← Chapters

အခန်း (၁၀၄၈-၁၀၅၀)

Vol. 70 Ch. 1048-1050

အခန်း (၁၀၄၈-၁၀၅၀)

Vol. 70 Ch. 1048-1050

အပိုင်း(၁၀၄၈)

အဝေးတစ်နေရာတွင် လုပ်ကြံသတ်ဖြတ်သူ သုံးဦး ပေါ်လာသည်။

ကူယန်က ထိုသုံးဦးကို ကြည့်ကာ ပြောလိုက်သည်။

"ဒီတော့ ဒါက ငရဲခန်းမရဲ့ မြင့်မြတ်သားတော် ဆယ်ပါးထဲက တစ်ယောက်ဖြစ်တဲ့ ရှာဝမ်ပေါ့…. နင်တို့ ငရဲခန်းမက လူတွေက အမြဲတမ်း အပြစ်မဲ့တဲ့သူတွေကို သတ်ဖြတ်နေတာ... လူတိုင်းမှာ နင်တို့ကို အပြစ်ပေးပိုင်ခွင့်ရှိတယ်..”

"ဟမ့်….ငါ့ရဲ့ငရဲခန်းမက အပြစ်မဲ့သူတွေကို သတ်တယ်တဲ့လား…နင်တို့ရဲ့ ကူအယ်တောင်ကရော ဘယ်လောက်များ ပိုကောင်းနေလို့လဲ”

ကူယန်၏ စကားတို့အား ကြားရသောအခါ ရှာဝမ်က အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။

"သေလိုက်စမ်း"

ကူယန်က အေးစက်စွာ အော်ပြောလိုက်သည်။ သူမအနေဖြင့် ရှာဝမ်နှင့် မည်သည့်အပိုစကားမှမပြောလိုတော့ဘဲ လက်ဝါးဖြင့် တွန်းထုတ်လိုက်သည်။

ကြီးမားလှသော ရွှေတောင်ကြီးတစ်တောင်က ကူယန်၏ ရှေ့မှောက်၌ အလွန်လျင်မြန်စွာ ပေါ်လာသည်။ သူမ ထုတ်ဖော်လိုက်သော လက်ဝါးမှာ ကူအယ်တောင်၏ အမြင့်ဆုံးပညာရပ်ဖြစ်သော ရှေးဟောင်းကူအယ်ရွှေတောင်တံဆိပ်တော်ပင် ဖြစ်သည်။

"ဟမ့်... ခွေးမ... ငါရှာဝမ်က ဒီနေ့ဖြစ်ရပ်ကို မှတ်ထားမယ်…. ဒီနေ့ ငါရှာဝမ်က နင့်ရဲ့ပြိုင်ဘက် မဟုတ်သေးပေမဲ့... နင်ငါ့ကို အနိုင်ကျင့်လို့ မရဘူးဆိုတာ ..မှတ်..ထား..လိုက်”

ရှာဝမ်တစ်ယောက်နောက်ဆုံးစကားအားပြောချိန်တွင် ခေတ္တရပ်ပြီး ခက်ထန်ကြမ်းကြုတ်စွာပြောလိုက်ခြင်းဖြစ်သည်။

ထို့နောက် ရှာဝမ်နှင့် သူ၏ဘေးမှ ငရဲခန်းမမှ လုပ်ကြံသတ်ဖြတ်သူ နှစ်ဦးမှာ ဖျက်ခနဲ ပျောက်ကွယ်သွားသည်။

"ဝုန်း"

ရှာဝမ်နှင့် လုပ်ကြံသူနှစ်ဦး ပျောက်ကွယ်သွားသည့် အခိုက်အတန့်တွင် ရှေးဟောင်းကူအယ်ရွှေတောင်တံဆိပ်တော်က ဖိကျဆင်းလာသည်။ သို့သော် ရှေးဟောင်းကူအယ်ရွှေတောင်တံဆိပ်တော်မှာ ဘာကိုမှမထိမှန်ခဲ့ပေ။

ငရဲခန်းမမှ လုပ်ကြံသူများအနေဖြင့် ကူယန်၏ တိုက်ကွက်ကိုပင် ရှောင်တိမ်းနိုင်လောက်အောင် အလွန်ဆန်းကြယ်လှသည်ဖြစ်သည်။

"ဟမ့်... ဒီငရဲခန်းမက ကြွက်စုတ်တွေကတော့ တကယ်ကို မြန်မြန်ပြေးနိုင်တာပဲ…."

ကူယန်က ဟာလာဟင်းလင်း ဖြစ်ကျန်ခဲ့သော ဟင်းလင်းပြင်ကို ကြည့်၍ နောက်တစ်ကြိမ် အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။

ငရဲခန်းမှ ထိုလုပ်ကြံသူ သုံးဦးက အဝေးသို့ ရောက်သွားပြီဖြစ်ကြောင်း သူမ အာရုံခံမိပြီးဖြစ်သည်။

ထို့နောက် သူမက ထပ်မံခေါင်းပြန်လှည့်ပြီး ကုန်းစွန်းထိုက်ယင်ကို ကြည့်လိုက်သည်။ လုံရှန်းနှင့် အနက်ရောင်ရေလွှမ်းနဂါးတို့ကို လက်ညှိုးညွှန်ပြကာ မေးလိုက်၏။

"သူတို့ကရော"

ကူယန်က သူတို့ကရောဟုပြောသည်ကိုကြားရသောအခါတွင် ကုန်းစွန်းထိုက်ယင်အနေဖြင့် သူမပြောချင်သည်ကိုသိသည်ဖြစ်သည်။

အောက်ဘက်ရှိမီးပင်လယ်ထံမှ ဒေါသမာန်ဟုန်ကြာပန်းအားသူမတို့ ရယူချိန်တွင် ထိုလူနှင့်နဂါးတို့က အခွင့်အရေးယူပြီး သူမတို့အားတိုက်ခိုက်မည်ကို ကူယန်ကြောက်သည်ဖြစ်သည်။

အမှန်စင်စစ် ရှစ်ဖုန့်၏ သာဓကက သူမ၏ စိတ်ထဲ၌ ထင်ထင်ရှားရှား ရှိနေသေး၏။ သူမတို့အတွက် ပုရွက်ဆိတ်ကဲ့သို့သော တန်ဖိုးမရှိသည့် ဖြစ်တည်မှုတစ်ခုက တကယ်တမ်းတွင် ဤမျှကြီးမားသော လှုပ်ခတ်မှုကိုဖြစ်စေခဲ့သည်ဖြစ်သည်။

ကုန်းစွန်းထိုက်ယင်က ပြောလိုက်သည်။

"စိတ်မပူပါနဲ့….သူတို့က ဒီမြေရိုင်းဒေသရဲ့ သက်ရှိတွေပဲ... အဲဒီသူတောင်းစားလေးနဲ့ သူတို့က မတူပါဘူး"

ကုန်းစွန်းထိုက်ယင်၏စကားတို့အားကြားပြီးနောက် ကူယန်က ဖြည်းဖြည်းချင်း ခေါင်းညိတ်လိုက်သည်။ထို့နောက် ကုန်းစွန်းထိုက်ယင်နှင့်အတူ အောက်ဘက်ရှိ မီးပင်လယ်ထဲသို့ ငုံ့ကြည့်လိုက်သည်။

သူမက မီးပင်လယ်အတွင်းရှိ ဒေါသမာန်ဟုန်ကြာပန်းကိုကြည့်နေ၏။

ဤအခိုက်အတန့်တွင် စွမ်းအားကြီးမားသောလူနှစ်ယောက်လုံး၏ မျက်နှာက တည်ကြည်လေးနက်နေသည်။ အကြောင်းမှာ သူတို့အနေဖြင့် ဒဏ္ဍာရီလာ အနီရောင်ငရဲမီးကြာပန်းအား ရင်ဆိုင်ရတော့မည် ဖြစ်သောကြောင့်ဖြစ်သည်။

ကူယန်ကကုန်းစွန်းထိုက်ယင်ကို ထပ်မံပြောလိုက်သည်။

"အခု အောက်ကို ဆင်းပြီး…. မီးပင်လယ်ကို အတူတူဘေးကိုတွန်းထုတ်ရအောင်.. အဲ့တာပြီးတာနဲ့ ရှင်က အခွင့်ကောင်းယူပြီး ဒေါသမာန်ဟုန်ကြာပန်းကို နှိုက်ယူလိုက်ပါ.”

“အပေါ်ကနေ ကျလာတဲ့ အနီရောင်မီးကြာပန်းတွေကိုတော့ ကျွန်မ ဖယ်ရှားပေးမယ်”

ကူယန်က အလုပ်ကိုခွဲခြမ်းခဲ့သော်လည်း တကယ်တမ်း၌ကုန်းစွန်းထိုက်ယင်က သူမထက်ပို၍အန္တရာယ်များသည်ဖြစ်သည်။

သို့သော် ကူယန်အနေဖြင့်ကုန်းစွန်းထိုက်ယင်နှင့် ဆွေးနွေးပြောဆိုချိန်တွင် သူမ၏လေသံ၌ ငြင်းဆန်ခွင့်မပြုသော ဆုံးဖြတ်ချက် ချမှတ်သည့် လက္ခဏာတစ်စွန်းတစ်စပါဝင်နေ၏။

အားလုံးထက်သူမက ကူအယ်တောင်မှ မြင့်မြတ်သည့်အဆင့်အတန်းတစ်ခုအား ပိုင်ဆိုင်ထားသောသူဖြစ်သည်။

"အင်း"

ကူယန်၏စကားတို့အားကြားပြီးနောက် ကုန်းစွန်းထိုက်ယင်က သဘောတူညီစွာ ခေါင်းညိတ်လိုက်သည်။

"သွားကြစို့"

ကူယန်က အော်ပြောလိုက်သည်။ ထို့နောက် သူမနှင့် ကုန်းစွန်းထိုက်ယင်တို့က တစ်ချိန်တည်းပျောက်ကွယ်သွားကြ၏။

နှစ်ယောက်သားပြန်ပေါ်လာသည့်အချိန်တွင် မီးပင်လယ်၏ အပေါ်တည့်တည့်သို့ ရောက်လာသည်။

“ဟ”

ကူအယ်တောင်မှ မြင့်မြတ်သမီးပျို ကူယန်ကအော်ပြောလိုက်သည်။ သူမ၏လက်ဝါးတို့အား ဖြည်းညှင်းစွာလှုပ်ရှားလိုက်ပြီး ရုတ်တရက် လွန်စွာကြီးမားကာ မမြင်နိုင်သော ဝဲကြီးတစ်ခုကသူမ၏ အထက်၌ဖြစ်ပေါ်လာသည်။

မမြင်နိုင်သောဝဲ၏စွမ်းအားကြောင့် ကျဆင်းလာသော အနီရောင်ငရဲမီးကြာပန်းလေးများက လွင့်စင်သွားသည်။

“ချီးပဲ”

ကူယန်ထုတ်ဖော်လိုက်သော မမြင်နိုင်သည့် ဝဲ၏စွမ်းအားကြောင့်အနီရောင်မီးကြာပန်းလေးများက အရပ်မျက်နှာအနှံ့သို့ လွင့်စင်သွားခဲ့ခြင်းဖြစ်သည်။ ကောင်းကင်၏အခြားတစ်ဖက်တွင် အနက်ရောင်ရေလွှမ်းနဂါးနှင့် လုံရှန်းတို့မှာ သူတို့ထံသို့လွင့်စင်လာသော အနီရောင်မီးကြာပန်းသုံးခုကို မြင်တွေ့လိုက်ရသည်။

အနက်ရောင်ရေလွှမ်းနဂါးက ၎င်း၏ပါးစပ်ကိုဖွင့်ဟက ချီးပဲဟု ဆဲလိုက်၏။ ထို့နောက် သူနှင့်လုံရှန်းတို့က လျှင်မြန်စွာရှောင်တိမ်းပြီးဆုတ်ခွာလိုက်ကြသည်။

မီးပင်လယ်အထက်တွင် အပေါ်မှကျဆင်းလာသော အနီရောင်မီးကြာပန်းလေးများက ကူအယ်၏စွမ်းအားကြောင့် အဝေးသို့အဆက်မပြတ်လွင့်စင်ထွက်နေသည်။

အောက်ဘက်ရှိကုန်းစွန်းထိုက်ယင်၏မျက်လုံးတို့က မီးပင်လယ်အတွင်းမှ ဒေါသမာန်ဟုန်ကြာပန်းအပေါ်သို့ ကျရောက်နေသည်။

ရုတ်ခြည်းအားကောင်းသော အားတစ်ခုကကုန်းစွန်းထိုက်ယင်၏လက်ဝါး၌ပေါ်လာ၏။ ဒေါသမာန်ဟုန်ကြာပန်းရှိရာ မီးပင်လယ်မှာ ပြင်းထန်သောစွမ်းအင်အတက်အကျ လှိုင်းများစတင်ဖြစ်ပေါ်လာသည်။

“ဟ”

ဤအချိန်တွင် ကုန်းစွန်းထိုက်ယင်က ကျယ်လောင်စွာ ကြုံးဝါးလိုက်သည်။ သူညာခြေထောက်အား မပြေမပြစ်လှုပ်ရှားလိုက်ပြီး ခြေထောက်အောက်၌ စွမ်းအားကြီးအားတစ်ခုပေါ်လာသည်။ ထို့နောက်မကြာခင် ၎င်းက ကုန်းစွန်းထိုက်ယင်၏စွမ်းအားနှင့် ပေါင်းစည်းသွားပြီး အောက်ဘက်ရှိ အနီရောင်မီးပင်လယ်ထံသို့ ဦးတည်သွား၏။

ရုတ်ခြည်းဆိုသလို ဒေါသမာန်ဟုန်ကြာပန်းရှိရာ အနီရောင်မီးပင်လယ်မှာ မူလက ပြင်းထန်သောစွမ်းအင်အတက်အကျလှိုင်းများ ဖြစ်ပေါ်နေရာမှ ဖြည်းညှင်းစွာစတင် ဘေးသို့တစ်ဖက်ဆီခွဲထွက်လာသည်။

သွေးနီရောင်မီးပင်လယ်အတွင်းမှ ဒေါသမာန်ဟုန်ကြာပန်းက ဖြည်းဖြည်းချင်း ပေါ်လာ၏။

"ကောင်းတယ်… ဟားဟား…."

မီးပင်လယ်က နှစ်ပိုင်းခွဲသွားပြီး ဒေါသမာန်ဟုန်ကြာပန်းထွက်ပေါ်လာသည်ကို တွေ့ရသောအခါတွင် ကုန်းစွန်းထိုက်ယင်က ကျယ်လောင်စွာ ရယ်မော၍ အောက်သို့ ဆင်းသက်လိုက်သည်။

ဆင်းသက်နေရင်းကုန်းစွန်းထိုက်ယင်၏ညာလက် ဆန့်ထုတ်သွားသည်။ ကုန်းစွန်းထိုက်ယင်က ဒေါသမာန်ဟုန် ကြာပန်းအား ဆုပ်ကိုင်တော့မည်ဖြစ်၏။

သို့သော် ဤအခိုက်အတန့်တွင် ဖြူဖွေးသော လက်တစ်ဖက်က အောက်ဘက်ရှိ မီးပင်လယ်ထဲမှ ရုတ်တရက် ထွက်ပေါ်လာပြီး ဒေါသမာန်ဟုန်ကြာပန်းကို လှမ်း၍ဆုပ်ကိုင်လိုက်သည်။

ချက်ချင်းဆိုသလို ဒေါသမာန်ဟုန်ကြာပန်းအားကိုင်ထားသည့်လက်က မီးပင်လယ်ထဲသို့ ပြန်လည် ငုပ်လျှိုးသွား၏။

ကုန်းစွန်းထိုက်ယင်၏ လက်မှာမူ လေဟာနယ်ကိုသာ ဆုပ်ကိုင်လိုက်ရသည်။

လက်တစ်ဖက်က ဒေါသမာန်ဟုန်ကြာပန်းအား ဆုပ်ကိုင်ပြီး ပျောက်ကွယ်သွားသည်ကို တွေ့ရသောအခါတွင် ကုန်းစွန်းထိုက်ယင်က အောက်ခြေဘက်သို့အော်ပြောလိုက်သည်။

"ဘယ်သူလဲကွ"

ကုန်းစွန်းထိုက်ယင်၏မျက်နှာထက်၌ လွန်စွာတုန်လှုပ်မှုတို့ဖြင့်ပြည့်နှက်နေသည်။

အဘယ်ကြောင့်ဆိုသော် ထိုသူက မီးပင်လယ်အတွင်း၌ တကယ်ကြီး ပုန်းအောင်းနိုင်သောကြောင့်ဖြစ်သည်။ ဤမီးပင်လယ်က အနီရောင်ငရဲမီးကြာပန်း၏ပင်လယ်ဖြစ်၏။

ထို့နောက် ကုန်းစွန်းထိုက်ယင် ပြန်လည်ရရှိလိုက်သည့်တုံ့ပြန်မှုက ကောင်းကင်ထဲသို့ ထိုးတက်လာသော အနီရောင်မီးတောက်တစ်ခုဖြစ်သည်။

ပထမအနီရောင်မီးတောက်ထွက်ပေါ်လာပြီးနောက် နောက်ထပ်တစ်ခုက အစိမ်းရောင်နှင့်မိန်းကလေး ကူယန်ထံသို့ ဝင်ရောက်သွားပြန်သည်။

ကုန်းစွန်းထိုက်ယင်မှာ တုန်လှုပ်နေပြီး လျှင်မြန်စွာဆုတ်ခွာလိုက်သည်။

ကူယန်သည်လည်းအတူတူပင်ဖြစ်၏။ မီးပင်လယ်ထဲမှာ ထိုးထွက်လာသော အနီရောင်မီးတန်းကို လျှင်မြန်စွာရှောင်တိမ်းလိုက်သည်။

ဤမီးတန်းနှစ်ခုက အောက်ဘက်ရှိ အနီရောင်မီးကြာပန်း၏မီးပင်လယ်မှ ဖြစ်ပေါ်လာခြင်းဖြစ်၏။

သို့သော် တစ်ဟုန်ထိုး ဆုတ်ခွာနေသော ကုန်းစွန်းထိုက်ယင်နှင့် ကူယန်တို့အနေဖြင့် အနီရောင်မီးပင်လယ်အတွင်း၌ မည်သူကရပ်နေပြီး ထိုအရာကိုထိန်းချုပ်ကာ ၎င်းတို့အားတိုက်ခိုက်သည်ကို အတိအကျစိတ်ကူးနိုင်ခြင်းပင်မရှိချေ။

သို့သော် မီးတောက်များအား အသုံးပြု၍တိုက်ခိုက်သူက ရှစ်ဖုန့်ဖြစ်နေလိမ့်မည်ဟုတော့ သူတို့ မမျှော်လင့်ထားခဲ့ပေ။

သူတို့အတွက် ဤမီးပင်လယ်က ထိပင်ထိရဲခြင်းမရှိသောတစ်စုံတစ်ခုဖြစ်သည်။ မသေမျိုးနတ်ဆိုးခန္ဓာကိုယ်နှင့် ထိုလူငယ်က မီးပင်လယ်ထဲသို့ကျသွားပြီးကတည်းက ဖျက်ဆီးခံရသည်မှာကြာလောက်ပြီဖြစ်သည်။

သို့သော် မီးပင်လယ်အတွင်း လက်ထဲ၌ အနီရောင်ကြာပန်းတစ်ခုကိုကိုင်ထားသော အနက်ရောင်ပုံရိပ်တစ်ခုဝင့်ကြွားစွာရပ်နေသည်။ ထိုအရာက ဒေါသမာန်ဟုန်ကြာပန်းဖြစ်သည်။

ထိုအနက်ရောင်ပုံရိပ်က ရှေးဟောင်းကူအယ်ရွှေတောင်တံဆိပ်တော်ဖြင့် မီးပင်လယ်အတွင်း တွန်းထုတ်ခံလိုက်ရသော ရှစ်ဖုန့်ပင်ဖြစ်သည်။

ဆက်ရန်...

ဘာသာပြန်သူ - ARISE

ငရဲဘုံကိုးခု ဧကရာဇ် စာစဉ်(၇၀)

အပိုင်း(၁၀၄၉)

ရှစ်ဖုန့်တစ်ယောက် သွေးနီရောင် မီးပင်လယ်၏ အလယ်ဗဟို၌ရှိနေသည်။ သူ၏ ညာလက်ထဲတွင်တော့ ဒေါသမာန်ဟုန်ကြာပန်းအား ကိုင်ထားသည်။

အနီးကပ် သေချာကြည့်မည်ဆိုပါက ထိုသွေးနီရောင် မီးတောက်များက ရှစ်ဖုန့်၏ ခန္ဓာကိုယ်အား အမှန်တကယ် ထိတွေ့ခြင်းမရှိသည်ကို တွေ့ရမည်ဖြစ်သည်။ ရှစ်ဖုန့်၏ ခန္ဓာကိုယ်ပတ်ပတ်လည်၌ ရွှေရောင်အလင်းတန်းတစ်ခု ပေါ်ထွက်နေပြီး တောက်လောင်နေသော အနီရောင်မီးတောက်မီးလျှံများကို ထိုရွှေရောင်အလင်းတန်း၏ အပြင်ဘက်၌ တားဆီးထားသည်။

တကယ်တမ်းတွင် ဤကဲ့သို့ အရေးကြီးသော အခိုက်အတန့်၌ အရာခပ်သိမ်းရဲ့မူလဇစ်မြစ် ပေါ်ထွက်လာခြင်းအား ရှစ်ဖုန့်ကိုယ်တိုင်ပင် ယုံကြည်ရန် ခက်ခဲနေသည်။ ၎င်းအား ကြယ်တစ်ပွင့် နတ်ဘုရားတစ်ပိုင်းလက်နက်တစ်ခုအဖြစ်သာ သူထင်ခဲ့ပြီး နတ်ဘုရားမြေခေါင်းလောင်းနှင့် တူညီသောအဆင့်၌ရှိမနေဟု ထင်ခဲ့သည်။ ၎င်းက ဒဏ္ဍာရီလာ အနီရောင်ငရဲမီးကြာပန်း၏ ငရဲမီးကိုပင် တားဆီးနိုင်လိမ့်မည်ဟု လုံးဝ မျှော်လင့်မထားခဲ့ပေ။

သို့သော် အကယ်၍ ၎င်းအနေဖြင့် အနီရောင်ငရဲမီးကြာပန်းကို တားဆီးနိုင်သည်ဆိုပါက အဘယ်ကြောင့် မသေမျိုးတောင်တန်း၌ သွေးပန်းခက်မျိုးနွယ်စု၏ သွေးနီရောင်ဥနှင့် လက်ရည်တူညီနေခဲ့ရပါသနည်း။ အဘယ်ကြောင့် ၎င်းအနေဖြင့် စွမ်းအား ကုန်ခမ်းသွားပြီး အနက်ရောင် သို့မဟုတ် မီးခိုးရောင်အဖြစ်သို့ ပြောင်းလဲသွားကာ သေလုမျောပါး ဖြစ်နေခဲ့ရသနည်း။

နောက်ပိုင်းတွင်ရှစ်ဖုန့်အနေဖြင့် နှင်းဖြူရောင် ခေါင်းတလား၊ ယန်မျိုးနွယ်စု ခေါင်းဆောင် ယန်ချီနှင့် နတ်ဘုရားမြေခေါင်းလောင်း၏ အသံလှိုင်းစွမ်းအားတို့နှင့် ပက်ပင်းကြုံခဲ့ရပြန်သည်။ ထိုစဉ်က အရာခပ်သိမ်းရဲ့မူလဇစ်မြစ်၏ စွမ်းအားမှာ ကြယ်တစ်ပွင့်နတ်ဘုရားတစ်ပိုင်းနယ်ပယ် လက်နက်တစ်ခု၏ စွမ်းအားသာရှိခဲ့သည်ဖြစ်သည်။

သို့သော် ရှစ်ဖုန့် မီးပင်လယ်ထဲသို့ ပြုတ်ကျသွားသည့် အခိုက်အတန့်တွင်မူ အရာခပ်သိမ်းရဲ့ မူလဇစ်မြစ်မှာ ပေါက်ကွဲထွက်လာသည်။ ရှစ်ဖုန့်ကိုယ်တိုင်ပင် အနီရောင်ငရဲမီးကြာပန်း၏ အနီရောင်မီးပင်လယ်အတွင်း၌ သူ့ကိုယ်သူ ပျက်စီးသွားလိမ့်မည်ဟု ထင်မှတ်ခဲ့မိသည်ဖြစ်သည်။ အရာခပ်သိမ်းရဲ့မူလဇစ်မြစ်က ဤမျှအထိ အလွန်စွမ်းအားကြီးမားလိမ့်မည်ဟုတော့ မမျှော်လင့်ထားခဲ့ပေ။

၎င်းအနေဖြင့် ယခင်က ၎င်း၏ အစစ်အမှန် စွမ်းအားကို ဖုံးကွယ်ထားခဲ့ခြင်းများဖြစ်နေနိုင်မည်လော။

သို့သော်လည်း ထိုသို့ဖြစ်ပုံ မရချေ။

အရာခပ်သိမ်းရဲ့မူလဇစ်မြစ်မှာ အမြဲတမ်း လျှို့ဝှက်ဆန်းကြယ်နေသောအရာဖြစ်သည်။ ရှစ်ဖုန့်ကိုယ်တိုင်ပင် ဘာတွေဖြစ်ပျက်နေသည်ကို နားမလည်နိုင်အောင် ဖြစ်ရသည်ဖြစ်သည်။

"ငါနားမလည်နိုင်ရင်လည်း စဉ်းစားမနေတော့ဘူး"

ရှစ်ဖုန့်တစ်ယောက်ကိုယ့်ဖာသာကိုယ် ရေရွတ်လိုက်သည်။ မည်သို့ပင်ဆိုစေကာမူ သူ အသက်ရှင်နေဆဲဖြစ်ပြီး ဒဏ္ဍာရီလာ အနီရောင်ငရဲမီးကြာပန်း၏ ငရဲမီးများအလယ်၌ ဝင့်ကြွားစွာရပ်နေနိုင်ဆဲဖြစ်၏။

"ဟားဟားဟား…… ကုန်းစွန်းခွေးအိုကြီး….ကူအယ်တောင်က မျိုးမစစ်မ.. မင်းတို့အားလုံးက ဒီသခင်လေးကို တော်တော်လေး သေစေချင်နေမှတော့ မင်းတို့ အားလုံးငရဲကို သွားကြတော့”

မီးပင်လယ်ထဲတွင် ရှစ်ဖုန့်က လက်သီးကို တင်းတင်းဆုပ်ကာ ဒေါသတကြီး ရယ်မောလိုက်သည်။

သူက လက်နှစ်ဖက်ကို ဝှေ့ယမ်းလိုက်၏။ ထိုနောက် မီးပင်လယ်ထဲမှ ကောင်းကင်ယံသို့ အနီရောင်မီးတိုင်ကြီးများ ထိုးတက်သွားသည်။

တစ်ချိန်တည်းတွင် ရှစ်ဖုန့်၏ ခန္ဓာကိုယ်က အပေါ်သို့ ဖြည်းဖြည်းချင်း ရွေ့လျားသွားပြီး မီးပင်လယ်၏ မျက်နှာပြင်ထက်၌ တဖြည်းဖြည်း ထွက်ပေါ်လာသည်။

ကောင်းကင်အထက်တွင်မူ အလျင်အမြန် ရှောင်တိမ်းလိုက်ရသော ကုန်းစွန်းထိုက်ယင်နှင့် ကူယန်တို့မှာ အောက်ဘက်ရှိ အနီရောင်မီးပင်လယ်က ပုံမှန်မဟုတ်ဘဲ ကြမ်းတမ်းလာသည်ကို မြင်တွေ့လိုက်ရသည်။ တောက်လောင်နေသော မီးတိုင်ကြီးများမှာ ပိုမိုထိုးတက်လာသည်။သူတို့၏ ပုံရိပ်များကလည်း လျင်မြန်စွာ ဖျက်ခနဲ လှုပ်ရှားရင်း ရှောင်တိမ်းနေကြရသည်။

မကြာမီတွင် သူတို့သည် အောက်ဘက်ရှိ မီးပင်လယ်ထဲမှ ထွက်ပေါ်လာသော ပုံရိပ်ကို မြင်တွေ့လိုက်ရသည်။

"သူပဲ….ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"

"ဘယ်လိုဖြစ်လို့ သူ ဖြစ်နေရတာလဲ"

"ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ…. သူက ဘယ်လိုလုပ် အသက်ရှင်နေသေးတာလဲ… ပြီးတော့ သူက ဘယ်လိုလုပ် အနီရောင်ငရဲမီးကို ထိန်းချုပ်နိုင်နေရတာလဲ..”

သွေးနီရောင် မီးပင်လယ်အတွင်းမှာ ရှစ်ဖုန့်ထွက်ပေါ်လာသည်ကို မြင်လိုက်ရသောအခါတွင် မယုံကြည်နိုင်မှုတို့ဖြင့် ပြည့်နှက်နေသော အာမေဍိတ်သံ သုံးခု ထွက်ပေါ်လာသည်။

မသေမျိုးနတ်ဆိုးခန္ဓာကိုယ် အားပိုင်ဆိုင်ထားသည့် ဤလူငယ်က အနီရောင်ငရဲမီးပင်လယ်အောက်၌ သေဆုံးသွားခြင်း မရှိခဲ့ပေ။ထိုအစား အောက်ဘက်၌ မီးလှိုင်းများကိုပင် ဖန်တီးနေသေးသည်။

"ရှစ်ဖုန့် အသက်ရှင်နေသေးတာပဲ… ဒါ... ဒါ... သူက ဒီအနီရောင်မီးလျှံတွေရဲ့ လောင်မြိုက်မှုကို လုံးဝ မကြောက်ဘူးလား"

ကောင်းကင်နဂါးမျိုးနွယ်စု လူငယ် လုံရှန်းက မယုံကြည်နိုင်စွာဖြင့် အော်ဟစ်ပြောလိုက်သည်။

ထို့နောက် လုံရှန်းက ဆက်ပြောသည်။

"ဒီအနီရောင်မီးလျှံတွေက ကြည့်ရတာပဲ ကြောက်စရာကောင်းတာလား….တကယ်တမ်းကျတော့ သူတို့က ကြည့်ရသလောက် ကြောက်စရာမကောင်းဘူးလား"

"ဟမ့်… ကြည့်ရသလောက် ကြောက်စရာမကောင်းဘူး ဟုတ်လား"

ဘေး၌ရှိနေသည့် အနက်ရောင်ရေလွှမ်းနဂါးက လုံရှန်း၏ စကားအား ကြားရသောအခါတွင် အထင်အမြင်သေးစွာ နှာခေါင်းရှုံ့ရင်း ပြောလိုက်သည်။

"အဲဒီခွေးမရဲ့ ရှေးဟောင်းကြေးညိုရထားလုံးက ကြယ်လေးပွင့်နတ်ဘုရားတစ်ပိုင်းနယ်ပယ် ဆန်းကြယ်လက်နက်ပဲ… အဲဒါတောင် အနီရောင်ငရဲမီးအောက်မှာ ချက်ချင်း ပြာဖြစ်သွားခဲ့တာ… မင်းက ဒီမီးလျှံတွေက မကြောက်စရာကောင်းဘူးလို့ ပြောချင်တာလား..”

"ဘာ..ကြယ်လေးပွင့် နတ်ဘုရားတစ်ပိုင်းနယ်ပယ် ဆန်းကြယ်လက်နက် ဟုတ်လား!"

ကြယ်လေးပွင့် နတ်ဘုရားတစ်ပိုင်းနယ်ပယ် ဆန်းကြယ်လက်နက်ပင်လျှင် ထိုအနီရောင်မီးလျှံများအောက်၌ ချက်ချင်း ဖျက်ဆီးခံလိုက်ရသည်ဖြစ်သည်။ထိုသို့ဆိုလျှင် ရှစ်ဖုန့်အနေဖြင့် ဤကဲ့သို့သော မီးပင်လယ်အတွင်း၌ အဘယ်ကြောင့် လောင်ကျွမ်းပျက်စီးမသွားရပါသနည်း။

"ကုန်းစွန်းခွေးအိုကြီး…ကူအယ်တောင်က အရှက်မရှိတဲ့ ခွေးမ.. မင်းတို့ ဒီသခင်လေးအသက်ကို အရမ်းလိုချင်နေကြတာ မဟုတ်လား.. လာလေ…… ဒီသခင်လေးကို နောက်တစ်ခါ လာသတ်စမ်းပါ…လာလေ…လာစမ်းပါ... ဒီသခင်လေးက မင်းတို့ လာသတ်မှာကို ဒီမှာရပ်ပြီး အသင့်စောင့်နေတယ်…"

မီးပင်လယ်၏ အထက်တွင် ပေါ်နေသော ရှစ်ဖုန့်က ကောင်းကင်ယံထက်သို့ မော့ကြည့်၍ အေးစက်ဒေါသထွက်စွာ အော်ဟစ်လိုက်သည်။

အကယ်၍ သူ၏ကိုယ်ကို ကာကွယ်ပေးမည့် အရာခပ်သိမ်းရဲ့မူလဇစ်မြစ် သာ မရှိခဲ့ပါက သူ သေဆုံးသွားသည်မှာ ကြာလှပြီ ဖြစ်သည်။ ရှစ်ဖုန့်အနေဖြင့် သူ့အား ထပ်မံသတ်ဖြတ်လိုသော ရန်သူကို မြင်ရလိုက်သောအခါ၌ မည်သို့ ဒေါသမထွက်ဘဲ နေနိုင်မည်နည်း။

သူနှင့် ကုန်းစွန်းထိုက်ယင်၊ ကူအယ်တောင်က မိန်းကလေးတို့ကြားရှိ ရန်ငြိုးမှာ တစ်ဖက်ဖက်က သေမှသာ ပြေလည်မည့် အခြေအနေသို့ ရောက်ရှိနေပြီ ဖြစ်သည်။

၎င်းတို့တင်မကဘဲ အခြေအနေကို အခွင့်ကောင်းယူပြီး ရေနစ်သူကို ဝါးကူထိုးလုပ်ခဲ့သည့် ငရဲခန်းမက လုပ်ကြံသတ်ဖြတ်သူလည်း ပါဝင်သေးသည်ဖြစ်သည်။

ရှစ်ဖုန့်၏ လက်နှစ်ဖက်မှာ လက်သည်းများကဲ့သို့ ကွေးညွတ်သွားသည်။ ဤအခိုက်အတန့်တွင် အရမ်းဒေါသထွက်နေသောကြောင့် ကြောက်မက်ဖွယ်ကောင်းသော နတ်ဆိုးတစ်ဦးနှင့်ပင်တူနေသည်။ သူ၏ စွမ်းအားအောက်တွင် အနီရောင်မီးလျှံများစွာက ကောင်းကင်ထဲသို့ ထိုးတက်သွားပြီး ကောင်းကင်ပေါ်ရှိ ကုန်းစွန်းထိုက်ယင်နှင့် ကူယန်တို့ထံသို့ ဦးတည်သွားကြသည်။

အစိမ်းရောင်ဝတ် မိန်းကလေး ကူယန်၏ မျက်နှာမှာမူ လက်ရှိတွင် အေးစက်စက် အမူအရာဖြင့် ပြည့်နှက်နေသည်။ သူမ၏ မျက်လုံးထဲ၌ ပုရွက်ဆိတ်ကဲ့သို့သော ဖြစ်တည်မှုသာရှိသည့် ဤလူငယ်က တကယ်ကြီး အသက်ရှင်နေသေးသည်မဟုတ်ပါလား။

၎င်းက အသက်ရှင်နေရုံတင်မက သူမကိုယ်တိုင်ကပင် ၎င်း၏ စွမ်းအားကို ရှောင်ပြေးနေရ၏။သူမနှင့် ကုန်းစွန်းထိုက်ယင်တို့ အသက်စွန့်ပြီး ရယူရန် ကြိုးပမ်းခဲ့သည့် ဒေါသမာန်ဟုန်ကြာပန်းမှာလည်း ၎င်း၏ လက်ထဲသို့ ရောက်သွားခဲ့ပြီဖြစ်သည်။

ကူယန်၏ ပုံရိပ်မှာ သူမထံသို့ ကျရောက်လာတော့မည့် အနီရောင်မီးလျှံများကို လျင်မြန်စွာ ရှောင်တိမ်းလိုက်သည်။ သူမက ဒေါသတကြီး အော်ဟစ်ပြောလိုက်၏။

"နင်လို ပုရွက်ဆိတ်က ဒီနေ့ ဒီနေရာမှာ လှိုင်းထအောင် လုပ်နိုင်လိမ့်မယ်လို့ ထင်နေတာလား…"

ယခုအခါတွင် ရှစ်ဖုန့်က အသာစီးရနေသည့်အတွက် သူမအနေဖြင့် ၎င်းအား ဘာမှမလုပ်နိုင်ချေ။ ဆက်လက်ရှောင်တိမ်းနေရန်သာ တတ်နိုင်သည်ဖြစ်သည်။

"ဟမ့်…..ကောင်လေး... ငါ ကုန်းစွန်းထိုက်ယင်က မင်းကို မှတ်ထားမယ်"

ဟင်းလင်းပြင်အတွင်း အနီရောင်မီးတိုင်ကြီးတစ်ခုအား သီသီလေး ရှောင်လိုက်ရသော ကုန်းစွန်းထိုက်ယင်ကလည်း ဒေါသတကြီး နှာခေါင်းရှုံ့လိုက်သည်။

ထို့နောက် ကုန်းစွန်းထိုက်ယင်၏ လက်ဝါးနှစ်ဖက်က ကောင်းကင်သို့ ရိုက်ချလိုက်သည်။ ကောင်းကင်မှ ကျဆင်းလာသော အနီရောင်ကြာပန်း ငရဲမီးပွင့်လေးများကို ကုန်းစွန်းထိုက်ယင်က အခြားအရပ်မျက်နှာများသို့ ရိုက်ထုတ်လိုက်ခြင်း ဖြစ်သည်။

"ချီးပဲ"

ကောင်းကင်ယံ၌ လျင်မြန်စွာ ရှောင်တိမ်းနေသော ပုံရိပ်နှစ်ခုအား ကြည့်ကာ ရှစ်ဖုန့်က ဒေါသတကြီး ပြောလိုက်သည်။

ထိုပုံရိပ်နှစ်ခုမှာ အနီရောင်ငရဲမီးလျှံများရှိရာ ဟင်းလင်းပြင်မှ ထွက်ခွာသွားကြပြီး အဝေးသို့ ဆက်လက်ရှောင်တိမ်းသွားကြပြီ ဖြစ်သည်။

အစောပိုင်းက အခွင့်အရေးကောင်းကို သူ လက်လွတ်လိုက်ရသဖြင့် ထိုလူနှစ်ဦးကို မသတ်နိုင်ခဲ့ချေ။ နောင်တွင် ထိုနှစ်ဦးကို သတ်ရန်မှာမူ ယခုကဲ့သို့ လွယ်ကူတော့မည် မဟုတ်ပေ။

"စွမ်းအား….ဒီသခင်လေး ပိုပြီး သန်မာလာရမယ်"

ရှစ်ဖုန့်က နာကျည်းမှုအပြည့်ဖြင့် ပြောလိုက်သည်။ သူ့အနေဖြင့် ထိုလူနှစ်ဦး ထွက်ပြေးသွားသည်ကိုသာ မတတ်သာဘဲ ကြည့်နေရသည်။ သူ၏ နှလုံးသားထဲတွင် မတတ်သာမှုများဖြင့် ပြည့်နှက်နေသည်။

သူသည် ဤမီးပင်လယ်ထဲတွင် အရာအားလုံးရဲ့မူလဇစ်မြစ် ကိုသာ အားကိုးပြီး ထိုအနီရောင်မီးလျှံများကို ခုခံကာ စိတ်ကြိုက် လုပ်ဆောင်နိုင်ခြင်း ဖြစ်သည်။

အကယ်၍ သူသာ ဤမီးပင်လယ်ထဲမှ ထွက်ခွာသွားပါက ထိုပုံရိပ်နှစ်ခုက သူ့အား သတ်ရန် ပြန်လာကြလိမ့်မည်ဖြစ်သည်။

အဆုံးသတ်တွင်မူ သူသည် အလွန်အားနည်းနေဆဲ ဖြစ်၏။

"ပိုပြီး သန်မာလာရမယ်"

ရှစ်ဖုန့်က ဒေါသတကြီး ထပ်မံပြောလိုက်သည်။ ထို့နောက် သူ၏ ခေါင်းကို ငုံ့လိုက်ပြီး ညာလက်ထဲရှိ အနီရောင်ကြာပန်းဖြစ်သော ဒေါသမာန်ဟုန်ကြာပန်းကို ကြည့်လိုက်သည်။

ဤဒေါသမာန်ဟုန်ကြာပန်းထံမှ ရှစ်ဖုန့်သည် ပုံမှန်မဟုတ်ဘဲ သိပ်သည်းလှသော အေးစက်သည့် စွမ်းအင်တစ်ခုကို အာရုံခံမိသည်။

"စုပ်ယူစမ်း"

ရှစ်ဖုန့်က အေးစက်စွာ အော်ဟစ်လိုက်သည်။ သူ၏ ညာလက်ဝါးမှ ပြင်းထန်သော စုပ်ယူမှုအားတစ်ခု ရုတ်တရက် ထွက်ပေါ်လာပြီး ဒေါသမာန်ဟုန်ကြာပန်းထံမှ အေးစက်သော စွမ်းအင်များကို ရူးသွပ်စွာ စုပ်ယူလိုက်၏။

ဒေါသမာန်ဟုန်ကြာပန်းထံမှ သိပ်သည်းပြီး သန့်စင်သော အေးစက်သည့် စွမ်းအင်များကို စုပ်ယူပြီးနောက် ရှစ်ဖုန့်တစ်ယောက် သူ၏ ဒန်တန် အတွင်းရှိ စွမ်းအင်များက လျင်မြန်စွာ တိုးပွားလာသည်ကို သိသိသာသာ ခံစားလိုက်ရသည်။

ဤအနီရောင်ကြာပန်းက ဒဏ္ဍာရီလာ မီးတောက်တစ်ခုဖြစ်ပြီး အနီရောင်ငရဲမီးကြာပန်းမှ မွေးဖွားလာသောရတနာတစ်ပါးဖြစ်သည်။

ဆက်ရန်...

ဘာသာပြန်သူ - ARISE

ငရဲဘုံကိုးခု ဧကရာဇ် စာစဉ်(၇၀)

အပိုင်း(၁၀၅၀)

ရှစ်ဖုန့်က ဒေါသမာန်ဟုန်ကြာပန်းကို စုပ်ယူလိုက်သကဲ့သို့ သူ၏ ဒန်တန် အတွင်းရှိ ယင်စွမ်းအင်များက မူလပမာဏ၏ ဆယ်ပုံသုံးပုံအထိ လျင်မြန်စွာ ရောက်ရှိသွားသည်။

ထို့နောက် ဆယ်ပုံငါးပုံသို့ ရောက်ရှိသွား၏။

ဆယ်ပုံခုနစ်ပုံ။

ဆယ်ပုံရှစ်ပုံ။

ဆယ်ပုံကိုးပုံ။

ဆယ်ပုံဆယ်ပုံ။

နောက်ဆုံးတွင် ရှစ်ဖုန့်၏ ဒန်တန် အတွင်းရှိ စွမ်းအင်တို့က ပြီးပြည့်စုံခြင်းအဆင့် သို့ ရောက်ရှိသွားခဲ့သည်။

သို့သော် ရှစ်ဖုန့်၏ ရူးသွပ်ဖွယ် စုပ်ယူမှုအောက်တွင် ဒေါသမာန်ဟုန်ကြာပန်း၏ မူလတောက်ပသော အနီရောင်မှာလည်း အနည်းငယ် မှိန်ဖျော့သွားခဲ့သည်။

သူ၏ ဒန်တန် အတွင်းရှိ စွမ်းအင်များ ပြီးပြည့်စုံသွားသောအခါ ရှစ်ဖုန့်က စုပ်ယူမှုကို ရပ်တန့်လိုက်သည်။ လက်ထဲရှိ ကြာပန်းအား အာရုံခံစားရင်း ရှစ်ဖုန့်က သူ့ဘာသာ ရေရွတ်လိုက်၏။

"ဒီဒေါသမာန်ဟုန်ကြာပန်းက ရှေးဟောင်းဒဏ္ဍာရီလာ ရတနာတစ်ခုဖြစ်တာ မဆန်းပါဘူး…. ငါ့ရဲ့ ဒန်တန် ကို ပြည့်စုံခြင်းအဆင့်ရောက်အောင် ကူညီပေးနိုင်ခဲ့ရုံတင်မကဘဲ အေးစက်တဲ့စွမ်းအင် တစ်ဝက်လောက်တောင် ကျန်နေသေးတယ်"

သူ၏ ပျက်စီးသွားသော ဒန်တန်က ကောင်းကင်သူတော်စင်မီးတောက်နှင့် ပေါင်းစပ်သွားပြီးကတည်းက သူ၏ ဒန်တန် မှာ မည်မျှအထိ ထူးဆန်းအံ့သြဖွယ် ကောင်းနေသည်ကို ရှစ်ဖုန့် သိထားသည်ဖြစ်သည်။ယခု သူသည် ကြယ်တစ်ပွင့် နတ်ဘုရားတစ်ပိုင်းနယ်ပယ် သို့ ရောက်ရှိခဲ့ပြီးသောအခါတွင် သာမန်နတ်ဘုရားတစ်ပိုင်းနယ်ပယ်များက သူ့အား ယှဉ်နိုင်စွမ်း မရှိကြတော့ချေ။

ဤကဲ့သို့ ထူးဆန်းသော ဒန်တန် ကြောင့်ပင် ရှစ်ဖုန့်အနေဖြင့် ကြယ်တစ်ပွင့် နတ်ဘုရားတစ်ပိုင်းနယ်ပယ် မှ သတ္တဝါအများအပြားနှင့် ကြယ်နှစ်ပွင့် နတ်ဘုရားတစ်ပိုင်းနယ်ပယ် မှ သတ္တဝါအချို့ကို သတ်ဖြတ်နိုင်ခဲ့သည် ဖြစ်သည်။ ယခင်က သူ၏ ဒန်တန် ကို အဆင့်ဖောက်ထွက်ရန်အတွက် စွမ်းအင် ဆယ်ပုံနှစ်ပုံခန့် လိုအပ်ခဲ့သည်။

ဒေါသမာန်ဟုန်ကြာပန်း၏ စွမ်းအင်တစ်ဝက်ကို စုပ်ယူပြီးနောက် သူ၏ ထူးဆန်းသော ဒန်တန် မှာ ပြီးပြည့်စုံခြင်းအဆင့်သို့ ရောက်ရှိသွား၏။ ၎င်းကပင် ဤဒဏ္ဍာရီလာ ရှေးဟောင်းရတနာမှာ အမှန်တကယ်ပင် ထူးကဲလှသည်ကို လုံလောက်အောင် သက်သေပြနေခြင်းပင်ဖြစ်သည်။

ဒေါသမာန်ဟုန်ကြာပန်းအတွင်း စွမ်းအင်တစ်ဝက် ကျန်ရှိနေသေးသဖြင့် ရှစ်ဖုန့်က ၎င်းအား လက်လွတ်ခံမည်မဟုတ်ချေ။ သူ၏ ညာလက်၌ သွေးနီရောင်အလင်းတန်း တစ်ချက်လက်သွားပြီးနောက် ၎င်းအား သွေးကျောက်ပြား ၏ နေရာလွတ်အတွင်းသို့ သိမ်းဆည်းလိုက်သည်။

"ဝုန်း... ဝုန်း... ဝုန်း.....ဝုန်း…ဝုန်း..ဝုန်း”

ကောင်းကင်နှင့် မြေပြင်အကြား ပြင်းထန်သော တုန်ခါမှုများ ဆက်တိုက်ဖြစ်ပေါ်နေသည်။

ရှစ်ဖုန့်အနေဖြင့် ကောင်းကင်နှင့်မြေပြင်၏ တုန်ခါမှုများကို အာရုံခံမိပြီး ဖြစ်သည်။ ၎င်းမှာ သူ၏ အောက်ဘက်ရှိ တောက်လောင်နေသော အနီရောင် မီးပင်လယ်အတွင်းမှ ထွက်ပေါ်လာခြင်းဖြစ်၏။

အမှန်တကယ်တွင် ရှစ်ဖုန့်တင်မကဘဲ အခြားသူများလည်း အောက်ဘက်၌ လျှို့ဝှက်ဆန်းကြယ်သော အရာတစ်ခုခု ရှိနေရမည်ကို ရိပ်မိကြသည်ဖြစ်သည်။သို့သော် ဒဏ္ဍာရီလာ အနီရောင်ငရဲမီးကြာပန်း ရှိနေမှုနှင့်အတူ မည်သူမျှ အလွန်အမင်း နက်နက်ရှိုင်းရှိုင်းသို့ မဆင်းရဲကြချေ။

ဤအခိုက်အတန့်တွင် ရှစ်ဖုန့်က ခေါင်းငုံ့ကာ အောက်ဘက်ရှိ မီးပင်လယ်ကို ထပ်မံကြည့်လိုက်သည်။ ထို့နောက် သူ့အား ကာကွယ်ထားသည့် ရွှေရောင်အလင်းတန်းကို ကြည့်ကာ ရေရွတ်လိုက်၏။

"ကောင်စုတ်... မင်းသေချာတောင့်ခံထားရမယ်….ဒီသခင်လေး အထဲဝင်သွားတဲ့အခါမှ ပျောက်မသွားနဲ့ဦး…. တကယ်လို့ မင်းသာ ပျောက်သွားခဲ့ရင် ဒီသခင်လေး သေပြီး ပြန်ဝင်စားလို့ နောက်ဘဝရောက်တဲ့အထိ မင်းကို အလွတ်ပေးမှာ မဟုတ်ဘူး"

ထိုသို့ပြောပြီးနောက် ရွှေရောင်အလင်းတန်း ဝန်းရံထားသော ရှစ်ဖုန့်၏ ပုံရိပ်မှာ ဖျက်ခနဲ လှုပ်ရှားသွားပြီး အနီရောင်မီးပင်လယ်အတွင်းသို့ တစ်ဖန် ပြန်လည်ဝင်ရောက်သွားသည်။

ရွှေရောင်အလင်းတန်းမှာ ရုတ်တရက် ပျောက်ကွယ်သွားနိုင်ခြေ ရှိနေသော်လည်း ရှစ်ဖုန့်ကတော့ ကမ္ဘာမြေကြီး၏ ပြင်းထန်သော တုန်ခါမှုမြစ်ဖျားခံရာကို ရှာဖွေရန် ဆုံးဖြတ်ထားပုံရ၏။

မလှမ်းမကမ်း ဟင်းလင်းပြင်ထဲတွင်ရှိနေသော လုံရှန်းက အနီရောင်မီးပင်လယ်ထဲသို့ တစ်ဖန်ပြန်ဝင်သွားသော ရှစ်ဖုန့်ကို ကြည့်ကာ ပြောလိုက်သည်။

"ရှစ်ဖုန့်က အောက်ကို ထပ်ဆင်းသွားပြန်ပြီ……သူ ဘယ်လိုလုပ်လိုက်တာလဲ….သူက ဒီမီးတွေကို လုံးဝ မကြောက်ဘူးလား"

"ဒီကောင်လေးရဲ့ ခန္ဓာကိုယ်ပတ်ပတ်လည်မှာ ရွှေရောင်အလင်းဝိုင်းတစ်ခု ပေါ်နေတာကို မင်း သတိထားမိလား"

လုံရှန်း၏ စကားအဆုံးတွင် နတ်ဆိုးသားရဲဘုရင် အနက်ရောင်ရေလွှမ်းနဂါးက ဝင်ပြောလိုက်သည်။

"ရွှေရောင်အလင်းဝိုင်းလား... အော်... ဟုတ်သားပဲ"

လုံရှန်းက ရှစ်ဖုန့်၏ ပုံရိပ်ကို ပြန်လည်အမှတ်ရရင်း ခေါင်းညိတ်လိုက်သည်။

အနက်ရောင်ရေလွှမ်းနဂါးက ဆက်ပြောသည်။

"ဒီကောင်လေးဆီမှာ အထူးရတနာတစ်ခု ရှိနေတာ ပဲဖြစ်ရမယ်…ဒါကြောင့်သာ သူက အနီရောင်ငရဲမီးကို မကြောက်တာပေါ့.. ဒါပေမဲ့ ထူးဆန်းတာက သူမှာ အဲဒီလို ရတနာရှိနေရင် ဘာလို့ ဟိုခွေးမနဲ့ ကုန်းစွန်းထိုက်ယင်တို့ကို ရင်ဆိုင်တုန်းက အသုံးမပြုခဲ့တာလဲ"

ပြောရင်းနှင့် အနက်ရောင်ရေလွှမ်းနဂါး၏ မျက်နှာပေါ်တွင် လူသားတို့ကဲ့သို့ သံသယဖြစ်နေသော အမူအရာများ ပေါ်ပေါက်လာသည်။ ထို့နောက် တစ်ခုခုကို စဉ်းစားမိသွားဟန်ဖြင့် နဂါးမျက်လုံးများ ပြူးကျယ်သွားကာ အံ့အားတသင့်အော်ဟစ်လိုက်သည်။

"ဒါ... ဒါ ဖြစ်နိုင်တာက….ဒီကောင်လေးက တကယ်ကြီး ကံကောင်းနေတာလား….သူ မီးပင်လယ်ထဲ ပြုတ်ကျပြီး အနီရောင်ငရဲမီးကြောင့် ပျက်စီးတော့မယ့်အချိန်ကျမှ ဒီအထူးရတနာက သူ့ကို သခင်အဖြစ် ရွေးချယ်လိုက်တာများလား"

နေကိုးစင်း ပျောက်ကွယ်သွားမှုကြောင့် မူလက နေကိုးစင်း၏ အလင်းရောင်များဖြင့် ပြည့်နှက်နေသော ကုန်းမြေမှာ တဖြည်းဖြည်း မှောင်မိုက်ပြီး ဝေဝါးလာသည်။

အမှောင်ထုအတွင်း နတ်ဘုရားတစ်ပိုင်းနယ်ပယ် ပုံရိပ်နှစ်ခု ဖျက်ခနဲ ပေါ်လာ၏။ ၎င်းတို့မှာ အနီရောင်ငရဲမီးကြာပန်းရှိရာ ဒေသမှ လွတ်မြောက်လာကြသော ကုန်းစွန်းထိုက်ယင်နှင့် ကူအယ်တောင်မှ အစိမ်းရောင်ဝတ်မိန်းကလေး ကူယန်တို့မှလွဲ၍အခြားမဟုတ်ပေ။

သူတို့ ပေါ်လာပြီးနောက် တစ်ပြိုင်နက်တည်း လှည့်ကြည့်လိုက်ကြပြီး အဝေးရှိ လွင့်မျောတည်ရှိနေသော အနီရောင်မီးကြာပန်းကြီးဆီသို့ ကြည့်လိုက်ကြသည်။ ၎င်းက ဖြည်းဖြည်းချင်း လည်ပတ်နေသည်ဖြစ်သည်။

ဤအခိုက်အတန့်တွင် သူတို့နှစ်ဦးလုံး၏ မျက်နှာမှာ အလွန်အမင်း ကြည့်ရဆိုးနေသည်။

သူတို့ကဲ့သို့သော အဆင့်အတန်း၊ ချုပ်ကိုင်နိုင်သောအာဏာစွမ်းအားမျိုးဖြင့် မည်သည့်အချိန်ကများ ဤကဲ့သို့ အရှုံးမျိုး ကြုံဖူးခဲ့ပါသနည်း။

"ဟမ့်"

အစိမ်းရောင်ဝတ်မိန်းကလေး ကူယန်က ထိုအရပ်မျက်နှာသို့ ကြည့်၍ အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။ ထို့နောက် ကုန်းစွန်းထိုက်ယင်ဘက်သို့ လှည့်ကာ မေးလိုက်သည်။

"ကျွန်မတို့ နောက်ထပ် ဘာဆက်လုပ်မလဲ….ရှင့်မှာ မှာ အကြံရှိသေးလား"

ကူယန်အနေဖြင့် ထိုလူငယ်ကို လွယ်လွယ်နှင့် လွှတ်ပေးရန် ဆန္ဒမရှိချေ။ ထို့ကြောင့် ၎င်းအား သတ်နိုင်မည့်နည်းလမ်း ရှိ၊ မရှိ ကုန်းစွန်းထိုက်ယင်ကို မေးမြန်းလိုက်ခြင်းဖြစ်သည်။

ကူယန်၏စကားတို့အားကြားပြီးနောက် ကုန်းစွန်းထိုက်ယင်က ပြောလိုက်သည်။

"ဒီယုတ်ညံ့တဲ့သတ္တဝါလေးဆီမှာ အထူးရတနာတစ်ခုခု ရှိနေတာ သေချာတယ်….အနီရောင်ငရဲမီးကြာပန်းရဲ့ ငရဲမီးလျှံကတောင် အဲဒါကို မလောင်ကျွမ်းနိုင်ဘူး….သူမှာ အဲဒီရတနာရှိနေသရွေ့ အဲဒီဒေသက သူရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိနေမှာပဲ…ငါတို့ အထဲကို လုံးဝ ဝင်လို့မရဘူး"

"ဒါဆို သူ့ကို ဒီအတိုင်းပဲ လွှတ်ပေးလိုက်ရမှာလား…ကျွန်မတော့ ဒီအတိုင်း လုံးဝ မကျေနပ်နိုင်ဘူး"

ကုန်းစွန်းထိုက်ယင်၏စကားတို့အားကြားပြီးနောက် ကူယန်က ဒေါသတကြီး ထပ်မံအော်ဟစ်လိုက်သည်။

"လောလောဆယ်တော့ သူ့ကို လွှတ်ထားလိုက်ရမှာပဲ…..သူက ဒီရှေးဟောင်းအပျက်အစီးတွေထဲမှာ တစ်သက်လုံး အောင်းနေမှာမှ မဟုတ်တာ"

ကုန်းစွန်းထိုက်ယင်က အေးစက်စွာ ပြောလိုက်၏။

"ငါ ဒီရှေးဟောင်းအပျက်အစီးတွေကနေ ထွက်သွားတာနဲ့ ဒီအကောင်စုတ်ရဲ့ ပုံရိပ်ကို ကျောက်စိုင်ပေါ်မှာ ထွင်းထုပြီး မြေရိုင်းဒေသကြီးက မျိုးနွယ်စုအားလုံးဆီ ပို့ခိုင်းလိုက်မယ်….. နောင်မှာ ဘယ်သူမဆို ဒီအကောင်ကို မြင်တာနဲ့ အဲဒီကျောက်တုံးကို ခွဲလိုက်ရင် ငါကိုယ်တိုင် ချက်ချင်း အရောက်သွားမယ်"

ကုန်းစွန်းထိုက်ယင်၏ စကားကို ကြားသောအခါမှ ကူယန်၏ မျက်နှာပေါ်ရှိ အေးစက်သော အမူအရာမှာ အနည်းငယ် ပြေလျော့သွားသည်။ သူမက ခေါင်းညိတ်ကာ ပြောလိုက်၏။

"ဒါဆိုရင်လည်း အဲဒီအတိုင်းပဲ လုပ်ကြတာပေါ့…ကျွန်မ ကူအယ်တောင်ကို ပြန်ရောက်ရင် ရှင်တို့ရဲ့ မြေရိုင်းဒေသကို ကူအယ်တောင်က လူအင်အားတွေ ထပ်လွှတ်ပေးလိုက်မယ်"

"ကောင်းပြီ"

ကုန်းစွန်းထိုက်ယင်က ခေါင်းညိတ်ကာ တုန့်ပြန်လိုက်၏။

အကယ်၍ အခြားသော အင်အားစုများက မြေရိုင်းဒေသအတွင်းသို့ ရုတ်တရက် ဝင်ရောက်လာပါက ယင်းမှာ ကုန်းစွန်းထိုက်ယင်အား အနိုင်ကျင့်ခြင်းဟု ဆိုနိုင်သည်ဖြစ်သည်။

သို့သော် ကူအယ်တောင်ကဲ့သို့ အင်အားကြီးအဖွဲ့အစည်းတစ်ခုအတွက်မူ အနည်းငယ်မတူညီသော ကိစ္စတစ်ခုဖြစ်၏။ အရိုင်းတိုက်ကြီး ပေါ်တွင် အခြေခံအုပ်မြစ်နက်ရှိုင်းသည့် ထိုကဲ့သို့သော အင်အားစုများ၏ နယ်မြေမဟုတ်သရွေ့ ကူအယ်တောင်က လူများသည် သူတို့ စိတ်ကြိုက် သွားလာနိုင်ကြသည်။ ၎င်းတို့အား မည်သူကများ တားဆီးရဲမည်နည်း။ မည်သူကများ မကျေမနပ် ဖြစ်ရဲမည်နည်း။

အကယ်၍ ကူအယ်တောင်ကသာ မြေရိုင်းဒေသကို အမှန်တကယ် လိုချင်ပါက စကားတစ်ခွန်း ပြောရုံသာလိုပြီး ကုန်းစွန်းထိုက်ယင်အနေဖြင့် ခုခံရဲမည်မဟုတ်ဘဲ မြေရိုင်းမြို့တော်ကိုပါ ရိုရိုသေသေ အပ်နှံရမည်ဖြစ်သည်။ သို့သော်လည်း ကူအယ်တောင်မှာ မြေရိုင်းဒေသကို စိတ်ဝင်စားပုံ မရချေ။

နတ်ဆိုးဆန်သော အနီရောင်မီးတောက်များပင်လယ်အတွင်း ရွှေရောင်အလင်းစက်ဝိုင်း၏ ကာကွယ်ပေးခြင်းကိုခံထားရသော ရှစ်ဖုန့်တစ်ယောက် အောက်ဘက်သို့ ဆက်လက် ငုပ်လျှိုးဆင်းသက်နေသည်။

အပြင်ဘက်မှ ကြည့်လျှင် ဤမီးတောက်များရှိရာ မြေပြင်သည် အနီရောင်ငရဲမီးကြာပန်း၏ငရဲမီးလျှံများကြောင့် လောင်ကျွမ်းပေါက်ပြဲနေသော တွင်းကြီးတစ်ခုနှင့် တူသည်ဖြစ်သည်။

သို့သော်လည်း ဤတွင်းကြီး၏ အလယ်ဗဟို၌ အဆုံးမရှိသော ဂူပေါက်ကြီးတစ်ခု ရှိနေပြန်သည်။ အနီရောင်မီးလျှံများက ဤအဆုံးမဲ့ ဂူပေါက်ကြီးအတွင်းဆက်လက် ပြင်းထန်စွာ တောက်လောင်နေဆဲဖြစ်သည်။

ရှစ်ဖုန့် တစ်ယောက် ထိုဂူအတွင်းသို့ ဝင်ရောက်သွားသောအခါတွင် ဤကမ္ဘာမြေ၏ ပြင်းထန်သော တုန်ခါမှုများက အောက်ဘက်မှ လာနေခြင်းဖြစ်သည်ကို ပိုမိုရှင်းလင်းစွာ အာရုံခံမိလိုက်သည်။

ဆက်ရန်……

All Chapters