ကြီးမားသောလောင်းကြေး၊ နတ်ဘုရားနှင့် လူသား (2)
Vol. 50 Ch. 505
ရွှေရောင်အလင်းတန်းများမှာ ‘ကျားဘိုအာ’မှ ကြွက်ငယ်လေးတစ်ကောင်နှင့် ကစားနေသကဲ့သို့ တလက်လက် တောက်ပနေသည်။
“ယန်ချန်ရဲ့ တီထွင်မှုကို မင်း တကယ်ယုံနေတာလား လူသေမှာကို တားဆီးဖို့နဲ့ သတ်သေမယ့်သူကို ကယ်ဖို့အတွက် နေ့တိုင်းယင်စွမ်းအင် ထောက်လှမ်းတဲ့ ကစားစရာလေးကို ကျမ်းစာတစ်စောင်လိုမျိုး ကိုးကွယ်နေကြတယ်၊ အသိဉာဏ်မရှိတဲ့ လူသားတွေကတော့ ကြောက်လန့်တကြားနဲ့ပဲ ဆက်ကပ်နေကြမီာပေါ့”
ကျန်းဟဲက အရာအားလုံးကို သိနေခဲ့သည်။
သူက ရှေ့တန်းတွင် နေ့တိုင်း တက်ကြွစွာ လှုပ်ရှားနေသော ဝိဥာဆိုင်ရာအရာရှိများနှင့် ရဲအရာရှိများ၏ ကြိုးပမ်းအားထုတ်မှုများကို မျောက်ပြပွဲကို ကြည့်နေသကဲ့သို့ ကြည့်နေခဲ့ခြင်းသာ ဖြစ်ပေသည်။
အင်အားမဲ့လွန်းသော လူ့လောကကြီးက သူကိုယ်သူ ကယ်တင်ရန် ကြိုးစားနေသည်ကို ကြည့်ရသည်မှာ အလွန်ပင် စိတ်ဝင်စားဖွယ် ကောင်းလွန်းသည်။
“ဒါက ငါ့ရဲ့ လှည့်ကွက်လေး တစ်ခုပါပဲ၊ မင်းတို့တွေ ဒီလောက် အလုပ်ရှုပ်နေတာကို ကြည့်ရတာ ဘာများကောင်းလို့လဲ”
ကျန်းဟဲက ဟန်ဆောင်၍ သက်ပြင်းချလိုက်သော်လည်း လက်တွေ့တွင် သူ့ကိုယ်သူ အလွန် ကျေနပ်နေခဲ့သည်။ သူ၏ စီစဥ်မှုမှာ သာမန်လူသားများ ထင်ထားသည်ထက် များစွာ ကျယ်ပြန့်ပေသည်။
‘ဟယ်ကျောက်ရှန်း’ အပြင် သူ့ထံ၌ အသုံးဝင်သော ကွန်ပျူတာ ပါရမီရှင်များစွာလည်း ရှိသေးသည်။ အင်တာနက်က သူ၏ အောင်မြင်မှုလမ်းစကို အရှိန်မြှင့်ပေးမည့် ဖြတ်လမ်းတစ်ခု ဖြစ်သည်ကြောင့် အင်တာနက်ကို ထိန်းချုပ်ရန်အတွက် လျစ်လျူရှုထားခြင်းမရှိပေ။
ယန်ချန်အနေဖြင့် ယင်စွမ်းအင် ထောက်လှမ်းသည့် စနစ်ကို တီထွင်နိုင်လျှင် သူ့အနေဖြင့်လည်း သူ့လက်အောက်ရှိ ကျွမ်းကျင်သော ဟက်ကာများကို ဗိုင်းရပ်စ်များ ဖန်တီးခိုင်းကာ ယန်ချန်၏ စနစ်အတွင်းသို့ ကျူးကျော်ဝင်ရောက်စေပြီး ထိုစက်ပစ္စည်းများကို အလုပ်မလုပ်အောင် လုပ်ဆောင်နိုင်သည်။
ရှားနိုင်ငံ၏ အရာရှိများနှင့် ရဲစခန်းများအားလုံးက စနစ်မှ ထောက်လှမ်းမိသော အနီရောင်အစက်များကိုသာ စိုက်နေချိန်တွင် မြို့နယ်လေးတစ်ခုအတွင်း တိတ်တဆိတ် ဖြစ်ပျက်နေသမျှကိုတော့ သတိမပြုမိနိုင်ကြပါချေ။ သူတို့ သိရှိသွားချိန်တွင် နောက်ကျနေခဲ့ချေပြီ။
ယန်ရှီက ယင်စွမ်းအင် ထောက်လှမ်းရေးစနစ်ကို တီထွင်လိုက်ကတည်းက ‘အနက်ရောင်မြူခိုး’ ၏ မူလစီစဥ်ထားသော နေရာအနှံ့တွင် ကံကောင်းခြင်းများကို လုယူပြီး အသက်စွမ်းအားများ ဝါးမြိုမည့် အစီအမံမှာလည်း အပြောင်းအလဲသစ်များ ရှိလာခဲ့သည်။
သူက ကံကြမ္မာကို တိုက်ရိုက် ပြောင်းလဲပစ်ချင်ပြီး လူပေါင်း လေး သန်း၏ အသက်နှင့် ဝိညာဉ်များကို သူ၏ အောင်မြင်မှုအတွက် ခြေနင်းတုံးအဖြစ် အသုံးပြုချင်ခဲ့သည်။
ထိုအစီအချိန်က လုံးဝ အောင်မြင်သွားခဲ့ပေပြီ။
ကုကျစ်စုန့်နှင့် ကောင်းကင်ဘုံ၏ တာအိုက အရာအားလုံးကို သိနေလျှင်ပင် မည်သည်ကို လုပ်နိုင်ပါဦးမည်နည်း။
မိုင်ပေါင်းရာချီ ဝေးသောနေရာမှ အစိုးရလူများက လက်နက်ကြီးများကို ဤနေရာသို့ သယ်ဆောင်လာသည်ကိုလည်း သူ သိသည်။
‘အနက်ရောင်မြူခိုး’ ၏ အမြင်တွင်တော့ ဤသည်မှာ ပုစဉ်းရင်ကွဲက လှည်းဘီးကို တားဆီးရန် ကြိုးစားနေသကဲ့သို့ ရယ်စရာကောင်းလွန်းပေသည်။
ကျန်းဟဲ၏ လှောင်ပြောင်မှုများကို ကုကျစ်စုန့်က မကြားချင်ယောင်ဆောင်ကာ သူမ၏ ဝိညာဉ်ကို ဆက်လက် လောင်မြိုက်စေပြီး ‘အသုံးမဝင်သော အလုပ်’ ကိုသာ ဆက်လုပ်နေခဲ့သည်။
သူမ၏ ဝိညာဉ်မှ နောက်ဆုံး ကုသိုလ်အစအနလေးကို ထုတ်ယူလိုက်ချိန်တွင်တော့ လက်ထဲမှ သစ်သားဓားသည်လည်း စူးရှ၍ တောက်ပသော ရွှေရောင်အလင်းတန်းများ ထွက်ပေါ်လာခဲ့သည်။
ထိုအလင်းတန်းသည်က နောက်ဆုံး၌ အနက်ရောင်မြူထုကြီးကို ဖောက်ထွက်ကာ ကောင်းကင်ယံသို့ တည့်တည့်မတ်မတ် ဦးတည်သွားခဲ့ပြီး မိုင်ပေါင်းရာချီအတွင်း တစ်ခုတည်းသော အလင်းရောင်ကို ဖြစ်လာစေခဲ့သည်။
ထို့နောက် ကောင်းကင်ရှိ မိုးကြိုးလျှပ်စီးများနှင့် ပေါင်းစပ်သွားခဲ့လေသည်။
ကျောက်တုံးမြို့တော်၏ ပတ်ဝန်းကျင်ရှိ စိုးရိမ်တကြီး စောင့်ဆိုင်းနေသော လူပေါင်းများစွာနှင့် မိုင်ပေါင်းထောင်ချီဝေးသော ဌာနချုပ်မှ တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်နေသူများ အားလုံးမှာ ကောင်းကင်သို့ ထိုးတက်သွားသော ထိုရွှေရောင်အလင်းတိုင်ကြီးကို မြင်တွေ့လိုက်ရပြီး နှလုံးသားထဲမှ လှုပ်ခတ်မှုများကို ခံစားမိလိုက်ကြသည်။
ဤအခိုက်အတန့်တွင် လူပေါင်းများစွာမှာ ကုကျစ်စုန့်အနေဖြင့် ဤရွှေရောင်အလင်းတန်းကဲ့သို့ပင် ‘အနက်ရောင်မြူခိုး’ ၏ ကျော့ကွင်းများမှ သူတို့ကို ကယ်တင်ပေးနိုင်စေရန် ဆုတောင်းစကားများကို ပို့သလိုက်ကြသည်။
ပြည်သူများ၏ စုပေါင်း၍ ဆုတောင်းမှုများကြောင့် ရွှေရောင်အလင်းတန်းမှာ ပိုမို ခိုင်မာတောက်ပလာခဲ့လေသည်။
ကျန်းဟဲ၏ မျက်ခုံးများမှာ တွန့်ချိုးသွားပြီး မျက်လုံးကို မှေးကျဥ်းလိုက်မိသည်။
ဤတိုက်ခိုက်မှုမှာ သူ့အတွက် အန္တရာယ်ရှိသည်ကို ဝန်ခံရပေလိမ့်မည်။ အကယ်၍ ယခင်ကသာဆိုလျှင် ဤကဲ့သို့သော ဓားချက်မျိုးနှင့် ရင်ဆိုင်ရပါက သူ့အနေဖြင့် အမှန်တကယ်ပင် တစ်စစီ ပြိုကွဲသွားနိုင်ပေသည်။
သို့သော် ဝိညာဉ်ပေါင်း လေးသန်းကို ယဇ်ပူဇော်ထားမှုက သူ့၏ ယုံကြည်မှုကို အထွတ်အထိပ်သို့ ရောက်ရှိစေခဲ့သည်။
ယခု ထိုတိုက်ခိုက်မှုကို ခံရပါက သူ့ထံတွင် ဒဏ်ရာရနိုင်သော်လည်း သေလောက်သည့် အခြေအနေမျိုးတော့ မဟုတ်ပါချေ။
ဆန့်ကျင်ဘက်အနေဖြင့် ကုကျစ်စုန့်မှာတော့ သူမ၏ စွမ်းအားနှင့် ကုသိုလ်အားလုံးကို ဤဓားချက်ထဲသို့ ပုံအောထားခြင်း ဖြစ်ပေသည်။
“လာစမ်းပါ... ‘ကယ်တင်ရှင်’ ပြိုလဲသွားတာကို ကိုယ်တိုင်မြင်တွေ့ရမဲ့ သာမန်လူတွေရဲ့ စိတ်ပျက်အားငယ်နေတဲ့ မျက်နှာတွေကို ငါ မြင်ချင်နေပြီ”
ကုကျစ်စုန့်၏ မျက်နှာမှာ စက္ကူပါးလေးကဲ့သို့ ဖြူဖျော့နေခဲ့သည်။
တခြားအရာများထက် ဤ’အနက်ရောင်မြူခိုး’က စကားအလွန်များလွန်းသည်ဟု သူမ ခံစားရသည်။
ဓားက အောက်သို့ ပြန်မကျမီမှာပင် သူမ၏ဘေးနားတွင်ရှိနေသော အရှိန်အဝါများမှာ ပြန်လည် လျော့ကျသွားပြီး ရွှေရောင် အရှိန်အဝါများမှာလည်း တဖြည်းဖြည်း ငြိမ်းသတ်သွားခဲ့သည်။
‘အနက်ရောင်မြူခိုး’သည်ကား ကုကျစ်စုန့်တစ်ယောက် သေခါနီးအချိန်တွင် ပြုံးလိုက်သည်ကို မြင်တွေ့လိုက်ရချိန်တွင် အကြောင်းရင်းမရှိဘဲ သိတ်ထဲတွင် လေးလံသွားမိသည်။
သို့သော် သူက သူကိုယ်သူ ပြန်လည်နှစ်သိမ့်လိုက်ပြန်သည်။
ကုကျစ်စုန့်အနေဖြင့် သန်းပေါင်းများစွာသော ဝိညာဉ်များ၏ စွမ်းအားကို မည်သို့ ယှဉ်နိုင်ပါမည်နည်း။
သူမက သေရလိမ့်မည်ပင်။
ထိုအချိန်တွင် ကုကျစ်စုန့်က ရုတ်တရက် ဓားကိုမကိုင်ထားသော ဘယ်ဘက်လက်ကို ရင်ဘတ်ရှေ့တွင် မြှောက်လိုက်သည်။
ထို့နောက် ကျောက်စိမ်းကဲ့သို့ ဖြူဖွေးသော လက်ချောင်း (၅) ချောင်းကို ဖိချလိုက်ပြီး လက်မကို အတွင်းသို့ ကွေးကာ ကျန်လက်ချောင်းထိပ်များကို ယှက်နွယ်လျက်၊ လက်ညှိုးကို ကောင်းကင်သို့ ညွှန်ကာ လက်သန်းကိုလည်း အနည်းငယ် မြှောက်ထားသည့် ထူးဆန်းပြီး နက်နဲလှသော လက်ဟန် တစ်ခုကို ပြုလုပ်လိုက်လေသည်။
သူမ၏ နှုတ်ခမ်းများက ဖြူရော်သော နှင်းဆီပွင့်ဖတ်လေးများကဲ့သို့ အနည်းငယ် ပွင့်ဟသွားပြီး စကားတစ်ခွန်း ဖွင့်ဟရွတ်ဆိုလိုက်သည်။
“ပျက်စီးစေ!”
အသံက မကျယ်သော်လည်း ရိုးရှင်းသော စကားလုံးတစ်လုံးသာ ဖြစ်၏။
သို့သော် ဘန်းခနဲ အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။ ကျန်းဟဲတစ်ယောက် သူ၏ခန္ဓာကိုယ်အတွင်းရှိ နှလုံးသားက ပြင်းထန်စွာ တုန်ခါသွားသကဲ့သို့ ခံစားလိုက်ရသည်။
ဘာတွေဖြစ်နေတာလဲ။
သူ၏ နှလုံးသားထဲမှ မရေရာမှုများ ပိုမိုမြင့်တက်လာသောကြောင့် ‘အနက်ရောင်မြူခိုး’ ၏ မျက်နှာက မှောင်မည်းသွားခဲ့သည်။
“ထားလိုက်ပါတော့... ပျင်းစရာကောင်းတဲ့ ဂိမ်းတွေနဲ့ ပြပွဲတွေက ပြီးသွားပြီ”
သူက ကုကျစ်စုန့်ကို တစ်စစီဖြစ်သွားစေရန် အနက်ရောင်မြူများကို စုစည်းလိုက်သည်။
ကုကျစ်စုန့်၏ နှုတ်ခမ်းအရောင်မှာ ပိုမို ဖြူဖျော့သွားခဲ့သော်လည်း သူမ၏ မျက်လုံးများကတော့ တည်ငြိမ်နေခဲ့သည်။
သူမ၏ လက်ဟန်က ထပ်မံ ပြောင်းလဲသွားပြီး လက်ချောင်း (၃) ချောင်းကို ကောင်းကင်သို့ ညွှန်ကာ လက်ခလယ်နှင့် လက်သူကြွယ်ကို လက်ဖဝါးပေါ်တွင် ဖိကပ်ထားလိုက်သည်။ နောက်ထပ် စကားတစ်ခွန်း ထွက်ပေါ်လာပြန်သည် ။
“တည်မြဲစေ!”
အနက်ရောင်မြူများမှာ သူမ၏ အနီးအနားသို့ ရောက်ရှိနေပြီဖြစ်ပြီး ဤအခိုက်အတန့်တွင် ကုကျစ်စုန့်က လှုပ်ရှားလိုက်သည်။
သူမက လက်တစ်ဖက်ဖြင့် ရွှေနီရောင် သစ်သားဓားကို မြှောက်ကာ လျင်မြန်စွာ ဝှေ့ယမ်းလိုက်လေ၏။
ဓားအလင်းတန်းက ကျန်းဟဲကို တည့်တည့်မတ်မတ် ဦးတည်သွားခဲ့သည်။ အနက်ရောင်မြူထဲမှ ထိုလူက ရှောင်တိမ်းရန် ကြိုးစားသော်လည်း သူ၏ ခြေထောက်တစ်ဖက်က ရုတ်တရက် မရှိတော့သည်ကို တွေ့လိုက်ရသည်။
သူ၏ မျက်နှာမှာ ရုတ်တရက် ပြောင်းလဲသွားပြီး တိုက်ခိုက်ရန် လက်မြှောက်လိုက်ချိန်တွင်လည်း သူ၏ လက်ချောင်း (၃) ချောင်းက မရှိတော့ဘဲ ထိန်းချုပ်မရ ဖြစ်နေသည်ကို သတိပြုမိလိုက်လေသည်။
ထိုလက်ချောင်း (၃) ချောင်း၏ အရေပြားမှာ တစ်စုံတစ်ခု ထွက်လာတော့မည့်အတိုင်း လှုပ်ရှားနေသည်ကို သူ မြင်တွေ့လိုက်ရ၏။
ဤမြင်ကွင်းကြောင့် သူ စဉ်းစားရန် အချိန်မရလိုက်ခင်ပင် ထိန်းချုပ်မရသော ထိုလက်ချောင်းများက သေစေနိုင်သော အားနည်းချက် ဖြစ်သွားခဲ့သည်။
တခြားနေရာများမှာ အနက်ရောင်မြူများဖြင့် ဖုံးလွှမ်းထားသော်လည်း ထိုလက်ချောင်း (၃) ချောင်း၏ အရေပြားကို ရွှေရောင်ဓားအလင်းတန်းက မျက်တောင်တစ်ခတ်အတွင်း ဖြတ်တောက်လိုက်လေသည်။
ထိုလက်ချောင်းများကြားမှ သေးငယ်သော အစက်အပြောက်များအဖြစ် ဖိသိပ်ထားသော မီးခိုးရောင် ဝိညာဉ်ပေါင်းများစွာက ထွက်ပေါ်လာခဲ့သည်။ ထိုဓားအလင်းတန်းမှာ အရေပြားထဲသို့ လျှပ်စစ်လွန်များနှယ် ထိုးဖောက်ဝင်ရောက်ကာ သူ၏ အရိုးနှင့် အသားများကို ချေမှုန်းဖျက်ဆီးလိုက်လေသည်။
‘ကျန်းဟဲ’ သည် ကောင်းကင်သို့ မော့ကြည့်ကာ ဟိန်းဟောက်ရင်း နောက်သို့ ဆုတ်သွားခဲ့သည်။
သူ ဆုတ်ခွာနေချိန်မှာပင် သူ၏ ခန္ဓာကိုယ်အတွင်းရှိ အနက်ရောင်မြူများမှာ ရွှေရောင်ကုသိုလ်စွမ်းအားများကြောင့် အရည်ပျော်သွားခဲ့ပြီး ခန္ဓာကိုယ်မှာလည်း ယိုင်နဲ့ကာ ပျက်စီးလာခဲ့သည်။
အရေပြားကြားမှ မီးခိုးရောင် ဝိညာဉ်အလင်းတန်းများက ပိုမိုများပြားစွာ ထွက်ပေါ်လာခဲ့ပြီးနောက် သူတို့မှာ တဖြည်းဖြည်း လူသားပုံသဏ္ဌာန် ပြန်လည်ပြောင်းလဲသွားကြသည်။
သူ မော့ကြည့်လိုက်လျှင် ကောင်းကင်တစ်ခုလုံးမှာ မီးစုန်းလေးများ လင်းလက်နေသကဲ့သို့ ရှိနေခဲ့သည်။
‘အနက်ရောင်မြူခိုး’ မှာ ၎င်း၏ ခန္ဓာကိုယ် ပျက်စီးနေချိန်မှာပင် တစ်စုံတစ်ခုကို သတိပြုမိသွားခဲ့သည်။
သူက သူ၏ အရည်ပျော်နေသော လက်ကို မြှောက်၍ ကုကျစ်စုန့်ဘက်ကို ညွှန်လိုက်သည်
“မင်း... ငါ့ကို လှည့်ကွက် သုံးလိုက်တာလား...!”
“ဒီလူသားဝိညာဉ်တွေက... အတုတွေပဲ!”
သူ၏ ခန္ဓာကိုယ်ထဲမှ ထွက်လာသော ဝိညာဉ်တစ်ခုမှာ ဤစကားကို ကြားချိန်တွင် လှည့်ကြည့်၍ မျက်နှာကို လှောင်ပြောင်မဲ့ရွံ့ပြရင်းဖြင့် ရယ်မော ပြောဆိုလိုက်သည် ။
“ဒီသရဲအိုကြီးက ငရဲကတက်လာတာ ... ဘာလို့ အတုဖြစ်ရမှာလဲ၊ ငါ သေနေတာ ၁၂၂ နှစ်တောင် ရှိပြီ”
ဓားချက်များကို အစွမ်းကုန် အသုံးပြုလိုက်ရသော ကုကျစ်စုန့်မှာ သူမ၏ ပင်ပန်းနွမ်းနယ်နေသော ခန္ဓာကိုယ်ကို သစ်သားဓားဖြင့် ထောက်ထားရင်း စစ်မှန်သော အပြုံးတစ်ခုကို ပြသလိုက်သည်။
“ငတုံး... အခုမှ သိတာလား”
“နှမြောစရာပဲ၊ အရမ်းနောက်ကျသွားပြီ၊ ရှင့်ရဲ့ ကမ္ဘာသစ်ကို အိပ်မက်ထဲမှာပဲ သွားတည်ဆောက်တော့”
ကြိုတင်စီစဥ်ထားသော မိုးကြိုးကြီးက ပြင်းထန်စွာ ကျဆင်းလာခဲ့ပြီး လူပုံသဏ္ဌာန် မဟုတ်တော့သော ထိုမြူထုကြီးကို ထိမှန်သွားခဲ့လေသည်။
ကုကျစ်စုန့်က တောက်ပနေသော ကောင်းကင်ကို မော့ကြည့်ကာ တိုးညင်းစွာ ပြောလိုက်သည် ။
“အခု စိတ်အေးသွားပြီလား”
စနစ် : “ဟမ့်”
မြူများက ဖြည်းဖြည်းချင်းကွယ်ပျောက်သွားခဲ့ချေပြီ။
ကောင်းကင်ယံမှ မနက်ခင်း၏ ပထမဆုံးသော အလင်းတန်းမှာ တိမ်တိုက်များကို ထိုးဖောက်၍ တိတ်ဆိတ်နေသော မြို့လေးဆီသို့ ကျဆင်းလာခဲ့သည်။