အခန်း (၅၇၅)
Vol. 47 Ch. 575
နန်ပါးထျန်းသည် တောင်မြို့ဂိတ်တံခါးကို စောင့်ကြပ်နေသည့် ပိုင်မော့ရှန်းကို ကြည့်ပြီး မေးလိုက်သည်။
“ပိုင်မော့ရှန်း၊ ချန်ကျိုစစ်ဘယ်မှာလဲ”
ပိုင်မော့ရှန်းသည် အနည်းငယ် စိတ်ရှုပ်ထွေးသွားပြီးနောက် ပြန်ပြောလိုက်သည်။
“မြို့ပြင်ထွက်သွားပြီ”
“မင်းက သူ့ကို မြို့ပြင်ထွက်ခွင့်ပြုရဲတယ်ပေါ့လေ၊ မင်းကိုယ်မင်း ဘယ်လောက်တောင် ကြီးမားတဲ့အမှားကြီး ကျူးလွန်မိပြီလဲဆိုတာ သိရဲ့လား၊ မင်း…”
ထိုအခါ ပိုင်မော့ရှန်းသည် သူ၏အနက်ရောင်သစ်သားယပ်တောင်ကို ဖြန့်ကျက်လိုက်ကာ လက်ဖက်ရည်တစ်ငုံကို အေးအေးဆေးဆေး သောက်သုံးလိုက်ပြီးနောက်မှ ပြန်ပြောသည်။
“ခေါင်းဆောင်နန် ကျုပ်ရဲ့ တောင်မြို့ဂိတ်တံခါးကို စောင့်ကြပ်မှုတာဝန်နဲ့ပတ်သက်ပြီးတော့ ခင်ဗျားစိုးရိမ်ပူပန်ဖို့ မလိုအပ်ဘူးထင်ပါတယ်။ ခေါင်းဆောင်နန် လိုအပ်တာကိုပဲ ပြောလိုက်ပါ”
နန်ပါးထျန်းမှ ပြောသည်။
“ငါ ငါမြို့ပြင်ကိုထွက်ချင်တယ်”
“သေချာပေါက်ရတာပေါ့။ ဒါပေမဲ့ ခေါင်းဆောင်နန်အနေနဲ့ စည်းမျဉ်းစည်းကမ်းတွေအတိုင်း မြို့ပြင်မထွက်ခွာခင်မှာ အစစ်ဆေးခံဖို့ လိုအပ်ပါတယ်”
နန်ပါးထျန်းမှ ဒေါသတကြီး ပြောဆိုသည်။
“မင်းက ချန်ကျိုစစ်ကိုတော့ မစစ်ဆေးခဲ့ဘဲနဲ့ ငါ့ကို စစ်ဆေးချင်တယ်ပေါ့လေ”
ပိုင်မော့ရှန်းမှ ပြန်ပြောသည်။
“ခင်ဗျားသာ အရမ်းမောက်မာမနေခဲ့ရင် ကျုပ် ခင်ဗျားကို စစ်ဆေးမှာ မဟုတ်ဘူးရယ်”
“မင်း”
နန်ပါးထျန်း၏မျက်နှာမှာ မည်းပုပ်သွားတော့သည်။ သူသည် ပိုင်မော့ရှန်းကို လက်ညှိုးထိုးလျက် ဆဲရေးတိုင်းထွာတော့မည်တွင် ထန်ဇီယွဲ့မှ ကြားဝင်လာကာ ပိုင်မော့ရှန်းအား အရိုအသေပြုလျက် နှုတ်ဆက်သည်။
“ညီနောင်ပိုင်”
ပိုင်မော့ရှန်းလည်း ထန်ဇီယွဲ့ကို ကြည့်လိုက်ပြီး ပြောသည်။
“ဪ ခန်းမအရှင်သခင်ထန်”
ပိုင်မော့ရှန်းသည် လက်အမူအရာဖြင့် ပြန်နှုတ်ဆက်လိုက်သည်။ သူတို့နှစ်ဦးစလုံးမှာ စာပေပညာရှင်များဖြစ်ကြရာ သူတို့နှစ်ဦးကြား၌ အပြန်အလှန်ခင်မင်နားလည်မှု ရှိပေသည်။ ထန်ဇီယွဲ့မှ ပြောသည်။
“ကျုပ်တို့ခေါင်းဆောင်ရဲ့ ကတိုက်ကရိုက်အပြုအမူအတွက် တောင်းပန်ပါတယ်။ ချန်ကျိုစစ်ကို သခင်ကြီးယဲ့လုက ဖမ်းဆီးချင်နေတာပါ။ ကျေးဇူးပြုပြီး ညီနောင်ပိုင် ကျုပ်တို့ကို တစ်ချက်လောက် ကူညီပေးပါဦး”
ထိုအခါ ပိုင်မော့ရှန်းသည် မျက်လုံးအိမ်တို့မှေးကျုံ့လိုက်ပြီး ပြောသည်။
“အမ်းး ဟုတ်လား။ ဒါဆိုလည်း ကောင်းပြီလေ၊။ ညီနောင်ထန်ကြောင့်မို့လို့ ကျုပ်သွားခွင့်ပေးလိုက်ပါ့မယ်”
“ညီနောင်ပိုင်ကို ကျေးဇူးတင်ပါတယ်”
ထန်ဇီယွဲ့မှ ကျေးဇူးတင်စကားဆိုပြီးနောက်တွင် ပိုင်မော့ရှန်းသည် လက်ဝှေ့ရမ်းအချက်ပြလိုက်သည်။ မြို့ဂိတ်တံခါးသည် လျင်မြန်စွာ ပွင့်သွား၏။ မြို့တံခါးပွင့်သွားသည်နှင့် နန်ပါးထျန်းသည် လက်အောက်ငယ်သားများကို ဦးဆောင်ကာ ချက်ချင်း အလျင်စလို ခရီးနှင်တော့သည်။
ချန်ကျဲ့တို့သည် လေးလံကြီးမားသည့် ခေါင်းတလားများကို သယ်ဆောင်သွားနေကြသည်ဖြစ်ရာ နန်ပါးထျန်းတို့၏ လိုက်လံဖမ်းဆီးမှု အရှိန်နှုန်းသည် လျင်မြန်သည်ဟု ဆိုနိုင်ပေသည်။
ချန်ကျဲ့တို့သည် သူတို့မှာ ဘယ်နှမိုင်မျှ ခရီးနှင်ခဲ့ပြီးသည် မသိပေ။ ထိုအခိုက်တွင် သူတို့ရှေ့၌ ဖုန်လုံးကြီးများ ထူထဲစွာ လိမ့်တက်နေသည်ကို မြင်လိုက်ရသည်။ သံနက်မြင်းတပ်တစ်ဖွဲ့မှ သူတို့ထံ အပြေးလာနေခြင်းပင်။ ထိုမြင်ကွင်းတွင် ချန်ကျဲ့၏မျက်လုံးများ၌ လိုချင်တပ်မက်ခြင်းအငွေ့အသက်များ ထင်ဟပ်လာခဲ့သည်။
သံနက်စစ်သည်တွေပဲ။ အဲဒီမြင်းတွေကို ကြည့်ပါဦး။ အဲဒီချပ်ဝတ်တန်ဆာတွေကို ကြည့်ပါဦး။
တိုက်ပွဲအတွင်း၌ ထိုသို့မြင်းတပ်တစ်ဖွဲ့သည် စွမ်းအင်ပြောင်းလဲခြင်းအဆင့်သိုင်းပညာရှင်၅ဦးထက် ပို၍ အသုံးဝင်နိုင်၏ အင်အားအပြည့် ထိုးစစ်ဆင်ချီတက်ပြီး တစ်ဖက်ရန်သူကို သစ်သားတုံးတွေ ခုတ်ထစ်သလို ရှင်းလင်းပစ်နိုင်စွမ်းရှိမှာပဲ။
ချန်ကျဲ့ အတွေးထဲနစ်မြောနေစဉ် သံနက်မြင်းတပ်သည် ချန်ကျဲ့တို့အုပ်စုအနီးသို့ ရောက်လာခဲ့သည်။
ယဲ့လုဖုန်းသည် မြင်းဇက်ကြိုးကို ဆွဲလိုက်ပြီး ချန်ကျဲ့တို့ ဈာပနစီတန်းလှည့်လည်မှုရှေ့တွင် ရပ်လိုက်သည်။
ရှေ့မှသွားနေကြသည့် စီတန်းလှည့်လည်နေသူများသည် သံနက်မြင်းတပ်များ၏ ပိတ်ဆို့မှုကြောင့် တွန့်ဆုတ်သွားကြကာ နောက်ပြန်လှည့်ကြည့်လာကြသည်။ ထိုအခါ ချန်ကျဲ့၏မျက်နှာထက်တွင် ခပ်ဖျော့ဖျော့ လှောင်ပြုံးတစ်ခု ဖြတ်ပြေးသွား၏။ ထို့နောက် ရှေ့ရှိ ခေါင်းတလားသယ်ဆောင်သူများ၏ ရှေ့သို့ သွားရပ်လိုက်သည်။ လျိုလောင်ကွေ့သည်လည်း ချန်ကျဲ့နောက်မှ လိုက်လာသည်။
ယခုတွင် ချန်ကျဲ့နှင့် လျိုလောင်ကွေ့သည် ယဲ့လုဖုန်း၏ရှေ့တွင် ရပ်နေကြသည်။ ချန်ကျဲ့သည် ယဲ့လုဖုန်းအား လက်သီးယှက်အရိုအသေပြုနှုတ်ဆက်လိုက်သည်။
“သခင်ကြီးယဲ့လု ဘာကိစ္စကြောင့်များ ရောက်လာတာပါလဲ”
ယဲ့လုဖုန်းသည် ခဏမျှ ကြောင်အသွား၏။ ထို့နောက် ပြန်ပြောသည်။
“အာ ဘာမှမဟုတ်ပါဘူး။ ကျိုစစ်တို့ ကျားဖြူခန်းမက သူရဲကောင်း၂၈ယောက်အတွက် ဈာပနအခမ်းအနား ကျင်းပထားတာကို ငါကြားထားလို့လေ။ ငါက ဒီအနီးအနားမှာ တပ်ဖွဲ့ကိုဦးဆောင်ပြီး စစ်ရေးလေ့ကျင့်နေတာနဲ့ လမ်းကြုံလို့ သူရဲကောင်းဝိဉာဉ်တွေကို ဂါရဝပြုဖို့ စဉ်းစားမိလိုက်လို့ပါ”
ယဲ့လုဖုန်းသည် တောက်ပဖော်ရွေစွာ ပြုံးလျက် မည်သူ့ကိုမျှ အပြစ်မပြုမိစေရန် သတိထားပြောဆိုသည်။ ချန်ကျဲ့သည် မိန်ဂိုဏ်းနှင့် မပူးပေါင်းခဲ့ပါက ယဲ့လုဖုန်းအတွက် အသုံးဝင်သေးပေသည်။ ယခုတွင် ချန်ကျဲ့ကို အပြစ်ပြုမိလိုက်ပါက နောက်ပိုင်းတွင် မည်သို့ မျက်နှာချင်းဆိုင်ကြပါမည်နည်း။
ထိုအခါ ချန်ကျဲ့သည် အရိုအသေပြု၍ ကျေးဇူးတင်စကားဆိုလိုက်သည်။
“အာ သခင်ကြီးယဲ့လုကို ကျေးဇူးတင်ပါတယ်။ ကျွန်တော်တို့သူရဲကောင်း၂၈ယောက်အစား ကျေးဇူးတင်ပါတယ်”
“ငါတို့က မိသားစုတွေပဲ၊ ဒီလိုမျိုး ထုံးတမ်းေတွနဲ့ ယဉ်ကျေးနေဖို့ မလိုပါဘူး”
ယဲ့လုဖုန်းမှ တုံ့ပြန်သည်။ သို့သော် သူ၏မျက်လုံးများသည်တော့ ချန်ကျဲ့ကိုကျော်လွန်၍ ကြည့်နေခဲ့သည်။
နန်ပါးထျန်းက ဘာလို့ ရောက်မလာသေးတာလဲ။
ထို့နောက် ယဲ့လုဖုန်းသည် လျိုလောင်ကွေ့သို့ လှည့်၍ တွန့်ဆုတ်စွာ ပြောသည်။
“အာ ခေါင်းဆောင်လျိုလည်း ရောက်နေတာလား”
လျိုလောင်ကွေ့မှ ချက်ချင်း အရိုအသေပြုသည်။
“ဟုတ်ပါတယ် သခင်ကြီးယဲ့လု”
“မင်းနဲ့ ကျိုစစ်က ဆက်ဆံရေးကောင်းမွန်ကြတာပဲကိုး”
လျိုလောင်ကွေ့မှ ပြန်ပြောသည်။
“ကျွန်တော့်ကလေးက ကျိုစစ်ရဲ့ဆေးပညာအကူအညီကြောင့် အသက်ရှင်နိုင်ခဲ့တာမို့ ကျိုစစ်ဆီမှာ အသက်ကြွေးတင်နေပါတယ်။ ကျိုစစ်ကြောင့်သာ မဟုတ်ခဲ့ရင် ကျွန်တော် ဆုံးရှုံးမှုကြီးနဲ့ ကြုံတွေ့ခဲ့ရမှာပါ”
ထိုအခါ ယဲ့လုဖုန်းမှ ပြောသည်။
“ဪ အဲဒီလိုကိုး”
ယဲ့လုဖုန်းသည် စကားပြောနေသော်ငြား အကြည့်များသည်တော့ လျိုလောင်ကွေ့ထံတွင် မရှိချေ။ သူ၏အကြည့်များသည် ချန်ကျဲ့တို့လူအုပ်စုကြီးကို ကျော်လွန်၍ အနောက်ဘက်အဆုံးသို့ ကြည့်နေခြင်းဖြစ်၏။ ယဲ့လုဖုန်း၏ ထိုသို့ပုံစံကို မြင်နေရသည်တွင် ချန်ကျဲ့ ရယ်မောလိုက်ပြီး ပြောသည်။
“သခင်ကြီးယဲ့လု ဘာရှာနေတာလဲဗျ”
“အာ ဘာမှမဟုတ်ဘူးပါဘူး ဘာမှမဟုတ်ပါဘူး”
ယဲ့လုဖုန်းသည် ကသိကအောက်ဖြစ်မှုကို ရယ်သွမ်းသွေးရင် ဖုံးကွယ်သည်။
လျိုလောင်ကွေ့သည်လည်း သူ့နောက်တွင် ဘာရှိနေသနည်းဟု အံ့အားသင့်သွားခဲ့သည်။
ထိုစဉ် အဝေးတစ်နေရာမှ ဖုန်လုံးကြီး လိမ့်တက်လာခဲ့သည်။ တပ်ဖွဲ့တစ်ခု အရေးတကြီး အပြေးနှင်လာနေသည့် လက္ခဏာပင်။ နန်ပါးထျန်းမှ ငါးဖမ်းကုန်သည်အဖွဲ့သားခုနစ်ရာကို ဦးဆောင်လျက် ချန်ကျဲ့တို့နောက်သို့ လိုက်လာခြင်းဖြစ်သည်။ နန်ပါးထျန်းနှင့်အဖွဲ့သားများသည် ချန်ကျဲ့တို့စီတန်းလှည့်လည်သည့် လူအုပ်စုကို ဝန်းရံလိုက်ကြသည်။
“မလှုပ်နဲ့၊ အကုန်လုံး ရပ်နေကြ”
ရုတ်တရက် ဝန်းရံခံလိုက်ရသဖြင့် ကိုယ်စီအဖွဲ့သားများကို ဦးဆောင်လိုက်ပါလာသည့် ရှောင်ဟူ၊ စစ်ရှီးနှင့် ကျိုးချူတို့မှ မေးလာသည်။
“ခင်ဗျား ဒါဘာလုပ်နေတာလဲ”
အုပ်စုနှစ်စုသည် မျက်နှာချင်းဆိုင် ရပ်နေကြသည်။ ချန်ကျဲ့ မျက်မှောင်ကြုတ်လိုက်ပြီး ယဲ့လုဖုန်းကို လှည့်ကြည့်လိုက်သည်။
“သခင်ကြီး ဒါက..”
ယဲ့လုဖုန်းမှ ပြောသည်။
“ဟမ် ငါလည်း ဘာတွေဖြစ်နေတာလဲ မသိဘူး”
ထို့နောက် ယဲ့လုဖုန်းသည် နန်ပါးထျန်းကို မေး၏။
“ခေါင်းဆောင်နန် မင်းဘာလုပ်နေတာလဲ”
ထိုအခါ နန်ပါးထျန်းသည် ထန်ဇီယွဲ့နှင့်အတူ ရှေ့တိုးလာပြီး ယဲ့လုဖုန်းကို အရိုအသေပြုသည်။
“သခင်ကြီးယဲ့လု ကျွန်တော်တို့က မိန်ဂိုဏ်းသားသူပုန်တွေကို ဖမ်းဆီးဖို့ ရောက်လာတာပါ”
“သူပုန်တွေတဲ့လား ဟား ခေါင်းဆောင် ခင်ဗျားပြောတဲ့သူပုန်ဆိုတာ ကျွန်တော်တော့ မဟုတ်လောက်ပါဘူးနော်”
ချန်ကျဲ့မှ နန်ပါးထျန်းကိုကြည့်လျက် ပြောသည်။
နန်ပါးထျန်းမှ အပြုံးဖြင့် ပြန်ဖြေသည်။
“ဘာလို့မဖြစ်နိုင်ရမှာလဲ”
ချန်ကျဲ့မျက်လုံးမှေးကျုံ့လိုက်ပြီးနောက် ယဲ့လုဖုန်းအား ရိုသေလေးစားစွာဖြင့် ပြောသည်။
“သခင်ကြီးယဲ့လု ကျေးဇူးပြုပြီး ကျွန်တော့်အတွက် စကားပြောပေးပါဦး။ နန်ပါးထျန်းက ကျွန်တော့်ကို ချောက်ချစွပ်စွဲနေပါတယ်”
“ဟုတ်ပါတယ် ခေါင်းဆောင်နန်၊ မင်း တစ်ခုခုအထင်လွဲနေတာများလား။ ကျိုစစ်က အဲဒီလိုလူမျိုး မဟုတ်ပါဘူး”
ယဲ့လုဖုန်းမှ ပြောသည်။
“သခင်ကြီးယဲ့လု လူတစ်ယောက်ရဲ့ရုပ်ရည်သွင်ပြင်ကို သိနိုင်ပေမဲ့ စိတ်နှလုံးကိုတော့ မသိနိုင်ပါဘူး။ သူပုန်တစ်ယောက်က သူ့မျက်နှာမှာ သူပုန်လို့ ရေးထားမှာမှ မဟုတ်ဘဲ။ ကျေးဇူးပြုပြီး ချန်ကျိုစစ်ရဲ့ အလှည့်စားမခံပါနဲ့”
နန်ပါးထျန်းမှ စိတ်အားထက်သန်စွာဖြင့် ထိုသို့ပြောဆိုရာ ယဲ့လုဖုန်းသည် ချန်ကျဲ့ဘက်သို့ လှည့်လာပြီး မေးမြန်းသည်။
“ကျိုစစ်?”
ချန်ကျဲ့မှ လက်သီးယှက်အရိုအသေပြု၏။
“သခင်ကြီးယဲ့လု ကျွန်တော်က မိန်ဂိုဏ်းသားသူပုန်တစ်ယောက် မဟုတ်ပါဘူး”
“ဟားဟား ငြင်းနေသေးတာပဲ”
နန်ပါးထျန်းမှ အေးစက်စွာ ရယ်မောသည်။
“ချန်ကျိုစစ် အခုအချိန်မှာ မင်း ငြင်းနေလည်း အသုံးမဝင်ဘူး။ ဒီခါင်းတလားတွေက ခိုင်မာတဲ့သက်သေပဲ။ မင်းက မိန်ဂိုဏ်းနဲ့ပူးပေါင်းပြီး ပုန်ကန်ဖို့ကြံစည်ခဲ့တာ သက်သေက ငြင်းနိုင်ဖွယ်မရှိဘူး”
“ချန်ကျိုစစ် မင်းမှာ ဘာပြောစရာရှိသေးလဲ”
နန်ပါးထျန်းသည် ချန်ကျဲ့အား အန္တရာယ်ပြုလိုသည့်အကြည့်များဖြင့် ကြည့်နေခဲ့သည်။
ချန်ကျဲ့သည် ပူပန်သောကများနေဟန်ဖြင့် ပြန်ပြောသည်။
“ဒီလိုချောက်ချစွပ်စွဲခံနေရမှတော့ ကျုပ်မှာ ပြန်ချေပနိုင်စရာ မရှိပါဘူး။ ဒီခေါင်းတလားတွေထဲမှာ စစ်လက်နက်ပစ္စည်းတွေရှိနေတယ်လို့ ခင်ဗျားပြောတယ်နော်။ အကယ်၍ ဘာမှမရှိနေခဲ့ရင် ခင်ဗျား ဘယ်လိုလုပ်ပေးမလဲ”