သားရဲသခင်ဂိုဏ်း၏ လျှို့ဝှက်ချက်
Vol. 20 Ch. 205
စုန့်ဝမ်တို့ သုံးဦးသည် ကျဉ်းမြောင်းသောလမ်းအတိုင်း ပေတစ်ထောင်ခန့် ဝင်သွားပြီးနောက် ရေကန်ငယ်တစ်ခု သူတို့ရှေ့တွင် ပေါ်လာသည်။ ရေကန်၏ ထက်ဝက်ခန့်မှာ မဟာယန်နိုင်ငံရှိ သားရဲမွေးမြူရေးစခန်းမှာကဲ့သို့ပင် ရေမြွေလှောင်အိမ်များဖြင့် ပြည့်နေသည်။
"ဒီမှာ ဘယ်လိုလုပ်ပြီး ရေကန်တစ်ကန် ရှိနေတာလဲ" ဟု စုန့်ဝမ်က အံ့အားသင့်စွာ မေးလိုက်သည်။ ရေကန်မှာ ရေသေကန် မဟုတ်ဘဲ ရေစီးရေလာ ကောင်းမွန်သည်၊ သဘာဝကျကျ တွေးကြည့်ပါက မြစ်များမရှိသည့် သားရဲသခင်ဂိုဏ်းအတွင်း၌ ထိုသို့သော ရေကန်တစ်ခု မရှိနိုင်ပေ။
လျိုကျန်းက "ဒီကန်က သဘာဝအတိုင်း ဖြစ်လာတာ မဟုတ်ဘူး၊ မြေအောက်မြစ်တွေကို ရေလမ်းလွှဲပြီး ဖန်တီးထားတာ"ဟု ရှင်းပြသည်။
မကြာမီ သူတို့သုံးဦး မြေအောက်ဂူတစ်ခု၏ ဝင်ပေါက်သို့ ရောက်လာခဲ့ကြသည်။ ဝင်ပေါက်မှာ ပေ ၃၀ ခန့် ကျယ်ဝန်းပြီး မြွေဂူဟု ကမ္ပည်းထိုးထားသော ဆိုင်းဘုတ်တစ်ခု ချိတ်ဆွဲထားသည်။
ဂူဝင်ပေါက်သို့ ရောက်သည်နှင့် စုန့်ဝမ် ရုတ်တရက် ရပ်သွားသည်။ မြွေဂူအတွင်းမှ အလောင်းချီများ အဆက်မပြတ် ထွက်ပေါ်နေသည်ကို သူအာရုံခံမိလိုက်သည် မဟုတ်ပါလား။ သားရဲသခင်ဂိုဏ်းကဲ့သို့ လမ်းမှန်ဂိုဏ်းတွင် အဘယ်ကြောင့် ဤမျှ မိစ္ဆာစွမ်းအင်များဖြင့် ပြည့်နှက်နေသော နေရာတစ်ခု ရှိနေရသနည်း။ ယခုမှ အလောင်းနတ်ဆိုးဂိုဏ်းသို့ ပြန်ရောက်သကဲ့သို့ပင် ခံစားနေရသည်။
"ဂျူနီယာဝူ၊ ဘာဖြစ်ပြန်တာလဲ"
စုန့်ဝမ် ရပ်နေသည်ကို မြင်သောအခါ ကျိုးစစ်ယိက လှည့်ကြည့်၍ မေးလိုက်သည်။
"ဒီမှာ ဘာလို့ အလောင်းချီတွေ ရှိနေတာလဲ" ဟု စုန့်ဝမ်က စိုးရိမ်တကြီး မေးလိုက်သည်။ စိုးရိမ်မှုမှာ ဟန်ဆောင်ထားခြင်း ဖြစ်သော်လည်း မြွေဂူထဲသို့ အမှန်တကယ် ဝင်လိုစိတ် မရှိပေ။ ဤနေရာတွင် သားရဲသခင်ဂိုဏ်း၏ နက်နဲသော လျှို့ဝှက်ချက်အချို့ ရှိနေသည်မှာ ထင်ရှားလှသည်။ "နည်းနည်းသိလေ ဘေးကင်းလေ" ဟူသော မူကို ဆုပ်ကိုင်ထားသော စုန့်ဝမ်သည် ဤလျှို့ဝှက်ချက်များတွင် မပါဝင်လိုပေ။ သူ့ရည်ရွယ်ချက်က သားရဲသခင်ဂိုဏ်းတွင် ကာလတစ်ခုထိ ခိုလှံရန်သာ ဖြစ်သည်။ အတွင်းစည်းလျှို့ဝှက်ချက်များနှင့် ပတ်သတ်မိပါက အနာဂတ်တွင် အခက်ကြုံလာနိုင်သည်။
ကျိုးစစ်ယိက အားမလို၊ အားမရဖြစ်ဟန်နှင့် "ဂျူနီယာဝူ၊ မင်းက အရမ်း သံသယကြီးတာပဲ။ ငါတို့ ဒီကို ရောက်နေပြီပဲ၊ မင်း မြွေဂူထဲကို ဝင်ဝင် မဝင်ဝင် ဘာကွာမှာလဲ။ မြန်မြန်လာ ... အကြီးအကဲရုန် စောင့်နေတယ်" ဟု တိုက်တွန်းလိုက်သည်။
စုန့်ဝမ်လည်း မတတ်သာသည့်အဆုံး မြွေဂူထဲသို့ လိုက်ဝင်သွားခဲ့ရသည်။ မြွေဂူအတွင်း၌ ကာကွယ်ရေး အစီအရင်များ မရှိပေ။ ထို့ကြောင့် ကျင့်ကြံသူများသည် ဂူအတွင်းရှိ အရာအားလုံးကို ဝိညာဉ်အာရုံဖြင့် ဂူအဝကပင် စစ်ဆေးနိုင်သည်။ ကျိုးစစ်ယိ ပြောသကဲ့သို့ပင် သူတို့ မြွေဂူဝင်ပေါက်သို့ ရောက်ရှိချိန်မှာပင် ဝင်သည်ဖြစ်စေ မဝင်သည်ဖြစ်စေ လျှို့ဝှက်ချက်ကို သိရှိသွားပြီး ဖြစ်သည်။ နောက်ဆုတ်၍ မရတော့။
ပေတစ်ရာခန့် လျှောက်လာပြီးနောက် ကျယ်ဝန်းသော မြေအောက်ခန်းမတစ်ခု သူတို့ရှေ့တွင် ပေါ်လာသည်။ ခန်းမမှာ သဘာဝဂူ မဟုတ်ဘဲ၊ လူလုပ်ဂူဖြစ်သည်၊ ကြမ်းပြင်နှင့် နံရံများကို ချောမွေ့အောင် သေသေသပ်သပ် ပြုလုပ်ထားသည်။
ခန်းမကို မြောက်ဘက်နှင့် တောင်ဘက်ဟူ၍ အပိုင်းနှစ်ပိုင်း ခွဲခြားထားသည်။ တောင်ဘက်ပိုင်းမှာ အနည်းငယ် ပိုကျဉ်းပြီး ရေကန်ငယ်များစွာ ရှိနေသည်။ ထိုကန်များထဲတွင် လူပုံသဏ္ဌာန်ရှိသော မြွေများ အဆက်မပြတ် ကူးခတ်နေကြသည်။ ၎င်းတို့အားလုံးမှာ အပြည့်အဝ ဖွံ့ဖြိုးပြီးသော မြွေလူသားများ ဖြစ်ကြပြီး တစ်ရာကျော် ရှိသည်။ အများစုမှာ အသစ်မွေးဖွားထားသော ပထမအဆင့် မြွေလူသားများ ဖြစ်ကြပြီး ဒုတိယအဆင့်မှာ အနည်းငယ်သာ ရှိသည်။
ခန်းမ၏ မြောက်ဘက်ပိုင်းတွင် သေသေသပ်သပ် စီထားသော ခေါင်းတလားများ ရှိနေပြီး အရေအတွက် တစ်ထောင်ကျော် ရှိသည်။ ခေါင်းတလား တစ်ခုချင်းစီတွင် နံပါတ်များ တပ်ထားသည်။ များပြားလှသော ခေါင်းတလားများကြားတွင် စုန့်ဝမ်သည် "နံပါတ် ၉၇" ဟု တပ်ထားသော ခေါင်းတလားကို ရှာတွေ့ခဲ့သည်။ ဝိညာဉ်အာရုံကို အသုံးပြု၍ စစ်ဆေးလိုက်ရာ ထိုထဲတွင် ကျောက်တာဖန်း ညီ၏ ရုပ်အလောင်း ရှိနေသည်ကို တွေ့ရှိလိုက်သည်။ အသက်မရှိတော့သော်လည်း သူ့အပေါ် တစ်စုံတစ်ရာသော နည်းစနစ်တစ်ခုကို အသုံးပြုပြီး ချိတ်ပ်တ်ထားသဖြင့် ဝိညာဉ်မှာ ခန္ဓာကိုယ်တွင်း ပိတ်မိနေသည်။ ဆေးဖြင့်ထိန်းသိမ်းထားသဖြင့် ရုပ်အလောင်းမှာလည်း သေဆုံးပြီးခါစ အခြေအနေအတိုင်း ရှိနေသေးသည်။
ရုန်ကျင့်ယွမ်မှာ ခေါင်းတလားများကြားတွင် ရပ်နေပြီး သူမ၏ မျက်နှာတွင် စိုးရိမ်မှုများ ပြည့်နှက်နေသည်။ လက်ထဲတွင် ထူထဲသော စာအုပ်တစ်အုပ်ကို ကိုင်ထားပြီး၊ ထိုစာအုပ်ထဲတွင် ခေါင်းတလား တစ်ခုချင်းစီရှိ ရုပ်အလောင်းများ၏ အချက်အလက်များကို မှတ်တမ်းတင်ထားသည်။
ကျိုးစစ်ယိနှင့် လျိုကျန်းတို့သည် ရုန်ကျင့်ယွင် အနားသို့ ချဉ်းကပ်သွားကြသည်။
"အကြီးအကဲရုန်၊ တိုးတက်မှု မရှိသေးဘူးလား"
ရုန်ကျင့်ယွမ်က ဘာမှပြန်မပြောဘဲ ခေါင်းသာခါပြလိုက်သည်။
"အကြီးအကဲရုန်.. ဒီကိစ္စကို အခြေတည်အဆင့် အကြီးအကဲတွေနဲ့ စမ်းသပ်ကြည့်ချင်တယ်လို့ ပြောခဲ့တာ မဟုတ်လား။ သူက ဆေးတောင်ထိပ်က အကြီးအကဲဝူရှန်းပဲ၊ သူ့ကိုလည်း စမ်းကြည့်ခွင့်ပေးလိုက်ပါဦး" ဟု ကျိုးစစ်ယိက စုန့်ဝမ်ကို ညွှန်ပြရင်း ပြောလိုက်သည်။
စုန့်ဝမ်သည် ယခင်က ဆေးဖော်စပ်နည်းနှင့် ပတ်သက်၍ သူ့ကို အကြံဉာဏ်တောင်းဖူးသဖြင့် ရုန်ကျင့်ယွမ်က မှတ်မိနေဆဲ ဖြစ်သည်။
ရုန်ကျင့်ယွမ်က စုန့်ဝမ်ကို တစ်ချက်ကြည့်ပြီး အသာအယာ ခေါင်းညိတ်ပြသည်။
"အကြီးအကဲဝူ ရောက်နေမှတော့ သူ့ကိုလည်း စမ်းကြည့်ခိုင်းလိုက်တာပေါ့"
စုန့်ဝမ်မှာမူ ဘာမှနားမလည်သေးဘဲ "အကြီးအကဲရုန်... ကျွန်တော် ဘာကူညီပေးရမလဲဆိုတာ သိပါရစေ" ဟုသာ မေးလိုက်သည်။
ရုံကျင်ယွင်က တိုက်ရိုက်မဖြေဘဲ ရှေ့ရှိ ခေါင်းတလားများကို ညွှန်ပြကာ "ဒီအလောင်းတွေက သာမန်အလောင်းတွေနဲ့ ဘာကွာခြားတယ်လို့ မင်းထင်သလဲ" ဟု မေးခွန်းထုတ်ခဲ့သည်။
စုန့်ဝမ်က ခေတ္တမျှ စဉ်းစားပြီးနောက် "ဒီအလောင်းတွေက မသေခင်ကတည်းက အလောင်းချီတွေ၊ ယင်ဓာတ်ပါတဲ့ ပစ္စည်းတွေနဲ့ သန့်စင်ပြုပြင်တာ ခံထားရတယ်။ ဒါကြောင့် လူလည်းမဟုတ်၊ အလောင်းလည်းမဟုတ်တဲ့ အခြေအနေ ဖြစ်နေတယ်။ သူတို့ရဲ့ ခန္ဓာကိုယ်တွေကို အလောင်းချီ တိုက်စားတာ ခံခဲ့ရတာကြောင့် အချိန်အတော်ကြာအောင် ပြင်းပြင်းထန်ထန် ဝေဒနာခံစားပြီးမှ သေဆုံးခဲ့ရတာပါ" ဟု ပြန်ဖြေလိုက်သည်။
စုန့်ဝမ် ဤမျှအထိ ပြောနိုင်သည်ကို ရုန်ကျင့်ယွမ်က အံ့ဩခြင်းမရှိပေ။ ထိုအရာက ချီစုစည်းခြင်း နှောင်းပိုင်းအဆင့်ရှိ ကျင့်ကြံသူပင် ခန့်မှန်းနိုင်သောကြောင့် ဖြစ်သည်။
ရုန်ကျင့်ယွမ်က ဆက်ရှင်းပြသည်။
"ဒီအလောင်းတွေက မသေခင် အလောင်းချီ တိုက်စားမှုကို အချိန်အတော်ကြာ ခံခဲ့ရလို့ လူတစ်ဝက် အလောင်းတစ်ဝက် အခြေအနေ ဖြစ်နေတာ။ ငါတို့က ဒါကို ဆန်းကြယ်အလောင်းလို့ ခေါ်တယ်။ သူတို့ရဲ့ ခန္ဓာကိုယ်ထဲမှာ အလောင်းချီနဲ့ အသက်ဓာတ်တွေက ပေါင်းစပ်ဖို့ လက္ခဏာ ပြနေပေမဲ့ ဖြစ်နိုင်ခြေအဆင့်မှာပဲ ရှိနေသေးတယ်။ ငါတို့ လိုချင်တာက အလောင်းချီနဲ့ အသက်ဓာတ်တွေ အပြည့်အဝ ပေါင်းစပ်သွားဖို့ပဲ။ အဲဒီအခါ သေခြင်းနဲ့ ရှင်ခြင်း ဂုဏ်သတ္တိနှစ်မျိုးလုံးပါတဲ့ ချီစွမ်းအင်အသစ်တစ်မျိုး ဖြစ်လာလိမ့်မယ်။ အဲဒါကို ဆန်းကြယ်ချီလို့ ခေါ်တယ်"
စုန့်ဝမ် နားထောင်ရင်း အံအားသင့်နေသည်။ အလောင်းချီက သဘာဝချီစွမ်းအင်ဟု ဆိုနိုင်သေးသည်။ ဆန်းကြယ်ချီကတော့ ဖန်တီးထားသော သဘာဝမဟုတ်သည့် စွမ်းအင်ဖြစ်သည်။
ရုန်ကျင့်ယွမ်က ဆက်ရှင်းပြနေသည်။
"ဒီအလောင်း တစ်ထောင်ကျော်က သာမန်လူတွေနဲ့ အဆင့်နိမ့်ကျင့်ကြံသူတွေရဲ့ အလောင်းတွေပဲ။ သူတို့ခန္ဓာကိုယ်က အားနည်းတော့ အလောင်းချီ လွှမ်းမိုးမှုကို လွယ်လွယ်ခံရပေမဲ့ အဲဒီစွမ်းအင်တွေ အပြည့်အဝ မပေါင်းစပ်ခင်မှာပဲ ခန္ဓာကိုယ်က ဒဏ်မခံနိုင်ဘဲ ပျက်စီးသွားတာ။ ချီစုစည်းခြင်း နှောင်းပိုင်းအဆင့်နဲ့ အခြေတည်အဆင့်ကျတော့ အစွမ်းထက်တဲ့ ဝိညာဉ်စွမ်းအင်နဲ့ သန်မာတဲ့ ခန္ဓာကိုယ်ရှိလို့ အလောင်းချီကို ခုခံပြီး မိစ္ဆာစွမ်းအင်အဖြစ် ပြောင်းလဲနိုင်ကြတယ်။ ဒါပေမဲ့ အလောင်းချီ များလွန်းရင်တော့ သူတို့လည်း သေရတာပါပဲ။ ဒီလိုနဲ့ လူသားကျင့်ကြံသူတွေကို သုံးပြီး ဆန်းကြယ်ချီကို ဖော်ထုတ်ဖို့ ကြိုးစားတာက လမ်းဆုံးသွားတယ်။ ဒါကြောင့် ငါတို့က အသက်ဓာတ် ပိုပြင်းထန်တဲ့ တခြားမျိုးစိတ်တွေကို သုံးဖို့ စဉ်းစားခဲ့တယ်။ တိုက်တိုက်ဆိုင်ဆိုင် အကြီးအကဲလျိုက ခန္ဓာကိုယ်အစိတ်အပိုင်းတွေ ပြတ်တောက်သွားရင်တောင် ပြန်ပေါက်နိုင်တဲ့ အသက်ဓာတ်မြင့် မြွေလူသားတွေကို မွေးမြူနေတာနဲ့ တိုးတော့တာပဲ။ သူတို့က ဒီစမ်းသပ်ချက်အတွက် အကောင်းဆုံး ခန္ဓာကိုယ်တွေပဲ။ ဒါပေမဲ့ သူတို့အသက်ဓာတ်က ပြင်းထန်လွန်းတော့ အလောင်းချီ ခန္ဓာကိုယ်ထဲ ရောက်တာနဲ့ အသက်ဓာတ်က ချက်ချင်း ပြန်တွန်းထုတ်လိုက်လို့ ဆန်းကြယ်အလောင်းအဖြစ် သန့်စင်ဖို့ အရမ်းခက်ခဲနေတယ်။ အခုထိ ဂိုဏ်းထဲက အခြေတည်အဆင့် ကျင့်ကြံသူတွေနဲ့ ရွှေအမြုတေအဆင့် ကျွမ်းကျင်သူ သုံးဦးတို့ စမ်းသပ်ခဲ့ပေမဲ့ ဘယ်သူမှ မအောင်မြင်သေးဘူး”
ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် ရုံကျင်ယွင်က "အကြီးအကဲဝူ... မင်းအမြင်အရ ဒါကို ဖြေရှင်းဖို့ နည်းလမ်းရှိမလား" ဟု မေးလိုက်သည်။
စုန့်ဝမ်က အတန်ကြာ စဉ်းစားပြီးနောက် "အလောင်းတွေကို သန့်စင်တဲ့နေရာမှာ နတ်ဆိုးကျင့်စဉ်တွေက အထိရောက်ဆုံးပါ။ ဆန်းကြယ်အလောင်း ဖန်တီးဖို့ နတ်ဆိုးကျင့်ကြံသူအချို့ကို အကူအညီတောင်းရင် မကောင်းဘူးလား" ဟု ပြန်ဖြေသည်။
ရုန်ကျင့်ယွမ်က ခေါင်းခါသည်။
"အဲဒါလည်း စမ်းပြီးပြီ။ အလောင်းပြုပြင်တဲ့ နတ်ဆိုးကျင့်ကြံသူ နှစ်ယောက်ကို ဖမ်းပြီး စမ်းခိုင်းကြည့်ပေမဲ့ ရလဒ်က ကျေနပ်စရာ မရှိဘူး။ အကြီးအကဲဝူလည်း ရောက်နေမှတော့ စမ်းကြည့်လိုက်ပါဦး။ အောင်မြင်ခဲ့ရင် ဂိုဏ်းက ထိုက်ထိုက်တန်တန် ဆုချမှာပါ။ ဒါပေမဲ့ မှတ်ထားရမှာက ဒီမြွေဂူထဲမှာ မြင်ခဲ့သမျှ ဘယ်သူ့ကိုမှ မပြောရဘူး။ ဖောက်ဖျက်ရင် ဂိုဏ်းရဲ့ လျှို့ဝှက်ချက် ပေါက်ကြားစေမှုနဲ့ ပြင်းပြင်းထန်ထန် အပြစ်ပေးခံရလိမ့်မယ်" ဟု သတိပေးလိုက်သည်။
စုန့်ဝမ်က တည်ကြည်သောအမူအရာဖြင့် ဦးညွှတ်ကာ "စိတ်ချပါ အကြီးအကဲရုန်၊ ဒါက ဘယ်လောက် အရေးကြီးတယ်ဆိုတာ ကျွန်တော် နားလည်ပါတယ်" ဟု ကတိပေးလိုက်သည်။
ခန်းမ၏ မြောက်ဘက်ခြမ်း ထောင့်တစ်နေရာတွင် အလျားနှင့် အနံ ပေ ၃၀ ခန့်စီရှိသော ဂူငယ်အခု ၂၀ ကို ကျောက်နံရံတွင် ထွင်းထုထားသည်။
ကျိုးစစ်ယိက စုန့်ဝမ်ကို ဂူနံပါတ် ၁၀ ဂူပေါက်ဝသို့ ခေါ်လာခဲ့သည်။
"ဂျူနီယာမောင်လေးဝူ... ဒီဂူက အခုလောလောဆယ် လွတ်နေတယ်။ မင်းဒီမှာပဲ လုပ်လို့ရတယ်"
ပြောပြောဆိုဆို "နံပါတ် ၁၀" ဟု ရေးထိုးထားသော တံဆိပ်ပြားတစ်ခုနှင့် သိုလှောင်အိတ်တစ်ခုကို စုန့်ဝမ်ထံ ပေးလိုက်သည်။
"အဲဒီတံဆိပ်က နံပါတ် ၁၀ ဂူကို ထိန်းချုပ်တဲ့ တံဆိပ်ပဲ။ သိုလှောင်အိတ်ထဲမှာ အလောင်းပြုပြင်ဖို့ လိုအပ်တဲ့ ယင်နတ်ဆိုးနှင်းရည်နဲ့ ယင်မြေဝါလိုမျိုး ယင်ဓာတ်ပစ္စည်းတွေ ပါတယ်။ ငါကတော့ နံပါတ် ၂ ဂူမှာ ရှိနေမှာမို့လို့ တစ်ခုခုလိုရင် လာပြောလို့ရတယ်။ အလောင်းပြုပြင်ဖို့ မြွေလူသားကို အကြီးအကဲလျိုဆီမှာ သွားတောင်းလိုက်။ သူက မြွေလူသား ထောက်ပံ့တဲ့အပိုင်း တာဝန်ယူထားတာ"
"ကျေးဇူးတင်ပါတယ် စီနီယာအစ်မကျိုး"
ကျိုးစစ်ယိလည်း ခေါင်းညိမ့်ပြပြီး နံပါတ် ၂ ဂူဆီသို့ ထွက်သွားသည်။
ကျိုးစစ်ယိ ထွက်သွားပြီးနောက် စုန့်ဝမ် ဝိညာဉ်အာရုံဖြင့် သိုလှောင်အိတ်ကို စစ်ဆေးလိုက်သည်။ အတွင်း၌ အလောင်းသန့်စင်ရန် လိုအပ်သည်များ အပြည့်အစုံ ပါဝင်နေသည်။ အဆင့်မြင့် အလောင်းထိန်းခေါင်းတလား တစ်ခု၊ အလောင်းသန့်စင်နည်းပါ ကျောက်ပြားတစ်ခုနှင့် အခြားလိုအပ်သော ပစ္စည်းများစွာ ပါဝင်သည်။ အထူးသဖြင့် ယင်နတ်ဆိုးနှင်းရည်ပုလင်းမှာ တန်ဖိုးကြီးပြီး ဝိညာဉ်ကျောက် တစ်ထောင်ထက်မနည်း ရှိသည်။
သိုလှောင်အိတ်ထဲမှ ပစ္စည်းများကို မြင်သောအခါ စုန့်ဝမ်မှာ အနည်းငယ် စိတ်လှုပ်ရှားသွားသည်။ ယင်နတ်ဆိုးနှင်းရည်မှာ သန့်စင်သော အလောင်းချီမှ ဖြစ်ပေါ်လာခြင်းဖြစ်ပြီး အခြေတည်အဆင့်နှင့်အထက် အလောင်းပြုပြင်သူများ အသုံးများသည်။ အလောင်းဘုရင်သွေးသန့်စင်ကျင့်စဥ် အတွက်လည်း ဤပစ္စည်းက အလွန်အရေးပါသည်။
သားရဲသခင်ဂိုဏ်းက ပထမဆုံး စမ်းသပ်မှုအတွက်ပင် ဤမျှ တန်ဖိုးကြီးပစ္စည်းများကို ထုတ်ပေးထားခြင်းမှာ ဤဆန်းကြယ်အလောင်းများ ဖန်တီးရေးသည် မည်မျှ အရေးကြီးကြောင်း ပြသနေခြင်းပင်။
…………..