← Chapters

အခန်း (၆၆၉-၆၇၀)

Vol. 55 Ch. 669-670

အခန်း (၆၆၉-၆၇၀)

Vol. 55 Ch. 669-670

အခန်း ၆၆၉ လောက၏ နံပါတ်တစ် ပြတ်သားသော ဆုံးဖြတ်ချက်

သက်တမ်းတာအိုနယ်မြေ အတွင်း၌ နေမင်းက မိုးကုတ်စက်ဝိုင်း အောက်သို့ ဝင်ရောက် ပုန်းကွယ်သွား၏။

ကုအန်က သီချင်းတစ်ပုဒ်ကို ညည်းတွားရင်း တောင်တက်လမ်း တစ်လျှောက် လျှောက်လာခဲ့သည်။ သူက အတော်လေး ကျေနပ်နေပုံရပြီး လမ်းဘေးရှိ ပန်းများနှင့် အပင်များကို တစ်ခါတစ်ရံ လှမ်း၍ ပွတ်သပ်သွား၏။

တစ်နေ့ခင်းလုံး တွေးတောပြီးနောက် ကျန်းပုခုကို မကူညီတော့ဘဲ ကျန်းပုခု၏ အခက်အခဲများကို သူ့ဘာသာ ဖြေရှင်းခိုင်းရန် သူ ဆုံးဖြတ်လိုက်သည်။ သူ၏ ရည်ရွယ်ချက်က ကျန်းပုခု၏ အသက်ကို ကာကွယ်ပေးထားရန်သာ ဖြစ်၏။

ရွှီယိုက ကျန်းပုခုကို ကောင်းကင်နန်းတော် အမတ တစ်ပါး ဖြစ်လာစေရန် မည်သို့ ကူညီပေးမည်ကိုလည်း သူ သိချင်နေခဲ့သည်။

တောင်ထိပ်ရှိ ခြံဝင်းထဲသို့ ရောက်ရှိ၍ ကုအန် ဝင်သွားသည်နှင့် တစ်ပြိုင်နက် အချိန်အတော်ကြာ စောင့်ဆိုင်းနေခဲ့ကြသော ထျန်းချင်နှင့် ထျန်းပိုင်တို့က သူ၏ အနားသို့ လျှောက်လာကြ၏။ သူတို့မှလွဲ၍ ခြံဝင်းထဲတွင် ရှန်းကျန်နှင့် ဝိညာဉ်ကြွက်ဖြူသာ ရှိနေသည်။

"ဆရာ... ထျန်းဟုန် ဧကရာဇ်က သက်တမ်းတာအိုနယ်မြေမှာ တပည့်ခံချင်နေတယ်... ဆရာ ဘယ်လိုထင်လဲ" ထျန်းချင်က အရင်ဆုံး မေးလိုက်၏။

ထျန်းပိုင်ကလည်း ကုအန်ကို မျှော်လင့်ချက်များဖြင့် ကြည့်နေသည်။

ယနေ့ နံနက်စောစောက တာအိုခုံရုံးမှ ထျန်းဟုန် ဧကရာဇ်က ချမ့်ခွန်းဂိုဏ်းသို့ ရောက်ရှိလာပြီး ကြီးမားသော ပွက်လောရိုက်မှုကြီးကို ဖြစ်ပေါ်စေခဲ့၏။ သူက ဝူရှီ၏ တပည့် တစ်ဦး ဖြစ်လာလိုကြောင်း ကြေညာခဲ့ရာ ဤကြေညာချက်က ချမ့်ခွန်းဂိုဏ်း၏ ထိပ်ပိုင်း ခေါင်းဆောင်များကို အံ့အားသင့်သွားစေပြီး ထျန်းချင်နှင့် ထျန်းပိုင်တို့ကို ခေါ်ယူ တွေ့ဆုံစေခဲ့သည်။

လွန်ခဲ့သော နှစ်ပေါင်း နှစ်သောင်းခန့်က ဝူရှီ တပည့်များ ထွက်ပေါ်လာပြီး သက်ရှိအားလုံးကို ကယ်တင်ခဲ့ကြ၏။ နောက်ဆုံးတွင် ဖရိုဖရဲ အခြေအနေများကို ပြောင်းပြန်လှန်ပေးခဲ့သူမှာ ဆရာသခင်ဓားအရှင် ဖြစ်သော်လည်း ဝူရှီ တပည့်များ၏ အောင်မြင်မှုများနှင့် ကြီးမားသော ကျော်ကြားမှုက ထင်ရှားနေဆဲ ဖြစ်သည်။ ထိုတပည့်များက သူတို့၏ ခေတ်ကာလတွင် ထိပ်တန်းဟု မသတ်မှတ်နိုင်သော ကျင့်ကြံခြင်းအဆင့်များ ရှိကြသော်လည်း လျှို့ဝှက်ဆန်းကြယ်သော တာအိုရတနာများကို ကိုင်ဆောင်ကာ ရှုံးနိမ့်ခြင်း မရှိခဲ့သဖြင့် လောကရှိ အင်အားကြီး ဂိုဏ်းများ အားလုံး၏ အပေါ်တွင် နက်ရှိုင်းသော စွဲမှတ်မှုများကို ချန်ရစ်ခဲ့ကြသည်။

ဝူရှီ၏ တည်နေရာကို ခန့်မှန်းရန် လွယ်ကူသဖြင့် တာအိုခုံရုံး တပည့်များက ချမ့်ခွန်းဂိုဏ်းကို ရှာတွေ့သွားသည်မှာ အံ့သြစရာ မဟုတ်ပေ။

သို့သော်လည်း မူလဘူတ လူသားမျိုးနွယ်တို့၏ ကပ်ဘေးအပြီးတွင် အထင်ရှားဆုံး ပုဂ္ဂိုလ် ဖြစ်သော ထျန်းဟုန် ဧကရာဇ်က ဝူရှီသို့ ဝင်ရောက်လိုကြောင်း ထုတ်ဖော် ပြောဆိုလာခြင်းက ချမ့်ခွန်းဂိုဏ်း တစ်ခုလုံးကို တုန်လှုပ်သွားစေခဲ့၏။

ချမ့်ခွန်းဂိုဏ်း ကိုယ်တိုင်က ဝူရှီ၏ ထောက်ပံ့မှုဖြင့် တည်ထောင်ထားခြင်း ဖြစ်ရာ သူတို့က ၎င်းကို အလွန် လေးစားကြသည်။ ထျန်းဟုန် ဧကရာဇ် ကဲ့သို့သော ပုဂ္ဂိုလ်မျိုးက ဝူရှီသို့ ကူးပြောင်းလာမည် ဆိုပါက သူတို့အတွက် ကောင်းမွန်သော လက္ခဏာ တစ်ရပ် ဖြစ်လာနိုင်ပြီး အနာဂတ်အတွက် သူ့ကို အဆက်အသွယ် တစ်ခု အနေဖြင့်ပင် ရရှိနိုင်မည်ဟု သူတို့ ခံစားခဲ့ကြရ၏။

ကုအန်က ပေါ့ပေါ့ပါးပါးပင် ပြန်ဖြေလိုက်သည်။ "သူ့ကို လက်မခံနဲ့... ပြီးတော့ ဝူရှီက တပည့် မလက်ခံဘူး ဆိုတာကိုလည်း လောကက လူတိုင်း သိအောင် ပြောလိုက်... ရေစက်ပါတဲ့ သူတွေက သဘာဝအတိုင်း ဝူရှီကို ရောက်လာကြလိမ့်မယ်"

ထျန်းဟုန် ဧကရာဇ်က ထိုက်ရီ အမတအရှင်၏ နယ်ရုပ်လေး တစ်ရုပ် မဟုတ်လျှင်တောင် သူ့ကို လက်ခံမည် မဟုတ်ချေ။

သူက ကံကြမ္မာ ရေစက်ကို အခြေခံ၍သာ တပည့် လက်ခံခြင်း ဖြစ်၏။ ပါရမီနှင့် ပတ်သက်၍မူ ၎င်းက ဒုတိယ ဦးစားပေးသာ ဖြစ်သည်။

လောကကြီးက ကျယ်ပြောလှပြီး မရေမတွက်နိုင်သော ပါရမီရှင်များဖြင့် ပြည့်နှက်နေသည်။ သွေးကျဥ်းထောင်သူတော်စင်က လက်ရှိ တာအိုနယ်မြေ၏ အငြင်းပွားဖွယ် မရှိသော ထိပ်တန်း တပည့် ဖြစ်နေသော်လည်း လောကတစ်ခွင်တွင် သူ၏ ပါရမီကို ကျော်လွန်သူများစွာ ရှိနေသည်။

ဤခေတ်သစ်တွင် ကောင်းကင်နှင့် မြေကြီး၏ ကံကြမ္မာကို သယ်ဆောင်ထားသော ထူးကဲသည့် ပါရမီရှင်များ အချိန်နှင့်အမျှ မွေးဖွားလာတတ်ပြီး သက်တမ်း ကန့်သတ်ချက် ဖြစ်သော နှစ်ပေါင်း ကိုးထောင် ကိုးရာ ကိုးဆယ့်ကိုးနှစ်အထိ နေထိုင်ရမည့် သာမန် လူသားများကိုလည်း နေရာတိုင်းတွင် တွေ့ရှိနိုင်သည်။ ကုအန်က တစ်ခါတစ်ရံ ခရီးထွက်သည့် အခါတိုင်း ထိုသို့သော အန္တိမ သက်တမ်း ရှိသူများနှင့် ဆုံတွေ့ခဲ့ဖူးသော်လည်း တပည့်အဖြစ် လက်ခံလိုစိတ် မရှိဘဲ တစ်ချက်စောင်းငဲ့ ကြည့်ရုံသာ ကြည့်ခဲ့၏။

"ဆရာ... ထျန်းဟုန် ဧကရာဇ်ရဲ့ ကျော်ကြားမှုက ပြိုင်ဘက်ကင်းတယ်... ပြီးတော့ ထျန်ဟောင် မရှိတော့တဲ့ နောက်ပိုင်း လောကမှာ သူ့ကို ယှဉ်နိုင်မယ့်သူ ဘယ်သူမှ မရှိတော့ဘူး... တကယ်လို့ သူ့ကို လက်ခံလိုက်ရင် ဝူရှီရဲ့ နာမည်ဂုဏ်သတင်းက သေချာပေါက် ပိုကြီးလာမှာ... ဆရာ ကိုယ်တိုင် မသင်ပေးချင်ရင်လည်း သူ့ကို သမီးတို့ရဲ့ တပည့်အဖြစ် လက်ခံခွင့် ပြုပါလား..." ထျန်းချင်က ဆက်ပြောလိုက်၏။

အန်ရှင်း၏ ကိုယ်စား ချမ့်ခွန်းဂိုဏ်းကို စီမံခန့်ခွဲရကတည်းက ကျော်ကြားမှုနှင့် အကျိုးအမြတ်များကို ပိုမို ကြုံတွေ့လာရသဖြင့် သူတို့၏ အတွေးအမြင်များလည်း ပြောင်းလဲလာခဲ့ခြင်း ဖြစ်သည်။

သူတို့က ဝူရှီကို လောကတစ်ခွင် ကျော်ကြားစေချင်ပြီး အထွတ်အထိပ် သန့်စင်သော နယ်မြေ တစ်ခု ဖြစ်လာစေချင်ကြ၏။ ကုအန် ရှိနေသဖြင့် ဝူရှီက မည်သည့် တာအိုခုံရုံးနှင့်မျှ နှိုင်းယှဉ်၍ မရနိုင်ကြောင်း သူတို့ ယုံကြည်ထားကြသည်။

သူတို့ကို ကွေ့ပတ်၍ ကုအန်က သူ၏ အခန်းဆီသို့ လျှောက်သွားရင်း ပြောလိုက်သည်။

"ငါက နာမည်ကြီးချင်တာ မဟုတ်ဘူး... မင်းတို့က အဲဒီလို အချည်းနှီး နာမည်ဂုဏ်သတင်းတွေကို လိုက်စားချင်တယ် ဆိုရင်လည်း နောင်တစ်ချိန် အပြင်ထွက်ပြီး ကိုယ်ပိုင်ဂိုဏ်း တည်ထောင်ဖို့ လွတ်လပ်ခွင့် ရှိပါသေးတယ်..."

ဤစကားကို ကြားသောအခါ ထျန်းချင်နှင့် ထျန်းပိုင်တို့ တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြပြီး ကုအန်ကို ထပ်မံ ဖျောင်းဖျရန် မရဲကြတော့ချေ။

ရတနာဖန်တီးမှု မီးဖို ရှေ့တွင် ရှိနေသော ရှန်းကျန်က သူတို့ကို တစ်ချက် ကြည့်၍ ခေါင်းအနည်းငယ် ခါလိုက်သော်လည်း ဘာမှ မပြောခဲ့ပေ။

သက်တမ်းတာအိုနယ်မြေ အတွင်းရှိ တပည့်များပင်လျှင် နာမည်ဂုဏ်သတင်းနှင့် အကျိုးအမြတ်များကို စတင် ရှာဖွေနေကြပြီ ဖြစ်ရာ လောကကြီးက ပဋိပက္ခများထဲသို့ ထပ်မံ ရောက်ရှိသွားဖွယ် ရှိနေပုံရ၏။

ဤသို့ တွေးမိသောအခါ အကြောင်းနှင့်အကျိုး လမ်းစဉ်ကို အချိန်ကြာမြင့်စွာ လေ့လာထားသော ရှန်းကျန်က လောကရှိ ကံကြမ္မာ ရွေ့လျားမှုများ အပေါ် ပိုမို နက်ရှိုင်းသော သိမြင်နားလည်မှုများကို ရရှိသွားလေသည်။

လောကကြီးကို ပြန်လည် ပုံဖော်ခဲ့သည်မှာ နှစ်ပေါင်း တစ်သိန်း နီးပါး ရှိခဲ့ပြီ ဖြစ်သည်။ အစောပိုင်းက မူလဘူတ လူသားမျိုးနွယ်တို့ကြောင့် လူသားကမ္ဘာတွင် ဖြစ်ပေါ်ခဲ့သော ကပ်ဘေးများမှလွဲ၍ ငြိမ်းချမ်းသော နောက်ခံ အခြေအနေက အမြဲတမ်း လွှမ်းမိုးထားခဲ့၏။ သို့သော်လည်း လူသားတို့၏ စိတ်နှလုံးများက ဂနာမငြိမ် ဖြစ်တတ်ကြပြီး အငြင်းပွားမှုများက ရှောင်လွှဲ၍ မရနိုင်အောင် ဖြစ်ပေါ်လာပေလိမ့်မည်။

သို့သော် လောကကြီး ဖရိုဖရဲ ဖြစ်သွားလျှင်တောင် ၎င်းက သူမနှင့် ဘာများ သက်ဆိုင်နေမည်နည်း။

ရှန်ကျန်းက သူမ၏ အတွေးများကို ရုပ်သိမ်းလိုက်ပြီး မဟာတာအိုကို ဆက်လက် လေ့လာ တွေးတောနေလိုက်၏။

ထိုနေရာတွင် အတန်ကြာ ရပ်နေပြီးနောက် ထျန်းချင်နှင့် ထျန်းပိုင်တို့က ထျန်းဟုန် ဧကရာဇ်ကို ငြင်းပယ်ရန် ချမ့်ခွန်းဂိုဏ်းသို့ ထွက်သွားကြသည်။

သူတို့က ညမိုးချုပ်သည်အထိ စောင့်ဆိုင်းနေခဲ့ကြ၏။

မိန်းကလေး နှစ်ယောက် ပြန်လာပြီး တောအုပ်ထဲမှ လျှောက်လာကာ စမ်းချောင်းလေး တစ်ခု ရှေ့တွင် ရပ်တန့်လိုက်ကြသည်။ ထျန်းချင်က ခေါင်းလှည့်၍ နောက်ဘက်သို့ စောင်းငဲ့ကြည့်ကာ ပြောလိုက်၏။ "ပြန်သွားပါတော့... ရှေ့ဆက်တိုးရင် ဝူရှီထဲကို ခွင့်ပြုချက်မပါဘဲ ဝင်ရောက်တာ ဖြစ်သွားလိမ့်မယ်"

တောအုပ် နက်နက်ထဲမှ ပုံရိပ်တစ်ခု ထွက်ပေါ်လာ၏။ မျက်ခုံးများကြားမှ ဂုဏ်မာနကို ဖုံးကွယ်မထားနိုင်သော၊ ထူးကဲသည့် ဟန်ပန် ရှိပြီး အပြာရောင် ဝတ်စုံကို ဝတ်ဆင်ထားသော ရုပ်ရည်ချောမောသည့် အမျိုးသား တစ်ဦး ဖြစ်သည်။

သူကား အခြားသူ မဟုတ်ဘဲ တာအိုခုံရုံး၏ လက်ရှိ ပထမ ပါရမီရှင် ထျန်းဟုန် ဧကရာဇ်ပင် ဖြစ်၏။

ထျန်းဟုန် ဧကရာဇ်က မိန်းကလေး နှစ်ယောက်ကို ကြည့်၍ ပြောလိုက်သည်။ "ကျွန်တော် ဝူရှီထဲကို အတင်း ဝင်မလာပါဘူး... ဆရာသခင်ဓားအရှင်ကို ကျွန်တော့်ရဲ့ ပြတ်သားတဲ့ ဆုံးဖြတ်ချက်ကို သက်သေပြချင်ရုံ သက်သက်ပါ..."

ထျန်းချင်နှင့် ထျန်းပိုင်တို့က စမ်းချောင်းကို ဖြတ်ကူးသွားပြီးနောက် ထျန်းဟုန် ဧကရာဇ်ကို မျက်နှာမူရန် လှည့်လိုက်ကြ၏။

ထျန်းဟုန် ဧကရာဇ်က စမ်းချောင်း အနီးသို့ ချဉ်းကပ်လာပြီး သူ၏ ဝတ်ရုံကို မ၍ ထိုနေရာ၌ပင် ဒူးထောက်ချလိုက်သည်။

ဤသည်ကို မြင်သောအခါ မိန်းကလေး နှစ်ယောက်၏ မျက်လုံးများထဲတွင် ဝမ်းသာမှု အရိပ်အယောင်များ ဖြတ်ပြေးသွား၏။ ထျန်းဟုန် ဧကရာဇ်ကို သူတို့ ငြင်းပယ်ခဲ့သော်လည်း ဝူရှီ၏ နာမည် ပိုမို ပြန့်နှံ့သွားစေရန် သူ၏ ကဲ့သို့သော ပြိုင်ဘက်ကင်း ပါရမီရှင်မျိုးကို ဝူရှီတွင် ရှိစေချင်သည်ဟု သူတို့၏ ရင်ထဲ၌ မျှော်လင့်နေကြဆဲ ဖြစ်သည်။ ကုအန်ကို သူတို့ မလွန်ဆန်ရဲသဖြင့် ထျန်းဟုန် ဧကရာဇ်က သူ၏ ကိုယ်ပိုင် ကြိုးစားအားထုတ်မှုဖြင့် ကုအန်ကို စည်းရုံးနိုင်လိမ့်မည်ဟုသာ မျှော်လင့်နိုင်တော့သည်။

ထျန်းပိုင်က သတိပေးလိုက်သည်။ "ခွင့်ပြုချက် မရှိဘဲ ဒီမြစ်ကို ဖြတ်ကူးမယ်ဆိုရင် ဝူရှီထဲ ဝင်ခွင့် ဆုံးရှုံးသွားရုံတင် မကဘူး... ပြန်လည် ကုစားလို့ မရနိုင်တဲ့ ဘေးဒုက္ခနဲ့လည်း ရင်ဆိုင်ရလိမ့်မယ်..."

မြစ်ရှေ့တွင် ဒူးထောက်နေသော ထျန်းဟုန် ဧကရာဇ်က ရင်ကော့၍ ခေါင်းမော့လိုက်ရာ သူ၏ မျက်နှာ အမူအရာက ပြတ်သားနေ၏။ သူ ပြန်မဖြေခဲ့သော်လည်း သူ၏ ပြတ်သားသော ဆုံးဖြတ်ချက်ကို ထုတ်ဖော် ပြသနေပြီး ဖြစ်သည်။

ထျန်းချင်နှင့် ထျန်းပိုင်တို့ လှည့်ထွက်သွားကြပြီး ညအမှောင်ထဲတွင် ပျောက်ကွယ်သွားကြသည်။

ညကောင်းကင်ယံ အောက်တွင် တောင်တန်းများနှင့် တောအုပ်များက တိတ်ဆိတ် ငြိမ်သက်နေပြီး တစ်ခါတစ်ရံ ကြားရသော အင်းဆက်တို့၏ အသံများက ထျန်းဟုန် ဧကရာဇ်၏ စိတ်ကို ငြိမ်းချမ်းသွားစေသည်။

လက်ရှိတွင် လောက၏ ထိပ်တန်း ပါရမီရှင် အဖြစ် သတ်မှတ်ခံထားရသော်လည်း ဤသည်က သူ၏ ရွေးချယ်မှု ဖြစ်သဖြင့် ထျန်းဟုန် ဧကရာဇ်က အရှက်ရမှု တစ်စုံတစ်ရာကိုမျှ မခံစားရချေ။

လွန်ခဲ့သော နှစ်ပေါင်း ထောင်ချီက အမှတ်ဉာဏ်များက သူ၏ စိတ်ထဲတွင် ပေါ်လာ၏။

သူ လောကတစ်ခွင် လှည့်လည်သွားလာရင်း ထိုက်ချန်း တိုက်ကြီး ဟု ခေါ်သော နေရာတစ်ခုသို့ ရောက်ရှိခဲ့သည်။ အဓိပတိ ဂိုဏ်းကို အမတ တစ်ပါးက ကောင်းချီးပေးခဲ့ဖူးကြောင်း ကြားသိရသဖြင့် သူ ထိုနေရာသို့ သွားရောက် စူးစမ်းခဲ့သည်။

ကောင်းကင်ဖာထေးစင်မြင့် ပေါ်သို့ တက်လှမ်း၍ ပုဆိန်ကို ကိုင်လိုက်သည့် အချိန်ကျမှသာ သူ သိရှိသွားခဲ့ခြင်း ဖြစ်သည်။

ခဏတာ အံ့အားသင့်သွားပြီးနောက် သူ၏ စိတ်ထဲတွင် အတွေးတစ်ခု ခိုင်မာသွား၏။

ဤအမွေအနှစ်ကို သူ သေချာပေါက် ရယူရပေမည်။

ကောင်းကင်ခွဲ ပုဆိန်ကို မှမနိုင်သဖြင့် သူက ဆရာသခင်ဓားအရှင်ကိုသာ လိုက်လံ ရှာဖွေနိုင်တော့၏။ သူ တာအိုခုံရုံးသို့ ပြန်သွားပြီး ခုံရုံး၏ အင်အားကို အသုံးပြု၍ နောက်ဆုံးတွင် အရှင်သခင်က ဝိညာဉ်ကိုးပါး တိုက်ကြီး အတွင်း၌ ပုန်းအောင်းနေကြောင်း ရှာဖွေ တွေ့ရှိခဲ့သည်။

တာအိုခုံရုံးမှ ခွဲထွက်ရန် သူက ဝိညာဉ်ကိုးပါး တိုက်ကြီးသို့ ချက်ချင်း မသွားခဲ့ပေ။ ယင်းအစား သူက တာအိုခုံရုံးသို့ ကျေးဇူးဆပ်သည့် အနေဖြင့် နှစ်ထောင်ပေါင်းများစွာ အချိန်ယူ၍ တာအိုခုံရုံး၏ တာဝန်များကို စိတ်အားထက်သန်စွာ ပြီးမြောက်အောင် ထမ်းဆောင်ပေးခဲ့လေသည်။

သူ၏ ဆန္ဒက တာအိုခုံရုံး၏ အရှင်သခင် ယွမ်စုန်ကျီ၏ အာရုံစိုက်မှုကိုလည်း ရရှိခဲ့ပြီး သူ၏ ပြတ်သားသော ဆုံးဖြတ်ချက်ကို နားလည်သွားပြီးနောက် ထောက်ခံအားပေးကြောင်း ပြောဆိုခဲ့သည်။

ယွမ်စုန်ကျီက ဆရာသခင်ဓားအရှင်၏ စွမ်းအားကို ထျန်းဟုန် ဧကရာဇ်ထက် ပို၍ ကောင်းစွာ သိရှိထား၏။ ယွမ်စုန်ကျီ၏ အမြင်တွင် ဆရာသခင်ဓားအရှင်၏ နောက်သို့ လိုက်၍ ကျင့်ကြံခြင်းဖြင့် ထျန်းဟုန် ဧကရာဇ်က ပိုမို ကြီးမားသော ပါရမီကို ပြသနိုင်မည် ဖြစ်ပြီး ထျန်ဟောင်ကို အမှန်တကယ် ကျော်လွန်သွားနိုင်လိမ့်မည် ဖြစ်သည်။

သူ၏ ဂိုဏ်းမှ ထောက်ခံမှု ရရှိထားသဖြင့် ထျန်းဟုန် ဧကရာဇ်က ဤခရီးစဉ်နှင့် ပတ်သက်၍ ပိုမို ပေါ့ပါးသွားသလို ခံစားခဲ့ရ၏။ အခက်အခဲများနှင့် ကြုံတွေ့ရမည်ကို သူ ကြိုတင် မျှော်လင့်ထားပြီး ဖြစ်ရာ သူ အလျင်စလို မဖြစ်ခဲ့ပေ။

လက်ရှိ သူ၏ အနေအထားအရ စောင့်ဆိုင်းရခြင်းက ပျော်ရွှင်စရာ ကောင်းနေပြီး သူ၏ စိတ်နှလုံးထဲတွင် အဆုံးမဲ့ မျှော်လင့်ချက်များဖြင့် ပြည့်နှက်နေ၏။ ဤည တစ်ညလုံး သူ ပျော်ရွှင်နေခဲ့သည်။

နေ့ရက်များ ကုန်လွန်သွား၏။

ထျန်းချင်၊ ထျန်းပိုင်နှင့် ဝိညာဉ်ကြွက်ဖြူတို့က တစ်ခါတစ်ရံ သူ၏ ဘေးမှ ဖြတ်သွားတတ်ကြသော်လည်း သူက မတုန်မလှုပ်ဘဲ မြစ်ရှေ့တွင် ဒူးထောက်နေဆဲ ဖြစ်သည်။

ဆယ်နှစ်တိတိ ဒူးထောက်ပြီးနောက်တွင်လည်း သူ၏ စိတ်အခြေအနေက တည်ငြိမ်နေဆဲ ဖြစ်၏။

သို့သော်လည်း သူ နှစ်ရာပေါင်းများစွာ ဒူးထောက်ခဲ့ပြီးနောက် ဆရာသခင်ဓားအရှင် ကို မမြင်တွေ့ရသေးချိန်တွင် သူ၏ စိတ်နှလုံးထဲ၌ နောက်ဆုံးတွင် စိုးရိမ်ပူပန်မှုများ စတင် ထွက်ပေါ်လာတော့သည်။

သူက အရာအားလုံးကို စွန့်လွှတ်၍ ပြတ်သားသော ဆုံးဖြတ်ချက်ဖြင့် လာခဲ့ခြင်း ဖြစ်သည်။ အကယ်၍ သူသာ ဆရာသခင်ဓားအရှင်၏ လက်အောက်တွင် တပည့် တစ်ဦး အဖြစ် မဝင်ရောက်နိုင်ခဲ့ပါက တာအိုခုံရုံးကို မည်သို့ မျက်နှာပြရမည်နည်း၊ ဤလောကတွင် သူ၏ နေရာကို မည်သို့ တည်ဆောက်ရမည်နည်း။

ထျန်းဟုန် ဧကရာဇ်၏ စိတ်ထဲသို့ အတွေးပေါင်းစုံ စတင် ဝင်ရောက်လာပြီး သူ၏ လက်များက ဒူးကို ဆုပ်ကိုင်ကာ အားအနည်းငယ် ညှစ်လိုက်၏။

အခန်း ၆၇၀ နှစ်တစ်သောင်းတိုင် ဒူးထောက်ခြင်း

ထျန်းဟုန် ဧကရာဇ်၏ စိတ်နှလုံးထဲတွင် ဖရိုဖရဲ ဖြစ်နေ၏။ သူ၏ အမြင်တွင် နှစ်တစ်ရာ ကုန်လွန်သွားသော်လည်း မည်သည့်အရာမျှ ပြောင်းလဲမသွားခဲ့သော်ငြား သူက ကြီးမားလှသော မလိုမုန်းထားမှု တစ်ခုကို ခံစားနေရသည်။

တပည့် တစ်ဦး အဖြစ် မဝင်ရောက်နိုင်ခဲ့ဘဲ တာအိုခုံရုံးသို့ ပြန်သွားရပါက သူ ရင်ဆိုင်ရမည့် အခြေအနေကို သူ စိတ်ကူးမယဉ်ရဲချေ။ တာအိုခုံရုံးကို မဆိုထားနှင့် ချန်းခွန်းဂိုဏ်းသို့ သူ လာရောက်ခဲ့စဉ်က ချန်းခွန်းဂိုဏ်းမှ တပည့် မည်မျှက သူ့ကို စောင့်ကြည့်နေခဲ့ကြသနည်း။

ပိုတွေးလေလေ သူ ပို၍ စိုးရိမ်ပူပန်လာလေလေ ဖြစ်ပြီး သူ၏ စိတ်နှလုံးထဲတွင် ဒေါသတရားများပင် ဖြစ်ပေါ်လာ၏။ ဤဒေါသက မည်သူ့ကို ရည်ရွယ်နေမှန်း သူ့ကိုယ်သူပင် မပြောနိုင်လောက်အောင် ရှုပ်ထွေးနေသည်။

ဆရာသခင်ဓားအရှင် ကို မုန်းတီးရမည်လား။ သို့သော်လည်း ဆရာသခင်ဓားအရှင် အနေဖြင့် သူ့ကို လက်ခံရန် အကြောင်းပြချက်၊ သို့မဟုတ် တာဝန် မရှိပေ။ အပြစ်တင်စရာ လူရှိလျှင် သူ၏ ကိုယ်ပိုင် ပါရမီ မလုံလောက်မှုသာ ဖြစ်၏။

ဆရာသခင်ဓားအရှင် က ထျန်ဟောင်ကို တပည့်အဖြစ် လက်ခံခဲ့ပြီး ထျန်ဟောင်က သူ့မတိုင်မီ ခေတ်ကာလ၏ အထွတ်အထိပ် ပါရမီရှင် ဖြစ်ခဲ့သည်။

သူ မမွေးဖွားမီကတည်းက ထျန်ဟောင် ပျောက်ကွယ်သွားခဲ့သဖြင့် သူက ထျန်ဟောင်ကို တစ်ခါမျှ အနိုင်မယူဖူးသောကြောင့် သူ့ကို ခေတ်အဆက်ဆက် အစွမ်းအထက်ဆုံး ပါရမီရှင်ဟု မယုံကြည်သူများ အမြဲတမ်း ရှိနေခဲ့၏။

မူလဘူတ လူသားမျိုးနွယ်တို့၏ ကပ်ဘေးအပြီးတွင် ထျန်ဟောင်သည် ဆရာသခင်ဓားအရှင်၏ တပည့် ဖြစ်ကြောင်း အားလုံး သိသွားကြရာ ထျန်ဟောင်ကို ပို၍ပင် ဒဏ္ဍာရီဆန်သွားစေခဲ့သည်။

ထျန်ဟောင် ပျောက်ကွယ်သွားသောအခါ လူများက လောကရှိ ပါရမီရှင်များကို ဖိနှိပ်ရန် သူ့ကို အသုံးပြုလေ့ ရှိကြ၏။တကယ်တမ်းတွင် ထျန်ဟောင် ရှိနေစဉ်ကလည်း ယနေ့ ထျန်းဟုန် ဧကရာဇ် ရင်ဆိုင်နေရသော တူညီသည့် သံသယများကို ခံစားခဲ့ရဖူးသည်။

သို့သော် မည်သို့ပင် ဖြစ်စေ ထျန်ဟောင်ကို အနိုင်မယူနိုင်သရွေ့ ထျန်းဟုန် ဧကရာဇ် အနေဖြင့် သူ့ကိုယ်သူ ခေတ်အဆက်ဆက် အကြီးကျယ်ဆုံးသော ပါရမီရှင်အဖြစ် အမှန်တကယ် မှတ်ယူနိုင်မည် မဟုတ်ချေ။

ထျန်းဟုန် ဧကရာဇ်၏ အတွေးများက ထိန်းချုပ်၍ မရနိုင်အောင် လွင့်မျောနေခဲ့သည်။ အသိတရားက နှစ်တစ်ရာ ဆိုသည်မှာ ဘာမျှ မဟုတ်ကြောင်း သူ့ကို သတိပေးနေသော်လည်း သူက ဆက်လက်၍ တွေးတောမနေဘဲ မနေနိုင်ခဲ့ချေ။

မြစ်ငယ်လေး ဘေးတွင် ဒူးထောက်ရင်း ရေပြင်ထက်မှ သူ၏ ကိုယ်ပိုင် ပုံရိပ်ကို ကြည့်ကာ ထျန်းဟုန် ဧကရာဇ်က ရုတ်တရက် အလွန် အားနည်းနေသည်ဟု ခံစားလိုက်ရပြီး လောက၏ နံပါတ်တစ် ပါရမီရှင် ဟူသော ဘွဲ့နာမည်နှင့် အမှန်တကယ် မထိုက်တန်ဟု ခံစားလိုက်ရသည်။

ထိုအခိုက်အတန့်မှာပင် တစ်ဘက်ကမ်းရှိ တောအုပ် နက်နက်ထဲမှ ပုံရိပ်တစ်ခု ထွက်ပေါ်လာသည်ကို သူ မြင်လိုက်ရသည်။ ထိုသူ၏ မျက်နှာကို သူ သေချာ မြင်လိုက်ရသောအခါ သူ၏ မျက်နှာပေါ်တွင် ရှုပ်ထွေးသည့် အမူအရာ ပေါ်လာ၏။

ထိုသူက ထျန်းချင်လည်း မဟုတ်သကဲ့သို့ ထျန်းပိုင်လည်း မဟုတ်ပေ။

ဤအမျိုးသမီးကို သူ တစ်ခါမျှ မမြင်ဖူးခဲ့ချေ။

အသစ်ရောက်လာသူမှာ အန်ရှင်း ဖြစ်၏။

သိမ်မွေ့သော အလှဖြင့် စိမ်းပြာရောင် ဝတ်စုံကို ဝတ်ဆင်ထားသော အန်ရှင်း၏ မျက်လုံးများနှင့် မျက်ခုံးများက အေးစက်ကာ ခပ်ကင်းကင်း နေတတ်သည့်ပုံ ပေါ်ပြီး တောင်တန်းများပေါ်တွင် အေးချမ်းစွာ နေထိုင်သော နတ်မိမယ် တစ်ပါးနှင့် တူနေ၏။ လောကီအညစ်အကြေး ကင်းစင်နေသော သူမ၏ ချီစွမ်းအင် အငွေ့အသက်များက ထျန်းဟုန် ဧကရာဇ်၏ အကြည့်များကို ပြောင်းလဲသွားစေသည်။

အန်ရှင်းက ထျန်းဟုန် ဧကရာဇ်ကို မြင်သော်လည်း သူမ၏ အမူအရာက အမြဲတမ်းလိုလို အေးစက်နေဆဲ ဖြစ်၏။ သူမက မြစ်ရှေ့သို့ လျှောက်လာပြီး ရပ်တန့်လိုက်သည်။ သူမ၏ အကြည့်များက ထျန်းဟုန် ဧကရာဇ် အပေါ်သို့ ကျရောက်သွားပြီး သူမ၏ မျက်လုံးများထဲတွင် မည်သည့် ခံစားချက်မျှ ရှိမနေပေ။

"မင်းက တာအိုခုံရုံးရဲ့ နံပါတ်တစ် ပါရမီရှင် ဖြစ်ပြီး လက်ရှိ လောကမှာ အစွမ်းအထက်ဆုံးသူလို့ ငါ ကြားတယ်... ငါတို့ နှစ်ယောက်စလုံးက အံ့ဖွယ်ဓမ္မအမတတွေပဲ... ငါတို့ သိုင်းပြိုင်ကြည့်ကြမလား..."

အန်ရှင်းက ငြင်းပယ်ခွင့် မပြုသည့် လေသံဖြင့် ပြောလိုက်၏။

ထျန်းဟုန် ဧကရာဇ်က မျက်မှောင်ကြုတ်၍ မေးလိုက်သည်။

"တာအိုမိတ်ဆွေက ဝူရှီရဲ့တပည့်လားလို့ မေးလို့ ရမလား..."

အန်ရှင်းက ပြန်ဖြေလိုက်၏။ "ငါက ဝူရှီရဲ့ ထိပ်တန်း တပည့်လို့ သတ်မှတ်ခံထားရတယ်... မင်း ငါ့ကို အနိုင်ယူနိုင်ရင် ဝူရှီကို ဝင်ခွင့်ရဖို့ အရည်အချင်း ပြည့်မီလိမ့်မယ်..."

ဤသည်ကို ကြားသောအခါ ထျန်းဟုန် ဧကရာဇ်၏ မျက်လုံးများတွင် ကြမ်းတမ်းသော အလင်းတန်းများ တောက်ပသွား၏။

နှစ်တစ်ရာတိုင်အောင် ဒူးထောက် စောင့်ဆိုင်းနေခဲ့ရသဖြင့် သူ၏ စိတ်အခြေအနေက ဂနာမငြိမ် ဖြစ်နေပြီ ဖြစ်သည်။ အန်ရှင်း၏ ရုတ်တရက် ချဉ်းကပ်လာမှုက သူ အလိုချင်ဆုံး အခွင့်အရေး တစ်ခုနှင့် တူနေ၏။

ဆရာသခင်ဓားအရှင်ကို သူ၏ ပါရမီကို ပြသချင်နေပြီ ဖြစ်သည်။

ထျန်းဟုန် ဧကရာဇ်က မတ်တပ်ရပ်လိုက်ရာ သူ၏ ခြေထောက်များပေါ်မှ ရွှံ့များနှင့် မြက်ပင်များ ပကွာကျသွား၏။ သူ၏ ချီစွမ်းအင် အငွေ့အသက်များက တစ်မုဟုတ်ချင်း ပြောင်းလဲသွားပြီး ကြမ်းတမ်းသော လေပြင်းများ တိုက်ခတ်လာကာ ပတ်ဝန်းကျင်ရှိ သစ်ပင်များကို ပြင်းပြင်းထန်ထန် ယိမ်းထိုးသွားစေသည်။

"ဘယ်နေရာမှာ ပြိုင်ကြမလဲ..."

ထျန်းဟုန် ဧကရာဇ်က မေးလိုက်ရာ သူ၏ ပြင်းထန်သော အကြည့်များက လွှမ်းမိုးနိုင်စွမ်း ရှိနေပြီး သူ၏ ဆံပင်များက မီးတောက်များကဲ့သို့ ရူးသွပ်စွာ ကခုန်နေ၏။

အန်ရှင်း၏ မျက်လုံးများတွင် ခရမ်းရောင် အလင်းတန်းများ လက်လာပြီး သူမက ခံစားချက် ကင်းမဲ့စွာဖြင့် ပြန်ဖြေလိုက်သည်။ "တခြားနေရာကို သွားစရာ မလိုပါဘူး... ဒီနေရာမှာပဲ ရပြီ... မြန်မြန် ပြီးသွားမှာပါ..."

ထျန်းဟုန် ဧကရာဇ်မှာ အရှက်ရသွားသကဲ့သို့ ခံစားလိုက်ရပြီး သူ၏ ဝတ်ရုံများက လွင့်ဖောင်းလာကာ သူ၏ အတွင်းမှ ကြောက်မက်ဖွယ်ရာ ချီစွမ်းအင်များ ထွက်ပေါ်လာ၏။

တစ်ချိန်တည်းမှာပင် ချမ့်ခွန်းဂိုဏ်းပိုင် တည်းခိုခန်း တစ်ခု အတွင်း၌ ကုအန်က အသားနှင့် အရက်ကို နှစ်သက်သော သူ၏ မိတ်ဆွေများနှင့်အတူ သောက်စားနေစဉ် အဝေးမှ ကြောက်မက်ဖွယ် ချီစွမ်းအင် တစ်ခုကို ရုတ်တရက် ခံစားလိုက်ရသည်။

ဤအရက်ဖော် အသားဖော် ချိုးကျို အမည်ရသော မိတ်ဆွေက အံ့ဩ သံသယဖြစ်စွာဖြင့် ရေရွတ်လိုက်၏။ "ဂိုဏ်းထဲမှာ တစ်ယောက်ယောက် ပြဿနာ လာရှာနေတာများလား..."

ယနေ့ခေတ် ချမ့်ခွန်းဂိုဏ်းက တာအိုခုံရုံးနှင့် နှိုင်းယှဉ်ရန် များစွာ ကွာဟနေသော်လည်း သာမန် တပည့်များ၏ အမြင်တွင် ချမ့်ခွန်းဂိုဏ်းက နယ်မြေ တစ်ခုကို စိုးမိုးထားသည့် အစစ်အမှန် အင်အားကြီး အဖွဲ့အစည်း တစ်ခု ဖြစ်၏။ ချမ့်ခွန်းဂိုဏ်း အတွင်း၌ ပြဿနာ လာရှာရဲသူ မည်သူမဆို အမှန်တကယ်ပင် သေလမ်းရှာနေခြင်း ဖြစ်သည်။

ကုအန်က ရယ်မော၍ ပြောလိုက်သည်။ "ဂိုဏ်းထဲမှာ ဖြစ်နေတာဆိုတော့ ဘာလို့ စိုးရိမ်နေရမှာလဲ... ဆက်သောက်ကြတာပေါ့... ပြီးတော့ ရီလန်ရဲ့ ကိစ္စတွေကို ဆက်ပြောပြပါဦး..."

ဂိုဏ်းချုပ် ရီချင်းရှန်၏ မျိုးဆက် ဖြစ်သော ရီလန်မှာ ရီမိသားစု အတွင်းတွင် ပါရမီပိုင်း၌ ထူးချွန်သည်ဟု မသတ်မှတ်နိုင်သော်လည်း သူ၏ လွတ်လပ်ပြီး အနှောင်အဖွဲ့ ကင်းသော စရိုက်ကြောင့် အတင်းအဖျင်း ပြောစရာ ဖြစ်လာမည့် ကိစ္စများကို အမြဲတမ်း လုပ်ဆောင်နိုင်စွမ်း ရှိ၏။

ချိုးကျိုက ကုအန်၏ စကားကို သဘာဝကျသည်ဟု တွေးလိုက်ပြီး ရီလန်၏ အချစ်ရေး ဇာတ်လမ်းများကို ဆက်လက် ပြောပြလေသည်။

ကြောက်မက်ဖွယ်ရာ ချီစွမ်းအင်က ရုတ်တရက် ပေါ်လာပြီး ထိုမျှပင် လျင်မြန်စွာ ပျောက်ကွယ်သွား၏။ ဖြစ်စဉ် တစ်ခုလုံးက အသက်ဆယ်ရှိုက်စာပင် မကြာလိုက်သဖြင့် မြို့အသီးသီးရှိ ချမ့်ခွန်းဂိုဏ်း တပည့်များ ကြားတွင် ခန့်မှန်း ပြောဆိုမှုများစွာ ဖြစ်ပေါ်သွားစေသည်။

တောအုပ်ထဲတွင် ထျန်းဟုန် ဧကရာဇ်က မြစ်ရှေ့တွင် ဒူးတစ်ဖက် ထောက်နေပြီး လက်တစ်ဖက်က သူ၏ ဒူးကို ထောက်ထားကာ ကျန်လက်တစ်ဖက်က သဘာဝအတိုင်း တွဲကျနေ၏။ ချွေးအေးများ ပြန်ကာ သွေးကြောများ ယှက်သန်းနေသော မျက်လုံးများဖြင့် သူက အပေါ်သို့ မော့ကြည့်ရန် ခက်ခဲစွာ အားယူလိုက်ရသည်။

အန်ရှင်းက မြစ်၏ တစ်ဘက်ကမ်းတွင် သူနှင့် တစ်ကျန်းခန့် အကွာ၌ ရပ်နေပြီး သူမ၏ ခရမ်းရောင် သူငယ်အိမ်များက ထူးဆန်းသော တောက်ပမှုများကို တဖြည်းဖြည်း ရုပ်သိမ်းလိုက်၏။

အံ့ဩမှုနှင့် ထိတ်လန့်မှုများ ပြည့်နှက်နေသော ထျန်းဟုန် ဧကရာဇ်၏ မျက်နှာနှင့် နှိုင်းယှဉ်လျှင် အန်ရှင်း၏ အမူအရာက ခံစားချက် ကင်းမဲ့နေဆဲ ဖြစ်သည်။

"ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ... စောစောက ဘယ်လို နတ်ဘုရားစွမ်းရည်မျိုးလဲ" ထျန်းဟုန် ဧကရာဇ်က အံကြိတ်၍ မေးလိုက်သည်။ အထူးသဖြင့် တူညီသော ကျင့်ကြံခြင်းအဆင့် ရှိသူ တစ်ဦး၏ လက်ချက်ဖြင့် ဤမျှ စိတ်ပျက်ဖွယ် ကောင်းလောက်အောင် ရှုံးနိမ့်သွားရခြင်းကို သူ လက်မခံနိုင်ချေ။

အန်ရှင်းက ပြန်ဖြေလိုက်၏။ "ဒါက ငါ့ဆရာ ငါ့ကို သင်ပေးထားတဲ့ နတ်ဘုရားစွမ်းရည်ပဲ... မင်း ဒီအတွက် ဝမ်းနည်းနေစရာ မလိုပါဘူး... ငါတို့က ကျင့်ကြံခြင်းအဆင့် တူပေမဲ့ မင်း မမွေးခင် အကြာကြီး ကတည်းက ငါ ဒီအဆင့်ကို ရောက်နေခဲ့တာ... မင်းရဲ့ ပါရမီက ငါ့ထက် မြင့်မားနေတုန်းပဲ... ဒါပေမဲ့ ဝူရှီထဲကို အလွယ်တကူ ဝင်ခွင့်ရဖို့ဆိုတာ သိပ်လွယ်ကူမနေဘူး"

ဤသို့ပြောပြီးနောက် သူမက ရှေ့သို့ တစ်လှမ်း တိုးလိုက်ပြီး ထျန်းဟုန် ဧကရာဇ်၏ ဘေးမှ ဖြတ်ကာ ချမ့်ခွန်းဂိုဏ်းဘက်သို့ ထွက်သွားလေသည်။

ထျန်းဟုန် ဧကရာဇ်က အောက်သို့ ငုံ့ကြည့်၍ သွားကြိတ်ကာ မေးလိုက်သည်။ "ဆရာသခင်ဓားအရှင်က မင်းကို ဒီလွှတ်လိုက်တာလား"

"သူ့မှာ အဲဒီလောက် အားလပ်ချိန် မရှိဘူး... မင်းရဲ့ တာအိုနှလုံးသားတုန်လှုပ်နေတာကို ငါ အာရုံခံမိလို့ပါ... ရာစုနှစ် တစ်ခုပဲ ရှိသေးတယ်... မင်းက ဆက်မတောင့်ခံနိုင်တော့ဘူး... ဒါက မင်းကို မျှော်လင့်ချက် ထားနေကြတဲ့ တာအိုနယ်မြေထဲက လူတွေကို စိတ်ပျက်သွားစေတယ်... ဘာပဲဖြစ်ဖြစ် ဆုတ်ခွာသွားတာကလည်း ပြဿနာတော့ မဟုတ်ပါဘူး... လောကမှာ လမ်းစဉ်တွေ အများကြီး ရှိတယ်... မင်းက ဝူရှီထဲကို မဖြစ်မနေ ဝင်ရမယ်လို့မှ မဟုတ်တာ"

အန်ရှင်းက ခြေလှမ်းများကို မရပ်တန့်ဘဲ ပြောလိုက်ရာ သူမ၏ ပုံရိပ်က အဝေးတွင် တဖြည်းဖြည်း ပျောက်ကွယ်သွား၏။

ဤသည်ကို ကြားသောအခါ ထျန်းဟုန် ဧကရာဇ်၏ သူငယ်အိမ်များ ကျယ်လာပြီး သူ၏ စိတ်နှလုံးထဲတွင် အရှက်ရမှု အရိပ်အယောင်များ လွှမ်းမိုးသွားသည်။

အမှန်ပင်။ ရာစုနှစ် တစ်ခုမျှသာ ရှိသေး၏။ ကျင့်ကြံသူများ အတွက် ရာစုနှစ် တစ်ခု ဆိုသည်မှာ ဘာများ ဖြစ်ပါသနည်း။

အစောပိုင်း တိုက်ပွဲ၏ အမှတ်ဉာဏ်များက ထျန်းဟုန် ဧကရာဇ်၏ စိတ်ထဲတွင် လျှပ်တစ်ပြက် ပေါ်လာပြီး သူ၏ မျက်လုံးများက ပြင်းပြလာ၏။

ဤမျှ အစွမ်းထက်သော ဝူရှီ တပည့်များ ရှိနေခြင်းက ဝူရှီ၏ နက်ရှိုင်းသော အမွေအနှစ်များကို သက်သေပြနေခြင်းပင် ဖြစ်လေသည်။

နှစ်တစ်ထောင်၊ သို့မဟုတ် နှစ်တစ်သောင်း ကြာမည် ဆိုလျှင်တောင် သူက ဝူရှီထဲသို့ သေချာပေါက် ဝင်ရောက်ရပေမည်။

ထျန်းဟုန် ဧကရာဇ်က ကျောကို မတ်လိုက်ပြီး နောက်တစ်ကြိမ် ပြန်လည် ဒူးထောက်လိုက်၏။ ဤတစ်ကြိမ်တွင် သူ၏ ယခင်က စိတ်မရှည်မှုများကို ဖယ်ရှားလိုက်ပြီး သူ၏ အကြည့်များက ပထမဆုံး ရောက်ရှိလာစဉ်ကဲ့သို့ ခိုင်မာ ပြတ်သားမှုများထံသို့ ပြန်လည် ရောက်ရှိသွားသည်။

လေပြေလေး တစ်သုတ် ဖြတ်တိုက်သွားပြီး သူ၏ နားရွက်ဘေးမှ ဆံပင်များကို ပင့်တင်သွား၏။ လေတိုက်သံများ ကြားတွင် ဆရာသခင် ဓားအရှင်က သူ့ကို လှမ်းခေါ်နေသကဲ့သို့ သူ ကြားလိုက်ရသည်။

"တပည့်" ဟူသော စကားလုံးကို လှမ်းခေါ်နေသကဲ့သို့ ဖြစ်၏။

ထျန်းဟုန် ဧကရာဇ်၏ နှုတ်ခမ်းများက အပေါ်သို့ ကွေးတက်သွား၏။ အန်ရှင်း၏ စွမ်းအားက သူ့ကို ဝူရှီ အပေါ် ပို၍ တောင့်တသွားစေသောကြောင့် ဖြစ်သည်။

နှစ်များက လျင်မြန်စွာ ကုန်လွန်သွား၏။ နောက်ထပ် နှစ်ပေါင်း သောင်းချီ ကုန်လွန်သွားသောအခါ ထျန်းဟုန် ဧကရာဇ် ရှိနေသော တောအုပ်က မပြောင်းလဲသွားသကဲ့သို့ ဖြစ်နေပြီး လောကနှင့် အဆက်အသွယ် ပြတ်တောက်နေကာ ကောင်းကင်နှင့် မြေကြီး၏ နိယာမများ၏ သက်ရောက်မှု မခံရသည့်အလား ဖြစ်နေသည်။

ထျန်းဟုန် ဧကရာဇ်၏ ဝတ်စားဆင်ယင်မှုတွင် မည်သည့် အပြောင်းအလဲမျှ မရှိသော်လည်း သူ၏ ဆံပင်များက ပိုရှည်လာပြီး မုတ်ဆိတ်မွေးများက မြေကြီးပေါ်သို့ ရောက်ရှိနေ၏။

သူက မျက်လုံးများကို မှိတ်ထားပြီး သူ၏ တစ်ကိုယ်လုံးမှ ဆန်းကြယ် နက်နဲသော ချီစွမ်းအင် အငွေ့အသက်များ ဖြာထွက်နေသည်။

မလှမ်းမကမ်းရှိ သစ်ကိုင်း တစ်ခုပေါ်တွင် ကုအန်နှင့် အန်ရှင်းတို့ ယှဉ်တွဲ ရပ်နေပြီး ထျန်းဟုန် ဧကရာဇ်ကို စောင့်ကြည့်နေကြ၏။

အန်ရှင်းက စကားစလိုက်သည်။ "ဆရာ... တကယ်လို့ သူ့ကို လက်မခံချင်ဘူး ဆိုရင် ကျွန်မ သူ့ကို မောင်းထုတ်လိုက်ရမလား"

ထျန်းဟုန် ဧကရာဇ်၏ နှစ်ပေါင်း သောင်းချီကြာ ဒူးထောက်နေမှုက သူမကိုသာ စိတ်လှုပ်ရှားစေခဲ့သည် မဟုတ်ပေ။ တာအိုနယ်မြေမှ အခြား တပည့်များလည်း ဤလူ၏ ပြတ်သားသော ဆုံးဖြတ်ချက်ကို သတိပြုမိလာကြပြီး စိတ်လှုပ်ရှားခဲ့ကြရ၏။

လောက၏ နံပါတ်တစ် ပါရမီရှင် အနေဖြင့် ဤနေရာတွင် နှစ်ပေါင်း သောင်းချီတိုင်အောင် စိတ်ရှည်လက်ရှည် ဒူးထောက်နေနိုင်ခြင်းက သူ၏ ဆုံးဖြတ်ချက် မည်မျှ ပြတ်သားသည်ကို စိတ်ကူးယဉ်၍ပင် မရနိုင်ချေ။

All Chapters