြင်တွေ့ခဲ့ရသောကြောင့် ဖုံးကွယ်ထားသော အမှန်တရားများကို သူမ ချက်ချင်း နားလည်သွားခဲ့သည်။
လွန်ခဲ့သော နှစ်ပေါင်း ၈၀၀ က သူမကို ကယ်တင်ခဲ့သူမှာ ယန်ဟွေ့ရှန်း ပင် ဖြစ်၏။ သူ၏ ကိုးဘဝစာ ကောင်းမှုကုသိုလ်များကြောင့် ထိုတိုက်ခိုက်မှုကို တောင့်ခံနိုင်ခဲ့သည်။
ယန်ချန်မှာလည်း ထိုယန်ဟွေ့ရှန်း၏ ပြန်လည်မွေးဖွားလာသူဖြစ်ပေလိမ့်မည်။ သူ၏ မွေးရာပါ ယင်စွမ်းအင်မှာ ထိုအချိန်က ဒဏ်ရာ၏ အကြွင်းအကျန်များသာ ဖြစ်ပေသည်။
စနစ်ဆိုသည်မှာလည်း ကောင်းကင်ဘုံ၏ တာအိုက သူမကို ကူညီရန် ဖန်တီးပေးထားသော မူလစွမ်းအားတစ်ခု ဖြစ်နေခဲ့သည်။
မတိုင်ခင်က မြင်ကွင်းများမှာ ကျန်းဟဲဘက်မှ သူမကို တိုက်ခိုက်ချိန်တွင် စနစ်က ကျန်းဟဲ၏ မှတ်ဉာဏ်ထဲမှ ခိုးယူပြသလိုက်ခြင်း ဖြစ်ပေသည်။
မှတ်ဉာဏ်များ ခိုးယူခံရသည်ကို သိလိုက်ရချိန်တွင် ‘ကျန်းဟဲ’၏ မျက်နှာမှာ ပို၍ မှောင်မိုက်သွားပြီး ကုကျစ်စုန့်ကို စိုက်ကြည့်လျက် ပြောလာသည်။
“ကုကျစ်စုန့်... ကောင်းကင်ဘုံရဲ့ တာအိုက ဘယ်လောက်တောင် အသုံးမကျလဲဆိုတာ မင်းလည်းမြင်ခဲ့မှာပဲ၊ အခု အခြေအနေကို မင်း ပြောင်းလဲနိုင်ဦးမယ်လို့ ထင်နေတုန်းပဲလား ၊
လုံးဝ မဖြစ်နိုင်ဘူး”
“ငါက ဒီကမ္ဘာရဲ့ အရှင်သခင်ဖြစ်လာပြီ၊ ဒီအသုံးမကျတဲ့မိုးကြိုးတွေကို ကြည့်စမ်းပါဦး၊ သူတို့က ငါ့ကို ဘာများလုပ်နိုင်မှာလဲ”
သူသည်က လျှပ်စီးကြောင်းများကြားတွင် လက်ကို ဖြည်းညင်းစွာ ဖြန့်လျက် ရမ်းကားစွာ ပြုံးလိုက်လေသည်။
“ဒီလိုလုပ်ပါလား... မင်းသာ ငါ့ဆီမှာ အညံခံမယ်ဆိုရင် ငါ ကောင်းကင်အရှင်ဖြစ်လာပြီးတဲ့နောက် ပထမဆုံးသော ‘နတ်ဘုရား’အဖြစ် ခန့်အပ်ဖို့ စဉ်းစားပေးမယ်”
“ငါ့လက်အောက်မှာ နတ်ဘုရား လုပ်ရတာက အချိန်မရွေး ပြိုလဲတော့မဲ့ ဟန်ဆောင်ကောင်းလွန်းတဲ့ ကောင်းကင်ဘုံရဲ့ တာအိုကို စောင့်ရှောက်နေရတာထက်စာရင် ပိုပြီး အလားအလာ ရှိတယ်”
စနစ် : !
“သေစမ်း! စုန့်စုန့်... သူ့ရဲ့ ပေါက်ကရစကားတွေကို မယုံနဲ့နော်!”
ကုကျစ်စုန့်က စနစ်ကို ပြန်မဖြေဘဲ နှာခေါင်းတစ်ချက်သာ ရှုံ့လိုက်၏။
“ထားလိုက်ပါတော့... ရှင် တည်ဆောက်ချင်တဲ့ ကမ္ဘာကို ကျွန်မသဘောမတူဘူး”
“လူတစ်ယောက်မှာ ကိုယ်ကျင့်တရားနဲ့ စည်းကမ်းမရှိတော့ဘဲ စည်းမျဥ်းတွေနဲ့ အကျိုးအကြောင်းတွေကို စွန့်ပယ်ပြီး အလိုဆန္ဒရဲ့နောက်ကိုပဲ လိုက်နေမယ်ဆိုရင် အဲဒီလူက တိရစ္ဆာန် ဘာတွေများ ကွာခြားတော့မှာလဲ”
“အခုအချိန်မှာ ကောင်းကင်ဘုံရဲ့ တာအိုက တစ်ခါတလေ အားကိုးလို့ မရဘူးဆိုပေမဲ့ ကျွန်မက ကျွန်မရဲ့ အထက်လူကြီးကို ပြောင်းလဲဖို့အတွက်တော့ စိတ်မပါသေးဘူး”
‘ကျန်းဟဲ’ က လှောင်ပြုံးပြုံးလျက် ပြောလာသည်။
“မင်းက တကယ် ခေါင်းမာတာပဲ၊ ငါက မျက်နှာသာပေးနေတာကို လက်မခံဘူးပေါ့”
“ရှင်ကတော့ အပြစ်ကင်းပြီး ကြင်နာတတ်တုန်းက ပိုပြီး ချစ်စရာကောင်းသေးတယ်လို့ ကျွန်မထင်တယ်”
ကုကျစ်စုန့်က နှုတ်ခမ်းထောင့်ကို အသာကွေးညွတ်လိုက်မိသည်။
မူလက ‘အနက်ရောင်မြူခိုး’ ဆိုသည်မှာ လူ့အဖွဲ့အစည်းအတွင်းသို့ ရောနှောဝင်ရောက်လိုသော ဝိညာဉ်နတ်ဆိုးလေးမျှသာ ဖြစ်သော်လည်း တဖြည်းဖြည်းနှင့် ဤမျှအထိ ပျက်စီးယုတ်ညံ့သွားခဲ့သည်။
သူ၏ အားနည်းချက်ကို အထိုးခံလိုက်ရချိန်တွင် ကျန်းဟဲ၏ မျက်နှာမှာ ရုတ်တရက် မည်းမှောင်သွားခဲ့သည်။ ဤအခိုက်အတန့်တွင် သူသည်က လူသားတစ်ဦးနှင့် လုံးဝ မတူတော့ဘဲ ပုရွက်ဆိတ်များကို ငုံ့ကြည့်နေသော အလောင်းကောင်ကြီးနှင့် တူနေခဲ့လေသည်။
“မင်း... သေသင့်ပြီ”
“ငါ မင်းကို ‘လင်းချီ’ နည်းနဲ့ သတ်ဖြတ်ပေးမယ်၊ ပြီးသွားတဲ့နောက်မှာ မင်းရဲ့ဝိညာဉ်ကို သရဲတစ္ဆေတွေထောင်ပေါင်းများစွာက ဝါးမြိုနိုင်ဖို့ ချန်ထားရစ်ခဲ့မယ်
မင်းရဲ့နှလုံးသားကို ပုရွက်ဆိတ် ထောင်ပေါင်းများစွာကို ကိုက်ခဲခိာင်းမယ်၊
မင်းက အသက်ရှင်ချင်လို့လည်း မရ၊ သေလို့လည်း မရတဲ့ အခြေအနေမျိုးကို ကြုံရလိမ့်မယ်”
“ပြီးတော့ ဒီလူ့လောကကြီးရဲ့ ပြောင်းလဲမှုတွေကိုလည်း မင်း ကိုယ်တိုင် မြင်တွေ့စေရမယ်
အလိုဆန္ဒတွေက တစ်ကမ္ဘာလုံးကို လွှမ်းမိုးသွားပြီး လူတိုင်းက အလိုဆန္ဒရဲ့ သစ္စာရှိ ကျွန်တွေဖြစ်လာကြလိမ့်မယ်! မင်း ဂရုစိုက်တဲ့ လူတွေနဲ့ ယန်ချန်တို့လည်း ပျက်စီးသွားကြရလိမ့်မယ်”
ကုကျစ်စုန့်က ဓားကို လက်နှစ်ဖက်ဖြင့် တင်းတင်းဆုပ်ကိုင်လိုက်ပြီး သူမ၏ သွယ်လျသော လက်ချောင်းလေးများတစ်လျှောက်တွင် တောက်ပသော ရွှေရောင်အလင်းတန်းများက ရောယှက်သွားခဲ့သည်။
အစင်းကြောင်းများပါသော မက်မွန်သစ်သားဓားကို မီးလျှံများက ရစ်ပတ်ထားသကဲ့သို့ ရှိနေပြီး သူမ၏ မည်းနက်သော သူငယ်အိမ်အတွင်း၌လည်း ရွှေရောင်မျဉ်းကြောင်းလေးတစ်ခု ပေါ်ထွက်လာခဲ့သည်။
သူမ၏ ဝိညာဉ်က လောင်မြိုက်နေချေပြီ။
သူမက ရေတွက်မရနိုင်သော ကုသိုလ်ကံများနှင့် ယုံကြည်မှုစွမ်းအားများကို လက်ထဲရှိ ဓားထဲသို့ စုစည်းသိပ်သည်းလိုက်သည်။
‘ကျန်းဟဲ’ စကားပြောနေသည့်အချိန်တွင်ပင် သူမက ခန္ဓာကိုယ်အောက်ပိုင်းကို အားယူကာ မြေပြင်ကို ဆောင့်နင်းပြီး အရှိန်နှင့်ပြေးဝင်၍ ဓားဖြင့် ခုတ်ပိုင်းလိုက်လေသည်။
ဘန်းခနဲ အသံနှင့်အတူ ဓားအလင်းတန်းက ကုသိုလ်အရှိန်အဝါကြောင့် ရွှေရောင်မီးပွားများ ထွက်ပေါ်လာခဲ့သည်။
ကုကျစ်စုန့်မှာ မီတာ ၁၀၀ ခန့်အကွာသို့ လွင့်ထွက်သွားခဲ့ပြီး သူမ၏ မျက်လုံးများမှာ မည်းမှောင်သွားခဲ့လေသည်။
“ဓားက အတော်လေး ထက်တာပဲ”
‘ကျန်းဟဲ’ က နတ်ဘုရားတစ်ပါးကဲ့သို့ ရပ်နေပြီး အခြေမှ ပြတ်လုနီးပါးဖြစ်သွားသော လက်မောင်းမှာလည်း တဖြည်းဖြည်း ပြန်လည် ကုသနေခဲ့သည်။
“ဒီလောက် တိုတောင်းတဲ့ အချိန်အတွင်းမှာ ဒီလိုမျိုးများပြားတဲ့ ကုသိုလ်တွေကို စုစည်းနိုင်တာက တကယ်ကို အားကျစရာပဲ၊ မင်းက နတ်ဘုရားတစ်ပါး ဖြစ်လာဖို့ မွေးဖွားလာတဲ့ ပါရမီရှင်တစ်ယောက်ပဲလေ”
“မင်းကို နှိမ်နင်းဖို့အတွက် ငါရှာထားတဲ့ အသုံးမကျတဲ့သူတွေက တကယ်ကို နိမ့်ကျလွန်းတယ်”
ယွန်းသုတ်ထားသကဲ့သို့ မည်းနက်ထူထပ်သော မြူထုကြီးက ကုကျစ်စုန့်၏ မျက်နှာနှင့် မျက်လုံးများဆီသို့ ရုတ်တရက် တိုးဝင်လာခဲ့သည်။
ထိုကျိန်စာ၏ စွမ်းအားမှာ အရေပြားကို ထိတွေ့မိသည်နှင့် သူမ၏ အသားနှင့် သွေးများကို အရည်ပျော်သွားစေပေလိမ့်မည်။
သူမသည် နောက်သို့ ခြေတစ်လှမ်း ဆုတ်လိုက်ပြီး သစ်သားဓားကို ပခုံးပေါ်တွင် ကန့်လန့်ဖြတ်ထားကာ ‘ကျန်းဟဲ’ ၏ တိုက်ခိုက်မှုကို ရှောင်တိမ်းပြီးနောက် အရှိန်အနည်းငယ် ထပ်ယူလိုက်သည်။
“ပါရမီရှင်တစ်ယောက်က ပြိုလဲပျက်စီးသွားတဲ့ အချိန်မှာပဲ အလှဆုံး ဖြစ်နေတတ်တာ”
‘ကျန်းဟဲ’က စကားကို ခေတ္တရပ်လိုက်ပြီး ကုကျစ်စုန့်ကို ဟန်ဆောင်ကောင်းလှသော ရွံရှာဖွယ်ရာ အကြည့်များဖြင့် စိုက်ကြည့်လိုက်သည်။
“အခုလို အချိန်မျိုးမှာပေါ့”
ကုကျစ်စုန့်က သူမ၏ နောက်ဆုံးလက်နက်ကို ထိန်းထားဆဲဖြစ်သော်လည်း ခန္ဓာကိုယ်ထဲမှ စွမ်းအားများမှာလှုပ်ရှားနေခဲ့ချေပြီ။
ရွှေရောင် အရှိန်အဝါများက သူမ၏ ခန္ဓာကိုယ်ကို ရစ်ပတ်ထားခဲ့ပြီး အလွန်အမင်း မှောင်မိုက်နေသည့်တိုင် ထိုတောက်ပမှုကို ငြိမ်းသတ်နိုင်ခြင်း မရှိပါချေ။
ထိုအလှတရားက သူမကို နတ်ဘုရားတစ်ပါးကဲ့သို့ အရှိန်အဝါ တိုးစေသည်။
‘ကျန်းဟဲ’အနေဖြင့် ကုကျစ်စုန့်က သူမ၏ ခန္ဓာကိုယ်ထဲရှိ စွမ်းအား၊ ကုသိုလ်နှင့် အသက်စွမ်းအား အားလုံးကို ဤဓားထဲသို့ ပုံအောထားကြောင်း သိရှိလိုက်သည်။
သူမ၏ နတ်ဘုရားတစ်ပိုင်း ဝိညာဉ်၏ အင်အား၊ လွန်ခဲ့သော တစ်နှစ်ကျော်အတွင်း စုဆောင်းခဲ့သည့် ကုသိုလ်ကံများနှင့် ယုံကြည်မှုစွမ်းအားများကို ပေါင်းစပ်လိုက်ပါက ဤဓားချက်က သူမကို နတ်ဘုရားများနှင့် ရင်ဘောင်တန်းနိုင်သော စွမ်းအားမျိုး ရရှိစေနိုင်ပေသည်။
နတ်ဘုရားတစ်ပါးကိုပင် သုတ်သင်နိုင်သည့် အစွမ်းမျိုး ဖြစ်ပေသည်။
ဤသည်မှာလည်း ‘အနက်ရောင်မြူခိုး’ အနေဖြင့် သူမကို တိုက်ရိုက် ရင်မဆိုင်ချင်ခဲ့သည့် အကြောင်းရင်းပင် ဖြစ်၏။
သို့သော် အချိန်များက ပြောင်းလဲသွားခဲ့ပြီဖြစ်ကာ သူသည်က လွန်ခဲ့သော နှစ်ပေါင်း ၈၀၀ က ‘မကောင်းဆိုးရွား’ တစ်ကောင် မဟုတ်တော့ပါချေ။
ယခုအချိန်တွင် သူ့ထံ၌ ရေတွက်မရနိုင်သော အလိုဆန္ဒများနှင့် ကြောက်ရွံ့မှုများကို ဝါးမြိုထားပြီး၊ လူပေါင်း သန်းနှင့်ချီ၏ အသက်စွမ်းအားနှင့် ကံကောင်းခြင်းများကို လုယူထားပြီ ဖြစ်သည်။
အရေးကြီးဆုံးအချက်မှာ _
သူသည်က လူသား လေးသန်းနီးပါး၏ အသက်နှင့် ဝိညာဉ်များကို ဝါးမြိုခဲ့ပေပြီ။ ထိုလူများ၏ ဝိညာဉ်စွမ်းအားနှင့် သက်တမ်းများမှာ ၎င်းအတွက် အာဟာရဖြစ်သွားခဲ့ပြီး တစ်ညတွင်းချင်းပင် ဘုံခြောက်ဆင့်ထက် ကျော်လွန်သော တည်ရှိမှုတစ်ခု ဖြစ်လာခဲ့ပြီ။
ယခုအချိန်တွင် သူသည်က နတ်ဘုရားအစစ်ကိုပင် မကြောက်တော့ပါချေ။ သို့ကြောင့် နတ်ဘုရား၏ စွမ်းအားကို အစွမ်းကုန် အသုံးပြုနိုင်ရုံမျှသာ ရှိသော လူသားတစ်ဦးကို အဘယ်ကြောင့် ကြောက်ရွံ့နေပါမည်နည်း။
သူသည်က ကုကျစ်စုန့်၏ ဓားချက်ကို ဆိုးသွမ်းသည့်အမူအရာဖြင့်သာ ရှောင်တိမ်းလိုက်လေသည်။