အခန်း (၆၇၁-၆၇၂)
Vol. 55 Ch. 671-672
အခန်း ၆၇၁ ကောင်းကင်စီမံကိန်း၊ ဖရိုဖရဲ နာကြည်းချက် လော့
"မလိုဘူး... သူ့ကို တပည့်အဖြစ် လုံးဝ လက်မခံဘူးလို့ ငါ မပြောခဲ့ပါဘူး"
ကုအန်က အောက်ဘက်ရှိ ထျန်းဟုန် ဧကရာဇ်ကို ငုံ့ကြည့်၍ ညင်သာစွာ ပြန်ဖြေလိုက်၏။
ထျန်းဟုန် ဧကရာဇ်ကို တပည့်အဖြစ် လက်မခံခဲ့သည့် အကြောင်းရင်းများမှာ ပထမအချက် အနေဖြင့် သူ့ကို သဘောမကျသောကြောင့် ဖြစ်ပြီး ဒုတိယအချက်မှာ ထျန်းဟုန် ဧကရာဇ်က ထိုက်ရီ အမတအရှင်၏ ကံကြမ္မာ အကြောင်းအကျိုးများ နောက်မှ လိုက်ပါလာသည့် အမတနတ်ဘုရား တစ်ပါး၏ ဝင်စားခြင်း ဖြစ်သောကြောင့် ဖြစ်၏။
သို့သော်လည်း ဝင်စားခြင်းက ကိုယ်ရည်ကိုယ်သွေး အသစ်တစ်ခုကို ဖန်တီးပေးလေသည်။ ထျန်းဟုန် ဧကရာဇ်၏ အတွင်းစိတ် အသံအရ သူက ကုအန်ကို ဆရာအဖြစ် အမှန်တကယ် အသိအမှတ်ပြုလိုကြောင်း ပေါ်လွင်နေ၏။
ကုအန် ချီတုံချတုံ ဖြစ်နေရခြင်း၏ အကြောင်းရင်းမှာ သူ့အနေဖြင့် အဆင့်ချိုးဖျက်ခြင်း အောင်မြင်ပြီးချိန်အထိ စောင့်ဆိုင်း၍ ထိုအခွင့်အရေးကို အသုံးပြုကာ ထျန်းဟုန် ဧကရာဇ်ကို ပိုမို ကြံ့ခိုင်လာစေရန် စမ်းသပ်လိုသောကြောင့် ဖြစ်သည်။
"တကယ်လို့ ထျန်ဟောင်သာ ဒူးထောက်ရမယ်ဆိုရင် နှစ်တစ်ရာလောက် တောင့်ခံနိုင်တာကိုက တော်တော်လေး ကောင်းနေပြီ" အန်ရှင်းက ခံစားချက်ပါပါဖြင့် မှတ်ချက်ချလိုက်၏။
ပါရမီကို ဘေးဖယ်ထားလိုက်လျှင် သူမကိုယ်တိုင်ပင် နှစ်ပေါင်း တစ်သောင်းတိုင်အောင် ဒူးထောက်နိုင်မည် မဟုတ်ဟု သူမ ခံစားမိ၏။
ကုအန်၏ မျက်လုံးများတွင် မည်သည့် အပြောင်းအလဲမျှ မရှိဘဲ ထျန်းဟုန် ဧကရာဇ်ကို စိုက်ကြည့်ရင်း သူ၏ အနာဂတ်ကို စူးစမ်း တွက်ချက်နေလိုက်သည်။
ထျန်းဟုန် ဧကရာဇ်၏ အနီးတွင် ရပ်နေသော်လည်း သူက သူတို့ နှစ်ယောက်ကို သတိမထားမိသေးချေ။
နှစ်ပေါင်း တစ်သောင်းတိုင် ဒူးထောက်ပြီးနောက် ထျန်းဟုန် ဧကရာဇ်က ကိုယ့်ကိုယ်ကိုယ် မေ့လျော့နေသော အခြေအနေ တစ်ရပ်သို့ ရောက်ရှိနေပြီ ဖြစ်၏။ သူက ကောင်းကင်နှင့် မြေကြီး၏ သဘာဝ နိယာမများကို တွေးတောနေသဖြင့် အချိန်၏ နှိပ်စက်မှုများကို မေ့လျော့နေခဲ့သည်။
"ဒါနဲ့ ဆရာ... ဒီရက်ပိုင်း ထျန်ဟောင် အခြေအနေ ဘယ်လိုရှိလဲ" အန်ရှင်းက ကုအန်ဘက်သို့ လှည့်၍ သိချင်စိတ်ပြင်းပြစွာ မေးလိုက်၏။
ဆရာဖြစ်သူက မြူခိုး အမတနန်းတော်၏ အခြေအနေများကို မြင်နိုင်စွမ်း ရှိသည်ဟု သူမ ယုံကြည်ထားသည်။
ကုအန်က ပြုံး၍ ပြောလိုက်သည်။ "ကောင်းတာရော ဆိုးတာရော ရောနေတာပါပဲ... ဘာပဲဖြစ်ဖြစ် သူ မသေနိုင်ပါဘူး"
ဤသည်ကို ကြားသောအခါ အန်ရှင်းမှာ လုံးဝ စိတ်အေးသွားပြီးနောက် လောက၏ ကိစ္စရပ်များ အကြောင်းကို စတင် ပြောဆိုလေတော့၏။
ဤနှစ်များအတွင်း သူမက ချမ့်ခွန်းဂိုဏ်းနှင့် ဆက်ဆံရာတွင် ထျန်းချင်နှင့် ထျန်းပိုင်တို့၏ နေရာ၌ တစ်ခါတစ်ရံ ဝင်ရောက် လုပ်ကိုင်ပေးခဲ့သည်။ မည်သို့ပင်ဆိုစေ ထိုနှစ်ယောက်ကို အမြဲတမ်း အလုပ်များမနေစေနိုင်သကဲ့သို့ သူမကိုယ်တိုင်လည်း အနားယူရန် အချိန်လိုအပ်သောကြောင့် ဖြစ်သည်။
လက်ရှိ လောကကြီးက ထောင်စုနှစ် တစ်ခုတိုင်းတွင် တူညီသော အခြေအနေမျိုး၌ ရှိနေပြီး သူရဲကောင်းများ အမြောက်အမြား ပေါ်ထွက်လာနေသည်ဟု ဆိုနိုင်၏။
အင်အားစု အရေအတွက်များ တိုးပွားလာခြင်းကြောင့် တာအိုခုံရုံး၏ အုပ်ချုပ်မှု စွမ်းအားက အားနည်းလာနေသည်။ တာအိုကို စောင့်ထိန်းသော တာအိုခုံရုံး အနေဖြင့် အခြား အင်အားစုများ ကြီးထွားလာသည်ကို ထိုင်ကြည့်နေရုံမှတစ်ပါး အခြား မရှိခဲ့ပေ။
ပိုမို အစွမ်းထက်သော အင်အားစုများ ထွက်ပေါ်လာသည်နှင့်အမျှ လောက၏ အငြင်းပွားမှုများက သဘာဝကျကျပင် တိုးပွားလာမည် ဖြစ်၏။
သို့သော်လည်း ပြင်ပကောင်းကင်မှ ယူဆောင်လာသော ကပ်ဘေးများနှင့် နှိုင်းယှဉ်လျှင် လောကတွင်းရှိ ပဋိပက္ခများက သေးနုပ်လှသည်။
အန်ရှင်းက လွန်ခဲ့သော နှစ်ပေါင်း တစ်သောင်းအတွင်း တာအိုခုံရုံး၌ ပေါ်ထွက်လာခဲ့သော ပါရမီရှင် တစ်ဦး အကြောင်းကို ပြောပြနေ၏။ တာအိုခုံရုံးတွင် နက်ရှိုင်းသော အမွေအနှစ်များ ရှိနေသည်ကို ငြင်းဆို၍ မရနိုင်ချေ။ ထျန်းဟုန် ဧကရာဇ် ထွက်ခွာသွားပြီးနောက် နှစ်ပေါင်း တစ်သောင်း ကြာသောအခါ နောက်ထပ် နံပါတ်တစ် ပါရမီရှင် တစ်ဦး ထွက်ပေါ်လာခဲ့ပြီး ယခုအခါ လူများက ထိုပါရမီရှင်ကို ဖိနှိပ်ရန် ထျန်းဟုန် ဧကရာဇ်ကို အသုံးပြုနေကြသည်။
"စစ်ပွဲ မဆင်နွှဲဘဲနဲ့ အရှိန်အဝါ ဖန်တီးတာကပဲ တာအိုခုံရုံးရဲ့ အကြွင်းမဲ့ အုပ်ချုပ်ခွင့် အာဏာကို ထိန်းသိမ်းထားနိုင်ပုပဲထင်တယ်" အန်ရှင်းက နောက်ပြောင်သည့် လေသံဖြင့် ပြောလိုက်၏။
ကုအန်က တာအိုခုံရုံးနှင့် ပတ်သက်၍ မှတ်ချက် မပေးခဲ့ချေ။ ရှောင်လန်နှင့် အတူရှိနေရန် တာအိုခုံရုံးတွင် သူ မကြာခဏ နေထိုင်လေ့ရှိသဖြင့် တာအိုခုံရုံးကို အန်ရှင်းထက် သူက ပို၍ နက်နက်ရှိုင်းရှိုင်း နားလည်ထား၏။
ရှောင်လန်က ကောင်းမွန်သော ပါရမီ ရှိပြီး ကုအန်၏ တာအို အလိုဆန္ဒ ထောက်ပံ့မှုဖြင့် သူမက တာအိုခုံရုံး၏ ထိပ်တန်း ပါရမီရှင်များထဲမှ တစ်ဦး အမြဲတမ်း ဖြစ်နေခဲ့သည်။ သို့သော် သူမက လူသိရှင်ကြား ဖြစ်ခြင်းကို မနှစ်သက်သောကြောင့် နံပါတ်တစ် ပါရမီရှင် ဟူသော ဘွဲ့နာမည်က သူမထံသို့ တစ်ခါမျှ မရောက်ရှိခဲ့ချေ။
မကြာသေးမီက တာအိုခုံရုံးသည် အခြား မဟာကမ္ဘာတစ်ထောင်များကို ရှာဖွေရန် ရည်ရွယ်ချက်ဖြင့် ကောင်းကင်စီမံကိန်းကို စတင်ရန် ပြင်ဆင်နေကြ၏။
လောကတွင်းရှိ ဂိုဏ်းများကို ဖိနှိပ်ရန် ရည်ရွယ်ချက် မရှိသဖြင့် သူတို့က ပိုမို အစွမ်းထက်သော စွမ်းအားများနှင့် ပိုမို ကြီးမားသော အရင်းအမြစ်များကို ရှာဖွေရန် ကြိုးပမ်းခဲ့ကြသည်။ ထိုသို့သော ရည်မှန်းချက်များက ထိပ်ပိုင်း ခေါင်းဆောင် အများစုကို ဂုဏ်ယူဝင့်ကြွားစေခဲ့ပြီး သူတို့က လောကရှိ ဂိုဏ်းများထက် ပိုမို မြင့်မားသော အမြင်ရှိကာ လောက၏ ဘုံအရှင်သခင် တစ်ပါး၏ သဘောထားကြီးမှုကို ကိုယ်စားပြုနေသည်ဟု ခံစားခဲ့ကြရသည်။
တာအိုခုံရုံး၏ အကြံအစည်က အတော်လေး ကောင်းမွန်သည်ဟု ကုအန် ထင်မိသည်။ ၎င်းကို ကူညီ အကောင်အထည်ဖော်ပေးရန် ကောင်းကင်စိတ်ဝိညာဉ် နတ်ဘုရားကို တောင်းဆိုရန်ပင် သူ ပြင်ဆင်ထားသည်။
ကောင်းကင်ဝိညာဉ် မဟာကမ္ဘာတွင် မွေးဖွားလာသူ တစ်ယောက် အနေဖြင့် ထိုနေရာတွင် အတိတ်နှင့် မတူညီသော တိုးတက်မှုများ ထွက်ပေါ်လာသည်ကို သူလည်း မြင်တွေ့ချင်နေ၏။
အကယ်၍ ခေတ်ကာလတိုင်းက ပျက်စီးခြင်းဆီသို့သာ ဦးတည်နေမည် ဆိုပါက သက်ရှိအားလုံးကို ကယ်တင်ခဲ့သော ကုအန်၏ ကြိုးပမ်းအားထုတ်မှုများက အချည်းနှီး ဖြစ်သွားပေလိမ့်မည်။
သူ၏ ဆုံးဖြတ်ချက်က တာအိုခုံရုံးကို အထိန်းအကွပ်မဲ့ ကြီးထွားလာစေရန် မဟုတ်သော်လည်း ကျင့်ကြံသူများ အနေဖြင့် အမြဲတမ်း ပိုမို မြင့်မားသော နေရာသို့ တက်လှမ်း၍ မဟာတာအိုကို ရှာဖွေသင့်သည်ဟု သူ ခံစားမိ၏။ ကမ္ဘာဂိတ်တံခါး တည်ရှိနေခြင်းက ကျင့်ကြံသူများ၏ တိုးတက်မှုကို ကန့်သတ်ထားသည့် အတားအဆီး တစ်ခုနှင့် ပိုတူနေသည်။
မည်သို့ပင် ကြည့်စေကာမူ ကမ္ဘာဂိတ်တံခါးက သဘာဝအတိုင်း ဖြစ်တည်နေသည့် အရာတစ်ခုနှင့် မတူချေ။ ဤအခိုက်အတန့်တွင် သူ၏ တာအိုနယ်မြေမှ တပည့်များကို အပြင်ထွက်ခွင့် ပြုသင့်၊ မပြုသင့် ကုအန် စဉ်းစားနေခဲ့၏။ သူ၏ တပည့်များကို တစ်နှစ်ပတ်လုံး တံခါးပိတ် ကျင့်ကြံစေခြင်းမှာ သူတို့၏ စွမ်းအားများကို စုဆောင်းနိုင်ရန် ဖြစ်ပြီး သူတို့၏ လွတ်လပ်ခွင့်ကို ကန့်သတ်ရန် မဟုတ်ပေ။
သူ အစိုးရိမ်ဆုံးသူမှာ ချန်ချွမ် ဖြစ်သည်။
ရှောင်ချွမ်က ချန်ချွမ်အဖြစ် ပထမဆုံး ဝင်စားလာချိန်တွင် သူ့ကို ကျိန်စာတိုက်ထားသည့် လျှို့ဝှက်ဆန်းကြယ်သော ကံကြမ္မာ စွမ်းအားတစ်ခုနှင့် ကြုံတွေ့ခဲ့ရပြီး သူ၏ မိဘများကို သေလုနီးပါး ဖြစ်စေခဲ့သည်။ မူလဘူတ လူသားမျိုးနွယ်များ ပြဿနာ ရှာစဉ်က ချန်ချွမ် အပြင်ထွက်၍ အတွေ့အကြုံ ယူခဲ့သော်လည်း ကျိန်စာ၏ ဒဏ်ကို ထပ်မံ မခံစားခဲ့ရချေ။ ထို့ကြောင့် သူ့ကိုလည်း အပြင်ထွက်ခွင့် ပြုရန် ကုအန် စဉ်းစားခဲ့ခြင်း ဖြစ်သည်။
အကြိမ်ကြိမ် တွေးတောပြီးနောက် ရွေးချယ်ခွင့်ကို ချန်ချွမ်ထံသာ လွှဲအပ်ထားရန် ကုအန် ဆုံးဖြတ်လိုက်၏။
"အပြင်ထွက် လမ်းလျှောက်ကြရအောင်"
ဤသို့ပြောပြီးနောက် ကုအန်က အောက်သို့ ခုန်ဆင်းသွားရာ အန်ရှင်းလည်း အနီးကပ် လိုက်ပါသွား၏။
သူတို့က ထျန်းဟုန် ဧကရာဇ်၏ ဘေးမှ ဖြတ်သွားကြပြီး ကုအန်က သူ၏ ပခုံးကိုပင် ဖွဖွလေး ပုတ်သွားခဲ့သည်။
ထျန်းဟုန် ဧကရာဇ်က တစ်စုံတစ်ခုကို အာရုံခံမိပုံရပြီး မျက်လုံးများ ဖွင့်ကြည့်လိုက်သော်လည်း မည်သည့်အရာကိုမျှ မတွေ့ရချေ။ လေပြေလေး တစ်သုတ်သာ ဖြစ်မည်ဟု သူ ထင်လိုက်၏။
အချိန်အကြာကြီး ဒူးထောက်နေခဲ့ရသောကြောင့် ဖြစ်ကောင်း ဖြစ်နိုင်၏။ သူက ဝူရှီထဲသို့ ဝင်ရောက်ရန် အလျင်စလို မဖြစ်တော့ချေ။ သူ၏ လက်ရှိ အခြေအနေက ဉာဏ်အလင်းပွင့်ရန် အထောက်အကူ ပြုနေသည်ဟု သူ ခံစားလိုက်ရ၏။
"စွမ်းအား လမ်းစဉ်... ထူးဆန်းလိုက်တာ... ငါက ဘယ်လိုလုပ်ပြီး ဒီလောက် အားပြင်းတဲ့ မဟာတာအိုကို နားလည်သဘောပေါက်လာရတာလဲ"
ထျန်းဟုန် ဧကရာဇ်က သူ့ကိုယ်သူ တီးတိုး ရေရွတ်လိုက်၏။ သူ၏ ပါရမီက အားကောင်းလွန်းသောကြောင့်ဟု သူ မထင်ခဲ့ပေ။ တာအိုခုံရုံးတွင် ရှိနေစဉ်က ဤသို့ တစ်ခါမျှ မခံစားခဲ့ရဖူးချေ။
သူ၏ စိတ်နှလုံးထဲတွင် သိမြင်နားလည်မှု တစ်ခု ရရှိသွား၏။
ဆရာသခင်ဓားအရှင် ကိုယ်တိုင် ထွက်မလာခဲ့လျှင်တောင် အန်ရှင်းက သူ့ကို လာရောက် စမ်းသပ်ခဲ့သဖြင့် ဆရာသခင် ဓားအရှင်က သူ့ကို သတိမထားမိဘဲ နေရန် မဖြစ်နိုင်ချေ။
သူ၏ လက်ရှိ သိမြင်နားလည်မှုများက ဆရာသခင်ဓားအရှင် ထံမှ လက်ဆောင် တစ်ခု ဖြစ်ကောင်း ဖြစ်နိုင်၏။
ထျန်းဟုန် ဧကရာဇ်က မအံ့ဩခဲ့ချေ။ ထိုသို့သော လက်ဆောင်မျိုး မရှိလျှင်တောင် သူက ဆက်လက် တောင့်ခံနေမည်သာ ဖြစ်သည်။
နှစ်ပေါင်း တစ်သောင်းတိုင် ဒူးထောက်နေရခြင်း၏ အကြီးမားဆုံးသော အကျိုးကျေးဇူးမှာ ထိပ်တန်း ပါရမီရှင်များ၏ ပထမဆုံးသူ ဟု ခေါ်ဆိုခံရခြင်းကြောင့် ဖြစ်ပေါ်လာသော ဖိအားများကို သူ ဖယ်ရှားပစ်နိုင်ခဲ့ခြင်းပင် ဖြစ်၏။
အချည်းနှီးသော ဘွဲ့နာမည်များက ဖြတ်သန်းသွားသော တိမ်တိုက်များသာ ဖြစ်သည်။ သူသည် ထျန်းဟုန် ဧကရာဇ် ဖြစ်ပြီး သူ၏ တည်ရှိမှု၏ အစစ်အမှန် အဓိပ္ပာယ်ကို ရှာဖွေလို၏။
...
အဆုံးမဲ့ တိမ်ပင်လယ်ကြီးထက်တွင် ဧရာမ ရွှေရောင်မီးဖိုကြီး တစ်ခု လွင့်မျောနေ၏။ ၎င်း၏ မျက်နှာပြင်ပေါ်တွင် အမျိုးမျိုးသော နတ်သားရဲ သင်္ကေတများနှင့် ခမ်းနားထည်ဝါသော တောင်တန်းများ၊ မြစ်များကို ရေးထွင်းထားပြီး ၎င်း၏ ထိပ်တွင် မိုးထိအောင် မြင့်မားသော တောင်ထွတ်အချို့ ရှိနေကာ ခမ်းနားသော ဟန်ပန်ကို ပြသနေသည်။
အစောပိုင်းက ထိုက်ရီ အမတအရှင်နှင့် စစ်တုရင် ကစားခဲ့သော အဝါရောင်ဝတ်ရုံ တာအိုဆရာက ချောက်ကမ်းပါး အစွန်းတွင် ရပ်ကာ မီးဖို အတွင်းရှိ ကမ္ဘာကြီးကို ငုံ့ကြည့်နေ၏။
မီးဖို၏ အတွင်းပိုင်းက တောင်များနှင့် မြစ်များ ရှိပြီး ရက်စက်ကြမ်းကြုတ်သော သားရဲများပင် တိုက်ခိုက်နေကြသည့် သီးခြား ကမ္ဘာတစ်ခု ဖြစ်သည်။ အားကောင်းသော တာအို ဝိညာဉ်စွမ်းအင်များက လေကဲ့သို့ အပေါ်သို့ တစ်ခါတစ်ရံ တိုက်ခတ်လာတတ်၏။
အဝါရောင်ဝတ်ရုံ တာအိုဆရာက မျက်မှောင်ကြုတ်၍ နက်နက်ရှိုင်းရှိုင်း တွေးတောနေသည်။
ထိုအခိုက်အတန့်မှာပင် သူ၏ ဘေးတွင် ရွှေရောင် အလင်းကွင်း တစ်ကွင်း ပေါ်လာပြီး လျင်မြန်စွာ ကျယ်ပြန့်လာကာ ၎င်း၏ အတွင်းမှ ပုံရိပ်တစ်ခု ထွက်လာ၏။
အသစ်ရောက်လာသူမှာ ကောင်းကင်ငြိမ်းချမ်းရေး နတ်ဘုရား ဖြစ်သည်။
ကျန်းပုခုနှင့် ရွှီယိုတို့ သစ္စာခံခဲ့ကြသော ကောင်းကင်စစ်တပ်၏ ခေါင်းဆောင်မှာ ကောင်းကင်ငြိမ်းချမ်းရေး နတ်ဘုရားပင် ဖြစ်၏။
ကောင်းကင်ငြိမ်းချမ်းရေး နတ်ဘုရားက လက်မြှောက်၍ အရိုအသေပေးကာ ပြောလိုက်သည်။ "အမတအရှင်... ဖရိုဖရဲနယ်မြေက ထူးဆန်းတဲ့ အရာတွေ မဟာကမ္ဘာသုံးထောင် အတွင်းမှာ ထွက်ပေါ်လာနေပြီး မဟာကမ္ဘာတစ်ထောင်တိုင်းဆီကို လျင်မြန်စွာ ပြန့်နှံ့သွားနေပါတယ်... ဒီထူးဆန်းတဲ့ အရာတွေထဲက တစ်ခုက ကျွန်တော့်ရဲ့ အမိန့်အောက်က စမ်းသပ်မှုဆီကိုတောင် ရောက်လာခဲ့တယ်... ဒါ သိပ်တော့ မကောင်းဘူး"
ဟွမ်ဖုန်း အမတအရှင် ဟု ခေါ်သော အဝါရောင်ဝတ်ရုံ တာအိုဆရာက သူ့ကို ခေါင်းစောင်းကြည့်၍ မေးလိုက်၏။ "ဖရိုဖရဲနယ်မြေက ထူးဆန်းတဲ့ အရာတွေလား... ဘယ်လို ထူးဆန်းတဲ့ အရာမျိုးလဲ"
ကောင်းကင်ငြိမ်းချမ်းရေး နတ်ဘုရားက ပြန်ဖြေလိုက်သည်။ "ဖရိုဖရဲ နာကြည်းချက် လော့ ဖြစ်ဖို့ များတယ်... ဝင်ရောက်လာတဲ့ အဲဒီကောင်ရဲ့ ဝိညာဉ် အနက်ရှိုင်းဆုံး နေရာကနေ ကြီးမားလှတဲ့ နာကြည်းချက်တွေကို ကျွန်တော် ဖမ်းဆုပ်နိုင်ခဲ့တယ်... ဒီအတိုင်း လွှတ်ထားပြီး လျင်မြန်စွာ ပြန့်နှံ့ခွင့် ပြုလိုက်မယ် ဆိုရင် ကြီးမားတဲ့ ကပ်ဘေးကြီး တစ်ခု ဖြစ်လာလိမ့်မယ်"
"နာကြည်းချက် လော့လား"
ဟွမ်ဖုန်း အမတအရှင်၏ မျက်လုံးများ အရောင်လက်သွားပြီး တွေးတောခြင်းထဲသို့ နစ်မြုပ်သွား၏။ ကောင်းကင်ငြိမ်းချမ်းရေး နတ်ဘုရားက စကားပြော ရပ်လိုက်ပြီး ဟွမ်ဖုန်း အမတအရှင်၏ အမိန့်ကို စောင့်ဆိုင်းနေလိုက်သည်။
အချိန်အတန်ကြာပြီးနောက် ဟွမ်ဖုန်း အမတအရှင်က စကားစလိုက်၏။ "လောလောဆယ် အဆင်အခြင်မဲ့ မလုပ်ရှားနဲ့ဦး... နာကြည်းချက် လော့ရဲ့ တည်ရှိမှုက ပိုမို ကြီးမားတဲ့ ကံတရား၊ အကြောင်းအကျိုးတွေနဲ့ ဆက်စပ်နေတာ ဖြစ်ကောင်း ဖြစ်နိုင်တယ်..."
ကောင်းကင်ငြိမ်းချမ်းရေး နတ်ဘုရား မျက်မှောင်ကြုတ်သွားပြီး တစ်ခဏမျှ ချီတုံချတုံ ဖြစ်သွားကာ ပြောလိုက်သည်။ "ဒီအတိုင်း လွှတ်ထားမယ်ဆိုရင် သတ္တဝါတွေ အများကြီး သေကုန်ကြလိမ့်မယ်..."
"ဒီကပ်ဘေးရဲ့ ဇာစ်မြစ်ကို ငါတို့ အမြစ်ပြတ် မချေမှုန်းနိုင်ဘူး ဆိုရင် သတ္တဝါတွေ ပိုတောင် သေကုန်ကြဦးမယ်..."
ဟွမ်ဖုန်း အမတအရှင်၏ စကားများကြောင့် ကောင်းကင်ငြိမ်းချမ်းရေး နတ်ဘုရား၏ မျက်မှောင်ကြုတ်မှုက ပိုမို နက်ရှိုင်းသွား၏။ သူက ဟွမ်ဖုန်း အမတအရှင်ကို အချိန်အတော်ကြာ စိုက်ကြည့်နေလိုက်ပြီး ဆက်လက် ကန့်ကွက်ခြင်း မပြုတော့ချေ။
ဟွမ်ဖုန်း အမတအရှင်က ရွှေရောင်မီးဖို အတွင်းရှိ ကမ္ဘာကြီးကို စိုက်ကြည့်နေဆဲ ဖြစ်ပြီး ပြောလိုက်သည်။ "မင်း ရောက်လာမှတော့ ငါ့အတွက် ခရီးတစ်ခေါက်လောက် သွားပေးဦး... ဆန်းကြယ်ကြယ်တာရာ အမတအရှင် ဆီကို သွားပြီး ဒီပစ္စည်းကို သူ့ဆီ ပေးလိုက်"
ထိုသို့ပြောပြီး သူက ညာလက်ကို မြှောက်လိုက်ရာ လှိုင်းထနေသော ခရမ်းရောင် ချီစွမ်းအင်များဖြင့် ဖုံးအုပ်ထားသည့် ရွှေကျောက်စိမ်းပြား တစ်ခုက သူ၏ လက်ဖဝါးပေါ်တွင် ပေါ်လာပြီး ကောင်းကင်ငြိမ်းချမ်းရေး နတ်ဘုရားထံသို့ လျင်မြန်စွာ လွင့်ပျံသွားလေသည်။
အခန်း ၆၇၂ အစစ်အမှန် အမတ၏ ရုပ်သွင်
မျက်တောင်တစ်ခတ် အတွင်းမှာပင် နှစ်တစ်ထောင် ကုန်လွန်သွားခဲ့လေပြီ။
တာအိုခုံရုံး အတွင်းရှိ ရှောင်လန်၏ လိုဏ်ဂူကောင်းကင်ဘုံထဲတွင် ကုအန်နှင့် ရှောင်လန်တို့က မျှော်စင်ငယ်လေး တစ်ခုထဲတွင် ထိုင်၍ အရက်သောက်ရင်း စကားစမြည် ပြောဆိုနေကြ၏။ ရှောင်လန်က သူမ ယခုလေးတင် သိရှိထားသော ကောင်းကင်စီမံကိန်း အကြောင်းကို ပြောပြနေပြီး ပြင်ပကောင်းကင်သို့ သွားရောက် စွန့်စားလိုနေသည်။
ကုအန်က ဂရုတစိုက် နားထောင်နေသော်လည်း သူ၏ အတွေးများက သူ၏ ကိုယ်ပိုင် သက်တမ်းအပေါ်သို့ ရောက်ရှိနေ၏။
သူ၏ သက်တမ်းက နှစ်ပေါင်း ၂ ထရီလီယံကျော် အထိ စုဆောင်းမိနေပြီ ဖြစ်ပြီး လက်ရှိတွင် ဆေးတောင်ကြားကို ထပ်မံ မချဲ့ထွင်လျှင်ပင် တစ်နှစ်လျှင် သက်တမ်း သန်းငါးဆယ်ခန့် ရရှိနေသည်။
"အစ်ကိုကု... ကျွန်မ ကောင်းကင်စီမံကိန်းမှာ ပါဝင်သင့်တယ်လို့ ထင်လား" ရှောင်လန်က ချီတုံချတုံဖြင့် မေးလိုက်၏။
သူမက ပိုမို ကျယ်ဝန်းသော ကမ္ဘာကြီးကို အတွေ့အကြုံ ယူရန်နှင့် ပိုမို ကြီးမားသော အခွင့်အရေးများ ရရှိရန်အတွက် ပါဝင်လိုသော်လည်း ကုအန်ကို သူမနှင့်အတူ ခေါ်ဆောင်မသွားနိုင်သကဲ့သို့ သူမ ပြန်လာနိုင်ရန် နှစ်မည်မျှ ကြာမည်ကိုလည်း မသိနိုင်ချေ။
ကုအန်က ပြုံး၍ ပြောလိုက်သည်။ "မင်း သွားချင်ရင် သွားလေ... ငါ့အတွက် စိုးရိမ်နေတယ် ဆိုရင်လည်း စိုးရိမ်စရာ မလိုပါဘူး... စဉ်းစားကြည့်လေ... မင်းက တံခါးပိတ် ကျင့်ကြံဖို့ အမြဲတမ်း ဝင်သွားတတ်ပေမဲ့ ငါက အဆင်ပြေပြေ နေနိုင်နေတုန်းပဲ... တာအိုခုံရုံးမှာ ငါ့သူငယ်ချင်းတွေ အများကြီး ရှိတယ်... ငါ တစ်ယောက်တည်း မဟုတ်ပါဘူး... သွားပြီး စွန့်စားလှည့်ပါ... မင်း ပြန်လာမယ့် အချိန်ကို ငါ ဒီကနေ စောင့်နေပါ့မယ်"
ဤသည်ကို ကြားသောအခါ ရှောင်လန်၏ မျက်နှာပေါ်တွင် အပြုံးပန်းများ ဝေဆာသွား၏။ အစ်ကိုကုက သူမကို အမြဲတမ်း ထောက်ခံအားပေးနေသောကြောင့် ဖြစ်သည်။
တွေးကြည့်မည် ဆိုပါက ကုအန်သည် တာအိုခုံရုံးတွင် နှစ်ပေါင်း သောင်းချီတိုင်အောင် မည်သည့် ပြဿနာမျှ မရှိဘဲ နေထိုင်နိုင်ခဲ့ရာ ၎င်းက သူ၏ ကိစ္စရပ်များ ကိုင်တွယ် ဖြေရှင်းနိုင်စွမ်းကို သက်သေပြနေ၏။
သူမတွင် တာအိုခုံရုံး၌ ဤမျှ ကြီးမားသော လွှမ်းမိုးနိုင်စွမ်း မရှိချေ။ ပြိုင်ဘက်ကင်း ပါရမီရှင်များနှင့် ပုဂ္ဂိုလ်ကြီးများပင်လျှင် တစ်ခါတစ်ရံ ပြဿနာများနှင့် ကြုံတွေ့ရတတ်ပေသည်။
ရှောင်လန်က ဆက်ပြောလိုက်သည်။ "ဆရာမကလည်း ကျွန်မကို တိုးတက်စေချင်နေတယ်... တာအိုခုံရုံးရဲ့ နံပါတ်တစ် ပါရမီရှင် အဖြစ် ထိပ်တန်း အခွင့်အရေးတွေ ရဖို့ ကြိုးစားခိုင်းနေတယ်... ထျန်းဟုန် ဧကရာဇ် ထွက်သွားပြီးတဲ့နောက် တာအိုခုံရုံးက တခြား ပြိုင်ဘက်ကင်း ပါရမီရှင် တစ်ယောက်ကို မြှင့်တင်ပေးခဲ့ပေမဲ့ ထျန်းဟုန် ဧကရာဇ်နဲ့ ယှဉ်ရင် ရှင်းလင်းတဲ့ ကွာဟချက် ရှိနေသေးတယ်... ကျွန်မမှာ ထိပ်တန်း ပါရမီရှင် ဆိုတဲ့ ဘွဲ့ကို ရဖို့ အခွင့်အရေး ရှိတယ်လို့ ဆရာမက ပြောတယ်... ပြီးတော့ ကျွန်မအတွက် အရှိန်အဝါ တည်ဆောက်ပေးဖို့ သူမရဲ့ အဆက်အသွယ် အားလုံးကို အသုံးပြုပေးမယ်တဲ့"
ကုအန်က ဂရုတစိုက် နားထောင်နေလိုက်၏။ လူများ ရှိနေသရွေ့ သိုင်းလောကကဲ့သို့ ပြိုင်ဆိုင်မှုများက ရှိနေမည်သာ ဖြစ်သည်။ အထူးသဖြင့် တာအိုခုံရုံး ကဲ့သို့သော အင်အားကြီး အဖွဲ့အစည်း တစ်ခုတွင် အတွင်းပိုင်း အာဏာပြိုင်ဆိုင်မှုများက အလွန်အမင်း ပြင်းထန်လှ၏။ တန်ဖိုးထားခံရသော ပါရမီရှင် တစ်ဦးစီ၏ နောက်ကွယ်တွင် သူတို့ကို ထောက်ပံ့ပေးရန် ကြိုးပမ်းနေကြသည့် ကျင့်ကြံသူ များစွာ ရှိနေတတ်သည်။
တာအိုခုံရုံးရှိ ကျင့်ကြံသူ အရေအတွက်ကို ရေတွက်၍ မရနိုင်ချေ။ များစွာသော သူများက လူမသိသူမသိ ပါရမီရှင်များ သို့မဟုတ် အစွမ်းထက်သူများ ဖြစ်ကြသည်။ သူတို့ လူသိမများရခြင်း၏ အကြောင်းရင်းမှာ မြှင့်တင်ပေးမှု ကင်းမဲ့ခြင်းကြောင့် ဖြစ်၏။
ထျန်းဟုန် ဧကရာဇ် အကြောင်း ပြောသောအခါ ရှောင်လန်က သက်ပြင်းချလိုက်သည်။ "ကျွန်မ ထျန်းဟုန် ဧကရာဇ်ကို မြင်ဖူးတယ်... သူက တကယ်ကို လွှမ်းမိုးနိုင်တဲ့ ဟန်ပန် ရှိတယ်... ပထမဆုံး အကြိမ် မြင်လိုက်တာနဲ့တင် သူက လောကကြီးမှာ နာမည် တစ်လုံးနဲ့ ရပ်တည်နိုင်မယ်လို့ ခံစားရစေတယ်... တာအိုခုံရုံးကလည်း သူ့ကို အကောင်းဆုံး အရင်းအမြစ်တွေ ပေးပြီး တော်တော်လေး ကောင်းကောင်းမွန်မွန် ဆက်ဆံခဲ့တာပါ... ဒါပေမဲ့ သူက ဆရာသခင်ဓားအရှင်လက်အောက်မှာ သွားပြီး တပည့်ခံဖို့ ရွေးချယ်ခဲ့တယ်... ဆရာသခင်ဓားအရှင်က လောကကြီးကို အကြိမ်ကြိမ် ကယ်တင်ခဲ့ဖူးတယ်လို့ ကျွန်မ ကြားဖူးတယ်... လူသားကမ္ဘာရဲ့ အစစ်အမှန် အမတ တစ်ပါး ဆိုတာ မှန်ပေမဲ့ ဝူရှီက တာအိုခုံရုံးကို ဘယ်လိုလုပ် ယှဉ်နိုင်မှာလဲ..."
ကုအန်က ရယ်မောလိုက်၏။ "သူ လိုက်ရှာနေတာက ပိုပြီး အစွမ်းထက်တဲ့ တာအို နည်းစနစ်များ ဖြစ်နေမလား..."
"ကျင့်ကြံခြင်း ဆိုတာက လူပုဂ္ဂိုလ် အပေါ်မှာပဲ မူတည်တာပါ... ဝူရှီရဲ့ တပည့်တွေက ခဏတာ နာမည်ကြီးခဲ့ပေမဲ့ သူတို့ရဲ့ ကျင့်ကြံခြင်းအဆင့်က ခေတ်ပြိုင် ပါရမီရှင်တွေထက် အများကြီး သာလွန်မနေပါဘူး... အဓိကက သူတို့က ဝူရှီရဲ့ တာအိုရတနာတွေကို အားကိုးပြီး တိုက်ခိုက်ကြတာ... ဒါက ဝူရှီ ပေးနိုင်တဲ့ ကျင့်ကြံခြင်း အရင်းအမြစ်တွေက ထိပ်တန်း အဆင့် မဟုတ်ဘူး ဆိုတာကို ပြနေတာပဲ... ဘာပဲဖြစ်ဖြစ် သူတို့က လောကကြီးရဲ့ ထောင့်လေး တစ်ထောင့်မှာ ပုန်းကွယ်နေထိုင်ကြတာလေ..."
ရှောင်လန်က ခေါင်းခါလိုက်၏။ ဆရာသခင်ဓားအရှင် အကြောင်းကို သူမ သိပ်မသိသော်လည်း သူမ၏ အမြင်တွင် တာအိုခုံရုံးက အစွမ်းအထက်ဆုံး ဂိုဏ်း ဖြစ်သည်။ မည်သို့ပင်ဆိုစေ သူမက တာအိုခုံရုံးတွင် ပါဝင်နေသူ ဖြစ်၏။
သူမက ဝူရှီကို မေးခွန်းထုတ်နေသည်မှာ စိတ်ဝင်စားစရာ ကောင်းသည်ဟု ကုအန် ထင်လိုက်ပြီး ဆက်ပြောလိုက်သည်။ "ဘာပဲဖြစ်ဖြစ်... ဒါက မင်းရဲ့ အခွင့်အရေးပဲလေ... အမတ ကျင့်ကြံခြင်း လမ်းစဉ်က အရမ်းကို ရှည်လျားတယ်... ပြီးတော့ လူတိုင်းမှာ ကိုယ်ပိုင် ရွေးချယ်မှုတွေ ရှိကြတယ်... မင်းတောင်မှ မင်းအနားက လူတွေ နားမလည်နိုင်တဲ့ ဆုံးဖြတ်ချက် တစ်ခုကို ချခဲ့ဖူးတာပဲ... အဲဒါက ငါ့ကို အမြဲတမ်း ခေါ်သွားဖို့ ဆုံးဖြတ်ခဲ့တာလေ..."
ရှောင်လန်က မျက်တောင်လေး ပုတ်ခတ်ပုတ်ခတ် လုပ်ရင်း ပြောလိုက်၏။ "အဲဒါက မတူဘူးလေ"
စကားပြောနေစဉ်တွင် သူမက ကုအန် အနားသို့ တိုးကပ်သွားပြီး သူ၏ လက်မောင်းကို တင်းကြပ်စွာ ဖက်တွယ်လိုက်သည်။
"တစ်နေ့နေ့ အစ်ကိုကု တစ်ခုခု ဖြစ်လို့ ကျွန်မရဲ့ ကျင့်ကြံခြင်းကို စွန့်လွှတ်ရမယ် ဆိုရင်တောင် ကျွန်မ တွန့်ဆုတ်နေမှာ မဟုတ်ဘူး..."
"ဟေ ဟေ ေဟ... မင်းက ငါ့ကို ကျိန်ဆဲနေတာလား"
" အာ.. ကျွန်မက ကျွန်မရဲ့ အစစ်အမှန် ခံစားချက်တွေကို ထုတ်ဖော် ပြောပြနေတာကို ဘာလို့ စိတ်မလှုပ်ရှားရတာလဲ..."
"အဲဒီနေ့ ရောက်လာဖို့ ငါ မမျှော်လင့်ပါဘူး... ပြီးတော့ မင်းကိုလည်း အဲဒီလို ရွေးချယ်မှုမျိုး ရင်ဆိုင်ရအောင် ငါ လုပ်မှာ မဟုတ်ဘူး..."
ကုအန်က လက်ကို မြှောက်၍ ရှောင်လန်၏ ခါးကို ဖက်လိုက်ပြီး ညင်သာစွာ ပြောလိုက်၏။
ရှောင်လန်က ဤဘဝတွင် အလွန် ပျော်ရွှင်နေသည်ဟု ခံစားရပြီး ယခုအခါ သူမ၏ စိတ်ထဲတွင် မည်သည့် စိုးရိမ်ပူပန်မှုမျှ ရှိမနေတော့ချေ။ ၎င်းမှာ ကုအန် အနေဖြင့် မြင်တွေ့ရသည်ကို ဝမ်းမြောက်မိသော အရာဖြစ်ပြီး ၎င်းကို ထိန်းသိမ်းထားနိုင်ရန် အကောင်းဆုံး ကြိုးစားသွားမည် ဖြစ်သည်။
တခြားသူတွေနဲ့ ဆက်ဆံရတာနဲ့ မတူဘဲ...
သူမက သူ၏ ဂျူနီယာ ညီမငယ် ဖြစ်သောကြောင့် ကုအန်က သူမနှင့်အတူ ကိုယ်တိုင် လိုက်ပါပေးခဲ့ခြင်း ဖြစ်၏။ ရင့်မှည့်နေသော ဆေးပင်များက တစ်လခန့် နောက်ကျ၍ ခူးဆွတ်လျှင်လည်း ပြဿနာ မရှိနိုင်ပေ။
ရှောင်လန်က လိုဏ်ဂူကောင်းကင်ဘုံမှ ထွက်ခွာသွားပြီးနောက် ကုအန်က ဆေးပင်များ စတင် ခူးဆွတ်ရန် အခြား ဆေးတောင်ကြားများသို့ ထွက်သွားလေသည်။
ရှောင်လန်က ကောင်းကင်နှင့် မြေကြီး၏ ပိုမို မြင့်မားသော မဟာတာအိုကို စတင် ရှာဖွေနေပြီ ဖြစ်ရာ ကုအန်ကလည်း သူ၏ သက်တမ်းကို မြှင့်တင်ရန်နှင့် ဆေးတောင်ကြား တစ်ခုစီ၏ ဝင်ငွေများကို တိုးမြှင့်ရန် ခြေလှမ်းစိပ်စိပ် လှမ်းသင့်ပြီဟု ခံစားလိုက်ရ၏။
ရှောင်လန်က တာအိုခုံရုံးနှင့် လိုက်ပါသွားပြီး လေဟာနယ်ထဲတွင် နှစ်ပေါင်းများစွာ ပျံသန်းပြီးနောက် နောက်ဆုံးတွင် ဒဏ္ဍာရီလာ ကမ္ဘာဂိတ်တံခါးသို့ ရောက်ရှိသွားသည်။
ဤခရီးစဉ်တွင် လူရာပေါင်းများစွာ ပါဝင်၏။ သူမကဲ့သို့ပင် ပါရမီရှင် စုစုပေါင်း နှစ်ဆယ် ရှိပြီး ကျန်သူများမှာ တာအိုခုံရုံးမှ မဟာကျင့်ကြံသူများ ဖြစ်ကြသည်။ အားလုံးက လွတ်ငြိမ်းရာအမတအဆင့်နှင့် အထက်တွင် ရှိကြပြီး သူတို့ကို ဦးဆောင်လာသူမှာ တာအိုခုံရုံး၏ အရှင်သခင် ယွမ်စုန်ကျီ ဖြစ်သည်။
ယွမ်စုန်ကျီက တိမ်စီးသိုင်းကို အသုံးပြု၍ လူတိုင်းကို သယ်ဆောင်ကာ အတူတကွ ပျံသန်းလာခဲ့ကြခြင်း ဖြစ်၏။
တိမ်လွှာများထက်တွင် ရှောင်လန်က အဝေးရှိ ကမ္ဘာဂိတ်တံခါးကို လှမ်းကြည့်လိုက်ပြီး လုံးဝ အံ့ဩမှင်တက်သွား၏။ သူမက အံ့ဖွယ်ဓမ္မအမတ တစ်ပါး ဖြစ်သော်လည်း လွှမ်းမိုးခံရမူကို သူမ အလိုလို ခံစားလိုက်ရပြီး မဟာတာအို၏ ခမ်းနားထည်ဝါသော ချီစွမ်းအင် အငွေ့အသက်များက သူမ၏ အသက်ရှူနှုန်းကို မြန်ဆန်သွားစေသည်။
သူမ တစ်ယောက်တည်းသာ မဟုတ်ဘဲ အခြား ကျင့်ကြံသူများလည်း ထိုနည်းတူပင် ခံစားနေကြရ၏။
ယွမ်စုန်ကျီမှလွဲ၍ ကျန်သူများ အားလုံးအတွက် ဤသည်မှာ ကမ္ဘာဂိတ်တံခါးကို ပထမဆုံးအကြိမ် မြင်တွေ့ရခြင်း ဖြစ်သည်။
သူတို့က ကမ္ဘာဂိတ်တံခါး ရှေ့ရှိ ရင်ပြင်ပေါ်သို့ လျင်မြန်စွာ ဆင်းသက်လိုက်ကြသည်။ ယွမ်စုန်ကျီက ရှေ့သို့ လျင်မြန်စွာ လျှောက်သွားပြီး သူ၏ ရှေ့ရှိ ကောင်းကင်စိတ်ဝိညာဉ် နတ်ဘုရားကို အရိုအသေ ပေးလိုက်၏။
လူတိုင်း၏ အကြည့်များက ကောင်းကင်တာအို အမတအလင်းများဖြင့် ဖုံးလွှမ်းနေသော ကောင်းကင်စိတ်ဝိညာဉ် နတ်ဘုရား အပေါ်သို့ ကျရောက်သွားရာ သူ၏ အစစ်အမှန် ရုပ်သွင်ကို ထွင်းဖောက် မမြင်နိုင်အောင် ဖြစ်နေသည်။
"ဒါက အမတနတ်ဘုရား တစ်ပါးရဲ့ အစစ်အမှန် ရုပ်သွင်လား..."
ရှောင်လန်က စိတ်ထဲမှ အံ့ဩသွားပြီး အနည်းငယ် နောင်တရသကဲ့သို့ ခံစားလိုက်ရ၏။
ဤမျှ ခမ်းနားထည်ဝါသော ကောင်းကင်ဂိတ်တံခါးနှင့် ဤမျှ အစွမ်းထက်သော အမတနတ်ဘုရားများကို အစ်ကိုကု မမြင်တွေ့နိုင်ခြင်းက ဘဝတွင် ကြီးမားသော နောင်တတစ်ခု အမှန်တကယ်ပင် ဖြစ်ပေသည်။
လူသားကမ္ဘာတွင် ကိုးဆယ့်ကိုး ရာခိုင်နှုန်းသော ကျင့်ကြံသူများက သူတို့၏ တစ်သက်တာလုံး အမတ တစ်ပါး၏ ရုပ်သွင်ကို မမြင်တွေ့နိုင်ဘဲ အချိန်ကုန်ဆုံးသွားကြရ၏။
ကောင်းကင်စိတ်ဝိညာဉ် နတ်ဘုရားက စကားမပြောခဲ့သော်လည်း သူ၏ နောက်ကွယ်ရှိ ကမ္ဘာဂိတ်တံခါးက စတင် တုန်ခါလာပြီး ကောင်းကင်တာအို၏ ပြင်းထန်သော အလင်းရောင်များ ပေါက်ကွဲထွက်လာသည်။
"အားလုံး ကောင်းကင်နတ်ဘုရား ရှေ့ကနေ အစဉ်လိုက် ဖြတ်သွားပြီး အရိုအသေ ပေးကြ... ငါ့နောက်ကနေ ဂိတ်တံခါးကို ဖြတ်သွားကြ..."
ယွမ်စုန်ကျီက နောက်သို့ လှည့်၍ ပြောလိုက်ပြီးနောက် ကမ္ဘာဂိတ်တံခါး အတွင်းရှိ ပြင်းထန်သော အလင်းရောင်ထဲသို့ လျှောက်ဝင်သွား၏။
အခြားသူများလည်း အနီးကပ် လိုက်ပါသွားကြပြီး လူတစ်ဦးစီ၏ ချီစွမ်းအင် အငွေ့အသက်များက သူတို့ ချဉ်းကပ်သွားချိန်တွင် ကောင်းကင်ဝိညာဉ် နတ်ဘုရား အပေါ်သို့ သက်ရောက်နေသည်။
ရှောင်လန် အလှည့်သို့ ရောက်သောအခါ သူမကလည်း အရိုအသေ ပေးလိုက်၏။ သို့သော် ပုံရိပ်ယောင်လား၊ အစစ်အမှန်လား မသေချာသော်လည်း ကောင်းကင်စိတ်ဝိညာဉ် နတ်ဘုရား၏ ရုပ်သွင် ပြောင်းလဲသွားသကဲ့သို့ သူမ ခံစားလိုက်ရသည်။ သို့သော် သူမက သေချာ မကြည့်ရဲဘဲ အမြန် ပြောင်းရွှေ့သွားလေသည်။
တာအိုခုံရုံးမှ လူတိုင်း ကမ္ဘာဂိတ်တံခါး အတွင်းသို့ ဝင်ရောက် ပျောက်ကွယ်သွားပြီးနောက် ကောင်းကင်စိတ်ဝိညာဉ် နတ်ဘုရားက သူ၏ မျက်လုံးများကို ဖွင့်လိုက်ရာ ကောင်းကင်တာအို အမတအလင်းများ ပျောက်ကွယ်သွားပြီး မျက်မှောင်ကြုတ်ကာ တီးတိုး ရေရွတ်လိုက်၏။ "ထူးဆန်းတယ်... အဲဒီကောင်မလေးက ဘာလို့ ငါ့စိတ်ကို လှုပ်ရှားသွားစေတာလဲ..."
ဖြစ်နိုင်တာက...
ကောင်းကင်စိတ်ဝိညာဉ် နတ်ဘုရားက ဖြစ်နိုင်ခြေ တစ်ခုကို ရုတ်တရက် ခန့်မှန်းမိသွားပြီး သူ၏ အမူအရာက ထူးဆန်းသွား၏။
သူက မျက်လုံးများကို မော့၍ ကောင်းကင်ဝိညာဉ် မဟာကမ္ဘာဘက်သို့ လှမ်းကြည့်လိုက်ရာ သူ၏ အကြည့်များက ချမ့်ခွန်းဂိုဏ်း၏ ဘေးသို့ ကျရောက်သွားသည်။
သူက ဝူရှီကို မစူးစမ်းနိုင်သော်လည်း ဒူးထောက်နေသော ထျန်းဟုန် ဧကရာဇ်၏ ပုံရိပ်ကိုမူ သူ မြင်တွေ့နိုင်၏။
ထျန်းဟုန် ဧကရာဇ်က အမတနတ်ဘုရား တစ်ပါး၏ ဝင်စားခြင်း ဖြစ်ကြောင်းကိုလည်း သူ အာရုံခံမိရာ ထျန်းဟုန် ဧကရာဇ်ကို ကုအန်က မည်သို့ ဆက်ဆံမည်ကို သူ သိချင်နေခဲ့သည်။
ထို့နောက် သူ၏ အကြည့်များက လူသားကမ္ဘာသို့ ပြောင်းရွှေ့သွားသော်လည်း ကံမကောင်းစွာဖြင့် မည်မျှပင် ရှာဖွေစေကာမူ ထိုက်ရီ အမတအရှင်၏ ဝင်စားသော ရုပ်သွင်ကို သူ မရှာတွေ့နိုင်ခဲ့ချေ။
ထိုက်ရီ အမတအရှင်က မည်သည့်နေရာတွင် ဆင်းရဲဒုက္ခ ခံစားနေရသည်ကိုလည်း သူ မသိခဲ့ပေ။
တိုက်ဆိုင်စွာပင် ဤသည်မှာ ဆင်းသက်လာပြီး ဆင်းရဲဒုက္ခ ခံစားရသည့် ဒုတိယမြောက် အမတနတ်ဘုရား ဖြစ်လေပြီ။ ကုအန်ကို စော်ကားမိသောကြောင့် ကောင်းကင်စိတ်ဝိညာဉ် မဟာကမ္ဘာတွင် ဝင်စားကာ ဆင်းရဲဒုက္ခ ခံစားရမည့် အမတနတ်ဘုရားများ နောက်ထပ် ရှိလာဦးမည်လော။