အခန်း (၅၇၇)
Vol. 47 Ch. 577
“ရုပ်အလောင်းကို စော်ကားပြီး နေရောင်အောက် ဖော်ထုတ်တယ်။ သိုင်းလောက မိစ္ဆာလမ်းစဉ်သမားတွေသာ ဒီလိုလုပ်ရပ်မျိုးကို ကျူးလွန်မှာပါ။ ဒါပေမဲ့ အခုတော့ ကျုပ်တို့ရဲ့ကုန်သည်အဖွဲ့ခေါင်းဆောင်က အဖွဲ့သားညီနောင်တွေရဲ့ ခေါင်းတလားကို ကိုယ်တိုင်ကိုယ်ကျ ဖွင့်ချင်နေတယ်။ ခေါင်းဆောင်နန် ဘာလို့လဲ၊ ခင်ဗျား ဘာလို့ ကိုယ့်အဖွဲ့သားညီနောင်တွေကို ဒီလိုဆက်ဆံနိုင်ရတာလဲ”
“ခင်ဗျားဒီလိုလုပ်တာ ညီနောင်တွေရဲ့ဝိဥာဉ်ကို အေးချမ်းစွာ အနားယူစေနိုင်ပါ့မလား။ ခင်ဗျားက သူတို့ကို တမလွန်မှာ အနားယူဖို့ကိုတောင် နှောင့်ယှက်ချင်တာလား”
“ကုန်သည်အဖွဲ့ခေါင်းဆောင်တစ်ယောက်အနေနဲ့ ဒီလုပ်ရပ်က အဖွဲ့သားညီနောင်တွေရဲ့ စိတ်နှလုံးတွေ အေးစက်သွားစေမှာကို ခင်ဗျား မစိုးရိမ်ဘူးလား”
ချန်ကျဲ့သည် နန်ပါးထျန်းကို စူးစူးရဲရဲစိုက်ကြည့်လျက် ပြောသည်။ သူ၏သရုပ်ဆောင်စွမ်းရည်သည် အထွတ်အထိပ်သို့ ရောက်ရှိနေခဲ့သည်မှာ အလွန်တရာ ရိုးသားစစ်မှန်ဟန်ဖြင့် စကားတစ်ခွန်းပြီး တစ်ခွန်း ဆက်တိုက်ပြောဆိုလျက် နန်ပါးထျန်းအား နောက်ဆုတ်ရန် ထပ်မရှိနိုင်တော့သည့် လူသားဆန်မှု၏ နောက်ဆုံးထောင့်အစွန်းဖျားဆီသို့ တွန်းပို့နေခဲ့သည်။ သို့ဖြင့် နန်ပါးထျန်း၏မျက်နှာမှာ ဖြူတစ်လှည့်၊ နီတစ်လှည့်၊ ပြာတစ်လှည့် ပြောင်းလဲလျက် ဘာမျှ ခွန်းတုံ့ပြန်မပြောနိုင်ဘဲ ဖြစ်နေတော့သည်။
သို့သော် ချန်ကျဲ့သည် နန်ပါးထျန်းကို ဤမျှ အလွယ်တကူ လွှတ်ပေးလိုစိတ် မရှိပါချေ။ နှလုံးအိမ်ကို ထိုးဖောက်မည့် အသက်နုတ်တိုက်ကွက်အထိ ဆက်သွားလိုခဲ့သည်။
ချန်ကျဲ့သည် ငါးဖမ်းကုန်သည်အဖွဲ့ အဖွဲ့သားညီနောင်များကို လှည့်ကြည့်လိုက်ပြီး စိတ်နှလုံးကို ကိုင်လှုပ်နိုင်လောက်သည့် ရိုးသားစစ်မှန်မှုဖြင့် ဆက်ပြောသည်။
“ညီနောင်တို့၊ ကျုပ်တို့တွေ ကွယ်လွန်သူညီနောင်တွေရဲ့နေရာမှာ ဝင်ခံစားကြည့်ကြရအောင်။ တစ်နေ့နေ့မှာ ခေါင်းဆောင်က တစ်စုံတစ်ယောက်ရဲ့ ရည်ရွယ်ချက်ကောင်းမရှိတဲ့ပြောစကားတွေမှာ နစ်မြောသွားပြီး မင်းတို့မိသားစုဝင်တွေရဲ့ခေါင်းတလားတွေမှာ မလိုလားအပ်တဲ့တစ်စုံတစ်ရာ ကွယ်ဝှက်ထားတယ်လို့ ပြောလာပြီး ခေါင်းတလားတွေကို ဖွင့်ချင်တယ်လို့ ပြောလာခဲ့တယ်လို့ တွေးကြည့်လိုက်ကြပါ။ မင်းတို့ရော ခေါင်းတလားဖွင့်ခွင့်ပြုဖို့ ဆန္ဒရှိမှာတဲ့လား”
“ကျုပ်တို့တွေဟာ ကုန်သည်အဖွဲ့ထဲ ဝင်ရောက်ပြီး သေခြင်းရှင်ခြင်းတွေကို ဖြတ်ကျော်တိုက်ခိုက်ခဲ့ကြပေမဲ့ တစ်ခါမှ စောဒက မတက်ခဲ့ဖူးဘူး။ သံသယတစ်ခုတည်းကြောင့်နဲ့ ခေါင်းဆောင်က ညီနောင်တွေ တမလွန်မှာ အေးချမ်းစွာ အနားမယူနိုင်တော့မှာကိုတောင် ထည့်မတွက်ဘဲ ခေါင်းတလားတွေကို ဖွင့်ချင်နေတယ်။ မင်းတို့ ဆန္ဒရှိကြရဲ့လား”
“မရှိပါဘူး။ ကျွန်တော်တို့လည်း မဖွင့်စေချင်ပါဘူး”
ချန်ကျဲ့၏စကားများတွင် အဖွဲ့သားငယ်လေးတစ်ဦးမှ မထိန်းချုပ်နိုင်ဘဲ ပြန်ဖြေလာခဲ့သည်။ ထိုအဖွဲ့သားသည် ကျားဖြူခန်းမအဖွဲ့သား မဟုတ်ပါဘဲ ချင်းယင်၏ လက်အောက်ငယ်သားတစ်ဦး ဖြစ်၏။
ထိုအဖွဲ့သားလေးသည် ပြောထွက်သွားပြီးနောက် ချက်ချင်း နောင်တရသွားတော့သည်။ သို့သော် သူပတ်ပတ်လည်ကို လှည့်ကြည့်လိုက်ချိန်တွင်လည်း အားလုံးသည် မအီမသာမျက်နှာများဖြစ်နေကြလေရာ ဆန္ဒမရှိကြောင်း ထင်ရှားလှပေသည်။
အဖွဲ့သားများကြားထဲတွင် တီးတိုးပြောဆိုခြင်းများ စတင်လာသည်။
“ခေါင်းဆောင်က တကယ်လွန်လွန်းသွားပြီ။ ဘယ်လိုလုပ်ပြီး ကိုယ့်အဖွဲ့သားညီနောင်တွေရဲ့ ခေါင်းတလားတွေကို လူပုံအလယ်မှာ ဖွင့်ဖို့လုပ်နိုင်ရတာလဲ။ အဲဒီလိုလုပ်တာ ညီနောင်တွေကို အေးချမ်းစွာ အနားမယူနိုင်ဖြစ်စေမယ် မဟုတ်ဘူးလား”
“အမှန်ပဲ။ ကုန်သည်အဖွဲ့ကို တစ်သက်တာ ခစားခဲ့တာ နောက်ဆုံးကျ သေဆုံးပြီးနောက်မှာ ခေါင်းဆောင်ဆီကနေ ငါတို့ရဲ့ခေါင်းတလားတွေကို ဆွဲဖွင့်တာ ခံရဖို့တဲ့လား… ငါတို့ရဲ့တစ်သက်တာကို အလဟသ ဖြုန်းတီးခဲ့သလို ခံစားချက်ပဲ”
“ဟုတ်တယ်။ လူသေဆုံးပြီးနောက် မြှုပ်နှံတဲ့အခါ အေးချမ်းစွာ အနားယူနိုင်ဖို့က အရေးကြီးတယ်လေ”
…
လူအုပ်ကြီးသည် တီးတိုးပြောဆိုသံများဖြင့် ဆူညံလာခဲ့သည်။ ချန်ကျဲ့၏ရှင်းပြပြောဆိုမှုအောက်၌ အားလုံးသည် ကွယ်လွန်သူများအတွက် ကရုဏာစိတ်များ ထကြွလာခဲ့ကြသည်။
ကရုဏာတရားသည် ရုတ်တရက်ဆန်လှစွာ အလျှံပယ်စီးဆင်းလာခဲ့ရာ အားလုံးသည် စိတ်အားထက်သန်စွာ ပြောဆိုဆွေးနွေးနေကြတော့သည်။ သို့ဖြင့် နန်ပါးထျန်းသည် မီးလျံများထက် မီးမြှိုက်အကင်ခံထားရသည့်အလား ခံစားနေရတော့သည်။ ချန်ကျိုစစ်သည် သူ၏အဖွဲ့သားများကိုပါ သူ့ကိုဆန့်ကျင်လာစေရန် လှုံ့ဆော်ပေးနိုင်သည်အထိ ခက်ခဲသည့်ပြိုင်ဘက်ဖြစ်နေလိမ့်မည်ဟု မျှော်လင့်မထားခဲ့ရာ မည်သို့ဆင်ခြေပေးပြောဆိုသင့်သည် မသိတော့ဘဲ နောက်ဆုတ်ရမည့်လမ်းကိုလည်း ရှာမရနိုင် ဖြစ်နေခဲ့သည်။
ချန်ကျဲ့သည်တော့ ဤထောင်ချောက်ကို အချိန်ယူကာ စီစဉ်ထားခဲ့သည်ဖြစ်ရာ နန်ပါးထျန်းမှ မိမိကိုယ်ကိုယ်အရှက်ခွဲမည့် အခိုက်အတန့်ကိုသာ စောင့်ဆိုင်းနေခဲ့သည်။
ချန်ကျဲ့သည် နန်ပါးထျန်းအား လွတ်မြောက်ရန်လမ်း မကျန်ရှိစေဘဲ ဂုဏ်သိက္ခာကို အလုံးစုံပျက်စီးစေရန် ရည်ရွယ်ထားခဲ့သည်။
နန်ပါးထျန်းသည် အမှန်တကယ်ပင် အကျပ်ရိုက်နေခဲ့ပါ၏။ ထန်ဇီယွဲ့သည် အခြေအနေကို အကဲခတ်နေရင်းမှ ချင်းယင်ကို ယပ်တောင်ဖြင့် ပုတ်လိုက်သည်။
ချင်းယင် ထန်ဇီယွဲ့ကို ကြည့်လိုက်၏။ ထန်ဇီယွဲ့မှ အမိန့်ပေးသည်။
“သွားနှောင့်ယှက်ချည်”
ချင်းယင်သည် ရုတ်ချည်း နားလည်သွားပြီး အော်ဟစ်လိုက်သည်။
“ချန်ကျိုစစ်၊ ခြောက်လှန့်တဲ့စကားတွေပြောပြီး ငါတို့ ကုန်သည်အဖွဲ့သားတွေကို သွေးခွဲနေတာ ရပ်လိုက်စမ်း။ ငါပြောလိုက်မယ်၊ မင်း မိန်ဂိုဏ်းနဲ့ ပူးပေါင်းနေတာကို ငါတို့စုံစမ်းရရှိထားတယ်။ မင်း အခု စကားတွေ ဘယ်လောက်ပဲပြောနေပါစေ မင်း ဒီခေါင်းတလားတွေမှာ စစ်လက်နက်ပစ္စည်းတွေ ထည့်သယ်ခဲ့တယ်ဆိုတဲ့အချက်ကို ဖုံးကွယ်လို့ မရနိုင်ဘူး။ မင်းဒါက ဘာလုပ်ရပ်လဲ။ ညီနောင်တွေရဲ့ခေါင်းတလားတွေထဲမှာ စစ်လက်နက်ပစ္စည်းတွေ ခိုးသယ်ရတယ်လို့၊ အရမ်းအရှက်မဲ့တာပဲ။ အဲဒါကိုတောင် မင်းက ခေါင်းဆောင်ကို အရှက်မဲ့တဲ့သူဖြစ်အောင် ပြန်ပြောနေသေးတယ်။ ချန်ကျိုစစ် မင်းက အမှန်နဲ့အမှားကို ပြောင်းပြန်လှန်ပစ်ရာမှာ တကယ်တော်တာပဲ”
“ညီနောင်တို့ သူပေါက်ကရပြောတာတွေကို နားမထောင်ကြနဲ့။ အားသုံးတိုက်ခိုက်ပြီး ခေါင်းတလားတွေကို ဖွင့်ကြမယ်”
“သောက်ကျိုးနဲတဲ့မှ ငါခွင့်မပြုဘူးကွ”
ရှောင်ဟူမှ ဒေါသတကြီး အော်ပြောလိုက်၏။ ထို့အတူ ဆောင်းဦးပုစဉ်းဓားမြှောင်ကို ဓားအိမ်မှ ဆွဲထုတ်လိုက်ပြီး ဆဲရေးတော့သည်။
“ချင်းယင် သစ္စာဖောက်ခွေးကောင်။ အသံကျယ်တာနဲ့ပဲ အမှန်ဖြစ်သွားတာ မဟုတ်ဘူးကွ။ ကွယ်လွန်သူတွေက မင်းတို့လင်းယုန်ခန်းမကမှ မဟုတ်တာ၊ မင်းပါးစပ်က ဒီလိုစကားတွေ ထွက်နိုင်တာပေါ့”
“အခု မင်းအဖေရဲ့အုတ်ဂူထဲမှာ မိန်ဂိုဏ်းရဲ့လက်နက်တွေ ဖွက်ထားပါတယ်လို့ပြောရင် မင်းက အုတ်ဂူတူးပြီး မင်းအဖေရဲ့အလောင်းကို မြေကြီးထဲက ဆွဲထုတ်ပေးမှာမို့လို့လား”
ရှောင်ဟူ၏ အော်ဟစ်ပြောဆိုသံသည် ပဲ့တင်ထပ်သွား၏။
ထိုအခါ ချင်းယင်မှ ပြန်အော်ဟစ်သည်။
“ချီးတဲ့မှ သေလိုက်တော့ ခွေးကောင်”
ချင်းယင်သည် လေပေါ်ခုန်တက်၍ ရှောင်ဟူအား လက်သည်းတိုက်ကွက်ဖြင့် တိုက်ခိုက်သည်။
ထိုအခါ ရှောင်ဟူသည် မျက်မှောင်ကြုတ်သွားပြီးနောက် လေပေါ်ခုန်လိုက်ကာ ချင်းယင်သို့ ဦးတည်၍ ဓားဖြင့်ခုတ်ပိုင်းလိုက်သည်။
ချွင် ချွင်…
နှစ်ဦးသည် လေဟာနယ်ထက်တွင် သိုင်းကွက်ဒါဇင်ခန့်မျှ အပြန်အလှန်တိုက်ခိုက်နေကြပြီး နောက်ပိုင်းတွင် ရှောင်ဟူမှ တဖြည်းဖြည်း အသာစီးရလာခဲ့သည်။ ချင်းယင်သည် အခွင့်အရေးရှာ၍ ခေါင်းတလားများအား လက်သည်းတိုက်ကွက်ဖြင့် တိုက်ခိုက်လိုက်သည်။
ထို့နောက်တွင်မူ ကြောက်ခမန်းလိလိသော မီးလျံကြီး ချင်းယင်ထံ ကျရောက်လာ၏။
ချင်းယင်သည် အလွန်ထိတ်လန့်သွားလျက် အမြန်နောက်ဆုတ်လိုက်သည်။ သို့သော် နောက်တဒင်္ဂတွင် သူ၏နောက်ကျောဆီသို့ လက်ဝါးရိုက်ချက်တစ်ချက် ကျရောက်လာခဲ့သည်။
“လျိုလောင်ကွေ့”
သေချာပေါက်ပင် လျိုလောင်ကွေ့၏ ကြားဝင်တိုက်ခိုက်မှုဖြစ်ပေသည်။
ချင်းယင်သည် မြေပြင်ပေါ် ပြန်ကျလာပြီးနောက် မျက်နှာမှာ ဖြူဖတ်ဖြူရော်ဖြစ်သွားလျက် ပြောသည်။
“ခေါင်းဆောင်လျို ငါးဖမ်းကုန်သည်အဖွဲ့ရဲ့ အရေးကိစ္စက ခင်ဗျားတို့ချောင်ကုန်သည်အဖွဲ့နဲ့ ဘာဆိုင်လို့လဲ။ ခင်ဗျားက ဘာကိစ္စ ကြားဝင်နှောင့်ယှက်ရတာလဲ”
ချင်းယင်သည် အနည်းငယ် အံ့အားသင့်နေလျက် အော်ဟစ်ပြောဆိုသည်။
လျိုလောင်ကွေ့မှ ပြောသည်။
“ဒီကွယ်လွန်သူတွေက ငါ့သားကို ကယ်တင်ဖို့အတွက် တိုက်ပွဲဝင်ခဲ့တဲ့သူတွေပဲ။ သူတို့က ငါတို့ချောင်ကုန်သည်အဖွဲ့ရဲ့ ကျေးဇူးရှင်တွေပဲ။ မင်းတို့ ငါ့တို့ရဲ့ကျေးဇူးရှင်တွေကို ဒီလိုဆက်ဆံနေတာကို ငါဒီတိုင်း ကြည့်မနေနိုင်ဘူး။ ချောင်ကုန်သည်အဖွဲ့က ကြားဝင်ရမှာပဲ။ မင်းမှာ ဘာသဘောမတူစရာရှိလဲ”
လျိုလောင်ကွေ့သည် ချင်းယင်ကို မိုးကြိုးလျှပ်စီးအလား စူးရှသည့်မျက်လုံးများဖြင့် ကြည့်နေခဲ့သည်။
ချင်းယင်သည် စိတ်ထဲတွင် ချောက်ချားတုန်လှုပ်သွား၏။ ချင်းယင်သည် မိမိ၏အဆင့်အတန်းကို ကောင်းစွာသိရှိပြီး မိမိမှာ လျိုလောင်ကွေ့နှင့် မယှဉ်နိုင်ကြောင်းကိုလည်း သိပါသည်။
ထိုစဉ် နန်ပါးထျန်းမှ ပြောလာ၏၊
“ခေါင်းဆောင်လျို ခင်ဗျား ဘယ်တုန်းကများ ဒီလိုအရာရာဝင်ပါတဲ့သူ ဖြစ်သွားရတာလဲ”
ထိုအခါ လျိုလောင်ကွေ့မှ ပြန်ပြောသည်။
“ဟားဟား… ငါ အရာရာဝင်ပါမိလို့လား။ မင်းဆိုတဲ့နန်ပါးထျန်းကသာ နှလုံးသားကင်းမဲ့လွန်းနေတာ မဟုတ်ဘူးလား၊ ကိုယ့်အဖွဲ့သားညီနောင်တွေကို အေးချမ်းစွာ အနားယူခွင့်မပြုနိုင်တဲ့အထိလေ။ ဘာကို ကြီးမြတ်တဲ့ကုန်သည်အဖွဲ့ခေါင်းဆောင်လဲ။ မင်း တကယ်ပဲ မင်းရဲ့ကုန်သည်အဖွဲ့သားညီနောင်တွေကို မလိုအပ်တော့ဘူးဆိုရင် ငါ့ကိုပေးလိုက်လို့ရတယ်နော်။ ငါတို့ချောင်ကုန်သည်အဖွဲ့ကတော့ ခေါင်းတလားကို အတင်းအဓမ္မဖွင့်တာလိုမျိုးလုပ်ရပ်တွေကို လုံးဝမလုပ်ဘူး သေချာတယ်”
ထိုအခါ နန်ပါးထျန်းသည် ဒေါသပေါက်ကွဲကာ အော်ဟစ်တော့သည်။
“ခေါင်းဆောင်လျို ခင်ဗျားပါးစပ်ကိုပိတ်ထား”