အခန်း (၆၆၇-၆၆၈)
Vol. 55 Ch. 667-668
အခန်း ၆၆၇ အကြွင်းမဲ့ စွမ်းအား
အန်ရှင်းက ထိုက်ရီ အမတအရှင် ဖြည်းညင်းစွာ ဒူးထောက်ကျသွားသည်ကို ကြည့်ရင်း ဖော်ပြရခက်သော ခံစားချက်မျိုးစုံကို ခံစားလိုက်ရ၏။
သူမ၏ ဆရာဖြစ်သူအပေါ် စိတ်သက်သာရာရမှု၊ အံ့ဩတုန်လှုပ်မှုနှင့် ကြည်ညိုလေးစားမှုတို့ ရောယှက်နေသည်။ တစ်ချိန်တည်းမှာပင် အမတနတ်ဘုရားများ၏ ပုံရိပ် ပြိုလဲသွားမှုကြောင့် ဖြစ်ပေါ်လာသော ယုတ္တိကင်းမဲ့သည့် ခံစားချက်က အများဆုံး ဖြစ်နေ၏။
ဤသည်က အမတနတ်ဘုရားများလား။ ဤသည်က ကောင်းကင်တာအိုကို ကိုယ်စားပြုပြီး သက်ရှိအားလုံး သူတို့၏ တစ်သက်တာလုံး မနားမနေ ရှာဖွေနေကြသည့် တည်ရှိမှုများလော။
ထိုက်ရီ အမတအရှင်၏ ဒူးနှစ်ဖက် မြေပြင်နှင့် ထိတွေ့သွားသောအခါ အမတနတ်ဘုရားများ၏ ဂုဏ်မာနက လုံးဝ ပြိုကွဲသွားလေပြီ။ ယခင်က မြင့်မြတ်သော ချီစွမ်းအင် အငွေ့အသက်များ ပျောက်ကွယ်သွားပြီး သူ၏ မျက်လုံးများကို ဖုံးကွယ်ထားသော်လည်း ခေါင်းငုံ့ကျသွားချိန်တွင် သူ၏ အတွင်းပိုင်းမှ ယိုယွင်းပျက်စီးမှုနှင့် အားနည်းမှု အငွေ့အသက်များ ထွက်ပေါ်လာ၏။
ရွှေဂူ အမတ ၇၂ ပါး၏ အကြည့်များကလည်း လုံးဝ မှေးမှိန်သွားကြသည်။
သူတို့က ကုအန်ကို ဆက်လက်၍ မကျိန်ဆဲရဲတော့သကဲ့သို့ မကျိန်ဆဲနိုင်တော့ချေ။ ထိုက်ရီ အမတအရှင်က သူတို့၏ အရှင်သခင် ဖြစ်ရုံသာမက သူတို့၏ ဂုဏ် သူတို့၏မာနလည်း ဖြစ်၏။ သူက ခုခံနိုင်စွမ်း လုံးဝမရှိဘဲ ဒူးထောက်သွားရခြင်းကို သူတို့ လက်မခံနိုင်ကြချေ။
ထိုအခိုက်အတန့်မှာပင် အလင်းကန့်လန့်ကာ အတွင်းရှိ ပြိုကွဲနေသော စကြဝဠာကြီးက စတင် ပြောင်းလဲလာပြီး မရေမတွက်နိုင်သော လေဟာနယ် အစအနများက သူတို့ လာရာလမ်းကြောင်းအတိုင်း ပြောင်းပြန် ပြန်လည် စုစည်းသွားကြသည်။ ဤမြင်ကွင်းက ရွှေဂူ အမတ ၇၂ ပါး၏ အာရုံစိုက်မှုကို ဆွဲဆောင်သွား၏။
သူတို့၏ အကြည့်အောက်တွင် ကောင်းကင်ဝိညာဉ် မဟာကမ္ဘာကြီးက လျင်မြန်စွာပင် မူလအခြေအနေသို့ ပြန်လည် ရောက်ရှိသွားရာ သူတို့ကို အံ့အားသင့် မှင်တက်သွားစေသည်။
ဤသည်က မည်သို့သော စွမ်းအားမျိုးနည်း။
ခရမ်းရောင်နဂါး ကြယ်တာရာအရှင်မှာ ကုအန် ပြသလိုက်သော နတ်ဘုရားစွမ်းအားကြောင့် တုန်လှုပ်သွားပြီး သူ၏ စိတ်နှလုံးထဲတွင် ထူးဆန်းသော ခံစားချက်များ ဖြစ်ပေါ်လာ၏။
ကောင်းကင်နန်းတော်၏ ဘုန်းတန်ခိုးအာကို ကိုယ်စားပြုသော အမတအရှင်က ဖျက်ဆီးခြင်းကို ဆောင်ကြဉ်းပေးနေပြီး ကောင်းကင်ကို ဆန့်ကျင်သူဟု သတ်မှတ်ခံထားရသည့် ကုအန်က သက်ရှိအားလုံးကို ကယ်တင်နေသည်လား။
ကုအန် လက်မြှောက်လိုက်သည်ကို သူတို့ မြင်တွေ့လိုက်ရပြီး ထိုက်ရီ အမတအရှင်က သူ၏ လက်လှုပ်ရှားမှုနှင့်အတူ ကျုံ့ဝင်သွားကာ ကုအန်၏ လက်ဖဝါးပေါ်သို့ ကျဆင်းသွား၏။
ထိုက်ရီ အမတအရှင်လည်း ဖိနှိမ်ခံလိုက်ရလေပြီ။
ထို့နောက် ကုအန်က ထိုက်ရီ အမတအရှင်ကို သစ်သားပြား တစ်ခုအဖြစ် ပြောင်းလဲလိုက်ပြီး သူတို့နှင့် ဆင်တူသော အခြား သစ်သားပြားများနှင့်အတူ သူ၏ ခါးပတ်တွင် ချိတ်ဆွဲလိုက်သည်ကို သူတို့ မြင်တွေ့လိုက်ရသည်။
သူတို့၏ ကံကြမ္မာက မည်သို့ ဖြစ်လာမည်ကို နောက်ဆုံးတွင် သူတို့ နားလည်သွားကြ၏။
သူတို့ ရှေ့ရှိ အလင်းကန့်လန့်ကာက စတင် ကျုံ့ဝင်သွားပြီး ရွှေဂူ အမတ ၇၂ ပါး၏ အသိစိတ်များလည်း စတင် မှေးမှိန်လာကာ အလင်းကန့်လန့်ကာ နည်းတူ အမှောင်ထုထဲသို့ ဝါးမျိုခံလိုက်ရသည်။
ခရမ်းရောင်နဂါး ကြယ်တာရာအရှင်က သူ၏ ကံကြမ္မာအတွက် မစိုးရိမ်တော့ချေ။ ထိုက်ရီ အမတအရှင် ဒူးထောက်ကျသွားသည့် မြင်ကွင်းကိုသာ သူ ဆက်လက် တွေးတောနေမိ၏။
သူ တစ်ယောက်တည်းသာ မဟုတ်ဘဲ အခြား ရွှေဂူ အမတများလည်း ထိုနည်းတူပင် ခံစားနေကြရသည်။ အရာအားလုံး အမှောင်ထုထဲ နစ်မြုပ်သွားသည်အထိပင်။
…
ကမ္ဘာဂိတ်တံခါး ရှေ့တွင် ရပ်နေသော အန်ရှင်းက ရှေ့သို့ လှမ်းကြည့်လိုက်ပြီး မူလအခြေအနေသို့ ပြန်လည် ရောက်ရှိသွားသော ကောင်းကင်ဝိညာဉ် မဟာကမ္ဘာကြီးကို ကြည့်ကာ အဝေးမှ သက်ရှိအငွေ့အသက်များကို ခံစားမိလိုက်သောအခါ သူမ၏ မျက်နှာပေါ်တွင် အံ့ဩဝမ်းသာသည့် အမူအရာများ ပေါ်လွင်လာ၏။
သူမက ရှေ့သို့ တစ်လှမ်း တိုးလိုက်ပြီး ကုအန် အနားသို့ လျှောက်သွားကာ သူမ၏ အကြည့်များက ဆရာဖြစ်သူ၏ မျက်လုံးများပေါ်သို့ ကျရောက်သွားသည်။
ကုအန်က အမတဧကရာဇ် မျက်လုံးကို ဖုံးကွယ်မထားဘဲ သူမကို ကြည့်ရှုခွင့် ပြုထား၏။
အစောပိုင်းက သူမနှင့် ထိုက်ရီ အမတအရှင်တို့သာ အမတဧကရာဇ် မျက်လုံးကို မြင်တွေ့ခဲ့ရခြင်း ဖြစ်သည်။ ရွှေဂူ အမတ ၇၂ ပါးက ကုအန်နှင့် အန်ရှင်းတို့ကြားမှ စကားပြောသံများကို ကြားခဲ့ရသော်လည်း အမတဧကရာဇ် မျက်လုံးကို မမြင်တွေ့ခဲ့ရသကဲ့သို့ ထိုက်ရီ အမတအရှင် ဒူးမထောက်မီက မေးမြန်းခဲ့သော မေးခွန်းကိုလည်း မကြားခဲ့ကြချေ။
ထိုက်ရီ အမတအရှင် အတွက်မူ အမတဧကရာဇ် မျက်လုံး အကြောင်းကို မေ့သွားစေရန် ကုအန်တွင် နည်းလမ်းများ ရှိနေ၏။
စွမ်းအား လမ်းစဉ် အပြင် ကုအန် အကျွမ်းကျင်ဆုံးမှာ အကြောင်းနှင့်အကျိုး လမ်းစဉ် ဖြစ်ရာ ထိုလမ်းစဉ်ကို အသုံးပြု၍ မှတ်ဉာဏ်များကို ဖျက်ပစ်ရန်မှာ ခက်ခဲသော ကိစ္စ မဟုတ်ပေ။
"ဆရာ... စောစောက မြင်လိုက်ရတာ ပုံရိပ်ယောင် မဟုတ်ဘူးမလား... သူ မဟာကမ္ဘာတစ်ထောင်ကြီးကို ဖျက်ဆီးပစ်တာ ကျွန်မ မြင်လိုက်တယ်လေ" အန်ရှင်းက သူမ၏ စိတ်လှုပ်ရှားမှုကို ဖိနှိပ်ထားရင်း မေးလိုက်၏။
ကုအန်က ပြုံးလိုက်ပြီး ပြောလိုက်သည်။ "မင်း ခံစားလိုက်ရတာတွေ အားလုံးက အစစ်အမှန်ပါပဲ"
"ဆရာ့ရဲ့ အမတဧကရာဇ် မျက်လုံးက အရာအားလုံးကို နဂိုအတိုင်း ပြန်ဖြစ်သွားစေတာလား... ဒါမှမဟုတ် အချိန်ကို ပြောင်းပြန် လှည့်လိုက်တာလား"
အန်ရှင်းက သူမ၏ ခံစားချက်များကို ထင်ဟပ်စေသည့် ရိုသေလေးစားသော အသုံးအနှုန်းဖြင့် မေးမြန်းလိုက်ခြင်း ဖြစ်သည်။ ပုံမှန်အားဖြင့် သူမက ရိုင်းစိုင်းလေ့ မရှိသော်လည်း သူတို့၏ ရင်းနှီးမှုကြောင့် ကုအန်ကို ဤမျှ တရားဝင် ဆက်ဆံလေ့ မရှိချေ။ ဤသည်ကပင် အခြား တပည့်များက သူမကို အမျက်နှာသာပေးခံရသူအဖြစ် ရှင်းရှင်းလင်းလင်း သိမြင်နေရသည့် အကြောင်းရင်းလည်း ဖြစ်၏။
ကုအန်က မည်သည့်အရာကိုမျှ ဖုံးကွယ်မထားဘဲ ပြန်ဖြေလိုက်သည်။ "ငါ့ရဲ့ အမတဧကရာဇ် မျက်လုံးက ပျောက်ကွယ်သွားတဲ့ အရာတွေကို ပြန်ပေါ်လာစေနိုင်သလို ရှိနေတဲ့ အရာတွေကိုလည်း ဘာမှ မရှိတဲ့ အခြေအနေထိ ဖျောက်ဖျက်ပစ်နိုင်တယ်"
အန်ရှင်းက နောင်တစ်ချိန်တွင် သူ၏ အမတဧကရာဇ် မျက်လုံး၏ လျှို့ဝှက်ချက်များကို ဖွင့်ဟပြောပြမည်ကိုလည်း သူ မကြောက်ရွံ့ချေ။
သူ၏ အားကိုးရာက အမတဧကရာဇ် မျက်လုံး မဟုတ်ခဲ့ပေ။ လက်ရှိ အဆင့်တွင် ၎င်းကို အသုံးပြုရသည်ကို သဘောကျနေခြင်းသာ ဖြစ်၏။
ထို့အပြင် သူ၏ သက်တမ်း ဆင့်ကဲပြောင်းလဲခြင်းမှ တစ်ဆင့် အမတဧကရာဇ် မျက်လုံးကို အဆင့်မြှင့်တင်နိုင်သေးသည်။ အမတဧကရာဇ် မျက်လုံးက သူ၏ စွမ်းရည်ပြသမှု ဇယားထဲတွင် ပေါင်းစပ်ပြီး ဖြစ်၏။ ထိုအချက်အလက်များကို သူ မြင်တွေ့နေရသရွေ့ အဆုံးအစမရှိ အဆင့်မြှင့်တင်နိုင်မည် ဖြစ်သည်။
အန်ရှင်း၏ မျက်လုံးများက အံ့အားသင့်မှုကြောင့် ပြူးကျယ်သွားပြီး ရေရွတ်လိုက်၏။ "အဲဒါက တော်တော်ကို လွှမ်းမိုးနိုင်လွန်းတယ်... ဒါက ရှင်သန်ခြင်းနဲ့ သေဆုံးခြင်း အပေါ် အကြွင်းမဲ့ ကြီးစိုးထားတာပဲမဟုတ်ဘူးလား"
သူမ၏ ကိုယ်ပိုင် အမတဧကရာဇ် မျက်လုံးတွင် အဆုံးမဲ့ အသုံးဝင်မှုများ ရှိပြီး စွမ်းအားများကို စုပ်ယူနိုင်စွမ်း ရှိသည့်အပြင် အတိတ်နှင့် အနာဂတ်မှ စွမ်းအားများကိုလည်း ငှားရမ်း အသုံးပြုနိုင်သည်။ သို့သော် အခြေခံအားဖြင့် ငှားရမ်းခြင်းအပေါ်တွင်သာ လုံးလုံးလျားလျား မှီခိုနေရ၏။ သူမ ဆရာ၏ အမတဧကရာဇ် မျက်လုံး နတ်ဘုရားစွမ်းအားနှင့် နှိုင်းယှဉ်ပါက ကြည့်ကောင်းရုံသာ ရှိပြီး ထိုမျှလောက် အထင်ကြီးစရာ မကောင်းချေ။
"ဆရာ... ဆရာ့ရဲ့ အမတဧကရာဇ် မျက်လုံးနဲ့ ယှဉ်လိုက်ရင် ကျွန်မဟာက အရမ်း အားနည်းလွန်းသေးတယ်" စိတ်လှုပ်ရှားပြီးနောက် အန်ရှင်းက သူမကိုယ်သူမ အမတဧကရာဇ် မျက်လုံးကို အရှက်ခွဲနေသည်ဟု တွေးမိကာ အနည်းငယ် စိတ်အားငယ်သွား၏။
ကုအန်က လက်မြှောက်၍ သူမ၏ ခေါင်းကို ပွတ်သပ်ပေးကာ ပြုံး၍ ပြောလိုက်သည်။ "အမတဧကရာဇ် မျက်လုံးက ဘယ်လောက် အစွမ်းထက်လဲ ဆိုတာက မင်းရဲ့ ကျင့်ကြံခြင်းအဆင့် အပေါ်မှာပဲ မူတည်တယ်... တစ်နေ့ကြရင် ငါ အခုပြသလိုက်တဲ့ အမတဧကရာဇ် မျက်လုံးရဲ့ စွမ်းအားကို မင်း ကျော်လွန်သွားမှာပါ"
အန်ရှင်းမှာ စိတ်သက်သာရာ ရသွားပြီး ဆရာဖြစ်သူမှာ အမှန်တကယ်ပင် ယုံကြည်မှု ရှိပြီး သူ ဆက်လက်၍ အစွမ်းထက်လာနိုင်သေးသည်ဟု ယုံကြည်နေကြောင်း စိတ်ထဲမှ တွေးလိုက်မိ၏။
သူမ၏ ဆရာက ဤမျှ မြင့်မားသော နေရာတွင် ရပ်တည်နေပြီး တက်ကြွစွာ အစွမ်းထက်လာအောင် ကြိုးစားနေသေးလျှင် သူမက မည်သို့လုပ်၍ ကိုယ့်ကိုယ်ကိုယ် အားငယ်နေရမည်နည်း။
သူမ၏ အတွင်းစိတ်မှ တွေးတောသံများကို ကြားလိုက်ရသော ကုအန်မှာ ကျေနပ်သွား၏။
အမှန်ပင်။ သူမက သူ အတန်ဖိုးထားရဆုံး တပည့် ဖြစ်ပြီး ဆရာဖြစ်သူ၏ စကားများကို အမြဲတမ်း တွေးတောနေတတ်၏။
ကုအန်က နောက်သို့ လှည့်လိုက်ပြီး သူ၏ ညာလက်ဖြင့် ခါးပတ်တစ်လျှောက် ဝှေ့ယမ်းလိုက်သောအခါ ထိုက်ရီ အမတအရှင် အဖြစ်မှ ပြောင်းလဲသွားသော သစ်သားပြားလေးထံမှ အလင်းလုံးတစ်ခု ထွက်ပေါ်လာကာ စကြဝဠာ၏ အနက်ရှိုင်းဆုံး နေရာသို့ လျင်မြန်စွာ ပျံသန်းသွားလေသည်။
"ဆရာ..အဲဒါက ဘာလဲ" အန်ရှင်းက သိချင်စိတ်ပြင်းပြစွာ မေးလိုက်၏။
ကုအန်က ပြန်ဖြေလိုက်သည်။ "အမတနတ်ဘုရားတွေကို လုံးဝ ဖျက်ဆီးပစ်လို့ မရဘူး... ဖိနှိပ်ထားလို့ပဲ ရတယ်... ဒါပေမဲ့ သူ အဆင့်အတန်း ပြောင်းပြန် ဖြစ်သွားတဲ့ ခံစားချက်ကို သိသွားအောင် ဝင်စားခြင်း သံသရာရဲ့ နှိပ်စက်မှုတွေကို ငါ ခံစားခိုင်းလို့ ရတယ်..."
ထိုက်ရီ အမတအရှင်က ကောင်းကင်ဝိညာဉ် မဟာကမ္ဘာကို ဖျက်ဆီးပစ်လိုက်သည့် အချိန်ကတည်းက ထိုက်ရီ အမတအရှင် အနေဖြင့် ထျန်ဟောင်ကို ကောင်းမွန်စွာ ဆက်ဆံလိမ့်မည် ဟူသော ဖြစ်နိုင်ခြေကို ကုအန် ပယ်ဖျက်လိုက်ခြင်း ဖြစ်၏။
ကောင်းကင်ဝိညာဉ် မဟာကမ္ဘာကို ဖျက်ဆီးပစ်ခြင်းက ကောင်းကင်နန်းတော်၏ အာရုံစိုက်မှုကို ဆွဲဆောင်ရန် နောက်ကြောင်းပြန် လှည့်ကွက်တစ်ခု ချန်ထားခြင်း ဖြစ်နိုင်သကဲ့သို့ ထျန်ဟောင် မည်သည့်နေရာသို့ သွားသည်ကို အခြား တည်ရှိမှုများက ခြေရာမခံနိုင်စေရန် အကြောင်းအကျိုးများကို ဖျောက်ဖျက်ပစ်နိုင်သည့် ဖြစ်နိုင်ခြေလည်း ရှိနေသည်။
မတူညီသော ရပ်တည်ချက်များ အပေါ် မူတည်၍ တစ်ယောက်နှင့်တစ်ယောက် လုပ်ရပ်များ ကွဲပြားနိုင်သော်လည်း ထိုက်ရီ အမတအရှင်တွင် ကောင်းကင်ဝိညာဉ် မဟာကမ္ဘာကို ဖျက်ဆီးပစ်ရန် ခိုင်လုံသော အကြောင်းပြချက် မရှိပါဘဲလျက် သူက လုပ်ဆောင်ခဲ့ရာ ဤသည်က ကုအန်ကို မကျေမနပ် ဖြစ်စေခဲ့၏။
ဆန်းကြယ်ကြယ်တာရာ အမတအရှင်က တရားမျှတသည့် ဟန်ပန်ကို ပြသခဲ့သော်လည်း သူ စေလွှတ်လိုက်သော ရွှေရောင်အထွတ်အထိပ် နတ်ဘုရား၏ နောက်လိုက်များက လူသားကမ္ဘာတွင် အခွင့်အရေးများကို ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ဝေပေးခဲ့သည်မှာ အမှန်ပင် ဖြစ်သည်။
မူလဘူတ လူသားမျိုးနွယ်များကို ဘေးဒုက္ခများ ဖြစ်စေရန် စီစဉ်ခြင်းနှင့် ပတ်သက်၍မူ ၎င်းက ကောင်းကင်နှင့် မြေကြီး၏ ကပ်ဘေးများနှင့် ဆင်တူနေ၏။ ကုအန် အနေဖြင့် မကျေနပ်သော်လည်း ၎င်းကို လုံးဝ ငြင်းဆို၍ မရနိုင်ချေ။
"ဘာလို့ အမတနတ်ဘုရားတွေကို ဖျက်ဆီးပစ်လို့ မရတာလဲ" အန်ရှင်းက နားမလည်နိုင်စွာ မေးလိုက်ပြီး သူမ၏ လေသံတွင် ဒေါသများ ပြည့်နှက်နေ၏။
အဘယ်ကြောင့် ဤသို့သော တည်ရှိမှုမျိုးက အမတနတ်ဘုရားများ ဖြစ်လာနိုင်ရသနည်း။
ကုအန်က ရယ်မော၍ ပြောလိုက်သည်။ "ဘာလို့လဲ ဆိုတဲ့ မေးခွန်းတွေ သိပ်အများကြီး မရှိပါဘူး... သူတို့ကို ထောက်ပံ့ပေးနေတဲ့ ငါတို့ထက် ပိုအစွမ်းထက်တဲ့ စွမ်းအားတစ်ခု သေချာပေါက် ရှိနေမှာပဲ... ပိုအစွမ်းထက်လာအောင် လုပ်ပါ... ဒါဆိုရင် လက်ရှိမှာ မင်း မပြောင်းလဲနိုင်တဲ့ အရာတွေကို ပြောင်းလဲနိုင်ပါလိမ့်မယ်..."
အန်ရှင်းက ပြုံးလိုက်ပြီး ခေါင်းကို တက်ကြွစွာ ညိတ်လိုက်၏။
ထို့နောက် ကုအန်က သူမကို ကောင်းကင်ဝိညာဉ် မဟာကမ္ဘာဘက်သို့ ဦးဆောင် ခေါ်သွားလေသည်။
နောက်ထပ် ငြိမ်းချမ်းရေး ကာလ ရှည်ကြီးတစ်ခု ရောက်လာသင့်ပြီ ဖြစ်၏။
နောက်တစ်ကြိမ် အဆင့်တက်ချိန်တွင် ကပ်ဘေးကို မဖြတ်ကျော်မီ သူ၏ တိုက်ခိုက်ရေး စွမ်းရည်ကို မြှင့်တင်ရန်အတွက် သူ၏ တာအို နည်းစနစ်များကို အဆင့်မြှင့်တင်သင့်၊ မသင့် ကုအန် စဉ်းစားနေခဲ့သည်။
သူသည် တာလော့ တာအိုသီး အဆင့်၏ ဒုတိယမြောက် မဟာအဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။ ယခင် အဆင့်များအပေါ် အခြေခံ၍ ကြည့်လျှင် နောက်တစ်ဆင့်မှာ တာလော့ တာအိုသီးပွင့်၏ နောက်ဆုံး အလွှာ ဖြစ်ပြီး ၎င်းကို ချိုးဖောက်ရန် သေချာပေါက် ခက်ခဲပေလိမ့်မည်။
တွေးတောနေစဉ်မှာပင် ကုအန်က ယခင် တိုက်ပွဲနှင့် ပတ်သက်၍ အန်ရှင်း၏ သိချင်စိတ် ပြင်းပြနေသော မေးခွန်းများစွာကို ပြန်လည် ဖြေကြားပေးနေခဲ့၏။ ထိုတိုက်ပွဲက အန်ရှင်းကို အံ့အားသင့်သွားစေခဲ့သော်လည်း သူမ လုံးဝ နားမလည်နိုင်ခဲ့ချေ။
ထိုက်ရီ အမတအရှင်က ကောင်းကင်ဝိညာဉ် မဟာကမ္ဘာကို မည်သို့ ဖျက်ဆီးပစ်ခဲ့ကြောင်း သူမ မသိသကဲ့သို့ ကုအန်က ထိုက်ရီ အမတအရှင်ကို ဒူးထောက်သွားစေရန် မည်သို့ ဖိအားပေးခဲ့ကြောင်းကိုလည်း သူမ မသိခဲ့ပေ။
သူမ အသိချင်ဆုံး အရာမှာ လူများကို သစ်သားပြားလေးများ အဖြစ်သို့ ပြောင်းလဲပစ်နိုင်သည့် ကုအန်၏ နတ်ဘုရားစွမ်းအားပင် ဖြစ်သည်။
ထိုအရာက သာမန် အဓိပ္ပာယ်ဖြင့် ရိုးရှင်းသော အသွင်ပြောင်းခြင်းမျိုး မဟုတ်ချေ။ သူမက သူမ၏ နတ်ဘုရား အာရုံခံစားမှုဖြင့် စမ်းသပ်ကြည့်သောအခါ ထိုသစ်သားပြားလေးများက သာမန်သစ်သားများဖြင့် ပြုလုပ်ထားပုံရပြီး ၎င်းတို့ အတွင်း၌ ထူးခြားသည့် အရိပ်အယောင်များ လုံးဝ မတွေ့ရကြောင်း သိလိုက်ရ၏။
အခန်း ၆၆၈ ကောင်းကင်စစ်တပ်၏ ရုန်းကန်မှု
ကျယ်ပြောလှသော လောကကြီး အတွင်း၌ အဆုံးအစမရှိသော ငွေရောင်သံချပ်ကာ ကောင်းကင်စစ်သည်များက လူသားကမ္ဘာရှိ မည်သည့် တောင်တန်းထက်မဆို ပိုမို ကြီးမားသော ကြောက်မက်ဖွယ် ပုံရိပ်ကြီး တစ်ခုကို ဝိုင်းဝန်း တိုက်ခိုက်နေကြ၏။
မိစ္ဆာလိပ်ကြီး တစ်ကောင်နှင့် တူသော ဤပုံရိပ်ကြီးမှာ ကြောက်မက်ဖွယ်ရာ မိစ္ဆာချီစွမ်းအင်များဖြင့် ရစ်ပတ်နေပြီး ၎င်း၏ အတွင်း၌ နဂါးဆိုး ဆယ်ကောင်ကျော်က သောင်းကျန်းနေကာ အနီးကပ် ကြည့်ရှုလိုက်ပါက ဤနဂါးဆိုးများမှာ လိပ်ကြီး၏ အမြီးများ ဖြစ်ကြောင်း ထင်ရှားစွာ တွေ့မြင်နိုင်သည်။
မိစ္ဆာလိပ်ကြီးက အလွန် ဧရာမ ကြီးမားလွန်းလှသဖြင့် ၎င်းကို ဝိုင်းရံထားသော ပုံရိပ်များမှာ ဖုန်မှုန့်လေးများကဲ့သို့ သေးငယ်နေ၏။ ၎င်း၏ လှုပ်ရှားမှု အနည်းငယ်ကပင် ကောင်းကင်နှင့် မြေကြီးကို တုန်လှုပ်သွားစေနိုင်သော ကပ်ဘေးကြီး တစ်ခုကို ဖြစ်ပေါ်စေနိုင်သည်။
အဝေးတစ်နေရာတွင် ငွေရောင် သံချပ်ကာကို ဝတ်ဆင်ထားသော ကျန်းပုခုက ငွေရောင် သံချပ်ကာကိုပင် ဝတ်ဆင်ထားသော ရွှီယိုနှင့် ပခုံးချင်းယှဉ်၍ ရပ်နေ၏။ သို့သော်လည်း ရွှီယိုမှာ ကျန်းပုခု၏ ခံ့ညားသော ဟန်ပန်နှင့် နှိုင်းယှဉ်လျှင် အနည်းငယ် အချိုးမကျသကဲ့သို့ ဖြစ်နေသည်။
ကျန်းပုခုက အဝေးမှ တိုက်ပွဲကို ထိတ်လန့် အံ့ဩမှုများ ပြည့်နှက်နေသော မျက်နှာဖြင့် လှမ်းကြည့်နေ၏။
တိုက်ပွဲဝင်နေကြသော ငွေရောင်သံချပ်ကာ ကောင်းကင်စစ်သည်များ အနက် မည်သူကမျှ သူတို့ထက် ကျင့်ကြံခြင်းအဆင့် နိမ့်ကျမနေကြပေ။ သူတို့၏ အရေအတွက်က သန်းဆယ်ချီထက် ကျော်လွန်နေပြီး မဟာကမ္ဘာတစ်ထောင်၏ မတူညီသော ကမ္ဘာများမှ လာရောက်ကြသူများ ဖြစ်၏။
သို့သော်လည်း ဤမျှများပြားသော အစွမ်းထက် စစ်သည်တော်များ စုဝေးနေမှုက မိစ္ဆာလိပ်ကြီး အပေါ် မည်သို့မျှ သက်ရောက်မှု မရှိခဲ့ချေ။
"ဒါက ဖရိုဖရဲ မိစ္ဆာဆိုးပဲ... ဒီလို မိစ္ဆာတွေက အစွမ်းအထက်ဆုံး မဟုတ်နိုင်ပေမဲ့ ဖရိုဖရဲနယ်မြေထဲမှာ ဒီလိုကောင်တွေ မရေမတွက်နိုင်အောင် ရှိတယ်လို့ ပြောကြတယ်... တကယ်လို့ ဒီကောင်ကိုသာ နှိမ်နင်းနိုင်ခဲ့ရင် ငါတို့ရဲ့ ကောင်းကင်စစ်တပ် အတည်ပြုခံရဖို့ အခွင့်အရေး ရနိုင်တယ်..." ရွှီယိုက စိတ်လှုပ်ရှားမှုများ ပြည့်နှက်နေသော လေသံဖြင့် ပြောလိုက်၏။
ကျန်းပုခုက သူ့ကို လှည့်ကြည့်၍ အံ့အားသင့်စွာ မေးလိုက်သည်။ "အရန် ကောင်းကင်စစ်သည်တွေ ဒီလောက် အများကြီးနဲ့ ငါတို့ တကယ်ပဲ ကောင်းကင်နတ်ဘုရားတွေ ဖြစ်လာနိုင်မှာလား"
ရွှီယိုက သူ့ကို မထီမဲ့မြင် တစ်ချက် ကြည့်လိုက်ပြီး စိတ်မရှည်စွာဖြင့် ပြောလိုက်၏။ "ကောင်းကင်နတ်ဘုရား ဖြစ်လာဖို့က အဲဒီလောက် မလွယ်ဘူး... ငါတို့ နေရာကို ငါတို့ အခိုင်အမာ ရပ်တည်နိုင်မှသာ အခွင့်အရေး ရမှာ... တကယ်လို့ ကံကောင်းပြီး ထူးကဲတဲ့ စစ်သည်တော်တွေနဲ့ ဆုံတွေ့ရရင် လေဟုန် စီးပြီး တက်လှမ်းခွင့် ရနိုင်တယ်... ကောင်းကင်တာအိုရဲ့ စမ်းသပ်မှုတွေကို တစ်ယောက်တည်း ရင်ဆိုင်ရတာထက်တော့ ပိုကောင်းတာပေါ့"
ဤစကားကို ကြားပြီးနောက် ကျန်းပုခုက သူ၏ အကြည့်များကို အဝေးမှ ဖရိုဖရဲ မိစ္ဆာဆိုးထံသို့ ထပ်မံ လွှဲပြောင်းလိုက်သည်။
သူက အသက်ပြင်းပြင်း တစ်ချက်ရှူလိုက်ပြီး ခုန်ထွက်ကာ တိုက်ပွဲထဲသို့ ဝင်ရောက်သွားရာ ရွှီယိုလည်း အချိန်မဆွဲတော့ဘဲ အနီးကပ် လိုက်ပါသွား၏။
မျက်စိတစ်ဆုံး ကြည့်လိုက်လျှင် အရပ်မျက်နှာ အားလုံးမှ ပုံရိပ်များက ဖရိုဖရဲ မိစ္ဆာဆိုးထံသို့ အဆက်မပြတ် ဝင်ရောက် တိုက်ခိုက်နေကြဆဲ ဖြစ်ပြီး ကျဆုံးသွားသူများလည်း အမြဲတမ်း ရှိနေကာ ကျယ်ပြောလှသော မြေပြင်ပေါ်တွင် သွေးများနှင့် ဖြတ်တောက်ခံထားရသော ကိုယ်အင်္ဂါ အစိတ်အပိုင်းများ ပြန့်ကျဲနေ၏။
ဤတိုက်ပွဲတွင် ပါဝင်နေသူ အားလုံးက မတူညီသော ကမ္ဘာများမှ ထိပ်တန်း ပါရမီရှင်များ၊ သို့မဟုတ် အစွမ်းအထက်ဆုံး ပုဂ္ဂိုလ်များ ဖြစ်ကြသည်။ သို့သော်လည်း ဖရိုဖရဲ မိစ္ဆာဆိုး၏ ရှေ့တွင် သူတို့က အင်းဆက်ပိုးမွှားများကဲ့သို့ သေးနုပ်နေပုံရပြီး သူတို့၏ ဂါထာမန္တန်များနှင့် နတ်ဘုရားစွမ်းရည်များက မိစ္ဆာကြီးကို ဝန်းရံထားသည့် မိစ္ဆာချီစွမ်းအင်များကိုပင် မဖယ်ရှားနိုင်ကြချေ။
တစ်ချိန်တည်းမှာပင် တိမ်လွှာများထက်တွင် ခမ်းနားထည်ဝါသော ပုံရိပ်တစ်ခုက ကောင်းကင်နန်းတော်၏ ဖိနှိပ်နိုင်စွမ်းရှိသော ငွေရောင်သံချပ်ကာကို ဝတ်ဆင်ထားလျက် အရာအားလုံးကို အပေါ်စီးမှ ကြည့်ရှုနေ၏။ သူ၏ နောက်တွင် အမတနတ်ဘုရား နှစ်ပါး ရပ်နေပြီး အောက်ဘက်ရှိ တိုက်ပွဲကို ခံစားချက် ကင်းမဲ့စွာဖြင့် ငုံ့ကြည့်နေကြသည်။
အမတနတ်ဘုရားများ အနေဖြင့် သူတို့က ဤသို့သော တိုက်ပွဲမျိုး မရေမတွက်နိုင်အောင် မြင်တွေ့ခဲ့ဖူးပြီး ကျဆုံးသွားသူများ အပေါ် သနားကြင်နာစိတ် မရှိကြချေ။ အဘယ်ကြောင့်ဆိုသော် ဤနေရာသို့ လာရောက်သူတိုင်းက ပြတ်သားသော ဆုံးဖြတ်ချက်များဖြင့် ရောက်ရှိလာကြခြင်း ဖြစ်ပြီး သေဆုံးသွားလျှင်တောင် နောင်တရကြမည် မဟုတ်သောကြောင့် ဖြစ်၏။
ကောင်းကင်ငြိမ်းချမ်းရေး နတ်ဘုရားက ဖြည်းညင်းစွာ ပြောလိုက်သည်။ "ဒီအသုတ် ကောင်းကင်စစ်တပ်ထဲမှာ အလားအလာ ကောင်းတဲ့သူ သိပ်မပါဘူး... ဒီစမ်းသပ်မှုကို အသက်ရှင်ရက် ဖြတ်ကျော်နိုင်ရင်တောင် ကြီးကျယ်တဲ့ အောင်မြင်မှု ရနိုင်မယ့်သူ အနည်းငယ်ပဲ ရှိလိမ့်မယ်..."
သူ၏ နောက်မှ အမတနတ်ဘုရား နှစ်ပါးက တိတ်ဆိတ်စွာ ခေါင်းညိတ်လိုက်ကြသည်။ သူတို့ တစ်ဦးစီက လက်တစ်ဖက်တွင် ကျောက်စိမ်းပြား တစ်ခုစီကို ကိုင်ဆောင်ထားကာ ကျန်လက်တစ်ဖက်က တစ်စုံတစ်ခုကို ရေးမှတ်နေသည့်အလား လျင်မြန်စွာ လှုပ်ရှားနေ၏။
…
ထိုက်ရီ အမတအရှင်ကို ကုအန်က ဖိနှိပ်လိုက်သည့် သတင်းက ပြန့်နှံ့မသွားခဲ့ပေ။ အနည်းဆုံးတော့ ကောင်းကင်ဝိညာဉ် မဟာကမ္ဘာ အတွင်း၌ ကုအန်နှင့် အန်ရှင်းမှလွဲ၍ ထိုက်ရီ အမတအရှင် ရောက်ရှိလာခဲ့ကြောင်းကို မည်သူကမျှ မသိရှိခဲ့ကြချေ။
ထိုက်ရီ အမတအရှင်၏ ဝိညာဉ် ဝင်စားခြင်း သံသရာထဲသို့ ကျရောက်သွားပြီးနောက် ကောင်းကင်ဝိညာဉ် မဟာကမ္ဘာတွင်လည်း ကြီးမားသော လှုပ်ခတ်မှုများ မဖြစ်ပေါ်ခဲ့ပေ။
ကောင်းကင်စိတ်ဝိညာဉ် နတ်ဘုရားက ကမ္ဘာဂိတ်တံခါးမှ ထွက်လာပြီး ဂိတ်တံခါး ရှေ့တွင် ရပ်ကာ တစ်စုံတစ်ခုကို သဲ့သဲ့လေး အာရုံခံမိပြီး ကောင်းကင်ဝိညာဉ် မဟာကမ္ဘာကို အံ့ဩတုန်လှုပ်မှုများ ပြည့်နှက်နေသော မျက်လုံးများဖြင့် ကြည့်လိုက်သည့် အချိန်အထိပင် ဖြစ်၏။
ထိုက်ရီ အမတအရှင် ချန်ရစ်ခဲ့သော အငွေ့အသက် အနည်းငယ်ကို သူ ခံစားမိလိုက်သည်။
ထိုက်ရီ အမတအရှင်က ဤနေရာသို့ ရောက်ရှိလာခဲ့သော်လည်း ကောင်းကင်ဝိညာဉ် မဟာကမ္ဘာတွင် မည်သည့်အရာမျှ ဖြစ်မလာခဲ့ပေ။ ဤသည်က ဘာကို ညွှန်ပြနေသနည်း။
ကုအန် အပေါ် သူ၏ ကြည်ညိုလေးစားမှုက ပိုမို နက်ရှိုင်းသွား၏။ ကုအန်တွင် ထိုက်ရီ အမတအရှင်ကို ယှဉ်ပြိုင်နိုင်သည့် စွမ်းအား ရှိနေကြောင်း သူ ခန့်မှန်းမိခဲ့သော်လည်း ဤတိုက်ပွဲက တိတ်ဆိတ်စွာ အဆုံးသတ်သွားလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။
ဤသည်က ဘာကို ညွှန်ပြနေသနည်း။
ထိုက်ရီ အမတအရှင်နှင့် ကုအန်ကြားတွင် ကြီးမားလှသော ကွာဟချက် ရှိနေနိုင်သည်ပေါ့လော။
ကောင်းကင်စိတ်ဝိညာဉ် နတ်ဘုရားက အသက်ပြင်းပြင်း တစ်ချက်ရှူလိုက်ပြီး အရာအားလုံးက ကောင်းမွန်သော လမ်းကြောင်းဘက်သို့ ဦးတည်နေသည်ဟု ခံစားရသဖြင့် သူ၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာ၏။
သူက သူ၏ ယခင် နေရာသို့ ပြန်သွားပြီး သူ၏ ကျင့်ကြံခြင်းကို ဆက်လက် ပြုလုပ်ရန် ထိုင်ချလိုက်သည်။
ထျန်ဟောင်ကို မြူခိုး အမတနန်းတော်သို့ စေလွှတ်ပေးခဲ့ရသဖြင့် သူကိုယ်တိုင်လည်း ပြင်းပြင်းထန်ထန် လှုပ်ရှားသွားခဲ့ရ၏။ နှစ်ပေါင်းများစွာ ကြာပြီးနောက် မြူခိုး အမတနန်းတော်က ခန့်မှန်း၍ မရနိုင်သေးသကဲ့သို့ သူ၏ ရင်းနှီးသော မိတ်ဆွေကလည်း သူ့ကို ကျော်လွန်သွားခဲ့ပြီ ဖြစ်ရာ ၎င်းက သူ့ကို တိုက်ခိုက်လိုစိတ်များ ပြည့်လျှံသွားစေသည်။
သိထားရမည်မှာ သူ၏ ပါရမီကို ကောင်းကင်နန်းတော်ကပင် အသိအမှတ်ပြုထားခဲ့ပြီး ကောင်းကင်စိတ်ဝိညာဉ် နတ်ဘုရား မဖြစ်လာမီက သူ၏ ဘဝမှာ အားပေး အော်ဟစ်သံများနှင့် ချီးမွမ်းမှုများဖြင့်သာ ပြည့်နှက်နေခဲ့ခြင်း ဖြစ်၏။
ကောင်းကင်စိတ်ဝိညာဉ် နတ်ဘုရားက သူ၏ မျက်လုံးများကို မှိတ်လိုက်သည်နှင့် လူသားကမ္ဘာရှိ အချိန်စက်သွားများက စတင် မြန်ဆန်လာတော့သည်။
တစ်နှစ်တာ ကာလက တစ်ရက်တာကဲ့သို့ ကုန်လွန်သွား၏။
မျက်တောင်တစ်ခတ် အတွင်းမှာပင်။
နောက်ထပ် နှစ်တစ်သောင်း ကုန်လွန်သွားခဲ့လေပြီ။ လူသားကမ္ဘာကြီးက မှတ်မိနိုင်စွမ်း မရှိတော့လောက်အောင် ပြောင်းလဲသွားခဲ့ပြီး မရေမတွက်နိုင်သော သတ္တဝါများ ပေါ်ထွက်လာလိုက်၊ သေဆုံးသွားလိုက် ဖြစ်နေကြသော်လည်း ကောင်းကင်နှင့် မြေကြီးကို အုပ်စိုးနေသည့် မျက်နှာများကမူ များများစားစား ပြောင်းလဲမသွားခဲ့ပေ။
ဤနှစ်၏ နွေဦးရာသီ ကုန်ဆုံးသွားချိန်တွင် ကုအန်က တောင်ထိပ်၌ မတ်မတ်ရပ်ကာ လေကို မျက်နှာမူထား၏။
တစ်နာရီ အစောပိုင်းက သူ၏ စွမ်းအား လမ်းစဉ်ကို မြှင့်တင်ရန် မျှော်လင့်ချက်ဖြင့် သက်တမ်း ပုံရိပ်ထင်ဟပ်ခြင်း စွမ်းရည်ကို သူ အသုံးပြုခဲ့သည်။
ယခုအခါ သူ၏ သက်တမ်းထဲမှ နှစ် ၁၀၀ ဘီလီယံ န အသုံးပြုလိုက်ရခြင်းက သူ့အတွက် သိပ်ပြီး နာကျင်စရာ မဟုတ်တော့ချေ။ အသုံးပြုပြီးနောက်တွင်ပင် သူ့ထံ၌ သက်တမ်း ၁.၄ ထရီလီယံကျော် ကျန်ရှိနေသေးသည်။
ပုံရိပ်ထင်ဟပ်ခြင်း ပြီးဆုံးသွားသောအခါ သူ၏ မျက်လုံးရှေ့တွင် အသိပေးစာ တစ်ခု ပေါ်လာပြီး စွမ်းအား လမ်းစဉ်၏ သိမြင်နားလည်မှုများကို စတင် ခံစားရန် မျက်လုံးမမှိတ်ဘဲ မနေနိုင်အောင် ဖြစ်သွား၏။
ကောင်းကင်နှင့် မြေကြီးကြားရှိ ဝိညာဉ်စွမ်းအင်များ ရုတ်တရက် ရပ်တန့်သွားပြီး တာအို နိယာမများ စတင် ပြောင်းလဲလာကာ ဤမြေပြင်ပေါ်ရှိ သက်ရှိများကို ဖိနှိပ်ခံထားရသည်ဟု ခံစားရစေလိုက်သည်။
ဤတစ်ကြိမ်တွင် ကုအန်က သူ၏ တာအို သိမြင်နားလည်မှုများကို တာအိုနယ်မြေ အတွင်း၌ လက်ဆင့်ကမ်း မပေးခဲ့ပေ။ ယင်းအစား သူ၏ သိမြင်နားလည်မှုများကို လွှဲပြောင်းပေးရန် အမတ ကျင့်ကြံရေး လေထု သိပ်မကောင်းမွန်သော တိုက်ကြီးတစ်ခုကို တမင်သက်သက် ရွေးချယ်ခဲ့ခြင်း ဖြစ်၏။
ကုအန်က ဉာဏ်အလင်းပွင့်ရန် ကြိုးပမ်းနေစဉ် မဟာတာအို၏ စွမ်းအားများက ဤတိုက်ကြီး အတွင်းသို့ ဒလဟော စီးဆင်းလာ၏။ သဘာဝ၏ ဝိညာဉ်စွမ်းအင်များ ပြောင်းလဲသွားမှုကြောင့် မရေမတွက်နိုင်သော ကျင့်ကြံသူများ စိုးရိမ်ပူပန်သွားကြသော်လည်း မကြာမီမှာပင် သူတို့ ကျွမ်းကျင်ထားသော ကျင့်စဉ်များကို အလိုအလျောက် ပြန်လည် ဆင်ခြင် သုံးသပ်မိစေသည့် ရှင်းပြရခက်သော ခံစားချက် တစ်ခုကို သူတို့ ခံစားလိုက်ရသည်။
မကြာမီမှာပင် ကုအန်၏ ဉာဏ်အလင်းပွင့်မှု လွှမ်းမိုးမှုများက ဆက်လက် ကျယ်ပြန့်လာပြီး သမုဒ္ဒရာများနှင့် အခြား တိုက်ကြီးများဆီသို့ ရောက်ရှိသွားကာ ဤတိုက်ကြီးမှာ တိတ်ဆိတ်ငြိမ်သက်သွားတော့၏။
အချိန်အတန်ကြာပြီးနောက် ကုအန်၏ ဉာဏ်အလင်းပွင့်မှု အဆုံးသတ်သွားပြီး သူ မျက်လုံးဖွင့်လိုက်ကာ ထိုနေရာမှ ပျောက်ကွယ်သွားလေသည်။
သူ ထွက်ခွာသွားပြီးနောက် ပုံရိပ်များက ကောင်းကင်ယံတွင် ဖြတ်သန်းသွားကြ၏။ ဤလူများက သူတော်စင်များ၏ ချီစွမ်းအင် အငွေ့အသက်များကို သယ်ဆောင်ထားကြပြီး ဉာဏ်အလင်းပွင့်သွားသော ရသေ့များကဲ့သို့ လမ်းတစ်လျှောက်ရှိ တောင်များနှင့် မြစ်များကို တစ်စုံတစ်ခု ရှာဖွေနေသည့်အလား လိုက်လံ ကြည့်ရှုနေကြသည်။
ကုအန်က ခြေတစ်လှမ်းဖြင့် လူသားကမ္ဘာရှိ မြို့တစ်မြို့သို့ ရောက်ရှိသွား၏။ ၎င်းက သူတို့၏ ကျင့်ကြံခြင်းအဆင့်များကို ဖုံးကွယ်ထားကြပြီး အခြားသူများ မသိရှိကြသော ကျင့်ကြံသူ အနည်းငယ်သာ ရှိသည့် သေမျိုးမြို့တော် တစ်ခု ဖြစ်သည်။
သူက စာအုပ်ဆိုင် တစ်ဆိုင်ထဲသို့ ဝင်သွားပြီး စာအုပ်များကို စတင် ကြည့်ရှုလိုက်သည်။
သူ၏ အတွေးများက ထိုက်ကျယ် မဟာကမ္ဘာမှ ကျန်းပုခုထံသို့ ရောက်ရှိသွား၏။
ကျန်းပုခုက နှစ်ထောင်ပေါင်း အနည်းငယ်ခန့် ရုတ်တရက် ပျောက်ကွယ်သွားခဲ့ပြီး ကုအန်ပင်လျှင် သူ၏ ကံတရားကို တွက်ချက်၍ မရနိုင်ခဲ့ချေ။ ၎င်းက ကောင်းကင်နန်းတော်နှင့် ပတ်သက်နေသည်ဟု ကုအန် ခန့်မှန်းမိ၏။
ကံကောင်းထောက်မစွာဖြင့် ကျန်းပုခုက နောက်ပိုင်းတွင် ထိုက်ကျယ် မဟာကမ္ဘာသို့ အန္တရာယ်ကင်းစွာ ပြန်လည် ရောက်ရှိလာခဲ့သဖြင့် ကုအန်က ထိုအကြောင်းကို အများကြီး မတွေးတော့ချေ။
ကျန်းပုခုနှင့် ရွှီယိုတို့က ကောင်းကင်နန်းတော် အကြောင်း ပြောဆိုကြသည့် အခါတိုင်း ကုအန်က မကြားနိုင်သကဲ့သို့ မည်သည့်အရာကိုမျှလည်း တွက်ချက်၍ မရနိုင်ခဲ့ချေ။ ကောင်းကင်နန်းတော်က ဤမျှ လျှို့ဝှက်ဆန်းကြယ်နေရခြင်းမှာ ဤအကြောင်းကြောင့်ပင် ဖြစ်နိုင်၏။ တာလော့ တာအိုသီး အဆင့်သို့ ရောက်ရှိလျှင်တောင် ကောင်းကင်နန်းတော်၏ ကံတရားကို စူးစမ်း၍ မရနိုင်ပေ။
ကျန်းပုခု ပြန်ရောက်လာသော်လည်း သူ၏ စိတ်ဓာတ်များက သိသိသာသာ ကျဆင်းနေသဖြင့် သူ့ကို လမ်းညွှန်မှု အနည်းငယ် ပေးသင့်၊ မပေးသင့် ကုအန် ချီတုံချတုံ ဖြစ်နေခဲ့သည်။
ကျန်းပုခုက ကောင်းကင်နန်းတော်၏ နယ်မြေတွင် ဆုံးရှုံးမှု တစ်ခုခုနှင့် ကြုံတွေ့ခဲ့ရသည်ဟု ကုအန် ခန့်မှန်းနိုင်၏။
အဖြစ်နိုင်ဆုံးမှာ အခြား ထင်ရှားကျော်ကြားသူများနှင့် ကောင်းကင်တာအို အမတရာထူး တစ်ခုအတွက် ယှဉ်ပြိုင်ရာတွင် သူ ရှုံးနိမ့်သွားခြင်း၊ သို့မဟုတ် မျှော်လင့်ချက် ကင်းမဲ့သွားပြီး ကြီးမားသော ထိုးနှက်ချက်ကို ခံလိုက်ရခြင်း ဖြစ်ပေလိမ့်မည်။
အခြားတစ်ဖက်တွင်မူ ရွှီယိုက မည်သည့် သက်ရောက်မှုမျှ မခံရဘဲ လူသားကမ္ဘာတွင် စတင် မြူးထူးပျော်ရွှင်နေပြီး ထိုက်ကျယ် မဟာကမ္ဘာသို့ ပြန်ရောက်ပြီးနောက် ကျင့်ကြံခြင်းကိုပင် ရပ်တန့်လိုက်၏။
ကုအန်က ဤအကြောင်းအရာများကို တွေးတောနေခဲ့သော်လည်း မကြာမီမှာပင် သူ၏ အာရုံစိုက်မှုက သူ၏ လက်ထဲရှိ စာအုပ်များထံသို့ ရောက်ရှိသွားသည်။
စာရေးသားခြင်းနှင့် ပတ်သက်လာလျှင် သေမျိုးများ ရေးသားသော စာအုပ်များက ဖတ်ရှုရသည်မှာ အမှန်တကယ်ပင် ပို၍ ပျော်ရွှင်စရာ ကောင်း၏။ ကျင့်ကြံသူများ ရေးသားသည်များက အကျိုးအမြတ်ကို အလွန်အမင်း အသားပေးလွန်းပြီး လူသားတို့၏ ခံစားချက်များကို ဖော်ပြရာတွင် သိမ်မွေ့မှု ကင်းမဲ့နေသည်။
"ဧည့်သည်... ဒီ 'ယန်လုံရဲ့ လျှို့ဝှက်ချစ်သူ' စာအုပ်ကို သဘောကျတယ်ဆိုရင် ဘာလို့ မဝယ်တာလဲ... တစ်အုပ်လုံးကို အပြည့်အစုံ ဝယ်မယ်ဆိုရင် စာရေးဆရာ ကိုယ်တိုင် ဆွဲထားတဲ့ မူရင်း ဇာတ်ကောင် ပုံရိပ်တွေကိုပါ ကျွန်တော် လက်ဆောင် ထည့်ပေးလိုက်ပါ့မယ်" စာအုပ်ဆိုင် ပိုင်ရှင်က တက်ကြွစွာဖြင့် အနားသို့ လာရောက် ပြောဆိုလိုက်၏။
ကုအန်က သူ၏ လက်ထဲမှ စာအုပ်ကို ပိတ်၍ စင်ပေါ်သို့ ပြန်တင်လိုက်ပြီး ထွက်သွားရန် လှည့်လိုက်သည်။ ဤသည်ကို မြင်သောအခါ စာအုပ်ဆိုင် ပိုင်ရှင်၏ မျက်နှာပေါ်တွင် မကျေနပ်သည့် အမူအရာ ပေါ်လာ၏။
ကြည့်ရတာတော့ တော်တော်လေး သပ်သပ်ရပ်ရပ် ရှိပေမဲ့ ဘာလို့ ကြည့်ပဲ ကြည့်ပြီး ပိုက်ဆံ တစ်ပြားမှ မသုံးရတာလဲ။
တော်တော် ကပ်စေးနှဲတာပဲ။
"ဆိုင်ရှင်... ခင်ဗျား ပြောတဲ့ ပုံတွေ အားလုံးကို ထုတ်လိုက်ပါ... အကုန် ဝယ်မယ်" ကုအန်၏ အသံက လွင့်ပျံလာပြီး စာအုပ်ဆိုင် ပိုင်ရှင်၏ မျက်နှာပေါ်မှ မကျေနပ်မှုများကို ဖယ်ရှားပေးလိုက်ကာ ပြုံးရွှင်သွားစေသည်။
"ဟုတ်ကဲ့ပါ ဧည့်သည်... တစ်ခဏလောက်လေး စောင့်ပေးပါဗျာ"