အခန်း (၆၆၅-၆၆၆)
Vol. 55 Ch. 665-666
အခန်း ၆၆၅ ကုအန်နှင့် အမတအရှင် (အပိုင်း ၂)
"ဒါက ဘယ်နေရာလဲ"
"ငါတို့ကို အဲဒီကောင်က ချိတ်ပိတ်ထားတာ ဖြစ်ရမယ်... သူက ငါတို့ကို တစ်ခုခု ပြချင်နေပုံပဲ"
"သူတို့ စကားပြောနေတာကို သေချာ နားထောင်ကြည့်... အမတအရှင် ရောက်လာတော့မှာလား"
"ဒီကောင်က တော်တော်ကို မောက်မာတာပဲ... သူက အစွမ်းထက်တာ မှန်ပေမဲ့ အမတအရှင်ကိုတောင် စိန်ခေါ်ရဲတယ်ပေါ့"
"အစ်ကိုကြီး... ငါတို့ ဘာလုပ်ကြမလဲ... ဒီအတိုင်း ထိုင်ပြီး သေရက်ကို စောင့်နေလို့တော့ မဖြစ်ဘူးလေ"
ရွှေဂူ အမတ ၇၂ ပါးမှာ ဂနာမငြိမ် ဖြစ်နေကြပြီး ကုအန်ကို ကျိန်ဆဲရင်း နောက်ဆုံးတွင် ခရမ်းရောင်နဂါး ကြယ်တာရာအရှင် ထံသို့ သူတို့၏ အကြည့်များကို လှည့်လိုက်ကြသည်။
ခရမ်းရောင်နဂါး ကြယ်တာရာအရှင်၏ မျက်နှာကမူ ခံစားချက် ကင်းမဲ့နေ၏။ အစောပိုင်းက သစ်သားပြားများထဲသို့ ချိတ်ပိတ်ခံရစဉ်တွင် သူတို့အားလုံး သတိလစ်သွားခဲ့ကြသဖြင့် ယခုမှပင် အဖမ်းခံရသကဲ့သို့ ခံစားနေကြရခြင်း ဖြစ်သည်။
သို့သော်လည်း ကောင်းကင်ဝိညာဉ် မဟာကမ္ဘာတွင် အချိန်အတိုင်းအတာ တစ်ခုအထိ ကုန်လွန်သွားနိုင်ပြီ ဖြစ်ကြောင်း ခရမ်းရောင်နဂါး ကြယ်တာရာအရှင်က ထက်မြက်စွာဖြင့် အာရုံခံမိလိုက်၏။
အကယ်၍ ထိုသို့သာ ဆိုပါက ဤအချိန်အတွင်း ကုအန်က သူတို့ကို ဘာတွေ လုပ်ခဲ့သနည်း။
သူတို့ကို ဖမ်းဆီးခဲ့သည့် ကုအန်၏ နည်းလမ်းများကို တွေးမိသောအခါ ခရမ်းရောင်နဂါး ကြယ်တာရာအရှင် အနေဖြင့် စကားပြော၍ အားလုံးကို နှစ်သိမ့်ပေးရန် ခက်ခဲနေခဲ့သည်။ ကုအန်တွင် အမတအရှင် တစ်ပါးနှင့် ယှဉ်ပြိုင်နိုင်စွမ်း အမှန်တကယ်ပင် ရှိနေနိုင်သည်ဟု သူ ခံစားမိ၏။
သူက တစ်ဦးတည်းသော ထိုက်ချင်း ရွှေအမတ ဖြစ်သကဲ့သို့ ထိုက်ချင်း ရွှေအမတအဆင့်၏ အထွတ်အထိပ်သို့ ရောက်ရှိထားသူလည်း ဖြစ်ရာ သူ၏ အမြင်က ပိုမို ထွင်းဖောက် မြင်နိုင်စွမ်း ရှိသည်။ သူ၏ အမြင်တွင် ကုအန်က တာလော့အဆင့် တည်ရှိမှု တစ်ခု ဖြစ်ကြောင်း သေချာနေ၏။
ကောင်းကင်နန်းတော်တွင် မပါဝင်သော ထိုသို့သော တည်ရှိမှုမျိုးက သူ့ကို အမှန်တကယ်ပင် မသက်မသာ ဖြစ်စေသည်။
သို့သော်လည်း ယခုအချိန်တွင် ခရမ်းရောင်နဂါး ကြယ်တာရာအရှင် အနေဖြင့် တိတ်ဆိတ်စွာ စောင့်ဆိုင်းနေရန်မှလွဲ၍ အခြား လုပ်နိုင်သည်မျိုး ဘာမှ မရှိတော့ချေ။
တကယ်တမ်းတွင်မူ ကုအန်က အန်ရှင်းနှင့် ဆက်လက် စကားပြောနေခဲ့သည်။ သူက ရွှေဂူ အမတ ၇၂ ပါး၏ အလိုဆန္ဒများကို သူ၏ ကိုယ်ပိုင် တာအိုသီး စကြဝဠာထဲသို့ တမင်သက်သက် ရောက်ရှိသွားစေပြီး တိုက်ပွဲကို ခိုးကြည့်ခွင့် ပေးထားခဲ့၏။
ဤသို့ လုပ်ဆောင်ရခြင်း အကြောင်းရင်းမှာ ကုအန်က ရွှေဂူ အမတ ၇၂ ပါးကို ထွက်ခွာခွင့် ပေးရန် ရည်ရွယ်ချက် မရှိသောကြောင့် ဖြစ်သည်။
အမတနတ်ဘုရားများကို သတ်ဖြတ်၍ မရနိုင်သော်လည်း ချိတ်ပိတ်ထား၍ကား ရနိုင်ပေသည်။ နောက်ဆုံးတွင် ကောင်းကင်နန်းတော်မှ သူတို့ကို ရှာတွေ့သွားမည် ဆိုလျှင်တောင် အနည်းဆုံးတော့ ကုအန်အတွက် အချိန်တစ်ခု ရရှိသွားမည် ဖြစ်၏။
ကောင်းကင်နန်းတော်အတွက်မူ နှစ်သန်းပေါင်း ထောင်ချီ ဆိုသည်မှာ မျက်တောင်တစ်ခတ်စာမျှသာ ဖြစ်ပေလိမ့်မည်။ ကောင်းကင်ဝိညာဉ် မဟာကမ္ဘာကို အမြန်ဆုံး ဖျက်ဆီးပစ်ရန် ကောင်းကင်စိတ်ဝိညာဉ် နတ်ဘုရားအား ကောင်းကင်နန်းတော်မှ အလျင်စလို အမိန့်မပေးခြင်းကို ကြည့်ခြင်းအားဖြင့် သူတို့၏ အချိန်နှင့် ပတ်သက်သော ခံယူချက်က သေမျိုးများထက် များစွာ သာလွန်နေကြောင်း ထင်ရှားနေ၏။
ထိုကြောင့် ပြဿနာ လာရှာသည့် မည်သည့် အမတနတ်ဘုရားကိုမဆို ချိတ်ပိတ်ပစ်ရန် သူ စီစဉ်ထားသည်။
အကယ်၍ သူတို့ကို တိုက်ရိုက် လွှတ်ပေးလိုက်မည် ဆိုပါက ၎င်းက ကြီးမားသော ပြဿနာများကို သေချာပေါက် ဆောင်ကြဉ်းလာပေလိမ့်မည်။
အချိန်များက တစ်စက္ကန့်ပြီး တစ်စက္ကန့် ကုန်လွန်သွား၏။
ကမ္ဘာဂိတ်တံခါးကြီး တုန်ခါသွားသည့် အချိန်ကျမှသာ ကုအန်နှင့် အန်ရှင်းတို့ စကားပြော ရပ်လိုက်ကြသည်။ အန်ရှင်းက ကမ္ဘာဂိတ်တံခါးဘက်သို့ လှည့်ကြည့်လိုက်ရာ ပြင်းထန်သော အလင်းတန်းများ ပေါက်ကွဲထွက်လာပြီး အတွင်းဘက်သို့ စုဆုံသွားသည်ကို တွေ့လိုက်ရ၏။
ဤသည်က ကောင်းကင်တာအို၏ အလင်းရောင် ဖြစ်ပြီး ကောင်းကင်ဝိညာဉ် မဟာကမ္ဘာ၏ မျက်နှာပြင်ကို ဖုံးလွှမ်းထားသည်။
ကောင်းကင်တာအို၏ ပြင်းထန်သော အလင်းရောင်ကို အနီးကပ် ခံစားလိုက်ရချိန်တွင် အန်ရှင်းက ကောင်းကင်နန်းတော်၏ စွမ်းအားနှင့် ခန့်မှန်းရခက်သော နက်နဲမှုများကို အာရုံခံမိလိုက်၏။
မည်သို့သော အစွမ်းထက်သည့် စွမ်းအားမျိုးက ဤမျှ ကြီးမားသော စည်းမျဉ်းစည်းကမ်း စွမ်းအားမျိုးကို ဖန်တီးနိုင်ခဲ့သနည်း။
ကမ္ဘာဂိတ်တံခါး အပြည့်အဝ ပွင့်လာသည်နှင့် တစ်ပြိုင်နက် ၎င်း၏ အတွင်းမှ အဆုံးမဲ့ ကျယ်ပြန့်သော ချီစွမ်းအင်များ ဒလဟော စီးဆင်းလာပြီး ခမ်းနားထည်ဝါသော ကောင်းကင်မြူခိုးများ အဖြစ် ပြောင်းလဲကာ ပြန့်နှံ့သွားရာ မြင်တွေ့ရသူတိုင်းကို ကြောက်ရွံ့ ရိုသေသွားစေ၏။
တာအိုသီး စကြဝဠာ အတွင်း၌မူ ရွှေဂူ အမတ ၇၂ ပါးမှာ စိတ်လှုပ်ရှားလာကြသည်။
"အမတအရှင် ရောက်လာပြီ... သူ ငါတို့ကို ကယ်ဖို့ ရောက်လာပြီ" နတ်မိမယ် တစ်ပါးက စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်ရာ သူမ၏ မျက်နှာတွင် ကြည်ညိုလေးစားမှုများ ပြည့်နှက်နေ၏။
အခြား ရွှေဂူ အမတများလည်း အံ့သြဝမ်းသာ ဖြစ်သွားကြသည်။ ကုအန်နှင့် အန်ရှင်းတို့ထံမှ ထိုက်ရီ အမတအရှင် ရောက်လာမည်ဟု ကြားသိခဲ့ရသော်လည်း ထိုက်ရီ အမတအရှင်၏ ချီစွမ်းအင်များ အမှန်တကယ် ထွက်ပေါ်လာသည်ကို မြင်တွေ့လိုက်ရသောအခါ သူတို့၏ စိတ်နှလုံးများ ပြင်းပြင်းထန်ထန် လှုပ်ရှားသွားပြီး အဆုံးစွန်ထိ ကိုယ်ကျိုးစွန့် အနစ်နာခံလိုသည့် စိတ်ဓာတ်များပင် ဖြစ်ပေါ်လာကြသည်။
အခြားတစ်ဘက်တွင်မူ ကမ္ဘာဂိတ်တံခါး အောက်ရှိ ပြင်းထန်သော အလင်းရောင်ထဲမှ လူရိပ်တစ်ခုက တဖြည်းဖြည်း ထွက်ပေါ်လာသည်။ ခေတ်အဆက်ဆက်၏ အဆုံးသတ်မှ လမ်းလျှောက်လာသကဲ့သို့၊ သို့မဟုတ် အရာအားလုံး၏ မူလအစမှ ထွက်ပေါ်လာသကဲ့သို့ ဖြစ်နေပြီး ဖော်ပြ၍ မရနိုင်လောက်အောင် မြင့်မြတ်သော ချီစွမ်းအင် အငွေ့အသက်များက အန်ရှင်း၏ မျက်လုံးများကို ရိုက်ခတ်သွား၏။
အန်ရှင်း၏ မျက်လုံးများက တစ်မုဟုတ်ချင်းပင် အမတဧကရာဇ် မျက်လုံးအဖြစ်သို့ ပြောင်းလဲသွားပြီး မျက်လုံးအိမ် တစ်ဝိုက်တွင် ခရမ်းရောင် တာအို သင်္ကေတများ ထွက်ပေါ်လာကာ သူမ၏ မျက်လုံးသူငယ်အိမ်များထဲတွင် ထိုက်ရီ အမတအရှင်၏ ပုံရိပ်က ထင်ဟပ်သွားသည်။
စောင့်ဆိုင်းနေစဉ် အတွင်း အန်ရှင်းက ထိုက်ရီ အမတအရှင် မည်သို့ ပုံစံရှိမည်ကို စိတ်ကူးယဉ်နေခဲ့သော်လည်း တကယ်တမ်း မြင်တွေ့လိုက်ရသောအခါ သူမကိုယ်သူမ အလွန်အမင်း သိမ်ငယ်သွားသကဲ့သို့ မခံစားဘဲ မနေနိုင်အောင် ဖြစ်သွား၏။
ဤသည်က အသက်ဇီဝ သဘာဝ၏ အခြေခံကျသော ကွာခြားချက် ဖြစ်သည်။ ကျင့်ကြံခြင်းအဆင့်၊ ဝိညာဉ်၊ သို့မဟုတ် သိမြင်နားလည်နိုင်စွမ်း မည်သည့်အရာပင် ဖြစ်ပါစေ အန်ရှင်းက သူမကိုယ်သူမ တစ်ဘက်လူထက် နိမ့်ကျနေသည်ဟု အလိုလို ခံစားလိုက်ရသည်။
"ကောင်းကင်ကို ဆန့်ကျင်တဲ့သူ... ငါ လာမယ့်အချိန်ကို ဒီနေရာကနေ စောင့်နေရဲတယ်ပေါ့... မင်း ဘာနဲ့ ရင်ဆိုင်ရတော့မယ် ဆိုတာကိုရော သိရဲ့လား..."
ထိုက်ရီ အမတအရှင်၏ အသံက ကမ္ဘာဂိတ်တံခါး အတွင်းမှ ထွက်ပေါ်လာပြီး စကြဝဠာ ကြယ်တာရာ ကောင်းကင်ယံ တစ်ခွင် ပဲ့တင်ထပ်သွား၏။ တစ်မုဟုတ်ချင်းပင် ကမ္ဘာဂိတ်တံခါးကို ဗဟိုပြု၍ အရပ်မျက်နှာ အားလုံးရှိ လေဟာနယ်က ရောင်စုံ အလင်းတန်းများအဖြစ် ပေါက်ကွဲထွက်သွားပြီး ဤစကြဝဠာ အစိတ်အပိုင်းကို ထူးဆန်း အံ့ဩဖွယ်ရာကောင်းကာ ညှို့ငင်ဖမ်းစားနိုင်စွမ်း ရှိပြီး လျှို့ဝှက်ဆန်းကြယ်သော နေရာတစ်ခု အဖြစ် ပြောင်းလဲသွားစေသည်။
ထိုက်ရီ အမတအရှင်၏ စကားကို ကြားလိုက်ရသောအခါ အန်ရှင်းမှာ ဒူးထောက်၍ ခေါင်းငုံ့ချင်စိတ်ပင် ပေါ်လာ၏။
ထိုက်ရီ အမတအရှင်၏ တာအို ကျင့်ကြံမှုက မည်မျှ နက်ရှိုင်းမည်ကို မခန့်မှန်းနိုင်သဖြင့် သူမ၏ စိတ်နှလုံးများ တုန်လှုပ်သွားသည်။
ကုအန်က ရှေ့သို့ တစ်လှမ်း တိုးလိုက်သောအခါ အန်ရှင်း၏ ပြင်းထန်သော မသက်မသာ ဖြစ်မှုများ ရုတ်ခြည်း ပျောက်ကွယ်သွားပြီး ကုအန်ထံသို့ သူမ အလိုအလျောက် လှည့်ကြည့်လိုက်မိ၏။ သူမ၏ အမြင်တွင် ကုအန်၏ ပုံရိပ်က ရုတ်တရက် ကြီးမားလာပြီး ကမ္ဘာဂိတ်တံခါး အတွင်း၌ ရှိနေဆဲ ဖြစ်သော ထိုက်ရီ အမတအရှင်နှင့်ပင် နှိုင်းယှဉ်နိုင်လာသည်။
တာအိုသီးစကြဝဠာ အတွင်း၌လည်း ရွှေဂူ အမတ ၇၂ ပါးက သူတို့၏ အကြည့်များကို ကုအန်၏ ပုံရိပ်ပေါ်သို့ စူးစိုက်ထားကြ၏။ သူတို့၏ အမြင်တွင် သူတို့ထံသို့ ချဉ်းကပ်လာနေသော ထိုက်ရီ အမတအရှင်၏ အရိပ်အယောင်က ကုအန်၏ ပုံရိပ်နှင့် ထပ်တူကျသွားသကဲ့သို့ ဖြစ်နေသည်။ ကုအန်ကို သူတို့ မုန်းတီးသော်လည်း ဤရှုထောင့်မှ ကြည့်လျှင် ကုအန်၏ တည်ရှိမှုက ထိုက်ရီ အမတအရှင် ကဲ့သို့ပင် ခမ်းနားထည်ဝါကြောင်း သူတို့ ဝန်ခံရပေလိမ့်မည်။
"သက်ရှိအားလုံးကို လှည့်စားတာကလည်း ကောင်းကင်တာအိုကို ချိုးဖောက်တာပဲ မဟုတ်ဘူးလား"
ကုအန်၏ အသံ ထွက်ပေါ်လာပြီး သူ၏ လေသံက တည်ငြိမ်နေ၏။
ထိုက်ရီ အမတအရှင်က ဂိတ်တံခါးထံသို့ ဆက်လက် ချဉ်းကပ်လာသည်။ သူ၏ လမ်းလျှောက်နှုန်းက မြန်လည်း မမြန်၊ နှေးလည်း မနှေးသော်လည်း ခြေတစ်လှမ်း လှမ်းလိုက်တိုင်း တားဆီး၍ မရနိုင်သော လွှမ်းမိုးမှုများကို ပြသနေ၏။
နောက်ဆုံးတွင် ကမ္ဘာဂိတ်တံခါး၏ အစွန်း၌ ရပ်လိုက်သောအခါ သူက ကောင်းကင်တာအို၏ တောက်ပသော အလင်းရောင်ထဲတွင် ရှိနေဆဲ ဖြစ်သည်။ နောက်ထပ် ခြေတစ်လှမ်း လှမ်းလိုက်ရုံဖြင့် သူ၏ အစစ်အမှန် ပုံစံကို ထုတ်ဖော်ပြသနိုင်ပြီ ဖြစ်ကြောင်းကို အန်ရှင်းပင် ခံစားမိ၏။
ထိုက်ရီ အမတအရှင်၏ နောက်ကျောတွင် ပန်းချီကားလိပ် တစ်ခုကဲ့သို့ အရာတစ်ခု လွင့်မျောနေသည်ကို အန်ရှင်း မြင်လိုက်ရ၏။ ၎င်းက မြစ်တစ်စင်းကဲ့သို့ လှိုင်းထနေပြီး သူ၏ နဖူးပေါ်တွင် ရွှေရောင် သင်္ကေတ တစ်ခု ရှိနေ၏။ ရှင်းလင်းသော မျက်နှာ အသွင်အပြင်များ မရှိသော်လည်း ဤရွှေရောင် သင်္ကေတက ဒေါင်လိုက် မျက်လုံးတစ်လုံးကဲ့သို့ ဖြစ်နေကာ သူ့ကို ပို၍ မြင့်မြတ်ပြီး ခမ်းနားထည်ဝါကာ ကျူးလွန်စော်ကား၍ မရနိုင်သော ပုံပေါက်သွားစေသည်။
"မင်းက ကောင်းကင်တာအို အကြောင်းကို ပြောရဲတယ်ပေါ့... ကောင်းကင်သားတော်ကို မင်း ဘာတွေ ကြံစည်နေတာလဲ..."
ထိုက်ရီ အမတအရှင်၏ အသံက ထပ်မံ ထွက်ပေါ်လာပြီး ဤတစ်ကြိမ်တွင်မူ ပို၍ အာဏာပါကာ မိုးခြိမ်းသံကဲ့သို့ နားကွဲမတတ် ကျယ်လောင်လှ၏။
ကုအန်က ပြန်လည် တုံ့ပြန်လိုက်သည်။ "ကောင်းကင်သားတော်ဆိုတာ ဘယ်သူလဲ... သူက ဘာကို ကိုယ်စားပြုလဲ ဆိုတာကို ငါ မသိဘူး... ငါ သိတာက မင်း ငါ့တပည့်ကို ဖမ်းချင်နေတယ် ဆိုတာပဲ... အခု အခြေအနေနဲ့ ပတ်သက်ပြီးတော့ကော အမတအရှင် တစ်ပါး အနေနဲ့ ဘယ်လို ဖြေရှင်းသင့်တယ်လို့ ထင်လဲ"
ထိုက်ရီ အမတအရှင် တိတ်ဆိတ်သွား၏။ ကုအန်က ထျန်ဟောင်၏ နောက်ခံကို မသိထားကြောင်း သူ မျှော်လင့်မထားခဲ့ပုံရသည်။
သို့သော်လည်း ၎င်းက အရေးမကြီးတော့ပေ။ အဘယ်ကြောင့်ဆိုသော် ကုအန်က သူ၏ ကြီးမားသော အစီအစဉ်များကို နှောင့်ယှက်ခဲ့ပြီး သူ၏ လက်အောက်ငယ်သားများကိုလည်း ဖမ်းဆီးထားသောကြောင့်ပင်။
"ရွှေဂူ အမတ ၇၂ ပါးကို လွှတ်ပေးပြီး ကောင်းကင်သားတော်ကို အပ်လိုက်ပါ... ဒါဆို ဒီကိစ္စကို ပြီးသွားပြီလို့ သတ်မှတ်လိုက်မယ်... ပြီးရင် မင်း ဒီကမ္ဘာထဲမှာ ဆက်ပုန်းပြီး ကျင့်ကြံနေလို့ ရပြီ... ငါ မင်းနဲ့ တစ်ခါမှ မတွေ့ခဲ့ဖူးသလို သဘောထားပေးမယ်..."
ထိုက်ရီ အမတအရှင်က ပြောလိုက်၏။ ကုအန်က ကောင်းကင်ဝိညာဉ် မဟာကမ္ဘာတွင် ပုန်းအောင်းနေသော ကောင်းကင်ဖွင့် တာလော့အမတ တစ်ပါး ဖြစ်ပြီး သက်ရှိအားလုံး စိတ်ကူးမယဉ်နိုင်သော အကျိုးဆက်များကို ထမ်းပိုးထားရသူ ဖြစ်ကြောင်း သူ အခိုင်အမာ ယုံကြည်ထားသည်။
ကုအန် အနေဖြင့် ကောင်းကင်နန်းတော်ကို သေချာပေါက် ရင်ဆိုင်ရဲမည် မဟုတ်ပေ။
ကောင်းကင်တာအို၏ ပြင်းထန်သော အလင်းရောင်ဖြင့် ပိုင်းခြားထားသဖြင့် ကုအန်က ထိုက်ရီ အမတအရှင် အပေါ် သက်တမ်း ရှာဖွေခြင်း စွမ်းရည်ကို အသုံးမပြုနိုင်သော်လည်း ထိုက်ရီ အမတအရှင်က ကောင်းကင်ဖွင့် တာလော့အမတ ကျင့်ကြံခြင်းအဆင့်မျှသာ ရှိကြောင်းကို သူ အာရုံခံမိနိုင်သည်။
ထိုသို့သော ကျင့်ကြံခြင်းအဆင့်မျိုးကို ကြောက်စရာ မလိုချေ။
"မင်း တစ်ခုပဲ ရွေးလို့ ရမယ်... မင်းပြောတဲ့ ကောင်းကင်သားတော်ရဲ့ နေရာကိုလား... ဒါမှမဟုတ် ရွှေဂူ အမတ ၇၂ ပါးရဲ့ လွတ်လပ်ခွင့်ကိုလား... မင်းဆီကနေ လက်တုံ့ပြန်တာမျိုး မခံရအောင် မင်းကို ထိန်းချုပ်ထားဖို့ အဲဒီထဲက တစ်ခုခုကို ငါ လိုအပ်တယ်..." ကုအန်က အေးအေးဆေးဆေးပင် ပြောလိုက်၏။
ထိုက်ရီ အမတအရှင်က ရွှေဂူ အမတ ၇၂ ပါး၏ ချီစွမ်းအင်ကို အာရုံမခံမိသော်လည်း ကုအန်၏ ခါးမှ သစ်သားပြားများကိုတော့ မြင်တွေ့လိုက်ရသည်။ မည်သို့ပင် ကြည့်စေကာမူ ထိုသစ်သားပြားများက သာမန် သစ်သားများဖြင့် ပြုလုပ်ထားပုံရပြီး မည်သည့် လျှို့ဝှက်ချက်မျှ ရှိမနေပေ။
သို့သော်လည်း ကုအန်၏ အမေးကို သူက မထီမဲ့မြင် ပြုလိုက်၏။
"အက်ကြောင်းပေးချင်တဲ့ အကြံအစည် အောက်တန်းစားလေး... ရွှေဂူ အမတ ၇၂ ပါးကို တကယ်ပဲ ထောင်ချထားနိုင်မယ်လို့ မင်း ထင်နေတာလား... မင်းက အတင်းအကျပ် စည်းကမ်းချက်တွေ သတ်မှတ်ချင်နေမှတော့ အမတနတ်ဘုရားတွေရဲ့ စွမ်းအားကို ခံစားကြည့်လိုက်စမ်း"
ထိုက်ရီ အမတအရှင်က အေးစက်စက် နှာမှုတ်လိုက်ပြီး ရှေ့သို့ ခြေတစ်လှမ်း တိုးလိုက်သည်။
ကောင်းကင်တာအို၏ ပြင်းထန်သော အလင်းရောင်ထဲမှ ဆံပင်ဖြူများ လွင့်ပျံလာပြီး ၎င်း၏ နောက်တွင် ထိုက်ရီ အမတအရှင်၏ အစစ်အမှန် ခန္ဓာကိုယ် ထွက်ပေါ်လာ၏။ ငွေရောင် အမတဖဲပြားက သူ၏ မျက်လုံးများကို ဖုံးကွယ်ထားပြီး သူ၏ ဖြူစင်သော တာအို ဝတ်ရုံက ငှက်မွေးများကဲ့သို့ လွင့်မျောနေသည်။ သူ၏ နောက်ကျောတွင် လွင့်မျောနေသော ပန်းချီကားလိပ်က ပွင့်ဟလာပြီး ကျယ်ပြောလှသော ကောင်းကင်နှင့် မြေကြီး၏ မြင်ကွင်းကို ထုတ်ဖော်ပြသလိုက်၏။
ထိုက်ချင်း ရွှေအမတများထက် များစွာ သာလွန်သော ချီစွမ်းအင်များ အပြည့်အဝ ပေါက်ကွဲထွက်လာပြီး ကောင်းကင်ဝိညာဉ် မဟာကမ္ဘာ တစ်ခုလုံး၏ တာအို နိယာမများကို ခဲအေးသွားစေသည်။
ထိုအခိုက်အတန့်တွင် အချိန်များ ရပ်တန့်သွားပြီး သက်ရောက်မှု မခံရသော သက်တမ်းတာအိုနယ်မြေရှိ တပည့်များမှလွဲ၍ အရာအားလုံး ရပ်တန့်သွားကြ၏။ သို့သော်လည်း သူတို့က တာအိုနယ်မြေ အပြင်ဘက်ရှိ အခြေအနေများကို မသိရှိကြချေ။
ကုအန်၏ နောက်တွင် ရပ်နေသော အန်ရှင်းကမူ ၎င်းကို ပို၍ နက်နက်ရှိုင်းရှိုင်း ခံစားလိုက်ရသည်။
ထိုက်ရီ အမတအရှင်၏ စွမ်းအားနှင့် ရင်ဆိုင်ရချိန်တွင် ဆရာဖြစ်သူအတွက် သူမ မစိုးရိမ်ဘဲ မနေနိုင်တော့ချေ။
ဤမျှ ကြောက်မက်ဖွယ်ကောင်းသော တည်ရှိမှုမျိုးနှင့် ရင်ဆိုင်ရပါက မြူခိုး အမတနန်းတော်ပင်လျှင် ဖျက်ဆီးခံရနိုင်ခြေ ရှိသည်ဟု သူမ ခံစားမိ၏။
ကမ္ဘာဂိတ်တံခါး ရှေ့တွင် ရပ်နေသော ထိုက်ရီ အမတအရှင်က သူ၏ မေးစေ့ကို အနည်းငယ် မော့လိုက်သည်။ သူ၏ မျက်လုံးများကို ဖုံးကွယ်ထားသော်လည်း သူ၏ မောက်မာသော ဟန်ပန်ကို ဖုံးကွယ်၍ မရနိုင်ချေ။
မည်သို့ပင် ဖြစ်စေ အမတနတ်ဘုရားများ၏ မာနက အလွန်အမင်း ကြီးမားလွန်းသည်ဟု အန်ရှင်း ထင်မိသော်လည်း ထိုက်ရီ အမတအရှင်၏ တာအို အလိုဆန္ဒ လွှမ်းမိုးမှုကြောင့် ထိုသို့ ဖြစ်သင့်သည်ဟုလည်း သူမ ခံစားလိုက်ရ၏။
"မင်းက မြင်ရသလောက် တည်ငြိမ်ပြီး ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိမနေပါလား... သာမန် သေမျိုး ဝိညာဉ် တစ်ခုရဲ့ ရှေ့မှာ ဒူးထောက်နေရတဲ့ မင်းရဲ့ ပုံစံကို တစ်ခါလောက် တွေးကြည့်ဖူးရဲ့လား"
အလွန် အေးစက်လှသော ကုအန်၏ အသံ ထွက်ပေါ်လာ၏။
အခန်း ၆၆၆ ကောင်းကင်ဧကရာဇ် သွေးမျိုးဆက်
လောကတွင် အအေးစက်ဆုံးသော ဓားတစ်လက်ကဲ့သို့ ကုအန်၏ စကားလုံးများက ထိုက်ရီ အမတအရှင် ဖန်တီးထားသော မျှော်လင့်ချက်မဲ့ လေထုကို ထွင်းဖောက်သွားပြီး အန်ရှင်းအပေါ် သက်ရောက်နေမှုများကို တစ်မုဟုတ်ချင်း ပျောက်ကွယ်သွားစေ၏။
တာအိုသီး စကြဝဠာ အတွင်း၌ ရွှေဂူ အမတ ၇၂ ပါးက ကုအန်သည် ထိုက်ရီ အမတအရှင်ထက်ပင် ပို၍ ရဲတင်းနေသည်ဟု ခံစားလိုက်ရပြီး ဤမောက်မာမှုက သူတို့ကို ကျိန်ဆဲစကားများပင် မဆိုနိုင်အောင် ဖြစ်သွားစေသည်။
မည်သည့် အကြောင်းရင်းကြောင့်မှန်း မသိရဘဲ ကုအန်၏ စကားသံ အဆုံးတွင် ရွှေဂူ အမတ ၇၂ ပါးလုံး၏ စိတ်ထဲ၌ ထိုက်ရီ အမတအရှင် ရှုံးနိမ့်တော့မည် ဟူသော ယုတ္တိမတန်သည့် အတွေးတစ်ခု ဝင်ရောက်လာကြ၏။
ကုအန်၏ ရှေ့တွင် ရပ်နေရသော ထိုက်ရီ အမတအရှင်ပင်လျှင် ဖိနှိပ်ခံထားရသကဲ့သို့ ဖြစ်နေပြီး သူ၏ မျက်လုံးများကို ငွေရောင် အမတဖဲပြားဖြင့် ဖုံးကွယ်ထားသော်လည်း အံ့ဩတုန်လှုပ်မှုများက သူ၏ မျက်နှာပေါ်တွင် အထင်းသား ပေါ်လွင်နေသည်။
"သေမျိုး ဝိညာဉ် တစ်ခုရှေ့မှာ ဒူးထောက်ရမယ်ဟာတ်လား"
ထိုက်ရီ အမတအရှင်က အေးစက်စက် မေးလိုက်ပြီး သူ၏ နဖူးပေါ်မှ ရွှေရောင် တာအို သင်္ကေတများက ပြင်းထန်သော မီးတောက်များအဖြစ် ပေါက်ကွဲထွက်လာရာ သူ၏ စိတ်နှလုံးထဲမှ ဒေါသတရားများ တစ်မုဟုတ်ချင်း လောင်ကျွမ်းသွားသကဲ့သို့ ဖြစ်နေ၏။
ဘုန်း
စကြဝဠာ တစ်ခုလုံးက မျက်တောင်တစ်ခတ် အတွင်းမှာပင် ပြိုကွဲသွား၏။
လေဟာနယ် အစအနများက ကွဲကြေနေသော မှန်စများကဲ့သို့ အန်ရှင်း၏ အမြင်အာရုံထဲသို့ ထိုးဖောက် ဝင်ရောက်လာပြီး သူမ၏ အမတဧကရာဇ် မျက်လုံးများ ပြူးကျယ်သွားကာ ခရမ်းရောင် သူငယ်အိမ်များက တုန်ရီသွားခဲ့သည်။
လန့်ဖျပ်နေသော ငှက်များကဲ့သို့ ပတ်ဝန်းကျင်ရှိ တာအို နိယာမများ လျင်မြန်စွာ ဆုတ်ခွာသွားသည်ကို သူမ ခံစားလိုက်ရပြီး အဆုံးမဲ့ ကြယ်တာရာ ပင်လယ်ကြီးက လေဟာနယ် အပျက်အစီးများ ကြားမှ ဝေးကွာသွား၏။
ထို့နောက် အရာအားလုံး ရုတ်တရက် ရပ်တန့်သွားသည်။
အန်ရှင်းက အလိုအလျောက် ခေါင်းလှည့်ကြည့်လိုက်ရာ သူမ လှမ်းကြည့်လိုက်သည့် နေရာတိုင်းတွင် တစ်ခုပေါ် တစ်ခု ထပ်နေသော လေဟာနယ် အစအနများကို တွေ့လိုက်ရပြီး သူမကို မျက်စိကျိန်းစေကာ တစ်ချိန်တည်းမှာပင် ထိတ်လန့်သွားစေ၏။
ကောင်းကင်ဝိညာဉ် မဟာကမ္ဘာကြီး ဖျက်ဆီးခံလိုက်ရပြီ ဖြစ်သည်။
သက်ရှိအားလုံး၏ သက်ရှိ အငွေ့အသက်များ ပျောက်ကွယ်သွား၏။ ထိုအရာက တစ်ခဏချင်း အတွင်းမှာပင် ဖြစ်ပျက်သွားခြင်း ဖြစ်သည်။
သူမ၏ အကြည့်များက ရှေ့တွင်ရှိသော ထိုက်ရီ အမတအရှင်ထံသို့ ရောက်ရှိသွားသည်။ ကမ္ဘာဂိတ်တံခါးက ကျန်ရစ်နေဆဲ ဖြစ်ပြီး အလွန်အမင်း အစွမ်းထက်လှသော ထိုက်ရီ အမတအရှင်က အမတနတ်ဘုရား တစ်ပါး၏ ဟန်ပန်ကို အငြင်းပွားဖွယ် မရှိအောင် ပြသနေ၏။
သူ၏ ချီစွမ်းအင် သက်သက်ဖြင့်ပင် မဟာကမ္ဘာတစ်ထောင်ကို ဖျက်ဆီးပစ်နိုင်စွမ်း ရှိနေ၏။
အန်ရှင်း၏ စိတ်ထဲတွင် ဗလာကျင်းသွားပြီး ထိုက်ရီ အမတအရှင်ကို ကြက်သေသေ၍သာ ကြည့်နေနိုင်တော့သည်။
ပြိုကွဲသွားသော စကြဝဠာကြီးက တိတ်ဆိတ်သွားပြီး ကမ္ဘာဂိတ်တံခါး အတွင်းရှိ ကောင်းကင်တာအို၏ ပြင်းထန်သော အလင်းရောင်များလည်း ပျောက်ကွယ်သွားကာ သတိထားနေဟန်ဖြင့် မှိုင်းညို့သွား၏။
ထိုအခိုက်တွင် ထိုက်ရီ အမတအရှင်၏ နောက်ကွယ်ရှိ ကမ္ဘာဂိတ်တံခါးမှ ခရမ်းရောင် မျက်လုံးတစ်စုံ ထွက်ပေါ်လာသည်ကို သူမ မြင်လိုက်ရသည်။
"အဲဒါက..."
အန်ရှင်း၏ မျက်လုံးများ ပြူးကျယ်သွားပြီး ၎င်းတို့က အမတဧကရာဇ် မျက်လုံးများ ဖြစ်ကြောင်းကို သူမ တစ်ချက်ကြည့်ရုံဖြင့် သိလိုက်၏။
သူမ ဆရာ၏ အမတဧကရာဇ် မျက်လုံးများ ဖြစ်သည်။
ကုအန်၏ နောက်တွင် ရပ်နေသဖြင့် သူမက ဆရာဖြစ်သူ၏ မျက်နှာကို မမြင်ရသကဲ့သို့ သူမ၏ နတ်ဘုရား အာရုံခံစားမှုကလည်း ထိုက်ရီ အမတအရှင်၏ ချီစွမ်းအင်ကြောင့် ဖိနှိပ်ခံထားရရာ အမတဧကရာဇ် မျက်လုံးများကို ထုတ်ဖော်ထားသည့် သူမ ဆရာ၏ ဟန်ပန်ကို အလွန်အမင်း သိချင်စိတ် ပြင်းပြသွား၏။
သူမ သိချင်နေသော အရာကပင် ထိုက်ရီ အမတအရှင် ကြောက်ရွံ့နေသည့် အရာ ဖြစ်နေသည်။
ထိုက်ရီ အမတအရှင်က ကုအန်၏ မျက်လုံးများထဲမှ ခရမ်းရောင် အလင်းတန်းကို စူးစိုက်ကြည့်၍ အံကြိတ်ကာ ပြောလိုက်၏။ "အမတဧကရာဇ် မျက်လုံး... ကောင်းကင်နန်းတော်ကို ယှဉ်ပြိုင်ဖို့ မင်းမှာ ယုံကြည်မှု ရှိနေတာ မဆန်းပါဘူး..."
သူက ငြိမ်သက်စွာ ရပ်နေ၏။ ကြက်သေသေသွားခြင်းကြောင့် မဟုတ်ဘဲ ကုအန်၏ အမတဧကရာဇ် မျက်လုံးများ၏ ဖိနှိပ်မှုကို ခံထားရသောကြောင့်ပင် ဖြစ်သည်။
ကုအန်၏ အမတဧကရာဇ် မျက်လုံး စွမ်းအားက အတိတ်ကို ပြောင်းပြန်လှန်၍ အမှန်တရားကို လိမ်ဖယ်နိုင်ရုံသာမက ကြီးမားလှသော စွမ်းအားများကိုလည်း ပိုင်ဆိုင်ထား၏။ ထို့အပြင် ထိုက်ရီ အမတအရှင်ထက် ပိုမို မြင့်မားသော ကျင့်ကြံခြင်းအဆင့် ရှိနေသဖြင့် သူ့ကို ဖိနှိပ်ရန်မှာ လက်ဖဝါးလှန်လိုက်သကဲ့သို့ လွယ်ကူလှသည်။
ထိုက်ရီ အမတအရှင်ကို သူ၏ စွမ်းအားများ ထုတ်ဖော်ပြသခွင့် ပေးလိုက်ရခြင်း အကြောင်းရင်းမှာ အန်ရှင်း အနေဖြင့် အမတနတ်ဘုရားများ၏ စွမ်းအားနှင့် သူမ၏ ကိုယ်ပိုင် အားနည်းချက်ကို အမှန်တကယ် ခံစားသိရှိသွားစေရန် ဖြစ်၏။
အန်ရှင်းကို အမတဧကရာဇ် မျက်လုံးများ ကျင့်ကြံရန် လမ်းညွှန်ပေးခဲ့ကတည်းက ကုအန်သည် သူမကို သူ၏ အစွမ်းအထက်ဆုံး တပည့်အဖြစ် ပြုစုပျိုးထောင်ရန် တကယ်ပင် ရည်ရွယ်ထားခဲ့သည်။
ထျန်ဟောင်နှင့် အန်ဟောင်တို့ မည်မျှပင် အစွမ်းထက်စေကာမူ သူတို့က ကောင်းကင်နန်းတော်၏ ဘုန်းအာတန်ခိုး အောက်တွင်သာ ခိုလှုံနေကြရဆဲ ဖြစ်၏။
အန်ရှင်း၏ နားလည်သဘောပေါက်နိုင်စွမ်းက ပိုမို အားကောင်းလာသော်လည်း သူမတွင် အထူး ကံကြမ္မာ သင်္ကေတနှင့် အကြောင်းအကျိုး လမ်းစဉ်များ လိုအပ်နေခဲ့သည်။ ကုအန်က ထျန်ဟောင်၏ ကံကြမ္မာ သင်္ကေတကို မြင်နိုင်ပြီး ဖြစ်ရာ ထူးခြားမှု မရှိသော အန်ရှင်းတွင် ကြီးကျယ်သော နောက်ခံ သမိုင်းကြောင်း မရှိသည်ကို သူ သေချာ သိနေ၏။
ကုအန်က ထိုက်ရီ အမတအရှင်ကို ခံစားချက် ကင်းမဲ့စွာဖြင့် ငုံ့ကြည့်လိုက်သည်။ သူက ကောင်းကင်ဝိညာဉ် မဟာကမ္ဘာကို တစ်ချက်တည်းဖြင့် ဖျက်ဆီးပစ်ခဲ့ခြင်းမှာ ကုအန်ကို အနိုင်မယူနိုင်မည်ကို ကြောက်ရွံ့ပြီး ကောင်းကင်နန်းတော်၏ အာရုံစိုက်မှုကို ရရှိရန် ပွက်လောရိုက်သွားစေလိုသောကြောင့် ဖြစ်ကြောင်း ထင်ရှားနေ၏။
မရေမတွက်နိုင်သော သတ္တဝါများ၏ အသက်ကို အလကားသက်သက် သဘောထားသည့် ထိုသို့သော အပြုအမူမျိုးကို အလွန်အမင်း ယုတ်မာသည်ဟု မသတ်မှတ်ဘဲ နေနိုင်မည်မဟုတ်ပေ။
ကံမကောင်းစွာဖြင့် ထိုက်ရီ အမတအရှင် တွက်ဆမှု မှားယွင်းသွားခဲ့သည်။
အစောပိုင်းက ကုအန်သည် ထိုက်ရီ အမတအရှင်နှင့် အလကားသက်သက် စကားပြောနေခဲ့ခြင်း မဟုတ်ဘဲ ကောင်းကင်ဝိညာဉ် မဟာကမ္ဘာ တစ်ခုလုံးကို သူ၏ အကြောင်းအကျိုး လမ်းစဉ် စွမ်းအားဖြင့် ဖုံးအုပ်ကာ ပြင်ပကမ္ဘာနှင့် အဆက်အသွယ် ဖြတ်တောက်နေခဲ့ခြင်း ဖြစ်၏။
သူ ဤသို့ လုပ်ဆောင်ရဲခြင်းမှာ ဤထိုက်ရီ အမတအရှင်က ကိုယ်ပွားတစ်ခု မဟုတ်ကြောင်း သေချာနေသောကြောင့် ဖြစ်သည်။ ၎င်းကပင် အကြောင်းအကျိုး လမ်းစဉ်၏ စွမ်းအား ဖြစ်၏။ ကိုယ်ပွားတစ်ခုအတွက် အဓိက ခန္ဓာကိုယ်က 'အကြောင်းတရား' ဖြစ်သည်။
ကုအန်က ထိုက်ရီ အမတအရှင်ကို ပြန်မဖြေခဲ့ချေ။ ပတ်ဝန်းကျင်ရှိ ပြိုကွဲနေသော လေဟာနယ် အတွင်း၌ သူ၏ အမတဧကရာဇ် မျက်လုံးများက အရွယ်အစား အမျိုးမျိုးဖြင့် အဆက်မပြတ် ထွက်ပေါ်လာပြီး ပြည့်နှက်နေကာ ဖိနှိပ်နိုင်စွမ်းများဖြင့် ပြည့်လျှံနေ၏။
အန်ရှင်း မော့ကြည့်လိုက်သော်လည်း အမတဧကရာဇ် မျက်လုံး အရေအတွက်ကို မရေတွက်နိုင်ချေ။
ဤအခိုက်အတန့်တွင် သူမ၏ ကိုယ်ပိုင် အမတဧကရာဇ် မျက်လုံးက အားနည်းလွန်းသည်ဟု သူမ ခံစားလိုက်ရပြီး ဤဘဝတွင် ဆရာဖြစ်သူ၏ အဆင့်သို့ ရောက်ရှိနိုင်မည်လားဟု မသေချာတော့ပေ။
တာအိုသီး စကြဝဠာ အတွင်း၌မူ ရွှေဂူ အမတ ၇၂ ပါးက အမတဧကရာဇ် မျက်လုံးကို မမြင်တွေ့ခဲ့ရချေ။ သူတို့၏ အမြင်အာရုံထဲတွင် စကြဝဠာကြီး ပြိုကွဲနေသည်ကိုသာ မြင်တွေ့ရပြီး သူတို့၏ အရှင်သခင် ထိုက်ရီ အမတအရှင်မှာမူ ထူးဆန်းစွာ ငြိမ်သက်နေ၏။
အမတနတ်ဘုရားများ အနေဖြင့် ထိုက်ရီ အမတအရှင်က ကုအန်နှင့် တစ်စုံတစ်ရာ ထိပ်တိုက်ရင်ဆိုင်နေရကြောင်း သူတို့ သဘာဝကျကျ သိမြင်နိုင်ပေသည်။
ကောင်းကင်ဝိညာဉ် မဟာကမ္ဘာကို ဖျက်ဆီးပြီးနောက် ထိုက်ရီ အမတအရှင် အနေဖြင့် ဤအတိုင်း ရပ်တန့်သွားရန် မဖြစ်နိုင်ချေ။
ဆိုလိုသည်မှာ ထိုက်ရီ အမတအရှင် ဖိနှိပ်ခံနေရရန် အလားအလာ အလွန် များပြားနေ၏။
တိုက်ပွဲမြေပြင် ပတ်လည်ရှိ စကြဝဠာ အပျက်အစီးများကို ထပ်မံ ကြည့်ရှုလိုက်သောအခါ ရွှေဂူ အမတ ၇၂ ပါး၏ စိတ်နှလုံးများထဲတွင် ချမ်းစိမ့်စိမ့် ကြောက်ရွံ့မှုများကို မခံစားဘဲ မနေနိုင်အောင် ဖြစ်သွားကြသည်။
ခရမ်းရောင်နဂါး ကြယ်တာရာအရှင်က မျက်မှောင်ကို တင်းတင်းကျပ်ကျပ် ကြုတ်လိုက်၏။ ကောင်းကင်ဝိညာဉ် မဟာကမ္ဘာကို ဖျက်ဆီးပစ်သည့် ထိုက်ရီ အမတအရှင်၏ လုပ်ရပ်ကြောင့် သူ အံ့အားသင့်သွားပြီး ဒေါသပင် ထွက်သွားသည်။
အမတနတ်ဘုရားများက မဟာကမ္ဘာတစ်ထောင်ကို မည်သို့လျှင် အဆင်အခြင်မဲ့ ဖျက်ဆီးပစ်နိုင်မည်နည်း။
မဟာကမ္ဘာတစ်ထောင်ကို ပြန်လည် တည်ဆောက်ပြီးနောက် ကောင်းကင်နန်းတော်က ဖျက်ဆီးခြင်း အမိန့်ကို ရှင်းလင်းစွာ ဖျက်သိမ်းခဲ့ပြီး ဖြစ်၏။
အကယ်၍ ဖျက်ဆီးခြင်း အမိန့် ရှိနေဆဲ ဖြစ်လျှင်တောင် ၎င်းကို အဆုံးသတ်ရမည့်သူမှာ ဖျက်ဆီးခြင်း နတ်ဘုရားသာ ဖြစ်သင့်ပြီး အမတရာထူးများထက် ပိုမို မြင့်မားသော တည်ရှိမှုများပင်လျှင် အဆင်အခြင်မဲ့ မလုပ်ဆောင်သင့်ပေ။
အမည်ခံ ကောင်းကင်သားတော် အတွက်နှင့် အမတအရှင်များက ဤမျှအထိ လုပ်ဆောင်သင့်လို့လား။
ခရမ်းရောင်နဂါး ကြယ်တာရာအရှင်၏ စိတ်ထဲတွင် ကစဉ့်ကလျား ဖြစ်နေ၏။ သူက ထိုက်ရီ အမတအရှင်အပေါ် သစ္စာရှိသော်လည်း သူ၏ စိတ်နှလုံးထဲတွင် ကောင်းကင်နန်းတော်က ထိုက်ရီ အမတအရှင်ထက် ပိုမို မြင့်မားသော နေရာ၌ ရှိနေသည်။
ကောင်းကင်သားတော် ဘက်မှ ရပ်တည်သည့် ထိုက်ရီ အမတအရှင်ကို သူ ထောက်ခံခဲ့သော်လည်း ထိုက်ရီ အမတအရှင်၏ လုပ်ရပ်များက ၎င်း၏ နောက်ကွယ်တွင် အခြား အကြံအစည်များ ရှိနေသည်ဟု သူ့ကို ခံစားလာရစေသည်။
ကောင်းကင်သားတော်က ကောင်းကင်ဝိညာဉ် မဟာကမ္ဘာထဲတွင် ဝင်စားခဲ့ခြင်း ဖြစ်သည်။ အကယ်၍ ထိုက်ရီ အမတအရှင် အောင်မြင်ခဲ့လျှင်တောင် ကောင်းကင်ဝိညာဉ် မဟာကမ္ဘာ အပေါ် သံယောဇဉ် တွယ်နေပြီဖြစ်သော ကောင်းကင်သားတော်က ထိုက်ရီ အမတအရှင်ကို မည်သို့ ရှုမြင်မည်နည်း။
ထိုက်ရီ အမတအရှင်က ဤအချက်ကို ထည့်မစဉ်းစားခဲ့ဘူး ဆိုသည်ကို သူ မယုံကြည်ပေ။
သို့ဆိုလျှင် ဖြစ်နိုင်ခြေ တစ်ခုတည်းသာ ရှိတော့၏။
"အရှင်က တကယ်တော့ ကောင်းကင်ဧကရာဇ် သွေးဆက်ကို မျက်စိကျနေတာလား..."
ခရမ်းရောင်နဂါး ကြယ်တာရာအရှင်၏ မျက်လုံးများတွင် အံ့ဩတုန်လှုပ်မှုများ ပေါ်လွင်သွားပြီး သူ၏ စိတ်နှလုံး အောက်ခြေမှ ထိန်းချုပ်၍ မရနိုင်သော ဒေါသတရားများ ပေါက်ကွဲထွက်လာကာ သူ၏ အကြည့်များ ပြောင်းလဲသွားသည်။
ဒေါသတရားက မယုံကြည်နိုင်မှု အဖြစ်သို့ ကူးပြောင်းသွား၏။
သူ ဘာကို မြင်လိုက်ရသနည်း။
ခရမ်းရောင်နဂါး ကြယ်တာရာအရှင် သာမက အခြား ရွှေဂူ အမတများ၏ မျက်နှာ အမူအရာများလည်း ရုတ်ခြည်း ပြောင်းလဲသွားကြပြီး အချို့က ကြက်သေသေ၍ပင် ကြည့်နေကြသည်။ သို့သော်လည်း မည်သည့် ရွှေဂူ အမတကမျှ တိတ်ဆိတ်မှုကို မဖြိုခွဲရဲကြဘဲ အားလုံးက ထိတ်လန့်တုန်လှုပ်စွာဖြင့် သူတို့ ရှေ့ရှိ အလင်းကန့်လန့်ကာကိုသာ စူးစိုက်ကြည့်နေကြ၏။
အလင်းကန့်လန့်ကာ အတွင်း၌ ထိုက်ရီ အမတအရှင် တစ်ကိုယ်လုံး တုန်ရီနေပြီး ကုအန်၏ ရှေ့တွင် ဒူးထောက်တော့မည့်အလား သူ၏ ခြေထောက်များက စတင် ကွေးညွှတ်လာသည်။
ကုအန်က ထိုက်ရီ အမတအရှင်ကို ဂရုမစိုက်သကဲ့သို့ ကြည့်နေပြီး အမတဧကရာဇ် မျက်လုံး၏ ဖိနှိပ်မှုကို အဆက်မပြတ် တိုးမြှင့်နေ၏။
သူက ထိုက်ရီ အမတအရှင်ကို တစ်မုဟုတ်ချင်း ဒူးထောက်သွားစေနိုင်သော်လည်း ထိုသို့ မလုပ်ခဲ့ပေ။ ဤသို့ ဖြည်းညင်းစွာ တိုးဝင်လာသော မျှော်လင့်ချက် ကင်းမဲ့မှုနှင့် အရှက်ရမှုကသာ ထိုက်ရီ အမတအရှင်ကို နောင်တနှင့် ကြောက်ရွံ့မှုများ ပိုမို ခံစားရစေနိုင်သည်။
ထိုက်ရီ အမတအရှင်ကို အပြီးတိုင် မဖျက်ဆီးနိုင်ခဲ့လျှင်တောင် ဖျောက်ဖျက်၍ မရနိုင်သော အကြောက်တရား တစ်ခုကို ချန်ရစ်ခဲ့ရန် ကုအန် ရည်ရွယ်ထားဆဲ ဖြစ်သည်။
"မင်း..."
ထိုက်ရီ အမတအရှင်က အံကြိတ်၍ စကားတစ်ခွန်း ဟလိုက်သည်။ သူ၏ ခွန်အား အားလုံးကို ကုန်စင်အောင် ထုတ်သုံးထားသော်လည်း သူ၏ ခန္ဓာကိုယ်ပေါ်မှ ဖိနှိပ်ထားသော အင်အားကို တကယ်တမ်း လုံးဝ မခုခံနိုင်ခဲ့ချေ။
လုံးဝ ခုခံနိုင်စွမ်း မရှိသည့် ခံစားချက်မျိုးကို သူ မေ့လုနီးပါးပင် ဖြစ်နေခဲ့ပြီ ဖြစ်၏။
သူက ကောင်းကင်နတ်ဘုရား အမတအရှင် တစ်ပါး ဖြစ်ပါလျက် သေမျိုး ဝိညာဉ် တစ်ခုရှေ့တွင် ဒူးထောက်ရတော့မည်လား။
ထိုက်ရီ အမတအရှင်က ၎င်းကို ယုတ္တိမတန်ဟု ခံစားလိုက်ရသည်။ အလွန်အမင်း ဒေါသထွက်မှုနှင့် မုန်းတီးမှုတို့က သူ့ကို ရူးသွပ်လုမတတ် ဖြစ်သွားစေသော်လည်း ရူးသွပ်ခြင်းက သူ့ကို မကယ်တင်နိုင်ချေ။
အချိန်များ ကုန်လွန်လာသည်နှင့်အမျှ ထိုက်ရီ အမတအရှင်၏ မုန်းတီးမှုများ နေရာတွင် မျှော်လင့်ချက် ကင်းမဲ့မှုများက တဖြည်းဖြည်း အစားထိုး ဝင်ရောက်လာတော့သည်။