အခန်း (၅၇၈)
Vol. 47 Ch. 578
ထိုအခါ လျိုလောင်ကွေ့သည် ရယ်မောလိုက်၏။
“နန်ပါးထျန်း မင်းက ငါ့ကို လက်အောက်ငယ်သားတစ်ယောက်လို ဆက်ဆံနေတာ၊ ငါဘာလို့ မင်းစကားကို နားထောင်ရမှာလဲ”
နန်ပါးထျန်းမှ လျိုလောင်ကွေ့ကိုကြည့်လျက် ပြောသည်။
“ခင်ဗျား တကယ်ပဲ ဒီနေ့ကိစ္စမှာ ဝင်ပါရမှ ဖြစ်မှာလား”
လျိုလောင်ကွေ့မှ ပြောသည်။
“အင်း”
“ဒါဆိုရင်တော့ ခင်ဗျား သေချင်နေတာပဲ”
နန်ပါးထျန်းသည် စကားဆုံးသည်နှင့်ချက်ချင်း လျိုလောင်ကွေ့အား ရေခဲတမျှ အေးစက်သည့်စွမ်းအင်ပါဝင်သည့် လက်ဝါးသိုင်းကွက်ဖြင့် တိုက်ခိုက်သည်။ လျိုလောင်ကွေ့သည်လည်း လွယ်လွယ်အနိုင်ကျင့်ခံတတ်သူ မဟုတ်လေရာ သူ၏မီးစွမ်းအင်ကို ထုတ်၍ နန်ပါးထျန်း၏လက်ဝါးသိုင်းကွက်ကို တန်ပြန်တိုက်ခိုက်သည်။
နန်ပါးထျန်းသည် မတုန်လှုပ်ပေ။ မျန့်ရွှေစီရင်စု၏ ထိပ်တန်းပုဂ္ဂိုလ်တစ်ဦးဖြစ်ရာ သိုင်းပညာအရာတွင် မည်သူ့ကိုမျှ မကြောက်ရွံ့ပါချေ။ နန်ပါးထျန်းသည် လျိုလောင်ကွေ့၏ သိုင်းကွက်ကို ရေခဲစိတ်စွမ်းအင်သိုင်းဖြင့် တန်ပြန်တိုက်ခိုက်သည်။
ဘုန်း..
နှစ်ဦးသား၏တိုက်ပွဲတွင် ပေါက်ကွဲသံကျယ်ကြီး ထွက်လာခဲ့သည်။ ထိုအခိုက်အတန့်၌ ချန်ကျဲ့သည် ရှေ့တစ်လှမ်းတိုးကာ နန်ပါးထျန်းရှေ့တွင် ခြိမ်းခြောက်ဟန်သော အမူအရာဖြင့် ရပ်လိုက်သည်။
ထိုမြင်ကွင်းတွင် နန်ပါးထျန်း မျက်နှာဖြူဖျော့သွား၏။ လျိုလောင်ကွေ့တစ်ယောက်တည်းဖြင့်ပင် ရင်ဆိုင်ရ ကြပ်တည်းနေပြီးဖြစ်သည်။ ချန်ကျိုစစ်ပါ ပါဝင်လာပါက သေချာပေါက် ရှုံးနိမ့်လိမ့်မည်။ သို့ဖြစ်ပါက အရှက်သိက္ခာကျဆင်းလျက် သေဆုံးသွားရပေလိမ့်မည်။
လျိုလောင်ကွေ့သည် ချန်ကျဲ့မှ ရှေ့တိုးလာသည်ကိုမြင်လျှင် ရုတ်တရက် အတွေးတစ်ခုပေါ်ပေါက်လာ၏။ ချန်ကျိုစစ်သည် သေချာပေါက် သူ့ဘက်မှ ကူတိုက်ပေးရန် ဖြစ်လိမ့်မည်။ သို့ဖြစ်ရာ သူသည် နန်ပါးထျန်းကို အဘယ်ကြောင့်များ ကြောက်ရွံ့နေရပါမည်နည်း။
“ငရဲသွားလိုက်တော့”
လျိုလောင်ကွေ့သည် ထိတ်ပျာသွားသည့် နန်ပါးထျန်းကို ဆက်လက်၍ ဖိနှိပ်ပြောဆိုကာ ယဲ့လုဖုန်း၏ဘေးသို့ ခုန်သွားလိုက်ပြီး အော်ပြောသည်။
“သခင်ကြီးယဲ့လု”
ထိုအခါ ယဲ့လုဖုန်း မျက်မှောင်ကြုတ်သွား၏။ လျိုလောင်ကွေ့သည် တိုက်ခိုက်မှုကို ခဏမျှရပ်တန့်လိုက်ပြီး ယဲ့လုဖုန်းကို လှည့်ကြည့်သည်။ ချန်ကျဲ့သည်လည်း ယဲ့လုဖုန်းကိုကြည့်လိုက်ပြီး ပြောသည်။
“သခင်ကြီးယဲ့လု သခင်ကြီး ဒီနေ့ အားလုံးကို ရှင်းရှင်းလင်းလင်းမြင်ပြီးပြီပဲ။ သခင်ကြီးရဲ့သဘောထားကရော ဘယ်လိုရှိပါသလဲ”
ယဲ့လုဖုန်းသည် မျက်မှောင်ကြုတ်ကာ လည်ချောင်းရှင်းလိုက်သည်။
“အင်း ဒီနေ့အခြေအနေကို ငါနားလည်ပါတယ်။ ခေါင်းဆောင်နန်ရဲ့ အပြုအမူက ကုန်သည်အဖွဲ့သားတွေအတွက် တကယ့်ကို မတရားပါဘူး။ ဒါပေမဲ့ သူဒီလိုလုပ်ရတာက တော်ဝင်နန်းတော်အတွက် သူပုန်တွေကို ဖမ်းဆီးပေးချင်တဲ့ ကောင်းမွန်တဲ့ရည်ရွယ်ချက်နဲ့ပါ”
“ဒါပေါ့ ကျိုစစ်လည်း မှန်ပါတယ်။ ကွယ်လွန်သူတွေကို ရိုသေလေးမြတ်သင့်ပြီး သေချာမြှုပ်နှံပေးသင့်ပါတယ်။ ဒါပေမဲ့ ဒီပြဿနာက ပုန်ကန်မှုနဲ့ ပတ်သက်နေတယ်။ ငါ့အနေနဲ့ကတော့ ခေါင်းတလားကို ဖွင့်ပြပြီး အတည်ပြုပေးတာကို ပိုလိုလားမိတယ်”
“ဒီလိုလုပ်လိုက်တာက မင်းအပေါ် သံသယတွေကို ရှင်းလင်းပေးလိမ့်မယ်။ ကျားဖြူခန်းမက သူပုန်တွေနဲ့ ပတ်သက်မှုမရှိဘူးဆိုတာကိုလည်း သက်သေပြပြီးသား ဖြစ်သွားလိမ့်မယ်။ မင်းအတွက် အကောင်းဘက်က များတာပဲ။ မင်းအထင်ကရော ဘယ်လိုလဲ ကျိုစစ်”
ယဲ့လုဖုန်းမှ ချန်ကျဲ့ကို ကြည့်သည်။ ချန်ကျဲ့သည် မျက်မှောင်ကြုတ်လျက် ပြော၏။
“သခင်ကြီးယဲ့လု သခင်ကြီးက ဟန်ယဉ်ကျေးမှုနဲ့ပတ်သက်ပြီး ကျွမ်းကျင်နှံ့စပ်ပါတယ်။ ကွယ်လွန်သူအပေါ် ရိုသေလေးမြတ်သင့်တဲ့ ထုံးတမ်းကိုလည်း သေချာပေါက် သိလောက်မှာပါ။ ဒီညီနောင်တွေက ကျွန်တော့်အတွက် တိုက်ပွဲဝင်ရင်း ကျဆုံးသွားခဲ့ကြတာပါ။ ကျွန်တော် သူတို့ကို အေးချမ်းစွာ အနားယူစေချင်ပါတယ်…”
ယဲ့လုဖုန်းမှ ပြန်ပြောသည်။
“ကျိုစစ် ငါနားလည်ပါတယ်။ ဒါပေမဲ့ မင်းအနေနဲ့ တော်ဝင်နန်းတော်ကို ရှင်းပြချက်တစ်ခုပေးအပ်ဖို့လည်း ငါမျှော်လင့်မိတယ်။ ပြီးတော့ အဲဒီအတွက် မင်းတောင်းဆိုချင်တာ ဘာမဆိုတောင်းဆိုနိုင်တယ်။ ငါတတ်နိုင်တဲ့အရာဖြစ်သ၍ ငါ မင်းကို လိုက်လျောပေးပါ့မယ်”
ချန်ကျဲ့သည် ခဏမျှ စဉ်းစားနေခဲ့ပြီးနောက်မှ ပြောသည်။
“သခင်ကြီးက ဒီလိုပြောလာမှတော့ ကျွန်တော့်မှာ ဘာမှပြောစရာမရှိတော့ပါဘူး။ ကျွန်တော် ကျိုစစ်က တော်ဝင်နန်းတော်ကို သစ္စာစောင့်သိသူတစ်ယောက်ပါ။ ဒီခေါင်းတလားတွေကို ဖွင့်စစ်ဆေးနိုင်ပါတယ်”
“အာ ခန်းမအရှင်သခင်”
ထိုစကားတွင် ရှောင်ဟူနှင့် အခြားသူများသည် ချန်ကျဲ့ကို အော်ခေါ်လာ၏။
ချန်ကျဲ့သည် ဒေါသထွက်နေခဲ့လျက် အသံမြှင့်ကာ ရှောင်ဟူနှင့် အခြားသူများအား တိတ်တိတ်နေစေလိုက်သည်။
ထို့နောက် ယဲ့လုဖုန်းဘက်သို့ လှည့်ပြောသည်။
“သခင်ကြီးယဲ့လု ခေါင်းတလားတွေကို ဖွင့်စစ်ဆေးနိုင်ပါတယ်။ ဒါပေမဲ့ ကျွန်တော့်မှာ တောင်းဆိုစရာရှိပါတယ်”
“ပြောပါ”
ယဲ့လုဖုန်းမှ ပြောသည်။
ချန်ကျဲ့မှ ပြောသည်။
“ခေါင်းတလားဖွင့်စစ်ဆေးလို့ မိန်ဂိုဏ်းရဲ့စစ်လက်နက်ပစ္စည်းတွေကို တွေ့ခဲ့ရင် ကျွန်တော်ချန်ကျိုစစ်က မိန်ဂိုဏ်းနဲ့ပူးပေါင်းပြီး ပုန်ကန်ဖို့ကြံစည်နေတာ သံသယဖြစ်ဖွယ်မရှိပါဘူး။ ကွပ်မျက်တာဖြစ်ဖြစ်၊ မျိုးဆက်တစ်ဆက်လုံး ရှင်းလင်းတာဖြစ်ဖြစ် ကျွန်တော်လက်ခံပါတယ်၊ ဘာမှစောဒကတက်စရာမရှိပါဘူး”
“ဒါပေမဲ့ ခေါင်းတလားထဲမှာ ကျွန်တော်တို့ညီနောင်တွေရဲ့ရုပ်အလောင်းတွေ ရှိနေခဲ့မယ်ဆိုရင် ညီနောင်တွေရဲ့ ငြိမ်းချမ်းစွာ အနားယူမှုကို နှောင့်ယှက်တဲ့သူတွေက ဒူးထောက်တောင်းပန်ရပါမယ်”
“ဘာ”
ထိုစကားများကြောင့် နန်ပါးထျန်းသည် မယုံကြည်နိုင်စွာ မျက်လုံးပြူးသွား၏။
ထို့နောက် ချန်ကျဲ့သည် နန်ပါးထျန်းကို ကြည့်လိုက်ပြီး ပြောသည်။
“ဟုတ်ပါတယ် ခေါင်းဆောင်၊ ကျုပ် ခင်ဗျားကိုပြောနေတာပါ။ ဒီနေ့ ကျုပ် ခင်ဗျားကို ခေါင်းတလားတွေ ဖွင့်စစ်ဆေးခွင့်ပြုလိုက်မယ်။ ဒါပေမဲ့ ခင်ဗျားပြောသလို လက်နက်တွေရှိမနေခဲ့ရင် ကျုပ်ရဲ့ မတရားခံရတဲ့ ဒီညီနောင်၂၈ယောက်ကို ခင်ဗျား ဒူးထောက်တောင်းပန်ရမယ်။ ဒါဆို ခင်ဗျား ခေါင်းတလားတွေကို ဖွင့်စစ်ဆေးနိုင်ပါပြီ။ ခင်ဗျား သဘောမတူရင်တော့ ကျုပ် ချန်ကျိုစစ်က အသက်နဲ့ရင်းပြီးတော့ ခင်ဗျား ခေါင်းတလားထဲကို တစ်ချက်လေးတောင် မကြည့်နိုင်အောင် ခုခံတိုက်ခိုက်သွားမယ်”
ချန်ကျဲ့သည် ထိုသို့ခိုင်မာပြတ်သားစွာ ပြောဆိုပြီးနောက် ယဲ့လုဖုန်းဘက်သို့ ပြန်လှည့်ကာ လက်သီးယှက်အရိုအသေပြုလျက် ပြောသည်။
“သခင်ကြီးယဲ့လု ဒီနေရာမှာရှိနေတာ ကံကောင်းတာပါပဲ။ ကျေးဇူးပြုပြီး ကျွန်တော်တို့အတွက် သခင်ကြီးက မျက်မြင်သက်သေလုပ်ပေးပါ။ နန်ပါးထျန်း ခေါင်းတလားဖွင့်လိုက်လို့ လက်နက်တွေ တွေ့ခဲ့ရင် ကျွန်တော့်ရဲ့ကံကြမ္မာက သူ့လက်ထဲမှာပါပဲ။ ဒါပေမဲ့ လက်နက်တွေ မတွေ့ခဲ့ရင်တော့ နန်ပါးထျန်းက ကျွန်တော်တို့ညီနောင်တွေကို တောင်းပန်ရပါမယ်”
“မင်း အိပ်မက်မက်နေလိုက်”
“ငါက သူတို့ကိုတောင်းပန်ရမယ်တဲ့လား။ သူတို့နဲ့ထိုက်တန်လို့လား။ ငါက ဘယ်လိုအဆင့်အတန်းမို့လို့လဲ ငါက…”
နန်ပါးထျန်းသည် ဒေါသပေါက်ကွဲတော့သည်။ သို့သော် နောက်တဒင်္ဂ၌ သူ့အမှားသူ နားလည်သွားခဲ့ကာ သူနှင့်အတူလိုက်ပါလာသည့် ငါးဖမ်းကုန်သည်အဖွဲ့သားများကို လှည့်ကြည့်လိုက်သည်။ အဖွဲ့သားများ၏ မျက်လုံးများမှာ စိမ်းသက်ခြင်းအငွေ့အသက်များဖြင့် ပြည့်နှက်နေခဲ့လေပြီ။
ဒါက ငါတို့သိထားတဲ့ အဖွဲ့သားညီနောင်တွေအားလုံးကို ညီတူညီမျှဆက်ဆံတတ်တဲ့ ဖြောင့်မတ်မှန်ကန်ပြီး မြင့်မြတ်တဲ့ ကုန်သည်အဖွဲ့ခေါင်းဆောင်ဟုတ်ရဲ့လား။
နန်ပါးထျန်းသည် ဂုဏ်သိက္ခာကို အစွန်းအထင်းမရှိအောင် ထိန်းသိမ်းတတ်သည့် ကြောင်သူတော်တစ်ယောက်ဖြစ်ကြောင်း ယခင်က ဖော်ပြခဲ့ဖူးသည် မဟုတ်ပါလော။ ချန်ကျဲ့မျှသော အဆင့်အတန်းရှိသူများသာလျှင် နန်ပါးထျန်း၏လှည့်စားဟန်ဆောင်ထားသည့်ပုံရိပ်ကို သိနိုင်ပေသည်။ အဆင့်နိမ့် ကုန်သည်အဖွဲ့သားများမှာမူ ခေါင်းဆောင်ဖြစ်သူ၏ စစ်မှန်သည့် အကျင့်စရိုက်ကို မသိနိုင်ကြချေ။
သို့သော် ခုနက နန်ပါးထျန်း၏ ဒေါသပေါက်ကွဲမှုသည် သူ၏ပုံစံအစစ်အမှန်ကို အတော်များများ ပေါ်ထွက်သွားစေပေသည်။
မိမိ၏ အတွေးအမြင်အစစ်အမှန်တို့ကို ဖုံးကွယ်ထိန်းချုပ်ရခြင်းမှာ အမှန်တကယ်ပင် ခက်ခဲပါ၏။ အင်တာနက်ပေါ်တွင် မိမိ၏ချမ်းသာကြွယ်ဝမှုကို ကြွားဝါထားပြီး အတင်းအဖျင်းသတင်းများနှင့် ရင်ဆိုင်ရပြီး နောက်ဆုံးတွင် အခြားသူများအတွက် ဟာသပြက်လုံးတစ်ခုဖြစ်သွားရခြင်းနှင့် ဆင်တူပေသည်။ မိမိဖော်ပြခဲ့သည့် အကြောင်းအရာများ၏ ပြဿနာကို မိမိကိုယ်တိုင် နားမလည်လိုက်ခြင်းပင်။
နန်ပါးထျန်း အမှုမဲ့အမှတ်မဲ့ ဖော်ပြလိုက်မိသည့် အပြုအမူများသည် ဖြည့်စွက်ပြင်ဆင်ထားခြင်းမရှိသည့် အမှန်တရားများသာ ဖြစ်ကြပြီး အမှန်တရားဟူသည် အနာကျင်ရဆုံး ဖြစ်နိုင်ပေသည်။
ငါးဖမ်းကုန်သည်အဖွဲ့သားများသည် တိတ်ဆိတ်နေကြ၏။
ထိုအခိုက်အတန့်၌ ချန်ကျဲ့သည် ယဲ့လုဖုန်းအား အရိုအသေပြုလျက် ပြောသည်။
“သခင်ကြီးယဲ့လု ကျွန်တော့်ဘက်က တတ်နိုင်သမျှ လိုက်လျောပေးခဲ့ပြီးပါပြီ။ ဒါပေမဲ့ နန်ပါးထျန်းက သဘောမတူခဲ့တာပါ။ ကျွန်တော့်ဘက်က ဒီထက်ပိုပြီး ဘာမှလုပ်မပေးနိုင်တော့ပါဘူး”
ယဲ့လုဖုန်းသည် အနည်းငယ်မျှ မျက်မှောင်ကြုတ်သွားပြီး နန်ပါးထျန်းကို ကြည့်လိုက်သည်။
“”ခေါင်းဆောင်နန် ခင်ဗျားပဲ ချန်ကျိုစစ်က မိန်ဂိုဏ်းနဲ့ပူးပေါင်းနေပါတယ်လို့ အရမ်းသေချာနေခဲ့တာ မဟုတ်ဘူးလား။ အဲဒီလိုဆိုမှတော့ ခေါင်းတလားကို ဖွင့်စစ်ဆေးလိုက်ပါ။ ခင်ဗျားပြောတဲ့အတိုင်း မှန်ကန်တယ်ဆိုရင် ခင်ဗျားလည်း တောင်းပန်စရာမှ မလိုအပ်တော့ဘဲ။ ဒါပေမဲ့ လက်နက်တွေ ရှိမနေခဲ့ရင်တော့ ငြိမ်းချမ်းစွာ အနားယူဖို့ထိုက်တန်တဲ့ ကွယ်လွန်သူတွေရဲ့ ငြိမ်းချမ်းစွာ အနားယူမှုကို နှောင့်ယှက်မိတဲ့အတွက် ခင်ဗျားအနေနဲ့ တောင်းပန်သင့်တယ်ထင်ပါတယ်၊ မဟုတ်ဘူးလား ခေါင်းဆောင်နန်”