ထောင်ချောက်ထဲ မဆီမဆိုင် ဝင်တိုးတာလား
Vol. 20 Ch. 209
စုန့်ဝမ် ဂူအိမ်အပြင် ရောက်သည်နှင့် ဝမ်မင်က ကောက်ကျစ်စဥ်းလဲစွာ ပြုံးပြီး ခြိမ်းခြောက်လာသည်။
"အကြီးအကဲဝူ... ငါ့ရှေ့မှာ လာပြီး ဟန်ဆောင်မနေနဲ့တော့။ ငါ့ရဲ့ ဝိညာဉ်သားရဲ အပ်ချည်မျှင်ကြွက်က မင်းကို သုံးလတိတိ စောင့်ကြည့်နေခဲ့တာ။ မင်းရဲ့ဂူထဲမှာ ဘာတွေရှိသလဲဆိုတာ ငါအကုန်သိတယ်"
စုန့်ဝမ်က အလွန်အမင်း ထိတ်လန့်သွားဟန်ဖြင့် "ဝမ်မင်... မင်း တကယ်ပဲ... ငါ့ကို စောင့်ကြည့်နေခဲ့တာလား"ဟု မေးလိုက်သည်။
ဝမ်မင်က "စိတ်ချပါ၊ မင်းသာ ပူးပေါင်းဆောင်ရွက်ရင် မင်းရဲ့ လျှို့ဝှက်ချက်တွေကို မပေါက်ကြားစေရဘူး။ ဒါပေမဲ့ မင်းက မပူးပေါင်းဘူးဆိုရင်တော့ ငါ့ဘက်က တာဝန်မယူနိုင်ဘူး" ဟု ပြန်ဖြေသည်။
"မင်း ငါ့ကို ဘာလုပ်စေချင်တာလဲ"
စုန့်ဝမ်၏ တုံ့ပြန်မှုကို မြင်သောအခါ ဝမ်မင်သည် အောင်နိုင်သူတစ်ဦးကဲ့သို့ ပြုံးလိုက်ပြီး မောက်မာစွာဖြင့် ပြောလိုက်သည်။
"ငါ့အတွက် ဆေးလုံးတွေ ဖော်စပ်ပေးဖို့နဲ့ ရှားပါးတဲ့ ဝိညာဉ်ဆေးပင်အချို့ကို တိတ်တဆိတ် စုဆောင်းပေးဖို့ပဲ လိုတာပါ။ ဒါနဲ့... မှာထားတဲ့ ဆေးလုံးတွေနဲ့ ငွေရောင်ဦးချိုမြက်တွေရော ဘယ်လိုပြင်ဆင်ထားလဲ"
"ငါ မပြင်ဆင်ရသေးဘူး"
"ဘာတွေကို မပြင်ဆင်ရသေးတာလဲ။ ဆေးလုံးတွေလား ဒါမှမဟုတ် ငွေရောင်ဦးချိုမြက်လား"
"နှစ်ခုလုံးပဲ... ဘာမှမရသေးဘူး။ လွန်ခဲ့တဲ့ သုံးလအတွင်း ကျင့်ကြံတာနဲ့ပဲ အလုပ်ရှုပ်နေလို့ ဆေးလုံးတစ်လုံးမှ မဖော်ဖြစ်ဘူး။ ငွေရောင်ဦးချိုမြက်လည်း တစ်ပင်မှ မရခဲ့ဘူး"
"ဘာ.."
ဝမ်မင် ဒေါသတကြီး အော်ဟစ်လိုက်သည်။
"သုံးလတောင် ကြာသွားပြီကို မင်း ဘာမှ မလုပ်ရသေးဘူးလား"
"အသုံးမကျတဲ့ကောင်"
ဝမ်မင်က ဟိန်းဟောက်ကာ စုန့်ဝမ်ထံသို့ တိုးဝင်လာသည်။ ပြင်းထန်သော ဝိညာဉ်စွမ်းအား လှိုင်းလုံးကြီးတစ်ခုမှာ စုန့်ဝမ်ထံ အရှိန်ပြင်းစွာ ရိုက်ခတ်လာသည်။
ဝမ်မင်မှာ အခြေတည် နှောင်းပိုင်းအဆင့် ကျင့်ကြံသူဖြစ်ပြီး စုန့်ဝမ်ကမူ အခြေတည် အစောပိုင်းအဆင့်ကိုသာ ထုတ်ဖော်ထားခြင်း ဖြစ်သည်။ ခဏချင်းမှာပင် စုန့်ဝမ် လွင့်ထွက်သွားကာ ကျောက်နံရံနှင့် ဆောင့်မိသွားသည်။
"ဝေါ့.."
စုန့်ဝမ်၏ပါးစပ်မှ သွေးတစ်လုတ် ပန်းထွက်လာပြီး အသက်ရှူသံများပင် ကစဉ့်ကလျား ဖြစ်သွားသည်။ နံရံနှင့် ရိုက်မိပြီး မြေပြင်ပေါ်သို့ ပုံလျက်သား ပြုတ်ကျသွားခဲ့ရာ ဒဏ်ရာပြင်းပြင်းထန်ထန် ရရှိသွားဟန် တူပေသည်။
ထိုအခိုက် စုန့်ဝမ်၏ အက်ျီရင်ဘတ်အတွင်းမှ တံဆိပ်ပြားတစ်ခု ပြုတ်ကျလာသည်။ ဝမ်မင်က လက်ကိုဝှေ့ယမ်းကာ ထိုတံဆိပ်ပြားကို ဖမ်းယူလိုက်ပြီး ဝိညာဉ်စွမ်းအား ထည့်သွင်းလိုက်ရာ ဂူတံခါးမှာ ရုတ်တရက် ပွင့်သွားခဲ့သည်။ ဝမ်မင်လည်း စုန့်ဝမ်ကို ဆွဲမကာ ဂူအတွင်းသို့ ပစ်ထည့်လိုက်ပြီး သူကိုယ်တိုင်လည်း ဂူအတွင်းသို့ ဝင်ကာ တံဆိပ်ပြားဖြင့် ဂူတံခါးကို ပြန်ပိတ်လိုက်သည်။
ဝမ်မင်က ဂူတွင်း ဝေ့ဝဲကြည့်ရှုလိုက်ပြီး နောက်ဆုံးတွင် ဂူထောင့်ရှိ မြွေကန်နှစ်ခုပေါ်သို့ အာရုံရောက်သွားပြီး မြွေကန်များဆီသို့ ချဥ်းကပ်သွားသည်။ အပ်ချည်မျှင်ကြွက်၏ သတင်းပို့ချက်အရ မြွေတစ်ပိုင်း၊ လူတစ်ပိုင်း သတ္တဝါများ ရှိနေကြောင်း သိထားသော်လည်း ကိုယ်တိုင် မြင်တွေ့ရချိန်တွင် အလွန်အမင်း အံ့အားသင့်သွားခဲ့သည်။
"ဒါက ဘယ်လို မိစ္ဆာသတ္တဝါမျိုးလဲ။ ငါ ဘာလို့ တစ်ခါမှ မကြားဖူးတာလဲ"
စုန့်ဝမ်သည် ခက်ခက်ခဲခဲ ထရပ်လိုက်ပြီး မြွေကန်ဆီသို့ ယိုင်တိုင်တိုင် လျှောက်လာသည်။
"ဝမ်မင်... ငါ့ဂူထဲက ထွက်သွားပေးပါ၊ ဒီသတ္တဝါတွေက အရမ်းတန်ဖိုးရှိတယ်၊ မင်း ထိလို့ရတဲ့အရာ မဟုတ်ဘူး"
ဝမ်မင်သည် အစပိုင်းတွင် မြွေလူသားများကို အထူးအဆန်းအဖြစ်သာ စိတ်ဝင်စားသော်လည်း ဤစကားကို ကြားသောအခါ လောဘစိတ်များ ပေါက်ဖွားလာခဲ့သည်။ ဒုတိယအဆင့် နတ်ဆိုးသတ္တဝါများမှာ အနည်းဆုံး ဝိညာဉ်ကျောက် သောင်းနှင့်ချီ တန်ဖိုးရှိပေသည်။ ဤမြွေတစ်ပိုင်း၊ လူတစ်ပိုင်း သတ္တဝါများမှာ သူပင် မကြားဖူးသဖြင့် တန်ဖိုး အဆမတန် ပိုမြင့်မည်ဟု တွေးမိသွားသည်။
လောဘတက်လာသော ဝမ်မင်လည်း မြွေကန်၏ ဘေးရှိ အစီအရင်ပြားများကို ကောက်ယူကာ မြွေကန်ပေါ်ရှိ ခြောက်မြှောင့်ကြယ်နတ်ဆိုးထိန်းအစီအရင်ကို ဖယ်ရှားရန် ပြင်ဆင်လိုက်သည်။
ထိုစဉ် နောက်ဘက်မှ စုန့်ဝမ်၏အသံ ထွက်ပေါ်လာသည်။
"မင်း အဲဒါတွေကို ထိလို့မရ..."
စုန့်ဝမ် စကားမဆုံးမီမှာပင် ဝမ်မင်သည် ပြင်းထန်သော တိုက်ခိုက်မှုကြောင့် အဝေးသို့ လွင့်ထွက်သွားပြန်သည်။ စုန့်ဝမ် မြေပြင်ပေါ်သို့ ပုံလျက်သား ကျသွားကာ သွေးများ အန်နေပြီး ထရပ်ရန် ကြိုးစားသော်လည်း မအောင်မြင်ခဲ့ပေ။
ဝမ်မင်သည်လည်း သားရဲသခင်ဂိုဏ်း၏ အကြီးအကဲပီပီ ဤအစီအရင်ထိန်းချုပ်နည်းအား ကျွမ်းကျင်သူဖြစ်ရာ မန္တန်လက်ဟန်အချို့ ပြုလုပ်လိုက်သည်နှင့် မြွေကန်ပေါ်မှ အစီအရင် အကာအကွယ် ပျောက်ကွယ်သွားခဲ့သည်။ ထို့နောက် မြွေလူသားများ၏ ခန္ဓာကိုယ်တွင်းရှိ တားမြစ်စည်းများကို နှိုးဆွလိုက်ရာ ၎င်းတို့၏ ဝိညာဉ်စွမ်းအားများ ချိတ်ပိတ်ပြီးသား ဖြစ်သွားသည်။ မြွေလူသားမှာ သိုးငယ်ကဲ့သို့ပင် မည်သည့်ခုခံမှုမှ မပြုနိုင်ဘဲ ဝမ်မင်၏ ဝိညာဉ်စွမ်းအားဖြင့် ဆွဲထုတ်ပြီး အလောင်းထိန်းခေါင်းတလားအတွင်း ထည့်သွင်းခြင်း ခံလိုက်ရသည်။ အခြားတစ်ကောင်ကိုလည်း ထိုနည်းအတိုင်းပင် လုပ်ဆောင်ခဲ့သည်။
ထို့နောက် ဝမ်မင်သည် ခေါင်းတလား နှစ်လုံးကို ဆွဲယူကာ ဒဏ်ရာပြင်းထန်နေသော စုန့်ဝမ်အနီးသို့ လျှောက်လာသည်။
"မင်း ဘာလုပ်မလို့လဲ" စုန့်ဝမ်က ဝမ်မင် သူ့ကို သတ်လိုက်မည်ကို ကြောက်လန့်နေဟန်ဖြင့် မေးလိုက်သည်။
ဝမ်မင်က မြေပြင်ပေါ်တွင် လဲလျောင်းနေသော စုန့်ဝမ်ကို ငုံ့ကြည့်လိုက်ပြီး "ငါ မင်းကို မသတ်ပါဘူး၊ အဲဒါက ဂိုဏ်းစည်းကမ်းကို ဖောက်ဖျက်ရာကျလိမ့်မယ်။ ဒါပေမဲ့ ဒီလူနဲ့မြွေစပ် နှစ်ကောင်ကတော့ အခုကစပြီး ငါ့အပိုင်ပဲ"ဟု ပြောလိုက်သည်။
"မင်း တခြားသူရဲ့ ပစ္စည်းကို အတင်းအကျပ် လုယူနေတာပဲ။ ဂိုဏ်းကို တိုင်တောမှာ မကြောက်ဘူးလား"
ဝမ်မင်က လှောင်ပြုံးပြုံးလိုက်သည်။
"တိုင်ကြည့်လေ။ မင်းသာ နတ်ဆိုးနည်းစနစ်တွေကို သုံးပြီး အလောင်းသန့်စင်နေတာ ဂိုဏ်းက သိသွားရင် ဘယ်သူ့ကံကြမ္မာ ပိုဆိုးမလဲဆိုတာ ကြည့်ရသေးတာပေါ့"
"မင်း..." စုန့်ဝမ်သည် စကားမပြောနိုင်တော့ဘဲ ဝမ်မင်ကို စိုက်ကြည့်နေခဲ့သည်။
ဝမ်မင်သည် ခေါင်းတလား နှစ်လုံးကို တစ်ခုပေါ်တစ်ခု ဆင့်လိုက်ပြီး အမျိုးအမည်မသိ သားရဲအရေခွံကြီးတစ်ခုဖြင့် လွှမ်းအုပ်လိုက်ရာ ခေါင်းတလားမှ ထွက်ပေါ်နေသော အလောင်ချီအော်ရာများ ပျောက်ကွယ်သွားခဲ့သည်။ အပြင်တွင် မည်သူမျှ မရှိကြောင်း အတည်ပြုပြီးနောက် ဝမ်မင်လည်း ဂူအတွင်းမှ ထွက်ခွာပြီး၊ ကမ်းပါးယံအတိုင်း အောက်သို့ လျင်မြန်စွာ ဆင်းကာ သစ်တောအတွင်းသို့ ပျောက်ကွယ်သွားသည်။
သစ်တောအတွင်း ရောက်ချိန် တောင်ကမ်းပါးယံရှိ အပ်ချည်မျှင်ကြွက်ကို ပြန်ခေါ်ရန် ပြင်ဆင်နေစဉ်မှာပင် လူငါးဦး စုန့်ဝမ်၏ ဂူဆီသို့ ပျံသန်းလာနေသည်ကို အာရုံခံမိသဖြင့် မျက်နှာပျက်သွားသည်။ ဦးဆောင်လာသူမှာ သူရင်းနှီးသော ဥပဒေခန်းမမှ အကြီးအကဲလျန်ထျန်းလုပင် ဖြစ်သည်။
ဥပဒေခန်းမက လူတွေလား၊ သူတို့က ဒီဝူရှန်းကို ဘာကိစ္စနဲ့ လာရှာတာလဲ။ ဝူရှန်း အလောင်းသန့်စင်တာ ပေါက်ကြားသွားတာလား၊ ဒါမှမဟုတ် ငါ ဝူရှန်းဆီက ပစ္စည်းလုတာကိုများ သိသွားကြတာလား။ ဝမ်မင်၏ စိတ်ထဲတွင် မေးခွန်းများစွာဖြင့် ရှုပ်ထွေးနေလေတော့သည်။
...
လျန်ထျန်းလုသည် တပည့်လေးဦးနှင့်အတူ စုန့်ဝမ်၏ ဂူရှေ့သို့ ရောက်ရှိလာသောအခါ ဂူတံခါး ဟင်းလင်းပွင့်နေသည်ကို တွေ့ရသဖြင့် အံ့ဩသွားသည်။ ဝိညာဉ်အာရုံဖြင့် စစ်ဆေးကြည့်ရာ စုန့်ဝမ်မှာ ပြင်းထန်သော ဒဏ်ရာများဖြင့် မြေပြင်ပေါ်တွင် လဲလျောင်းနေသည်ကို တွေ့ရှိလိုက်ရသည်။ တစ်ချိန်တည်းမှာပင် ဂူအတွင်း၌ ကျန်ရှိနေသော ပြင်းထန်သည့် အလောင်းချီအော်ရာများကိုလည်း သတိထားမိလိုက်သည်။
လျန်ထျန်းလုသည် ဂူအတွင်းသို့ ဝင်သွားကာ စုန့်ဝမ်အနီးသို့ ချဉ်းကပ်လိုက်သည်။
"မင်းက ဆေးတောင်ထိပ်က ဝူရှန်းလား"
လျန်ထျန်းလု၏ ရုတ်တရက် ပေါ်လာမှုမှာ စုန့်ဝမ်အတွက် လုံးဝ မမျှော်လင့်ထားသော အခြေအနေ ဖြစ်သည်။ ဝမ်မင်က မြွေလူသားများကို ယူသွားပြီးနောက် ရုန်ကျင့်ယွမ်ကို အကြောင်းကြားရန် ပြင်ဆင်နေစဉ်မှာပင် လျန်ထျန်းလုတို့အဖွဲ့ ရောက်လာခြင်း ဖြစ်သည်။ အစီအစဉ်အတိုင်း ဖြစ်မလာသဖြင့် စုန့်ဝမ်သည် ဆက်လက် ဟန်ဆောင်နေရန်သာ ဆုံးဖြတ်လိုက်သည်။
"ဝေါ့"
စုန့်ဝမ်က သွေးတစ်လုတ် ထပ်အန်လိုက်ပြီး အားနည်းသောအသံဖြင့် "ဟုတ်ပါတယ်... ကျွန်တော် ဝူရှန်းပါ" ဟု ပြန်ဖြေလိုက်သည်။
လင်ထျန်းလုက "ဝူရှန်း... မင်းရဲ့ဂူထဲကို ဘယ်သူဝင်လာပြီး မင်းကို ဒဏ်ရာရအောင် လုပ်တာလဲ" ဟု မေးသည်။
စုန့်ဝမ်က ခေါင်းခါပြလိုက်ပြီး "ဘယ်သူမှ မဟုတ်ပါဘူး၊ ကျွန်တော် ကျင့်ကြံရင်း မတော်တဆ ဖြစ်သွားတာပါ" ဟု ဆိုသည်။
လျန်ထျန်းလုမျက်နှာ ခက်ထန်သွားသည်။
"မင်းက မပြောချင်ဘူးဆိုရင်လည်း ငါ ထပ်မမေးတော့ဘူး။ ဒါပေမဲ့ မင်း စည်းကမ်းချိုးဖောက်ပြီး ကိုယ်ပိုင်ဆေးလုံးတွေ ဖော်စပ်နေတယ်လို့ တစ်ယောက်က တိုင်ထားတယ်။ ဒါက သိပ်ကြီးတဲ့ ကိစ္စမဟုတ်ပေမဲ့ ဂိုဏ်းစည်းကမ်းကို ဖောက်ဖျက်ရာ ရောက်တယ်။ အဲဒါအတွက် ဝိညာဉ်ကျောက် ဒဏ်ငွေဆောင်ရုံ ဒါမှမဟုတ် ဝေးလံတဲ့ နေရာကို နယ်နှင်ဒဏ် အပေးခံရရုံပဲ ရှိမှာပါ။ ဒါပေမဲ့ အံ့ဩစရာကောင်းတာက ဒီဂူထဲမှာ အလောင်းချီတွေ အများကြီး ရှိနေတာပဲ။ နတ်ဆိုးနည်းစနစ်တွေကို ကျင့်ကြံတာက ကြီးလေးတဲ့ ပြစ်မှုပဲ။ ဒီတစ်ခါတော့ မင်း လွတ်ဖို့ ခက်လိမ့်မယ်။ ဝူရှန်း... မင်းက နတ်ဆိုးနည်းစနစ်ကို ကျင့်ကြံနေတယ်ဆိုတာ သက်သေတွေ အခိုင်အမာ ရှိနေပြီ။ မင်း ဘာပြောစရာ ရှိသေးလဲ"
စုန့်ဝမ်က "ကျွန်တော့်မှာ ပြောစရာ မရှိပါဘူး၊ ဒါပေမဲ့ သူငယ်ချင်းတစ်ယောက်ကို အကြောင်းကြားဖို့ ဆက်သွယ်ရေးအဆောင် သုံးခွင့်ပြုမလား" ဟု မေးသည်။
လျန်ထျန်းလုက လှောင်ပြုံးပြုံးလိုက်သည်။
"ဘာလဲ၊ မင်းအတွက် အသနားခံပေးမယ့်သူ ရှာမလို့လား။ ဘယ်သူ့ကိုပဲ ခေါ်ခေါ် အလဟဿပဲ ဖြစ်လိမ့်မယ်။ နတ်ဆိုးနည်းစနစ် ကျင့်ကြံတာကို တားမြစ်ထားတာက ငါတို့ရဲ့ တည်ထောင်သူဘိုးဘေး ချမှတ်ထားတဲ့ စည်းကမ်းပဲ။ မင်းဆန္ဒရှိရင် ခေါ်လေ၊ သူဘာပြောမလဲ ကြည့်ရသေးတာပေါ့"
စုန့်ဝမ်လည်း ရုန်ကျင့်ယွမ်ထံ မြွေလူသားများ အလုခံရပြီး သူကိုယ်တိုင်လည်း ဥပဒေခန်းမ၏ ဖမ်းဆီးခြင်း ခံထားရကြောင်း သတင်းပို့လိုက်သည်။
စုန့်ဝမ် သတင်းပို့ပြီးသည်နှင့် လျန်ထန်းလုတို့အဖွဲ့က ဝိညာဥ်စွမ်းအား သုံးမရအောင် ချိတ်ပိတ်ပြီး ဥပဒေခန်းမသို့ ဖမ်းဆီးခေါ်ဆောင်သွားသည်။ ခန်းမ ရောက်သည်နှင့် အချုပ်ခန်းအတွင်း ပိတ်လှောင်ပြီး သံကြိုးများဖြင့် ချည်နှောင်လိုက်သည်။
ထို့နောက် လျန်ထန်းယုကိုယ်တိုင် စတင်စစ်မေးသည်။
"ဝူရှန်း... မင်းရဲ့ မှတ်တမ်းကို ငါ ခုတင်ပဲ ရခဲ့တယ်။ မင်းက လွန်ခဲ့တဲ့ လေးနှစ်ကမှ ဂိုဏ်းထဲကို ဝင်လာတဲ့ လေလွင့်ကျင့်ကြံသူပဲ။ မင်း ကျင့်ကြံနေတဲ့ အလောင်းသန့်စင်နည်းစနစ်က ဂိုဏ်းထဲ မဝင်ခင်ကတည်းက ရထားတာ ဖြစ်ရမယ်။ ပြောစမ်း၊ မင်း ဘာလို့ ဂိုဏ်းထဲကို ဝင်လာရတာလဲ။ မင်းက နတ်ဆိုးဂိုဏ်း သူလျှိုလား"
လျန်ထျန်းလုက စစ်ဆေးမေးမြန်းနေသော်လည်း စုန့်ဝမ်မှာ ကြောက်ရွံ့ခြင်း မရှိဘဲ "အကြီးအကဲလျန်... အလောင်းသန့်စင်တဲ့ကိစ္စနဲ့ ပတ်သက်လို့ ခင်ဗျားမှာ ကျွန်တော့်ကို မေးမြန်းပိုင်ခွင့် မရှိပါဘူး။ ကျွန်တော် သိချင်တာက ဘယ်သူက ကျွန်တော့်ကို တိုင်လိုက်တာလဲ ဆိုတာပဲ" ဟု ပြန်ပြောလိုက်သည်။
သေရမည်ကို မကြောက်ဘဲ သူ့ကို ပြန်လည် စိန်ခေါ်နေသော စုန့်ဝမ်ကို ကြည့်ကာ လျန်ထျန်းလု ဒေါသထွက်သွားခဲ့သည်။ "ဝူရှန်း... မင်းက ငါ့ကို ညှဉ်းပန်းနှိပ်စက်လာအောင် လုပ်နေတာပဲ"
လျန်ထျန်းယုလည်း ဝိညာဉ်ခွဲဓားကို ထုတ်ယူလိုက်သည်။ ထိုဓားမှာ ဝိညာဉ်ကို ထိခိုက်စေနိုင်သော ဝိညာဉ်တိုက်စားမီးတောက် ပါဝင်သော အဆင့်မြင့် ဝိညာဉ်လက်နက် ဖြစ်သည်။ ဓားဖြင့် အခုတ်ခံရရုံပါက ခန္ဓာကိုယ် နာကျင်မှုထက် ဝိညာဉ်ကို လောင်မြိုက်စေသော နာကျင်မှုက ပိုမိုပြင်းထန်သည်။ လျန်ထျန်းလုက ထိုဓားဖြင့် စုန့်ဝမ်၏ ပခုံးကို ထိုးစိုက်လိုက်သည်။ စုန့်ဝမ်၏ မျက်နှာမှာ နာကျင်မှုကြောင့် တွန့်လိမ်သွားခဲ့ပြီး နဖူးပေါ်တွင်လည်း အကြောများမှာ မြေဆီလွှာအတွင်းမှ တီကောင်များကဲ့သို့ ထောင်ထလာခဲ့သည်။
"အား"
စုန့်ဝမ် အံတင်းတင်းကြိတ်ကာ ညည်းတွားလိုက်မိသည်။ ဝိညာဉ် လောင်မြိုက်ခံရသော နာကျင်မှုမှာ ပြင်းထန်သော်လည်း သူ့ခံနိုင်ရည်အတွင်း ရှိနေဆဲ ဖြစ်သည်။ အစားထိုးရုပ်သေး ဖန်တီးရန်အတွက် ဝိညာဉ်ခွဲစိတ်ခြင်းကို အကြိမ်ကြိမ် ပြုလုပ်ခဲ့ဖူးသဖြင့် ဝိညာဉ်နာကျင်မှုအပေါ် ခံနိုင်ရည်မှာ အခြားသူများထက် အဆပေါင်းများစွာ မြင့်မားနေခြင်း ဖြစ်သည်။
လျန်ထျန်းလုက ဓားကို ပြန်ထုတ်လိုက်ပြီး သွေးဆာနေသော အပြုံးဖြင့် စုန့်ဝမ်၏ သွေးများကို လက်ဖြင့် သုတ်ယူကာ မြည်းစမ်းကြည့်လိုက်သည်
"မင်းလို ခေါင်းမာတဲ့လူမျိုးကို ငါ သဘောကျတယ်၊ ဒါမှ ငါ စိတ်ရှိလက်ရှိ လုပ်လို့ ရမှာ..."
စကားမဆုံးမီမှာပင် လျန်ထျန်းလု၏ အမူအရာမှာ ရုတ်တရက် ပြောင်းလဲသွားသည်။ သူ့လျှာပေါ်တွင် အပ်ပေါင်း ထောင်သောင်းချီ၍ အထိုးခံရသကဲ့သို့ ပြင်းထန်သော နာကျင်မှုကို ခံစားလိုက်ရသည်။
"မင်းသွေးထဲမှာ ဘာလို့ ဒီလောက် အဆိပ်ပြင်းတွေ ရှိနေရတာလဲ"
လျန်ထျန်းယုလည်း အဆိပ်များကို ပြန်လည် ထွေးထုတ်ကာ ဝိညာဉ်စွမ်းအားဖြင့် အသည်းအသန် ထိန်းချုပ်ကုစားလိုက်ရသည်။ အခြေတည် နှောင်းပိုင်းအဆင့် ကျင့်ကြံသူဖြစ်သဖြင့် ဤအဆိပ်မှာ သူ့ကို မသတ်နိုင်သော်လည်း လျှာမှာမူ မီးလောင်သကဲ့သို့ နာကျင်နေခဲ့သည်။
ဒေါသထွက်သွားသော လျန်ထျန်းလုသည် စုန့်ဝမ်ကို ဝိညာဥ်ခွဲဓားဖြင့် ထပ်မံ ထိုးစိုက်ရန် ပြင်ဆင်လိုက်စဉ် "မင်း နောင်တရလိမ့်မယ်" ဟု စုန့်ဝမ်က အေးစက်စွာ ပြောလိုက်သည်။
"ဟက် .. ငါ့ခြေဖဝါးအောက်က အကျဉ်းသားက ငါ့ကို ခြိမ်းခြောက်နေတာလား" ဟု လျန်ထျန်းလုက လှောင်ပြောင်ကာ ဓားဖြင့် ထပ်မံ ထိုးစိုက်ရန် ကြိုးစားလိုက်သည်။
"ရပ်လိုက်စမ်း"
ရုတ်တရက် ကျယ်လောင်သော အော်ဟစ်သံနှင့်အတူ ရုန်ကျင့်ယွမ်သည် ကျိုးစစ်ယိနှင့်အတူ အချုပ်ခန်းအတွင်းသို့ ရောက်ရှိလာခဲ့သည်။
ရုန်ကျင့်ယွမ်က စုန့်ဝမ် အသက်အန္တရာယ် မရှိကြောင်း စစ်ဆေးအတည်ပြုပြီးမှ လျန်ထျန်းလုဘက် လှည့်လာသည်။
"ဝူရှန်းက ငါတို့ ဆေးတောင်ထိပ်က အကြီးအကဲ တစ်ယောက်ပဲ။ မင်းတို့ ဥပဒေခန်းမက သူ့ကို ဘာအကြောင်းနဲ့ ဖမ်းတာလဲ"
"ငါတို့ ဥပဒေခန်းမက မင်းကို အစီရင်ခံနေရမှာလား ရုန်ကျင့်ယွမ်"
လျန်ထျန်းယုက ခပ်တင်းတင်း တုံ့ပြန်လိုက်သော်လည်း ရုန်ကျင့်ယွမ်မှာ ဆေးတောင်ခန်းမအကြီးအကဲရာထူး ရှိနေသဖြင့် ဂိုဏ်းအတွင်း မည်သည့်နေရာမဆို လွတ်လပ်စွာ ဝင်ထွက်သွားလာနိုင်ခွင့် ရှိနေသဖြင့် တားရခက်နေသည်။
လျန်ထျန်းလုက စုန့်ဝမ်ကို ညွှန်ပြကာ "ဒီလူက နတ်ဆိုးဂိုဏ်းကသူလျှိုပဲ။ ငါ သူ့ကို ဒီနေရာမှာတင် သတ်လိုက်ရင်တောင် မင်းမှာ ဘာမှပြောပိုင်ခွင့် မရှိဘူး" ဟု ဆိုလိုက်သည်။
ရုန်ကျင့်ယွမ်က တွေဝေသွားသော်လည်း ကျိုးစစ်ယိကမူ အလွန်ဒေါသထွက်သွားပြီး "ဒါက မဟုတ်မမှန် စွပ်စွဲတာပဲ၊ အကြီးအကဲဝူက သူလျှိုဆိုတာ မင်းမှာ ဘာသက်သေရှိလဲ" ဟု ပြန်လည် အော်ဟစ်လိုက်သည်။
လျန်ထျန်းလုက ရယ်မောလိုက်သည်။
"သက်သေလား၊ သူ့ရဲ့ဂူထဲမှာ အလောင်းချီတွေ အများကြီး ရှိနေတာပဲ။ သူက ဂိုဏ်းထဲကို ဝင်လာတာ လေးနှစ်ပဲ ရှိသေးတာ၊ သူလျှိုမဟုတ်ရင် ဘာဖြစ်ရမှာလဲ"
ကျိုးစစ်ယိ မျက်နှာမှာ ဒေါသကြောင့် နီမြန်းလာသည်။
"ဂူထဲမှာ အလောင်းချီ ရှိတာနဲ့ပဲ သူလျှိုလို့ ပြောတာလား။ ဒါဆိုရင် ကျွန်မဆီမှာလည်း အလောင်းချီစွမ်းအင်တွေ ရှိတယ်၊ ဒါဆိုရင် ကျွန်မကလည်း နတ်ဆိုးဂိုဏ်းသူလျှိုပဲလား"
ထိုသို့ပြောရင်း ကျိုးစစ်ယိက ဟောင်ချီမှန်ကို ထိန်းချုပ်ထားသော ဝိညာဉ်စွမ်းအားများ ရုတ်သိမ်းလိုက်ရာ ချက်ချင်းပင် သူမ၏ ပတ်လည်တွင် ထူထပ်သော အလောင်းချီစွမ်းအင်များ ထွက်ပေါ်လာလေတော့သည်။
……….