← Chapters

အခန်း (၁၀၄၅-၁၀၄၇)

Vol. 70 Ch. 1045-1047

အခန်း (၁၀၄၅-၁၀၄၇)

Vol. 70 Ch. 1045-1047

အပိုင်း(၁၀၄၅)

"သောက်ချီးပဲ."

ဘေးတစ်ဖက်တစ်ချက်စီမှ တစ်ဟုန်ထိုး ချဉ်းကပ်လာနေသော အစိမ်းရောင်ဝတ်မိန်းကလေးနှင့် ကုန်းစွန်းထိုက်ယင်တို့ကို ကြည့်ကာ ရှစ်ဖုန့်က အေးစက်စွာ အော်ဟစ်လိုက်သည်။

ထို့နောက် အစွမ်းကုန်စုစည်းထားပြီးဖြစ်သော သူ၏လက်ဖဝါးနှစ်ဖက်အား ရှေ့တွင် အဆက်မပြတ် ကျဆင်းသည့် အနီရောင်မီးကြာပန်းလေးများထံသို့ တွန်းထုတ်လိုက်၏။

ဤတစ်ကြိမ်တွင် ရှစ်ဖုန့်က မီးကြာပန်း စုစုပေါင်း သုံးဆယ့်နှစ် ပွင့်ကို တွန်းထုတ်ခဲ့ခြင်းဖြစ်သည်။ ၎င်းတို့မှာ လှိုင်းနှစ်လှိုင်း ခွဲထုတ်ခံလိုက်ရပြီး အစိမ်းရောင်ဝတ်မိန်းကလေးနှင့် ကုန်းစွန်းထိုက်ယင်တို့ရှိရာ နှစ်ဖက်စလုံးသို့ ပစ်ဝင်သွားသည်။

၎င်းတို့နှစ်ဦး ချဉ်းကပ်လာသည်ကို မြင်သောအခါ ရှစ်ဖုန့်အနေဖြင့် မပေါ့ဆရဲပေ။ သူ့အနေဖြင့် ၎င်းတို့အား အနီးသို့ အကပ်မခံနိုင်ချေ။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့က စောစောက နတ်ဆိုးသားရဲသုံးကောင်နှင့် တူညီသောအဆင့်၌ရှိမနေသောကြောင့် ဖြစ်သည်။

ထို့နောက် ရှစ်ဖုန့်ထံသို့ ဦးတည်လာနေသော ထိုပုံရိပ်နှစ်ခုမှာ ဟင်းလင်းပြင်ထဲ၌ဖျက်ခနဲပေါ်လာပြီး ၎င်းတို့ထံသို့ တိုးဝင်လာသည့် မီးကြာပန်းများကို ရင်ဆိုင်လိုက်ရသည်။

ကုန်းစွန်းထိုက်ယင်မှာ သူ၏ထံသို့ ပစ်ဝင်လာသော မီးကြာပန်း ဆယ့်ခြောက် ပွင့်ကို မြင်လိုက်ရသောအခါတွင် လျင်မြန်စွာရှောင်တိမ်းလိုက်သည်။

အခြားတစ်ဖက်တွင်မူ ကြေးနီရောင်စစ်ရထားပေါ်ရှိ အစိမ်းရောင်ဝတ်မိန်းကလေးမှာလည်း လျင်မြန်စွာ လှုပ်ရှားလိုက်၏။ သို့သော် သူမက ကုန်းစွန်းထိုက်ယင်နှင့် ဆန့်ကျင်ဘက်ဖြစ်ပြီး စစ်ရထားနှင့်အတူ အောက်ဘက်သို့ ထိုးဆင်းသွားခြင်းဖြစ်သည်။

သို့သော် အနီရောင်မီးကြာပန်းများ၏ ဘေး၌ရှိနေသော ရှစ်ဖုန့်က ဤမျှလွယ်လွယ်ကူကူလက်လျှော့တတ် သူမဟုတ်ပေ။ ၎င်းတို့နှစ်ဦးက မီးတောက်ပထမလှိုင်းအား ရှောင်တိမ်းသွားသည်ကို မြင်လိုက်ရသောအခါတွင် သူ၏လက်ဖဝါးများကို ရှေ့သို့ ထပ်မံ တွန်းထုတ်လိုက်ပြန်သည်။

ချက်ချင်းဆိုသလို နောက်ထပ် ငရဲမီးကြာပန်းနှစ်ဆယ့်နှစ်ပွင့် တွန်းထုတ်ခံလိုက်ရ၏။

အနီရောင်မီးကြာပန်း ဆယ့်တစ် ပွင့်မှာ အပေါ်ဘက်သို့ ရောက်နေသော ကုန်းစွန်းထိုက်ယင်ထံသို့ ပစ်ဝင်သွားသည်။

အခြားဆယ့်တစ် ပွင့်မှာ အောက်ဘက်သို့ ရောက်နေသော အစိမ်းရောင်ဝတ်မိန်းကလေးထံသို့ ထောင့်ဖြတ်အတိုင်း ဝင်ရောက်သွား၏။

ရှစ်ဖုန့်က ထွက်ပြေးရန် ကြိုးစားနေသော ထိုလူနှစ်ဦးကို ကြည့်၍ အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။

"ဟမ့်... မင်းတို့ သူတောင်းစားနှစ်ကောင်က ဒီသခင်လေးကို သတ်ချင်တာလား….ဒီသခင်လေးကပဲ မင်းတို့ကို အရင်ဆုံး ဒုက္ခိတဖြစ်အောင် လုပ်ပေးလိုက်မယ်"

ပထမလှိုင်းအား ရှောင်တိမ်းပြီးကာစရှိသေးသော ကုန်းစွန်းထိုက်ယင်မှာ နောက်ထပ် အနီရောင်မီးကြာပန်းများ သူ၏ထံသို့ ထပ်မံရောက်ရှိလာသည်ကို တွေ့လိုက်ရသည်။

"အိုး..မကောင်းတော့ဘူး..."

အနီရောင်မီးကြာပန်းလှိုင်းကို မြင်လိုက်ရသောအခါ ကုန်းစွန်းထိုက်ယင်က အလန့်တကြား အော်ဟစ်လိုက်သည်။ ဤနေရာရောက်အောင်သူ၏ပုံရိပ်က ဦးတည်လာခဲ့သော်လည်း ရွေးချယ်စရာမရှိသောကြောင့် နောက်သို့ ပြန်လည်ဆုတ်ခွာလိုက်ရ၏။

"ချီးပဲ.."

အောက်ဘက်၌ စစ်ရထားနှင့်အတူ ထိုးဆင်းနေသော အစိမ်းရောင်ဝတ်မိန်းကလေးမှာလည်း နောက်ထပ် မီးကြာပန်းလှိုင်းကို မြင်တွေ့လိုက်ရသောအခါတွင် သူမ၏ ချစ်စဖွယ်အသံဖြင့် မုန်းတီးမှုအပြည့်အော်ဟစ်လိုက်သည်။

ထို့နောက် သူမက အေးစက်စွာ အော်ပြောလိုက်၏။

"ဒီကောင်က ငါ့ကို ထပ်ခါတလဲလဲ နောက်ဆုတ်အောင် လုပ်နိုင်လိမ့်မယ်လို့ ငါမယုံဘူး"

အစိမ်းရောင်နှင့် မိန်းကလေးက အော်ဟစ်လိုက်သကဲ့သို့ သူမ၏ ဖြူစင်နုနယ်သော လက်အစုံဖြင့် လက်ဝါးပုံရိပ်တစ်ခုကို ပုံဖော်လိုက်သည်။ ထို့နောက် သူမထံသို့ ထောင့်ဖြတ်အတိုင်း ပစ်ဝင်လာသည့် ငရဲမီးကြာပန်း ဆယ့်တစ်ပွင့်ထံသို့ သူမ၏ လက်ဝါးများကို တွန်းထုတ်လိုက်၏။ ပြင်းထန်သည့် မမြင်နိုင်သော စွမ်းအားတစ်ခု ဖြစ်ပေါ်လာသည်။

မိန်းကလေး၏ လက်ဝါးကြောင့် ထွက်ပေါ်လာသော မမြင်နိုင်သည့်စွမ်းအားက သူမထံသို့ဝင်ရောက်လာသော မီးကြာပန်းဆယ့်တစ်ပွင့်အားထိမှန်သွားသည်။

အစိမ်းရောင်နှင့်မိန်းကလေး၏ စွမ်းအားကြီး လက်ဝါးရိုက်ချက်အောက်တွင် အနီရောင်မီးကြာပန်း ဆယ့်တစ်ပွင့်မှာ ရုတ်တရက် ရပ်တန့်သွားသည်။

ထို့နောက် အနီရောင်မီးကြာပန်းများမှာ ပြင်းထန်စွာ တုန်ခါလာပြီး ဟင်းလင်းပြင်ကြီး တစ်ခုလုံးကိုပါ တုန်လှုပ်သွားစေသည်။

ဤမြင်ကွင်းမှာ အစောပိုင်းက စစ်ရထားကို မီးကြာပန်းများဖြင့် တရစပ်စတိုက်ခိုက်စဉ်ကနှင့် ဆင်တူလှ၏။

"ဝူးရှ်..ဝူးရှ်..ဝူးရှ်..ဝူးရှ်”

ထို့နောက် ယခင်ကကဲ့သိုပ် အနီရောင်မီးကြာပန်း ဆယ့်တစ်ပွင့်မှာ ပြင်းထန်သော မီးတောက်များအဖြစ် ပြောင်းလဲသွားပြီး အရပ်မျက်နှာ အနှံ့သို့ သိမ်းကျုံးပျံ့နှံ့သွားသည်။

ဟင်းလင်းပြင်ကြီးတစ်ခုလုံး ရုတ်ခြည်း အနီရောင် မီးပင်လယ်ကြီးအဖြစ်သို့ ပြောင်းလဲသွား၏။

"မဖြစ်နိုင်တာ... မကောင်းတော့ဘူး... ချီးပဲ.."

အစိမ်းရောင်နှင့်မိန်းကလေးမှာ အရှိန်အဟုန်ဖြင့် ပျံ့နှံ့လာသော မီးပင်လယ်ကြီးနှင့် လူတစ်ယောက်၏နှလုံးသားအား တုန်လှုပ်စေသော အေးစက်စက် အရှိန်အဝါကို ခံစားမိလိုက်သောအခါတွင် သူမ၏ အေးစက်သော မျက်နှာထက်၌ ထိတ်လန့်တုန်လှုပ်မှုများ ဖြစ်ပေါ်လာသည်။ ထို့နောက် သူမက ကြေးနီရောင်စစ်ရထားနှင့်အတူ အသည်းအသန် နောက်သို့ဆုတ်ခွာလိုက်သည်။

သို့သော် အစိမ်းရောင်ဝတ်မိန်းကလေးမှာအနီရောင် မီးပင်လယ်နှင့် အလွန်နီးကပ်နေ၏။အနီရောင်မီးပင်လယ်ကအလွန်လျှင်မြန်စွာ လောင်ကျွမ်းလာသည်။ မျက်စိတစ်မှိတ်အတွင်း မီးတောက်များက သူမ၏ရှေ့သို့ ရောက်ရှိလာ၏။

"ဒီအငြိုးကို... ငါ ကူယန်... မှတ်ထားမယ်"

ရှေ့၌ရှိနေသော ပြင်းထန်သည့် မီးပင်လယ်ကို ကြည့်ကာ အစိမ်းရောင်ဝတ်စုံနှင့် မိန်းကလေးက လက်သီးကို တင်းတင်းဆုပ် အံကိုကြိတ်၍ ပြောလိုက်သည်။

ထို့နောက် ကူယန်က သူမ၏ခြေထောက်များကိုလှုပ်ရှားလိုက်ပြီး သူမ၏ပုံရိပ်က အသည်းအသန် နောက်ဆုတ်သွားသည်။ အလျင်အမြန် ဆုတ်ခွာနေစဉ် သူမ၏အောက်ရှိ ကြေးနီရောင်စစ်ရထားမှာ ရှေ့သို့ ပျံတက်သွားပြီး ပြင်းထန်သော မီးတောက်မျာအား သူမအတွက် တားဆီးပေးလိုက်သည်။

စစ်ရထားအား ပြင်းထန်သော အနီရောင်မီးတောက်များက လျင်မြန်စွာလွှမ်းခြုံသွားသည်။ သို့သော် စစ်ရထား၏ ခေတ္တကာကွယ်ပေးမှုကြောင့် ကူယန်တစ်ယောက် အနီရောင် မီးပင်လယ်အတွင်းမှ လွတ်မြောက်သွားနိုင်ခဲ့၏။

လေထုထဲ၌ တောက်လောင်နေသော အနီရောင်မီးပင်လယ်အား ကြည့်ရင်း ကူယန်၏ မျက်နှာထက်ရှိ မုန်းတီးမှုတို့က ပို၍ပြင်းထန်လာသည်။ သူမ၏ ကြေးနီရောင်စစ်ရထားမှာ အနီရောင်မီးပင်လယ်ကြောင့် အမှုန့်ဖြစ်သွားခဲ့ပြီဖြစ်ကြောင်း အာရုံခံမိပြီးဖြစ်သည်။

ဤရှေးဟောင်းစစ်ရထားမှာ ကြယ်သုံးပွင့် နတ်ဘုရားတစ်ပိုင်းနယ်ပယ် လက်နက်တစ်ခု ဖြစ်သည်။ ကူအယ်တောင်ကဲ့သို့ အင်အားကြီးမားသော နေရာမျိုး၌ပင် ဤကဲ့သို့သော စစ်ရထားကို စီးနင်းနိုင်သူ အလွန်နည်းပါးသည်ဖြစ်၏။ သူမကဲ့သို့ မြင့်မြတ်သော အဆင့်အတန်းရှိသူများသာ ဤကဲ့သို့စစ်ရထားမျိုးအားစီးနင်းရန် အရည်အချင်းမီသည်ဖြစ်သည်။

"ဟမ့်..."

သူ့ရှေ့ရှိ အစိမ်းရောင်ဝတ်မိန်းကလေးက ထွက်ပြေးသွားသည်ကို မြင်ရပြီး အနီရောင်မီးကြာပန်းများကြောင့် စစ်ရထားက ဖျက်ဆီးခံလိုက်ရသည်ကို တွေ့ရသောအခါ ရှစ်ဖုန့်က အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။

ထိုစစ်ရထားမှာ သာမန်မဟုတ်ကြောင်း ရှစ်ဖုန့် အစောကတည်းက အာရုံခံမိပြီးဖြစ်သည်။

"ဟားဟား... ဒီခွေးမတော့ ... ဝဋ်လည်တာပဲ... ဝဋ်လည်တာပဲကွ… ဒီလို အမှိုက်စစ်ရထားကို ငါ့လို မြင့်မြတ်တဲ့သူကဆွဲဖို့ ဘယ်သူကတောင်းဆိုခိုင်းလို့လဲ…..ငါ့ရဲ့မြင့်မြတ်တဲ့အဆင့်အတန်းကြောင့် အခုတော့ ကောင်းကင်ကြီးကတောင် မကြည့်ရက်နိုင်ဘဲ သူ့စစ်ရထားကို မီးရှို့ပစ်လိုက်ပြီ"

စစ်ရထားအား အနီရောင်မီးကြာပန်းများ၏ လွှမ်းခြုံဝါးမျိုသွားမှုကို မြင်လိုက်ရသောအခါတွင် နတ်ဆိုး သားရဲဘုရင် အနက်ရောင်ရေလွှမ်းနဂါးအနေဖြင့် စိတ်ထဲမှ ကြိတ်၍ အားရဝမ်းသာ ဖြစ်နေသည်။

သူက နတ်ဆိုးရိုင်းတောင်တန်း၏ အစွမ်းထက်ဆုံး သတ္တဝါဖြစ်သော်လည်း ဤအခိုက်အတန့်တွင်မူ စိတ်ထဲ၌သာ ကျေနပ်ဝမ်းသာအာရဖြစ်ရဲသည်ဖြစ်သည်။

"ဟားဟားဟား...ခွေးမ…... ကုန်းစွန်းထိုက်ယင်... မင်းတို့က ဒီသခင်လေးကို သတ်ချင်တာ မဟုတ်ဘူးလား….. ဘာလို့ ကိုယ်တိုင်လာမသတ်ကြတာလဲ…ဘာလို့ အခုတော့ ခွေးပြေးဝက်ပြေး ပြေးနေကြတာလဲ"

ဤအချိန်တွင် ရှစ်ဖုန့်က ထပ်မံ ကျယ်လောင်စွာ ဟက်ဟက်ပက်ပက်ရယ်မောလိုက်ပြီးကုန်းစွန်းထိုက်ယင်နှင့် အစိမ်းရောင်ဝတ်မိန်းကလေးတို့ကို ပြောလိုက်သည်။

အနီရောင်မီးကြာပန်းများ၏ အကူအညီကြောင့် သူက နောက်တစ်ကြိမ် မောက်မာဝင့်ကြွားနေသည်။

အထူးသဖြင့် အစောပိုင်းက အစိမ်းရောင်ဝတ်မိန်းကလေးအား အနီရောင်မီးကြာပန်းများက လောင်ကျွမ်းမှုနီးဖြစ်သွားသည်ကို မြင်လိုက်ရသောအခါတွင်ဖြစ်သည်။ ထိုခွေးမအားပြာအဖြစ်လောင်ကျွမ်းသွားခဲ့လျှင် သို့မဟုတ် သေသည်အထိလောင်ကျွမ်းသွားခဲ့လျှင် ပို၍စိတ်ကျေနပ်ဖို့ကောင်းလိမ့်မည်ဖြစ်သည်။

ကုန်းစွန်းထိုက်ယင်၏ အကြည့်မှာ သွေးနီရောင်မီးပင်လယ်ကို ကျော်ဖြတ်ပြီး ထိုဘက်သို့ကြည့်လိုက်သည်။ သူ၏မျက်လုံးထဲ၌ ဤလူငယ်က ရည်ရွယ်ချက် အထမြောက်သွား၍ ဝမ်းသာနေသော လူယုတ်မာတစ်ယောက်ကဲ့သို့ပင်ဖြစ်သည်။

"သူတောင်းစားလေး.. စောစောစီးစီး ပျော်မနေနဲ့ဦး”

ကုန်းစွန်းထိုက်ယင်က ရှစ်ဖုန့်အား လက်ညှိုးထိုး၍ ဒေါသတကြီး အော်ဟစ်လိုက်သည်။

"နင် ဒီနေ့ အသက်ရှင်သွားလည်း ဘာဖြစ်လဲ…. နင့်ကို ကူအယ်တောင်က တစ်သက်လုံး အမဲလိုက်တာကို ခံရမှာ… နင် အသက်ကြာကြာရှင်ရမှာမဟုတ်ဘူး”

ကူယန်က ရှစ်ဖုန့်အား မုန်းတီးမှုအပြည့်ဖြင့် ကြိမ်းဝါးလိုက်သည်။

ကုန်းစွန်းထိုက်ယင်နှင့် အစိမ်းရောင်ဝတ်မိန်းကလေး၏ စကားများအား ကြားလိုက်ရသောအခါတွင် ရှစ်ဖုန့်က အထင်သေးမှုတို့ပြည့်နှက်နေသော လေသံဖြင့်ပြောလိုက်သည်။

"ဘာတွေ လာပြီး အာသီးရောင်နေတာလဲ.. လူအများကြီးက ဒီသခင်လေးကို အဲ့လိုပေါက်ကရတွေအများကြီး ပြောခဲ့ဖူး ပေမဲ့ …ဒီသခင်လေးကတော့ အခုထိ ဒီကမ္ဘာပေါ်မှာ ကျန်းဂန်သာလို့မာနေတုန်းပဲ”

“ဒီသခင်လေးကို အဲ့လို ပေါက်ကရတွေ လာပြောပြီး….ကိုယ့်ကိုယ်ကိုယ် ဟုတ်လှပြီထင်နေတဲ့ အမှိုက်တွေအားလုံးကတော့ ….. အခု လောကကြီးထဲမှာ မရှိကြတော့ဘူး... သူတို့တွေကလည်း အခု မင်းတို့ဖြစ်နေတာနဲ့တစ်ပုံစံတည်းဖြစ်ခဲ့တာပဲ”

ဆက်ရန်…..

ဘာသာပြန်သူ-ARISE

ငရဲဘုံကိုးခု ဧကရာဇ် စာစဉ်(၇၀)

အပိုင်း(၁၀၄၆)

အချိန်များက တရွေ့ရွေ့ ကုန်ဆုံးသွားပြီး သူတို့ရှေ့၌ရှိနေသည့် ဟင်းလင်းပြင်ထဲမှ မီးပင်လယ်ကြီးမှာ တဖြည်းဖြည်း မှေးမှိန်ပျောက်ကွယ်လာသည်။

ဤအချိန်တွင် အနီရောင်ငရဲမီးကြာပန်းဘေး၌ ဝင့်ကြွားစွာ ရပ်နေသော ရှစ်ဖုန့်က သူ့ရှေ့ရှိ ပညာရှင်နှစ်ဦးအား အထင်သေးမှုအပြည့်ဖြင့် ကြည့်လိုက်သည်။

ကူအယ်တောင်မှ အစိမ်းရောင်ဝတ်မိန်းကလေး ကူယန်နှင့် မြေရိုင်းမြို့တော်၏ အရှင်သခင်ဖြစ်သူ ကုန်းစွန်းထိုက်ယင်တို့က ရှစ်ဖုန့်အား ဒေါသနှင့် မုန်းတီးမှုအပြည့်ဖြင့် ကြည့်နေကြသည်။ သူတို့မျက်လုံးထဲ၌ ရှစ်ဖုန့်က ရည်ရွယ်ချက် အထမြောက်သွား၍ ဝမ်းသာနေသော လူယုတ်မာတစ်ယောက်နှင့်သာ တူနေသည်။

ယခုအချိန်တွင် သူတို့နှစ်ဦးမှာ အနီရောင်ငရဲမီးကြာပန်းအောက်မှ မီးပင်လယ်ထဲရှိ ဒေါသမာန်ဟုန်ကြာပန်းကို ပူးပေါင်းရယူဖို့ထက် ရှစ်ဖုန့်အား မည်ကဲ့သို့သတ်ရမည်ဆိုသည်ကိုသာ တွေးနေကြသည်။

အကယ်၍ ရှစ်ဖုန့်သာ မသေခဲ့လျှင် ဒေါသမာန်ဟုန်ကြာပန်းအား ရယူဖို့က မလွယ်ကူပေ။ အကယ်၍သူတို့သာ ဂရုမစိုက်လျှင် ပထဝီဝင်အနေအထား အသာစီးရနေသော ရှစ်ဖုန့်လက်ချက်ဖြင့် သူတို့ပါ အသက်ပျောက်သွားနိုင်သည်ဖြစ်သည်။

"ဒီနတ်ဆိုးကောင်က အနီရောင်ငရဲမီးကြာပန်းဘေးမှာ ပုန်းနေတာ... သူသာ အဲ့ဒီအနီရောင်မီးကြာပန်းကို ထပ်ပြီး အသက်သွင်းလိုက်ရင် ငါတို့အတွက် တကယ်ကို ကိုင်တွယ်ရခက်သွားလိမ့်မယ်"

ကုန်းစွန်းထိုက်ယင်ကရှစ်ဖုန့်အားကြည့်နေသကဲ့သို့ အံကိုကြိတ်ကာ ကူယန်ကိုပြောလိုက်သည်။

"ဟမ့်..."

ကူယန်ကလည်း ဒေါသတကြီး နှာခေါင်းရှုံ့လိုက်၏။ သူမ အလွယ်တကူ နင်းခြေသတ်ပစ်နိုင်သည်ဟု ထင်ထားခဲ့သော ပုရွက်ဆိတ်တစ်ကောင်က ယခုအခါ၌ သူမအတွက် ကြီးမားသော ခြိမ်းခြောက်မှုတစ်ခု ဖြစ်လာလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။ ထိုထက်ပိုသည်ကား ၎င်းအားသတ်ရန် ကြိုးစားရင်း သူမ၏ ကြေးနီရောင်စစ်ရထားပါ ပျက်စီးသွားခဲ့ရသည်ဖြစ်သည်။

"အစက ကျွန်တော် ရှစ်ဖုန့် သေပြီလို့ ထင်ထားတာ... ဒါပေမဲ့ သူ ဒီလောက်အထိ မောက်မာနေနိုင်လိမ့်မယ်လို့ မထင်ထားမိဘူး"

လုံရှန်းက ဝင့်ကြွားနေသော ရှစ်ဖုန့်အား ကြည့်၍ အနက်ရောင်ရေလွှမ်းနဂါးကို တိုးတိုးလေး ပြောလိုက်သည်။

"ဟားဟား"

လုံရှန်း၏ စကားတို့အား ကြားရသောအခါတွင် အနက်ရောင် ရေလွှမ်းနဂါးက ရယ်မောလိုက်ပြီးတိုးတိုးလေးပြောလိုက်၏။

"ဒီကောင့်မှာ မသေမျိုးနတ်ဆိုးခန္ဓာကိုယ် ရှိနေတာပဲ... နတ်ဘုရားတွေကသူ့ကို မသေစေချင်ပုံရတယ်…….အဲ့သူတောင်းစားမလေး ဒုက္ခရောက်နေတာကို မြင်ရရုံနဲ့တင် ငါက အရမ်းပျော်နေပြီ ဟားဟားဟား”

အချိန်တွေများကဖြည်းညှင်းစွာကုန်ဆုံးလာနေသည်။အခြားတစ်ဖက်တွင် ကူယန်နှင့် ကုန်းစွန်းထိုက်ယင်တို့က သူတို့ရှေ့ရှိဟင်းလင်းပြင်အား မုန်းတီးမှုအပြည့်ဖြင့်ကြည့်နေကြသည်။

တစ်ဖက်ခြမ်းတွင်တော့ ရှစ်ဖုန့်ကလည်း ရှေ့ရှိဟင်းလင်းပြင်ထဲသို့ မောက်မာစွာ ပြန်ကြည့်နေသည်။ ယခုအခြေအနေက လုံးဝ မတိုးသာမဆုတ်သာအခြေအနေလုံးဝဖြစ်နေ၏။မည်သူမှအလျင်စလို မဆင်မခြင်လှုပ်ရှားရဲခြင်းမရှိကြချေ။

"အခြေအနေ ဘယ်လိုလဲ….. သေသွားပြီလား”

ထိုအခိုက်အတန့်တွင် ရှစ်ဖုန့်တစ်ယောက် သွေးကျောက်ပြားအတွင်းမှ အိုမင်းအက်ရှသော အသံတစ်ခုကို ကြားလိုက်ရသည်။ ယင်းက ဝတ်ရုံနက်၏အသံဖြစ်၏။

"ဒီသခင်လေးက ကံကောင်းတယ်... လွယ်လွယ်နဲ့သေမဲ့သူမဟုတ်ဘူး"

ရှစ်ဖုန့်က သွေးကျောက်ပြားအတွင်းမှ ဝတ်ရုံနက်ကို ပြန်ဖြေလိုက်သည်။

"အိုး”

ဝတ်ရုံနက်က ရှစ်ဖုန့်အား ထပ်မံမေးလိုက်၏။

“မင်းက တော်တော်တော်တာပဲ... ကုန်းစွန်းထိုက်ယင်နဲ့ တွေ့ပြီးတာတောင် ဒီလောက်အထိ အသက်ရှင်နေနိုင်သေးတယ်ပေါ့... သူ့ကို အပြတ်ရှင်းလိုက်နိုင်ပြီလား”

"ဟင့်အင်း…. သူ အခု ဒီသခင်လေးရှေ့မှာတင် ရှိနေတာ... ဒါပေမဲ့ သူ ဒီသခင်လေးကို ကြောက်လို့ မလာရဲဘူး"

ရှစ်ဖုန့်က ပြန်ဖြေလိုက်၏။

“အိုး..ကုန်းစွန်းထိုက်ယင်က မင်းကိုမသတ်ရဲဘူးလား”

ဝတ်ရုံနက်၏အသံ၌အံ့အားသင့်မှု ပါဝင်နေသော်လည်း ယုံကြည်သည့်ပုံတော့မရချေ။

“ဒါပေါ့”

ရှစ်ဖုန့်ကဝင့်ကြွားစွာပြန်ဖြေသည်။

ထို့နောက် သူက သွေးကျောက်ပြားအား အာရုံခံကြည့်လိုက်သည်။ သွေးကျောက်ပြားမှာ သူနှင့်သက်ဆိုင်သောအရာဖြစ်သဖြင့် အတွင်း၌ရှိနေသည့် အရာအားလုံးအားအာရုံခံနိုင်သည်ဖြစ်သည်။မကြာမီမှာပင် ဝတ်ရုံနက်၏ အခြေအနေကို သူ သိလိုက်ရသည်။

"မင်း အဆင့်တက်သွားပြီလား”

သွေးကျောက်ပြားအတွင်း၌ရှိနေသည့် ဝတ်ရုံနက်တစ်ယောက် ကြယ်နှစ်ပွင့် နတ်ဘုရားတစ်ပိုင်းနယ်ပယ် သို့ ရောက်ရှိသွားကြောင်း ရှစ်ဖုန့် အာရုံခံမိလိုက်၏။

"ဟုတ်တယ်"

ဝတ်ရုံနက်ကပြန်ဖြေသည်။ထို့နောက်သူကပြောလိုက်သည်။

"ဒါပေမဲ့ ကုန်းစွန်းထိုက်ယင် ရှိနေသရွေ့တော့ ငါ အဆင့်တက်သွားလည်း မင်းကို ကူညီနိုင်မှာ မဟုတ်ဘူး... ငါ မင်းရဲ့ ရွှမ်းလက်နက်ဟင်းလင်းပြင်ထဲမှာပဲ ဆက်နေဦးမယ်"

ဝတ်ရုံနက်က စကားဆုံးပြီးနောက်အခြား ဘာမှ ထပ်ပြောခြင်းမရှိတော့ပေ။

သူမ ပြောသည်ကားမှန်ပေသည်။မြေရိုင်းဒေသ၏ စွမ်းအားအကြီးဆုံး ပုဂ္ဂိုလ် ကုန်းစွန်းထိုက်ယင် ရှိနေသရွေ့ သူမအနေဖြင့် ရှစ်ဖုန့်အား ကူညီနိုင်သောအရာရှိမနေပေ။

ရှစ်ဖုန့်ကိုယ်တိုင်ကလည်း ယခုအခြေအနေတွင် သူမအား ကူညီခိုင်းချင်စိတ်မရှိပေ။

"ဟမ်"

သို့သော် ဤအခိုက်အတန့်တွင် သူ၏ခေါင်းထက်မှ ပြင်းထန်သော သတ်ဖြတ်လိုသည့် အရှိန်အဝါတစ်ခုကို ရုတ်တရက် ရှစ်ဖုန့် အာရုံခံမိလိုက်သည်။ ထို့နောက် ဥက္ကာပျံတစ်ခုကဲ့သို့ လျင်မြန်သော ဓားအလင်းတန်းတစ်ခုက သူ့ခေါင်းတည့်တည့်သို့ ထိုးဆင်းလာသည်။

"မင်း…မင်းကတော့ သေချင်နေပြီပဲ"

ဥက္ကာပျံကဲ့သို့ ထိုဓားအလင်းအား မြင်သည်နှင့် ရှစ်ဖုန့်မှာ သူ့ကို တိုက်ခိုက်သူက မည်သူဖြစ်သည်ကို ချက်ချင်း သိလိုက်သည်။ထိုသူမှာ ငရဲခန်းမမှ လုပ်ကြံသတ်ဖြတ်သူများ၏ ခေါင်းဆောင်ပင်ဖြစ်သည်။

ထိုထူးဆန်းသော ဓားအလင်းတန်းအား ရင်ဆိုင်ရသည့်အခါတွင် ရှစ်ဖုန့်အနေဖြင့် မပေါ့ဆရဲပေ။ သူ၏ ညာဘက်လက်သီးမှ အနက်ရောင်လျှပ်စီးများ ပေါက်ကွဲထွက်လာသည်။ ထို့နောက် ဓားအလင်းဆီသို့ ပြင်းထန်သော လက်သီးတစ်လုံးပစ်သွင်းလိုက်သည်။

ရှစ်ဖုန့်အနေဖြင့် ဤဓားအလင်းအား ယခင်က မြင်ဖူးသည်ဖြစ်၏။ ၎င်းမှာ အလွန်ထူးဆန်းသောအရာဖြစ်သည်။ ၎င်းက သူ၏ အနက်ရောင်လျှပ်စီးများကို ဖောက်ထွက်နိုင်စွမ်းရှိသောကြောင့် လက်သီးဖြင့်သာ တိုက်ရိုက်ဖျက်ဆီး၍ ရနိုင်သည်။

ရှစ်ဖုန့်၏ လက်သီးချက်ကြောင့် အရှိန်အဟုန်ပြင်းသော အနက်ရောင်လျှပ်စီးတန်းတစ်ခုက အပေါ်သို့ တစ်ဟုန်ထိုးတိုးဝင်သွားသည်။

ဤအချိန်တွင် အခြားတစ်ဖက်ရှိဟင်းလင်းပြင်ထဲ၌ရှိနေသော ကုန်းစွန်းထိုက်ယင်နှင့် ကူယန်တို့ကလည်း အခွင့်အရေးကို မြင်လိုက်ကြသည်။ နှစ်ယောက်သား အကြည့်ချင်း ဖလှယ်လိုက်ပြီးနောက် ရှစ်ဖုန့်ရှိရာသို့ အရှိန်အဟုန်ဖြင့် ပြေးဝင်လိုက်ကြ၏။

"တောက်... ချီးပဲ"

ရှစ်ဖုန့်က ဥက္ကာပျံကဲ့သို့ ဓားအလင်းအား လက်သီးဖြင့် ဖျက်ဆီးလိုက်သည်။သို့သော် ကုန်းစွန်းထိုက်ယင်နှင့် ကူယန်တို့က အခွင့်ကောင်းယူကာ သူ့ထံသို့ ပြေးဝင်လာနေသည်ကို မြင်တွေ့လိုက်ရ၏။

ထို့နောက် ရှစ်ဖုန့်က သူ့လက်ဝါးများအား အလျင်အမြန် ရှေ့သို့ တွန်းထုတ်လိုက်သည်။သေးငယ်သော အနီရောင်မီးကြာပန်းလှိုင်းနှစ်ခုက ကုန်းစွန်းထိုက်ယင်နှင့် ကူယန်တို့ထံသို့ အရှိန်အဟုန်ဖြင့် ပစ်ဝင်သွားသည်။

သို့သော် ထိုအချိန်မှာပင် နောက်ထပ် ဥက္ကာပျံကဲ့သို့ ဓားအလင်းတစ်ခုက ရှစ်ဖုန့်ထံသို့ခုတ်ပိုင်းလိုက်ပြန်သည်။ဓားအလင်းက နောက်တစ်ကြိမ်ပေါ်လာပြီး သူ၏ ဦးခေါင်းအား ထပ်မံချိန်ရွယ်ထားသည်။

လုပ်ကြံသတ်ဖြတ်သူက ဓားတစ်ချက်ဝှေ့ယမ်းပြီးနောက် ၎င်း၏ကိုယ်အား ချက်ချင်း နေရာရွှေ့လိုက်ခြင်းဖြစ်သည်။ ရှစ်ဖုန့်၏ အနက်ရောင်လျှပ်စီး လက်သီးချက်က ၎င်း၏ဥက္ကာပျံကဲ့သိုဓားအလင်းကိုသာ ဖျက်ဆီးနိုင်ခဲ့ပြီး လုပ်ကြံသတ်ဖြတ်သူ၏ခန္ဓာကိုယ်ကို မထိမှန်ခဲ့ပေ။

နေရာရွှေ့ပြီးနောက် ၎င်းက ရှစ်ဖုန့်အား နောက်တစ်ကြိမ် ဓားဖြင့် ထိုးနှက်လာပြန်သည်။

တစ်ချိန်တည်းတွင် ရှစ်ဖုန့်တစ်ယောက် သူ့၏ ဘယ်၊ညာနှစ်ဖက်မှ သတ်ဖြတ်လိုသည့် အငွေ့အသက် နှစ်ခုကို ခံစားလိုက်ရသည်။ ယင်းမှာ ငရဲခန်းမမှ လုပ်ကြံသတ်ဖြတ်သူနှစ်ဦးက သူ့ထံသို့ တိတ်တဆိတ် ချဉ်းကပ်လာနေခြင်းဖြစ်သည်။ မမြင်နိုင်သော ဓားချီနှစ်ခုက သူ့ထံသို့ တစ်ဟုန်ထိုးချဉ်းကပ်လာနေ၏။

အခြားသောအချိန်၌သာဆိုလျှင် ရှစ်ဖုန့်အနေဖြင့် ဤလုပ်ကြံသူများကို ဂရုစိုက်နေမည် မဟုတ်ပေ။သို့သော် ယခုတွင် ကုန်းစွန်းထိုက်ယင်နှင့် အစိမ်းရောင်ဝတ်မိန်းကလေးတို့က လည်း သူ့ကို အပြတ်ရှင်းရန် တစ်ဟုန်ထိုးချဉ်းကပ်လာနေသည်ဖြစ်သည်။

သူ အလျင်စလို ပစ်လွှတ်လိုက်သော အနီရောင်မီးကြာပန်းလှိုင်းကိုလည်း ၎င်းတို့က ရှောင်တိမ်းသွားကြသည်ဖြစ်သည်။၎င်းတို့ကအပေါ်သို့ထိုးတက်သွားပြီး ယခင်ကထက်ပိုမိုလွယ်ကူစွာ ရှောင်တိမ်းသွားကြခြင်းဖြစ်သည်။

ထို့နောက်တစ်ချိန်တည်း ၎င်းတို့ မြင့်မားသောအမြန်နှုန်းဖြင့် အပေါ်ဘက်မှ သူ့ထံသို့ ထိုးဆင်းလာကြသည်။

"သောက် ငရဲခန်းမ… ဒီသခင်လေး ဒီနေ့ ကျိန်ဆိုတယ်..... တစ်နေ့ကျရင် မင်းတို့ကို အမြစ်ကနေ ဆွဲနုတ်ပစ်မယ်…."

ထိုအခိုက်အတန့်တွင် ရှစ်ဖုန့်၏ ခန္ဓာကိုယ်မှ ပြင်းထန်သော အနက်ရောင်လျှပ်စီးများ ပေါက်ကွဲထွက်လာသည်။၎င်းတို့ကအထက်၊ အောက်၊ ဝဲ၊ ယာ နှင့် နောက်ဘက်ဟူသော အရပ်ငါးမျက်နှာသို့ လှိုင်းလုံးကြီးများသဖွယ် ပျံ့နှံ့သွားသည်။ မကြာမီမှာပင် ၎င်းတို့မှာ လှိမ့်ဝင်လာသော အနက်ရောင်မိုးကြိုးလျှပ်စီးပင်လယ်ကြီးအဖြစ် ပြောင်းလဲသွားသည်။

ဘယ်ဘက်နှင့် ညာဘက်မှ လုပ်ကြံသူများ၏ တိုက်ခိုက်မှုများက ပြင်းထန်သောအနက်ရောင်မိုးကြိုးလျှပ်စီးတို့၏ လျှင်မြန်စွာဝါးမျိုမှုကိုခံလိုက်ရပြီး ပျောက်ကွယ်သွားသည်။

သို့သော် အပေါ်ဘက်မှ ကျဆင်းလာသော ဥက္ကာပျံကဲ့သို့ ဓားအလင်းကမူ ပြင်းထန်သောအနက်ရောင်လျှပ်စီးပင်လယ်အား ဖောက်ထွက်ကာ ရှစ်ဖုန့်၏ ခေါင်းတည့်တည့်သို့ ဆက်လက်တိုးဝင်လာသည်။

အလွန်အမင်း အကြပ်အတည်းဖြစ်နေသော ဤအချိန်တွင် ရှစ်ဖုန့်၏ခန္ဓာကိုယ်က ဘေးသို့ အမြန်ရှောင်တိမ်းလိုက်သည်။ သူ၏ ညာလက်သီးဖြင့် အပေါ်က ဓားအလင်းထံသို့ ထိုးနှက်လိုက်ပြီး ဘယ်လက်ဝါးဖြင့်မူ အစုလိုက်အပြုံလိုက် ကျဆင်းနေသော အနီရောင်မီးကြာပန်းလေးများအား အားကုန်တွန်းထုတ်လိုက်၏။

ပြင်းထန်သော လျှပ်စီးများအောက်၌ ဓားအလင်းမှာ ချက်ချင်း ဖျက်ဆီးခံလိုက်ရသည်။ ပြင်းထန်သော လက်ဝါးချက်အောက်တွင်နောက်ထပ် အနီရောင်မီးကြာပန်းလှိုင်းတစ်ခုကတွန်းထုတ်ခံလိုက်ရပြန်သည်။

သို့သော် ဤတစ်ကြိမ်၌ လက်ဝါးတစ်ချက် တွန်းထုတ်နိုင်မှုကြောင့် ရှစ်ဖုန့်အနေဖြင့် အနီရောင်မီးကြာပန်း ဆယ့်သုံး ပွင့်ကိုသာ ထုတ်လွှတ်နိုင်ခဲ့ပြီး ၎င်းတို့မှာ လမ်းကြောင်းနှစ်ခုခွဲကာ ကုန်းစွန်းထိုက်ယင်နှင့် ကူယန်တို့ထံသို့ နောက်တစ်ကြိမ် ပစ်ဝင်သွားခဲ့သည်။

ဆက်ရန်...

ဘာသာပြန်သူ-ARISE

ငရဲဘုံကိုးခု ဧကရာဇ် စာစဉ်(၇၀)

အပိုင်း(၁၀၄၇)

သေးငယ်သော အနီရောင်မီးကြာပန်း ဆယ့်သုံးပွင့်မှာ လှိုင်းနှစ်ခုအဖြစ်ခွဲသွားပြီး ခုနှစ်ပွင့်ပါသော တစ်လှိုင်းက ကုန်းစွန်းထိုက်ယင်ထံသို့ ဦးတည်သွားသည်။

ကျန်ရှိသည့် ခြောက်ပွင့်ပါသောလှိုင်းက အစိမ်းရောင်ဝတ်မိန်းကလေး ကူယန်ထံသို့ ပစ်ဝင်သွားသည်။

အနီရောင်ငရဲမီးကြာပန်း၏ အောက်ရှိ ထိုအနီရောင်မီးကြာပန်းလေးများ၏ အရေအတွက်မှာ ထက်ဝက်ကျော် လျော့နည်းသွားသော်လည်း သူတို့နှစ်ဦးအနေဖြင့် လုံးဝ မပေါ့ဆရဲကြပေ။

သို့သော် ရှစ်ဖုန့်ကို သတ်ရန် ဆုံးဖြတ်ထားပြီးဖြစ်သောကြောင့် သူတို့အနေဖြင့် ဤကဲ့သို့သော အခွင့်ကောင်းတစ်ခုအား လက်လွှတ်ခံမည်မဟုတ်ပေ။

ကုန်းစွန်းထိုက်ယင်နှင့် ကူယန်တို့မှာ ၎င်းတို့ထံသို့ ပစ်ဝင်လာသော အနီရောင်မီးကြာပန်းများကို ဂရုတစိုက် ရှောင်တိမ်းရင်း ရှစ်ဖုန့်ထံသို့ ပိုမိုနီးကပ်စွာ ချဉ်းကပ်လာသည်။

သူတို့၏ ရှစ်ဖုန့်အပေါ် သတ်ဖြတ်လိုစိတ်က ယခင်ကထက် ပိုမိုပြင်းထန်လာ၏။

"ချီးပဲ... ချီးပဲ…… ချီးပဲ……"

သူ့ရှေ့၌ရှိနေသော လူနှစ်ဦးက လျင်မြန်စွာ နေရာကူးပြောင်းလာသည်အား အာရုံခံမိသောအခါတွင် ရှစ်ဖုန့်က မုန်းတီးမှုအပြည့်ဖြင့် ပြောလိုက်သည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် ကုန်းစွန်းထိုက်ယင်နှင့် ကူယန်တို့၏ပုံရိပ်များက လွန်စွာ ကြီးမားသော အနီရောင်မီးကြာပန်းကို ကျော်ဖြတ်လာသည်။ ပြင်းထန်သော အနက်ရောင်လျှပ်စီးပင်လယ်၏ ဘယ်၊ညာ အစွန်းတစ်ဖက်စီ၌ နှစ်ယောက်သားထွက်ပေါ်လာ၏။

ကုန်းစွန်းထိုက်ယင်က သူ၏ ညာလက်အား လက်သည်းပုံစံ ပုံဖော်လိုက်ပြီး ဆန်းကြယ်သော သိပ်သည်းသည့် မီးခိုးရောင်မြူခိုးများ ပေါက်ကွဲထွက်လာသည်။ ၎င်းက အနက်ရောင်လျှပ်စီးပင်လယ်အား ကုတ်ဆွဲလိုက်၏။ အခြားတစ်ဖက်တွင်လည်း အစိမ်းရောင်ဝတ်မိန်းကလေး ကူယန်က သူမ၏ ဖြူဖွေးသောလက်ကလေးအား လက်သီးအဖြစ်ဆုပ်လိုက်ကာ လျှပ်စီးပင်လယ်ထဲသို့ ထိုးနှက်လိုက်သည်။

ရုတ်ခြည်း ဆိုသလို စွမ်းအားကြီးမားလှသည့် စွမ်းအားနှစ်ခုမှာ လျှပ်စီးပင်လယ်ထဲသို့ ဝုန်းဒိုင်းဝင်ရောက်သွားပြီး ပြင်းထန်လှသော အနက်ရောင်လျှပ်စီးပင်လယ်အား အလွှာလိုက် တစ်လွှာပြီးတစ်လွှာဖျက်ဆီးပစ်သည်။

"ဟမ့် …သူတောင်းစားလေး ..... မင်း အခုမှ ထွက်ပြေးချင်သေးလား”

ဤအချိန်တွင် ကုန်းစွန်းထိုက်ယင်က အထင်သေးမှုအပြည့်ဖြင့် နှာခေါင်းရှုံ့လိုက်သည်။ ၎င်းက ကြောင်က ကြွက်ကို ကြည့်သကဲ့သို့ လှောင်ပြောင်သော အမူအရာဖြင့် အောက်သို့ ငုံ့ကြည့်လိုက်၏။

စွမ်းအားကြီးမားသောစွမ်းအားနှစ်ခုကြောင့် အနက်ရောင်လျှပ်စီးပင်လယ်ကြီး ဖျက်ဆီးခံလိုက်ရသည့်အခါတွင် ရှစ်ဖုန့်၏ ပုံရိပ်မှာ အောက်ဘက်သို့ ဝှေ့ခနဲ ငုပ်လျှိုးထိုးဆင်းသွားသည်။ဤအခြေအနေတွင် သူ့အတွက် ထွက်ပြေးရန်မှတစ်ပါး အခြားရွေးချယ်စရာ ရှိမနေပေ။

ဟင်းလင်းပြင်ထဲရှိ အနက်ရောင်လျှပ်စီးပင်လယ်မှာ လုံးဝ ပျက်စီးသွားပြီဖြစ်သည်။ ကူယန်၏ လှပသော မျက်နှာထက်တွင် အေးစက်သော အပြုံးတစ်ခု ပေါ်လာသည်။ သူမက အလျင်စလို ထွက်ပြေးနေသော ရှစ်ဖုန့်အား ကြည့်ကာ လှောင်ပြုံးပြုံးလိုက်သည်။

"ဒါက ဒဏ္ဍာရီလာ အနီရောင်ငရဲမီးကြာပန်းပဲ... ငါတို့ ဒါကို တစ်ခါမှ မစမ်းသပ်ဖူးသေးဘူး….. အဲဒီမီးက ခန္ဓာကိုယ်ကို လောင်ကျွမ်းစေရင် ဘာဖြစ်မလဲဆိုတာ နင့်အပေါ်မှာပဲ အရင်စမ်းကြည့်ရတာပေါ့…..နင် အရှင်လတ်လတ် မီးလောင်သေမလား ဒါမှမဟုတ် အသုံးမကျတဲ့ အမှိုက်တစ်စဖြစ်သွားမလားဆိုတာ ကြည့်ကြသေးတာပေါ့”

စကားပြောနေရင်း ကူယန်က ရှစ်ဖုန့်ထံသို့ လက်ဝါးဖြန့်ထုတ်လိုက်သည်။ ထို့နောက်လိုက်ပါ၍ ကူယန်၏ အောက်ဘက်၌ ရွှေရောင်အလင်းများ တောက်ပနေသော လွန်စွာကြီးမားသည့် ရှေးဟောင်းရွှေတောင်ကြီးတစ်ခုထွက်ပေါ်လာသည်။

ကူယန်ဖန်တီးလိုက်သော ဤရွှေတောင်ကြီးက ကူအယ်တောင် ၏ မျိုးဆက်အဆင့်ဆင့် လက်ဆင့်ကမ်းလာခဲ့သော အစွမ်းထက် လျှို့ဝှက်ပညာရပ်တစ်ခုဖြစ်သည့် ရှေးဟောင်းကူအယ်တောင်တံဆိပ်တော်ပင် ဖြစ်သည်။

"သွားစမ်း"

ကူယန်က အော်ဟစ်ကာ သူမ၏ ညာလက်ဝါးကို အောက်သို့ တွန်းထုတ်လိုက်သည်။ သူမ၏တွန်းထုတ်မှုအောက်တွင် ရွှေတောင်ကြီးက အရှိန်အဟုန်ဖြင့် အောက်သို့ ကျဆင်းသွားသည်။

"မဟုတ်ဘူး….မကောင်းတော့ဘူး…"

အနှိုင်းမဲ့ပြင်းထန်သည့် စွမ်းအားကြီး အင်အားတစ်ခုကသူ့အား လွှမ်းခြုံ လာသည်ကို အာရုံခံမိသောအခါတွင် အောက်ဘက်သို့အလျင်အမြန်ရှောင်တိမ်းနေသော ရှစ်ဖုန့်မှာ အံ့အားသင့်စွာ အော်ဟစ်လိုက်သည်။

ရှစ်ဖုန့် ခေါင်းမော့ကြည့်လိုက်သောအခါတွင် သူ၏အထက်၌ရှိနေသည့် ကြီးမားလှသော ရွှေတောင်ထိပ်ကြီးကို မြင်လိုက်ရသည်။

ဤရွှေတောင်ကြီး၏အောက်၌ ရှစ်ဖုန့်အနေဖြင့် သူ မယှဉ်နိုင်သော စွမ်းအားတစ်ခုကို အာရုံခံမိလိုက်သည်။

“မဟုတ်ဘူး….ခုခံရမယ်….ငါ ဒါကို ခုခံမှဖြစ်မယ်…”

ရှစ်ဖုန့်က လက်သီးတို့ကို တင်းတင်းဆုပ်ထားကာ မျက်လုံးတို့က ပြူးကျယ်နေသည်။ ရွှေတောင်ကြီးအား ကြည့်၍ ဒေါသတကြီး ဟိန်းဟောက်လိုက်သည်။

ထို့နောက် ရှစ်ဖုန့်၏ ခန္ဓာကိုယ်မှ ပြင်းထန်သော အနက်ရောင်လျှပ်စီးများ ပေါက်ကွဲထွက်လာပြီး အနက်ရောင်လျှပ်စီးလူသားအဖြစ် နောက်တစ်ကြိမ် ပြောင်းလဲသွားသည်။ မည်သို့ပင်ဖြစ်နေပါစေ သူ့အနေဖြင့် ဤအရာအား လက်သင့်မခံနိုင်ပေ။

သူသည် ယခင်ဘဝက တစ်ကြိမ် သေဆုံးခဲ့ဖူးပြီးပြီဖြစ်သည်။ သူ့အတွက်ပြန်လည်မွေးဖွားလာရသည်က လွယ်ကူသောအရာမဟုတ်ပေ။ သူ့အနေဖြင့်ဤဘဝအား မည်ကဲ့သို့အသေခံနိုင်ပါမည်နည်း။

ပြင်းထန်သော အနက်ရောင်လျှပ်စီးများက အပေါ်မှ ဖိကျလာသော ရွှေတောင်ကြီးထံသို့ တစ်ဟုန်ထိုး တိုးဝင်သွားသည်။အလွန်လျှင်မြန်စွာဖြင့် ပင် ၎င်းတို့က ဧရာမရွှေတောင်ကြီးကို ချက်ချင်း ထိမှန်သွား၏။

သို့သော် ထိုရွှေတောင်ကြီးမှာ အနက်ရောင်လျှပ်စီးများအောက်၌ လုံးဝလှုပ်ခါခြင်းပင်မရှိချေ။ ၎င်းက လျှပ်စီးများကို ဖိနှိပ်ကာ အောက်သို့ ဆက်လက်ကျဆင်းလာသည်။

ထို့နောက် ကြီးမားလှသော ရွှေတောင်ကြီးမှာ အောက်ဘက်ရှိ အနက်ရောင်လျှပ်စီးလူသားပေါ်သို့ ရုတ်တရက် ဖိချလိုက်သည်။ ထို့နောက် ကူအယ်တောင်မှမိန်းကလေး ကူယန်၏ ထိန်းချုပ်မှုအောက်တွင် ၎င်းကအောက်ဘက်သို့ စောင်း၍ ကျဆင်းသွား၏။ ထိုကျဆင်းသွားသော လမ်းကြောင်းအားကြည့်ရသလောက် ၎င်းက အနီရောင်မီးပင်လယ်ကြီး လောင်ကျွမ်းနေသော မြေပြင်ပေါ်မှ တွင်းနက်ကြီးထံသို့ ဦးတည်ပုံရသည်။

"ရှစ်... ရှစ်ဖုန့်….ဟူး..."

ဟင်းလင်းပြင်၏ အခြားတစ်ဖက်တွင် လုံရှန်းက ရွှေတောင်ကြီး၏ ဖိချခြင်းကို ခံလိုက်ရသော ရှစ်ဖုန့်အား ကြည့်ကာ နောင်တရစွာဖြင့် သက်ပြင်းချလိုက်သည်။

"ဒီကောင်တော့ ဒီစွမ်းအားကြီးလူနှစ်ယောက်ရဲ့ စွမ်းအားအောက်မှာ သေရတော့မယ် ထင်တယ်"

လုံရှန်း၏ ဘေးနား၌ရှိနေသော အနက်ရောင်ရေလွှမ်းနဂါးကလည်း တိုးတိုးလေး သက်ပြင်းချလိုက်သည်။

ထို့နောက် ၎င်းက ဆက်ပြောသည်။

"မသေမျိုးနတ်ဆိုးခန္ဓာကိုယ်က ဒဏ္ဍာရီတွေထဲမှာတောင် အစွမ်းထက်တဲ့ ခန္ဓာကိုယ်တစ်ခုအဖြစ် သုံးသပ်လို့ရတယ်.. ဒါပေမဲ့ ဒီကမ္ဘာကြီးက တကယ်ကို ရက်စက်လွန်းတယ်…. အားနည်းတဲ့သူက အားကြီးတဲ့သူရဲ့ အစာဖြစ်စမြဲပဲ.. ပါရမီရှင်တွေဘယ်လောက်များများကများ သူတို့ မကြီးပြင်းလာခင်မှာပဲ သမိုင်းရဲ့ လှိုင်းလုံးတွေကြားထဲ နစ်မြုပ်ပျောက်ကွယ်သွားခဲ့ရလဲ မသိဘူး…”

“သူတို့ကြီးပြင်းလာပြီး တကယ့်ကို အားကောင်းတဲ့ စွမ်းအားတွေကို မပိုင်ဆိုင်ခင်အထိတော့ သူတို့ဟာ ဘယ်လောက်ပဲ ထူးချွန်ပါစေ….ပါရမီရှိနေပါစေ …အနာဂတ်မှာတော့ အမည်မသိ လူတစ်ယောက်အနေနဲ့ပဲ ကျန်ရစ်ခဲ့မှာပဲ..”

ဒဏ္ဍာရီလာ မသေမျိုးနတ်ဆိုးခန္ဓာကိုယ် ပိုင်ရှင် ပါရမီရှင်တစ်ယောက် ဤအချိန်၌ သေဆုံးရတော့မည်ကို မြင်ရသည့်အခါတွင် အနက်ရောင်ရေလွှမ်းနဂါးအနေဖြင့် အတော်လေး စိတ်မကောင်းဖြစ်နေပုံရသည်။

"ဝုန်း"

မနီးမဝေးရှိ မြေပြင်ပေါ်မှ ပေါက်ကွဲသံကြီးတစ်ခု ထွက်ပေါ်လာသည်။ ရွှေတောင်ကြီးမှာ အနက်ရောင်လျှပ်စီးလူသားနှင့်အတူ အနီရောင်မီးပင်လယ် လောင်ကျွမ်းနေသည့် တွင်းနက်ကြီးထဲသို့ ပြိုကျသွားသည်။

အနီရောင်ငရဲမီးကြာပန်း၏ လောင်ကျွမ်းမှုအောက်တွင် လွန်စွာကြီးမားလှသော ရွှေတောင်ကြီးမှာ အစအနပင်မကျန်အောင် လောင်ကျွမ်းခံလိုက်ရ၏။

"ဒီလောက် အားကောင်းတဲ့ စွမ်းအားတောင် အနီရောင်မီးပင်လယ်အောက်မှာ အခိုးအငွေ့ဖြစ်သွားရတယ်... ရှစ်ဖုန့်ဆိုရင်တော့ ပြာတောင် ကျနေလောက်ပြီ"

လုံရှန်းက အနီရောင်မီးပင်လယ်ကို ကြည့်ကာ နောက်တစ်ကြိမ် သက်ပြင်းချလိုက်ပြန်သည်။

လွန်စွာကြီးမားလှသော ရွှေတောင်ကြီးမှာ ရုတ်ခြည်းဆိုသလို ပျောက်ကွယ်သွားခြင်းဖြစ်သည်။ ဧရာမရွှေတောင်ကြီးကြောင့် တွင်းထဲသို့ ဖိချခံလိုက်ရသည့် ပုံရိပ်ကိုမူ မည်သည့်နေရာတွင်မှ မမြင်တွေ့ရပေ။ထိုထက်ပိုသည်ကား အနီရောင် မီးပင်လယ်အောက်တွင် ၎င်းအနေဖြင့် ချက်ချင်းပြာကျသွားသည်မှာ ကြာလောက်ပြီဖြစ်သည်။

တွင်းထဲသို့ ဖိချခံလိုက်ရသော ဘယ်သူမှ အသက်ရှင်နိုင်မည်ဟု မထင်မိပေ။

"ဒီသူတောင်းစားလေးကို ဒီလိုမျိုး သေခွင့်ပေးလိုက်ရတာ တကယ်ကို သူ့အတွက် အရမ်းလွယ်ကူလွန်းတယ်"

ကုန်းစွန်းထိုက်ယင်က အောက်ဘက်ရှိ အနီရောင်မီးပင်လယ်ကို ကြည့်၍ အေးစက်စွာ ပြောလိုက်သည်။

"ဒါက အနီရောင်ငရဲမီးကြာပန်းပဲလေ... အားကောင်းတဲ့သူတောင် အထိခံရရင် ကျင့်ကြံမှုတွေပျက်စီးကုန်တာ….အားနည်းတဲ့သူဆိုရင်တော့ ပြာဖြစ်သွားမှာ အသေအချာပဲ"

အစိမ်းရောင်ဝတ်မိန်းကလေးက အောက်သို့ ငုံ့ကြည့်ရင်း ပြောလိုက်သည်။

"ကဲ... အဲဒီနှောင့်ယှက်တဲ့ ပုရွက်ဆိတ်လည်း မရှိတော့ဘူးဆိုတော့ ငါတို့ ပြန်ပူးပေါင်းပြီး ဒေါသမာန်ဟုန်ကြာပန်းကို ယူကြစို့"

ကုန်းစွန်းထိုက်ယင်က ကူယန်ကို ပြောလိုက်သည်။

"ကောင်းပြီ"

ကုန်းစွန်းထိုက်ယင်၏စကားတို့အားကြားပြီးနောက် ကူယန်က ခေါင်းညိတ်လုက်ပြီးဆက်ပြောသည်။

"ဒါပေမဲ့ ဒေါသမာန်ဟုန်ကြာပန်းကို မယူခင် ကျွန်မတို့ ဒီနေရာကို အရင်ဆုံး အပြတ်ရှင်းရမယ်… မဟုတ်ရင် သေချင်ဇောနဲ့ လာနှောင့်ယှက်မယ့်သူတွေကြောင့် အချိန်ဖြုန်းသလိုပဲဖြစ်နေလိမ့်မယ်”

“ အဲ့အချိန်ကျရင် သူတို့က ခုနက ကောင်လိုပဲ ဖြစ်သွားမှာ….သူက ပုရွက်ဆိတ်တစ်ကောင်ဆိုပေမဲ့ ကိုင်တွယ်ရတာ တကယ်ကို စိတ်ရှုပ်ဖို့ ကောင်းတယ်"

"ဟမ့်…..ကူယန်….မင်းတို့ကဒီမြင့်မြတ်သားတော်ကိုပါ တိုက်ခိုက်ဖို့ ပြင်နေတာလား”

ဤအခိုက်အတန့်တွင် မနီးမဝေးရှိ ဟင်းလင်းပြင်ထဲမှ အေးစက်သော နှာခေါင်းရှုံ့သံတစ်ခု ထွက်ပေါ်လာသည်။

ဖြည်းဖြည်းချင်း အနက်ရောင်အဝတ်များ ဖုံးအုပ်ထားသော ပုံရိပ်တစ်ခုမှာ အဝေးရှိ ဟင်းလင်းပြင်ထဲ၌ ထွက်ပေါ်လာ၏။ ၎င်းမှာ ငရဲခန်းမ၏ မြင့်မြတ်သားတော်ပင်ဖြစ်သည်။

ငရဲခန်းမ၏မြင့်မြတ်သားတော်ပေါ်လာချိန်တွင် ပုံရိပ်နှစ်ခုကလည်း ၎င်း၏ဘေးနှစ်ဖက်၌ ပေါ်လာသည်။၎င်းတို့က ငရဲခန်းမ၏မြင့်မြတ်သားတော် နောက်သို့လိုက်ပါလာသော အခြားလုပ်ကြံသတ်ဖြတ်သူနှစ်ဦးဖြစ်သည်။

ဆက်ရန်...

All Chapters