အခန်း (၅၆၉)
Vol. 47 Ch. 569
ထို့ပြင် ဟွမ်ကျိုးပြည်နယ်နှင့် ဆက်သွယ်သည့်ကိစ္စကိုလည်း လျစ်လျူမရှုသင့်ပေ၊ ပို၍ သတိထားရပေမည်။
ယဲ့လုဖုန်းရဲ့ ထိန်းချုပ်မှုအောက်က လွတ်မြောက်ချင်ရင် အထက်က နေပြီး ကြံစည်မှရမှာပဲ။ ငါ နန်ပါးထျန်းက မင်းရဲ့ခွေးအဖြစ် အချိန်တခဏ ဟန်ဆောင်ကစားပေးနိုင်ပေမဲ့ တစ်သက်လုံး မင်းရဲ့ခွေးအဖြစ် နေထိုင်သွားဖို့ကိုတော့ လက်မခံနိုင်ဘူး။
နန်ပါးထျန်းသည် စိတ်ထဲတွင် ထိုသို့တွေးတောလျက် ကောင်းကင်ကို မော့ကြည့်လိုက်သည်။
စောင့်နေလိုက်၊ နောက်သုံးရက်ကြာလို့ ချန်ကျိုစစ်ရဲ့မျက်နှာဖုံးကို ခွာချပြီး ချန်ကျိုစစ်ကို သတ်ပြီး ကျားဖြူခန်းမကို ငါ့လက်ထဲ သိမ်းပိုက်ပြီးသွားရင် ငါးဖမ်းကုန်သည်အဖွဲ့က အင်အားအာဏာပိုကြီးမားလာတော့မှာ။ အဲဒီအခါကျ မင်း ယဲ့လုဖုန်းနဲ့ ရင်ဆိုင်ဖို့နည်းလမ်းကို ကျိန်းသေပေါက် ရှာဖွေမယ်။
ဟားဟား ချန်ကျိုစစ် ငါ မင်းရဲ့ ကူကယ်ရာမဲ့ပြီး အရှက်တကွဲဖြစ်နေမယ့်ပုံစံကို တွေ့ရဖို့ မစောင့်နိုင်တော့ဘူး။
…
စီရင်စုအုပ်ချုပ်ရေးမှူးအိမ်တော်၌ နန်ပါးထျန်း ထွက်ခွာသွားပြီးနောက်တွင် ချီမုကော ထွက်လာပြီး ပြောသည်။
“သခင်ကြီး ဒီနန်ပါးထျန်းမှာ မကောင်းတဲ့ရည်ရွယ်ချက်တွေ ရှိနေပါတယ်။ ဘာလို့ ချန်ကျိုစစ်ကျရှုံးသွားရင် ကျားဖြူခန်းမကို သူ့ကိုပေးမယ်လို့ ပြောလိုက်တာပါလဲ။ အဲဒီလိုဆို သူ့ရဲ့အင်အားကြီးမားလာပြီး သူ ကျွန်တော်တို့ကို ပြန်ကိုက်လာနိုင်အောင်လို့ အခွင့်အရေးပေးလိုက်သလို ဖြစ်မသွားဘူးလား”
ယဲ့လုဖုန်းမှ မျက်လုံးတို့မှေးကျုံ့လျက် ပြောသည်။
“အင်း အဲဒါက မဖြစ်မနေ ရွှေ့ဖို့လိုအပ်တဲ့ အကွက်ပဲ။ မျန့်ရွှေစီရင်စုကို ငြိမ်းငြိမ်းချမ်းချမ်း စီမံခန့်ခွဲချင်ရင် ဟန့်လူမျိုးတွေကို ဟန့်လူမျိုးတွေရဲ့ စနစ်အတိုင်း အုပ်ချုပ်ခွင့်ပေးသင့်တယ်။ အရင်ကတော့ ချန်ကျိုစစ်က သင့်တော်တဲ့ ရွေးချယ်မှုတစ်ခုပါ၊ ဒါပေမဲ့ သူက မိန်ဂိုဏ်းနဲ့ ငြိစွန်းနေခဲ့ပြီ။ ချန်ကျိုစစ်ကို သုံးလို့မရတော့မှတော့ နန်ပါးထျန်းကိုပဲ ဆက်သုံးရတာပေါ့။ ဒါပေမဲ့ လက်တလော ငါနဲ့ သူ့ကြားမှာ သဘောထားကွဲလွဲမှုတွေ ရှိနေတယ်။ ငါတို့ကြားက တင်းမာမှုကို ဖြေဖျောက်ဖို့ နည်းလမ်းရှာရမယ်”
ထိုအခါ ချီမုကောမှ ပြောသည်။
“သခင်ကြီးရဲ့သဘောက ချန်ကျိုစစ်က မိန်ဂိုဏ်းနဲ့ တကယ် ပူးပေါင်းနေတာလို့ ဆိုလိုတာပါလား။ သူက ဘာအတွက် အဲဒီလိုလုပ်ရမှာလဲ”
ယဲ့လုဖုန်းမှ ပြန်ပြောသည်။
“အဲဒါတော့ ငါလည်း မသိဘူး။ ဒါပေမဲ့ နန်ပါးထျန်းခွဲခြမ်းစိတ်ဖြာပြတာက အသေးစိတ်ကျပြီး အဓိပ္ပာယ်ရှိတယ်။ ချန်ကျိုစစ်က စျာပနအခမ်းအနားကို အခွင့်ကောင်းယူပြီး ခေါင်းတလားတွေကို သုံးပြီး စစ်လက်နက်ပစ္စည်းတွေကို မြို့ပြင်ခိုးထုတ်တာ ဖြစ်နိုင်ချေရှိတယ်”
“နန်ပါးထျန်း ငါ့ကို သတိမပေးခင်ကတည်းက ငါလည်း အဲဒီအချက်ကို စဉ်းစားကြည့်ခဲ့သေးတယ်။ အခု ပြန်စဉ်းစားကြည့်လိုက်တော့ စျာပနအခမ်းအနားနောက်ကွယ်မှာ နက်ရှိုင်းတဲ့ အကြံအစည်ကြီး ရှိနေနိုင်တာပဲ”
ယဲ့လုဖုန်းမှ ပြောသည်။
ချီမုကောမှ ပြောသည်။
“ဒါပေမဲ့ ကျွန်တော်တော့ ချန်ကျိုစစ်က အဲဒီလောက် မရူးမိုက်ဘူးလို့ ထင်တာပဲ။ တောင်ပိုင်းဒေသမှာ မိန်ဂိုဏ်းက မုန်းတီးစက်ဆုပ်ခံရပါတယ်။ မိန်ဂိုဏ်းနဲ့ ပူးပေါင်းတာက ပြဿနာကို ဖိတ်ခေါ်လိုက်တာပဲ မဟုတ်ဘူးလား”
ယဲ့လုဖုန်းမှ ပြန်ပြောသည်။
“ငါလည်း အဲဒီအချက်ကို သံသယဝင်မိပါတယ်။ ဒါပေမဲ့ ချန်ကျိုစစ်ကို ယုံကြည်မယ့်အစား မယုံကြည်မှုက ပိုအလေးသာစေမယ့် အချက်အချို့ရှိနေတယ်။ တိုင်းပြည်နဲ့ပတ်သက်တဲ့ အရေးကိစ္စတွေကို ငါတို့ လောင်းကြေးထပ်လို့ မဖြစ်ဘူး”
ထိုအခါ ချီမုကောမှ ပြောသည်။
“ဒါပေမဲ့ ချန်ကျိုစစ်က အပြစ်ကင်းနေခဲ့ရင်ရော”
ယဲ့လုဖုန်းမှ ပြောသည်။
“သူ အပြစ်ကင်းရင်တော့ သူ့ကို ဆက်သုံးတာပေါ့”
“ဒါပေမဲ့ ကျွန်တော်တို့ သူ့ကို သံသယဝင်နေတာကို သူသိသွားခဲ့ရင် သူ့စိတ်ထဲ တခြားအတွေးအကြံတွေ ရှိလာမှာ စိုးရတယ်။ အဲဒီလိုဖြစ်လာရင် ကျွန်တော်တို့ သူ့ကိုထိန်းချုပ်ရတာ အရင်လို မချောမွေ့နိုင်လောက်တော့ဘူး”
ချီမုကောမှ သူ၏အတွေးအမြင်ကို ပြောပြသည်။
သခင်ကြီးယဲ့လု သူ့ကို မယုံကြည်ခဲ့တာကို ချန်ကျိုစစ်သိသွားခဲ့ရင် ချန်ကျိုစစ်က သခင်ကြီးယဲ့လုနဲ့ ဆက်ပူးပေါင်းဖို့ ဆန္ဒမရှိတော့တာမျိုး ဖြစ်သွားနိုင်တယ်မဟုတ်လား။
ယဲ့လုဖုန်းမှ ရယ်မော၏။
“ငါသူ့ကို မယုံကြည်ဘူးလို့ ဘယ်သူပြောလဲ”
“ဒါပေမဲ့ သခင်ကြီး ခုနက နန်ပါးထျန်းကို ပြောခဲ့တဲ့စကားက…”
ယဲ့လုဖုန်းမှ ပြောသည်။
“ဟုတ်တယ်၊ ငါ နန်ပါးထျန်းကို ချန်ကျိုစစ်ရဲ့ခေါင်းတလားတွေကို စစ်ဆေးဖို့ ပြောခဲ့တယ်။ ခေါင်းတလားတွေထဲမှာ စစ်လက်နက်ပစ္စည်းတွေ ရှိနေသည်ဖြစ်စေ၊ ချန်ကျိုစစ်က မှားယွင်းစွပ်စွဲခံရတာဖြစ်စေ အားလုံးက နန်ပါးထျန်းရဲ့လုပ်ရပ်ပဲ။ ငါနဲ့ဘာဆိုင်လို့လဲ။ ငါက ငါ့ရဲ့ စီရင်စုအုပ်ချုပ်ရေးမှူးအိမ်တော်က တပ်သားတွေကို ချန်ကျိုစစ်ရဲ့ခေါင်းတလားတွေကို ဖွင့်စစ်ဆေးဖို့ စေလွှတ်ခဲ့တာမို့လို့လား”
“ခေါင်းတလားတွေထဲမှာ ဘာမှရှိမနေခဲ့ရင်.. ဟားဟား အဲဒီလိုဆိုလည်း အဲဒါက နန်ပါးထျန်းရဲ့ပြဿနာပဲလေ။ ငါတို့နဲ့ ဘာမှဆိုင်မနေဘူး။ ပြီးတော့လည်း ဒီအခွင့်အရေးမှာ ကျိုစစ်အပေါ် သံသယအားလုံး ရှင်းလင်းလို့ရတာပေါ့။ ချန်ကျိုစစ်က ငါ့ကို ကျေးဇူးမတင်တာလည်း ဖြစ်နိုင်ပေမဲ့ ငါ့ကို နာကျည်းမုန်းတီးဖို့ကတော့ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ”
“ဒီလိုဆို ကျိုးကြောင်းမသင့်လျော်ပေဘူးလား”
ယဲ့လုဖုန်းမှ ချီမုကောကို ပြောသည်။ ထိုအခါ ချီမုကော တွေးလိုက်၏။
ဟုတ်သားပဲ။ ချန်ကျိုစစ်ကို သံသယဝင်တဲ့သူ၊ ချန်ကျိုစစ်ကို စွပ်စွဲတဲ့သူ၊ ချန်ကျိုစစ်ရဲ့ခေါင်းတလားတွေကို ဖွင့်စစ်ဆေးချင်တဲ့သူ အားလုံးရဲ့တရားခံက နန်ပါးထျန်းပဲ။ အဲဒါက သခင်ကြီးယဲ့လုနဲ့ ဘာဆိုင်လို့လဲ။ သခင်ကြီးယဲ့လုက ဒီဝန်ကို ထမ်းစရာမလိုဘူး။
သို့ဖြစ်ရာ ဤကိစ္စအောင်မြင်သည်ဖြစ်စေ၊ ကျရှုံးသည်ဖြစ်စေ ယဲ့လုဖုန်းအတွက်မူ ဆုံးရှုံးမှု မရှိပါချေ။ ဆုံးရှုံးမှုခံစားရမည့်သူမှာ ချန်ကျိုစစ် သို့မဟုတ် နန်ပါးထျန်းသာ ဖြစ်သည်။
သူတို့ ခွေးတွေအချင်းချင်း အမွေးတွေ ကျွတ်ပြီး အသားတွေ ပဲ့တဲ့အထိ ကိုက်ကြပါစေ။
“ဟားဟား သခင်ကြီးက တကယ့်ကို အမြော်အမြင်ရှိတာပဲဗျာ”
ယဲ့လုဖုန်းသည် ဘာမျှပြန်မပြောဘဲ ပြုံးလိုက်သည်။ ဤသို့အသေးအဖွဲအကြံအစည်လေးများသည် ဘာမျှ ထူးခြားလှသည် မဟုတ်ချေ။
“ဒါပေမဲ့ ဒီကိစ္စက အာရုံစိုက်ဖို့လိုအပ်တာတော့ အမှန်ပဲ။ လိုလိုမယ်မယ် ပြင်ဆင်တဲ့အနေနဲ့ အဲဒီနေ့ကျရင် မင်း သံနက်စစ်တပ်ကို ဦးဆောင်ပြီး မြို့ပြင်မှာ စောင့်ကြပ်နေလိုက်ပါ။ ချန်ကျိုစစ်က ငယ်ရွယ်ပေမဲ့ အရိပ်အခြည်မသိတဲ့သူ မဟုတ်ဘူး။ သူသာ တကယ်ပဲ မိန်ဂိုဏ်းနဲ့ ပူးပေါင်းနေခဲ့ရင် ငါတို့ ပေါ့ဆလို့ မဖြစ်ဘူး။ သူသာ တော်ဝင်နန်းတော်ကို ဆန့်ကျင်ဖို့ အသုံးပြုမယ့် စစ်လက်နက်ပစ္စည်းတွေကို မြောက်ပိုင်းသူပုန်တပ်ဆီ ပို့ဆောင်ပေးနိုင်သွားရင် ငါတို့က တိုင်းပြည်အပေါ် တာဝန်မကျေတာပဲ”
ထိုအခါ ချီမုကောမှ အရိုအသေပြုလိုက်ပြီး ပြောသည်။
“ဟုတ်ကဲ့ပါ သခင်ကြီး။ အဲဒီနေ့ကျရင် မျန့်ရွှေမြို့ထဲကနေ ယင်တစ်ကောင်တောင် မထွက်ခွာနိုင်အောင် သေချာဆောင်ရွက်ပါ့မယ်
ထိုအခါ ယဲ့လုဖုန်းမှ ခေါင်းညိတ်ကာ ပြောသည်။
“ကောင်းတယ်။ ဒါဆို ငါတို့ ချန်ကျိုစစ်က သစ္စာရှိတဲ့သူလား သစ္စာဖောက်လားဆိုတာ စောင့်ကြည့်ကြတာပေါ့”
ယဲ့လုဖုန်း၏ မျက်လုံးအစုံ၌ ကျောချမ်းဖွယ် အငွေ့အသက်များ ဖြတ်ပြေးသွားခဲ့သည်။
ချန်ကျိုစစ်ရေ ချန်ကျိုစစ်၊ မင်း ငါ့ကို စိတ်မပျက်စေဖို့ မျှော်လင့်ပါတယ်။ ငါ တကယ် မင်းကို မပျက်စီးစေချင်ဘူး။ ဒါပေမဲ့ မင်းသာ မိန်ဂိုဏ်းနဲ့ ပူးပေါင်းပြီး တော်ဝင်နန်းတော်ကို ဆန့်ကျင်ပုန်ကန်ရဲရင်တော့ ငါစိတ်မကောင်းပါဘူး၊ မင်း သေကို သေရလိမ့်မယ်။
အဲဒါကြောင့် နောက်သုံးရက်မှာ ကျင်းပမယ့် စျာပနအခမ်းအနားကို စောင့်ဆိုင်းကြတာပေါ့။
…
မျက်တောင်တစ်ခတ်မျှသော အချိန်အတွင်း၌ သုံးရက်တာ ကုန်လွန်သွားခဲ့သည်။ ဤမနက်ခင်းတွင် ကျားဖြူခန်းမသည် အဖြူရောင်မီးပုံးများ ထွန်းညှိထား၏။ ကျားဖြူခန်းမ ပင်မခန်းမကြီးအတွင်း၌ ကြီးမားထည်ဝါသည့် ခေါင်းတလား၂၈လုံးနှင့်အတူ ခန်းမအလယ်တွင် စီရီထားရှိသည့် ပန်းခွေများအကြား၌ “ဝမ်းနည်းပူဆွေးခြင်း’ဟူသည့် စာလုံးကို ရေးထွင်းထားသည်။
ကျားဖြူခန်းမတစ်ခုလုံးမှာ ဝမ်းနည်းကြေကွဲကာ မှိုင်းညို့နေလေသည်။ ကျားဖြူခန်းမအဖွဲ့သားများသည်လည်း အင်္ကျီလက်မောင်းတွင် အဖြူရောင်ပန်းလက်ပတ်များ ဆင်ယင်ထားကြသည်။
ကွယ်လွန်သူများ၏ မိသားစုများသည်လည်း ခန်းမထဲတွင် အတူတကွ ရောက်ရှိနေကြသည်။
ထိုအချိန်၌ ချန်ကျဲ့သည် အတွင်းခန်းမတွင် တစ်ယောက်တည်းပုန်းကွယ်လျက် အပြင်ဘက်ရှိ ငိုကြွေးသံများကို နားထောင်ရင်း ပါးပြင်ထက် မျက်ရည်များ စီးကျနေခဲ့သည်။
ထိုစဉ် ရှောင်ဟူမှ အလောတကြီး ဝင်လာသည်။ သူသည်လည်း အဖြူပန်းလက်ပတ်ကို ဝတ်ဆင်ထားပါ၏။ အတွင်းခန်းမသို့ ရောက်သောအခါ ပြော၏။
“အားလုံးအဆင်သင့်ဖြစ်ပါပြီ။ စစ်လက်နက်ပစ္စည်းတွေကိုလည်း ခေါင်းတလားတွေထဲ ထည့်ပြီးပါပြီ”
ချန်ကျိုစစ်မှ ပြန်ပြောသည်။
“အင်း ဒါဆို ဧည့်သည်တွေကို ကြိုဆိုဖို့ တံခါးဖွင့်လိုက်တော့”
“ဟုတ်ကဲ့”