အခန်း (၄၆၁-၄၆၃)
Vol. 31 Ch. 461-463
အခန်း ၄၆၁ ယွမ်ကျဲ၏ ရန်စမှု
"သခင်လေး ပိုင်... ဒါကို မသိသေးဘူးလား"
ယွမ်ချင်းမိန်သည် ဝေခွဲမရသည့် လေသံဖြင့် မေးလိုက်သည်။
ပိုင်ကျီဟန် ဤနေရာသို့ ရောက်လာခြင်းမှာ သူ၏လူယုံ လင်းရွှမ်က စီနီယာတစ်ဦးနှင့် စိန်ခေါ်ပွဲ နွှဲနေသည်ကို ကြားသိ၍ဟု သူမ ထင်မှတ်ထားခဲ့ခြင်းဖြစ်သည်။
သို့သော် ပိုင်ကျီဟန်၏ တုံ့ပြန်မှုကို ကြည့်ရုံဖြင့် သူ ဘာမှမသိသေးကြောင်း ထင်ရှားနေသည်။
ပိုင်ကျီဟန် အံ့အားသင့်သွားပြီး မျက်မှောင်ကြုတ်ကာ ပြန်မေးလိုက်သည်။
"လင်းရွှမ်က... တိုက်ပွဲဖြစ်နေတာလား"
သူ့အနားရှိ ခုန်းကျန်ဟုန်မှာလည်း ကိုယ်ဟန် တောင့်တင်းသွား၏
"တိုက်ပွဲ ဟုတ်လား... ဘယ်သူနဲ့လဲ" ဟု ထပ်ဆင့်မေးမြန်းသည်။
ပိုင်ကျီဟန်၏ အကြည့်တို့က ယွမ်ချင်းမိန်ထံ စူးစိုက်သွား၏
"အသေးစိတ် ပြောပြဦး”
ဂိုဏ်းချုပ်ဟောင်း ရာထူးမှ ဆင်းသွားပြီးနောက် လင်းရွှမ်၏ တည်ရှိမှုသည် ဂိုဏ်း၏ အုပ်ချုပ်သူအသစ်များအတွက် မျက်စိစပါးမွှေး စူးစရာ ဖြစ်လာခဲ့သည်။
သူသည် တစ်ချိန်က ဂိုဏ်းချုပ်ဟောင်း ကိုယ်တိုင် လက်ရွေးစင်အဖြစ် မြေတောင်မြှောက်ပေးခဲ့သည့် ဂိုဏ်းချုပ်
လောင်း လျာထားခံရသူ မဟုတ်ပါလော
ထိုဂုဏ်ရည်များသည် ဟန်ရှအာဏာရလာသည့်အခါတွင် ဘေးဒုက္ခအဖြစ် ပြောင်းလဲသွားတော့သည်။
ဂိုဏ်းချုပ်အသစ်နှင့် ၎င်း၏ အပေါင်းအပါများသည် လင်းရွှမ်ကို လုံးဝ မယုံကြည်ကြချေ။ အစပိုင်းတွင် သူတို့သည် လှည့်ပတ်၍ နှိပ်ကွပ်ခဲ့ကြသည်။
ကျင့်ကြံခြင်း ဆေးလုံးများကို ဖြတ်တောက်ပြီး အဓိက ကျင့်ကြံရာ နယ်မြေများသို့ ဝင်ရောက်ခွင့်ကို ကန့်သတ်ခဲ့ကြသည်။
ထို့နောက်တွင် သူ့ရပိုင်ခွင့်များဆီသို့ ရောက်လာ၏ နှစ်ပေါင်းများစွာ သူရလာသော အကျိုးခံစားခွင့်များကို အကြောင်းပြချက်အမျိုးမျိုးဖြင့် ရုတ်တရတ်ပြန်သိမ်းလေ၏
ဂိုဏ်းအုပ်ချုပ်သူများအနေဖြင့် ထိုသို့နှိပ်ကွက်ခြင်းဖြင့် လင်းရွှမ်ကို ကျရှုံးသွားစေရန် ရည်ရွယ်ပေသည်၊
သို့သော် သူတို့ထင်သလို ဖြစ်မလာပေ
ထိုသို့ပြင်းထန်သော ဖိအားများနှင့်ကြုံတွေ့နေရသော်လည်း လင်းရွှမ်ကျင့်ကြံခြင်းမှာ နှေးကွေးသွားခြင်းမရှိပေ
သူ့နောက်တွင် ကောင်းကင်ဓားဂိုဏ်းထက် ပိုင်မျိုးနွယ်စုရှိနေပြီး ပိုင်ကျီဟန်ကိုယ်တိုင် ကျင့်ကြံခြင်းဆိုင်ရာ အထောက်အပံ့များကို လျှို့ဝှက်ပံ့ပိုးပေးနေ၏
ထို့ကြောင့် ဂိုဏ်း၏ နှိပ်ကွပ်မှုများက သူ့အတွက် အရာမထင်ခဲ့ပေ။
ထိုအချက်ကပင် အုပ်ချုပ်သူ အုပ်စုကို ပိုမို ထိတ်လန့်စေခဲ့သည်။ နောက်ဆုံးတွင် သူတို့သည် လင်းရွှမ်ကို အပြတ်ရှင်းရန် ဆုံးဖြတ်လိုက်ကြတော့သည်။
ဟန်ရှန်းဝူ၏ နောက်လိုက်ခွေးဖြစ်သူ ယွမ်ကျဲသည် လင်းရွှမ်ကို လူမြင်ကွင်းတွင် အကြီးအကျယ် စော်ကားရန်စတော့သည်။
လင်းရွှမ်သည် အစေခံဘဝဖြင့် ကြီးပြင်းလာသူပီပီ အစပိုင်းတွင် ထိုရန်စမှုများကို သည်းခံနိုင်ခဲ့၏
သို့သော်လည်း ယွမ်ကျဲက လက်မလျှော့ခဲ့ပေ။
ထိုစော်ကားမှုက မသက်ရောက်တာကြောင့် လင်းရွှမ် အလေးစားဆုံးဖြစ်သော ပိုင်ကျီဟန်ကို စတင် ပစ်မှတ်ထားလာသည်။
ပိုင်ကျီဟန်ကို သုံးစားမရသော ဒုက္ခိတဟု ခေါ်ဆိုကာ သူ့ရှေ့ရောက်လာလျှင် ပညာပေးပစ်မည်ဟု ရင့်ရင့်သီးသီး ဆဲဆိုခဲ့သည်။
အရင်းအမြစ် ဖြတ်တောက်မှုကို သည်းခံနိုင်သော်လည်း မိမိကျေးဇူးရှင်အား စော်ကားမှုကိုမူ လင်းရွှမ် မသည်းခံနိုင်တော့ပေ။
ဒေါသအဟုန်နှင့်အတူ
စိန်ခေါ်မှုကို ထုတ်ပြန်လိုက်တော့သည်။
ယွမ်ကျဲက လက်ခံလိုက်ချေသည်။
သူတို့နှစ်ဦးကြားတွင် လောင်းကြေးတစ်ခုလည်း ရှိနေသည်။
အကယ်၍ ယွမ်ကျဲ နိုင်ပါက လင်းရွှမ်သည် ဟန်ရှန်းဝူထံတွင် အစေခံအဖြစ် ခစားရမည်ဖြစ်ပြီး၊ လင်းရွှမ် နိုင်ပါက ယွမ်ကျဲသည် ပိုင်ကျီဟန်၏ ရှေ့မှောက်၌ ဒူးထောက် တောင်းပန်ရမည်ဖြစ်သည်။
“ ဒါက သူတို့စတိုက်ဖြစ်တဲ့အကြောင်းပေါ့”
ယွမ်ချင်းမိန်၏ ရှင်းပြချက်အဆုံးတွင် သူတို့သည် တိုက်ပွဲစင်မြင့်သို့ ရောက်ရှိလာကြပြီး သူတို့ထိုင်ရာကို မျက်လုံးပေါင်းစုံက ကြည့်နေကြသည်။
"ဟင်း... နင်ကတော့လေ၊ ဒါကိုတောင် ဘယ်လိုလုပ် မသိရတာလဲ"
ဖေးလင်းက ပိုင်ကျီဟန်ကို မကျေမနပ် ကြည့်ကာ ဆိုသည်။
အမှန်စင်စစ် ဖေးလင်းသည် လင်းရွှမ်၏ စီနီယာအစ်မတော်တစ်ဦး ဖြစ်သည်နှင့်အညီ လင်းရွှမ်သည် ပိုင်ကျီဟန်အပေါ် မည်မျှသစ္စာရှိကြောင်းနှင့် ပိုင်ကျီဟန်အကြောင်းကို မည်သို့ကြည်ညိုလေးစားစွာ ပြောဆိုလေ့ရှိကြောင်း ကောင်းစွာသိရှိထားသည်။
သို့သော် သူမအနေဖြင့် လင်းရွှမ်ပြောသမျှကို အကုန်အစင် မယုံကြည်ပေ။ အကြောင်းမှာ ပိုင်ကျီဟန်၏ စစ်မှန်သော မျက်နှာဖုံးနောက်ကွယ်မှ အကြောင်းအရာများကို သူမကိုယ်တိုင် သိရှိထားသောကြောင့် ဖြစ်သည်။ သို့သော်လည်း လင်းရွှမ် ဂိုဏ်းထဲသို့ မဝင်ရောက်မီကပင် ပိုင်ကျီဟန်သည် သူ့အား ကူညီစောင့်ရှောက်ခဲ့ဖူးသည်ကို ထောက်ထား၍ သူမ ဘာမှဝင်မပြောခဲ့ခြင်း ဖြစ်သည်။
အခြေအနေအရပ်ရပ်ကို ဆက်စပ်မိသွားသောအခါ ပိုင်ကျီဟန်၏ အတွေးတို့က ပြောင်းလဲသွားသည်။
အော်... ဒါကြောင့်မို့လို့ ဟန်ရှန်းဝူရဲ့ အနားမှာ ယွမ်ကျဲကို မတွေ့ရတာကိုး။
ဟန်ရှန်းဝူ၏ အယုံကြည်ရဆုံး လက်ပါးစေ ပျောက်ကွယ်နေခြင်းမှာ အခြားအရေးကြီးကိစ္စကြောင့် မဟုတ်ဘဲ လင်းရွှမ်ကြောင့် ဖြစ်နေသည်။
ပိုင်ကျီဟန်၏ အကြည့်တို့က တိုက်ပွဲစင်မြင့်ထက်သို့ တစ်ချက်ဝဲသွားပြီးနောက် မိမိကိုယ်ကိုယ် ပြန်လည်သုံးသပ်လိုက်သည်။
ဟန်ရှန်းဝူကိုယ်တိုင်ပင် ဤကိစ္စကို အမှုထားတော့မည် မဟုတ်ချေ။
ဟန်ရှန်းဝူသည် လင်းရွှမ်ထက် ပိုင်ကျီဟန်ကို ပို၍ အန္တရာယ်ရှိသော ရန်သူဟု သတ်မှတ်ထားဟန်တူသည်။ လင်းရွှမ် ယခုလို ပစ်မှတ်ထားခံရခြင်းမှာလည်း ပိုင်ကျီဟန်ကြောင့်ပင် ဖြစ်နိုင်၏။
မည်သို့ပင်ဆိုစေကာမူ ဟန်ရှန်းဝူသည် ယွမ်ကျဲအနေဖြင့် လင်းရွှမ်ကို အလွယ်တကူ အနိုင်ယူနိုင်လိမ့်မည်ဟု ယုံကြည်နေပုံရသည်။
အပေါ်ယံ အခြေအနေအရ ကြည့်လျှင်တော့ ရလဒ်မှာ ရှင်းလင်းလွန်းလှသည်။
ယွမ်ကျဲသည် ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့်
သို့ ရောက်ရှိထားသူဖြစ်ပြီး သူ၏ ကျင့်ကြံမှုမှာ ခိုင်မာကျစ်လျစ်ကာ ဂိုဏ်း၏ အန္တရာယ်များသော တာဝန်များနှင့် သွေးထွက်သံယို တိုက်ပွဲများကြားတွင် နှစ်ပေါင်းများစွာ ရုန်းကန်လာခဲ့သည့် ဝါရင့်တပည့်တစ်ဦးလည်း ဖြစ်သည်။
သူသည် အလိုလိုက်ခံထားရသော ပါရမီရှင်မျိုးမဟုတ်ဘဲ လက်တွေ့တိုက်ပွဲများဖြင့် အရည်အချင်းကို ထုဆစ်ခဲ့သူဖြစ်သည်။
အတွေ့အကြုံအရ သူက အပြတ်အသတ် သာလွန်နေသည်။
အခြားတစ်ဖက်တွင်မူ လင်းရွှမ်မှာ အဆင့်
တစ်ခု နိမ့်ကျသော အခြေတည်ဝိညာဉ်အဆင့် တွင်သာ ရှိသေးသည်။
ဘေးမှ ကြည့်နေသူများအတွက်မူ ဤတိုက်ပွဲ၏ အဖြေမှာ ထွက်နေပြီးသားပင်။
ပွဲကြည့်စင်တစ်ခုလုံးတွင် တီးတိုးပြောဆိုသံများ လှိုင်းထသကဲ့သို့ ပျံ့လွင့်နေပြီး လူတိုင်းက ရလဒ်ကို ကြိုတင်ခန့်မှန်းနေကြသည်။
ဖေးလင်းသည် ရင်ဘတ်ကို လက်ပိုက်ကာ စိုးရိမ်တကြီး စင်မြင့်ကို စိုက်ကြည့်နေ၏
ပိုင်ကျီဟန်ကမူ အနည်းငယ်မျှ စိုးရိမ်ပူပန်ခြင်း မရှိချေ။
သူသည် ထိုင်ခုံတွင် အေးဆေးစွာ မှီထိုင်နေပြီး မျက်ဝန်းတို့မှာ တည်ငြိမ်လျက် ရှိသည်။
သူ့အတွက်မူ ဤမြင်ကွင်းသည် အလွန်ပင် ရင်းနှီးနေသည်။
လူအများရှေ့မှ စင်မြင့်ထက်တွင်
အပေါ်ယံ၌ အပြတ်အသတ် သာလွန်နေပုံရသော ရန်သူနှင့် ရင်ဆိုင်ရခြင်း...။
ပိုင်ကျီဟန်သည် လေကို ဖြည်းညင်းစွာ ရှူထုတ်လိုက်သည်။
အခြားသူများက လင်းရွှမ်အတွက် ကျရှုံးမည့်ပွဲဟု မြင်ကြသော်လည်း
သူကမူ ဤသည်မှာ လင်းရွှမ်အတွက် အခွင့်အရေးဟု မြင်သည်။
လင်းရွှမ်ကဲ့သို့သောသူအတွက် လူအများ၏ အထင်အမြင်များကို ရိုက်ချိုးပြီး မိမိ၏ စစ်မှန်သော အရည်အချင်းကို ထုတ်ပြရန် သီးသန့်ဖန်တီးထားသည့် စင်မြင့်တစ်ခုနှယ်။
ဤသည်မှာ ထောင်ချောက်မဟုတ်ပေ ။ကောင်းကင်ရွေးချယ်ခံရသူတစ်ဦးအတွက် မီးမောင်းထိုးပြသမှုသာ ဖြစ်သည်။
တိုက်ပွဲအရှိန်တက်လာသည်နှင့်အမျှ လင်းရွှမ်သည် မည်သူနည်းဆိုသည်ကို လူတိုင်း ပြန်လည်အမှတ်ရသွားကြလိမ့်မည်ဟု ပိုင်ကျီဟန် အကြွင်းမဲ့ ယုံကြည်နေသည်။
"သခင်လေးပိုင်... ဒီပွဲကို မတားသင့်ဘူးလား"
ယွမ်ချင်းမိန်က စိုးရိမ်တကြီး မေးမြန်းသည်။
"ဘာလို့ တားရမှာလဲ"
"အဲ... ယွမ်ကျဲ နိုင်သွားရင် လင်းရွှမ်က ဟန်ရှန်းဝူရဲ့ လက်ပါးစေ ဖြစ်သွားမှာလေ"
ယွမ်ချင်းမိန်သည် ပိုင်ကျီဟန်အနေဖြင့် ဤအဓိပ္ပာယ်မရှိသော စိန်ခေါ်ပွဲကို ချက်ချင်း ရပ်တန့်လိမ့်မည်ဟု ယူဆထားခြင်း ဖြစ်သည်။
"အဲဒါ သူနိုင်မှ ဖြစ်မှာလေ... သူနိုင်ဖို့ဆိုတာကတော့ လုံးဝ မဖြစ်နိုင်ဘူးလို့ ငါထင်တယ်"
ပိုင်ကျီဟန်က ခပ်အေးအေးပင် ဆိုလိုက်သည်။
ဘေးနားရှိ ခုန်းကျန်ဟုန်ကလည်း ခေါင်းညိတ် ထောက်ခံနေသည်။
"ချင်းမိန် ဒီလို နှလုံးသားမရှိတဲ့လူဆီက ဘာမျှော်လင့်နေတာလဲ။ လင်းရွှမ် ရှုံးတာနဲ့ သူကတော့ ချက်ချင်း ကန်ထုတ်ပစ်မှာ သေချာတယ်"
ဖေးလင်းက နှာခေါင်းရှုံ့ကာ လှောင်ပြောင်လိုက်သည်။
တိုက်ပွဲကွင်းပြင်အတွင်း တီးတိုးသံများ ဆူညံသွားသည်။
ခဏအကြာတွင် ရုပ်သွင်နှစ်ခုသည် ဆန့်ကျင်ဘက်အရပ်မှ စင်မြင့်ထက်သို့ တက်လှမ်းလာကြသည်။
လင်းရွှမ်သည် ပထမဆုံး ထွက်ပေါ်လာသည်။
သူ့ထံတွင် သတ်ဖြတ်လိုသည့် အငွေ့အသက်နှင့် တုန်လှုပ်မှု အလျဉ်းမရှိဘဲ အိမ်ထဲ၌ ငြိမ်သက်နေသည့် အဖိုးတန်ဓားတစ်စင်းကဲ့သို့ တည်ငြိမ်လျက် ရှိသည်။
ပိုင်ကျီဟန်သည် လေကို ဖြည်းညင်းစွာ ရှူထုတ်လိုက်၏
ထို့နောက် တိုက်ပွဲကို စောင့်ကြည့်နေတော့သည်။
သူနှင့် မျက်နှာချင်းဆိုင်တွင်မူ ယွမ်ကျဲက လေးလံသော ခြေလှမ်းများဖြင့် တက်လာသည်။
သူ၏ တည်ရှိမှုကပင် ဖိအားပေးနေသယောင်
ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့်
သူ၏ အတွင်းအားအရှိန်အဝါတို့သည် လှိုင်းလုံးများကဲ့သို့ ထွက်ပေါ်နေပြီး စင်မြင့်တစ်ခုလုံးကို သတိပေးချက်တစ်ခုနှယ် ဖိနှိပ်ထားသည်။
သူ၏ လက်မောင်းများပေါ်ရှိ အမာရွတ်များမှာ ဂိုဏ်း၏ အန္တရာယ်များလှသော တာဝန်များကို ထမ်းဆောင်ရင်း ရရှိထားသည့် တိုက်ပွဲအတွေ့အကြုံများပင် ဖြစ်သည်။
နှစ်ဦးသား၏ ကွာခြားချက်မှာ သိသာလွန်းလှသည်။
တစ်ဦးက သာမန်ကာလျှံကာ။
နောက်တစ်ဦးကတော့ လွှမ်းမိုးချုပ်ကိုင်ထားသူ။
ဂိုဏ်း၏ အကြီးအကဲတစ်ဦးသည် ဝတ်ရုံတဖျပ်ဖျပ်ဖြင့် စင်မြင့်အလယ်သို့ ဆင်းသက်လာသည်။
သူသည် တပည့်နှစ်ဦးလုံးကို တစ်ချက်ကြည့်လိုက်ပြီး ဝိညာဉ်စွမ်းအားဖြင့် ဟိန်းထွက်နေသော အသံဖြင့် ကြေညာလိုက်သည်။
"ဒါဟာ တရားဝင် စိန်ခေါ်ပွဲ ဖြစ်တယ်။ စည်းကမ်းချက်တွေကိုလည်း မှတ်တမ်းတင်ပြီးပြီ"
"ယွမ်ကျဲ နိုင်ရင် လင်းရွှမ်ဟာ ဟန်ရှန်းဝူရဲ့ ကိုယ်ရံတော်အဖြစ် အစေခံရမယ်"
ပွဲကြည့်စင်ထက်ရှိ လူအုပ်ကြီးထံမှ တီးတိုးသံများ ထွက်ပေါ်လာသည်။ အကြီးအကဲက မရပ်မနား ဆက်ပြောသည်။
"လင်းရွှမ် နိုင်ရင်တော့... ယွမ်ကျဲက ပိုင်ကျီဟန်ရဲ့ ရှေ့မှောက်မှာ လူမြင်ကွင်းမှာ ဒူးထောက်ပြီး တောင်းပန်ရမယ်"
ဤတစ်ကြိမ်တွင်မူ တုံ့ပြန်သံများ ပိုမိုကျယ်လောင်လာသည်။
အချို့က လှောင်ပြုံးပြုံးကြ၏ အချို့က ပိုင်ကျီဟန် ထိုင်နေသည့်ဘက်သို့ လှမ်းကြည့်ကြသည်။
အကြီးအကဲ၏ အကြည့်တို့က တင်းမာသွား၏
"ပြင်ပက နှောင့်ယှက်တာမျိုး လုံးဝ ခွင့်မပြုဘူး။ တစ်ဖက်ဖက်က အရှုံးပေးတာ ဒါမှမဟုတ် တိုက်ခိုက်နိုင်စွမ်း မရှိတော့မှသာ ပွဲပြီးဆုံးမယ်"
လင်းရွှမ်၏ လက်သည် ခါးကြားရှိ ဓားနှောင့်ပေါ်တွင် အေးဆေးစွာ တင်ထားသည်။
ယွမ်ကျဲ၏ နှုတ်ခမ်းများကတော့ ရက်စက်သော အပြုံးတစ်ခုအဖြစ် ကွေးညွတ်သွားသည်။
"တကယ် ရောက်လာတာပဲ" ယွမ်ကျဲက မထီမဲ့မြင် ပြုလျက် ဆိုသည်။ "မင်းရဲ့ တွင်းထဲမှာပဲ ပုန်းနေလိမ့်မယ်လို့ ငါထင်နေတာ"
လင်းရွှမ်က ဘာမှပြန်မပြောချေ၊
ထိုအချက်က ယွမ်ကျဲကို ပို၍ သဘောကျသွားစေသည်။
"ငါ့ကို အဲဒီလို မကြည့်စမ်းနဲ့" ယွမ်ကျဲက ဆက်ပြောသည်။ "မင်း ငါ့ကို ကျေးဇူးတင်သင့်တယ်။ ဒီပွဲပြီးရင် မင်းကို ကောင်းကောင်း အသုံးချတတ်တဲ့ သခင်တစ်ယောက် မင်းရတော့မှာ။ ငါ မင်းကို ကျေးဇူးပြုနေတာကွ"
သူ့အပြုံးက ကျယ်ပြန့်လာ၏
“ ငါက မင်းကိုမျက်နှာသာပေးနေတာကွ”
သတ္တုချင်း ထိခတ်သံနှင့်အတူ ယွမ်ကျဲသည် သူ၏ဓားကို ဖြည်းညင်းစွာ ထုတ်လိုက်သည်။
ထိုအခါမှ လင်းရွှမ်လည်း လှုပ်ရှားလာသည်။
သူသည် လောခြင်းမရှိဘဲ တည်ငြိမ်သော အမူအရာဖြင့် သူ၏ဓားကို ဆွဲထုတ်လိုက်သည်။
လင်းရွှမ်၏ ပတ်ဝန်းကျင်ရှိ လေထုမှာ ချက်ချင်းပင် စူးရှသွားတော့သည်။
အကြီးအကဲက နောက်သို့ ဆုတ်လိုက်၏
"စတင်စေ”
ယွမ်ကျဲက ဦးအောင် လှုပ်ရှားသည်။
သူသည် ရှေ့သို့ အဟုန်ဖြင့် ပြေးထွက်သွားပြီး ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့်၏ အင်အားကို သုံးကာ ဓားကို အားအပြည့်ဖြင့် ခုတ်ချလိုက်သည်။
ဓားချက်သည် လေထုကို ဖြတ်သန်းကာ ဟိန်းဟောက်သွားပြီး ပြိုင်ဘက်ကို အပိုင်းပိုင်းဖြတ်ရန်မဟုတ်ဘဲ ဖိချေပစ်ရန် ရည်ရွယ်ထားသည့် အားအင်တို့ ပါဝင်နေသည်။
လင်းရွှမ်က ဘေးသို့ တစ်ချက် ရှောင်လိုက်သည်။
ဓားချက်သည် သူ၏ဦးခေါင်းကို သီသီလေးလွဲသွားကာ စင်မြင့်ကြမ်းပြင်ပေါ်သို့ ကျရောက်ပြီး ကျောက်သားကို နက်ရှိုင်းစွာ အက်ကွဲသွားစေသည်။
ယွမ်ကျဲ နောက်တစ်ကြိမ် မတိုက်ခိုက်နိုင်မီမှာပင် လင်းရွှမ်၏ ဓားက လျှပ်စီးပမာ ထွက်ပေါ်လာသည်။
သန့်စင်သောဓားချက်
သံမဏိချင်း ထိတွေ့ကုန်၏
ချလွမ်
ဓားချင်း ထိခတ်မိပြီး မီးပွားများ ထွက်ပေါ်သွားသည်။
ယွမ်ကျဲ၏ မျက်လုံးများ အနည်းငယ် ကျဉ်းမြောင်းသွားသည်။
"အိုး..."
လင်းရွှမ်သည် နောက်သို့ တစ်လှမ်းဆုတ်ကာ ထိခိုက်မှုကို သပ်ရပ်စွာ ပယ်ဖျက်လိုက်သည်
ဒုတိယအကြိမ် တိုက်ခိုက်မှုက ချက်ချင်းပင် လိုက်ပါလာသည်။
ယွမ်ကျဲသည် သူ၏ တိုက်ပွဲအတွေ့အကြုံနှင့် အင်အားကို သုံးကာ မရပ်မနား ဖိအားပေး တိုက်ခိုက်တော့သည်။
ဓားချက်တိုင်းသည် အခြေတည်ဝိညာဉ်အဆင့်ကျင့်ကြံသူ တစ်ဦးကို အမှုန့်ပြုနိုင်လောက်သည့် အားပါလှသည်။
သို့သော် လင်းရွှမ်က ဓားချက်တိုင်းကို ခုခံနိုင်နေသည်။
အချို့ကို ပယ်ထုတ်သည်၊ အချို့ကို လမ်းကြောင်းလွှဲသည်
အချို့ကိုမူ အလွန်ပင် ထိရောက်သော လှုပ်ရှားမှုများဖြင့် ရှောင်တိမ်းနေသည်။
ပွဲကြည့်စင်ထက်ရှိ လူအုပ်ကြီးမှာ ဇဝေဇဝါ ဖြစ်လာကြသည်။
ဤသည်မှာ သူတို့ ထင်ထားသလို မဟုတ်ချေ။
ပိုင်ကျီဟန်သည် အပေါ်မှနေ၍ တိတ်ဆိတ်စွာ ကြည့်နေသည်။
သူ၏ အမူအရာမှာ တည်ငြိမ်နေသော်လည်း မျက်လုံးထဲတွင်တော့ ကျေနပ်သည့် အရိပ်အယောင်များ ရှိနေသည်။
ဓားချင်း အကြိမ်ကြိမ် ရိုက်ခတ်နေစဉ်မှာပင် ရိုးရှင်းသော အမှန်တရားတစ်ခုက ပေါ်ထွက်လာသည်။ မျက်စိလျှင်သူ အနည်းငယ်သာ မြင်နိုင်သည့် အချက်မှာ
လင်းရွှမ်သည် ရုန်းကန်နေရခြင်း မဟုတ်ပေ။
သူသည် စမ်းသပ်နေခြင်းသာ ဖြစ်သည်။
သူ စမ်းသပ်လို့ ပြီးသွားသည်နှင့်
စစ်မှန်သော တိုက်ပွဲက စတင်တော့မည် ဖြစ်သည်။
အခန်း ၄၆၂ လင်းရွှမ် နှင့် ယွမ်ကျဲ၏ တိုက်ပွဲ
တိုက်ပွဲမှာ ဆက်လက်ဖြစ်ပွားနေသည်။
အစပိုင်းတွင် အခြေအနေအရပ်ရပ်မှာ လူတိုင်းခန့်မှန်း ထားသကဲ့သို့ပင် ဖြစ်နေ၏။
လင်းရွှမ်၏ မမျှော်လင့်ထားသော ခုခံမှုအပြီးတွင် ယွမ်ကျဲသည် သူ၏ လွှမ်းမိုးချုပ်ကိုင်ထားနိုင်သော အင်အားဖြင့် တိုက်ပွဲ၏ အရှိန်အဟုန်ကို ပြန်လည်ထိန်းချုပ်လိုက်သည်။
သူ၏ ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့် အတွင်းအားတို့သည် အဆုံးမဲ့ စီးဆင်းနေပြီး ဓားချက်တစ်ခုချင်းစီမှာ ရှေ့ထက်ပို၍ လေးလံလာသည်။
သူ၏ ဓားသိုင်းသည် နုနယ်သိမ်မွေ့ခြင်း မရှိသော်လည်း အလွန်ပင် ရက်စက်ထိရောက်လှသည်။ ၎င်းတို့မှာ သေရေးရှင်ရေး တာဝန်ပေါင်းများစွာကို ဖြတ်သန်းရင်း သွေးနှင့်ရင်းကာ ထုဆစ်ထားသည့် တိုက်ကွက်များ ဖြစ်ကြသည်။
ခုတ်ချက်တိုင်းတွင် သတ်ဖြတ်လိုသော အငွေ့အသက်များ ပါဝင်နေပြီး လင်းရွှမ်သည် ခြေလှမ်းတိုင်း နောက်ဆုတ်ရင်း စင်မြင့်အစွန်းသို့ ရောက်ရှိလာတော့သည်
ဝုန်း
နောက်ထပ် ခုတ်ချလိုက်သော ဓားချက်တစ်ချက်သည် စင်မြင့်ပေါ်သို့ ကျရောက်သွားကာ ကျောက်သားများကို အက်ကွဲစေပြီး အပိုင်းအစများကို လွင့်စင်သွားစေသည်။
လင်းရွှမ်သည် နောက်သို့ လျှောတိုက် ဆုတ်ခွာလိုက်ရကာ သူ၏ ဝတ်ရုံမှာ စုတ်ပြဲသွားပြီး လက်မောင်းပေါ်တွင် သွေးစို့နေသော ဒဏ်ရာတစ်ခု ပေါ်ထွက်လာသည်။
လူအုပ်ကြီးမှာ လှုပ်လှုပ်ရှားရှား ဖြစ်သွားကြသည်။
"ဒါမှ ဟုတ်တာပေါ့"
"အခြေတည်ဝိညာဉ်အဆင့်က ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့်ကို ဘယ်လိုလုပ် ယှဉ်နိုင်မှာလဲ"
"ယွမ်ကျဲက အားကုန်တောင် မသုံးရသေးဘူး"
ဖေးလင်းသည် မျက်မှောင်ကြုတ်ကာ လက်သီးကို မသိမသာ ဆုပ်ထားမိသည်။
ယွမ်ချင်းမိန်မှာလည်း နှုတ်ခမ်းကို တင်းတင်းစေ့ကာ စင်မြင့်ထက်မှ အကြည့်မခွာနိုင် ဖြစ်နေ၏။
ခုန်းကျန်ဟုန်ပင်လျှင် နောက်သို့ ဆုတ်နေရသည့် လင်းရွှမ်ကို ကြည့်ကာ စိုးရိမ်ပူပန်လာသည်။
ပိုင်ကျီဟန် တစ်ဦးတည်းသာလျှင် မတုန်မလှုပ် ရှိနေဆဲပင်။
ကွင်းပြင်အတွင်းတွင် ယွမ်ကျဲက ယုံကြည်မှုအပြည့်ဖြင့် ဟားတိုက်ရယ်မောလိုက်သည်။
"ဘာဖြစ်တာလဲ" သူက လှောင်ပြောင်လိုက်သည်။ "ဒါပဲလား... မင်းက တကယ်ပဲ အဆင့်ကျော်ပြီး ငါ့ကို နိုင်မယ်လို့ ထင်နေတာလား"
အစပိုင်းတွင် လင်းရွှမ်၏ မမျှော်လင့်ထားသော အရှိန်ကြောင့် သူ အနည်းငယ် ထိတ်လန့်သွားသော်လည်း ယခုအခါ အားအပြည့်သုံးကာ ဖိနှိပ်ထားနိုင်ပြီ ဖြစ်သဖြင့် ယုံကြည်မှုများ ပြန်လည်ရရှိလာခြင်း ဖြစ်သည်။
သူသည် ရှေ့သို့ တစ်လှမ်းတက်လိုက်ရာ သူ၏ အရှိန်အဝါတို့မှာ ပိုမိုတောက်လောင်လာသည်။
သူ၏ဓားထက်တွင် ထူထပ်သော ချီများ ဝန်းရံသွားပြီး လင်းလက်တောက်ပလာကာ အစွမ်းထက်သော တိုက်ကွက်တစ်ခုကို ထုတ်ဖော်လိုက်တော့သည်။
"တောင်ဖြိုဓားချက်”
ဓားချက်သည် မြင့်မားသော တောင်ကြီးတစ်လုံး ပြိုကျလာသကဲ့သို့ ဆင်းသက်လာသည်။
ထိုဖိအားကြောင့် ပွဲကြည့်စင်ပေါ်ရှိ အဆင့်နိမ့်တပည့်အချို့မှာ အသက်ရှူပင် ကျပ်လာကြသည်။
ယခုတစ်ကြိမ်တွင်မူ လင်းရွှမ် နောက်မဆုတ်တော့ပေ။
သူသည် မိမိ၏ဓားကို မြှောက်၍ ခုခံလိုက်သည်။
ချလွမ်
ထိခတ်သံမှာ ရှေ့ထက်ပို၍ ကျယ်လောင်စွာ ဟိန်းထွက်သွားသည်။
လင်းရွှမ်သည် ဒူးတစ်ဖက် ထောက်ကျသွားပြီး သူ၏အောက်ရှိ စင်မြင့်ကြမ်းပြင်မှာ ပင့်ကူအိမ်သဖွယ် အက်ကွဲကြောင်းများ ဖြစ်ပေါ်သွားသည်။
ပွဲကြည့်စင်တစ်ခုလုံးထံမှ အံ့သြတုန်လှုပ်သံများ ထွက်ပေါ်လာသည်။
ယွမ်ကျဲက ရက်စက်စွာ ပြုံးလိုက်၏
"ဒါပဲပေါ့... ဒူးထောက်စမ်း”ဟု အော်ဟစ်လိုက်သည်။
သို့သော် ထိုအချိန်မှာပင်
လင်းရွှမ်၏ ဓားသည် တုန်ခါသွားသည်။
မည်သူမျှ သတိမထားမိလောက်သော သိမ်မွေ့သည့် အပြောင်းအလဲတစ်ခု ဖြစ်ပေါ်လာ၏။
လင်းရွှမ်၏ အတွင်းအား စီးဆင်းမှုမှာလည်း ပြောင်းလဲသွားသည်။ ၎င်းမှာ ခုခံကာကွယ်သည့် ပုံစံမဟုတ်တော့ဘဲ တိုက်စစ်ဆင်ရန် အသင့်ဖြစ်နေသည့် အရှိန်အဝါမျိုး ဖြစ်သည်။
သူ့ပတ်ဝန်းကျင်ရှိ ဖိအားများမှာ ပိုမိုစူးရှလာသည်။
ယွမ်ကျဲ၏ မျက်နှာမှာ ပျက်သွား၏
"ဘာလဲ..." ဟု ရေရွတ်လိုက်မိသည်။
လင်းရွှမ်သည် သူ၏ဓားကို အပေါ်သို့ ဖြည်းဖြည်းချင်း တွန်းတင်လိုက်သည်။
တောင်ကြီးတစ်လုံးနှယ် ဖိထားသည့် ဖိအားများမှာ တစ်စစီ ပျက်စီးသွားတော့သည်။
ယွမ်ကျဲသည် မယုံကြည်နိုင်လောက်သော မျက်လုံးများဖြင့် နောက်သို့ ခြေတစ်လှမ်း ဆုတ်လိုက်ရသည်။
"ဒါ... ဒါ မဖြစ်နိုင်တာ”
လင်းရွှမ်သည် ဖုန်မှုန့်များကြားမှ မတ်တပ်ရပ်လာသည်။
ယွမ်ကျဲက အစွမ်းကုန် တိုက်ခိုက်နေသော်လည်း လင်းရွှမ်ကတော့ မည်သို့မျှ မဖြစ်သည့်အလား တည်ငြိမ်နေဆဲသာ
ယွမ်ကျဲ၏ ယုံကြည်မှုများ ယိုင်နဲ့သွားကာ ဒေါသတကြီးဖြင့် ရှေ့သို့ တစ်ဖန် ပြေးထွက်သွားပြန်သည်
"မင်းရဲ့ စွမ်းအားတွေကို ဖုံးကွယ်ထားတာပေါ့လေ... ကောင်းပြီ၊ ငါ မင်းကို အမှုန့်ဖြစ်အောင် ချေမှုန်းပြမယ်”သူသည် သူ၏ အစွမ်းထက်ဆုံးသော တိုက်ကွက်များကို တစ်ခုပြီးတစ်ခု ဆင့်ကာထုတ်ဖော်လိုက်ရာ စင်မြင့်ထက်တွင် ဓားအလင်းတန်းများဖြင့် ဖုံးလွှမ်းသွားတော့သည်။
လင်းရွှမ်သည်လည်း လှုပ်ရှားလာသည်။
သူ၏ ခြေလှမ်းများသည် သိမ်မွေ့လှပြီး တိကျလွန်းလှသည်။ ယွမ်ကျဲ၏ ပြင်းထန်သော တိုက်ကွက်များမှာ လင်းရွှမ်ကို မထိမှန်ဘဲ လွဲချော်နေကြကာ ၎င်းမှာ တိုက်ဆိုင်မှုမဟုတ်ဘဲ လင်းရွှမ်၏ တိကျသော တွက်ချက်မှုများကြောင့် ဖြစ်သည်။
ဓားချင်း ထိခတ်သည်
လမ်းကြောင်းလွှဲသည်
ရှောင်တိမ်းသည်
တိုက်ကွက်တစ်ခုချင်းစီတိုင်းက ယွမ်ကျဲ၏ အင်အားကို ကုန်ဆုံးစေသော်လည်း လင်းရွှမ်ကမူ တည်ငြိမ်စွာဖြင့် ယွမ်ကျဲ၏ လှုပ်ရှားမှုတိုင်းကို ကြိုတင်ခန့်မှန်းနေသည်။
(တစ်စုံတစ်ခုတော့ မှားနေပြီ)
ယွမ်ကျဲ၏ စိတ်ထဲတွင် အတွေးဝင်လာသည်။ သူ၏ အစွမ်းကုန် တိုက်ခိုက်မှုများမှာ လင်းရွှမ်ကို အရာမထင်ဘဲ ဖြစ်နေသည်။
သူ၏ အသက်ရှူသံများမှာ လေးလံလာ၏
စိတ်မရှည်မှုများက လှုပ်ရှားမှုများတွင် ပေါ်လွင်လာသည်။
"ဘာလို့ လဲမကျတာလဲ”
ယွမ်ကျဲက ဟိန်းဟောက်လိုက်ရင်း သူ၏ဓားထက်သို့ အတွင်းအားများ ပိုမိုလောင်းထည့်လိုက်သည်။
ထိုစိတ်မရှည်မှုမှာပင် အခွင့်အရေးဖြစ်သွားတော့သည်။
လင်းရွှမ်၏ မျက်လုံးများမှာ စူးရှသွားသည်။
ထိုခဏ၌ လင်းရွှမ်၏ ဓားရည်ရွယ်ချက်များသည် ပေါက်ကွဲထွက်လာတော့သည်။
စူးရှပြီး မမြင်နိုင်သော ဓားအရှိန်အဝါတစ်ခုသည် ကွင်းပြင်တစ်ခုလုံးကို လွှမ်းခြုံသွားကာ ပွဲကြည့်စင်ရှိ ကျင့်ကြံသူတိုင်းသည် အေးစက်သော ဓားသွားတစ်ခု မိမိတို့၏ အရေပြားကို ထိတွေ့သွားသကဲ့သို့ ခံစားလိုက်ရသည်။
လေထုက ပြောင်းလဲသွားသည်။
လောကကြီးတစ်ခုလုံး ကျဉ်းမြောင်းသွားပြီး ထိုဓားတစ်စင်းတည်းသာ ကျန်ရှိတော့သယောင်။
စက္ကန့်ပိုင်းမျှ
လောကကြီးတစ်ခုလုံး တိတ်ဆိတ်သွားတော့သည်။
ထို့နောက်တွင် တိုက်ပွဲကွင်းပြင်တစ်ခုလုံး ပေါက်ကွဲထွက်သွားသလား မှတ်ရအောင် ဆူညံသွားတော့သည်။
"ဓ... ဓားရည်ရွယ်ချက် ဟုတ်လား”
"မဖြစ်နိုင်တာ... ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”
"ဒါ လုံးဝ မဖြစ်နိုင်ဘူး၊ ရာစုနှစ်နဲ့ချီပြီး ကျင့်ကြံလာတဲ့ စစ်မှန်တဲ့ ဓားကျင့်ကြံသူတွေပဲ ဓားရည်ရွယ်ချက်ကို ဖော်ဆောင်နိုင်တာလေ”
အာမေဋိတ်သံများ၊ အော်ဟစ်သံများနှင့် မယုံကြည်နိုင်မှုများကြောင့် ကွင်းပြင်၏ တည်ငြိမ်မှုမှာ ချက်ချင်းပင် ပျက်ပြားသွားသည်။ အကြီးအကဲအချို့မှာပင် အံ့သြလွန်း၍ သူတို့၏ နေရာမှ ထရပ်မိကြ၏။
တပည့်များမှာလည်း မျက်လုံးအပြူးသားဖြင့် စိုက်ကြည့်နေကြပြီး အချို့မှာ မမြင်နိုင်သော ခေါ်ယူမှုကို တုံ့ပြန်သည့်အလား မိမိတို့၏ ဓားများကို မသိစိတ်ဖြင့် တင်းတင်းဆုပ်ထားမိကြသည်။
ဖေးလင်းမှာ မှင်သက်သွား၏
အသက်ရှူပင် မှားသွားရှာသည်။
"ဓား...ရည်ရွယ်ချက်လား..." ယွမ်ချင်းမိန်၏ မျက်ဝန်းများမှာ တောက်ပသွားပြီး အံ့သြမှုနှင့် ကြည်ညိုမှုတို့မှာ ထိန်းမနိုင်သိမ်းမရ ရောယှက်နေတော့သည်။
ပွဲကြည့်ကြပ်မတ်နေသော အကြီးအကဲပင်လျှင် တည်ငြိမ်မှု ပျက်ပြားသွားပြီး လင်းရွှမ်ကို မိစ္ဆာတစ်ကောင်အား ကြည့်သကဲ့သို့ စိုက်ကြည့်နေမိသည်။
သူတို့အားလုံး၏ အထက်တွင်ရှိသော ပိုင်ကျီဟန်၏ အကြည့်တို့မှာ စူးရှသွားသည်။
“ဟင်း”
(တကယ့် မိစ္ဆာပဲ)
ပိုင်ကျီဟန် တွေးလိုက်မိသည်။ သူ့တွင်လည်း ဓားရည်ရွယ်ချက် ရှိသော်လည်း ၎င်းမှာ စနစ် က လက်ဆောင်ပေးထားခြင်း ဖြစ်သည်။
လင်းရွှမ်ကဲ့သို့ ကိုယ်တိုင် ကြိုးစားအားထုတ်မှုဖြင့် ရရှိထားခြင်း မဟုတ်ပေ။
စင်မြင့်ထက်တွင်မူ ယွမ်ကျဲသည် မမြင်ရသော အင်အားတစ်ခု၏ ရိုက်ခတ်မှုကို ခံလိုက်ရသကဲ့သို့ နောက်သို့ ယိုင်နဲ့သွားသည်။
သူ၏လက်ထဲရှိ ဓားမှာလည်း ပြင်းထန်စွာ တုန်ခါနေပြီး ၎င်း၏ သခင်ကိုပင် ပြန်လည် ဆန့်ကျင်နေသည့်အလား အသံများ မြည်ဟီးနေတော့သည်။
"မဖြစ်နိုင်ဘူး..." ယွမ်ကျဲက အသံမာမာဖြင့် ရေရွတ်လိုက်သည်။ "ဒါ လုံးဝ မဖြစ်နိုင်တာ”
သူ့မျက်နှာမှာ သွေးဆုတ်ဖြူလျော်သွားသည်။
ဓားရည်ရွယ်ချက်ဆိုသည်မှာ အင်အားသုံး၍ ရယူနိုင်သောအရာ မဟုတ်သလို ကျင့်ကြံခြင်းအဆင့်က ပေးအပ်နိုင်သောအရာလည်း မဟုတ်ပေ။
၎င်းမှာ ဓား၏ သဘောတရားကို နက်နက်ရှိုင်းရှိုင်း ထိုးထွင်းသိမြင်မှုဖြစ်ပြီး သိုင်းကွက်များ၏ အထက်သို့ ကျော်လွန်သွားသော အဆင့်တစ်ခု ဖြစ်သည်။
ကောင်းကင်ဓားဂိုဏ်းတစ်ခုလုံးတွင် ထိုအဆင့်ကို ပိုင်ဆိုင်ထားသည်ဟု လူသိများသူမှာ
ပိုင်ကျီဟန် တစ်ဦးတည်းသာ ရှိသည်။
လင်းရွှမ်သည် ရှေ့သို့ တစ်လှမ်းတက်လိုက်သည်။
သူ၏ဓားမှာ ရိုးရှင်းနေဆဲ
သူ၏ ကိုယ်ဟန်မှာလည်း သာမန်ပင်။
သို့သော် ဓားရည်ရွယ်ချက်နှင့် ပေါင်းစပ်သွားသောအခါ သူ၏ ရိုးရှင်းသော လှုပ်ရှားမှုတိုင်းမှာပင် ပြိုင်ဘက်ကို အသက်ပျောက်စေမည့် တိုက်ကွက်များသဖွယ် ဖြစ်နေတော့သည်။
"ဒါတွေ အားလုံးက သခင်လေး ကျေးဇူးကြောင့်ပဲ" လင်းရွှမ်က မိမိကိုယ်ကိုယ် တိုးတိုးလေး ပြောလိုက်သည်။
ပိုင်ကျီဟန်က သူ့ကို ဓားသိုင်း အထူးတလည် သင်ပေးခဲ့ခြင်းမျိုး မဟုတ်ပေ။ သို့သော် ပိုင်ကျီဟန် ဓားရည်ရွယ်ချက်ကို အသုံးပြုကာ ရန်သူများကို ချေမှုန်းပုံ၊ ဓားကို ရိုးရိုးတန်းတန်း ဝှေ့ယမ်းခြင်းမျိုး မဟုတ်ဘဲ အရာရာကို ဆုံးဖြတ်ချက်ချသည့်အလား တိုက်ခိုက်ပုံတို့ကို ကြည့်ရှုရင်း လင်းရွှမ်က အတုယူခဲ့ခြင်း ဖြစ်သည်။
အစပိုင်းတွင် ၎င်းမှာ ဗီဇအရ အတုယူခြင်း ဖြစ်၏
သို့သော်လည်း နောက်ပိုင်းတွင် အလေ့အထ ဖြစ်လာသည်။
ထို့နောက်တွင်တော့ စွဲလမ်းမှုတစ်ခု ဖြစ်သွားတော့သည်။
အတုယူရုံမျှဖြင့် ဤမျှ နက်ရှိုင်းသော အရာကို မရရှိနိုင်သော်လည်း
လင်းရွှမ်မှာ လင်းရွှမ်ပင် မဟုတ်ပါလော
ကောင်းကင်ရွေးချယ်ခံရသူတစ်ဦး
ထိတ်လန့်ဖွယ်ကောင်းသော ပါရမီနှင့် ကြောက်မက်ဖွယ် ထိုးထွင်းသိမြင်မှု အစွမ်းရှိသော ကျင့်ကြံသူတစ်ဦး ဖြစ်သည်။
အတုယူရာမှ နားလည်မှုသို့ ပြောင်းလဲသွား၏
စောင့်ကြည့်ရာမှ ထိုးထွင်းသိမြင်မှုသို့ ရောက်ရှိသွားခြင်းပင်။
လင်းရွှမ်ကိုယ်တိုင်ပင် မသိလိုက်ဘဲ သူသည် ထိုအဆင့်အတားအဆီးကို ကျော်ဖြတ်သွားခဲ့ပြီ ဖြစ်သည်။
ကွင်းပြင်အတွင်း၌ ယွမ်ကျဲသည် သူ၏ ကြောက်ရွံ့မှုများ ပေါက်ကွဲထွက်လာပြီး အော်ဟစ်လိုက်တော့သည်။
"မဟုတ်ဘူး၊ မင်းမှာ ဓားရည်ရွယ်ချက်ရှိနေရင်တောင် ငါ့အောက်မှာပဲ ရှိနေရဦးမှာ”
ယွမ်ကျဲက အသည်းအသန် အော်ဟစ်ကာ ရှေ့သို့ တိုးဝင်လာသည်။ သူ၏ဓားထက်တွင် မတည်ငြိမ်သော ချီများ တောက်လောင်နေ၏။
ထိုစဉ် လင်းရွှမ် လှုပ်ရှားလိုက်သည်။
ခြေတစ်လှမ်း။
ဝှေ့ယမ်းချက်တစ်ချက်။
မည်သည့် သိုင်းကွက်မျှ မပါချေ။
မည်သည့် အပိုအလုပ်မျှ မရှိ။
ဆန္ဒဓာတ် ကိန်းဝပ်နေသော ဓားတစ်စင်းသက်သက်သာ ဖြစ်သည်
ရွှမ်
ဓားအလင်းတန်းသည် ယွမ်ကျဲ၏ တိုက်ကွက်ကို စက္ကူတစ်ချပ်ကဲ့သို့ ပိုင်းဖြတ်သွားကာ သူ၏အတွင်းအား၊ သူ၏ဓား နှင့် သူ၏ယုံကြည်မှု အားလုံး ထိုဓားချက်တစ်ချက်တည်းဖြင့် ပြတ်တောက်သွားတော့သည်။
ယွမ်ကျဲ၏ဓားသည် တစ်စစီ ကြေမွသွား၏
သူ၏ခန္ဓာကိုယ်မှာ လွင့်စင်သွားကာ စင်မြင့်
အစွန်းသို့ အရှိန်ဖြင့် ရိုက်မိသွားတော့သည်။ ပါးစပ်မှ သွေးများ ပန်းထွက်လာပြီး မြေပြင်ပေါ်သို့ ပုံလျက်သား ကျသွားရှာသည်။
လင်းရွှမ်သည် ရပ်မြဲအတိုင်း ရပ်နေဆဲပင်။
သူ၏ဓားကို အောက်သို့ နှိမ့်ချထားသည်။
ကွင်းပြင်တစ်ခုလုံးမှာ တိတ်ဆိတ်ခြင်း၏ ဝါးမြိုမှုကို ခံလိုက်ရ၏။
ထို့နောက်တွင်မှ
လူတိုင်း အမှန်တရားကို သဘောပေါက်သွားကြသည်။ ဤတိုက်ပွဲသည် အစကတည်းက ယှဉ်ပြိုင်နိုင်စွမ်း မရှိခဲ့ချေ။
ဓားရည်ရွယ်ချက်ပေါ်ထွက်လာသည့် ခဏမှာပင် ဤတိုက်ပွဲသည် ပြီးဆုံးသွားခဲ့ပြီ ဖြစ်သည်။
ယွမ်ကျဲသည် အက်ကွဲနေသော ကျောက်သားများကြားတွင် ပုံလျက်သား လဲလျောင်းနေရသည်။
သူ၏ဓားသည် မီတာအနည်းငယ်အကွာတွင် အပိုင်းအစများအဖြစ် ပြန့်ကြဲနေပြီး ၎င်း၏ ဝိညာဉ်အလင်းတန်းများမှာလည်း လုံးဝ ကွယ်ပျောက်သွားပြီ ဖြစ်သည်။
ပါးစပ်နားမှ သွေးများ စီးကျနေသော်လည်း ခန္ဓာကိုယ်၏ နာကျင်မှုထက် စိတ်ဓာတ်ကျဆင်းမှုက ပိုမိုပြင်းထန်နေ၏။
သူ... ရှုံးသွားပြီလား?
မဟုတ်ပေ
၎င်းမှာ ရှုံးနိမ့်ခြင်းထက် ပိုသည်။
သူသည် အပြတ်အသတ် နှိပ်ကွပ်ခြင်းကို ခံလိုက်ရခြင်းသာ။
ယွမ်ကျဲ၏ မျက်လုံးများ တုန်ခါနေပြီး စင်မြင့်အလယ်တွင် တည်ငြိမ်စွာ ရပ်နေသော လင်းရွှမ်ကို စိုက်ကြည့်နေမိသည်။
သူကိုယ်တိုင် ရန်စခဲ့သော
သူကိုယ်တိုင် ခြေဖဝါးအောက်တွင် နင်းခြေပစ်နိုင်မည်ဟု ယုံကြည်ခဲ့သော ထိုလင်းရွှမ်ပင် မဟုတ်ပါလော
စင်မြင့်ထက်တွင် လေးလံသော ခြေသံများ ထွက်ပေါ်လာသည်။
လင်းရွှမ်သည် ဓားကို နှိမ့်ချထားပြီး သတ်ဖြတ်လိုသည့် အရှိန်အဝါ လုံးဝမရှိဘဲ တည်ငြိမ်သော မျက်နှာထားဖြင့် တိုးကပ်လာသည်။
သူသည် ယွမ်ကျဲ၏ အနားတွင် ရပ်တန့်
လိုက်၏
"ဆက်တိုက်ဦးမလား"
လင်းရွှမ်က ခပ်တိုးတိုး မေးလိုက်သည်။ စကားလုံးများသည် ရိုးရှင်းသော်လည်း ယွမ်ကျဲအတွက်မူ မည်သည့်ဓားချက်ထက်မဆို ပို၍ လေးလံနေတော့သည်။
ဆက်တိုက်ရဦးမည်လား?
ဘာနှင့်တိုက်ရမည်နည်း?
သူ၏ဓားမှာ ကျိုးပဲ့သွားချေပြီ။
ပို၍ အရေးကြီးသည်မှာ
သူ၏ ယုံကြည်မှုများမှာ ပြန်လည်ပြုပြင်၍မရအောင် ပျက်စီးသွားပြီ ဖြစ်သည်။
ယွမ်ကျဲသည် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားမိသည်။ သူ စကားပြောရန် ကြိုးစားသော်လည်း အစပိုင်းတွင် အသံထွက်မလာချေ။
ကွင်းပြင်တစ်ခုလုံးက သူ၏အဖြေကို အသက်ရှူအောင့်ကာ စောင့်စားနေကြသည်။
နောက်ဆုံးတွင်တော့
"ငါ အရှုံးပေးပါတယ်”
ထိုစကားလုံးများ ထွက်ကျလာသည်နှင့် တစ်ပြိုင်နက် ယွမ်ကျဲ၏ အတွင်းစိတ်တစ်ခုလုံး ပြိုလဲသွားတော့သည်။
လင်းရွှမ်က ခေါင်းတစ်ချက် ညိတ်လိုက်၏
"ဒါဆိုရင် မင်းရဲ့ ကတိကို တည်လိမ့်မယ်လို့ ငါ မျှော်လင့်တယ်"
လင်းရွှမ်သည် နောက်လှည့်မကြည့်ဘဲ အရာအားလုံးပြီးသွားသလို ထွက်ခွာသွားတော့သည်။
ထိုခဏအတွင်း မည်သူမျှ မလှုပ်ဝံ့ပေ။
ခဏအကြာတွင် ကြပ်မတ်နေသော အကြီးအကဲမှာ သတိပြန်ဝင်လာ၏
သူသည် ရှေ့တက်လာပြီး ဝိညာဉ်စွမ်းအားဖြင့် ကြေညာလိုက်သည်။
"တိုက်ပွဲ ပြီးဆုံးပြီ”
"ယွမ်ကျဲ အရှုံးပေးလိုက်ပြီ ဖြစ်တဲ့အတွက် လင်းရွှမ်ဟာ အနိုင်ရရှိသူ ဖြစ်တယ်”
ပွဲကြည့်စင်ထက်မှ ဆူညံသံများ ဟိန်းထွက်သွားတော့သည်။
အားပေးသံများ၊ အံ့သြသံများဖြင့် ပြည့်နှက်သွား၏။
အခြေတည်ဝိညာဉ်အဆင့်က ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့်ကို အနိုင်ယူလိုက်ခြင်း
ဓားရည်ရွယ်ချက် ပေါ်ထွက်လာခြင်း
အပြတ်အသတ် ဖိနှိပ်လိုက်ခြင်း
၎င်းမှာ အိပ်မက်တစ်ခုနှယ် မယုံနိုင်စရာ ကောင်းလှသည်။
ထိုအခါမှ လူတိုင်း သဘောပေါက်သွားကြသည်မှာ
ဤသည်မှာ လင်းရွှမ်၏ အောင်ပွဲသက်သက် မဟုတ်ပေ။
၎င်းသည် ကြေညာလိုက်ခြင်း ဖြစ်သည်။
သတိပေးချက်
တစ်ခုလုံးသော ကောင်းကင်ဓားဂိုဏ်းကို သတိပေးခြင်းသာ။
ဂိုဏ်းချုပ် မည်သူပင် ဖြစ်ပါစေ၊ လင်းရွှမ်သည် ထိုလင်းရွှမ်ပင် ဖြစ်သည်။
မဟုတ်သေး... ယခင်ထက် ပို၍ အစွမ်းထက်လာသော လင်းရွှမ်ပင် ဖြစ်တော့သည်။
အခန်း ၄၆၃ - သခင်လေးရှေ့တွင် ဒူးထောက်
လေထုထဲတွင် ပွက်လောရိုက်နေသော ဆူညံသံများ မငြိမ်သက်သေးမီမှာပင် ကြီးကြပ်ရေးမှူးအကြီးအကဲ၏ စူးရှလှသော အသံက ဝရုန်းသုန်းကား အခြေအနေကို ထိုးခွဲ၍ ထွက်ပေါ်လာသည်။
"ယွမ်ကျဲ”
အကြီးအကဲ၏ အကြည့်မှာ အေးစက်လှသလို လေးလံသော ဖိအားများလည်း ပါဝင်နေသည်။
"ဒီတိုက်ပွဲ မစခင်မှာ မင်းကိုယ်တိုင် ကတိကဝတ်ပြုခဲ့တာရှိတယ်။ အခု အဲဒီကတိအတိုင်း မင်း တာဝန်ယူရမယ်”
ပြိုပျက်နေသော စင်မြင့်အစွန်းတွင် တစ်ဝက်တစ်ပျက် မှီတွယ်နေသည့် ယွမ်ကျဲ၏ မျက်နှာအမူအရာမှာ တောင့်တင်းသွားသည်။
လောင်းကြေး
သူသာ ရှုံးနိမ့်ခဲ့လျှင် ပိုင်ကျီဟန် ရှေ့တွင် ဒူးထောက်၍ သူ၏ စော်ကားမှုများအတွက် လူအများရှေ့တွင် တောင်းပန်ရမည်ဖြစ်သည်။
ထိုစဉ်က သူသည် မိမိကိုယ်ကိုယ် အောင်နိုင်မည်ဟု အကြွင်းမဲ့ ယုံကြည်ခဲ့သဖြင့် ထိုလောင်းကြေးသည် သူ၏ ယုံကြည်မှုကို ပြသရုံသက်သက်သာ ဖြစ်ခဲ့သည်။
ယခုမူ
၎င်းမှာ သူ၏ လည်ပင်းပေါ်သို့ ကျရောက်လာတော့မည့် ဓားတစ်လက်ကဲ့သို့ ဖြစ်နေချေပြီ။
ယွမ်ကျဲသည် သူ၏ခန္ဓာကိုယ်ကို ဖြည်းညှင်းစွာ တွန်းတင်၍ မတ်တပ်ရပ်လိုက်သည်။ ဒဏ်ရာများကြောင့်မဟုတ်ဘဲ အရှက်ရမှုကြောင့် သူ၏ တစ်ကိုယ်လုံး တုန်ရီနေ၏။
"ကျွန်တော်... နားလည်ပါပြီ။ ပိုင်ကျီဟန် နဲ့ တွေ့တဲ့အခါ ကျွန်တော် လုပ်ဆောင်ပါ့မယ်"
သူက တောင့်တောင့်ကြီး ခေါင်းညိတ်ပြလိုက်သည်။
အပြင်ပန်းတွင် လိုက်လျောဟန်ပြနေ၏
သို့သော်လည်း အတွင်းစိတ်၌မူ
(ငါ့စကား ငါတည်ရမယ် ဟုတ်လား? ကောင်းပြီလေ)
(ဒီနေ့ပြီးတာနဲ့ ငါ တံခါးပိတ် ကျင့်ကြံခြင်းထဲ ဝင်ပစ်လိုက်မယ်။ လပိုင်း... မဟုတ်ဘူး၊ လိုအပ်ရင် နှစ်နဲ့ချီပြီး ပုန်းနေလိုက်မယ်။ လူတွေဆိုတာက မြန်မြန်မေ့တတ်ကြတာပဲ။)
သူ ပြန်ထွက်လာချိန်တွင် ဤကိစ္စသည် ဟောင်းနွမ်းနေသော ပုံပြင်တစ်ပုဒ်သာ ဖြစ်နေလိမ့်မည်။
ထိုအချိန်ကျလျှင် ဘယ်သူက ဂရုစိုက်နေဦးမည်နည်း?
ဟုတ်ပြီ
ဒါဟာ အကောင်းဆုံး ဖြေရှင်းနည်းပင်။
သူ၏ မျက်ဝန်းထဲတွင် လှည့်ဖြားလိုသော အရိပ်အယောင်များ ပြန်လည် မြင်ယောင်လာသည်။
သို့သော် သူ မလှုပ်ရှားနိုင်မီမှာပင်
တည်ငြိမ်ပြီး လှောင်ပြောင်ရိပ်သန်းနေသော အသံတစ်သံသည် ကွင်းပြင်ကို ဖြတ်သန်း၍ လွင့်ပျံလာသည်။
"စောင့်နေဖို့ မလိုပါဘူး။ အခုချက်ချင်းပဲ လုပ်လို့ရတယ်”
လူအုပ်ကြီး လှုပ်လှုပ်ရှားရှား ဖြစ်သွားကြ၏။
ပိုင်ကျီဟန် ရှေ့သို့ လှမ်းထွက်လာသည်။
သူ ပေါ်လာသည်နှင့် တစ်ပြိုင်နက် လေထု၏ အရှိန်အဝါမှာ သိသိသာသာ ပြောင်းလဲသွားတော့သည်။
"အခုပဲ လုပ်လို့ရတယ်..."
သူ၏ လေသံမှာ ညင်သာ၏
သို့သော်လည်း ရှောင်လွှဲ၍မရနိုင်သော အမိန့်အာဏာ တစ်ခုကဲ့သို့ပင်။
လင်းရွှမ် ခဏမျှ ကြောင်အသွား၏
ပြီးနောက် သူ၏ မျက်နှာတွင် ဖုံးဖိ၍မရသော စိတ်လှုပ်ရှားမှုများ လွှမ်းမိုးသွားသည်။
"သခင်လေး”
သူသည် ချက်ချင်းပင် သူ၏ဓားကို ဓားအိမ်ထဲသို့ ပြန်ထည့်လိုက်ပြီး အပြေးအလွှား ရောက်ရှိလာသည်။ လွန်ခဲ့သော ခဏက တည်ငြိမ်လှသော တိုက်ပွဲဝင် အရှိန်အဝါများကို လုံးဝ မေ့လျော့သွားပုံရသည်။
"သခင်လေး ဘယ်တုန်းက ရောက်တာလဲ?"
သူ့အသံတွင် စစ်မှန်သော ဝမ်းမြောက်မှုများ ပါဝင်နေသည်။ သူ၏ အောင်မြင်မှုများကို ပြသလိုသော တပည့်တစ်ဦးကဲ့သို့ပင်။
ပိုင်ကျီဟန်က ခပ်ပါးပါး ပြုံးလိုက်၏
"ငါ စောင့်ကြည့်နေတာ ကြာပါပြီ။ မင်း တော်တော်လေး သန်မာလာတာပဲ"
သခင်လေး၏ ချီးကျူးစကားကြောင့် လင်းရွှမ်မှာ စိတ်လှုပ်ရှားမှုနှင့်အတူ အနည်းငယ် ရှက်ရွံ့သွားရသည်။
သခင်လေး ကြည့်နေမှန်းသာ သိလျှင် ယွမ်ကျဲကို အစကတည်းက အခွင့်အရေး မပေးဘဲ ပွဲသိမ်းလိုက်မည်ဟု သူ တွေးနေမိသည်။
အချို့သော တပည့်များက လင်းရွှမ်ရရှိခဲ့သော အောင်မြင်မှုနှင့် ယှဉ်လျှင် ထိုချီးကျူးစကားမှာ နည်းပါးလွန်းသည်ဟု ထင်မြင်ကြေ၏
သို့သော်လည်း အခြားသူများကမူ ဤအခြေအနေ၏ လေးနက်မှုကို ကွဲပြားစွာ နားလည်နေကြလေသည်။
ပိုမိုမြင့်မားသော နယ်ပယ်ကို တက်လှမ်းထားပြီးဖြစ်သည့် ပိုင်ကျီဟန် အဖို့မူ ဓားရည်ရွယ်ချက်ကို နားလည်သဘောပေါက်ခြင်းဆိုသည်မှာ အလွန်အမင်း ထူးခြားဆန်းပြားသည့် အောင်မြင်မှုတစ်ခုဟု မထင်မှတ်မိပေ။
ပိုင်ကျီဟန်၏ အကြည့်သည် လင်းရွှမ်ထံ၌ ခဏမျှ ရပ်တန့်သွားကာ သူ၏ မျက်ဝန်းထဲတွင် ထင်ရှားလှသော အသိအမှတ်ပြုမှုများ ပါဝင်နေပြီး သူ၏ အကြည့်ကို လင်းရွှမ်၏ အကျော်သို့ ပို့လွှတ်လိုက်သည်။
ထို့နောက်... ယွမ်ကျဲထံတွင် အကြည့်တို့ ရပ်တန့်သွား၏။
တစ်ကွင်းလုံးတွင် မျှော်လင့်စောင့်စားမှုများဖြင့် ပြည့်နှက်သွားသည်။
အားလုံးက နားလည်ကြသည်။
လောင်းကြေး
ဤအချိန်သည် လောင်းကြေးကို အကောင်အထည်ဖော်ရမည့် အချိန်ပင်။
ရေတွက်၍မရနိုင်သော အကြည့်များအောက်တွင် ယွမ်ကျဲ၏ ခန္ဓာကိုယ်မှာ တောင့်တင်းသွားသည်။
သူ၏ နားထင်၌ ချွေးစေးများ စီးကျလာ၏။
သူ၏ မာနတရားတို့ကမူ အပြင်းအထန် ငြင်းဆန်အော်ဟစ်နေကြသည်။
(သူ ဘာလို့ ဒီကို ရောက်နေရတာလဲ?)
သူ လုံးဝ မလုပ်ချင်ပေ။ ဤမျှလောက် များပြားလှသော လူအုပ်ကြီးရှေ့တွင် သူသာ ဒူးထောက်လိုက်ပါက သူ၏ ဂုဏ်သိက္ခာနှင့် ကျော်ကြားမှုအားလုံး အဖတ်ဆယ်မရအောင် ပျက်စီးသွားလိမ့်မည် မဟုတ်ပါလော
စက္ကန့်အနည်းငယ် ကုန်ဆုံးသွားသည်။
ထို့နောက် မိနစ်အနည်းငယ်...။
တိတ်ဆိတ်မှုက စိတ်မသက်မသာ ဖြစ်ဖွယ်ကောင်းလောက်အောင် ကြာမြင့်လာသည်။
လူအုပ်ကြီးထဲမှ တိုးတိုးတိတ်တိတ် ပြောသံများ ထွက်ပေါ်လာ၏။
"သူ ဘာကို စောင့်နေတာလဲ?"
"သူ ကိုယ်တိုင် လုပ်မယ်လို့ ပြောထားတာလေ။"
"လောင်းကြေးဆိုတာ လောင်းကြေးပဲ။"
"မင်း စကား မင်း တည်စမ်း”
ထိုစဉ် အသံတစ်သံက ဟိန်းထွက်လာသည်။
"လုပ်လိုက်စမ်း”
နောက်ထပ် အသံတစ်သံကလည်း လိုက်ပါလာ၏။
"လုပ်လိုက်”
မကြာမီမှာပင် ထိုဟစ်ကြွေးသံသည် ကွင်းပြင်တစ်ခုလုံး ပဲ့တင်ထပ်သွားပြီး လှိုင်းလုံးကြီးတစ်ခုကဲ့သို့ အရှိန်အဟုန် ပြင်းထန်လာတော့သည်။
"လုပ်လိုက်”
"ဒူးထောက်လိုက်”
"မင်းစကား မင်းတည်”
ယွမ်ကျဲ၏ မျက်နှာပေါ်တွင် ဖိအားများကို သိသိသာသာ မြင်တွေ့နေရသည်။
သူ၏ လက်သီးများကို တင်းတင်းဆုပ်ထားလွန်းသဖြင့် လက်ဆစ်များမှာ ဖြူဖျော့နေ၏။
သူ၏ ရှေ့တွင်မူ ပိုင်ကျီဟန်က တည်ငြိမ်စွာဖြင့် လက်နှစ်ဖက်ကို နောက်ပစ်ကာ ရပ်နေသည်။
အချိန်တို့သည် သည်းမခံနိုင်စရာကောင်းလောက်အောင် ဆွဲဆန့်ထားသကဲ့သို့ပင်။
ဟစ်ကြွေးသံများက ဆက်လက် ထွက်ပေါ်နေဆဲသာ
"လုပ်လိုက်”
"ဦးညွှတ်စမ်း”
"ကတိအတိုင်း လုပ်”
ယွမ်ကျဲ၏ အသက်ရှူသံများမှာ မမှန်တော့ပေ။
သူ၏ မာန
သူ၏ အဆင့်အတန်း
သူ၏ မျက်နှာ
ထိုအရာအားလုံးသည် ပြိုလဲလုနီးပါး တုန်ရီနေချေပြီ။
တစ်ခုလုံးသော ကောင်းကင်ဓားဂိုဏ်း ရှေ့မှောက်တွင်
သူ၌ ထွက်ပြေးစရာ လမ်းမရှိတော့ပေ။
ယွမ်ကျဲသည် တံတွေးကို ခက်ခဲစွာ မျိုချလိုက်ရသည်။
သူ၏ လည်ချောင်းတစ်ခုလုံး ခြောက်သွေ့နေတော့သည်။
ပတ်ဝန်းကျင် အရပ်မျက်နှာအနှံ့မှ ဟစ်ကြွေးသံများက သူ့ကို အလုံးအရင်းနှင့် ဖိအားပေးနေသည်။
ယွမ်ကျဲ၏ အကြည့်တို့သည် ပိုင်ကျီဟန် ထံသို့ ဝေဝေဝါးဝါး ရောက်ရှိသွား၏။
ဖြစ်နိုင်လျှင်... ဤအခြေအနေကို ကုစားရန် နည်းလမ်းတစ်ခုခု ရှိကောင်းရှိနိုင်သေးသည်။
သူသည် မချိပြုံးတစ်ခုကို အတင်းအကျပ် လုပ်ယူလိုက်ပြီး ပါးစပ်ထောင့်မှ သွေးစများကို သုတ်လိုက်သည်။
"သခင်လေးပိုင်..."ယွမ်ကျဲက စတင်ပြောဆိုလိုက်သည်။ သူ၏ အသံမှာ အက်ရှနေသော်လည်း တည်ငြိမ်အောင် အစွမ်းကုန် ထိန်းထားပုံရသည်။"ခုနက ကိစ္စက... တပည့်အချင်းချင်း ကြားမှာ ခဏတာ စိတ်လိုက်မာန်ပါ ပြောဆိုမိကြတာပါ။ ကျွန်တော်တို့အားလုံးက ဂိုဏ်းတူ ညီအစ်ကိုတွေပဲ မလား။ ဒီကိစ္စကို ဒီလောက်အထိ ကြီးကျယ်အောင် လုပ်ဖို့ မလိုပါဘူး"
ခေတ္တမျှ တိတ်ဆိတ်သွားသည်။
"သခင်လေးသာ သဘောတူမယ်ဆိုရင် ဒီစော်ကားမှုအတွက် ကျွန်တော် တန်ဖိုးရှိတာတွေနဲ့ အစားထိုးပေးပါ့မယ်။ ရွှေတွေ၊ ဆေးလုံးတွေ ဒါမှမဟုတ် ရှားပါး ရတနာတွေ..."
သူက ဆက်လက်၍ အားတင်းပြောဆိုလိုက်သည်။
"ကျွန်တော် ပြီးခဲ့တဲ့ အထူးတာဝန်ကနေ အခုမှ ပြန်လာတာပါ။ အဲဒီမှာ နှစ်တစ်ထောင် မြူနှင်းပုံဆောင်ခဲတစ်ခု ရခဲ့ပါတယ်။ အဲဒါကို အနူးအညွတ် တောင်းပန်တဲ့အနေနဲ့ ကျွန်တော် ပေးပါရစေ"
လူအုပ်ကြီးကြားတွင် တိုးတိုးတိတ်တိတ် ရေရွတ်သံများ ထွက်ပေါ်လာသည်။
နှစ်တစ်ထောင် မြူနှင်းပုံဆောင်ခဲဆိုသည်မှာ သာမန်ရတနာတစ်ခု မဟုတ်ပေ။
အဆင့် (၆) ဆေးဖော်ကျွမ်းကျင်သူ တစ်ဦး၏ အကူအညီဖြင့် အဆင့် (၆) ဆေးလုံးအဖြစ် ပြုပြင်ဖန်တီးနိုင်သည့် အဆင့် (၅) ရတနာတစ်မျိုး ဖြစ်သည်။
သို့သော် ပိုင်ကျီဟန်ကမူ မည်သည့် တုံ့ပြန်မှုမျှ မရှိပေ။
သူသည် ထိုအရာကို မက်မောဟန်မရှိပေ
အနည်းငယ်မျှပင် စိတ်ဝင်စားပုံမရချေ။
ယင်းအစား သူက ခေါင်းကို အနည်းငယ် စောင်းလိုက်၏
"ပြောလို့ ပြီးပြီလား?"
ရိုးရှင်းသော စကားလုံး နှစ်လုံးထဲသာ
ယွမ်ကျဲ၏ နှလုံးသားမှာ ဒိန်းခနဲ တုန်သွားသည်။
ပိုင်ကျီဟန် အကြည့်သည် တည်ငြိမ်လွန်းလှသော်လည်း လျစ်လျူရှုမှုများဖြင့် ပြည့်နှက်နေ၏။
"ဘယ်အချိန်ကျရင်..."ပိုင်ကျီဟန်က ညင်သာစွာ မေးလိုက်သည်။"မင်း စတင်မှာလဲ?"
ဒေါသလည်းမပါ၊ သရော်ခြင်းလည်းမရှိပေ။
ရိုးရှင်းလှသော မေးခွန်းတစ်ခုသာ။
အရေးမပါသော ကိစ္စတစ်ခုကို ဆွေးနွေးနေသကဲ့သို့ပင်။
ယွမ်ကျဲ၏ လက်ချောင်းများ တုန်ရီနေသည်။
ပိုင်ကျီဟန် နှင့် ညှိနှိုင်းမည်ဟု သူ ကြံစည်ခဲ့မိသလော။
မဖြစ်နိုင်တာ
တခြားသူသာဆိုလျှင် စည်းစိမ်ဥစ္စာက အလုပ်ဖြစ်နိုင်၏ သို့မဟုတ် အရင်းအမြစ်များ
အခွင့်အရေးများဖြင့် အလုပ်ဖြစ်ကောင်းဖြစ်
နိုင်သည်။
သို့သော် ဤသူကား ပိုင်ကျီဟန် ဖြစ်သည်။
ကောင်းကင်အင်ပါယာရှိ ကျင့်ကြံသူများထဲတွင် အချမ်းသာဆုံးဟု ကောလာဟလထွက်နေသောသူ။
သူ၏ တစ်ကိုယ်ရေကြွယ်ဝမှုသည် ဂိုဏ်းပေါင်းများစွာနှင့် မျိုးနွယ်စုခေါင်းဆောင်များ၏ ပိုင်ဆိုင်မှုထက်ပင် သာလွန်နေသေးသည်။
သူ့အနေဖြင့် ဘာကိုများ ကမ်းလှမ်းနိုင်ပါမည်နည်း။
ရတနာများလော?
အဆက်အသွယ်များလော?
ပိုင်ကျီဟန်တွင် အရာအားလုံး ရှိပြီးသားဖြစ်သည်။
အဆိုးဆုံးအချက်မှာ
ပိုင်ကျီဟန်သည် ဤကိစ္စကို အဆုံးအထိ ကြည့်ရန် ဆုံးဖြတ်ထားပုံရခြင်းပင်။
ယွမ်ကျဲ နားလည်သွားပြီဖြစ်သည်။ အချိန်ဆွဲနေခြင်းက အခြေအနေကို ပို၍သာ ရုပ်ဆိုးစေလိမ့်မည်။
သူ ငြင်းဆန်နေလေလေ၊ ပို၍ သနားစဖွယ် ဖြစ်လာလေလေပင်။
ဟစ်ကြွေးသံများက မရပ်တန့်သေးပေ
"ဦးညွှတ်စမ်း" "လုပ်လိုက်”
“မင်းစကား မင်းတည်”
သူ၏ မေးရိုးများ တင်းမာနေသည်။
သွားများကို ကြိတ်ထားမိ၏။
သူ၏ မာနတရားတို့က အော်ဟစ်နေ၏
သို့သော်လည်း ထောင်ပေါင်းများစွာသော အကြည့်တို့၏ ဖိအားအောက်တွင်
သူ လှုပ်ရှားလိုက်ရတော့သည်။
ဖြည်းညှင်းစွာ
တောင့်တောင့်ကြီး
ယွမ်ကျဲ ရှေ့သို့ လှမ်းထွက်လိုက်သည်။
ထို့နောက်
သူ၏ ဒူးနှစ်ဖက် ကွေးညွတ်သွား၏။
တိတ်ဆိတ်နေသော လေထုထဲတွင် အဝတ်စနှင့် ကျောက်သားစင်မြင့် ပွတ်တိုက်သံမှာ မိုးကြိုးပစ်သံကဲ့သို့ပင် ကျယ်လောင်နေတော့သည်။
သူသည် ပိုင်ကျီဟန်၏ ရှေ့မှောက်တွင် ဒူးထောက်ချလိုက်ပြီဖြစ်သည်။
သူ၏ ခေါင်းကို ငုံ့ထားပြီး လက်သီးများကို စင်မြင့်ပေါ်တွင် တင်းတင်းဆုပ်ထားလွန်းသဖြင့် လက်ဖဝါးများမှ သွေးစိမ်းများပင် ပြန်လည် ထွက်ပေါ်လာသည်။
"ကျွန်တော် မှားသွားပါတယ်။"
ထိုစကားလုံးများသည် ကွဲအက်နေသော ဖန်စများကဲ့သို့ သူ၏လည်ချောင်းထဲမှ ခက်ခဲစွာ ထွက်ပေါ်လာသည်။
"ကျွန်တော် မောက်မာစွာ ပြောဆိုမိပြီး သခင်လေးပိုင်ကို မရိုမသေ ပြုမိခဲ့ပါတယ်။"
သူ၏ ပခုံးများ တုန်ရီနေသည်။
"ကျွန်တော် တောင်းပန်ပါတယ်”
ကွင်းပြင်တစ်ခုလုံး တိတ်ဆိတ်သွားသည်။
လေပြည်ပင် ရပ်တန့်သွားသယောင်ရှိ၏။
ဝိညာဉ်ဖွဲ့စည်းခြင်းနယ်ပယ်ကျင့်ကြံသူတစ်ဦး
အမာခံတပည့်တစ်ဦး
ဂိုဏ်းချုပ်အသစ်၏ သားဖြစ်သူ ဟန်ရှန်းဝူ ၏ လက်ပါးစေအဖြစ် အရှိန်အဝါ ပြနေခဲ့သူတစ်ဦး
ဤကဲ့သို့ လူအများရှေ့တွင် ဒူးထောက်လိုက်ရခြင်းမှာ
ဘယ်သောအခါမှ မေ့ပျောက်နိုင်စရာ မရှိတော့သော မြင်ကွင်းတစ်ခုပင် ဖြစ်တော့သည်။