← Chapters

အဲဒီလှံ

Vol. 93 Ch. 1296

အဲဒီလှံ

Vol. 93 Ch. 1296

“ငါတို့တောင်ပင်လယ်သခင် ကောင်းကင်နတ်ဘုရားလား"

“သေချာပေါက် သူပဲ။ ကောင်းကင်နတ်ဘုရားပဲ အဋ္ဌမတောင်ပင်လယ်တစ်လျှောက် အဲဒီလို တန်ခိုးဖြန့်ကျက်နိုင်မှာ” အဋ္ဌမတောင်ပင်လယ်မှ ကျင့်ကြံသူအားလုံး အလွန်စိတ်လှုပ်ရှားလာကြတော့သည်။

စောစောက သတ္တမတောင်ပင်လယ်သခင်၏ ဖိနှိပ်မှုကြောင့် သူတို့မှာ ကြောက်စိတ်မွှန်ခဲ့ကြသော်လည်း ယခုတော့ ထိုသို့မခံစားကြရတော့ပေ။ သို့သော် ကောင်းကင်နတ်ဘုရားအဖွဲ့အစည်း၏ ဓမ္မစောင့်ရှောက်သူချုပ်နှင့် ကျန်တာအိုသခင်များမှာတော့ လုံးလုံးလျားလျား တုန်လှုပ်ကုန်ကြသည်။ အခြားသူများ သူတို့၏တောင်ပင်လယ်သခင်မှ လာနေသည်ဟု ယူဆနေကြသော လှိုင်းဂယက်များဖြာထွက်လာရာ ကြယ်တာရာကောင်းကင်တစ်နေရာသို့ လှမ်းကြည့်နေကြစဉ် သူတို့၏မျက်နှာများအပေါ်တွင် ချောက်ချားနေသော အရိပ်အယောင်များကို မြင်ရနိုင်သည်။

“အဲဒါ ... ကောင်းကင်နတ်ဘုရားအရှင်မဟုတ်ဘူး....” ဓမ္မစောင့်ရှောက်သူချုပ်သည် ရင်တဒိန်းဒိန်းခုန်နေရင်း တွေးလိုက်သည်။ ကောင်းကင်နတ်ဘုရားသည် လောလောဆယ်တွင် အဋ္ဌမတောင်ပေါ်၌ အိပ်ပျော်နေဆဲဖြစ်ကြောင်း သူ ခံစားနေရ၏။ အဋ္ဌမတောင်ပင်လယ်၏ တာအိုသခင်အားလုံးလည်း အလားတူ ခံစားနေရသည်။

“သူက ကောင်းကင်နတ်ဘုရားအရှင်မဟုတ်ရင် ... ဘယ်သူလဲ...” ယင်းက ဓမ္မစောင့်ရှောက်သူချုပ်နှင့် ကျန်တာအိုသခင်များ၏စိတ်ထဲတွင် ပြေးလွှားနေသော မေးခွန်းဖြစ်သည်။ ထို့နောက် တစ်စုံတစ်ယောက် သူတို့ခေါင်းထဲတွင် ပေါ်လာသဖြင့် ... သူတို့အားလုံး တုန်လှုပ်သွားကြတော့သည်။

ထိုလူက ... မကြာသေးမီက အစွမ်းထက်တာအိုမှော်သိုင်းတစ်ကွက်ဖြင့် စစ်မြေပြင်တစ်ခုလုံးကို ရှင်းလင်းခဲ့သော လူပင်။

“မန်ဟို” ဓမ္မစောင့်ရှောက်သူချုပ်က ပင့်သက်ရှိုက်ရင်း ပြောသည်။ နာမည် သူ၏ပါးစပ်မှ ထွက်သွားလျှင်ချင်း သူ၏နှလုံးသားမှာ ရှုပ်ထွေးသောခံစားချက်များဖြင့် ပြည့်နှက်သွားသည်။ ဤအခိုက်အတန့်တွင် တောင်ပင်လယ်သခင်တစ်ဦးနှင့် ညီမျှသော စွမ်းအားကို ထုတ်လွှတ်နေသူမှာ မန်ဟို့အပြင် တခြားလူမဟုတ်ကြောင်း သူတို့ သေချာသွားလေပြီ။

အဋ္ဌမတောင်ပင်လယ်ကျင့်ကြံသူအားလုံး စိတ်လှုပ်ရှားနေကြသော်လည်း သတ္တမတောင်ပင်လယ်သားများမှာတော့ အံ့အားသင့်နေကြသည်။ သူတို့၏အင်အားပြည့်လာမှုမှာ ရပ်တန့်သွားခဲ့၍ တိုက်ပွဲကား လျင်မြန်စွာပင် ပြန်လည်စတင်တော့သည်။

သို့သော် တိုက်ပွဲသည် ထိုမျှမပြင်းထန်တော့။ မည်သူမှ တိုက်ခိုက်ရာတွင် စိတ်ဝင်စားပုံမရကြပေ။ လူတိုင်းသည် တောင်ပင်လယ်နှစ်ခု၏ ကံကြမ္မာကို အဆုံးဖြတ်ပေးမည့် တိုက်ပွဲစတင်တော့မည့် အဝေးတစ်နေရာသို့သာ စိတ်ရောက်နေကြ၏။

၎င်းက ... တောင်ပင်လယ်သခင်တိုက်ပွဲတစ်ပွဲ ဖြစ်သည်။

သခင်အဖြူသာ ရှုံးလျှင် စစ်ရေးအခြေအနေက အဋ္ဌမတောင်ပင်လယ်၏ လက်ထဲသို့ ရောက်သွားလိမ့်မည်။ သတ္တမတောင်ပင်လယ်သခင် အသတ်ခံရလျှင်တော့ ထိုတောင်ပင်လယ်မှကျင့်ကြံသူအများအပြား သေကြေပျက်စီး၍ သတ္တမတောင်ပင်လယ်လည်း နလန်မထူနိုင်သော ဆုံးရှုံးပျက်စီးမှုကို ခံစားရလိမ့်မည်။

သို့သော် သခင်အဖြူ နိုင်လျှင်တော့ အဋ္ဌမတောင်ပင်လယ်ကား တည်ရှိတော့မည်မဟုတ်ပေ။

လူတိုင်းသည် ထိုတိုက်ပွဲ မည်ကဲ့သို့အဆုံးသတ်မည်လဲ မြင်ရဖို့ စောင့်နေကြ၏။

ဝုန်း

အကွဲကြောင်း၏အပြင်တွင် မန်ဟို၏စွမ်းအားသည် တဟုန်ထိုးမြင့်တက်နေသည်။ သူ့ကိုယ်ထဲရှိ ပါရာဂွန်တံတားသည် တဝုန်းဝုန်း အုံကြွနေပြီး သူ၏ကျင့်ကြံခြင်းအခြေခံလည်း တဝေါဝေါ လည်ပတ်နေသည်။ သူ၏ဝိညာဉ်မီးအိမ်များ ပျံထွက်လာပြီး သူ၏အရှိန်အဝါ ဖြာထွက်လာကာ သူ၏နတ်ဘုရားအာရုံစွမ်းအားက ကြယ်တာရာကောင်းကင်ကို တုန်ရီနေစေသည်။

ထို့နောက် သူက ရှေ့တစ်လှမ်းလှမ်းသည်။

ထိုခြေလှမ်းက မီးတောင်တစ်လုံး ပေါက်ကွဲသွားသလိုပင်။ မန်ဟို၏စွမ်းအားသည် သူ့ပတ်ပတ်လည်တွင် စုဝေးလာရင်း မထိုးဖောက်နိုင်သောတံတိုင်းကဲ့သို့ အရာတစ်ခုကို ဖော်ဆောင်နေ၏။ ထို့နောက် ထိုတံတိုင်းက သခင်အဖြူထံ ဦးတည်သွားသည်။

သခင်အဖြူသည် ထူးဆန်းစွာ လင်းလက်နေသော မျက်ဝန်းများဖြင့် မန်ဟို့ကို စိုက်ကြည့်နေ၏။ သူ၏အမူအရာမှာ အထင်သေးနေဟန် မရှိသည့်အပြင် လေးနက်နေသည်။ မန်ဟိုက သူ့အတွက် လျှော့တွက်မရသော ခြိမ်းခြောက်မှုတစ်ခုဖြစ်ကြောင်း သူ ပြောနိုင်သည်။

မန်ဟို၏စွမ်းအားတံတိုင်း သူ့ထံ ပြေးဝင်လာသည်ကို ကြည့်ရင်း သခင်အဖြူသည် လက်ဝှေ့ယမ်း၍ မျက်စိကျိန်းဖွယ် အဖြူရောင်အလင်းတန်းများကို ဖြာထွက်သွားစေလိုက်၏။ တစ်ဆက်တည်းမှာပင် ၎င်းတို့က အရပ်လေးမျက်နှာသို့ ပျံ့နှံ့သွားသည့် ဓားအရိပ်တစ်သန်း ဖြစ်လာသည်။ မန်ဟို၏တံတိုင်းမှာ အကြိမ်ပေါင်းများစွာ ထိုးစိုက်ခံလိုက်ရပြီး ပြိုကွဲသွားသဖြင့် တဝုန်းဝုန်းမြည်သံများ ပဲ့တင်ထပ်သွားတော့သည်။

ထိုပြိုကွဲမှုကြားထဲမှ သခင်အဖြူသည် လမ်းလျှောက်လာရင်း သူ၏လက်ချောင်းကို မန်ဟို့ကို လှုပ်ရှားကာ ဓားအလင်းတန်းတစ်သန်းအား တဝေါဝေါအော်မြည်နေသော မြစ်ကြီးတစ်စင်းသဖွယ် မန်ဟို့ထံ ပြေးဝင်သွားစေသည်။

အဝေးမှကြည့်လျှင် ၎င်းက ကမ္ဘာလောကများကို ဖျက်စီးချင်နေသော ကြယ်မြစ်ကြီးတစ်စင်း အရှိန်အဟုန်ပြင်းစွာ စီးဆင်းနေသည်နှင့်တူသည်။

အံ့အားသင့်ဖွယ်ကောင်းစွာနှင့် ဓားအလင်းတန်းတစ်တန်းစီတွင် ကြောက်ခမန်းလိလိ ဖျက်စီးတတ်သော တာအိုနယ်ပယ်စွမ်းအား ပါရှိနေပြီး အတူတကွပေါင်းစည်းသွားသည့်အခါ ကြယ်တာရာကောင်းကင်တွင် မျက်စိစူးစူးအရောင်အဝါများကို ပြိုးပြက်လက်သွားစေသည်။

မန်ဟိုက မျက်လုံးများမှေးကျဉ်းနေသည့်တိုင် နောက်မဆုတ်ပေ။ ထိုအစား နောက်တစ်လှမ်းလှမ်း၍ လက်သီးဆုပ်ကာ ထိုးချလိုက်၏။

၎င်းကား အသက်နုတ်လက်သီးမှတစ်ပါး အခြားမဟုတ်ပေ။

ကြယ်အလင်းရောင် ကြေမွသွားပြီး ဓားအလင်းတန်းများ ရှုံ့တွသွားသည်။ မန်ဟို၏လက်သီးချက်က တဝုန်းဝုန်းလည်ရင်း ဓားအလင်းကို ဖျက်စီးလိုက်သော ဧရာမဝဲကြီးတစ်ဝဲအား ဖန်ဆင်းလိုက်သည်။ အဝေးမှကြည့်ပါက ထိုကြယ်မြစ်၏စီးဆင်းမှုမှာ ရပ်တန်ခံနေရကြောင်း မြင်ရလိမ့်မည်။

သို့သော် ဤတင်မရပ်သေး။ မန်ဟိုက နတ်ဆိုးလက်သီးကို ထုတ်လွှတ်ရင်း တတိယမြောက်ခြေလှမ်းကို လှမ်းလိုက်သည်။

တစ်စုံတစ်ယောက်ကား မိုက်ရူးမှုချောက်နက်ထဲသို့ ခုန်ဆင်းရင်း နတ်ဆိုးအဖြစ် သောင်းကျန်းချင်နေသည့်အလားပင်။ မန်ဟို၏စွမ်းအားနှင့် ခိုင်မာပြတ်သားသောစိတ်ဆန္ဒမှ အားဖြည့်ပေးထားသော နတ်ဆိုးလက်သီးက ကျန်ဓားအလင်းများကို ထိုးခွင်းလိုက်သည်။ ဓားအလင်းတစ်ဝက်ကျော် ကြေမွသွားသဖြင့် ထစ်ချုန်းသံများ ပဲ့တင်ထပ်လာသည်။

မန်ဟိုက မျက်လုံးများ တောက်ပနေလျက် လေးလှမ်းမြောက်ကို လှမ်းလိုက်ပြီး ... နတ်ဘုရားသုတ်သင်လက်သီး ပေါ်လာသည်။

နတ်ဘုရားသုတ်သင်လက်သီး၏ စိတ်ဆန္ဒသည် လူတစ်ယောက်၏ အပြင်အားကိုယ်ခွန်အားကို စုစည်းရင်း ကောင်းကင်နှင့်မြေကြီးဖြင့် ပေါင်းစည်းကာ ကြယ်တာရာကောင်းကင်နှင့် တစ်သားတည်းဖြစ်နိုင်သည်။ သို့ဖြစ်၍ ဖျက်စီးမရသော လောကပါလကျင့်ကြံခြင်းအခြေခံနှင့် ကျင့်ကြံသူတစ်ယောက်သည် နတ်ဘုရားတစ်ပါးကို သုတ်သင်လိုက်သလို ကောင်းကင်ကို ဖျက်စီးကာ မြေပြင်ကို ချုပ်ငြိမ်းသွားစေနိုင်၏။

ဘုန်းးးးးးးးးးးးးးးးးး

ကြယ်တာရာကောင်းကင်မှာ ဆတ်ဆတ်ခါသွားပြီး တစ်လွှာပြီးတစ်လွှာ စုတ်ဖြဲခံနေရသည်။ ကျန်ဓားအလင်းများ တုန်ရီလာပြီးနောက် လေကြမ်းကြမ်းတစ်ချက်၏ တိုက်ခတ်ခံလိုက်ရသည့်အလား သခင်အဖြူဆီ ပြန်လွင့်ထွက်သွားကြသည်။

မန်ဟို၏မျက်ဝန်းများသည် သတ်ဖြတ်လိုစိတ်တို့ဖြင့် မီးဝင်းဝင်းတောက်နေ၏။ သူက တွန့်ဆုတ်မနေဘဲ ညာလက်ဖြင့် မုဒြာလက်ကွက်တစ်ကွက်ဖော်ရင်း ငါးလှမ်းမြောက်ကို လှမ်းသည်။ သွေးမိစ္ဆာကြီးပေါ်လာပြီး ပါးစပ်ကြီးဖြဲလျက် သခင်အဖြူဆီ ခုန်အုပ်လိုက်သည်။

သခင်အဖြူ၏သူငယ်အိမ်များ ကျုံ့သွားသည်။ သူက အေးစက်စက် နှာမှုတ်ရင်း ပြောလေသည်။ “စိတ်ဝင်စားစရာပဲ။ ငါတော့ မင်းကို နည်းနည်းပါးပါး လေးလေးနက်နက် တိုက်ခိုက်ရတော့မယ်”

ထို့နောက် သူက ညာလက်ဖြင့် မုဒြာလက်ကွက်ဖော်ပြီးနောက် သူ၏ရင်ဘတ်အပေါ် ဖိချလိုက်သည်။ ဖိမှုကြောင့် သူ့ပတ်ပတ်လည်တွင် အနှစ်သာရအရှိန်အဝါတစ်ခုနှင့်အတူ အအေးဓာတ် ဖြစ်ပေါ်လာသည်။

သို့သော် ဤအရာကား ရေခဲအနှစ်သာရမဟုတ်.... အခြားသူများ၏ အနှစ်သာရစွမ်းအားအပေါ် လွှမ်းမိုးနိုင်သောအရာဖြစ်သည်။ ၎င်းက ... ခံစားချက်မဲ့သုတ်သင်ခြင်းပင်။

ခံစားချက်မဲ့ဖို့ သော့ချက်က စိတ်ခံစားချက်ခုနစ်မျိုးနှင့် အာရုံခြောက်ပါးကို ဖယ်ရှား၍ လူတစ်ယောက်၏စိတ်ကို ရေခဲတမျှ အေးစက်အောင် လုပ်ကာ သုတ်သင်ခြင်းစိတ်ဆန္ဒအဖြစ် ပြောင်းလဲခြင်းဖြစ်သည်။ လက်ချောင်း လေတွင် လှုပ်ရှားလိုက်သည့်အခါ မန်ဟိုမှာ သူ့သွေးအားလုံး အေးခဲသွားသဖြင့် တုန်ရီသွားတော့သည်။ သခင်အဖြူ၏လက်ချောင်းက မန်ဟို၏ခံစားချက်အားလုံးကို ဖယ်ရှားရန် သူ၏ဝိညာဉ်အပေါ် ဖိချနေလေပြီ...

မိသားစုအချစ်၊ မိတ်ဆွေသံယောဇဉ်၊ ချစ်သူရည်းစားအချစ်....

တခဏအတွင်း ၎င်းတို့မှာ ပျောက်ကွယ်တော့မည့်အလား သူ့ထံ ဖယ်ရှားခံနေရပုံရသည်။ မန်ဟိုက ခေါင်းနောက်လှန်၍ ဟိန်းဟောက်ကာ သူ့ထံမှ အဆုံးမဲ့အလင်းရောင်အား တောက်ပစေလိုက်သည်။ ပါရာဂွန်တံတားသည် ရုတ်တရက် ထွက်လာပြီး အားကောင်းသော ရှေးအငွေ့အသက်များကို ထုတ်လွှတ်နေသော နတ်တံတားတစ်စင်း ဖြစ်လာ၏။

တံတားပေါ်လာလျှင်ချင်း အရာအားလုံး စတင် တုန်ရီလာပြီး သခင်အဖြူ၏ ခံစားချက်မဲ့အနှစ်သာရမှာ မလှုပ်ရှားနိုင်တော့ပေ။

ထိုတဒင်္ဂလေးတွင် မန်ဟို၏မျက်လုံးများက အေးစက်စွာ တောက်ပလာပြီး သူ့တစ်ကိုယ်လုံး တုန်ရီလာသည်။ သူ၏ကြယ်ကျောက်ခဲသည် အရည်ပျော်သွားပြီး အတွေးတစ်ချက်ကြယ်တာရာအသွင်ပြောင်းသိုင်း၏ ဂြိုဟ်တစ်ဂြိုဟ်ဖြစ်လာသည်။ ချက်ချင်း သူသည် အမြင့်ဆုံးအရှိန်ဖြင့် သခင်အဖြူဆီ ပြေးဝင်သွား၏။

သူကား ... ယခုချက်ချင်း အနိုင်ယူဖို့ ကြိုးစားနေလေသည်။

မျက်စိတစ်မှိတ်အတွင်း သူသည် သခင်အဖြူကို မျက်မှောင်ကြုတ်သွားစေသော ကြောက်ခမန်းလိလိစွမ်းအားဖြင့် ချဉ်းကပ်သွားနေလေပြီ။ ထို့နောက် သခင်အဖြူက ညာလက်ကို ဆန့်ထုတ်ကာ လေကို ဖိတွန်းလိုက်၏။

သူ၏ အနှစ်သာရ ၅ ခု အထွတ်အထိပ်အဆင့် ကျင့်ကြံခြင်းအခြေခံစွမ်းအားက လေကို ခွင်းရင်း ဂြိုဟ်ဆီ ထိုးထွက်သွားပြီးနောက် ၎င်းကို ဆုပ်ကိုင်လိုက်သော လက်ကြီးထဲ စုစည်းဝင်ရောက်သွားသည်။

လက်ကြီး၏ ဆုပ်ကိုင်လိုက်မှုက ဂြိုဟ်တစ်လုံးလုံးကို ခြေမွနိုင်ပုံရရာ ဂြိုဟ်တစ်လျှောက် အက်ကွဲကြောင်း ဖြာထွက်သွားသည်။ သို့သော် ၎င်းက သခင်အဖြူ အနားထပ်မကပ်နိုင်ခင် ၊ မီတာတစ်ရာကျော် ဝေးကွာနေသေးသည့်အချိန် ဝုန်းခနဲ ပေါက်ကွဲသွားသည်။

၎င်း၏နေရာတွင် ဂြိုဟ်အစအနများကြားမှ မယုံကြည်နိုင်ဖွယ် အမြန်နှုန်းဖြင့် ရွေ့လျားလာနေသော မိုးပြာရောင်အလင်းတန်းတစ်တန်း ပေါ်လာသည်။ ၎င်း ဧရာမလက်ကြီးကို ထိုးခွင်းလာသည့်အခါ မိုးပြာရောင်သိမ်းငှက်တစ်ကောင်ဖြစ်ကြောင်း ထင်ရှားလာ၏။

မျက်စိတစ်မှိတ်အတွင်း မန်ဟိုကား သတ္တုကျောက်ခဲတို့ကိုပင် ခွဲခြမ်းပိုင်းချပစ်နိုင်လောက်အောင် ချွန်မြနေသော ခြေသည်းများကို ထုတ်ရင်း သခင်အဖြူ၏အရှေ့တည့်တည့် ရောက်လာခါနီးလေပြီ။ သူ ခြေသည်းများဖြင့် ပိုင်းချလိုက်သည့်အချိန်မှာပင် တောင်ဝါးမြိုမန္တန်သည် ဧရာမတောင်ကြီးများကို အပေါ်မှ ကျဆင်းလာစေသည်။

သို့သော် ထိုမျှနှင့် မလုံလောက်သေး။ အံ့အားသင့်ဖွယ်ကောင်းစွာနှင့် လှံရှည်တစ်လက်သည် မိုးပြာရောင်သိမ်းငှက်အသွင်ဖြင့် မန်ဟို၏ဘေးတွင် ရုတ်တရက် ပေါ်လာ၏။ ထိုလှံက လောဘချိတ်ပွင့်ပေးခဲ့သော လှံ၊ လောကသစ်သားလှံရိုးနှင့် နဂါးလှံထိပ်ဖြင့် လှံဖြစ်သည်။

ဤအရာအားလုံးကို ဖော်ပြရန် အချိန်တချို့ ကြာလိုက်သော်လည်း တကယ်တမ်း မီးတစ်ခတ်သာ ကြာလိုက်သည်။ ကျင့်ကြံခြင်းအဆင့်များကို ထည့်တွက်လျှင် မန်ဟိုနှင့် သခင်အဖြူ၏တိုက်ပွဲကား လပေါင်းများစွာ ကြာနိုင်သည်။ နှစ်နှင့်ပင် ချီနိုင်သည်။

ဤတိုက်ပွဲမျိုးက တောင်ပင်လယ်လောကတွင် တစ်ခါမှ မဖြစ်ခဲ့ဖူးသည် မဟုတ်ပါလော။ အမှန်တွင် တိုက်ပွဲအတွင်း အဋ္ဌမတောင်ပင်လယ်တစ်ခုလုံးပင် ပျက်စီးသွားနိုင်ခြေရှိသည်။

သို့သော် .... တစ်ယောက်က အစွမ်းကုန်ထုတ်လျှင်တော့ တိုက်ပွဲကာလသည် ထင်ထားသည်ထက် တိုတောင်းနိုင်၏။ ယခုအချိန်အတွင် အစွမ်းကုန်တိုက်နေသူကား မန်ဟိုပင်။ သခင်အဖြူမှာ သူ ထိုသို့ မဆင်မခြင်တိုက်ခိုက်ရင်း သူ့အသက်ကို စွန့်စားလိမ့်မည်မဟုတ်ဟု ထင်ထားသော်လည်း သူက ထိုအတိုင်း လုပ်နေလေပြီ။

သခင်အဖြူပင် ဤသို့ဖြစ်လိမ့်မည်ဟု မခန့်မှန်းမိခဲ့ပေ။ သူက မျက်မှောင်ကြုတ်နေပြီး သတ်ဖြတ်လိုစိတ်က သူ့မျက်လုံးများတွင် တဖြည်းဖြည်း ပြည့်နှက်လာသည်။ သို့သော် စဉ်းစားနေရန် အချိန်မရှိ။ သူက ညာလက်ကို ချက်ချင်း ဝှေ့ယမ်းလိုက်ရာ သူ၏လက်သည်းခွံငါးခွံသည် ကြေမွသွားပြီး ကြောက်မက်ဖွယ် ကျိန်စာစွမ်းအားကို ထုတ်လွှတ်လျက် မန်ဟို့ထံ ပြေးဝင်သွားသော လခြမ်းငါးခြမ်းအသွင်ပြောင်းလိုက်၏။

မန်ဟို၏တောင်ဝါးမြိုမန္တန် ပြိုကွဲသွားသဖြင့် ကြယ်တာရာကောင်းကင်တစ်ခုလုံး ထစ်ချုန်းသွားသည်။ ပါရာဂွန်တံတားသည် တုန်ရီလာပြီး သူ၏မိုးပြာရောင်သိမ်းငှက်အသွင်မှာ ပြိုကွဲလာသည်။ အသားသွေးအစအနများ ပြန့်ကြဲသွားသည့်အချိန်မှာပင် မန်ဟိုသည် ပေါ်လာပြီး လှံကို ဆုပ်ကိုင်လိုက်၏။ ထို့နောက် လှံ၏အမြန်နှုန်းသည် ကြောက်ခမန်းလိလိ မြင့်တက်သွားပြီး လှံထိပ်က သခင်အဖြူ၏နဖူးထံမှ ခုနစ်လက်မသာ ကွာတော့အထိ ဝင်သွားတော့သည်။

ပြင်းထန်သောအန္တရာယ်အာရုံကို ရလိုက်သဖြင့် သခင်အဖြူ၏မျက်လုံးများ ပြူးကျယ်သွားသည်။ သူက ပါးစပ်ဟ၍ ဟိန်းဟောက်လိုက်ကာ သူ့အနောက်တွင်လည်း မန်ဟို့ကို ဟိန်းဟောက်နေသော ပုံရိပ်ယောင်အရိပ်ကြီးတစ်ခုအား ပေါ်လာစေသည်။

ထိုအသံစွမ်းအားသည် လေမုန်တိုင်းကြီးသဖွယ် အလင်းအားလုံးကို မှိန်ကျသွားစေ၏။

မန်ဟို့လှံရှည်အပေါ်ရှိ နဂါးက မာန်သွင်းဟိန်းဟောက်သော်လည်း ဧရာမအရိပ်ကြီးနှင့်ယှဉ်လျှင် အားနည်းနေလေသည်။ သခင်အဖြူ၏ဟိန်းဟောက်သံက လှံကို ကြေမွသွားစေ၍ ... အချိန်အနည်းငယ်လေးအတွင်း ၎င်းမှာ ပြာထက်မပိုတော့ပေ။

“အားနည်းလွန်းတယ်” သခင်အဖြူက အရေးမစိုက်သလို ပြောလိုက်သော်လည်း သူ့နှလုံးသားမှာ စိုးရိမ်ထိတ်လန့်မှုတို့ဖြင့် တဒိန်းဒိန်း ခုန်နေလေပြီ။

ထိုအခိုက်အတန့်တွင် မန်ဟို့လက်ထဲရှိ လှံက တုန်ရီလာသည်။

“မိစ္ဆာလက်နက် အဖော်မဲ့သင်္ချိုင်း” မန်ဟိုက ပြောသည်။

လှံ၏ပြိုကွဲမှုက ... ၎င်းအတွင်း၌ နောက်လှံတစ်လက် ဖုံးကွယ်ခံထားရကြောင်း ဖော်ပြလိုက်သည်။

ထိုလှံသည် မည်းနက်နေပြီး မရေမတွက်နိုင်သောဝိညာဉ်များ စုစည်းထားသယောင် ရှိ၏။ ၎င်းကား ... မိစ္ဆာချုပ်နှောင်သူများအတွက် ... ပြိုင်ဘက်ကင်းသော အဖိုးထိုက်ရတနာတစ်ပါး၊ မိစ္ဆာလက်နက်အဖော်မဲ့သင်္ချိုင်းပင်။

လှံပေါ်လာသည်နှင့်တစ်ပြိုင်နက် မန်ဟို၏စွမ်းအင်သည် တဟုန်ထိုး မြင့်တက်သွားပြီး လှံက သခင်အဖြူ၏နဖူးထံ ထွက်သွားသည်။

အရာအားလုံး အဆက်အစပ်မိခဲ့လေပြီ။ ပထမဆုံး သူ၏အရှိန်ပြင်းပြင်းအဖွင့်တိုက်ကွက်၊ ထို့နောက် သေခါနီးဖြစ်မှု၊ ဂြိုဟ်၏ပြိုကွဲခြင်း၊ တောင်များပျက်စီးခြင်း၊ နဂါးလှံကျိုးပျက်ခြင်း ... ထိုအရာအားလုံးက ဤလှံတိုက်ကွက်အတွက် အင်အားစုစည်းနေခဲ့ခြင်းဖြစ်သည်။

သခင်အဖြူကား ဣန္ဒြေမဆည်နိုင်တော့အောင် မျက်စိမျက်နှာပျက်သွားတော့သည်။

All Chapters