← Chapters

သတ္တမတောင်ပင်လယ်သခင်၏ ရောက်ရှိလာမှု

Vol. 93 Ch. 1295

သတ္တမတောင်ပင်လယ်သခင်၏ ရောက်ရှိလာမှု

Vol. 93 Ch. 1295

မန်ဟိုသည် သတ္တမတောင်ပင်လယ်သခင် ရောက်လာမည်ကို စောင့်ရင်း ဧရာမအကွဲကြောင်းကြီး၏အပြင်တွင် တင်ပျဉ်ခွေထိုင်နေ၏။ မန်ဟို့အတွက်မူ လာမည့် ဤတိုက်ပွဲက သူ၏အတိုက်အခိုက်စွမ်းရည်ကို ပေါ်လွင်စေမည့် စမ်းသပ်မှုအစစ် ဖြစ်လိမ့်မည်။

သူ တိုက်ခိုက်ချင်သည့်ပုဂ္ဂိုလ်မှာ မြောက်မြားစွာသော ကျင့်ကြံသူများ၏ ကိုးကွယ်လေးစားခြင်းခံရသော တောင်ပင်လယ်သခင်ကိုးဦးအနက်မှ တစ်ဦးဖြစ်သည်။ ထိုလူက သတ္တမတောင်ပင်လယ်သခင်ဖြစ်ပြီး တောင်ပင်လယ်သခင်များအကြား၌ အစွမ်းအထက်ဆုံးဟူ၍ မသတ်မှတ်နိုင်သော်လည်း မယုံနိုင်လောက်အောင် အင်အားကြီးမားသေးလေသည်။

မန်ဟို့အတွက် ဤတိုက်ပွဲသည် သူ၏ဘိုးဘိုးမန် အိပ်ပျော်နေရာမှ နိုးထလာစေဖို့အတွက် အတိမ်းအစောင်းမခံသောအရာ ဖြစ်သည်ကို ထည့်တွက်လျှင် အတိုင်းထက်အလွန် အရေးပါသော တိုက်ပွဲတစ်ပွဲ ဖြစ်လာလိမ့်မည်။ ၎င်းက တောင်ပင်လယ်စစ်ပွဲကို ရပ်တန့်နိုင်မည့် သော့ချက်လည်း ဖြစ်၏။ သတ္တမတောင်ပင်လယ်သခင်ကိုသာ သူ အနိုင်ယူလျှင် အဋ္ဌမတောင်ပင်လယ်နှင့်စစ်ပွဲ ပြီးဆုံးသွားလိမ့်မည်။

မန်ဟိုမှာ အနိုင်ယူနိုင်လိမ့်မည်ဟု ယုံကြည်ချက်အပြည့်အဝ မရှိပေ။ သူ၏လက်ရှိအတိုက်အခိုက်စွမ်းရည်က အနှစ်သာရ ၅ ခုအဆင့်နှင့် ညီမျှသည့်အပြင် သူ၏နတ်ဘုရားအာရုံက ထိုအဆင့်ထက်ပင် သာလွန်သေးသည်။ သို့သော် သူ ရင်ဆိုင်ရမည့်သူကား ... သာမန်လူမဟုတ်၊ တောင်ပင်လယ်သခင်တစ်ဦးပင်။

သူ၏ပြိုင်ဘက်သည်လည်း အနှစ်သာရ ၅ ခုအဆင့်တွင် ဖြစ်သော်လည်း အတွေ့အကြုံနှင့် ကျင့်ကြံခြင်းအရာ၌ တောင်ပင်လယ်သခင်တိုင်းသည် မန်ဟို့ထက် နှစ်ပေါင်းများစွာ အရှေ့ရောက်နေခဲ့သည်မဟုတ်ပါလော။ သူတို့သည် သူတို့၏နယ်ပယ်အတွင်း၌ ... ကျန်တောင်ပင်လယ်သခင်များမှလွဲ၍ အခြားသူများနှင့် တိုက်ခိုက်လျှင် အနိုင်ယူမရသော ပြိုင်ဘက်ကင်းများ ဖြစ်ကြ၏။

ထို့အပြင် သတ္တမတောင်ပင်လယ်သခင်၏ အနှစ်သာရငါးခုသည် ထုတ်လွှတ်ခံလိုက်ရပါက တစ်လောကလုံးကို မှောင်မိုက်သွားစေနိုင်လောက်အောင် သေချာပေါက် ထူးခြားဆန်းကြယ်လိမ့်မည်။

မန်ဟို့အနေဖြင့် ပထမဝိညာဉ်မီးအိမ်ကို ငြှိမ်းထားပြီးလျှင်တောင်မှ အနိုင်ယူနိုင်လိမ့်မည်ဟု ယုံကြည်ချက်မရှိသေးပေ။ တောင်ပင်လယ်သခင်ကိုးဦးက ... တောင်ပင်လယ်လောကတစ်ခုလုံးတွင် အကြီးမြတ်ဆုံးဖြစ်တည်မှုများ မဟုတ်ပါလော။

တောင်ပင်လယ်သခင်တစ်ဦး ဖြစ်လာဖို့အလို့ငှာ လူတစ်ယောက်သည် အဆုံးမရှိသော သတ်ပွဲများကို ရင်ဆိုင်၍ မရေမတွက်နိုင်သော ရန်သူများကို နှိမ်နင်းရ၏။ ၎င်းက တောင်ပင်လယ်သခင်ရာထူးအတွက် တိုက်ခိုက်မှုများ၊ ပြိုင်ဆိုင်မှုများ ပြည့်နေသော လမ်းရှည်ကြီးတစ်လမ်း ဖြစ်သည်။

“ဒါပေမဲ့ ငါ ဒီအစွမ်းထက်ပညာရှင်ကို တွေ့ချင်သေးတယ် .... သူ့ကို တိုက်ခိုက်ချင်သေးတယ်” မန်ဟို့မျက်လုံးများသည် ပြင်းပြသော တိုက်ခိုက်လိုစိတ်တို့ဖြင့် တဝင်းဝင်းတောက်နေ၏။ အသက်ပြင်းပြင်းရှူရင်း သူက တိုက်ခိုက်လိုစိတ်ကို ချုပ်တည်းပြီးနောက် မျက်လုံးပိတ်ကာ သူ၏နှလုံးသားကို တည်ငြိမ်စေလိုက်သည်။

သူ၏စွမ်းအားကို စုစည်းရမည့် အချိန်ကျလာခဲ့လေပြီ။

ထိုကဲ့သို့ စွမ်းအားစုစည်းမှုက သူ့ထံမှ မည်သည့်စွမ်းအားလှိုင်းမှ ဖြာထွက်မသွားစေတော့ပေ။

နေ့ရက်များ စတင်ကုန်ဆုံးလာသည်။ ပထမနေ့တွင် အကွဲကြောင်းအတွင်းမှ ခပ်အုပ်အုပ်ထစ်ချုန်းသံတစ်သံက ကြယ်တာရာကောင်းကင်ကို တခဏ ပုံပျက်ရှုံ့တွသွားစေရင်း ပဲ့တင်ထပ်စပြုလာသည်။

မန်ဟိုသည် မျက်လုံးမဖွင့်သော်လည်း ရင်ခုန်သံမြန်လာပြီး တည်ငြိမ်သွားအောင် တခဏ ထိန်းလိုက်ရ၏။

ဒုတိယနေ့တွင် ခပ်အုပ်အုပ်ထစ်ချုန်းသံသည် အဝေးမှလာနေသော ပေါက်ကွဲသံငါးသံ ဖြစ်လာသည်။ တတိယနေ့၌ ထိုပေါက်ကွဲသံများက ဆယ်ဆကျယ်လောင်လာသည်။ မန်ဟိုကား နှလုံးခုန်သံကိုပင် အာရုံမရှိတော့သည်အထိ ဆိတ်ငြိမ်နေခဲ့လေပြီ။ ခွန်အားက ခွန်အားပေါ် စုဝေးလာနေသည့်အလား၊ ပေါက်ကွဲသံများက ဧဝရတ်တောင်ကို တွန်းတိုက်နေသော လေညင်းလေးအလား ဖြစ်နေသည်။

ခုနစ်ရက်မြောက်နေ့ရောက်သော် ပေါက်ကွဲသံများက အဆက်မပြတ် မြည်ဟည်းလာသည်။ အကွဲကြောင်း၏အပြင်ရှိ ကြယ်တာရာကောင်းကင်မှာ ပုံပျက်ရှုံ့တွလာ၏။ မန်ဟို ထိုင်နေသောနေရာသာ သက်ရောက်မှုမရှိသကဲ့သို့ ကွက်ကျန်ခဲ့သည်။

အကွဲကြောင်းပတ်ဝန်းကျင်ဧရိယာတွင် ရှိနေဆဲဖြစ်သော ဆံနီအဘိုးအိုနှင့် အပေါင်းအပါများက ထွက်မသွားကြပေ။ သူတို့သည် မီတာထောင်ဂဏန်းမျှအကွာတွင် တင်ပျဉ်ခွေထိုင်ရင်း စောင့်ကြည့်နေကြ၏။ ခုနစ်ရက်ကြာလာသည်နှင့်အမျှ သူတို့နှလုံးသားထဲတွင် မျှော်လင့်ချက်တို့ ကြီးထွားလာသလို၊ အသက်ရှူသံများ မြန်လာကြသည်။ မန်ဟို၏ ကြောက်မက်ဖွယ်စွမ်းအားကို မျက်မြင်တွေ့ပြီးနောက် သူတို့မှာ လာမည့်တိုက်ပွဲကို စောင့်ကြည့်လိုစိတ်များ ပြင်းထန်နေခဲ့လေသည်။

အဆုံးသတ်တွင် မန်ဟို ရှုံးသည်ဖြစ်သည်၊ နိုင်သည်ဖြစ်စေ အရေးမကြီး။ ကျင့်ကြံသူလောကတွင် အားကြီးသူက အားနည်းသူကို အနိုင်ရစမြဲပင် ဖြစ်ရာ တောင်ပင်လယ်သခင်တစ်ဦးကို စိန်ခေါ်ဝံ့သော မည်သူမဆိုသည် လေးနက်စွာ ရိုသေလေးစားခြင်းခံရထိုက်၏။

ရန်သူများဖြစ်နေလျှင်တောင်မှ အမှန်တကယ် အစွမ်းထက်သောလူတစ်ယောက်ကို ဆုံတွေ့ရခြင်းမှလာသော လေးစားရိုသေမှုကို ချုပ်တည်းနိုင်မည်မဟုတ်ပေ။

ခပ်ဝေးဝေးတွင်တော့ သတ္တမတောင်ပင်လယ်၏ ကျင့်ကြံသူသောင်းပေါင်းများစွာ ရှိသည်။ သူတို့သည် ထိုနေရာတွင် စိုးရိမ်ထိတ်လန့်စွာဖြင့် တပ်ချထားသော်လည်း ထွက်မသွားလိုကြပေ။

သူတို့အားလုံး .... သတ္တမတောင်ပင်လယ်သခင် အကွဲကြောင်းထဲမှ ထွက်လာမည်ကို စောင့်နေကြသည်။

မန်ဟို၏အမူအရာသည် အတိုင်းထက်အလွန် အေးချမ်းနေပြီး အသက်ရှူနေပုံပင် မရပေ။ သူ၏စွမ်းအင်က တစ်စက်လေးမှ ယိုစိမ့်ခြင်းမရှိဘဲ အတွင်း၌သာ စုဝေးနေသည်။ သူကား ကြယ်တာရာကောင်းကင်နှင့် တစ်သားတည်းဖြစ်လာခဲ့သည့်အလားပင်။ သူ၏တည်ရှိမှုကိုပင် မခံစားရလောက်အောင် သူသည် လွန်စွာတည်ငြိမ်အေးဆေးနေ၏။

ကောင်းကင်ကို တုန်ခါနေစေသော မိုးထစ်ချုန်းသံများသဖွယ် ပေါက်ကွဲမှုများက သူ့ကို စိုးစဉ်းမျှ သက်ရောက်နေပုံမရပေ။ သူသည် ပန်းချီကားထဲက လှိုင်းယဉ်ရှင်းသော ပင်လယ်သေတစ်စင်းပမာ ငြိမ်သက်နေ၏။ သူက .... မီးတောင်ကြီးပေါက်ကွဲတော့မလို လေမုန်တိုင်းများ ထန်လာမည်ကိုသာ စောင့်နေသည်။

ကြီးမားသောဖိအားကြီးက အကွဲကြောင်း၏ပတ်ပတ်လည်ဧရိယာတွင် တစတစ ပြည့်နှက်လာရင်း အားကောင်းသထက် အားကောင်းလာသည်။ တုန်ခါလှိုင်းတို့ များပြားလာပြီးနောက်ဆုံး ရန်သူနှစ်ယောက် ထိပ်တိုက်တွေ့၍ တစ်ယောက်ကိုတစ်ယောက် အကဲစမ်းနေကြောင်း ထင်ရှားလာသည်။

တစ်ယောက်သည် လှုပ်ရှားနေ၏။ တစ်ယောက်က တည်ငြိမ်နေသည်။

ထိုလှုပ်ရှားမှုက အမြင့်ဆုံးကောင်းကင်ဘုံကို နင်းခြေပစ်နိုင်သည်။ ထိုတည်ငြိမ်မှုက အပျက်အစီးများအကြား၌ ဆိတ်ငြိမ်နေသောကမ္ဘာတစ်ကမ္ဘာ ဖြစ်သည်။

နောက်တစ်ရက်ကြာသော် အကွဲကြောင်းမှ ထွက်လာနေသော အသံများသည် ပို၍ပင် ပြင်းထန်အားကောင်းလာ၏။ တစ်ချိန်တည်းမှာပင် မန်ဟိုကား သူ့အငွေ့အသက်လေးကိုပင် မည်သူမှ မခံစားရတော့သည်အထိ လွန်စွာဆိတ်ငြိမ်လာခဲ့သည်။

ဤအခိုက်အတန့်တွင် တဂျိန်းဂျိန်းထစ်ချုန်းနေစဉ် ထောင်ထောင်မောင်းမောင်းနှင့် ရှိန်လောက်ဖွယ်လူရိပ်တစ်ခုသည် ... အကွဲကြောင်းအတွင်း၌ ပေါ်လာသည်။

၎င်းက အဖြူရောင်ဝတ်ရုံအရှည်ကို ဝတ်ဆင်ထားသော သတ်လတ်ပိုင်းလူတစ်ယောက် ဖြစ်သည်။ သူ၏ဆံပင်များက ပျံ့လွင့်နေပြီး သူကား ဒေါသထွက်မနေလျှင်တောင်မှ ကြောက်စရာကောင်းပုံရှိသည်။ သူ၏အဝတ်အစားများက ရိုးရှင်းသည့်တိုင် သူသည် ဘုန်းတန်းခိုးကြီးသော အလေးစားခံပုဂ္ဂိုလ်တစ်ဦးဖြစ်ကြောင်း သူ့ကို ကြည့်လိုက်သော မည်သူမဆို ပြောနိုင်လိမ့်မည်။

လမ်းလျှောက်လာနေသော်လည်း သူ လှမ်းလိုက်သည့်ခြေလှမ်းတိုင်းက တဝုန်းဝုန်းမြည်သံများကို ပဲ့တင်ထပ်နေစေသည်။ သူ၏ကျင့်ကြံခြင်းအခြေခံက အလွန်တရာအစွမ်းကြီးလှသဖြင့် သူသည် လမ်းလျှောက်နေစဉ် သူ့လမ်းရှိ မည်သည့်အတားအဆီးကိုမဆို ဖျက်စီးပစ်နိုင်ဟန် ရှိ၏။ သူ၏ခြေဖဝါးနှစ်ဖက်က ပြီးခဲ့သည့်ရက်များအတွင်း ဆူညံနေခဲ့သော ပေါက်ကွဲသံများ၏ အရင်းအမြစ် ဖြစ်လေသည်။

ထိုဧရာမအကွဲကြောင်းအတွင်း၌ သူ ပေါ်လာလျှင်ချင်း ပြင်းထန်သောဖိအားကြီးသည် အရာအားလုံးကို လွှမ်းခြုံရင်း လိမ့်ထွက်သွား၏။ အကွဲကြောင်းမှာ တုန်ရီလာပြီး ပို၍ကျယ်လာသည်။ လှိုင်းဂယက်များက အလွှာတစ်လွှာပြီးတစ်လွှာကို ဖျက်စီးရင်း ကြယ်တာရာကောင်းကင်တစ်လျှောက် ရိုက်ခတ်သွားသည်။ မီတာထောင်ဂဏန်းမျှအကွာရှိ ဆံနီအဘိုးအိုနှင့် ကျန်သုံးယောက်လုံး မျက်နှာရိပ်ခနဲဖြစ်သွားရင်း နောက်ဆုတ်၍ လက်ယှက်အရိုအသေပေးလိုက်ကြသည်။

“ကျွန်တော်မျိုးတို့ ဂါဝရပြုပါတယ် သခင်အဖြူ”

ပို၍ဝေးဝေးရှိ ကျင့်ကြံသူသောင်းပေါင်းများစွာမှာ အင်မတန် စိတ်လှုပ်ရှားလာကြပြီး သူတို့လည်း အကွဲကြောင်းရှိရာသို့ လက်ယှက်အရိုအသေပေးလိုက်ကြသည်။

“ဂါဝပြုပါတယ် သခင်အဖြူ”

နဝမတောင်တွင် သခင်ကျီရှိသည်။ အဋ္ဌမတောင်တွင် ကောင်းကင်နတ်ဘုရားရှိသည်။ သတ္တမတောင်တွင်တော့ သခင်အဖြူ၊ စီမာတောက် ရှိ၏။

ကျင့်ကြံသူအားလုံး၏အသံများက အတူတကွ ပေါင်းစည်းရင်း မိုးနှင့်မြေကို တုန်ခါသွားစေသည့် အသံလှိုင်းတစ်လှိုင်းအား ဖြစ်ပေါ်လာစေသည်။ ထိုအသံလှိုင်းနှင့် ဝတ်ရုံဖြူလူမှ ထုတ်လွှတ်နေသော ဖိအားက အဋ္ဌမတောင်ပင်လယ်တစ်ခုလုံးကို တသိမ့်သိမ့်တုန်ရီလာစေတော့သည်။

မှန်သည်၊ မန်ဟိုက အဓိကပစ်မှတ်ဖြစ်သော်လည်း ဖိအား သူ့ကို ဖိနှိပ်နေစဉ် သူ၏မျက်လုံးများသည် ပိတ်ထားဆဲဖြစ်ပြီး သူ၏ခန္ဓာကိုယ်က လှုပ်ရှားခြင်းမရှိပေ။

ထိုအဆုံးမဲ့ဖိအားကို ဒေါကန်နေသော ပင်လယ်တစ်စင်းအဖြစ် တင်စားလိုက်လျှင် မန်ဟိုက ပင်လယ် မည်မျှအော်ဟစ်နေစေကာမူ တုပ်တုပ်မလှုပ်သော သန္တာကျောက်တန်းတစ်တန်း ဖြစ်သည်။

သတ္တမတောင်ပင်လယ်သခင်မှ လာနေသော ဖိအားကို လေဆင်နှာမောင်းကြီးအဖြစ် တင်စားလိုက်လျှင် မန်ဟိုက ထိုလေဆင်နှာမောင်း၏အလယ်၌ ဆိတ်ငြိမ်စွာ ရပ်တည်နေသော တောင်တစ်လုံး ဖြစ်သည်။

တစ်ချိန်တည်းမှာပင် အဋ္ဌမတောင်ထိပ်က ခန်းမထဲတွင် မျက်နှာဖုံးနှင့် အဋ္ဌမတောင်ပင်လယ်သခင်သည် လှုံ့ဆော်အားတစ်လှိုင်းက သူ့ကို တွန်းလိုက်သည့်အလား ရုတ်တရက် တုန်ရီလာ၏။ သူ၏အသိစိတ်က ပတ်ဝန်းကျင်တွင် စုဝေးစလာပြုလာပြီး သူကား .... နိုးထဖို့ ကြိုးစားနေသယောင်ပင်။

မန်ဟိုက လွဲ၍ အဋ္ဌမတောင်ပင်လယ်တစ်ခုလုံး တုန်ခါနေသည်။ သူ၏အရှိန်အဝါ၊ သူ၏ဝိညာဉ်၊ သူနှင့်ပတ်သက်သမျှအရာအားလုံး အတွင်းတွင်သာ စုဝေးနေကြသည်။ သူက ကန်ရေပြင်အလား ငြိမ်သက်နေသည်၊ ပန်းချီကားထဲက အသက်မဲ့ပင်လယ်တစ်စင်းပမာ တိတ်ဆိတ်နေသည်။

သတ္တမတောင်ပင်လယ်သခင်မှာ အကွဲကြောင်းအထဲ၌သာ ရှိနေဆဲဖြစ်၍ သူတို့နှစ်ယောက်အနေဖြင့် တရားဝင်မဆုံတွေ့ရသေးသည့်တိုင် ပထမဆုံးတိုက်ပွဲအဖြစ် စိတ်တိုက်ပွဲကို ဆင်နွှဲခဲ့ပြီးပြီဖြစ်သည်။

သခင်အဖြူက အေးစက်စက် နှာမှုတ်ရင်း ရုတ်တရက် ညာခြေကို မြှောက်ပြီးနောက် အကွဲကြောင်းအပြင်သို့ လှမ်းလိုက်သည်။

အဋ္ဌမတောင်ပင်လယ်အပေါ် သက်ရောက်နေသော ဖိအားကြီးက အရာအားလုံးကို တုန်ရီလာစေသည်။ ကြယ်တာရာကောင်းကင်မှာ တွန့်လိမ်ရှုံ့တွနေပြီး ဂြိုဟ်အမြောက်အမြား တုန်ခါနေသည်။ အဋ္ဌမတောင်အပေါ်တွင် အဋ္ဌမတောင်ပင်လယ်သခင်၏ တုန်ရီနေမှုမှာ ယခင်ပို၍ ပြင်းထန်လာသည်။

ထို့နောက် အကွဲကြောင်းထဲမှ တည်ငြိမ်သောအသံတစ်သံက အဋ္ဌမတောင်ပင်လယ်တစ်ခွင် ပဲ့တင်ထပ်သွားသည်။ “မင်းက ငါ့လမ်းမှာ ပထမဆုံးရပ်ရဲတဲ့ လူပဲ...”

ထိုအခိုက်အတန့်တွင် သူ၏ခြေထောက်သည် အကွဲကြောင်း၏အပြင်သို့ ရောက်လာကာ သခင်အဖြူ၏ကိုယ်တစ်ပိုင်းအား အဋ္ဌမတောင်ပင်လယ်သို့ ရောက်ရှိသွားစေသည်။

အကွဲကြောင်းမှ ကိုယ်တစ်ပိုင်းသာ ထွက်ရသေးသော်လည်း သခင်အဖြူထံမှ ဖြာထွက်နေသော တောင်ပင်လယ်စွမ်းအားကြောင့် ကြယ်တာရာကောင်းကင်မှာ ပြိုကျတော့မည့်အလား အလွန်ပြင်းထန်စွာ တုန်ရီနေသည်။

ကြယ်တာရာကောင်းကင် တုန်ရီနေစဉ် ကောင်းကင်နတ်ဘုရားမဟာမိတ်၏ စစ်မြေပြင်များထက်ရှိ အဋ္ဌမတောင်ပင်လယ်ကျင့်ကြံသူများမှာ သူတို့၏ပါးစပ်မှ သွေးများစီးကျလာသည်ကို ခံစားလိုက်ကြရ၏။ သူတို့၏မျက်နှာများ ရိပ်ခနဲ ဖြစ်သွားကြပြီး မည်သည့်နေရာ၌ ရှိနေစေကာမူ အပေါ်မှ ကျဆင်းလာနေသော ကြောက်မက်ဖွယ်ဖိအားကြီးကို ခံစားလိုက်ရ၏။ တောင်ကြီးတစ်လုံးက သူတို့အပေါ် ဖိချနေသကဲ့သို့ ဖြစ်ရာ ကျင့်ကြံခြင်းအခြေခံများကို လှည့်ပတ်ရန်ပင် ခက်ခဲလာတော့သည်။

သတ္တမတောင်ပင်လယ်ကျင့်ကြံသူများအတွက်တော့ ဆန့်ကျင်ဘက်ပင်။ သူတို့၏မျက်နှာများ ဝင်းပသွားပြီး သူတို့ခံစားနေရသည်က ဖိအားမဟုတ်ဘဲ အပေါ်ထက် ကြယ်တာရာကောင်းကင်မှ သက်ဆင်းလာပြီး သူတို့၏ခန္ဓာကိုယ်ထဲ ဝင်ရောက်လာနေသော စွမ်းအားကိုသာ။ ချက်ချင်းပင် သူတို့၏အတိုက်အခိုက်စွမ်းရည်သည် စတင်မြင့်တက်လာ၏။

“သခင်အဖြူ ရောက်လာပြီ။ ကျွန်တော်မျိုးတို့ ဂါဝရပြုပါတယ် သခင်ဖြူ”

“ဂါဝရပြုပါတယ် သခင်အဖြူ”

“သတ္တမတောင်ပင်လယ်ဟာ ဒီစစ်ပွဲကို ကျိန်းသေအနိုင်ရလိမ့်မယ်။ သခင်အဖြူ ကြွမြန်းလာပြီ” သတ္တမတောင်ပင်လယ်ကျင့်ကြံသူများသည် စိတ်လှုပ်တရှား ကြွေးကြော်အော်ဟစ်ရင်း သူတို့၏ကြွေးကြော်သံများအား ကောင်းကင်နတ်ဘုရားမဟာမိတ်ထဲရှိ စစ်မြေပြင်များတစ်လျှောက် ပဲ့တင်ထပ်နေစေ၏။

အဋ္ဌမတောင်ပင်လယ်မှ ကျင့်ကြံသူများမှာတော့ စိတ်ဓာတ်ကျလာကြသည်။ ယခုတွင် သူတို့သည် အင်အားကြီးထွားလာနေသော သတ္တမတောင်ပင်လယ်ကျင့်ကြံသူများကို ရင်ဆိုင်နေရပြီဖြစ်ရာ မျက်နှာတွင် သွေးမရှိတော့ဘဲ အလိုအလျောက် နောက်ဆုတ်ကုန်ကြတော့၏။ ချက်ချင်းဆိုသလို အဋ္ဌမတောင်ပင်လယ်ကျင့်ကြံသူများမှာ အပြတ်အသတ်ရှုံးနိမ့်သွားသော အခြေအနေရောက်လုနီးပါး ဖြစ်သွားကြသည်။

“…. မင်းက နောက်ဆုံးလည်း ဖြစ်စေရမယ်” သတ္တမတောင်ပင်လယ်သခင်က အကွဲကြောင်းထဲမှ တစ်ကိုယ်လုံး ထွက်လာရင်း တင်းမာသောလေသံဖြင့် ဆက်ပြောသည်။

“သခင်အဖြူ” ဆံနီအဘိုးအိုနှင့် ကျန်တာအိုနယ်ပယ်ပညာရှင်အားလုံး မျက်လုံးများ စိတ်လှုပ်ရှားစွာ တောက်ပနေလျက် လက်ယှက်အရိုအသေပေးကြသည်။

“သခင်အဖြူ” အဝေးရှိ ကျင့်ကြံသူသောင်းပေါင်းများစွာက ကြွေးကြော်ကြသည်။

“သခင်အဖြူ” သတ္တမတောင်ပင်လယ်မှ ကျင့်ကြံသူအားလုံး တိုင်တည်ကြသည်။

အဋ္ဌမတောင်ပင်လယ်ကျင့်ကြံသူများမှာ သတ္တမတောင်ပင်လယ်သခင်၏ ရောက်ရှိလာမှုကို ကိုယ်တိုင်ကိုယ်ကျမမြင်ရသော်လည်း ရင်တဒိန်းဒိန်းခုန်နေကြလေသည်။

ဂျိန်း

အဋ္ဌမတောင်ပေါ်က နန်းတော်ထဲရှိ အဋ္ဌမတောင်ပင်လယ်သခင်မှာ ယခုတွင် အဆက်မပြတ် တုန်ရီနေပြီး သူ၏မျက်နှာဖုံးအောက်ရှိ မျက်လုံးများမှာ အချိန်မရွေး ပွင့်လာတော့မည့်အလား ထင်ရသည်။

ဂျိန်း

မန်ဟို့မျက်လုံးများက ဖျတ်ခနဲ ပွင့်လာပြီး ပန်းချီကားထဲက ငြိမ်သက်နေသော ပင်လယ်၏ပုံရိပ်မှာ ပြင်းထန်စွာ ပေါက်ကွဲနေသော မီးတောင်တစ်လုံးအသွင် ပြောင်းသွားခဲ့လေပြီ။ သူ့နှလုံးသား၏အနက်ရှိုင်းဆုံးထဲ၌ ငုပ်လျှိုးနေသော တိုက်ခိုက်လိုစိတ်က ဝုန်းခနဲ ပေါက်ကွဲထွက်လာရင်း အရောင်အဝါများအား ကောင်းကင်ထက်၌ ပြိုးပြိုးပြက်ပြက် လက်သွားစေ၍ ကြယ်တာရာကောင်းကင်မှာ ထစ်ချုန်းသံများဖြင့် ပြည့်နှက်လာတော့သည်။ မရေမတွက်သောလှိုင်းဂယက်များသည် အဋ္ဌမတောင်ပင်လယ်အပြည့် ချက်ချင်း ဖြာထွက်သွား၏။

မန်ဟို၏စိတ်စွမ်းအား၊ သူ၏စွမ်းအင်၊ သူ၏အရာအားလုံးသည် သတ္တမတောင်ပင်လယ်သခင်အပေါ် ဖိနှိပ်လိုက်သည့် မယုံကြည်နိုင်ဖွယ် ဖိအားကြီးတစ်ခုအဖြစ် စုစည်းသွား၏။

ဝုန်းးးးးးးးးးးးး

“ဆိုတော့ ခင်ဗျားက သတ္တမတောင်ပင်လယ်သခင်ပေါ့လေ။ ကျုပ် ခင်ဗျားကို စောင့်နေခဲ့ရတာ ကြာပြီ”

သတ္တမတောင်ပင်လယ်သခင်၏ မျက်လုံးများ ဝိုင်းစက်ပြူးကျယ်သွားသည်။ မူလက တည်ငြိမ်နေခဲ့သော မန်ဟို့ထံမှ မီးတောင်ကြီးသဖွယ် ပေါက်ကွဲထွက်လာသည့် ဖိအားက သခင်အဖြူ၏စွမ်းအင်ကို ပြိုင်ဘက်အား တွေ့လိုက်ရသကဲ့သို့ အတန်ငယ်တွန့်ဆုတ်သွားစေသည်။ သူတို့နှစ်ယောက်အကြား၌ ပြင်းထန်သောထစ်ချုန်းသံများ ဆူညံလာပြီး ကြယ်တာရာကောင်းကင်မှာ စုတ်ဖြဲခံနေရသလို ဖြစ်လာသည်။

ရုတ်တရက်ဆိုသလို စောစောက နောက်ဆုတ်နေခဲ့သော အဋ္ဌမတောင်ပင်လယ်ကျင့်ကြံသူများသည် စိတ်အေးသွားပြီး စိတ်လှုပ်ရှားလာကြတော့၏။

All Chapters