အခန်း (၅၇၆)
Vol. 47 Ch. 576
“ခေါင်းဆောင်ပြောတဲ့အဓိပ္ပာယ်က ဒီခေါင်းတလားတွေထဲမှာ ကျားဖြူခန်းမ သူရဲကောင်းတွေရဲ့ ရုပ်အလောင်းတွေ မဟုတ်ဘဲ စစ်လက်နက်ပစ္စည်းတွေရှိနေတာလို့ ဆိုလိုချင်တာပါလား”
ချန်ကျဲ့မှ နန်ပါးထျန်းကို ကြည့်၍ မေးသည်။ နန်ပါးထျန်းသည် ချန်ကျဲ့ကို တစ်ချက်ကြည့်လိုက်ပြီးနောက် ယဲ့လုဖုန်းဘက်သို့ လှည့်၍ ပြောသည်။
“အမှန်ပါပဲ”
“မရှိနေခဲ့ရင်ရော”
ချန်ကျဲ့သည် တစ်လက်မပင် အလျှော့မပေးချေ။
နန်ပါးထျန်း မျက်မှောင်ကြုတ်လိုက်၏။
“ခေါင်းတလားတွေကို ဖွင့်ပြလိုက်ရင် အမှန်တရားကို အားလုံးသိသွားမှာပဲ မဟုတ်ဘူးလား”
“ခေါင်းတလားတွေကို ဖွင့်မယ်တဲ့လား”
နန်ပါးထျန်းကို ကြည့်နေသည့် ချန်ကျဲ့၏မျက်နှာအမူအရာမှာ အေးစက်သွားခဲ့သည်။
“ခင်ဗျား ဒီခေါင်းတလားတွေကို ဖွင့်မယ်လို့ ပြောလိုက်တာလား”
“အမှန်ပါပဲ။ ခေါင်းတလားတွေကို ဖွင့်ကြည့်မှာပါ။ ဒီနေ့ ဒီနေရာမှာ မျန့်ရွှေရဲ့ အထင်ကရပုဂ္ဂိုလ်ကြီးတွေအားလုံး ရှိနေတယ်။ သခင်ကြီးယဲ့လုလည်း ရှိတယ်။ ဒါကြောင့် အခုက ချန်ကျိုစစ်က တကယ်တမ်း ဘယ်လိုလူမျိုးလဲဆိုတာ အားလုံးမြင်တွေ့ရဖို့ အကောင်းဆုံးအချိန်ပါပဲ”
နန်ပါးထျန်းမှ မောက်မာစွာ ပြောဆိုသည်။
ချန်ကျိုစစ်သည် ခေါင်းတလားများကို မဖွင့်လိုကြောင်း သိသာလှရာ နန်ပါးထျန်းသည် သူ၏ခန့်မှန်းချက်မှာ မှန်ကန်ကြောင်း ပိုမိုသေချာလာခဲ့သည်။
သူဘာလို့ ခေါင်းတလားတွေကို ဖွင့်မပြချင်ရတာလဲ။ ဒီခေါင်းတလားတွေက မူမမှန်ဘူး သေချာတယ်။ ဟုတ်တယ် ခေါင်းတလားတွေမှာ သေချာပေါက် ပြဿနာရှိနေတယ်။
ဒီနေ့တော့ ချန်ကျိုစစ်ကို လက်ပူးလက်ကြပ်မိပြီပဲ။
နန်ပါးထျန်းသည် ချန်ကျဲ့အား မည်သို့မျှ အလွတ်မပေးဘဲ နေရာတွင် ရှင်းလင်းသုတ်သင်ပစ်ရန် ဆုံးဖြတ်ချက်ချလိုက်သည်။
ထိုသို့တွေးလျက် နန်ပါးထျန်းသည် ချန်ကျဲ့၏နောက်မှ ခေါင်းတလားများကို ဖွင့်စစ်ဆေးရန် ပို၍ စိတ်အားထက်သန်လာခဲ့သည်။
သို့သော် ထိုအခိုက်အတန့်၌ ချန်ကျဲ့မှ ပြောသည်။
“မရဘူး”
“မရဘူးဆိုတာ ဘာအဓိပ္ပာယ်လဲ”
နန်ပါးထျန်းသည် ချန်ကျဲ့ကို မျက်မှောင်ကြုတ်ကြည့်လိုက်၏။ ချန်ကျဲ့မှ ပြန်ပြောသည်။
“ကျုပ်ပြောတာက ခေါင်းတလားတွေကို ဖွင့်ခွင့်မပြုဘူးလို့”
“မင်းဘာတွေ မလုံမလဲဖြစ်နေတာလဲ။ ခေါင်းတလားတွေထဲမှာ တကယ်ကြီး မိန်ဂိုဏ်းရဲ့ စစ်လက်နက်ပစ္စည်းတွေရှိနေလို့လား။ အဲဒီလိုဆိုရင်တော့ အခုနေ ရိုးရိုးသားသား ဝန်ခံလိုက်ဖို့ ငါမင်းကို အကြံပေးချင်တယ်။ သခင်ကြီးယဲ့လုက ကျိုးကြောင်းမဆီလျော်တဲ့သူ မဟုတ်ပါဘူး။ မင်းကို မြန်မြန်ဆန်ဆန် သေခွင့်ပေးလိမ့်မှာပါ”
နန်ပါးထျန်းမှ ချန်ကျဲ့ကို သေချာစိုက်ကြည့်လျက် ပြောသည်။
ချန်ကျဲ့မှ ပြန်ပြောသည်။
“ဟား ကျုပ်က မလုံမလဲဖြစ်တယ်တဲ့လား။ ကျုပ်ရဲ့အသိစိတ်က ရှင်းရှင်းလင်းလင်းပဲ။ ခင်ဗျား ခေါင်းတလားတွေကို စစ်ဆေးမှာကို ကြောက်ရွံ့နေတာလည်း မဟုတ်ဘူး။ ဒါပေမဲ့ ခေါင်းတလားတွေကို ဖွင့်ခွင့်မပြုနိုင်ဘူး”
“ဟားဟား မင်းပြောတဲ့စကားကို မင်းပြန်နားထောင်ကြည့်ပါဦး။ မင်းပြောတဲ့စကားတွေက အဓိပ္ပာယ်တောင် ရှိမနေတော့ဘူး။ အဲဒါတောင်မှ စိတ်လုံတယ်ပြောနေသေးတယ်”
နန်ပါးထျန်းသည် ချန်ကျဲ့၏အားနည်းချက်ကို ဆုပ်ကိုင်မိလိုက်သည့်အလား မလွှတ်တမ်း ကိုက်ခဲတော့သည်။
ချန်ကျဲ့မှ ပြောသည်။
“ခေါင်းဆောင်နန် ခင်ဗျားက ငါးဖမ်းကုန်သည်အဖွဲ့ရဲ့ ခေါင်းဆောင်တစ်ယောက်ပါ။ ဒီနေ့ သခင်ကြီးယဲ့လုအပါအဝင် သိုင်းလောကညီနောင်တွေအားလုံး ရှိနေကြတယ်။ ကျုပ် ခင်ဗျားကို မေးမယ်။ ကျားဖြူခန်းမက ငါးဖမ်းကုန်သည်အဖွဲ့ရဲ့ လက်အောက်ခံလား”
“ဟုတ်တယ်”
နန်ပါးထျန်းမှ ပြောသည်။
“ကောင်းပြီ၊ ဒါဆို ကျားဖြူခန်းမရဲ့အဖွဲ့သားတွေကလည်း ငါးဖမ်းကုန်သည်အဖွဲ့ရဲ့ အဖွဲ့သားတွေပဲ ဟုတ်သလား”
“ဟုတ်တယ်”
နန်ပါးထျန်းမှ အသံမြှင့်၍ ပြန်ပြောသည်။
ချန်ကျဲ့မှ ပြောသည်။
“ကောင်းပြီ၊ ကျုပ်ရဲ့ကျားဖြူခန်းမက ငါးဖမ်းကုန်သည်အဖွဲ့လက်အောက်ခံဆိုမှတော့ ဒီအဖွဲ့သားတွေက ခင်ဗျားရဲ့ငါးဖမ်းကုန်သည်အဖွဲ့ရဲ့ အဖွဲ့သားတွေပဲ။ ဒီခေါင်းတလားထဲက အဖွဲ့သား၂၈ယောက်ဟာ ငါးဖမ်းကုန်သည်အဖွဲ့ရဲ့အဖွဲ့သားတွေ၊ ငါးဖမ်းကုန်သည်အဖွဲ့ရဲ့ညီနောင်တွေပဲ။ သူတို့က ကုန်သည်အဖွဲ့အတွက် နောင်တရခြင်း၊ စောဒကတက်ခြင်းမရှိဘဲ သူတို့ရဲ့အသက်သွေးတွေကို စွန့်လွှတ်ခဲ့ကြတယ်”
“ဒါပေမဲ့ အခုတော့ ခင်ဗျားက ကုန်သည်အဖွဲ့ခေါင်းဆောင်တစ်ယောက်ဖြစ်ပြီးတော့ ဒီလိုကြမ်းတမ်းတဲ့ရာသီဥတုအခြေအနေမှာ ခေါင်းတလားတွေကိုဖွင့်ပြီး သူတို့ရဲ့ရုပ်အလောင်းတွေကို ထုတ်ဖော်စေချင်နေတယ်။ ခေါင်းဆောင် ခင်ဗျား သူတို့ကို ဘာလို့ ဒီလိုဆက်ဆံရတာပါလဲ။ သူတို့က ဘာတွေများလုပ်ခဲ့မိလို့ ဒီလိုဆက်ဆံခံရဖို့ ထိုက်တန်တာပါလဲ”
ချန်ကျဲ့သည် နန်ပါးထျန်းအား မီးဝင်းဝင်းတောက်သော မျက်လုံးများဖြင့် ကြည့်နေခဲ့သည်။
ထိုအခါ နေရာရှိလူအားလုံး မျက်မှောင်ကြုတ်သွားကြသည်။
ဟုတ်တယ်၊ ခေါင်းတလားဖွင့်ပြီး ရုပ်အလောင်းတွေကို ဖော်ထုတ်တာက အရမ်းလွန်လွန်းရာကျတယ်။ အရမ်းကိုမှ မလိုမုန်းတီးနေတာမျိုး မရှိဘဲနဲ့တော့ ဘယ်သူက ဒီလိုလုပ်ရပ်မျိုးကို လုပ်နိုင်မှာလဲ။ အထူးသဖြင့် ကိုယ့်ရဲ့ကုန်သည်အဖွဲ့သားတွေကိုလေ။ ဒီလိုလုပ်ရပ်မျိုးက တကယ်စိတ်ပျက်စရာပဲ။
သို့သော် လူများသည်လည်း တီးတိုးပြောဆိုခြင်းကိုပင် များများစားစား မပြောဆိုရဲကြပေ။ နန်ပါးထျန်းကို ပေါ်ပေါ်ထင်ထင် အပြစ်မပြုရဲကြပါချေ။
သို့သော် လျိုလောင်ကွေ့သည်တော့ နန်ပါးထျန်းအား အလိုလိုက်အကြိုက်ဆောင်တတ်သူ မဟုတ်ရာ ပြောလာခဲ့သည်။
“ဟားဟား မျန့်ရွှေမှာ ငါးဖမ်းကုန်သည်အဖွဲ့ခေါင်းဆောင် နန်ပါးထျန်းက ဖြောင့်မတ်မှန်ကန်ပြီး ကရုဏာတရားကြီးမားတယ်လို့ အမည်ကျော်ကြားတယ်။ ဒါပေမဲ့ အဲဒီလိုလူက ကွယ်လွန်သူတွေရဲ့ ခေါင်းတလားကိုဖွင့်ပြီး ရုပ်အလောင်းဖော်ထုတ်တဲ့လုပ်ရပ်မျိုးကို လုပ်နိုင်လိမ့်မယ်လို့ ဘယ်သူကများ ထင်ထားမှာတဲ့လဲ။ ပြီးတော့ တခြားသူလည်း မဟုတ်ဘဲ ကိုယ့်အဖွဲ့သားတွေရဲ့ခေါင်းတလားတွေကို ဖွင့်ချင်နေတာ။ ဟာသပဲ တကယ့်ဟာသပဲ…”
လျိုလောင်ကွေ့၏စကားတွင် အားလုံးသည် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။ ဤခေတ်အခါ၌ လူတို့သည် ကွယ်လွန်သူများအပေါ် အလွန်ရိုသေလေးမြတ်သည်။ “ကွယ်လွန်သူကို ရိုသေလေးမြတ်ပြီး အေးချမ်းစွာ မြှုပ်နှံပေးရမည်”ဟူသည့် ဆိုရိုးစကားရှိသည် မဟုတ်ပါလော။ ချိတ်ပိတ်ပြီးသည့် ခေါင်းတလားကို ဖွင့်ခြင်းဟူသည် ကွယ်လွန်သူ၏ရုပ်အလောင်းအား အကြီးမားဆုံးသော စော်ကားမှုကြီးဖြစ်ပေသည်။ ကွယ်လွန််သူ၏မိသားစုဝင်များ သိသွားပါက အစွမ်းကုန် တိုက်ခိုက်ကြပေလိမ့်မည်။
သို့ဖြစ်ရာ ချန်ကျဲ့၏အမေးစကားသည် ကျိုးကြောင်းဆီလျော်ကာ တရားမျှတနေခဲ့သည်။ ထို့ကြောင့် လူသားတစ်ယောက်၏အမြင်၌ ချန်ကျဲ့သည် တုနှိုင်းမဲ့သော မြေတစ်နေရာထက်တွင် ရပ်တည်နေသည့်အလား ထင်မြင်စေတော့သည်။
ထိုအခါ နန်ပါးထျန်း မျက်မှောင်ကြုတ်သွား၏။ အခြေအနေ၏ ခက်ခဲမှုအဆင့်ကို အာရုံခံမိလေရာ ယဲ့လုဖုန်းကို လှမ်းကြည့်လိုက်သည်။ သို့သော် ယဲ့လုဖုန်းသည် မျက်နှာအမူအရာကင်းမဲ့စွာ ရပ်နေ၏။ ချန်ကျဲ့မှ လိုလားသည်ဖြစ်စေ၊ မလိုလားသည်ဖြစ်စေ ဒီနေ့ ဤခေါင်းတလားများကို ဖွင့်စစ်ဆေးခံရမည်ဖြစ်ကြောင်းကို ယဲ့လုဖုန်းသည် သိထားပြီးဖြစ်ပေသည်။
နန်ပါးထျန်းသည် သေချာစဉ်းစားပြီးနောက် ဒေါသတကြီး ပြော၏။
“ဟမ့် ချန်ကျိုစစ်၊ မင်းပေါက်ကရစကားတွေ ပြောနေတာ ရပ်လိုက်တော့။ ငါက အဖွဲ့သားညီနောင်တွေရဲ့ ခေါင်းတလားတွေကို ဖွင့်ကြည့်ချင်တာကြောင့်မို့လို့ ငါက ညီနောင်တွေကို မတရားစော်ကားနေတာလို့ မင်းပြောတယ်နော်။ ဒါပေမဲ့ မင်းကရော ဘာများ ကောင်းနေလို့လဲ။ မင်းလည်း အဖွဲ့သားညီနောင်တွေရဲ့ ခေါင်းတလားတွေကို အသုံးချပြီး သူပုန်တပ်ရဲ့ စစ်လက်နက်ပစ္စည်းတွေကို ခိုးထုတ်နေတာပဲလေ။ အဲဒါကရော ဘာတွေများ ဂုဏ်သရေကြီးမြတ်တဲ့ လုပ်ရပ်မို့လို့လဲ”
“ငါမင်းကို ပြောပြပါရစေ၊ ဒီနေ့ ဒီခေါင်းတလားတွေကို ဖွင့်စစ်ဆေးတာက မင်းက တော်ဝင်နန်းတော်ကို ဆန့်ကျင်ပုန်ကန်တဲ့ သစ္စာဖောက်တစ်ယောက်ဖြစ်ကြောင်း သက်သေပြလိုက်ရုံတင် မကဘူး၊ ကွယ်လွန်သူညီနောင်၂၈ယောက်အတွက်လည်း တရားမျှတမှုရယူပေးလိုက်တာပဲ။ မင်းဆိုတဲ့ချန်ကျိုစစ်က ဘယ်လိုလူမျိုးလဲဆိုတာကို အားလုံးမြင်အောင် ပြလိုက်စမ်းပါ”
“ဟား ကျုပ် ချန်ကျိုစစ်က ဘယ်လိုလူမျိုးလဲဆိုတာ အားလုံးသိတယ်။ ခင်ဗျားနန်ပါးထျန်းက ဘယ်လိုလူမျိုးဆိုတာကိုလည်း အားလုံးက သတိထားမိနေလောက်မှာပဲ။ ဒီနေ့ ခေါင်းတလားတွေကို ဖွင့်ချင်နေတဲ့သူက ခင်ဗျားပဲ၊ ကျုပ် မဟုတ်ဘူး။ ကျုပ် ခင်ဗျားကိုပြောလိုက်မယ်၊ ဒီနေ့ ဒီနေရာမှာ ကျုပ်ရှိနေသ၍ ခင်ဗျား ခေါင်းတလားတွေကို ဖွင့်ခွင့်မရစေရဘူး”
ချန်ကျဲ့သည် နန်ပါးထျန်းအား ခက်ထန်စွာ စိုက်ကြည့်နေခဲ့သည်။
နန်ပါးထျန်းမှ ဟစ်ကြွေးပြောဆို၏။
“ဟား ဖွင့်ခွင့်မပြုဘူးတဲ့လား။ ဒါဆိုလည်း အားသုံးပြီး ဖွင့်ရတာပေါ့”
ထိုအခါ ချန်ကျဲ့သည် အသက်ပြင်းပြင်းရှူသွင်းလိုက်ပြီးနောက် နေရာရှိလူအားလုံးကို လက်သီးဖြင့်အရိုအသေပြုသည်။
“ညီနောင်တို့ ဒီနေ့အားလုံး မျက်မြင်သက်သေရှိပါတယ်။ ပုံမှန်ဆို ဒီနေ့က ဝမ်းနည်းပူဆွေးခြင်းနေ့ရက်ဖြစ်ရမှာပေမယ့် ဒီနေ့တော့ ကုန်သည်အဖွဲ့ခေါင်းဆောင်က တကယ်ကို စည်းကျော်သွားခဲ့ပါပြီ။ ဒီနေ့လို ဝမ်းနည်းပူဆွေးခြင်းနေ့ရက်ကြီးမှာ ခေါင်းဆောင်က ကွယ်လွန်သူညီနောင်တွေကို ဂါရဝပြုဖို့ ရောက်မလာခဲ့တဲ့အပြင် တစ်စုံတစ်ယောက်ရဲ့ လွှမ်းမို့ခံရပြီးတော့ ကျုပ်တို့ညီနောင်တွေရဲ့ ခေါင်းတလားတွေကို ဖွင့်ပြီး ရုပ်အလောင်းတွေကို ထုတ်ဖော်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်”
“အားလုံးလည်း သိကြတဲ့အတိုင်း ကွယ်လွန်သူကို ရိုသေလေးမြတ်ရပါတယ်။ ကျုပ်တို့က သိုင်းလောကမှာ ကြီးပြင်းရှင်သန်သူတွေဖြစ်ပြီး သေလောက်တဲ့ရန်ငြိုးအာဃာတတွေရှိခဲ့ရင်တောင်မှ လူသေသွားတာနဲ့ အကြွေးအားလုံး ရှင်းလင်းပြီးဖြစ်ပါတယ်။ အလောင်းကိုပြန်တူးဖော်တာမျိုးကို အားလုံးပဲ ကြားဖူးကြပါရဲ့လား”