← Chapters

အခန်း (၅၇၁)

Vol. 47 Ch. 571

အခန်း (၅၇၁)

Vol. 47 Ch. 571

ထိုသတင်းစကားတွင် ချန်ကျဲ့၏မျက်လုံးများ ရုတ်ချည်း တောက်ပသွားခဲ့သည်။ ထို့နောက် သမားတော်ပိုင်ကို ပြောသည်။

“ဆရာ ‌ဆရာပြောတာက ကျွန်တော့်ဇနီး ကျွန်တော့်ဇနီးက ကိုယ်ဝန်ရှိနေပြီလို့လား”

သမားတော်ပိုင်မှ ပြန်ပြောသည်။

“အမှန်ပါပဲ”

“ဟားဟား… ဟားဟား…”

ထိုစကားတွင် ချန်ကျဲ့သည် မထိန်းချုပ်နိုင်စွာဖြင့် အားရပါးရရယ်မောမိတော့သည်။ မျက်နှာမှာ ပျော်ရွှင်မှုကြောင့် တောက်ပလင်းထိန်နေကာ စိတ်နှလုံးမှာလည်း ပန်းများ ပွင့်လန်းဝေဆာလာခဲ့သည်။

စူးယွင်ကျင်းသည်လည်း အချိန်တစ်ခုကြာ ‌ကြောင်အတွေဝေနေပြီးနောက် မျက်လုံးအစုံမှာ နွေးထွေးမှုလေး ယှက်သန်းလာကာ ‌ဝမ်းသာပျော်ရွှင်မှုကြောင့် မျက်ရည်ကျလာတော့သည်။

ဟွမ်ဝမ်အာ၏ကိုယ်ဝန်သည် စူးယွင်ကျင်းအပေါ် သက်ရောက်မှုပြင်းထန်ခဲ့ပါ၏။ ဟွမ်ဝမ်အာသည် ချန်ကျဲ့နှင့် အကြိမ်ရေအနည်းငယ်သာ အတူနေရသေးသည့်တိုင် ဟွမ်ဝမ်အာသည် ကိုယ်ဝန်ရနိုင်ပြီး သူမသည် အဘယ်ကြောင့် ကိုယ်ဝန်မရနိုင်သနည်းဟု စူးယွင်ကျင်း တွေးနေမိခဲ့သည်။

သူမကိုယ်တိုင် ချန်မျိုးဆက်ရင်သွေးလေးများကို မွေးထုတ်ပေးချင်သော်ငြား သူမသည် မျိုးဆက်မပြန့်ပွားနိုင်သူ ဖြစ်နေမည်ကို စိုးရိမ်နေခဲ့သည်။

သူမ၏စိတ်နှလုံးမှာ အတွေးများဖြင့် ရုန်းရင်းဆန်ခတ်ဖြစ်လျက် ညှဉ်းဆဲခံနေခဲ့ရသည်။ သို့သော် ယခုတွင်တော့ သူမသည် ကိုယ်ဝန်ရှိနေခဲ့လေပြီ။

ထိုအခါ တတိယသခင်မလေးဟွားသည် စူးယွင်ကျင်းအတွက် စိတ်မကောင်းဖြစ်လျက်

စူးယွင်ကျင်းကို သူမ၏ရင်ခွင်ထဲ ပွေ့ဖက်လိုက်ပြီး သူမ၏ပခုံးထက် မှီ၍ ငိုကြွေးစေသည်။

ထို့အတူ အခြေအနေကို နားမလည်ကြသေးသည့် အနီးဝန်းကျင်ရှိ လူအားလုံးသည်လည်း အိမ်တော်သခင်မတွင် ကိုယ်ဝန်ရှိနေပြီဖြစ်ကြောင်း တဖြည်းဖြည်း နားလည်လာကြသည်။ ဤသည်မှာ တကယ့်ကို သတင်းကောင်းဖြစ်၏။

ရှေး‌‌ယခင်ခေတ်များ၌ သားသမီးများကို အလွန်တန်ဖိုးထားကြသည်။ အထူးသဖြင့် အိမ်တော်သခင်ကြီးပြီးလျှင် ဒုတိယအရေးအကြီးဆုံးမှာ သားသမီးများဖြစ်သည့် အင်အားအာဏာရှိ အိမ်တော်ကြီးများတွင် ပို၍ အလေးအမြတ်တန်ဖိုးထားကြပေသည်။

အကြောင်းမှာ သားသမီးနှင့်စပ်လျဉ်း၍ အကျိုးအမြတ်များ တည်ရှိသောကြောင့်ပင်။

ဥပမာဆိုရသော် ချန်ကျဲ့သည် ကျားဖြူခန်းမ၏ အရှင်သခင်ဖြစ်ပြီး သူ၏ လူယုံများစွာကို ရာထူးချီးမြှင့်ပေးထားခဲ့သည်။ ထိုလူယုံများသည် အင်အားအာဏာကြီးမားလာသဖြင့် ချန်ကျဲ့ကို ဝန်းရံထောက်ခံကြသည်။

တစ်နေ့နေ့တွင် ချန်ကျဲ့သေဆုံးသွားပါက ခန်းမအရှင်သခင်အဖြစ် အသစ်တက်လာသူသည် ထိုလူယုံများနှင့် ရင်းနှီးမှုအတိုင်းအတာ ကွာခြားပေလိမ့်မည်။ ထိုအခါ အရှင်သခင်အသစ်သည် ချန်ကျဲ့၏လူယုံများကို သူ၏လူယုံများနှင့် အစားထိုးခြင်းများ ပြုလုပ်လာနိုင်သဖြင့် သူတို့၏ အကျိုးစီးပွားအပေါ် သက်ရောက်မှုရှိ‌လာနိုင်ပေသည်။

သို့သော် ချန်ကျဲ့၌ သားတစ်ယောက်ရှိပါလျှင်မူ…

ချန်ကျဲ့ တစ်နေ့နေ့တွင် ရုတ်တရက် သေဆုံးသွားပါကလည်း သူတို့သည် ချန်ကျဲ့၏သားဖြစ်သူ သခင်လေးကို ခန်းမအရှင်သခင်အဖြစ် ဝိုင်းဝန်းထောက်ခံနိုင်ပေသည်။ သို့ဆိုလျှင် သူတို့၏အင်အားအာဏာသည်လည်း အပြောင်းအလဲဖြစ်တော့မည် မဟုတ်ပေ။

တရားဝင်မျိုးဆက်၏ အင်အားအာဏာကို ထိန်းသိမ်းနိုင်‌လိမ့်မည်ဖြစ်၏။ ထို့ကြောင့်ပင် ဧကရာဇ်များကွယ်လွန်သွားပါက ဧကရာဇ်၏သားတော်သည် အသက်ငယ်ရွယ်လွန်းနေလျှင်ပင် ဧကရာဇ်၏သားတော်ကိုသာ ထီးနန်းဆက်ခံစေပြီး ဧကရာဇ်၏ညီတော်၊အစ်ကိုတော်များကို ထီးနန်းဆက်ခံခွင့်မပြုကြပေ။ အကြောင်းမှာ ဆက်ခံသူကို ပြောင်းလဲလိုက်ပါက ဧကရာဇ်လက်အောက်ရှိ မှူးမတ်များ၏ အင်အားအာဏာကိုပါ သက်ရောက်စေနိုင်သောကြောင့် ဖြစ်သည်။

အိမ်ရှေ့စံသည် အသက်ငယ်ရွယ်လွန်းပြီး တိုင်းပြည်ကိုအုပ်ချုပ်နိုင်သည့် စွမ်းရည်မရှိသေးလျှင်သော်မှ အိမ်ရှေ့စံကို ထီးနန်းဆက်ခံစေမှသာလျှင် မှူးမတ်များသည် သူတို့၏အင်အားအာဏာကို ဧကရာဇ် သက်ရှိထင်ရှားရှိစဉ်ကနှင့် ကွာခြားမှုမရှိအောင် ထိန်းသိမ်းထားနိုင်မည် ဖြစ်သည်။

ဤသည်မှာ အုပ်ချုပ်ရေးစနစ်၏ တည်ငြိမ်မှုကို ထိန်းသိမ်းရန်အတွက် မရှိမဖြစ်လိုအပ်သည့်အချက် ဖြစ်သည်။

ယခုတွင် အိမ်တော်သခင်မ၌ ကိုယ်ဝန်ရှိသွားခြင်းမှာ ချန်ကျဲ့၏အုပ်ချုပ်ရေးစနစ်သည် တည်ငြိမ်မှုရှိသွားပြီဟု ဆိုလိုပေသည်။ ချန်ကျဲ့ကိုယ်တိုင် ရာထူးချီးမြှင့်ထားသည့် ချန်ကျဲ့၏လက်အောက်ငယ်သားများသည်လည်း မဏ္ဍိုင်ရှိသွားပြီဖြစ်ကာ ခန်းမအရှင်သခင် ရုတ်တရက်ကွယ်လွန်သွားပြီး သူတို့တွင် သစ္စာခံရမည့်သူ မရှိတော့ဘဲ သူတို့အားလုံး တကွဲတပြား ပြန့်ကျဲသွားကြမည့်အရေးကို စိုးရိမ်နေရန် မလိုအပ်တော့ပေ။

အားလုံးသည် ပျော်ရွှင်‌ဝမ်းမြောက်မှုကြောင့် ဟစ်‌အော်အားပေးလျက် ထခုန်ပစ်ချင်သည့်တိုင် ကာလံဒေသမှာ မှားယွင်းနေပေသည်။ ဤသည်မှာ ဈာပနခန်းမ ဖြစ်နေ၏။

ဈာပနခန်းမ၌ ထိုသို့ ကျယ်လောင်စွာ ရယ်မောဟစ်အော်ခြင်းငှာ မပြုအပ်ချေ။ ထိုသို့အပြုအမူသည် အလွန်ရိုင်းပျကာ စည်းမဲ့ကမ်းမဲ့နိုင်လိမ့်မည်။

စူးယွင်ကျင်းသည်လည်း ထိုအခြေအနေကို နားလည်သည်ဖြစ်ရာ မျက်နှာအမူအရာ အနည်းငယ် ပျက်ယွင်းသွား၏။ သူမသည် ခင်ပွန်းဖြစ်သူအား ပြဿနာများအောင် လုပ်လိုက်မိပြီဟု ခံစားလိုက်ရလေသည်။

ထိုသို့တွေးမိသည်တွင် စူးယွင်ကျင်းသည် တတိယသခင်မလေးဟွားကို ပြောလိုက်သည်။

“အစ်မဟွား ကျွန်မတို့ အနောက်ခြံဝင်းကို ပြန်သွားရအောင်”

ထိုအခါ တတိယသခင်မလေးဟွားသည်လည်း လက်ရှိအခြေအနေမှာ ပျော်ရွှင်မှုကို သိသိသာသာထုတ်ပြရန် မသင့်တော်ကြောင်း သတိရသွားခဲ့သည်။ သို့မဟုတ်ပါက ဤအခြေအနေကို အဆုံးသတ်ရန် ခက်ခဲသွားလိမ့်မည်။

သို့ဖြင့် တတိယသခင်မလေးဟွားသည် ထွက်သွားရန်ပြင်လိုက်သည်။ ချန်ကျဲ့သည်လည်း လေထုအခြေအနေမှာ အနည်းငယ် မှားယွင်းနေကြောင်း သတိထားမိသွားခဲ့သည်။ အထူးသဖြင့် စူးယွင်ကျင်း၏ အနည်းငယ် မှိုင်းညို့နေသည့် မျက်နှာလေးကို မြင်လိုက်ရသည်တွင် သူ၏ဇနီးလေးမှာ သူ့အတွက် ပြဿနာဖြစ်စေမိပြန်ပြီဟု တွေးနေပြီဖြစ်ကြောင်း နားလည်လိုက်သည်။

ထိုအခိုက်အတန့်၌ ချန်ကျဲ့သည် စူးယွင်ကျင်း၏ လက်သေးသေးလေးကို ဆုပ်ကိုင်ကာ ဈာပနခန်းမရှေ့သို့ လျှောက်သွားလိုက်သည်။

“ယောက်ျား ရှင်ဘာလုပ်နေတာလဲ”

စူးယွင်ကျင်းသည် ခင်ပွန်းသည်၏ ဈာပနအခမ်းအနားတွင် ပြဿနာရှာမိပြီဟူသော ခံစားချက်ဖြင့် အနည်းငယ် ရင်ထိတ်နေခဲ့သည်။

လက်အောက်ငယ်သားများအားလုံးသည်လည်း ချန်ကျဲ့နှင့် စူးယွင်ကျင်းကို ကြည့်နေကြသည်။ စူးယွင်ကျင်း၏ လက်များမှာ အနည်းငယ် တုန်ယင်နေ၏။

ဒီလိုအချိန်မျိုးမှာ ကိုယ်ဝန်အကြောင်း သိသွားရတယ်လို့။ ‌ယောက်ျားရဲ့အစီအစဉ်တွေကို နှောင့်ယှက်မိသွားရင် ဘယ်လိုလုပ်ပါ့မလဲ။

စူးယွင်ကျင်းသည် ခေါင်းငုံ့ထား၏။ သို့သော် ချန်ကျဲ့မှ သူမကို တိုးတိုးလေး ကပ်ပြောလာခဲ့သည်။

“ရှင်မ ကိုယ့်ကို ဒီလိုတန်ဖိုးကြီးမားတဲ့ လက်ဆောင်လေး ပေးပေးလို့ ကျေးဇူးတင်ပါတယ်”

ထိုသို့ပြောပြီးနောက် ချန်ကျဲ့မှ ကျယ်လောင်စွာ ပြောသည်။

“အားလုံးပဲ ဒီနေ့ ကျားဖြူခန်းမ သူရဲကောင်း၂၈ယောက်ရဲ့ ဈာပနအခမ်းအနားကို တက်ရောက်လာပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ သူတို့အားလုံးဟာ ကျားဖြူခန်းမရဲ့ သူရဲကောင်းတွေပါ။ နောင်လာနောက်သားတွေ ဂါရဝပြုဖို့ရာ သူတို့ရဲ့ကမ္ဗည်းတိုင်တွေကို သူရဲကောင်းဝိဉာဉ်ခန်းမမှာ ထားရှိပါမယ်။ သူတို့ရဲ့ခန္ဓာကိုယ်တွေကိုတော့ ချင်းရှန်းမှာ မြှုပ်နှံပါမယ်။ ချင်းရှန်းက သစ္စာရှိသူတို့ရဲ့ အရိုးကို မြှုပ်နှံဖို့ ကောင်းမွန်တဲ့နေရာဆိုတဲ့ ဆိုရိုးစကားရှိတယ် မဟုတ်လား။ သူတို့ဟာ သစ္စာရှိသူတွေဖြစ်တာမလို့ ကျားဖြူခန်းမဟာ သူတို့အတွက် ဂုဏ်ယူပါတယ်”

“ပြီးတော့ ကျုပ် အခုလေးတင်ပဲ သတင်းကောင်းတစ်ခု ကြားသိခဲ့ရပါတယ်။ ကျုပ်ရဲ့ဇနီးမှာ ကိုယ်ဝန်ရှိနေပါပြီ။ ဒါဟာ ကောင်းကင်ဘုံက ချီးမြှင့်တဲ့ လက်ဆောင်တစ်ပါးပါပဲ”

“ဒါက ကျုပ်တို့ကျားဖြူခန်းမအတွက် ကောင်းကင်ဘုံက နှင်းအပ်လိုက်တဲ့ ဆုလာဘ်တစ်ခုပါ။ ကျားဖြူခန်းမမှာ လူဟောင်းတချို့ကို ဆုံးရှုံးလိုက်ရပေမဲ့ ဆက်ခံသူရှိလာခဲ့ပြီ၊ ဒါက ကျုပ်တို့ကျားဖြူခန်းမက ဘယ်တော့မှမရပ်တန့်ဘဲ ဆက်လက်ခရီးနှင်နေဦးမယ်ဖြစ်ကြောင်း ပြသနေတာပါပဲ”

“ပြီးတော့ ဒီသူရဲကောင်း၂၈ဦးရဲ့ဝိဉာဉ်တွေဟာ ပြန်လည်မွေးဖွားပြီးနောက်မှာလည်း ကျုပ်တို့ချန်မျိုးနွယ်ကို ကြည့်ရှုစောင့်ရှောက်လို့၊ တစ်နေ့နေ့မှာ ကျားဖြူခန်းမဆီ ပြန်လာဖို့ မျှော်လင့်ပါတယ်။ သူတို့ရဲ့ကြင်နာမှုအတွက် ကျုပ် ချန်ကျိုစစ်မှ ပြန်ပေးဆပ်ခွင့်ရဖို့ မျှော်လင့်ပါတယ်”

ချန်ကျဲ့သည် စိတ်ရင်းမှန်ကန်စွာဖြင့် အလေးအနက်ပြောဆိုခဲ့သည်။ ခန်းမအတွင်းရှိ လူအားလုံးသည် ချန်ကျဲ့၏စကားများကြောင့် စိတ်ခံစားချက်များ လှိုက်တက်လာခဲ့လျက် တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြသည်။

တစ်ပြိုင်နက်တည်းပင် သူတို့၏ စူးယွင်ကျင်းအပေါ် အကြည့်များသည်လည်း ပြောင်းလဲသွားခဲ့သည်။ စူးယွင်ကျင်း၏ ဝမ်းဗိုက်ထဲရှိ ရင်သွေးလေးသည် ကျားဖြူခန်းမ၏ အနာဂတ်မျှော်လင့်ချက်ဖြစ်ရုံမျှမက သူရဲကောင်းဝိဉာဉ်များ၏ အထူးစောင်မခံရသော ရင်သွေးလည်း ဖြစ်ပေသည်။

ထို့နောက် လူတစ်ယောက်မှ ဟစ်ကြွေးလိုက်၏။

“ခန်းမအရှင်သခင်”

ထိုအခါ အခြားသော အဖွဲ့သားများသည်လည်း တစ်ပြိုင်နက်တည်း ဟစ်ကြွေးလာကြသည်။

“ခန်းမအရှင်သခင် ခန်းမအရှင်သခင် ခန်းမအရှင်သခင်”

ထိုအခိုက်အတန့်၌ ကျားဖြူခန်းမအတွင်း လေထုအခြေအနေမှာ စိတ်ခံစားချက်များ အထွတ်အထိပ်သို့ ရောက်ရှိသွားခဲ့ကာ ခုနက ပျော်ရွှင်မှုကြောင့် ကသိကအောက်ဖြစ်မှုမှာ ကွယ်ပျောက်သွားခဲ့လေပြီ။ ယခုတွင် လူအုပ်ကြီး၏ စိတ်လှုပ်ရှားမှုနှင့် အနာဂတ်အတွက် မျှော်လင့်စောင့်စားခြင်းသော ခံစားချက်များသာလျှင် ကျန်ရစ်တော့သည်။

ကွယ်လွန်သူများ၏မိသားစုများသည်လည်း ထိုအခြေအနေကြောင့် စိတ်အနှောင့်အယှက် မဖြစ်ကြချေ။ ခြုံငုံလိုက်သော် ခန်းမအရှင်သခင်၏စကားမှာ သူတို့၏ ကွယ်လွန်သွားပြီးသော မိသားစုဝင်များကို ခန်းမအရှင်သခင်၏ ဇနီးသည်ထံ၌ ပြန်လည်ဝင်စားစေလိုသည်ဟူသည့် အဓိပ္ပာယ်ပင် မဟုတ်ပါလော။

သူတို့က ဘာအဆင့်အတန်း၊ ခန်းမအရှင်သခင်က ဘာအဆင့်အတန်းမို့လို့လဲ။ ဒါက သူတို့မိသားစုအတွက် အကြီးမားဆုံး ဂုဏ်သရေပဲ မဟုတ်ဘူးလား။

ခဏတွင်းချင်းပင် လက်အောက်ငယ်သားများ၏ ချန်ကျဲ့အပေါ် သစ္စာစောင့်သိစိတ်မှာ သိသိသာသာ ပိုမိုတိုးတက်လာခဲ့သည်။ ချန့်ကျဲ့သည် ဈာပနအခမ်းအနားအတွင်း မတော်တဆ အမှားပြုလုပ်မိခြင်းမှသည် ခံစားချက်များဝေမျှခြင်းသို့ ရောက်ရှိသွားခဲ့ကာ သူ့ကိုယ်သူ ပို၍ပင် နှစ်လိုဖွယ်ကောင်းသွားစေခဲ့သည်။

All Chapters