အခန်း (၅၇၄)
Vol. 47 Ch. 574
“ဟမ် ဘာလို့ တောင်မြို့ကို သွားရမှာလဲ”
ချင်းယင် စိတ်ရှုပ်ထွေးသွား၏။
ချန်ကျိုစစ်ကို အရှေ့မြို့ဂိတ်တံခါးမှာ ပိတ်ဆို့ဖို့ သဘောတူထားတာ မဟုတ်ဘူးလား။
ထိုအခါ လက်အောက်ငယ်သားမှ ပြောသည်။
“ခန်းမအရှင်သခင်ချင်း ချန်ကျိုစစ်က လမ်းမှာ မုလန်လူမျိုးတွေရဲ့ စျာပနစီတန်းလှည့်လည်တာနဲ့ ထိပ်တိုက်တွေ့တဲ့အတွက်ကြောင့် လမ်းလွှဲသွားပြီး တောင်မြို့ဂိတ်တံခါးကနေ ထွက်ခွာဖို့ဆုံးဖြတ်လိုက်ပါတယ်”
“အာ..”
ချင်းယင် မျက်လုံးပြူးသွား၏။ ထို့နောက် အမြန်ပြောလိုက်သည်။
“ညီနောင်တို့ အားလုံးလူစုပြီး ငါ့နောက်လိုက်ခဲ့ကြ”
ချင်းယင်သည် အဖွဲ့သားအားလုံးကို ခေါ်ဆောင်၍ ချက်ချင်း ထွက်ခွာခဲ့သည်။ ထိုအချိန်၌ နန်ပါးထျန်းမှ ဒေါသတကြီးဖြင့် ပြောသည်။
“အဲဒီချန်ကျိုစစ်က အသုံးမကျတဲ့ကောင်ပဲ။ မုလန်လူမျိုးတွေနဲ့ တွေ့တာနဲ့ပဲ လမ်းလွှဲသွားရတယ်လို့။ မဖြစ်ဘူး၊ ငါတို့ အမြန်လိုက်မှဖြစ်မယ်။ မဟုတ်ရင် သူလွတ်မြောက်သွားလိမ့်မယ်”
ချင်းယင်မှ ထပ်ပေါင်းပြောဆိုသည်။
“ဟုတ်ပါတယ် ခေါင်းဆောင်၊ ကျွန်တော်တို့ အမြန်သွားကြရအောင်”
“သွား သွားမယ်”
နန်ပါးထျန်းမှ ချက်ချင်း ပြန်တုံ့ပြန်ကာ လက်အောက်ငယ်သားများနှင့်အတူ ထွက်ခွာရန်ပြင်သည်။ သို့သော် ထိုစဉ် ထန်ဇီယွဲ့သည် ရုတ်တရက် မျက်မှောင်ကြုတ်သွား၏။
“မုလန်လူမျိုးတွေနဲ့တွေ့လို့ လမ်းကြောင်းပြောင်းလိုက်တယ်တဲ့လား”
တစ်ခုခုမူမမှန်ဟု ခံစားနေရပေသည်။
ငါ တစ်ခုခုများ လွတ်သွားသလား။
“ခေါင်းဆောင်”
ထန်ဇီယွဲ့ လှမ်းခေါ်လိုက်သည်။ နန်ပါးထျန်းသည် သူ့ကို လှည့်ကြည့်လာ၏။
“ဘာဖြစ်လို့လဲ ခန်းမအရှင်သခင်ထန်”
ထန်ဇီယွဲ့မှ ပြောသည်။
“ခဏလေးပါ ခေါင်းဆောင်၊ တစ်ခုခုမူမမှန်ဘူးထင်ရလို့ပါ”
“ဘာက မူမမှန်တာလဲ”
နန်ပါးထျန်းသည် သူလေးစားအားထားရသည့် ထန်ဇီယွဲ့ကို ကြည့်နေခဲ့သည်။ ထန်ဇီယွဲ့သည် မျက်မှောင်ကြုတ်ထား၏။
“အကြောင်းအရင်းကို အတိအကျမပြောတတ်ပေမဲ့ ဒီကိစ္စက ပြဿနာတစ်ခုခုရှိနေတယ်လို့ ခံစားနေရတယ်”
“ငါတို့ ဆက်ပြီး စိုးရိမ်ပူပန်နေလို့ မဖြစ်တော့ဘူး။ ချန်ကျိုစစ် လွတ်မြောက်သွားလို့ မဖြစ်ဘူး။ သူလွတ်သွားရင် ငါတို့အကုန် အဆုံးသတ်ပြီပဲ”
နန်ပါးထျန်းသည် ချင်းယင်ကို ပြောလိုက်သည်။
“သွား၊ အမြန်လှုပ်ရှားကြ၊ မဟုတ်ရင် ချန်ကျိုစစ်ကို တားလိုက်နိုင်မှာ မဟုတ်ဘူး”
ထိုအခါ ချင်းယင်မှ ပြန်ပြောသည်။
“ဟုတ်တယ် ညီနောင်တို့၊ ငါ့နောက်လိုက်ခဲ့ကြ၊ ချန်ကျိုစစ်ကို အရှင်ဖမ်းကြမယ်”
“ချန်ကျိုစစ်ကို အရှင်ဖမ်းမယ်”
အဖွဲ့သားများမှလည်း ဟစ်ကြွေးကြသည်။ ထို့နောက် တောင်မြို့တံခါးဆီသို့ ဦးတည်ထွက်ခွာကြသည်။ ထိုစဉ် လက်ဖက်ရည်ဆိုင်အပေါ်ထပ်၌ စွင်းထျဲချွေ့သည် ပြတင်းပေါက် အဟကြားမှ နန်ပါးထျန်းတို့ကို စောင့်ကြည့်နေရင်း နှုတ်ခမ်းထောင့်စွန်းတို့ ကွေးတက်သွားခဲ့သည်။
“ကြည့်ရတာ စနေပြီပဲ ဟားဟား…”
စွင်းထျဲချွေ့မှ လက်ဟန်ပြလျက် ပြောသည်။
“ညီနောင်တို့ အသင့်ပြင်ကြ”
စွင်းထျဲချွေ့၏ စကားအဆုံး၌ အခန်းထဲရှိ မိန်ဂိုဏ်းသားများသည် အနီရောင်ပုဝါစများကို ဆွဲထုတ်လိုက်ကြသည်။ တချို့သည် ပုဝါစကို ဦးခေါင်းထက်တွင် ပတ်ကာ အချို့သည် လက်မောင်းတွင် ပတ်ချည်လိုက်ကြသည်။
ဤသည်မှာ မိန်ဂိုဏ်း၏ အမှတ်သင်္ကေတဖြစ်သည်။ အန္တပုဝါတစ်စတိုင်းသည် အန္တမီးလျံမှ ဆင်းသက်လာခြင်းဖြစ်ကာ အန္တမီးလျံအား သူတို့၏ခန္ဓာကိုယ်အတွင်း နှစ်မြှုပ်ထားခြင်းကို အဓိပ္ပာယ်ဖော်ဆောင်သည်။ သူတို့သေဆုံးသွားပါက အန္တမီးလျံသည် သူတို့အား ထာဝရမွေးရပ်မြေသို့ ပြန်လည်ပို့ဆောင်ပေးလိမ့်မည်။ ၎င်းနေရာသည် မိန်ဂိုဏ်းသားများအားလုံး နတ်ဘုရားများကဲ့သို့ နေထိုင်နိုင်သည့် နတ်ဘုံကဲ့သို့နေရာမျိုး ဖြစ်သည်။
ထို့ကြောင့်ပင် မိန်ဂိုဏ်းသည် ဦးဆောင်နီစစ်တပ်ဟူ၍ အမည်ကျော်ကြားခြင်းဖြစ်သည်။
ထို့နောက် စွင်းထျဲချွေ့သည်လည်း အနီရောင်ဦးဆောင်းကို ဝတ်ဆင်လိုက်သည်။ ဟန်လျန်သည် ဝါးလက်စ မုန့်များကို မျိုချလိုက်ပြီး အနီရောင်ပုဝါစကို လက်မောင်းတွင် ချည်လိုက်သည်။ သို့ဖြင့် လူတစ်စုသည် ဓားရှည်များကို ကိုင်ဆောင်လျက် စွင်းထျဲချွေ့၏ အမိန့်ကို စောင့်ဆိုင်းနေခဲ့ကြသည်။
…
မြို့ပြင်၌ ယဲ့လုဖုန်း အေးအေးလူလူ နေပူဆာလှုံနေစဉ် ချီမုကောမှ ရုတ်တရက် အပြေးရောက်လာပြီး ပြောသည်။
“သခင်ကြီး မကောင်းတော့ဘူး။ ချန်ကျိုစစ်ကို လွတ်သွားပြီ”
“ဘာ”
ယဲ့လုဖုန်း ချက်ချင်း ထထိုင်လိုက်သည်။
မင်းအခုပြောလိုက်တဲ့စကားကို မင်းသိရဲ့လား။
ချီမုကောမှ ဆက်ပြောသည်။
“ချန်ကျိုစစ် လွတ်သွားပါပြီ။ ချန်ကျိုစစ်တို့လူအုပ်စုက တောင်မြို့မှာ အားအာထိုက်တို့စျာပနအဖွဲ့နဲ့ ထိပ်တိုက်တိုးတာကြောင့် ချန်ကျိုစစ်က လမ်းကြောင်းပြောင်းလိုက်ပြီး တောင်မြို့ဂိတ်တံခါးကနေ ထွက်လိုက်တာပါ”
“တောင်မြို့တဲ့လား”
ယဲ့လုဖုန်းသည် အံ့အားသင့်စွာဖြင့် ချီမုကောကို ကြည့်လျက် ပြောသည်။
“နန်ပါးထျန်းကရော”
“နန်ပါးထျန်းက အရှေ့မြို့ဂိတ်တံခါးမှာပါ။ ဒါပေမဲ့ အခု ချန်ကျိုစစ်နောက်ကိုလိုက်ဖို့ လူလွှတ်ထားပါပြီ”
“ဒါက.. မြင်းပေါ်တက်ကြ၊ မြင်းပေါ်တက်”
ယဲ့လုဖုန်းသည်လည်း ထိတ်ပျာသွားကာ ချက်ချင်းမြင်းပေါ်တက်ရန် အော်ဟစ်ပြောလိုက်သည်။ ထို့နောက် သူကိုယ်တိုင်လည်း မြင်းပေါ်ခုန်တက်လိုက်သည်။ သို့ဖြင့် သံနက်မြင်းတပ်တစ်ခုလုံး မြင်းပေါ်တက်လိုက်ကြသည်။ ယဲ့လုဖုန်းမှ ပြောသည်။
“အမြန် တောင်မြို့ဂိတ်တံခါးဝကို သွားကြ၊ ချန်ကျိုစစ်ကို တားရမယ်။ ချန်ကျိုစစ်ကို လွတ်သွားလို့မဖြစ်ဘူး”
“ဟုတ်ကဲ့”
ထိုအခါ တပ်သားတစ်စုသည် မြင်းများဖြင့် တောင်မြို့ဂိတ်တံခါးဝဆီသို့ တစ်ဟုန်ထိုးဦးတည်ခဲ့ကြသည်။
…
ထိုစဉ် တောင်မြို့၌ အားအာထိုက်သည် လမ်းလွှဲသွားသည့် ချန်ကျိုစစ်ကို ကြည့်လျက် စိတ်ပျက်သည့် မျက်နှာအမူအရာသို့ ပြောင်းလဲသွားခဲ့သည်။
ဘာကို ကျားဖြူခန်းမအရှင်သခင်လဲ၊ ဘာကို အစောင့်အရှောက်ကြီး၁၃ဦးလဲ၊ ပေါက်ကရတွေ.. ငါတို့မုလန်လူမျိုးတွေနဲ့ ယှဉ်နိုင်မယ်ထင်နေသေးတယ်၊ ဟာသပဲ။
အားအာထိုက်မှ စိတ်ပျက်နေသောကြောင့် အနီးအနားရှိ မုလန်လူမျိုးများသည်လည်း လှောင်ပြုံးပြုံးလျက် အချင်းချင်း စကားပြောဆိုကုန်ကြသည်။
သူတို့သည် ဤတစ်ကြိမ်တွင် ချန်ကျဲ့ကို အနိုင်ရသွားပြီဟု ယုံကြည်နေကြလျက် အလွန်စိတ်ကျေနပ်နေကြသည်။ ထို့နောက် အားအာထိုက်မှ ပြောသည်။
“လာ အသံကျယ်ကျယ်နဲ့ လှုပ်ရှားလိုက်ရအောင်”
ထို့နောက် ဟန့်လူမျိုးတို့၏ ဖုန်းရွှေဆရာဝတ်စုံ ဝတ်ဆင်ထားသည့် အမျိုးသားတစ်ဦးသည် အားအာထိုက်အနီးသို့ တိုးကပ်လာပြီး အရိုအသေပြုလိုက်သည်။
“သခင်ကြီးအားအာထိုက် ကျွန်တော်တို့ရဲ့ စီတန်းလှည့်လည်တဲ့လမ်းကြောင်းကို ပြောင်းလဲသင့်တယ်ထင်ပါတယ်။ ကျွန်တော်တို့ အရှေ့မြို့ဂိတ်တံခါးကနေ မထွက်ခွာသင့်ပါဘူး”
“ဘာလို့လဲ”
အားအာထိုက်သည် ဖုန်းရွှေဆရာကို ကြည့်လိုက်သည်။ ဖုန်းရွှေဆရာမှ ပြောသည်။
“ကျွန်တော်တို့ အနောက်မြို့ဂိတ်တံခါးကနေ ထွက်ခွာသင့်ပါတယ်။ အရင်ဆုံး ကျွန်တော်ရှာတွေ့ထားတဲ့ ရတနာလိုဏ်ဂူက အနောက်မြို့ဂိတ်တံခါးဘက်မှာပါ။ အနောက်မြို့က ကျားဖြူခန်းမရဲ့ပိုင်နက်နယ်မြေပါ။ အဲဒါကြောင့် ကျွန်တော်တို့က သူတို့ရဲ့ကံကြမ္မာကို ဖိနှိပ်တဲ့အနေနဲ့ အနောက်မြို့ကနေ ထွက်ခွာသင့်ပါတယ်။ သူတို့ရဲ့ကံကြမ္မာကို ဖျက်ဆီးဖို့အတွက် ကျွန်တော် ဖုန်းရွှေအစီအရင်တစ်ခု စီရင်ပေးပါ့မယ်။ ကျားဖြူခန်းမက မအေးချမ်းတဲ့နေ့ရက်တွေကို ထာဝရဖြတ်သန်းသွားရမှာပါ”
“ကောင်းတယ် ကောင်းတယ် မင်းအကြံပေးတဲ့အတိုင်းလုပ်ကြတာပေါ့”
ထိုအခါ အားအာထိုက်သည် ကျားဖြူခန်းမကို ဖိနှိပ်ပြီး သူတို့၏ဖုန်းရွှေကံကြမ္မာကိုပါ ဖျက်ဆီးပစ်မည့်အတွေးတွင် မျက်လုံးများတောက်ပသွား၏။
အရမ်းကောင်းတာပဲ။ ငါ ဟန့်လူမျိုးတွေရဲ့ဖုန်းရွှေကို စောစောမသိခဲ့တာ နောင်တရမိတယ်။ မဟုတ်ရင် ငါဒီလိုမျိုး ချန်ကျိုစစ်ရဲ့ အနိုင်ကျင့်ခံခဲ့ရမှာမဟုတ်ဘူး။ ကောင်းတယ် အရမ်းကောင်းတယ်။
အားအာထိုက်သည် ကျားဖြူခန်းမကို ဒုက္ခရောက်စေမည်ဟူသော အတွေးတွင် မျက်နှာထက်မှ အပြုံးမှာ ပျောက်ကွယ်မသွားတော့ပေ။ သူသည် အရမ်းဝမ်းသာပျော်မြူးနေခဲ့၏။
ဖုန်းရွှေဆရာသည်လည်း အဓိပ္ပာယ်ပါပါ ပြုံးနေခဲ့သည်။ ထို့နောက် ပြောသည်။
“သွားကြတာပေါ့”
သို့ဖြင့် ခေါင်းတလား၃၆လုံးကို သယ်ဆောင်ထားသူများသည် အနောက်မြို့ဂိတ်တံခါးဝဆီသို့ ဦးတည်သွားကြသည်။
ထိုစဉ် ချန်ကျဲ့တို့သည် ချောင်ကုန်သည်အဖွဲ့၏ဗျူဟာရှင် ပိုင်မော့ရှန်းစောင့်ကြပ်သည့် တောင်မြို့ဂိတ်တံခါးဝသို့ ရောက်ရှိလာခဲ့သည်။
ပိုင်မော့ရှန်းသည် ရုတ်တရက်ရောက်လာသည့် စျာပနစီတန်းလှည့်လည်မှုကြောင့် အံ့ဩသွားသော်လည်း ဘာမျှစစ်ဆေးခြင်းမပြုပါဘဲ မြို့ဂိတ်တံခါးကို ဖွင့်ပေးခဲ့သည်။
ဘာစစ်ဆေးစရာရှိလို့လဲ။ လူအုပ်ထဲမှာ ငါတို့ကုန်သည်အဖွဲ့ခေါင်းဆောင်ကိုယ်တိုင် ပါနေမှာပဲကို။
သို့ဖြင့် ချန်ကျဲ့တို့သည် မြို့ပြင်ထွက်လာခဲ့ကြသည်။
မြို့ပြင်ထွက်ပြီးနောက်တွင်လည်း စျာပနဂီတသံများကို မရပ်နားစေဘဲ ချင်းရှန်းသို့ ဦးတည်ခဲ့ကြသည်။
ချန်ကျဲ့တို့ထွက်ခွာသွားပြီး နာရီဝက်ခန့်ကြာမြင့်ပြီးနောက်တွင် နန်ပါးထျန်းဦးဆောင်သည့် ငါးဖမ်းကုန်သည်အဖွဲ့သားများသည် တောင်မြို့ဂိတ်တံခါးဝသို့ အူယားဖားယားနှင့် ရောက်ရှိလာခဲ့ကြသည်။