← Chapters

အခန်း (၄၅၂-၄၅၄)

Vol. 31 Ch. 452-454

အခန်း (၄၅၂-၄၅၄)

Vol. 31 Ch. 452-454

အခန်း ၄၅၂ - ကောင်းကင်ဓားဂိုဏ်း၏ ဂိုဏ်းချုပ်အသစ်

[ပိုင်ရှင် အချက်အလက်]

အမည် - ပိုင်ကျီဟန်

အသက် - ၁၈ နှစ်

ကျင့်စဉ်အဆင့် - ဗလာသန့်စင်ခြင်း (အစောပိုင်းအဆင့်)

ကိုယ်ခန္ဓာ - အဆင့်မြင့်တာအိုအရိုး

ကိုယ်ခံပညာရပ်များ

အရိပ်ကိုးပါးစီးဆင်းနေသောအလင်းဓားသိုင်း (အဓိကကျွမ်းကျင်မှု)

ထာဝရစီးဆင်းနေသော ရေဓားသိုင်း (အဆင့်မြင့်ကျွမ်းကျင်မှု)

ကံကြမ္မာဖြတ်တောက်ခြင်းဓားချက် (အဆင့်

မြင့်ကျွမ်းကျင်မှု)

ကောင်းကင်အမိန့်တော်ပြောင်းပြန်လှန်ခြင်း (အခြေခံအဆင့်)

"မဆိုးဘူးပဲ”

ပိုင်ကျီဟန်က ခပ်တိုးတိုးရေရွတ်လိုက်သည်။

သူသည် ဗလာသန့်စင်ခြင်းအဆင့်သို့ ဖောက်ထွက်နိုင်ခဲ့ရုံသာမက ထိုအဆင့်ကိုလည်း ခိုင်မာအောင် ပြုလုပ်နိုင်ခဲ့ပြီ ဖြစ်သည်။

သူက အသက်ကို ဝဝရှူထုတ်လိုက်၏

"ငါ အထဲမှာ ဘယ်လောက်ကြာသွားလဲ မသိဘူး”

သူ့ပင်ကိုယ်သိစိတ်ဖြင့် ခန့်မှန်းကြည့်လိုက်၏

"အနည်းဆုံးတော့ နှစ်လကျော်ပြီပေါ့”

ပိုင်ကျီဟန်သည် ကျင့်ကြံခြင်းစင်မြင့်ပေါ်မှ ထလိုက်ပြီး ကိုယ်လက်များကို အနည်းငယ် ဆန့်ထုတ်လိုက်သည်။

သူ၏ ဝတ်ရုံများသည်လည်း ဝိညာဉ်စွမ်းအား အကြွင်းအကျန်များနှင့် ချွေးများကြောင့် စေးကပ်နေပြီဖြစ်ရာ မည်သူနှင့်မျှ တွေ့ရန် မသင့်တော်တော့ပေ။

ဘာပဲဖြစ်ဖြစ်

"ရေအရင်ချိုးရမယ်"

ရေချိုးပြီးနောက် သူသည် ခုန်ကျန်းဟုန်ကို ခေါ်လိုက်သော်လည်း ဆက်သွယ်ရေး အဆောင်လက်ဖွဲ့ မှာ တုံ့ပြန်မှု မရှိပေ။

ခုန်ကျန်းဟုန်ကို ဆက်သွယ်၍ မရသောကြောင့် ပိုင်ကျီဟန်သည် ပိုင်မျိုးနွယ်စုအတွင်း လမ်းလျှောက်ကြည့်ရန် ဆုံးဖြတ်လိုက်သည်။

ပိုင်မျိုးနွယ်စုသည် ယခင်ကထက် ပို၍ သက်ဝင်လှုပ်ရှားနေသည်။

စစ်ပွဲမတိုင်ခင်ကထက်ပင် ပို၍ စည်ကားနေ၏။

အဆောက်အဦးသစ်များ ထွက်ပေါ်လာပြီး လေ့ကျင့်ရေးကွင်းများတွင်လည်း လက်နက်ချင်း ထိခိုက်သံများ ပဲ့တင်ထပ်နေသည်။

တပည့်များမှာလည်း ရည်မှန်းချက်ကိုယ်စီဖြင့် လှုပ်ရှားနေကြပြီး သူတို့၏ အရှိန်အဝါများသည်လည်း ပို၍ ထက်မြက်ကာ တည်ငြိမ်အားကောင်းလာကြသည်။ ပိုင်ကျီဟန် ရောက်သွားသည့် နေရာတိုင်းတွင် လူများက သူ့ကို သတိထားမိကြသည်။

ပြီးတော့ နေရာတိုင်းတွင်

သူတို့က ရိုသေစွာ ဦးညွှတ်နှုတ်ဆက်ကြသည်။

တိုးတိုးတိတ်တိတ် ပြောဆိုခြင်းများ မရှိပေ

သနားကြင်နာပြခြင်းများ မရှိပေ

နေရခက်၍ ရှောင်ဖယ်သွားခြင်းများလည်း မရှိပေ။

သူ၏ ခန္ဓာကိုယ် ချို့ယွင်းသွားခြင်းက ဘာကိုမှ ပြောင်းလဲပစ်နိုင်ခြင်း မရှိသည့်အလားပင်။

ပိုင်ကျီဟန်သည် ၎င်းတို့ကို တိတ်ဆိတ်စွာ စောင့်ကြည့်နေမိသည်။

သူသည် ရင်းနှီးသော နေရာများ ဖြစ်သည့် ဟောင်းနွမ်းသော ဝင်းခြံများ၊ တစ်ချိန်က လေ့ကျင့်ခဲ့ဖူးသော သို့မဟုတ် နားခိုခဲ့ဖူးသော တိတ်ဆိတ်သည့် ထောင့်များကို ဖြတ်ကျော်သွားသည်။

သို့သော် သူ ရပ်တန့်၍ ပတ်ဝန်းကျင်ကို ကြည့်လိုက်သောအခါ

စကားပြောမည့်သူ တစ်ယောက်မှ မရှိတော့ပေ။

ပေါ့ပေါ့ပါးပါး စကားဖလှယ်မည့်သူ တစ်ဦးမျှ မရှိပေ။

မသိစိတ်၏ အလိုအရ နာမည်တစ်ခုက သူ့ခေါင်းထဲ ပေါ်လာသည်။

"လောင်ချင်း"

ပိုင်ကျီဟန် ခေတ္တရပ်သွားသည်။

အနည်းဆုံးတော့ သူမ ဒီမှာ ရှိစဉ်တုန်းက သူမနှင့် စကားအနည်းငယ် ပြောဖြစ်သေးသည်။

ယခုမူ မည်သူမျှ မရှိတော့ပေ။

ပိုင်ကျီဟန်သည် ဝင်းခြံထဲတွင် တစ်ယောက်တည်း ရပ်နေမိသည်။

"ငါ့မှာ တကယ်ပဲ သူငယ်ချင်း မရှိတော့တာပဲ"

ထိုစကားကို ပြောရင်း သူက ခပ်ယဲ့ယဲ့ ပြုံးလိုက်သည်။

"တကယ်တော့လည်း ငါက အစကတည်းက ဒါတွေကို ဂရုစိုက်ခဲ့တာမှ မဟုတ်တာ"

သို့သော်လည်း တိတ်ဆိတ်မှုသည် ယခင်ကထက် ပို၍ ကြာရှည်စွာ ကျန်ရစ်နေခဲ့သည်။

ရက်အနည်းငယ် အေးအေးချမ်းချမ်း ကုန်ဆုံးသွားသည်။

ပုံမှန်ဆိုလျှင် ခုန်ကျန်းဟုန်သည် သတင်းရရချင်း ပေါ်လာမည်ဖြစ်သော်လည်း တစ်ခုခုကြောင့် နှောင့်နှေးနေပုံရသည်။

ပိုင်ကျီဟန်ကတော့ သိပ်ပြီး မလောလှပေ။

သူသည် ပေါ့ပေါ့ပါးပါးပင် ကျင့်ကြံနေပြီး မျိုးနွယ်စု ဝင်းအတွင်း လမ်းလျှောက်ရင်း အချိန်နှင့် အာဏာကြောင့် ပြောင်းလဲသွားမှုများကို စောင့်ကြည့်နေခဲ့သည်။

ထို့နောက်

စတုတ္ထမြောက်နေ့တွင်

ခုန်ကျန်းဟုန်သည် သူ့ရှေ့တွင် ပေါ်လာပြီး ဝန်လေးခြင်းမရှိဘဲ ဒူးတစ်ဖက်ထောက် ခစားလိုက်သည်။

"သခင်လေး”

ပိုင်ကျီဟန်က တည်ငြိမ်စွာ ကြည့်လိုက်၏

"မင်း တော်တော် ကြာသွားတာပဲ"

ခုန်ကျန်းဟုန်က ခေါင်းကို ပို၍ ငုံ့လိုက်ပေ၏

"တောင်းပန်ပါတယ်ခင်ဗျာ။ ကျွန်တော် ချက်ချင်း ဖြေရှင်းရမယ့် ကိစ္စတစ်ခု ပေါ်လာလို့ပါ"

ပိုင်ကျီဟန်၏ အကြည့်များက ထက်ရှသွား၏

"သတင်းပို့”

ခုန်ကျန်းဟုန်သည် စက္ကန့်ပိုင်းမျှ တုံ့ဆိုင်းသွားပြီးနောက် ပြောလိုက်သည်။

"ဂိုဏ်းချုပ် ထျန်းယုဟမ် ဂိုဏ်းကနေ နှင်ထုတ်ခံလိုက်ရပါပြီ"

အေးချမ်းသော နေ့ရက်များသည် ထိုနေရာတွင်ပင် အဆုံးသတ်သွားတော့သည်။

ခုန်ကျန်းဟုန်၏ အသံမှာ တည်ငြိမ်နေသော်လည်း သူ သတင်းပို့လိုက်သည့် အချက်အလက်၏ အလေးချိန်မှာ ငြင်းဆန်၍ မရပေ။

ပိုင်ကျီဟန် တံခါးပိတ်ကျင့်ကြံနေစဉ်အတွင်း မျိုးနွယ်စုခေါင်းဆောင် ပိုင်ထျန်းဟမ်သည် သူ၏ ကတိကို တည်ခဲ့သည်။

မြေကမ္ဘာအဆင့်မြင့် ကျင့်စဉ်ကို ကောင်းကင်ဓားဂိုဏ်းအဖို့ ပိုင်မျိုးနွယ်စုနှင့် ပူးပေါင်းစရာ မလိုဘဲ ထျန်းယုဟမ်ထံသို့ ပေးပို့ခဲ့သည်။

သို့သော်လည်း အရာအားလုံးက နောက်ကျသွားခဲ့ပြီဖြစ်သည်။

ကျင့်စဉ် မရောက်လာမီကပင် ပျက်စီးဆုံးရှုံးမှုများက ဖြစ်ပေါ်နေခဲ့ပြီ။

ထိုအချိန်တွင် တပည့်များစွာ၊ အထူးသဖြင့် အပြင်စည်း၊ အတွင်းစည်းနှင့် အမာခံတပည့်များစွာသည် အခြားလမ်းကြောင်းများမှ တစ်ဆင့် ကျင့်ကြံခြင်းနည်းလမ်းများကို ရရှိထားနှင့်ပြီးဖြစ်သည်။

အချို့မှာ ပိုင်မျိုးနွယ်စုဘက်မှ ရရှိကြ၏

အချို့မှာမူ လီ-ကျောက် မဟာမိတ်အဖွဲ့ ထံမှ ရရှိကြသည်။

ဂိုဏ်းအတွင်းပိုင်း မညီမျှမှုများသည် ခိုင်မာသွားခဲ့ပြီဖြစ်သည်။

ထိရောက်မှုမရှိခြင်းသည် ငြင်းပယ်ခြင်းထက် ပို၍ မြန်မြန်ဆန်ဆန် မကျေနပ်မှုများကို ဖြစ်ပေါ်စေသည်။

ထျန်းယုဟမ်၏ ဆုံးဖြတ်ချက်မှာ ကောင်းကင်ဓားဂိုဏ်းကို တည်ငြိမ်စေမည့်အစား အကြီးအကဲဟန်၏ လက်ထဲတွင် အခြားလက်နက်တစ်ခု ဖြစ်သွားခဲ့သည်။

အကြီးအကဲဟန်က ဂိုဏ်းချုပ်သည် ဂိုဏ်းကြီး ပျက်စီးလုနီးပါး ဖြစ်နေချိန်တွင်ပင် အင်အားဖြင့် ဦးဆောင်မည့်အစား ပိုင်မျိုးနွယ်စုထံတွင် မျက်နှာချိုသွေး အောက်ကျို့နေသည်ဟု လူသိရှင်ကြား စွပ်စွဲလိုက်သည်။

အချိန်ကိုက်မှုသည် အလွန်ပင် ပြည့်စုံလွန်းလှသည်။

တပည့်များသည်လည်း မကျေမနပ် ဖြစ်နေကြချေပြီ။

အကြီးအကဲများမှာလည်း အုပ်စုကွဲနေကြပြီ ဖြစ်သည်။

မဟာအကြီးအကဲအချို့က တိတ်ဆိတ်နေရန်သာ ရွေးချယ်ခဲ့ကြသည်။ ထိုကဲ့သို့သော အခြေအနေမျိုးတွင် တိတ်ဆိတ်နေခြင်းသည် ထောက်ခံခြင်းပင် ဖြစ်ပေသည်။

ဂိုဏ်းချုပ်ဆန့်ကျင်ရေးအုပ်စု၏ ထောက်ခံမှုဖြင့် အကြီးအကဲဟန်သည် အတွင်းပိုင်း ခုံရုံးတစ်ခုကို ခေါ်ယူကျင်းပခဲ့သည်။

ထျန်းယုဟမ်သည် အရည်အချင်းမရှိခြင်း၊ အာဏာစက် လျော့ပါးလာခြင်းနှင့် ဂိုဏ်း၏အနာဂတ်ကို အန္တရာယ်ဖြစ်စေခြင်းတို့ဖြင့် စွပ်စွဲခံခဲ့ရသည်။

ရလဒ်ကတော့ မလွဲဧကန်ပင်။

သူသည် ရာထူးမှ ဆင်းပေးရန် ဖိအားပေးခြင်း ခံလိုက်ရသည်။

ထျန်းယုဟမ်သည် ခုခံတော်လှန်ခြင်း မပြုခဲ့ပေ။

အဘယ်ကြောင့်ဆိုသော် ထိုသို့ပြုလုပ်ခြင်းက ကောင်းကင်ဓားဂိုဏ်းအတွင်း ပြည်တွင်းစစ်ကို ဦးတည်သွားစေမည်ဖြစ်ပြီး သူသည် ထိုအဖြစ်မျိုးကို အနည်းဆုံးတော့ ရှောင်ရှားလိုသောကြောင့် ဖြစ်သည်။

ရာထူးမှ ဆင်းပေးခြင်းသည် ကောင်းကင်ဓားဂိုဏ်းအတွက် သူပြုလုပ်ပေးနိုင်သည့် အကောင်းဆုံး ဆုံးဖြတ်ချက်ဟု သူခံစားခဲ့ရသည်။

ထို့ကြောင့် လူအများ မျှော်လင့်ထားသကဲ့သို့ ဂိုဏ်းတွင်း အချင်းချင်း သတ်ဖြတ်မှုများ ဖြစ်မလာခဲ့ပေ။

ထျန်းယုဟမ်၏ အသက်ကို ချမ်းသာပေးခဲ့ကြသည်။

သူ၏ ကျင့်စဉ်အဆင့်သည်လည်း မပျက်စီးဘဲ ကျန်ရှိနေခဲ့ပြီး အကြီးအကဲ ရာထူးတစ်ခုကို ဆက်လက်ရယူရန် ခွင့်ပြုခဲ့သည်။

သို့သော် ထျန်းယုဟမ်သည် ထိုရာထူးကို ဝန်လေးခြင်းမရှိဘဲ မိမိကိုယ်တိုင် စွန့်လွှတ်လိုက်သည်။

အကြီးအကဲဟန်သည် သူ့ကို အရှက်ခွဲရန်အတွက်သာ ထိုရာထူးကို ပေးလိုခြင်းဖြစ်ကြောင်း သူသိနေ၏။

"အကြီးအကဲဟန်က ဂိုဏ်းချုပ်ရာထူးကို တက်လှမ်းသွားပါပြီ"

ခဏမျှ ဝင်းခြံတစ်ခုလုံး တိတ်ဆိတ်သွားသည်။ သစ်ပင်ရိပ်အောက်တွင် ရပ်နေသော ပိုင်ကျီဟန်သည် ခေတ္တမျှ ရပ်တန့်သွား၏။

ဤနိဂုံးသည် အံ့ဩစရာလည်း မဟုတ်သလို နားလည်ရန်လည်း မခက်ခဲပေ။

ခုံကျန်းဟုန်က ဆက်လက်တင်ပြသည်။

"တရားဝင် ထုတ်ပြန်ချက်အရတော့ ကောင်းကင်ဓားဂိုဏ်းက အတွင်းပိုင်း ပြန်လည်ဖွဲ့စည်းမှု လုပ်နေတယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ တရားမဝင် ပြောရရင်တော့-"

"သူတို့တွေ လီ-ကျောက် မဟာမိတ်အဖွဲ့ထဲ ပါသွားပြီပေါ့" ပိုင်ကျီဟန်က ခပ်ပြတ်ပြတ် ပြောလိုက်သည်။

ထိုကိစ္စတွင် သူတို့သည် နောက်ကွယ်ကနေ ကြီးကြီးမားမား ပါဝင်ပတ်သက်နေမည်မှာ မလွဲနိုင်ပေ။

"မှန်ပါတယ်” ခုန်ကျန်းဟုန်က ပြန်ဖြေသည်။

"အဓိက အရေးပါတဲ့ ရာထူးအားလုံးကို အခု အကြီးအကဲဟန်ရဲ့ လူတွေကပဲ ထိန်းချုပ်ထားပါတယ်။ အရင်းအမြစ်တွေ၊ တပည့်တွေ၊ ပြင်ပဆက်သွယ်ရေးတွေ အားလုံးကိုပေါ့”

ပိုင်ကျီဟန်၏ အကြည့်များက ဝေးလွင့်သွားသည်။

မည်သူ ဂိုဏ်းချုပ်ဖြစ်သည်ကို သူဂရုမစိုက်ပေ။

ထျန်းယုဟမ် အုပ်ချုပ်သည်ဖြစ်စေ၊ အကြီးအကဲဟန် အုပ်ချုပ်သည်ဖြစ်စေ သူဂရုမစိုက်ပေ။

သို့သော်လည်း

"လီ နဲ့ ကျောက်က ဒီလို ထိပ်တန်းဂိုဏ်းကြီးတစ်ခုကို ရသွားမယ်ဆိုတာတော့..."

"ဒါကိုတော့ ငါခွင့်မပြုနိုင်ဘူး"

ခုန်ကျန်းဟုန်သည် ပိုင်ကျီဟန်၏ စကားကြောင့် နောက်တစ်ကြိမ် တုန်လှုပ်သွားရပြန်သည်။

မည်သို့သော ရန်သူမျိုးနှင့် ရင်ဆိုင်ရပါစေ ပိုင်ကျီဟန်သည် တုံ့ဆိုင်းနေခြင်း အလျဉ်းမရှိပေ။

ခုန်ကျန်းဟုန်သည် တစ်ခုခုပြောရန် ပြင်သော်လည်း နောက်တစ်ဖန် ပြန်လည်တုံ့ဆိုင်းသွားသည်။

ပိုင်ကျီဟန်က ချက်ချင်း သတိထားမိလိုက်၏

"တင်ပြစရာ ကျန်သေးတာလား?"

ခုန်ကျန်းဟုန်သည် လက်သီးကို ခပ်ဖွဖွဆုပ်လိုက်ပြီးမှ ပြန်လည်ဖြေလျှော့လိုက်သည်။

"ရှိပါတယ်"

သူသည် ကိုယ်ကိုမတ်လိုက်ပြီး ပိုင်ကျီဟန်၏ မျက်လုံးများကို တည့်တည့်ကြည့်လိုက်ချေသည်။

"ပွင့်ပွင့်လင်းလင်းသာ ပြောစမ်းပါ၊ ဘာမှ ဖုံးကွယ်မထားနဲ့" ဟု ပိုင်ကျီဟန်က ဆိုသည်။

ခုန်ကျန်းဟုန်သည် အသက်ကို ဝဝရှူလိုက်ပြီးနောက် ဆက်လက်တင်ပြလေသည်။

အကြီးအကဲဟန်သည် ကောင်းကင်ဓားဂိုဏ်းအတွင်း အာဏာတည်မြဲစေရန် အချိန်ဆွဲမနေခဲ့ပေ။

ထျန်းယုဟမ် ရာထူးမှ ဆင်းပေးလိုက်သည်နှင့် တစ်ပြိုင်နက် ကြီးမားသော ပြောင်းလဲမှုများက မြန်ဆန်၊ ပြတ်သားပြီး သနားညှာတာမှု ကင်းမဲ့စွာဖြင့် နောက်ဆက်တွဲ ပေါ်ပေါက်လာခဲ့တော့သည်။

ပထမဆုံး လုပ်ဆောင်ချက်မှာ အတွင်းပိုင်း သန့်စင်ခြင်းပင် ဖြစ်သည်။

ပိုင်မျိုးနွယ်စုနှင့် ပတ်သက်ဆက်နွှယ်နေသည့် မည်သည့်တပည့်ကိုမဆို ဂိုဏ်းမှ နှင်ထုတ်ခဲ့သည်။

ထိုအခါ သဘာဝအတိုင်းပင် ခုခံတွန်းလှန်မှုများ နောက်ဆက်တွဲ ပေါ်ပေါက်လာတော့သည်။

အတွင်းစည်းတပည့်များနှင့် အမာခံတပည့်များအကြား ကန့်ကွက်ဆန္ဒပြမှုများ ပေါက်ကွဲထွက်လာခဲ့သည်။

အကြီးအကဲ အချို့ကလည်း ကန့်ကွက်စကား ဆိုကြ၏။

အချို့သော ဓားခန်းမများကဆိုလျှင် အမိန့်ကို လိုက်နာရန်ပင် ငြင်းဆန်ခဲ့ကြသည်။

သို့သော်လည်း ဘာမှ ထူးမလာခဲ့ပေ။

အကြီးအကဲဟန်သည် ယခုအခါ ဂိုဏ်းချုပ်နေရာတွင် ထိုင်နေပြီဖြစ်ရာ သူ၏စကားသည် အမြင့်ဆုံးဥပဒေ ဖြစ်လာခဲ့သည်။

ခုခံသူများကို အုပ်ချုပ်ရေးဟောင်း၏ အကြွင်းအကျန်များအဖြစ် သတ်မှတ်လိုက်ပြီး ငြင်းခုံသူများကိုမူ ဂိုဏ်း၏အနာဂတ်ကို ဖျက်ဆီးနေသူများအဖြစ် စွပ်စွဲလိုက်သည်။

တုံ့ဆိုင်းနေသူများကိုလည်း ထိုသူများနှင့် မခြားနားစွာ ဆက်ဆံခဲ့သည်။

လူအများကို အံ့ဩတုန်လှုပ်စေခဲ့သည်မှာ နှင်ထုတ်မှုများကြောင့် မဟုတ်ဘဲ

ထိုနှင်ထုတ်မှုများ၏ အတိုင်းအတာကြောင့်ပင်။

ပိုင်မျိုးနွယ်စုနှင့် ပတ်သက်သူများ သို့မဟုတ် ဂိုဏ်းချုပ်ဟောင်း၏ လူများကိုသာ သုတ်သင်ခဲ့သည်မဟုတ်ပေ။

မည်သည့်ဘက်မှ မပါဘဲ ကြားနေခဲ့သူများပင် ဤမုန်တိုင်းအတွင်းသို့ ဆွဲသွင်းခြင်း ခံလိုက်ရသည်။

ထိုသူများထဲတွင်

ချင်းလန်လည်း ပါဝင်နေသည်

သူမသည် ပိုင်ကျီဟန်၊ ပိုင်ရွှယ်ချင်းနှင့် ခုန်ကျန်းဟုန်တို့၏ ဆရာပင် ဖြစ်သည်။

သူမသည် ပဋိပက္ခတစ်လျှောက်လုံးတွင် မည်သည့်ဘက်မှ မပါဝင်ခဲ့ပေ။

ထျန်းယုဟမ်ကိုလည်း မထောက်ခံခဲ့သလို အကြီးအကဲဟန်ကိုလည်း မဆန့်ကျင်ခဲ့ပေ။

သို့သော် ယခုအခါ ကြားနေခြင်းမှာပင် ပြစ်မှုတစ်ခု ဖြစ်လာခဲ့ချေပြီ။

စနစ်သစ်အောက်တွင် ကြားနေခြင်းကို တိတ်ဆိတ်စွာ အာခံခြင်းအဖြစ် သတ်မှတ်လိုက်ကြသည်။

ချင်းလန်ကို "ယာယီ ကန့်သတ်ချက်" အောက်တွင် ထားရှိလိုက်သည်။

သူမ၏ အာဏာများကို ရုပ်သိမ်းလိုက်၏

သူမ၏ လှုပ်ရှားမှုတိုင်းကို စောင့်ကြည့်ခြင်း ခံရသည်။

သူမ၏ တပည့်များမှာလည်း ထိုနည်းတူပင်။

အထူးသဖြင့် ပိုင်ရွှယ်ချင်းသည် ပြင်းထန်စွာ တုံ့ပြန်ခဲ့သည်။

သူမသည် အလွန်ပင် ဒေါသထွက်နေ၏။

ပိုင်ကျီဟန်နှင့် မတူသည်မှာ သူမသည် ကောင်းကင်ဓားဂိုဏ်းရော ချင်းလန်နှင့်ပါ နက်ရှိုင်းသော သံယောဇဉ် ရှိနေခြင်းပင်။

အခြေအနေကို ပို၍ ဆိုးရွားစေသည်မှာ ပိုင်ရွှယ်ချင်းအပါအဝင် ပိုင်မျိုးနွယ်စုဝင်အားလုံးကို ဂိုဏ်းမှ နှင်ထုတ်သည့်အမိန့် ထုတ်ပြန်လိုက်ခြင်းပင်။

သူမကို ဂိုဏ်းမှ ထွက်ခွာရန် ပြောကြားခဲ့သည်။

လောလောဆယ်တွင် သူမသည် ကောင်းကင်ဓားဂိုဏ်းအတွင်း၌ပင် ရှိနေသေးသော်လည်း အကြီးအကဲဟန်သည် သူ၏ဆုံးဖြတ်ချက်ကို ပြောင်းလဲရန် စိတ်ကူးမရှိကြောင်း ထင်ရှားလှသည်။

အကြီးအကဲဟန်၏ အုပ်စုသည် အာဏာစက်ကို ပို၍ တင်းကျပ်လာခဲ့သည်။ တစ်ချိန်က ထျန်းယုဟမ်ကို ထောက်ခံခဲ့သည့် တပည့်များကို တိတ်တဆိတ် ထိန်းချုပ်လိုက်သည်။ မေးခွန်းထုတ်သူများကိုမူ စည်းကမ်းပိုင်းဆိုင်ရာ ဆွေးနွေးမှုဟု ခေါင်းစဉ်တပ်ကာ ခေါ်ယူစစ်ဆေးသည်။

တိတ်ဆိတ်နေခဲ့သည့် အကြီးအကဲများပင် ယခုအခါ စိစစ်စောင့်ကြည့်ခြင်း ခံနေရချေပြီ။

ကောင်းကင်ဓားဂိုဏ်းသည် ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။

ယခင်ကလို အုပ်စုကွဲမနေတော့ဘဲ ကြောက်ရွံ့မှုနှင့် ဖိနှိပ်မှုများဖြင့် တစ်စုတစ်စည်းတည်း ဖြစ်သွားခဲ့သည်။

ခုန်ကျန်းဟုန်က သူ၏သတင်းပို့မှုကို လေးနက်သော မျက်နှာပေးဖြင့် အဆုံးသတ်

လိုက်သည်။

သူကိုယ်တိုင်လည်း ကောင်းကင်ဓားဂိုဏ်း၏ တပည့်ဟောင်းတစ်ဦး ဖြစ်ခဲ့ဖူးရာ ဂိုဏ်းကြီး၏ ကျဆုံးမှုကို မြင်တွေ့ရခြင်းက သူ့အဖို့ ခါးသီးလှသည်။

"ကောင်းကင်ဓားဂိုဏ်းက အခုတော့ လီ-ကျောက် ရဲ့ လက်အောက်ကို အခိုင်အမာ ရောက်သွားပါပြီ" သူက နိဂုံးချုပ်လိုက်လိုက်၏

"ပြီးတော့ သခင်မလေးကိုလည်း ရန်သူတစ်ယောက်လို ဆက်ဆံနေကြပါတယ်"

ပိုင်ကျီဟန်၏ ပတ်ဝန်းကျင်ရှိ လေထုသည် ပို၍ အေးစက်လာပုံရသည်။

ဤတစ်ကြိမ်တွင်မူ ၎င်းမှာ သြဇာအာဏာ သို့မဟုတ် ဟန်ချက်ညီမှုဆိုင်ရာ ကိစ္စရပ် မဟုတ်တော့ပေ။

စည်းတစ်ခုကို ကျော်လွန်သွားခဲ့ပြီ ဖြစ်သည်။

ပြီးတော့ အကြီးအကဲဟန်သည် ၎င်းကို ကိုယ်ရေးကိုယ်တာကိစ္စ ဖြစ်အောင် လုပ်

လိုက်ချေပြီ။

ထိုလူသည် သူ၏ သစ္စာခံမှုကို ဖုံးကွယ်ထားရန် ဂရုမစိုက်တော့ပုံရသည်။

ပိုင်ကျီဟန်က ခပ်ပြုံးပြုံးဖြင့်

"ခုန်ကျန်းဟုန်..." သူက တည်ငြိမ်စွာ ဆိုသည်။ "ငါ့ရဲ့ သင်္ဘောကို ပြင်ထားလိုက်" “ဒီလူမိုက်နဲ့ သွားတွေ့ကြတာပေါ့"

"ပြီးတော့ သူ့ရဲ့ နေရာက ဘယ်မှာလဲဆိုတာ သွားပြီး သတိပေးရမယ်”

အခန်း ၄၅၃ - ပြောင်းလဲသွားသော ကောင်းကင်ဓားဂိုဏ်း

ကောင်းကင်ဓားဂိုဏ်းက ပြောင်းလဲသွားခဲ့ချေပြီ။

အမည်နာမပင် ပြောင်းလဲသွားခြင်း မဟုတ်ပေ

သို့သော်လည်း စိတ်ဝိညာဉ်ကတော့ ပျက်စီးသွားခဲ့လေပြီ။

တစ်ချိန်က စည်းကမ်းစနစ်ကျခဲ့သော ကျင့်ကြံမှုများသည် ယခုအခါ ဖရိုဖရဲဖြစ်မှုများအဖြစ် ပုပ်သိုးသွားခဲ့သည်။

စနစ်တကျ လေ့ကျင့်သံများ ပဲ့တင်ထပ်ခဲ့ဖူးသော ဓားခန်းမများတွင် ယခုအခါ အော်ဟစ်ဆဲဆိုသံများနှင့် ရက်စက်သော ရယ်မောသံများဖြင့် ပြည့်နှက်နေ၏။

ကင်းလှည့်အဖွဲ့များသည် အမည်ခံမျှသာ ရှိတော့သည်။ စည်းကမ်းများကိုလည်း မိမိတို့အုပ်စုအတွက် အလိုရှိမှသာ အသုံးပြုကြတော့သည်။

ဂိုဏ်းချုပ်ဟောင်းကို ဆန့်ကျင်ခဲ့သည့် အုပ်စုမှ လူများမှာမူ မောက်မာဝင့်ကြွားစွာဖြင့် လူမြင်ကွင်းတွင် လျှောက်သွားနေကြသည်။

သူတို့သည် နောက်ဆက်တွဲ အကျိုးဆက်များကို ကြောက်ရွံ့ခြင်း မရှိတော့ပေ။

အဘယ်ကြောင့်ဆိုသော် သူတို့ကို အပြစ်ပေးမည့်သူ တစ်ဦးမျှ မကျန်တော့သောကြောင့် ဖြစ်သည်။

အပြင်စည်း ဝင်းခြံတစ်ခုတွင် လူအုပ်စုလေးတစ်ခု စုဝေးနေကြသည်။

ကျင့်ကြံရန် မဟုတ်သလို

လေ့ကျင့်ရန်လည်း မဟုတ်ပေ။

ကြည့်ရှုရန်အတွက်သာ ဖြစ်သည်။

အလယ်ဗဟိုတွင် အမျိုးသမီးတပည့်တစ်ဦးသည် ဒူးထောက်ခိုင်းခြင်း ခံထားရပြီး သူမ၏ဓားသည်လည်း ဘေးသို့ လွင့်စင်နေကာ ဝတ်ရုံပခုံးသားမှာလည်း ဆုတ်ပြဲနေသည်။

သူမသည် ထရန် ကြိုးစားလိုက်သော်လည်း မြေပြင်ပေါ်သို့ ပြန်လည်ကန်ချခြင်း ခံလိုက်ရသဖြင့် လက်ဖဝါးများတွင် ဖုန်မှုန့်များ ပေကျံနေ၏။

"သူပြောတာ ကြားလိုက်လား" တပည့်တစ်ဦးက လှောင်ပြောင်လိုက်သည်။ "သူ့ရဲ့စီနီယာအစ်ကို ဘာလို့ ဖမ်းဆီးခံရတာလဲဆိုတာကို သူက လာမေးနေတယ်လေ"

အခြားတစ်ဦးကလည်း ကျယ်လောင်စွာ ရယ်မောလိုက်၏

"အခုအချိန်မှာ မေးခွန်းမေးတာက အာခံတာပဲ ညီမလေးရဲ့။ ဒါကို ဘယ်သူမှ မသင်ပေးထားဘူးလား"

ထိုမိန်းကလေးမှာ နာကျင်မှုကြောင့်မဟုတ်ဘဲ အရှက်ရမှုကြောင့် တုန်ရင်နေပြီး သွားကို တင်းတင်းကြိတ်ထားသည်။

"ကျွန်မ... ကျွန်မ သိချင်ရုံတင်ပါ”

ဖြန်း

သူမ၏ ခေါင်းသည် ဘေးသို့ စောင်းသွားသည်။

ပါးပြင်ပေါ်တွင် နီရဲသော လက်ဝါးရာတစ်ခု ထင်ကျန်ရစ်၏။

"ကိုယ့်နေရာကိုယ်သိစမ်း" အရပ်ရှည်ရှည် တပည့်တစ်ဦးက အေးစက်စွာ ပြောလိုက်သည်။ "နင့်ရဲ့ဆရာက ဂိုဏ်းချုပ်ဟန်ကို မကူညီခဲ့ဘူး။ ဒါကတင် နင့်ကို သံသယဖြစ်စရာ ဖြစ်နေပြီ"

အခြားတစ်ဦးက ရှေ့သို့တိုးလာပြီး ဆောင့်ကြောင့်ထိုင်ကာ

"ကျေးဇူးတင်စမ်းပါ" ဟု ကဲ့ရဲ့သလို ပြောလိုက်သည်။ "မနေ့ကသာဆိုရင် နင် ဂိုဏ်းကနေ နှင်ထုတ်ခံရပြီးပြီ"

ပတ်ဝန်းကျင်ရှိ တပည့်များက ရယ်မောကြသည်။

တစ်ဦးသည် သူမ၏ လဲကျနေသော ဓားကို ခြေထောက်ဖြင့် တို့လိုက်ပေသည်။

"ကောက်စမ်း"

ထိုမိန်းကလေးက လက်လှမ်းလိုက်စဉ်

သူမ၏ လက်ကို ခြေထောက်ဖြင့် နင်းချလိုက်သည်။

သူမသည် အော်ဟစ်ခြင်းကို အောင့်ထားရင်း အသက်ရှူပင် မှားသွားရသည်။

"သူ့ကို ကြည့်ဦး" တစ်စုံတစ်ယောက်က ကဲ့ရဲ့သည်။ "သူ့ကိုယ်သူ ကောင်းကင်ဓားဂိုဏ်းက တပည့်တစ်ယောက်လို ဟန်ဆောင်နေတုန်းပဲ"

မည်သူမျှ ဝင်မတားကြပေ။

အကြီးအကဲ တစ်ဦးမျှလည်း ပေါ်မလာပေ။

ဖြတ်သွားဖြတ်လာသူများမှာလည်း မျက်နှာလွှဲသွားကြသည်။

၎င်းက ပုံမှန်လို ဖြစ်နေချေပြီ။

ထိုစဉ်

အေးစက်သော လေညင်းတစ်ခုက ဝင်းခြံထဲသို့ တိုက်ခတ်လာသည်။

ရယ်မောသံများ ရပ်တန့်သွား၏။

ခြေသံများ နီးကပ်လာသည် - တည်ငြိမ်ပြီး အေးဆေးလှသည်။

တပည့်များက မသိစိတ်အရ လှည့်ကြည့်လိုက်ကြသည်။

ဝင်းခြံအဝင်ဝတွင် ဝတ်ရုံဖျော့ဖျော့ ဝတ်ဆင်ထားသော အမျိုးသမီးတစ်ဦး ရပ်နေကာ ခါးတွင် ဓားတစ်လက် ချိတ်ထားပြီး မျက်ဝန်းများသည် နှင်းခဲကဲ့သို့ အေးစက်နေ၏။

ပိုင်ရွှယ်ချင်း

သူမနှင့်အတူ ချူကျီယန်လည်း ပါလာသည်။

သူမသည် မြေပြင်ပေါ်က မိန်းကလေး၊ ဆုတ်ပြဲနေသော ဝတ်ရုံနှင့် မပျောက်ကွယ်သေးသော မောက်မာသည့် မျက်နှာပေးများကို တစ်ချက်တည်းနှင့် အကဲခတ်လိုက်သည်။

သူမ၏ အကြည့်သည် ထိုမိန်းကလေး၏ လက်ကို နင်းထားသော တပည့်ထံတွင် ရပ်တန့်သွား၏

"ဖယ်လိုက်”

စကားလုံး နှစ်လုံးတည်း။

တိုတောင်းသော်လည်း ပြတ်သားလှသည်။

ထိုတပည့်မှာ ကိုယ်ရှိန်သတ်သွား၏

"စီနီယာအစ်မပိုင်"

သူ တုံ့ဆိုင်းသွားသော်လည်း ခြေထောက်ကို ဖြည်းဖြည်းချင်း ဖယ်ပေးလိုက်သည်။

ထိုမိန်းကလေးသည် မျက်ရည်ဝိုင်းလျက် နာကျင်နေသော လက်ကို ပိုက်ကာ ပြန်ဆွဲယူလိုက်သည်။

ပိုင်ရွှယ်ချင်းသည် ရှေ့သို့ တိုးလာသည်။

ချူကျီယန်က သူမနောက် တစ်လှမ်းအကွာမှ လိုက်လာပြီး ဒဏ်ရာရထားသော တပည့်အနားတွင် ဒူးထောက်လိုက်သည်။

"မတ်တတ်ရပ်နိုင်လား"

ချူကျီယန်က ညင်သာသောအသံဖြင့် တိုးတိုးလေး မေးလိုက်သည်။

ထိုမိန်းကလေးသည် တုန်တုန်ရင်ရင်ဖြင့် ခေါင်းညိတ်ပြသည်။

သူမကို မတ်တတ်ရပ်နိုင်အောင် ကူညီပေးပြီး မြေပြင်ပေါ်က ဓားကိုလည်း ကောက်ယူကာ လက်ထဲသို့ ပြန်ထည့်ပေးလိုက်သည်။

တုန်ရင်မှုများ မရပ်တန့်သေးသော်လည်း သူမ၏ မျက်ဝန်းထဲက အရှက်ရမှုများသည် မယုံကြည်နိုင်မှုများအဖြစ်သို့ ပြောင်းလဲသွားသည်။ ဂုဏ်ယူဝင့်ကြွားလှသော ကောင်းကင်ဓားဂိုဏ်းဝင် တစ်ဦးဖြစ်သည့် သူမသည် မိမိဂိုဏ်းထဲမှာတင် ဤကဲ့သို့ အရှက်ခွဲခံရလိမ့်မည်ဟု မည်သူက ထင်ထားပါမည်နည်း။

ပိုင်ရွှယ်ချင်းသည် သူမကို ထပ်မကြည့်တော့ဘဲ လူအုပ်စုကိုသာ စိုက်ကြည့်နေသည်။

အေးစက်ပြီး ခိုင်မာလှသော အကြည့်များပင်။

သူမသည် ထိုနေရာတွင် ခဏမျှ တိတ်ဆိတ်စွာ ရပ်နေ၏။

ဝင်းခြံတစ်ခုလုံးသည် သူမ၏ အရှိန်အဝါအောက်တွင် ကျဉ်းမြောင်းသွားသယောင် ရှိသည်။

ထို့နောက်

"ရှင်းပြ”

ထိုစကားလုံးမှာ ဓားတစ်လက်ကဲ့သို့ ပြတ်ကျလာသည်။ ပိုင်ရွှယ်ချင်း အလွန်ပင် ဒေါသထွက်နေကြောင်း သူမ၏ အသံက သက်သေပြနေသည်။

အကယ်၍ အခြားတပည့် တစ်ယောက်သာဆိုလျှင် သူတို့က ရယ်မောပယ်ချပြီး ပို၍ ရက်စက်ပြကြမည် ဖြစ်သော်လည်း

ဒါက ပိုင်ရွှယ်ချင်းဖြစ်နေသည်။

ပိုင်မျိုးနွယ်စု၏ မင်းသမီးလေး။

ထိုမျိုးဆက်တွင် ကောင်းကင်အင်ပါယာ၏ အတော်ဆုံး ပါရမီရှင်အဖြစ် ချီးကျူးခံရသူ။

မောက်မာမှုမှာပင် အတိုင်းအတာ ရှိသည်။

အကယ်၍ သူတို့က အာခံရဲသည်ဆိုဦးတော့၊ ပိုင်ရွှယ်ချင်းကို ယှဉ်နိုင်သည့် အင်အား သူတို့မှာ ရှိပါသလား။

တပည့်တစ်ဦးသည် တံတွေးကို ခက်ခဲစွာ မျိုချလိုက်ရင်း ရှေ့သို့ တိုးလာကာ အတင်းပြုံးလိုက်၏

"စီနီယာအစ်မပိုင်... ဒါက... ဒါက-"

စကားပြောနေသော တပည့်မှာ နောက်သို့ တစ်လှမ်းဆုတ်သွားသည်။

ပြီးတော့ နောက်တစ်လှမ်း။

"စီနီယာအစ်မပိုင်ကို စော်ကားလိုတဲ့ ဆန္ဒ မရှိပါဘူး" သူက ခပ်မြန်မြန် ပြောလိုက်သည်။ "ဒါက နားလည်မှု လွဲတာပါ”

"သွားကြစို့" တစ်စုံတစ်ယောက်က အရေးတကြီး တိုးတိုးလေး ပြောလိုက်သည်။

သူတို့သည် ဆိုင်းမတွဘဲ ချက်ချင်းပင် ထွက်ပြေးကြတော့သည်။

ပိုင်ရွှယ်ချင်းသည် သူတို့လို ဂိုဏ်းစည်းကမ်းကို ချိုးဖောက်ရဲမည် မဟုတ်ဟု သူတို့ ထင်ထားကြပြီး တကယ်လည်း သူမက သူတို့နောက်ကို လိုက်မဖမ်းခဲ့ပေ။

တစ်ဦးပြီးတစ်ဦး ခေါင်းငုံ့လျက် တစ်စုံတစ်ခုက လိုက်လံဖမ်းဆီးနေသကဲ့သို့ ဝင်းခြံထဲမှ ထွက်ပြေးသွားကြသည်။

မည်သူမျှ နောက်လှည့်မကြည့်ဝံ့ကြပေ။

သူတို့ ထွက်သွားသောအခါ တိတ်ဆိတ်မှုက ပြန်လည်စိုးမိုးလာသည်။

ပိုင်ရွှယ်ချင်းသည် အသက်ကို ဖြည်းဖြည်းချင်း ရှူထုတ်လိုက်ပြီး လက်သီးကို တင်းတင်းဆုပ်ထား၏။

"ဒီနေရာက” သူမက တိုးတိုးလေး ဆိုသည်။

ချူကျီယန်က တိတ်ဆိတ်သွားသော ဝင်းခြံကို ကြည့်လိုက်ပြီး မျက်နှာမှာ ပျက်ယွင်းနေချေပြီ။

"ငါတို့ သိခဲ့တဲ့ ကောင်းကင်ဓားဂိုဏ်း မဟုတ်တော့ဘူး"

ဒဏ်ရာရထားသော တပည့်လေးသည် မျက်ရည်များ ကျလာရင်း ဦးညွှတ်နှုတ်ဆက်သည်။

"ကျေးဇူးတင်ပါတယ်... စီနီယာအစ်မတို့..."

ပိုင်ရွှယ်ချင်းသည် မျက်နှာလွှဲလိုက်ပြီး မေးရိုးကို တင်းတင်းကြိတ်ထားသည်။

ချူကျီယန်က ပိုင်ရွှယ်ချင်း၏ တင်းမာနေသော မျက်နှာကို ခဏမျှ ကြည့်နေပြီးနောက် သက်ပြင်းတစ်ချက် ချလိုက်သည်။

"ဘယ်လိုဖြစ်လို့ ဒီလိုတွေ ဖြစ်ကုန်ရတာလဲ"

ပိုင်ရွှယ်ချင်းသည် အားကိုးရာမဲ့သလို ပြောလိုက်မိသည်။

"ကဲ..." ချူကျီယန်က သူမ၏ အင်္ကျီလက်ပေါ်က ဖုန်တွေကို ခါလိုက်ရင်း ပေါ့ပေါ့ပါးပါးပင် ဆိုသည်။

"ဒီလူတွေ ဒီလောက်ထိ စိတ်ဓာတ်ကျပြီး အောက်တန်းကျကုန်တာ နင့်ရဲ့ မျိုးနွယ်စုကြောင့်လည်း တစ်စိတ်တစ်ပိုင်း ပါတာပဲ

မလား"

သူမက စနောက်သလို ပြောလိုက်ခြင်း ဖြစ်သော်လည်း ထိုစကားထဲတွင် အမှန်တရားအချို့ ပါဝင်နေခဲ့သည်။

ပိုင်ရွှယ်ချင်းခဏမျှ တုံ့ဆိုင်းသွားသည်။

ခဏတာမျှ သူမ ဘာမှပြန်မပြောနိုင်ခဲ့ပေ။

ချူကျီယန် ပြောတာ မမှားဘူးဆိုတာ သူမ သိသည်။

တကယ်တော့ ၎င်းသည် နာကျင်စရာကောင်းလောက်အောင်ကို တိကျလွန်းလှသည်။

ပိုင်မျိုးနွယ်စု၏ အပြစ်မဟုတ်ဘူးဆိုရင်တောင် သူတို့က ထိုအခြေအနေတွေ ဖြစ်လာဖို့ တွန်းပို့ပေးခဲ့သလို ဖြစ်သွားတာတော့ အမှန်ပင်။

သူမကိုယ်တိုင်လည်း ၎င်းကို နားမလည်နိုင်ခဲ့ပေ - သူမ ဖခင်ရော၊ သူမ မောင်လေးပါ ဘာတွေတွေးနေလဲဆိုတာကိုပေါ့။

ထိုအဆင့်မြင့်ကျင့်စဉ်မျိုးကို ဘာစည်းကမ်းချက်မှ အများကြီးမထားဘဲ လူတိုင်းကို ဖြန့်ဝေပေးလိုက်တာမျိုးပင်။

၎င်းမှာ အကြောင်းပြချက်တစ်ခုခု ရှိရမည်ကိုတော့ သူမ သိသည်။

ပိုင်ကျီဟန်ဆိုတာ အကြောင်းပြချက်မရှိဘဲ ဘာမှလုပ်တတ်သူမဟုတ်ပေ။

သို့သော် ၎င်းကို နားလည်နေခြင်းက မြင်တွေ့နေရသော အခြေအနေတွေကို လွယ်ကူသွားစေတာမျိုးတော့ မဟုတ်ပေ။

အထူးသဖြင့်ထို မြင်ကွင်းမျိုးကို သူမကိုယ်တိုင် မျက်ဝါးထင်ထင် မြင်တွေ့နေရသည့် အခါမျိုးမှာပေါ့။

ပိုင်ရွှယ်ချင်းသည် အသက်ကို ဖြည်းဖြည်းချင်း ရှူထုတ်လိုက်သည်။

ဂိုဏ်းဝင်းအတွင်း ဆက်လက်လျှောက်လှမ်းလာသည်နှင့်အမျှ လေထုက ပိုမိုအေးချမ်းသွားမည့်အစား ပို၍ လေးလံလာသည်။

သူတို့နောက်ကွယ်တွင် တိုးတိုးတိတ်တိတ် ပြောဆိုသံတွေ ပါလာသည်။

အကြည့်တွေကလည်း သူတို့ဆီရောက်လာလိုက် ချက်ချင်း ပြန်လွှဲသွားလိုက်နှင့်။

လူတွေအများကြီးက သူတို့ကို စောင့်ကြည့်နေကြသည်။

ထို့နောက်

သူတို့ရှေ့တွင် ယခင်ကထက် ပိုကြီးမားသော လူအုပ်ကြီးတစ်ခု ရှိနေသည်။

ပိုင်ရွှယ်ချင်း၏ ခြေလှမ်းများ ရပ်တန့်သွားသည်။

သူမ၏ မျက်တောင်များ လှုပ်ခတ်သွား၏

"နောက်တစ်ခါ ထပ်ဖြစ်ပြန်ပြီလား" ဟု ခပ်တိုးတိုး ရေရွတ်လိုက်သည်။

သူမက လက်တစ်ဖက်ကိုမြှောက်ပြီး နဖူးကို ခပ်ဖွဖွလေး ပွတ်လိုက်၏

"ကောင်းကင်ကြီးရေ... ဒီတစ်ခါရော ဘယ်သူလဲ" ဟု သက်ပြင်းချလိုက်မိသည်။

ချူကျီယန်၏ အပြုံးများ ပျောက်ကွယ်သွားချေသည်။

"ဒီတစ်ခါကတော့ အခြေအနေ ပိုကြီးပုံရတယ်"

ပိုင်ရွှယ်ချင်းသည် စိတ်ပျက်လက်ပျက်ဖြင့် ခြေလှမ်းကို မြှင့်လိုက်သည်။

နောက်ထပ် နှိပ်စက်ညှဉ်းပန်းမှုတစ်ခုပဲ ဖြစ်မှာပါဟု သူမ တွေးထားသည်။

သို့သော် သူတို့ နီးကပ်သွားသည်နှင့်အမျှ ပိုင်ရွှယ်ချင်း၏ ခြေလှမ်းများ နှေးကွေးသွားသည်။

သူမ၏ မျက်မှောင်များ ကြုတ်သွား၏။

ရက်စက်သော ရယ်မောသံများ မရှိပေ။

ကဲ့ရဲ့လှောင်ပြောင်သံများလည်း မရှိပေ။

ယင်းအစား

အံ့အားသင့်မှု။

ဇဝေဇဝါဖြစ်မှုနှင့်

ကြောက်ရွံ့မှုများသာ ရှိနေသည်။

ရှေ့က လူအုပ်ကြီးသည် အလယ်ကို ဝိုင်းနေကြတာမဟုတ်ဘဲ နောက်ကို ဆုတ်ပေးနေကြခြင်း ဖြစ်သည်။

လမ်းဖယ်ပေးနေကြခြင်းပင်။

ထိုရုတ်ရုတ်သဲသဲ ဖြစ်နေသည့် အလယ်ဗဟိုတွင် တပည့်အချို့မှာ ကျောက်ရုပ်များကဲ့သို့ တောင့်တင်းနေကြပြီး မျက်နှာများသည်လည်း ဖြူလျော်ကာ ဝိညာဉ်များ အနှုတ်ခံထားရသကဲ့သို့ ရှိနေကြသည်။ ပိုင်ရွှယ်ချင်း အနားသို့ ရောက်လာသည်နှင့် လူတွေက သဘာဝအတိုင်း လမ်းဖယ်ပေးကြသော်လည်း လူအုပ်သည် အရမ်းထူထပ်လွန်းသဖြင့် ဘာဖြစ်နေသည်ကို သူမ ရှင်းရှင်းလင်းလင်း မမြင်ရသေးပေ။

"ဘာတွေ ဒီလောက် ရုတ်ရုတ်သဲသဲ ဖြစ်နေတာလဲ" ပိုင်ရွှယ်ချင်းက မမေးဘဲ မနေနိုင်တော့ပေ။

အနီးအနားက တပည့်ဖြစ်သူက သူမ၏ မေးခွန်းကို မဖြေဘဲ မနေရဲပေ "စီနီယာအစ်မပိုင်... သခင်လေးပိုင် ဒီကို ရောက်နေတယ်” အလောတကြီး ပြောလိုက်သည်။

ပိုင်ရွှယ်ချင်းနှင့် ချူကျီယန်တို့ နှစ်ဦးလုံး အံ့အားသင့်သွားကြပြီး မျက်လုံးများ ပြူးသွားကြသည်။"ဒီလူမိုက်က ဒီကို ဘာလာလုပ်တာလဲ?"

အခန်း ၄၅၄ - ကောင်းကင်ဓားဂိုဏ်းသစ်ဆီသို့ ပြန်လည်ရောက်ရှိခြင်း

ပျံသန်းရေးသင်္ဘောသည် တိမ်တိုက်များကို ခွဲခြမ်းကာ တည်ငြိမ်အေးဆေးစွာ ပျံသန်းနေသည်။ မကြာမီမှာပင် ကောင်းကင်ဓားဂိုဏ်း၏ တောင်တန်းကြီးက မိုးကုတ်စက်ဝိုင်းတွင် ပေါ်လာတော့သည် - မြင့်မားသော တောင်ထိပ်များ၊ ဓားသဏ္ဌာန်တောင်စွယ်များသည် ရင်းနှီးနေသော်လည်း တစ်မျိုးတစ်ဖုံ ထူးဆန်းစွာ ဝေးကွာနေသယောင်ရှိ၏

ခုန်ကျန်းဟုန်သည် သင်္ဘောဦးပိုင်းတွင် ရပ်ရင်း အေးမြသော လေထုကို ရှူရှိုက်နေသည်။

ပိုင်ကျီဟန်ကတော့ အခန်းထဲမှာ ထိုင်လျက် မျက်လုံးများကို မှိတ်ထားဆဲပင်။

သင်္ဘောက ဂိုဏ်း၏ အပြင်ဘက် ဝေဟင်နယ်နိမိတ်သို့ ချဉ်းကပ်လာသည်နှင့်အမျှ ကာကွယ်ရေး အခင်းအကျင်းများသည် လင်းလက်တောက်ပလာသည်။

ထို့နောက်

ပြင်းထန်သော တုန်ခါမှုတစ်ခု ဖြစ်ပေါ်လာ၏

သင်္ဘောက ရုတ်တရက် အရှိန်လျော့သွားသည်။

အောက်ဘက်မှ လူအချို့သည် ဓားစီးလျက် ပျံတက်လာကြသည်။ သူတို့ဝတ်ဆင်ထားသော ဝတ်ရုံများတွင် ကောင်းကင်ဓားဂိုဏ်း၏ အမှတ်အသားများ ပါရှိသည်။

ကင်းသမားများပင်။

သူတို့ထဲမှ တစ်ဦးသည် လက်ကိုမြှောက်ကာ ကျင့်စဉ်စွမ်းအားဖြင့် အသံကို ကျယ်လောင်စေပြီး

"ရပ်လိုက်စမ်း”

"ဒါက ကောင်းကင်ဓားဂိုဏ်းရဲ့ ဝေဟင်နယ်မြေပဲ”

"ဝင်လာတဲ့ ပျံသန်းရေးသင်္ဘောမှန်သမျှ ဆင်းသက်ခွင့်မပြုခင် သေချာစစ်ဆေးမှု ခံယူရမယ်”

ခုန်ကျန်းဟုန်၏ မျက်လုံးများ ကျဉ်းမြောင်းသွားသည်။

(စစ်ဆေးမယ် ဟုတ်လား?)

ယခင်ကဆိုလျှင် ပိုင်ကျီဟန်၏ သင်္ဘောသည် စိတ်ကြိုက် လွတ်လပ်စွာ ဆင်းသက်နိုင်ခဲ့သည်။

သူက ရှေ့သို့ တစ်လှမ်းတိုးလိုက်ပြီး အသံကို ခပ်စူးစူး ပြုလုပ်လိုက်၏

"စစ်ဆေးမယ် ဟုတ်လား?" ခုန်ကျန်းဟုန်က အေးစက်စွာ ဆိုသည်။ "ဒါ ဘယ်သူ့သင်္ဘောလဲဆိုတာ မင်းတို့ သိရဲ့လား?"

ကင်းသမားတစ်ဦးသည် သင်္ဘောပေါ်က အမှတ်အသားကို တစ်ချက်ကြည့်လိုက်ပြီး ကဲ့ရဲ့လိုက်သည်။

"ဟက်... သိတာပေါ့"

အခြားတစ်ဦးသည်လည်း တိုးတိုးလေး ရယ်မောလိုက်၏

"ဒါ ဟိုအစွမ်းမရှိတော့တဲ့ သခင်လေးရဲ့ သင်္ဘော မလား?"

"ငါတို့က အထက်ကအမိန့်ကို နာခံရုံပဲ" သူက ပျင်းရိပျင်းတွဲဖြင့် ထပ်ပြောသည်။ "အခုဆိုရင် စည်းကမ်းက စည်းကမ်းပဲလေ"

ထိုစကား ပြောပြီးရုံရှိသေး

ဝုန်း

လေထဲတွင် ဝေဝါးသော အရိပ်တစ်ခု ဖြတ်သန်းသွားသည်။

စကားပြောခဲ့သော ကင်းသမား လွင့်ထွက်သွားပြီး သွေးများ ပန်းထွက်လျက် ဝေးကွာသော တောင်ကမ်းပါးယံနှင့် ရိုက်မိသွားတော့သည်။

သူ၏ဓားသည်လည်း လေထဲတွင်ပင် တစ်စစီ ဖြစ်သွား၏။

တိတ်ဆိတ်မှုက ရုတ်ခြည်း စိုးမိုးသွားသည်။

ကျန်ရှိနေသော ကင်းသမားများသည် မျက်နှာများ ဖြူလျော်ကာ ကြောက်လန့်တကြား တောင့်တင်းသွားကြသည်။

ခုန်ကျန်းဟုန်ကတော့ လက်သီးကို ဆုပ်ထားဆဲဖြစ်ပြီး လူသတ်ငွေ့များကို အထင်သား ထုတ်လွှတ်နေ၏။

"နောက်တစ်ခါ ထပ်ပြောကြည့်စမ်း" သူက တည်ငြိမ်စွာ ဆိုသည်။

အခြေတည်ဝိညာဉ်သန္ဓေအဆင့်ကျင့်ကြံသူတစ်ဦး၏ ဖိအားက တောင်ကြီးတစ်လုံးကဲ့သို့ သက်ရောက်လာသည်။

ရွှေအမြုတေအဆင့် ကင်းသမားများသည် ထိုဖိအားအောက်တွင် အသက်ပင် ဝဝမရှူနိုင်ကြတော့ပေ။

"မင်း ဂိုဏ်းကင်းသမားတွေကို တိုက်ခိုက်ရဲတယ်ပေါ့?”တစ်ဦးက ကြောက်စိတ်ကို ဖုံးကွယ်ရင်း အတင်းအော်ဟစ်လိုက်သည်။

"ခုန်ကျန်းဟုန် မင်း ဘာလုပ်နေလဲဆိုတာ သိရဲ့လား”

ခုံကျန်းဟုန်က ရယ်မောလိုက်သည်။

"ဟွန့်..သိတော့ ဘာဖြစ်လဲ?"

သူက အေးစက်စွာ ပြောလိုက်၏။

ခုန်ကျန်းဟုန် အကြောက်အလန့်မရှိတာကို မြင်တော့ သူတို့၏ ခြိမ်းခြောက်မှုက အပိုဖြစ်နေမှန်း သူတို့သိလိုက်ကြသည်။

အချို့သည် ဓားကို တင်းတင်းဆုပ်ထားသော်လည်း ဓားအိမ်မှထုတ်ရန်ပင် မဝံ့ကြပေ

သူတို့သည် ရွှေအမြုတေအဆင့်သာ ရှိသေးချိန်တွင် ခုန်ကျန်းဟုန်က အခြေတည်ဝိညာဉ်အဆင့် ဖြစ်နေသည်မဟုတ်ပါလော

အခန်းအတွင်းမှာတော့ ပိုင်ကျီဟန်က နောက်ဆုံးတွင် မျက်လုံးဖွင့်လိုက်ပြီဖြစ်သည်

သူ့မျက်နှာတွင် ဘာခံစားချက်မျှ မရှိပေ

ခုန်ကျန်းဟုန်ကိုလည်း တားဆီးခြင်း မပြုခဲ့ပေ။

ဘာပဲဖြစ်ဖြစ်

သူ ဘာလို့ တားရမှာလဲ?

၎င်းက ကောင်းကင်ဓားဂိုဏ်းပင်။

ပြီးတော့ ထိုနေရာတွင် သူကြောက်ရမည့်သူ တစ်ယောက်မှ မရှိပေ

ထိုကင်းသမားများသည် သူ့ကို တမင်တကာ ပြဿနာရှာနေမှန်းလည်း သူသိသည်။

အကြီးအကဲဟန်က ခိုင်းတာ ဖြစ်နိုင်သလို အခြားတစ်ဦးဦးလည်း ဖြစ်နိုင်သည်။

ပိုင်ကျီဟန်က ထိုင်နေရာမှ ထကာ အပြင်သို့ ထွက်လာခဲ့သည်။

သူ ပေါ်လာသည်နှင့် လေထုက ငြိမ်သက်သွားသယောင် ရှိ၏။

သူ့တွင် ကျင့်စဉ်စွမ်းအား ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ သူ့ရှိနေမှုက လူတွေကို အမြဲတမ်း စိတ်လှုပ်ရှားစေသည်။

သူသည် သင်္ဘောရှေ့တွင် ပျံဝဲနေသော ကင်းသမားများကို ဘာစိတ်ဝင်စားမှုမျှမပါဘဲ ကြည့်လိုက်သည်။

"ဆင်းသက်မယ်" ပိုင်ကျီဟန်က ပြတ်သားစွာ ပြောလိုက်သည်။

စကားလုံး နှစ်လုံးတည်း။

ဒေါသလည်းမပါ

ခြိမ်းခြောက်မှုလည်းမပါပေ

အမိန့်ပေးလိုက်ခြင်းသာ။

"မင်းတို့မှာ ပြဿနာရှိရင် ငါ့ကို တိုက်ရိုက်ပြောနိုင်တယ်"

ကင်းသမားများ တောင့်တင်းသွားကြသည်။

မည်သူမျှ သူ့မျက်လုံးကို တည့်တည့်မကြည့်ရဲကြပေ။

လွန်ခဲ့သော မိနစ်ပိုင်းက ယုံကြည်မှုအပြည့်ဖြင့် အမိန့်ပေးနေသော သူတို့၏ ပါးစပ်များသည် ကော်ဖြင့်ကပ်ထားသကဲ့သို့ ပိတ်သွားကြသည်။

ဖြည်းဖြည်းချင်းပင် အောက်ဘက်က အခင်းအကျင်း ပွင့်သွားပြီး ပျံသန်းရေးသင်္ဘော ဆင်းသက်လာခဲ့သည်။

မည်သူမျှ စကားမပြောပေ။

မည်သူမျှ မတားကြပေ။

သို့သော် လူတိုင်းက စောင့်ကြည့်နေကြသည်။

သင်္ဘောသည် ကောင်းကင်ဓားဂိုဏ်း၏ အပြင်ဘက် ဆင်းသက်စင်သို့ ရောက်ရှိသည်နှင့် လူအုပ်ကြီး စုဝေးလာကြသည်။

အချို့မှာ သိချင်စိတ်ဖြင့်ဖြစ်ပြီး အချို့မှာမူ သိသိသာသာ ပြဿနာရှာရန် စောင့်နေကြသူများ ဖြစ်သည်။

ပိုင်ကျီဟန် ရောက်လာပြီဖြစ်သည်။

ပိုင်ကျီဟန် ရောက်မလာခင်ကတည်းက ကင်းသမားများက သတင်းပို့ထားနှင့်ပြီးသား ဖြစ်သည်။

သူတို့ သိပ်ကြာကြာ စောင့်စရာမလိုလိုက်ပေ။

ကျောက်သားစင်မြင့်ပေါ်တွင် ခြေသံများ ပဲ့တင်ထပ်လာသည်။

မောက်မာလှသော ခြေသံများပင်။

ဓားကျောက်တိုင်များကြားမှ လူအုပ်စုတစ်ခု ထွက်ပေါ်လာသည်။

အလယ်ဗဟိုတွင် ထက်ရှသော တိမ်တိုက်ပုံစံများ ချည်ထိုးထားသည့် အပြာရင့်ရောင် ဝတ်ရုံကို ဝတ်ဆင်ထားသော လူတစ်ဦး ရှိသည်။

သူ၏ ကိုယ်နေဟန်ထားသည် ပေါ့ပေါ့ပါးပါးရှိသော်လည်း မေးစေ့ကို အနည်းငယ် မော့ထားကာ မျက်ဝန်းထဲတွင်မူ ကဲ့ရဲ့ရှုံ့ချမှုများ အထင်သား ရှိနေသည်။

ဟန်ရှန်းဝူ

သူ့နောက်တွင်တော့ သူ၏ လက်ကိုင်တုတ် တပည့်အချို့ကလည်း ကျေနပ်အားရသော မျက်နှာပေးများဖြင့် လိုက်ပါလာကြသည်။

ခုန်ကျန်းဟုန်၏ မျက်လုံးများ မှောင်ကျသွား၏

သို့သော်လည်း ပိုင်ကျီဟန်ကတော့ တည်ငြိမ်နေဆဲပင်။

ဟန်ရှန်းဝူသည် အနည်းငယ်အကွာတွင် ရပ်လိုက်ပြီး ပိုင်ကျီဟန်ကို စိတ်ကြိုက် လိုက်ကြည့်သည်။ ထို့နောက် ပိုင်ကျီဟန်၏ စွမ်းအင်စုရပ်ရှိရာနေရာကို တမင်တကာ ရက်စက်စွာ စိုက်ကြည့်နေ၏

ပြီးမှ ပြုံးလိုက်သည်။

"မင်း တကယ် ရောက်လာတာပဲ" ဟန်ရှန်းဝူက ပျင်းရိပျင်းတွဲ ပြောလိုက်သည်။ "မင်း ပိုင်မျိုးနွယ်စု နောက်ကွယ်မှာပဲ ထာဝရ ပုန်းနေလိမ့်မယ်လို့ ငါထင်နေတာ"

သူ့မျက်လုံးထဲတွင် မနာလိုမှုများ တောက်ပနေ၏

"အခု မင်းကိုယ်မင်း ကြည့်ဦး။ လူစဉ်မမှီတော့တဲ့ ကောင်”

သူ့နောက်က တပည့်အချို့ကလည်း တဟားဟား ရယ်မောကြသည်။

ဟန်ရှန်းဝူက လက်ပိုက်လိုက်ရင်း

"မင်း သိလား" သူက လှောင်ပြောင်သော လေသံဖြင့် ဆက်ပြောသည်။ "ငါ တစ်ချိန်က မင်းကို အခွင့်အရေး ပေးခဲ့ဖူးတယ်"

"မှန်ကန်တဲ့ဘက်မှာ ရပ်တည်ဖို့၊ ငါတို့နဲ့ ပူးပေါင်းဖို့ အခွင့်အရေးပေါ့"

သူက ခေါင်းကို အပိုတွေ လုပ်ပြီး ခါလိုက်သေး၏

"ဒါပေမဲ့ မင်းက ငြင်းခဲ့တယ်။ အခု မင်းဘဝ ဘာဖြစ်သွားပြီလဲ ကြည့်ဦး"

သူက ရှေ့သို့ အနည်းငယ် ကိုင်းလိုက်ပြန်သည်။

"ကျင့်စဉ်စွမ်းအားတွေ အကုန် ဆုံးရှုံးသွားပြီ"

ဟန်ရှန်းဝူက ပိုပြီး ပြုံးလိုက်ပေသည်။

"မင်း ဒီကို ဘာလာလုပ်တာလဲ?"

တိတ်ဆိတ်မှုက စိုးမိုးသွားသည်။

ထို့နောက်

ပိုင်ကျီဟန် ရယ်မောလိုက်သည်။

ပေါ့ပေါ့ပါးပါး သဘောကျဟန်ရှိသော ရယ်သံလေးပင်။

"အခွင့်အရေး?" ပိုင်ကျီဟန်က ထပ်ပြောလိုက်သည်။

သူက ခေါင်းကိုမော့ကာ ဟန်ရှန်းဝူ၏ မျက်လုံးများကို တည့်တည့် စိုက်ကြည့်လိုက်သည်။

သူ၏ မျက်ဝန်းများသည် တည်ငြိမ်နေ၏။

အေးစက်ပြီး ကြောက်ရွံ့မှု ကင်းမဲ့နေသည်။

"မင်းလို လူစားမျိုးဆီက အခွင့်အရေးလား?"

ဟန်ရှန်းဝူ၏ မျက်နှာပေါ်က အပြုံးများ တောင့်တင်းသွားသည်။

"မင်း တကယ်ကြီး ပြောနေတာလား?" ပိုင်ကျီဟန်က လှောင်ပြောင်လိုက်သည်။

ဟန်ရှန်းဝူသညိ ပိုင်ကျီဟန်ကို ခဏမျှ စိုက်ကြည့်နေမိသည်။

ပိုင်ကျီဟန်၏ တည်ငြိမ်မှု၊

မောက်မာမှုနှင့် ကြောက်ရွံ့မှု လုံးဝကင်းမဲ့နေမှု

၎င်းသည် အခြေအနေနှင့် လုံးဝ ကိုက်ညီမနေပေ။

မျက်တောင်တစ်ခတ်စာမျှ ဟန်ရှန်းဝူ၏ မျက်ဝန်းထဲတွင် ဇဝေဇဝါဖြစ်မှုများ ဖြတ်ပြေးသွားသည်။

သို့သော် ထို့နောက်တွင် သူက ရယ်မောလိုက်၏

"ဟားဟား၊ မင်းက အခုထိ လေကြီးနေတုန်းပဲလား?" ဟန်ရှန်းဝူက ခေါင်းကို ခါယမ်းလိုက်ရင်း - "ဒါပဲလား? ကျင့်စဉ်စွမ်းအားတွေ ဆုံးရှုံးသွားတာက နောက်ဆုံးတော့ မင်းကို ရူးသွားစေတာပဲလား?" သူက ယခုအခါ ပွင့်ပွင့်လင်းလင်းပင် ကဲ့ရဲ့ရှုံ့ချလိုက်တော့သည်။

"ကျင့်စဉ်စွမ်းအားကိုတောင် မလည်ပတ်နိုင်တော့တဲ့ လူစဉ်မမှီတဲ့ကောင်က အခုထိ သခင်လေးတစ်ယောက်လို ဟန်ဆောင်နေတုန်းပဲ"

သူ၏ အကြည့်များက တင်းမာသွားလေ၏

"တစ်ခုလောက် ပြောစမ်းပါဦး ပိုင်ကျီဟန်" ဟန်ရှန်းဝူသည် လေးနက်သောလေသံဖြင့် မေးလိုက်သည်။ "မင်း ဒီကို ဘာလို့ လာတာလဲ?"

သူ့လက်ကိုင်တုတ်မျဋး၏ ရယ်မောသံတွေ တိတ်သွားသည်။

သူတို့အားလုံးလည်း အသေအချာ စောင့်ကြည့်နေကြ၏။

ပိုင်ကျီဟန်က ချက်ချင်းပြန်မဖြေပေ။ ယင်းအစား သူက ပတ်ဝန်းကျင်ကို လှည့်ကြည့်လိုက်သည်။

ရင်းနှီးနေသော ဓားကျောက်တိုင်များ၊ ဂိုဏ်းစည်းကမ်းများ ထွင်းထုထားသည့် ကျောက်သားစင်မြင့်များ၊

ထို့နောက် ကောင်းကင်ဓားဂိုဏ်း၏ အထက်က ကောင်းကင်ယံကြီးကို သူကြည့်လိုက်သည်။

ထို့နောက် သူက ဟန်ရှန်းဝူကို ပြန်ကြည့်လေ၏ "ဒါ ငါ့ရဲ့ဂိုဏ်းပဲ" ပိုင်ကျီဟန်က တည်ငြိမ်စွာ ဆိုသည်။ "ငါ ပြန်လာတာကို ရှင်းပြနေဖို့ ဘာအကြောင်းပြချက်မှ မလိုဘူး"

ဟန်ရှန်းဝူသည် စက္ကန့်ပိုင်းမျှ ဆွံ့အသွားသည်။

ထို့နောက် သူ၏ မျက်နှာပေးမှာ မယုံကြည်

နိုင်မှုများအဖြစ် ပြောင်းလဲသွားလေ၏

"ငါ့ရဲ့ဂိုဏ်း ဟုတ်လား?"

နားကြားမှားသလား ထင်ရလောက်အောင်ပင် ထိုစကားကို ထပ်ပြောလိုက်သည်။

ဟန်ရှန်းဝူ၏ အပြုံးက အေးစက်သွားချေသည်။

"နိုးထစမ်းပါ" သူက ပြတ်သားစွာ ဆိုသည်။ "ဒါက အရင်တုန်းက မဟုတ်တော့ဘူး"

"အခု ငါ့အဖေက ဂိုဏ်းချုပ်ပဲ"

သူသည် အာဏာစက်အပြည့်ပါသော လေသံဖြင့် ရှေ့သို့ တစ်လှမ်းတိုးလိုက်၏

"မင်းက နှင်ထုတ်ခံရပြီးသားလူပဲ။ ဒီမှာ ရှိနေစရာ အကြောင်းမရှိဘူး"

"ဒီဂိုဏ်းက မင်းကို ကြိုဆိုမှာ မဟုတ်တော့ဘူး"

လေထုက တင်းမာသွားသည်။

ကင်းသမားအချို့သည် ပိုင်ကျီဟန်၏ တုံ့ပြန်မှုကို စောင့်ရင်း အသင့်အနေအထားသို့ ပြင်လိုက်ကြသည်။

ပိုင်ကျီဟန်က တိတ်ဆိတ်စွာ နားထောင်နေပြီးမှ

သူက လက်ကို ခပ်ဖွဖွ ဝေ့ယမ်းလိုက်သည်။

ဖုန်မှုန့်တွေကို ခါထုတ်လိုက်သကဲ့သို့ပင်။

"မင်းရဲ့ စကားတွေက" ပိုင်ကျီဟန်က အေးစက်စွာ ဆိုသည်။ "ငါ့အတွက် ဘာအာဏာမှ မရှိဘူး"

သူက အေးအေးဆေးဆေးပင် ဆက်ပြောလိုက်သည်

"မင်းက ဂိုဏ်းချုပ်လည်း မဟုတ်ဘူး။ အကြီးအကဲ တစ်ယောက်တောင် မဟုတ်ဘူး။ မင်းလို အားနည်းတဲ့ကောင်က ငါ့ကို အမိန့်ပေးချင်တာလား?"

သူ၏ မျက်လုံးများက အနည်းငယ် ကျဉ်းမြောင်းသွားလေ၏

"မင်း တကယ်ပဲ ငါ့ကို နှင်ထုတ်ချင်တယ်ဆိုရင်" ပိုင်ကျီဟန်က ပြတ်သားစွာ ဆိုသည်။ "မင်းအဖေကိုပဲ အဲဒီစကား ပြောလိုက်”

"သူ့ဘာသာသူ ငါ့မျက်နှာချင်းဆိုင်မှာ လာပြောလို့”

ဝင်းခြံတစ်ခုလုံး သင်္ချိုင်းကုန်းကဲ့သို့ တိတ်ဆိတ်သွားသည်။

ဟန်ရှန်းဝူ၏ မျက်နှာမှာ ချက်ချင်း မှောင်ကျသွားသည်။

"မင်း..”

ဟန်ရှန်းဝူသည် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်ပြီး ဒေါသများက သူ့အရေပြားအောက်၌ ဆူပွက်နေသည်။

"ကောင်းပြီလေ" ခဏအကြာတွင် ဟန်ရှန်းဝူက အေးစက်စွာ ဆိုလိုက်သည်။

"မင်း ဒီလို ဖြစ်ချင်တယ်ဆိုရင်လည်း"

သူက ဘေးသို့ လှည့်လိုက်ပြီး ကဲ့ရဲ့လေ၏

"ငါ့နောက်ကို လိုက်ခဲ့၊ ငါ့အဖေ ကိုယ်တိုင် မင်းကို နှင်ထုတ်တာကို ကြားစေရမယ်”

All Chapters