နတ်ဘုရားအဆင့်သို့ ရောက်ရှိပြီး ကောင်းကင်ဘုံသို့ တက်လှမ်းနိုင်သော်လည်း ..
Vol. 50 Ch. 506
ခုတင်ပေါ်တွင် အိပ်ပျော်နေသော ပြည်သူများမှာ တစ်ညလုံး အိပ်မက်မရှိဘဲ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေခဲ့သကဲ့သို့ လန်းဆန်းစွာဖြင့် နိုးထလာကြသည်။
သူ ခုတင်တွင် ထထိုင်လိုက်ပြီ ကိုယ်လက်တို့ကို ဆန့်တန်းလိုက်လျှင် ဘေးမှ ဇနီးဖြစ်သူမှာလည်း လှုပ်ရှားလာခဲ့သည်။
သူက စောင်ကို ဖယ်လိုက်ချိန်တွင် လူသားပုံသဏ္ဌာန် ဖြတ်ထားသော အဝါရောင် စက္ကူပါးလေးတစ်ချပ်မှာ မြေပြင်ပေါ်သို့ လွင့်ကျသွားခဲ့လေသည်။
ထိုစက္ကူ၏ ခေါင်းပိုင်းမှာ တစ်စုံတစ်ခုကြောင့် ပြတ်ထွက်နေပြီး အလယ်တွင်လည်း အက်ကြောင်းတစ်ခု ရှိနေကာ ဘေးနှစ်ဖက်မှ စက္ကူစတချို့သာ ဆက်နေသည်ကို မြင်တွေ့ရသည်။
“ဘုရားရေ! ဒါက ဘာကြီးလဲ ဘာလို့ ငါတို့ ခုတင်ပေါ်မှာ ရောက်နေရတာလဲ!”
“အဘွားကြီး ... အဘွားကြီး၊ ထစမ်းပါဦး၊ ဒါ ဘာလဲဆိုတာ ကြည့်ဦး၊ မင်း လုပ်ထားတာလား...”
ဤကဲ့သို့သော တွေ့ရှိချက်များ၊ စကားပြောသံများမှာ နိုးထလာသော အိမ်တိုင်းတွင် ဖြစ်ပေါ်နေခဲ့သည်။
ဒေါသတကြီး အော်ဟစ်သံတစ်ခု ထွက်ပေါ်လာပြန်သည် ။
“ဘယ်ကောင်က ငါ့တံခါးနဲ့ ပြတင်းပေါက်တွေကို လာရိုက်ခွဲထားတာလဲ!”
“သရဲခြောက်တာပဲ ဖြစ်ရမယ်၊ ပြတင်းပေါက်နဲ့ တံခါးတွေ ဒီလိုဖြစ်နေတာတောင် ငါတို့ အိမ်ကလူ တစ်ယောက်မှ မကြားခဲ့ဘူး”
…
သုံးရက်အကြာတွင် ‘အနက်ရောင်မြူခိုး’ ၏ အနှစ်သာရကို ဖျက်ဆီးနိုင်ခဲ့ပြီး အန္တရာယ်အားလုံး ကင်းစင်သွားကြောင်း အတည်ပြုပြီးနောက် ရှားနိုင်ငံ၏ အရေးပေါ်ကာလာ ပြီးဆုံးသွားပြီဟု သတ်မှတ်လိုက်ကြသည်။
ကျန်ရှိနေသေးသော အမှုငယ်လေးများမှာတော့ နောက်ကွယ်မှ ခေါင်းဆောင်ကြီး မရှိတော့သဖြင့် ကြာကြာလှုပ်ရှားနိုင်တော့မည် မဟုတ်ပါချေ။
ချန့်ချင်းဂိုဏ်းနှင့် ပတ်သက်၍လည်း ထိုမျှလောက် ကြီးမားလွန်းသော ကျောင်းတော်ကြီးအတွင်း၌ ညစ်ပတ်သော အရာများစွာ ဖုံးကွယ်ထားခဲ့ကြောင်း သိရှိခဲ့ရသည်။
‘အနက်ရောင်မြူခိုး’ ပူးကပ်ခြင်း ခံခဲ့ရသော တောက်ကျန့်ကျန်းဟဲ နှင့် ဒုတိယခေါင်းဆောင်ယွမ်တို့မှာ လူကုန်ကူးမှုနှင့် ကိုယ်အင်္ဂါ ရောင်းဝယ်မှုများတွင် ပါဝင်ပတ်သက်ခဲ့ကြသောကြောင့် လူပေါင်းများစွာ ဒုက္ခရောက်ခဲ့ရသည်။
အစိုးရနှင့် ၊ နောက်ထပ်ရန်ငြိုးရှိသော ဂိုဏ်းများက ဤအခွင့်အရေးကို သုံး၍ သူတို့ကို ရှင်းလင်းလိုက်ကြကာ ချန့်ချင်းဂိုဏ်းမှာ တစ်ညတွင်းချင်းပင် နာမည်ပျက်သွားခဲ့ရသည်။
တခြားသော ဂိုဏ်းငယ်လေးများကိုလည်း ကျန်ရှိနေသော ပြစ်မှုများကို စစ်ဆေးရန် အမိန့်ပေးခံခဲ့ရသည်။
ကုကျစ်စုန့် ဌာနချုပ်မှ ထွက်လာချိန်တွင် တာဝန်ရှိသူများက သူမကို အလွန် ရိုသေလေးစားစွာ ဆက်ဆံနေခဲ့ကြသည်။
အကြောင်းမှာ ‘အနက်ရောင်မြူခိုး’ ကို ဖြတ်တောက်လိုက်သော ရွှေရောင်အလင်းတန်းမှာ သူမထံမှ လာသည်ကို လူတိုင်း သိရှိသောကြောင့် ဖြစ်ပေ၏။
ထို့အပြင် မြူများ ကွယ်ပျောက်သွားပြီးနောက် ကောင်းကင်၌ မိုးကြိုးတိမ်တိုက်များကြားမှ ရောင်စုံ မိုးကြိုး (၉) ချက် ကျဆင်းလာသည်ကိုလည်း တွေ့မြင်ခဲ့ကြရသည်။
နေဝင်ချိန်၌ နေရောင်ခြည်များက ကောင်းကင်ယံမှ မြူများကို ဖယ်ရှားပေးလိုက်ပြီးနောက် ငှက်လေးများ၏ သီချင်းဆိုသံများကို ကြားရသကဲ့သို့ပင်။
နာရီဝက်ခန့်အကြာတွင် ကုကျစ်စုန့်က တစ်ဦးတည်း ပြန်လာခဲ့သည်။
ရှီကွေးနှင့် တခြားသူများ၏ အြောစကားအရ သူမသည်က မိုးကြိုးဒဏ်ကို ခံယူပြီးနောက် ဒဏ္ဍာရီလာအဆင့်သို့ ရောက်ရှိသွားပြီဖြစ်ကြောင်း သိခဲ့ရသည်။
ယခုအချိန်တွင် သူမမှာ သူရဲကောင်းတစ်ဦးသာမက လူတိုင်း သိရှိသော နတ်ဘုရားအစစ် ဖြစ်နေပြီဖြစ်၍ မည်သူကမှ သူမကို အမိန့်မပေးရဲကြတော့ပါချေ။
သူမ အိမ်သို့ပြန်တော့မည့်အချိန်တွင် ရင်းနှီးသော အသံတစ်ခုက နောက်မှ လှမ်းခေါ်လိုက်သည်။
“ကုကျစ်စုန့်... ခဏစောင့်ဦး!”
သူမ ခေတ္တရပ်ကာ ချောင်းတစ်ချက်ဟန့်၍ လှည့်ကြည့်လိုက်လျှင် သူမထံမှ ထွက်ပေါ်နေသော အရှိန်အဝါကြောင့် ကျန်းရူယွီ၏ အရှိန်မှာ ချက်ချင်း လျော့ကျသွားခဲ့လေသည်။
ကျန်းရူယွီက သူမကို ကြည့်၍ အနည်းငယ် စိတ်ဆိုးစွာဖြင့် ပြောလာသည် ။
“ရှင် ကျွန်မကို ရှောင်နေတာလား အဲဒီနေ့က ရှင် ဖုံးကွယ်ထားခဲ့တဲ့ အကြောင်းတွေကို ကျွန်မ မေးမှာစိုးလို့လား ကျွန်မ ရှင့်အတွက် ဘယ်လောက်တောင် စိုးရိမ်ခဲ့ရလဲ”
ကုကျစ်စုန့်က သူမ မှားသွားသည်ဟု ခံစားရသည့်အတွက် လေသံကို လျှော့၍ ပြောလိုက်သည် ။
“တောင်းပန်ပါတယ်၊ ရှင့်ကို မပြောချင်လို့ မဟုတ်ပါဘူး၊ ဒါပေမဲ့ ဒီကိစ္စက အရမ်း လျှို့ဝှက်လွန်းလို့ ဌာနချုပ်မှာ ခေါင်းဆောင်ပိုင်တစ်ယောက်တည်းပဲ သိထားတာ”
အနက်ရောင်မြူခိုးနှင့် ရင်ဆိုင်ရချိန်တွင် သူမထံ၌ပင် မည်သည့် သဲလွန်စမျှ မရှိခဲ့ပါချေ။
‘ဟယ်ကျောက်ရှန်း’ ၏ သတိပေးချက်နှင့် ယန်ချန်၏ စနစ်မှ ထောက်လှမ်းမိမှုများကသာ သူမကို အကြံသစ်များ ရရှိစေခဲ့ခြင်း ဖြစ်သည်။
ဟယ်ကျောက်ရှန်း အဖမ်းမခံရမီ ပြောခဲ့သော နောက်ဆုံးစကားမှာ သတိပေးချက် ဖြစ်ပေသည်။
သူက ‘အနက်ရောင်မြူခိုး’၏ အုပ်စုတွင် ကွန်ပျူတာ ကျွမ်းကျင်သူများ ရှိနေသေးကြောင်း သတိပေးချင်ခဲ့ခြင်း ဖြစ်၏။
ကုကျစ်စုန့်က ယန်ချန်ကို ထိပ်တန်း ဟက်ကာတစ်ဦးအနေဖြင့် စောင့်ကြည့်ရေးစနစ်ကို ဖောက်ထွင်းနိုင်ခြင်း ရှိမရှိ မေးမြန်းခဲ့သည်။
ယန်ချန်ကလည်း အလေးအနက် စမ်းသပ်စစ်ဆေးပြီးနောက် ဖြစ်နိုင်ကြောင်း ကောက်ချက်ချခဲ့သည်။
စနစ်ကို ဖောက်ထွင်းခံရပါက ‘အနက်ရောင်မြူခိုး’ ၏ လှုပ်ရှားမှုများကို ၎င်းတို့ ထောက်လှမ်းနိုင်တော့မည် မဟုတ်ပါချေ။
‘အနက်ရောင်မြူခိုး’အနေဖြင့် စနစ်မှာ ပြဿနာမရှိဟု ထင်ယောင်ထင်မှားဖြစ်အောင် လုပ်ဆောင်ပြီး အမှန်တရားကို ဖုံးကွယ်ထားခြင်း ဖြစ်သည်။
ကုကျစ်စုန့်က အချက်အလက်များကို ပြန်လည် နှိုင်းယှဉ်ကြည့်ချိန်တွင် ဖုန်းတုမြို့နှင့် ပတ်သက်၍ သဲလွန်စတချို့ကို သတိပြုမိခဲ့သည်။
ဖုန်းတုတွင် ဖြစ်ပွားသော အမှုငယ်လေးများမှာ လူတစ်ယောက်က တမင်တကာ ဖန်တီးထားသကဲ့သို့ ဖြစ်နေခြင်း၊ ယွီဖုန်းချင်းက ထိုနေရာ၌ မည်သည့် မြူခိုးကိုယ်ပွားကိုမျှ မခံမိခြင်းတို့က ကုကျစ်စုန့်ကို ဤနေရာ၌ တစ်ခုခု ထူးဆန်းနေကြောင်း သေချာစေခဲ့သည်။
ဤနေရာမှာ ‘အနက်ရောင်မြူခိုး’ ၏ နောက်ဆုံး ခိုအောင်းရာ ဖြစ်လာနိုင်ပြီး ၎င်း နတ်ဘုရားဖြစ်ရန် ကြိုးစားမည့် နေရာလည်း ဖြစ်ပေသည်။
ထို့ကြောင့် ကုကျစ်စုန့်က ဤနေရာကို ဗဟိုချက်အဖြစ် သတ်မှတ်ကာ စီစဥ်ခဲ့ခြင်း ဖြစ်သည်။ ထိုအနက်ရောင်မြူခိုးက အနီရောင်အစက်များ မပေါ်စေရန် ကိုယ်ပွားများကို အိပ်ပျော်စေခဲ့ခြင်းမှာ စောင့်ကြည့်ရေးစနစ်၏ အားနည်းချက်ကို မသိစေလို၍ ဖြစ်ပေသည်။
ကုကျစ်စုန့်က ဖုန်းတုမြို့အတွင်း၌ တိတ်တဆိတ်ဖြင့် မန္တာန်စက်ဝန်းတည်ဆောက်ခဲ့သည်။ ထိုစက်ဝန်းများကို အသက်သွင်းလိုက်ပါက လူများမှာ အိပ်မောကျသွားမည်ဖြစ်ပြီး သူတို့၏ အသက်ရှူသံများကိုပါ ဖုံးကွယ်ပေးထားမည် ဖြစ်သည်။
ထို့နောက် ကုကျစ်စုန့်က ‘အနက်ရောင်မြူခိုး’ ၏ ဘက်မှ စဉ်းစားကြည့်လိုက်လျှင် လူသားဝိညာဉ်များကို ယဇ်ပူဇော်မည့် အစီအစဥ်ကို ခန့်မှန်းမိလိုက်သည်။
သူမက မြေအောက်ကမ္ဘာသို့ သွားရောက်၍ ယမအရှင်နှင့် ဆွေးနွေးခဲ့သည်။ သူမသည်က လူသားများအစား ဝိညာဉ်သရဲများကို အစားထိုး၍ ‘အနက်ရောင်မြူခိုး’ ၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်စေလိုခဲ့သည်။
လူသားဝိညာဉ်များတွင် အသက်စွမ်းအားနှင့် ကံကောင်းခြင်းများ ရှိသော်လည်း သရဲများတွင် မရှိပါချေ။ အကယ်၍ အစီအစဥ် အောင်မြင်ပါက ‘အနက်ရောင်မြူခိုး’အနေဖြင့် လူသားဝိညာဉ်များကို ဝါးမြိုနေသည်ဟု ထင်မှတ်သော်လည်း လက်တွေ့တွင် အင်အားမဲ့သော သရဲများကိုသာ ဝါးမြိုမိခြင်းသာ ဖြစ်ပေလိမ့်မည်။
ယမအရှင်က ဤအစီအစဥ်ကို သဘောတူခဲ့သောကြောင့် မြေအောက်ကမ္ဘာမှ ဝိညာဉ်အရာရှိများ အားလုံး ပါဝင်ကူညီခဲ့ကြသည်။
ဖုန်းတုမြို့ရှိ ဒေသခံသရဲအိုကြီးများမှာလည်း သူတို့၏ ဆွေမျိုးသားချင်းများကို ကာကွယ်ရန်အတွက် တက်ကြွစွာ ပါဝင်ခဲ့ကြသည်။
ကုကျစ်စုန့်နှင့် ယမအရှင်တို့က စက္ကူလုပ်ငန်းမှတစ်ဆင့် လူသားပုံသဏ္ဌာန် အဝါရောင် စက္ကူပါး သန်းပေါင်းများစွာကို ပြင်ဆင်ခဲ့ကြသည်။ ထိုစက္ကူများအတွင်းသို့ ဝိညာဉ်များ ဝင်ရောက်လိုက်ချိန်တွင် မြင်ရုံမျှနှင့် လူသားနှင့် မခွဲခြားနိုင်သည့် ‘ခန္ဓာကိုယ်’ တစ်ခုကို ရရှိစေခဲ့သည်။
ရဲအရာရှိများက ပြည်သူများ၏ နေအိမ်များသို့ သွားရောက်၍ ထိုစက္ကူအရုပ်များကို နေအိမ်များတွင် တိတ်တဆိတ် ထားခဲ့ကြသည်။
ဝိညာဉ်များမှာ ကုတင်အောက်တွင် ပုန်းအောင်းကာ ကုကျစ်စုန့်၏ အမိန့်ကို စောင့်ဆိုင်းနေခဲ့ကြသည်။
နောက်ဆုံးအဆင့်မှာ စနစ်ကို ပြန်လည် အဆင့်မြှင့်တင်ရန် ဖြစ်ပေသည်။ ‘အနက်ရောင်မြူခိုး’ က သူတို့အနေဖြင့် စနစ်ကို ပြင်ဆင်နိုင်ခြင်း မရှိဟု ထင်မှတ်နေချိန်တွင် ယန်ချန်နှင့် သူ၏အဖွဲ့က စနစ်ကို အသစ်ပြန်လည် တီထွင်ခဲ့ကြသည်။
ထိုစနစ်သစ်ကို ‘လိမ်လည်မှုတိုက်ဖျက်ရေး App’ အတွင်းသို့ ထည့်သွင်းကာ ပြည်သူများ၏ ဖုန်းများထဲသို့ တိတ်တဆိတ် ထည့်သွင်းလိုက်ကြသည်။
‘အနက်ရောင်မြူခိုး’ က ဖုန်းစနစ်များကို တိုက်ခိုက်နေချိန်တွင် စနစ်အသစ်က သူ့ကို ထောက်လှမ်းမိခဲ့သည်။ ကုကျစ်စုန့်က ဂါထာစက်ဝန်းကို အသက်သွင်းလိုက်ပြီး လူများကို အိပ်ပျော်စေကာ သူမ၏ စက္ကူအရုပ်များဖြင့် အစားထိုးလိုက်သည်။
‘အနက်ရောင်မြူခိုး’ ဝါးမြိုလိုက်သမျှမှာ ထိုသရဲဝိညာဉ်များသာ ဖြစ်နေခဲ့သည်။ ဤသို့ဖြင့် ကုကျစ်စုန့်က သူ့၏ အားနည်းချက်ကို ရှာဖွေကာ ဖျက်ဆီးနိုင်ခဲ့ခြင်း ဖြစ်ပေသည်။
ဤအောင်မြင်မှုမှာ လူတစ်ဦးတည်းကြောင့် မဟုတ်ဘဲ လူသားများနှင့် ဝိညာဉ်များ၏ စုပေါင်းအားထုတ်မှုကြောင့်သာဖြစ်လေသည်။
သေဆုံးသွားသူများ၏ ကံကောင်းခြင်းနှင့် သက်တမ်းများမှာလည်း မူလပိုင်ရှင်များထံသို့ ပြန်လည်ရောက်ရှိသွားခဲ့ချေပြီ။
ကုကျစ်စုန့်အနေဖြင့် နတ်ဘုရား ဖြစ်လာပြီးနောက်တွင်လည်း လူ့လောက၌သာ ဆက်လက်နေထိုင်ရန် ဆုံးဖြတ်ခဲ့သည်။
သူမအနေဖြင့် လူသားတို့၏ အလိုလောဘနှင့် ဆန္ဒများက မည်သည့်အချိန်တွင်မှ ပျောက်ကွယ်သွားမည်မဟုတ်ကြောင်းကို သိရှိသောကြောင့် ‘အနက်ရောင်မြူခိုး’ နောက်တစ်ကြိမ် ပြန်လည် ပေါက်ဖွားလာတိုင်း သူ့ကို သုတ်သင်ရန် လူ့လောက၌သာ နေထိုင်သွားမည် ဖြစ်ပေသည်။
ကျန်းရူယွီက နှာခေါင်းရှုံ့လျက် ပြောလာသည်။
“ကောင်းပါပြီ၊ ကျွန်မ ရှင့်ကို ခွင့်လွှတ်ပေးပါ့မယ်... ဒါနဲ့ ရှင်က တကယ်ပဲ နတ်ဘုရားဖြစ်သွားတာလား”
ကုကျစ်စုန့် က မျက်ခုံးအသာပင့်လိုက်သည်။
“မတူလို့လား”
တူတယ်။
ကျန်းရူယွီက စိတ်ထဲမှ ပြောလိုက်သည်။ ယခုအချိန်တွင် ကုကျစ်စုန့်ထံမှ နတ်ဘုရားအရှိန်အဝါများ ထွက်ပေါ်နေသော်လည်း ယခင်ကထက် ပို၍ လူသားဆန်လာသကဲ့သို့လည်း ခံစားရသည်။
ထိုအချိန်တွင် ကုကျစ်စုန့်၏ အကြည့်က တစ်နေရာ၌ ရပ်တန့်သွားသည်ကို ကျန်းရူယွီ သတိပြုမိလိုက်သည်။
ယန်ချန်ပင်။
ယန်ချန်က အနည်းငယ် ပိန်သွားပြီး ဆံပင်များလည်း ရှည်လာခဲ့ကာ သူ၏ အသွင်အပြင်မှာ ပိုမို နူးညံ့သိမ်မွေ့လာခဲ့သည်။
သူသည်က ကုကျစ်စုန့်၏အနားသို့ မည်သို့ ချဉ်းကပ်ရမည်ကို မသိသကဲ့သို့ ရပ်နေခဲ့လေသည်။
ကျန်းရူယွီလည်း ဤအခြေအနေကို မြင်ချိန်တွင် အလိုက်တသိဖြင့် ထွက်ခွာသွားခဲ့လေသည်။
ကုကျစ်စုန့်၏ စိတ်ထဲတွင် ခံစားချက်များ ရှုပ်ထွေးနေခဲ့သည်။
ယန်ချန်သည်ကား ကိုးဘဝစာ ကောင်းမှုကုသိုလ်များ ရှိသူဖြစ်ပြီး ဤဘဝတွင်လည်း ‘အနက်ရောင်မြူခိုး’ ကို နှိမ်နင်းရာတွင် များစွာ ပါဝင်ကူညီခဲ့လေ၏။ ဆယ်ဘဝစာ ကောင်းမှုကုသိုလ်များ ပြည့်စုံသူမှာလည်း နတ်ဘုရား ဖြစ်လာနိုင်ပေသည်။
ကုကျစ်စုန့်သည်လည်း အသက်ရှင်ရန် အချိန်များစွာရှိသေးသောကြောင့် သူတို့နှစ်ဦးအနေဖြင့် အချိန်ယူပြီး ရှေ့ဆက်သွားနိုင်လိမ့်မည်။
ကုကျစ်စုန့် ခေါင်းကိုအသာမော့၍ ပြောလိုက်သည်။
“ပြန်ကြတော့မလား”
ယန်ချန်မှာ အံ့အားသင့်သွားပြီးမှ အပြုံးတစ်ခုဖြင့် ပြောလာခဲ့သည်။
“အင်း၊ ပြန်ကြမယ်”
“ကျွန်မရဲ့ ခန္ဓာကိုယ်င နည်းနည်းလောက် ညစ်ပတ်နေတယ်၊ ပြန်ပြီး သန့်ရှင်းရေး လုပ်ရမယ်...”
“ဗိုက်ဆာနေလား၊ အိမ်ကိုပြန်ပြီးရင် ချက်စားမလား၊ ဒါမှမဟုတ် အပြင်မှာပဲ စားမလား”
ကုကျစ်စုန့် မေးလိုက်သည်။
ယန်ချန်က သူမ၏ တိုက်ခန်းသို့ ပြောင်းလာကတည်းက အိမ်မှုကိစ္စများကို အလွန် ဝီရိယရှိစွာ လုပ်ဆောင်ပေးလေ့ရှိပေ၏။
ကုကျစ်စုန့်တွင် သန့်ရှင်းစေရန်ဂါထာများ ရှိနေသော်လည်း ယန်ချန်က သူမကို လုပ်ခိုင်းလေ့မရှိပါချေ။
ယန်ချန်က ကုကျစ်စုန့်၏ဘေးမှ လိုက်ပါရင်း ပြောလာသည်။
“အိမ်မှာပဲ လုပ်စားရအောင်၊ အပြင်စာတွေက ကျန်းမာရေးနဲ့ မညီညွတ်ဘူးလေ”
ကုကျစ်စုန့် မည်သို့ပြန်ပြောမည်ကို သိသကဲ့သို့ ယန်ချန်က ဆက်ပြောလာသည်။
“နတ်ဘုရားတွေက ကျန်းမာရေးအတွက်စဉ်းစားစရာ မလိုဘူးဆိုပေမဲ့လည်းပေါ့”
ကုကျစ်စုန့် : “ကောင်းပါပြီ၊ အိမ်ကိုပြန်ကြတာပေါ့”
ပြီးပါပြီ *