← Chapters

အကျိုးအမြတ်ရပြီ

Vol. 20 Ch. 210

အကျိုးအမြတ်ရပြီ

Vol. 20 Ch. 210

ကျိုးစစ်ယိထံမှ အလောင်းချီအော်ရာ ထွက်ပေါ်လာသည်ကို မြင်လိုက်ရသောအခါ လျန်ထျန်းလု အလွန်အမင်း တုန်လှုပ်ခြောက်ခြားသွားခဲ့သည်။

ကျိုးစစ်ယိသည် ဝိညာဥ်သားရဲတောင် ဒုတိယတောင်သခင်၏ သမီးဖြစ်ပြီး မြင့်မားသော ပါရမီကြောင့် လူသိများသူ ဖြစ်သည်။ သူမသည် သားရဲသခင်ဂိုဏ်းတွင်ပင် မွေးဖွားကြီးပြင်းလာသူ ဖြစ်ရာ မည်သို့မျှ နတ်ဆိုးကျင့်ကြံသူ မဟုတ်နိုင်ပေ။

ဖမ်းဆီးခံရချိန်မှ အကျဉ်းထောင်အတွင်း ရောက်ရှိချိန်အထိ စုန့်ဝမ်၏ တည်ငြိမ်လွန်းသော အမူအရာကို ပြန်လည် မြင်ယောင်ရင်း လျန်ထျန်းလု စိတ်ထဲတွင် မကောင်းသော အတိတ်နိမိတ်တစ်ခု ဝင်ရောက်လာသည်။ "ဝူရှန်းက နတ်ဆိုးနည်းစနစ်ကို တိတ်တဆိတ် ကျင့်ကြံနေတာ မဟုတ်ဘဲ၊ အထက်လူကြီးတချို့ရဲ့ ညွှန်ကြားချက်နဲ့ အလောင်းချီစွမ်းအင် လိုအပ်တဲ့ ဆေးလုံးအသစ်တစ်ခုခုကို လျှို့ဝှက်ဖော်စပ်နေတာများလား" ဟု သူ တွေးမိသွားသည်။ စုန့်ဝမ်က ဆေးတောင်ထိပ်မှ ဖြစ်သည့်အတွက် ဆေးလုံးအသစ်တစ်မျိုး ဖော်စပ်နေခြင်းဖြစ်မည်ဟု သဘာဝကျကျ ယူဆမိလိုက်ခြင်းဖြစ်သည်။

ရုန်ကျင့်ယွမ်၏ မျက်နှာမှာ ဒေါသကြောင့် မည်းမှောင်နေပြီး လေသံမှာလည်း ရေခဲကဲ့သို့ အေးစက်နေသည်။

"အကြီးအကဲကဲလျန်... အကြီးအကဲဝူရဲ့ ဂူထဲမှာ အလောင်းချီစွမ်းအင် ရှိတာနဲ့တင် သူက သူလျှိုပါလို့ ကောက်ချက်ချပြီး ညှဉ်းပန်းနှိပ်စက်ရဲတယ်ပေါ့။ မင်းတို့ ဥပဒေခန်းမက ကိုယ့်ဂိုဏ်းသားအချင်းချင်းကိုတောင် ဒီလောက်အထိ မတရားလုပ်ရသလား"

လျန်ထျန်းလုတွင် ခိုင်လုံသော သက်သေအထောက်အထား ရှိလိမ့်မည်ဟု ထင်ထားခဲ့သောကြောင့် အစက တွေဝေသွားသော်လည်း၊ အမှန်တကယ်တွင် စုန့်ဝမ်၏ ဂူထဲမှ အလောင်းချီကြွင်းကျန်မှုကိုသာ အခြေခံထားကြောင်း သိရသောအခါ ရုန်ကျင့်ယွမ် အလွန်ဒေါသထွက်သွားသည်။ စုန့်ဝမ် သန့်စင်ထားသော၊ အသက်ဓာတ်နှင့် အလောင်းချီ ပေါင်းစပ်စပြုနေသည့် မြွေလူသား အလုခံလိုက်ရကြောင်း သတင်းရရှိထားပြီး ဖြစ်သောကြောင့် စိုးရိမ်ပူပန်မှုနှင့်အတူ ဒေါသထိန်းမရအောင် ဖြစ်လာသည်။

အချိန်ကြာလေ မြွေလူသားကို ပြန်ရှာတွေ့ဖို့ အခွင့်အလမ်း နည်းပါးလေ ဖြစ်သည်။ ထို့အပြင် ထိုသတ္တဝါမှာ လူ့ကျင့်ဝတ်နှင့် ဆန့်ကျင်နေသဖြင့် အပြင်လူများ မသိအောင် ထိန်းသိမ်းရမည် ဖြစ်သည်။ အကယ်၍ လုယူသွားသူသာ ဂိုဏ်းအပြင်ဘက်သို့ ထုတ်သွားပါက ဂိုဏ်း၏ ဂုဏ်သိက္ခာကို ကြီးစွာ ထိခိုက်ပေလိမ့်မည်။

"ဒီလုပ်ရပ်အတွက် မင်း ပြန်ပေးဆပ်ရလိမ့်မယ်" ဟု ရုန်ကျင့်ယွမ်က လျန်ထျန်းလုကို ဒေါသတကြီး ပြောလိုက်သည်။ ထို့နောက် စုန့်ဝမ်ဘက်သို့ လှည့်ကာ "အကြီးအကဲဝူ... ဘယ်သူက မင်းရဲ့ဂူကို ဝင်လုသွားတာလဲ" ဟု မေးသည်။ စုန့်ဝမ်က "အရှေ့ဟွာဖန်းစျေးက ဥပဒေခန်းမရဲ့ လုံခြုံရေးအဖွဲ့ အကြီးအကဲဝမ်မင်ပါ" ဟု ဖြေလိုက်သည်။

ရုန်ကျင့်ယွမ်က ကျိုးစစ်ယိကို ကြည့်ကာ "အကြီးအကဲကျိုး... ဒီမှာ အကြီးအကဲဝူကို ကူညီပေးပါ။ ကျွန်မ ဝမ်မင်ကို သွားဖမ်းလိုက်ဦးမယ်" ဟု ပြောကာ အပြင်သို့ ထွက်ရန် ပြင်လိုက်စဉ်မှာပင် အသံတစ်ခု ထွက်ပေါ်လာသည်။

"အကြီးအကဲရုန်... ငါအကုန် သိပြီးပြီ။ ဝမ်မင်ကို ဖမ်းဖို့ လူလွှတ်လိုက်ပြီ။ ဥပဒေခန်းမရဲ့ ပင်ခန်းမဆောင်ဆီကိုပဲ လာခဲ့လိုက်ပါ"

ထိုအသံကို ကြားလိုက်ရသဖြင့် ရုန်ကျင့်ယွမ်၏မျက်နှာ ဝင်းပသွားသည်။ ထိုအသံရှင်မှာ ဆေးတောင်ထိပ်သခင် ဖုန့်ဖန်းယီပင် ဖြစ်သည်။ သူမ ဥပဒေခန်းမသို့ လာနေစဉ်မှာပင် ဖုန့်ဖန်းယီထံ သတင်းပို့ထားခဲ့သော်လည်း ဤမျှ မြန်မြန် ရောက်လာလိမ့်မည်ဟု မထင်ထားခဲ့ပေ။ ကျိုးစစ်ယိ လျန်ထျန်းလုကို မောက်မာစွာ စိုက်ကြည့်ကာ "အကြီးအကဲဝူက ကျွန်မတို့ ဆေးတောင်ထိပ်ရဲ့ အရေးထားရတဲ့ ပညာရှင်ပဲ။ ရှင်က အကြီးအကဲဝူကို မဟုတ်မမှန် စွပ်စွဲခဲ့တာဆိုတော့ အခု ကျွန်မတို့ တောင်သခင်ကိုယ်တိုင် ရောက်လာပြီ။ ဖြေရှင်းချက်ပေးဖို့သာ ပြင်ထားပေတော့" ဟု ပြောကာ စုန့်ဝမ်၏ သံကြိုးများကို ဖြုတ်ပေးပြီး ဆေးလုံးများ တိုက်ကျွေးလိုက်သည်။

လျန်ထျန်းလု၏ မျက်နှာမှာ ဖြူလျော့သွားပြီး လက်သီးကို တင်းတင်းဆုပ်ထားမိသည်။ "ဒီတစ်ခါတော့ အဲဒီမိန်းမကြောင့် ငါ ဒုက္ခအကြီးအကျယ် ရတော့မယ်" ဟု တွေးလိုက်မိသည်။

……

မကြာမီမှာပင် စုန့်ဝမ်တို့လေးဦး ဥပဒေခန်းမ၏ ပင်မခန်းမဆောင်အတွင်းသို့ ရောက်ရှိလာသည်။ ထိုနေရာတွင် လူနှစ်ဦး ထိုင်နေကြသည်။ အဓိကနေရာတွင် ထိုင်နေသူမှာ ဥပဒေခန်းမ၏ ဒုတိယခန်းမမှူး ဖုန်ရှင်းဟိုင် ဖြစ်သည်။ ဘေးတွင် ဆေးတောင်ထိပ်သခင် ဖုန့်ဖန်းယီ ထိုင်နေသည်။ ရွှေအမြုတေအဆင့် ပညာရှင်ကြီး နှစ်ဦးရှေ့တွင် စုန့်ဝမ်တို့မှာ ထိုင်ခွင့်မရှိဘဲ ခန်းမအလယ်၌ မတ်တတ်ရပ်နေကြရသည်။

လူစုံသည်နှင့် ဖုန်ရှင်းဟိုင်က စတင်စကားပြောသည်။

"အကြီးအကဲဝူ... ဒီကိစ္စက လျန်ထျန်းလု ဆင်ခြင်တုံတရားမဲ့လို့ မင်းကို မဟုတ်မမှန် စွပ်စွဲမိပြီး မလိုအပ်တဲ့ ဒုက္ခတွေ ပေးခဲ့တာပါ။ လျန်ထျန်းလုမှာ အပြစ်ရှိသလို ငါကိုယ်တိုင်လည်း လက်အောက်ငယ်သားကို သေချာ မစီမံနိုင်ခဲ့လို့ အပြစ်မကင်းဘူး။ မင်းကို ငါကိုယ်တိုင် တောင်းပန်ပါတယ်"

စုန့်ဝမ်၏ စိတ်ထဲတွင် မကျေနပ်သော်လည်း ရွှေအမြုတေအဆင့် ပညာရှင်ကြီးတစ်ဦးက ကိုယ်တိုင်တောင်းပန်လာသည်မှာ သေးငယ်သော ကိစ္စမဟုတ်ရာ အရိုအသေပြုပြီး "ဒုခန်းမသခင်ဖုန် .. အခုလို ပြောတာ ကျွန်တော့်အတွက် ဂုဏ်ယူစရာပါပဲ၊ ကျွန်တော်က စီနီယာရဲ့ တောင်းပန်မှုနဲ့ မထိုက်တန်ပါဘူး" ဟု ပြန်လည် တုံ့ပြန်လိုက်သည်။

စုန့်ဝမ်က ပြဿနာကို မကြီးထွားစေဘဲ အလိုက်သင့် တုံ့ပြန်သဖြင့် ဖုန်ရှင်းဟိုင် ကျေနပ်သွားသည်။ "အခြေအနေကို သိတဲ့လူပဲ" ဟုလည်း တွေးမိသည်။

သို့သော် ဖုန့်ဖန်းယီက ဤမျှနှင့် မကျေနပ်၊ ကာယကံရှင် ကျေနပ်လျှင်ပင် ဆေးတောင်ထိပ်၏ ဂုဏ်သိက္ခာက ရှိသေးသည် မဟုတ်ပါလား။

“ဒုခန်းမသခင်ဖုန်... တောင်းပန်ရုံနဲ့ ဒီကိစ္စက ပြီးသွားမယ်လို့ ထင်နေတာလား။ အဲဒါက နည်းနည်း ကလေးဆန်နေတယ်လို့ မထင်ဘူးလား"

"ငါကိုယ်တိုင် တောင်းပန်ပြီးပြီပဲ၊ ဘာထပ်လိုချင်သေးတာလဲ တောင်သခင်ဖုန့်"

ဖုန့်ဖန်းယီက အေးအေးဆေးဆေး ပြန်ဖြေသည်။

"မြွေလူသား သန့်စင်တဲ့ကိစ္စက ပထမမဟာအကြီးအကဲ ကိုယ်တိုင် ကြီးကြပ်နေတာ။ အကြီးအကဲဝူက အလောင်းသန့်စင်တာမှာ အတော်ဆုံးတပည့် ဖြစ်သလို သူ့ရဲ့ မြွေလူသားမှာလည်း လျှို့ဝှက်စွမ်းအင်တွေ စပေါ်ပေါက်နေပြီ။ အကြီးအကဲဝူရဲ့ ဂူကို ဝင်လုခံရတဲ့အချိန်မှာ မြွေလူသားလည်း ပါသွားသလို အကြီးအကဲဝူလည်း ဒဏ်ရာပြင်းထန်ခဲ့တယ်။ ပိုဆိုးတာက ကျူးလွန်သူဟာ မင်းတို့ ဥပဒေခန်းမက လူဖြစ်နေတာပဲ။ ဒါတောင် ဝမ်မင်ကို ချက်ချင်းမဖမ်းဘဲ အကြီးအကဲဝူကို သူလျှိုဆိုပြီး ညှဉ်းပန်းခဲ့ကြသေးတယ်။ ဒီကိစ္စကို ပထမမဟာအကြီးအကဲ သိသွားရင် ဥပဒေခန်းမက တာဝန်ယူနိုင်ပါ့မလား"

ဖုန်ရှင်းဟိုင်၏ မျက်နှာမှာ ပိုမိုတင်းမာသွားပြီး "တောင်သခင်ဖုန့်... ဒါက သေးငယ်တဲ့ကိစ္စပါ၊ ပထမဟာအကြီးအကဲအထိ အသိပေးစရာ မလိုပါဘူး" ဟု ဆိုသည်။

ဖုန့်ဖန်းယီက ပခုံးတွန့်ပြပြီး "အဲဒါကတော့ ဒုခန်းမသခင်ရဲ့ စိတ်စေတနာအပေါ်မှာပဲ မူတည်ပါတယ်" ဟု ခပ်ပြုံးပြုံး ပြောလိုက်သည်။ "မင်း ဘာလိုချင်သလဲ" ဟု ဖုန်ရှင်းဟိုင်က မေးရာ ဖုန့်ဖန်းယီက အသံပို့လွှတ်နည်းဖြင့် တိတ်တဆိတ် ပြောလိုက်သည်။ ထိုစကားကို ကြားပြီးနောက် ဖုန်ရှင်းဟိုင်၏ မျက်နှာမှာ အမူအရာအမျိုးမျိုး ပြောင်းလဲသွားပြီး ခဏအကြာတွင် "ကောင်းပြီ... မင်းလိုချင်တာ ပေးမယ်" ဟု သဘောတူလိုက်ရသည်။

ဖုန့်ဖန်းယီက ပြုံးလိုက်ပြီး "ကျေးဇူးတင်ပါတယ် ခန်းမသခင်ဖုန်" ဟု ဆိုသည်။ စိတ်အခြေအနေ ကောင်းမွန်သွားသဖြင့် ဖုန်ရှင်းဟိုင်ကို "ဒုခန်းမသခင်" အစား "ခန်းမသခင်" ဟုပင် ပြောင်းလဲခေါ်ဝေါ်လိုက်သည်။ ထို့နောက် စုန့်ဝမ်ဘက်သို့ လှည့်ကာ "အကြီးအကဲဝူ... မင်း အတော်လေး မတရားခံခဲ့ရတာပဲ။ ညှဉ်းပန်းခံနေရချိန်မှာတောင် မြွေလူသားရဲ့ လျှို့ဝှက်ချက်ကို မပေါက်ကြားအောင် ထိန်းသိမ်းနိုင်ခဲ့တဲ့အတွက် မင်းကို ချီးကျူးသင့်တယ်။ မင်း ဘာလျော်ကြေးလိုချင်သလဲ ပြောပါ၊ ခန်းမသခင်ဖုန်က ငြင်းမှာ မဟုတ်ပါဘူး။ ဟုတ်တယ်မလား ခန်းမသခင်ဖုန်"

ဖုန်ရှင်းဟိုင်က ခဏမျှ တိတ်ဆိတ်သွားပြီးနောက် ခေါင်းညိတ်ပြလိုက်သည်။ စုန့်ဝမ်သည် ပထမမဟာအကြီးအကဲအတွက် အလုပ်လုပ်ပေးနေသူ ဖြစ်ရာ သင့်လျော်သည့် အတိုင်းအတာထိ အလေးထား ဆက်ဆံရန် လိုအပ်ပေသည်။ "အကြီးအကဲဝူ... မင်း ဘယ်လိုလျော်ကြေးမျိုး လိုချင်လဲ" ဟု ဖုန်ရှင်းဟိုင်က ဆိုသည်။

"ဘာမဆို ရနိုင်တာလား" ဟု စုန့်ဝမ်က မဝံ့မရဲ မေးသည်။

ဖုန်ရှင်းဟိုင်က "ဒီကိစ္စဟာ လျန်ထျန်းလုရဲ့ အပြစ်ဖြစ်တဲ့အတွက် သူ့ကပဲ လျော်ကြေးပေးရလိမ့်မယ်။ သူ့ဆီက ပေးနိုင်တဲ့ ဘာမဆို ရနိုင်တယ်" ဟု ဖြေသည်။

စုန့်ဝမ်က "ကျွန်တော် ဝိညာဉ်ခွဲဓားကို လိုချင်ပါတယ်" ဟု ပြောလိုက်သည်။ စုန့်ဝမ်အနေဖြင့် သူ့ဓားဟောင်းကို အစားထိုးရန် သင့်တော်သော ဝိညာဉ်လက်နက်တစ်ခုကို ရှာနေသည်မှာ ကြာပြီဖြစ်သည်။ ထိုဝိညာဉ်ခွဲဓားမှာ ဝိညာဉ်ကို ထိခိုက်စေနိုင်သော ဝိညာဉ်စားမီးတောက် ပါဝင်သဖြင့် အလွန်တန်ဖိုးရှိသော ဝိညာဥ်လက်နက် ဖြစ်သည်။ ထိုစကားကို ကြားသောအခါ ဖုန်ရှင်းဟိုင်မှာ မျက်မှောင်ကြုတ်သွားပြီး ချက်ချင်း မဖြေနိုင်ခဲ့ပေ။

ဘေးမှ လျန်ထျန်းလုမှာ ပျာပျာသလဲဖြင့် "ဒုခန်းမသခင်... ဝိညာဉ်ခွဲဓားက ဥပဒေခန်းမရဲ့ ပိုင်ဆိုင်မှုပါ၊ ကျွန်တော့်ရဲ့ ကိုယ်ပိုင်ပစ္စည်း မဟုတ်လို့ လျော်ကြေးအနေနဲ့ ပေးလို့ မရပါဘူး" ဟု ဝင်ပြောသည်။

"ဒုန်း" ဖုန့်ဖန်းယီက ကုလားထိုင်လက်တန်းကို လက်ဝါးဖြင့် ပြင်းထန်စွာ ရိုက်ချလိုက်ရာ မိုးကြိုးပစ်သံကဲ့သို့ ကျယ်လောင်သွားသည်။ သူက လင်ထျန်းလုကို စိုက်ကြည့်ကာ "ဒါက မင်းစကားပြောရမယ့် နေရာမဟုတ်ဘူး၊ ကိုယ့်ဂိုဏ်းသားကို မဟုတ်မမှန် စွပ်စွဲတဲ့ ပြစ်မှုကို ငါတို့က ခင်မင်မှုကို ထောက်ထားပြီး သက်သက်ညှာညှာ ကိုင်တွယ်ပေးနေတာပဲ ရှိသေးတယ်" ဟု ဒေါသတကြီး ငေါက်လိုက်သည်။

လျန်ထျန်းလု ချက်ချင်း ငြိမ်ကျသွားပြီး ထပ်မံ စကားမပြောရဲတော့ပေ။ ဖုန်ရှင်းဟိုင်က စုန့်ဝမ်ကို ကြည့်ကာ "အကြီးအကဲဝူက ဝိညာဉ်ခွဲဓားကို လိုချင်တယ်ဆိုရင်လည်း ယူသွားပါ၊ ဒါပေမဲ့ ဒီကိစ္စကို ဒီမှာတင် အဆုံးသတ်ရမယ်။ အထူးသဖြင့် ပထမမဟာအကြီးအကဲ ရှေ့မှာ ဒီအကြောင်းကို ဘယ်သူမှ ထပ်မပြောရဘူး" ဟု ဆိုသည်။

စုန့်ဝမ်က "ကျေးဇူးတင်ပါတယ် ခန်းမသခင်ဖုန်" ဟု အရိုအသေပြု ကျေးဇူးစကားဆိုလိုက်သည်။

ထို့နောက် ဖုန်းရှင်းဟိုင်က လျန်ထျန်းလုကို "အကြီးအကဲလျန်... ဒီကိစ္စက မင်းရဲ့ ပေါ့ဆမှုကြောင့် ဖြစ်ရတာဆိုတော့ ဝိညာဉ်ခွဲဓားရဲ့ ဆုံးရှုံးမှုကို မင်းကပဲ ဌာနကို ပြန်လျော်ရမယ်" ဟု အမိန့်ပေးလိုက်သည်။

ထိုစကားကို ကြားလိုက်ရချိန်တွင် လျန်ထျန်းလုမှာ မျက်နှာဖြူလျော့ပြီး သွေးအန်လုမတတ် ဖြစ်သွားသည်။ သာမန် အဆင့်မြင့် ဝိညာဉ်လက်နက်တစ်ခု၏ တန်ဖိုးမှာ ဝိညာဉ်ကျောက် ၆၀,၀၀၀ မှ ၇၀,၀၀၀ ခန့်သာ ရှိသော်လည်း၊ ဝိညာဉ်ကို ထိခိုက်စေနိုင်သော ဤဝိညာဉ်ခွဲဓားမှာ အနည်းဆုံး ဝိညာဉ်ကျောက် ၁၀၀,၀၀၀ ကျော် တန်ဖိုးရှိပေသည်။ ဤပမာဏမှာ လျန်ထျန်းလု၏ စုဆောင်းထားသမျှကို ပြောင်သလင်းခါသွားစေမည် ဖြစ်သည်။

"ဝိညာဉ်ခွဲဓားကို ထုတ်ပေးလိုက်" ဟု ဖုန်ရှင်းဟိုင်က အသံကျယ်ကျယ်ဖြင့် အမိန့်ပေးရာ၊ လျန်ထျန်းလုမှာ ဓားကို ထုတ်ပေးလိုက်ရတော့သည်။ စုန့်ဝမ်သည် ဝိညာဥ်ခွဲဓားကို ကျေနပ်စွာ သိမ်းဆည်းလိုက်သည်။

ခဏအကြာတွင် လူလေးဦးက ဒဏ်ရာပြင်းထန်နေသော ဝမ်မင်ကို သံကြိုးများဖြင့် ချည်နှောင်ကာ ဖမ်းဆီးပြီး ရောက်ရှိလာသည်။ ဝမ်မင်၏ ကိုယ်ပေါ်တွင် ဝမ်းဗိုက်နှင့် ပခုံးများကို ဖောက်ထွက်နေသော သံကြိုးများရှိပြီး သွေးချင်းချင်းနီနေခဲ့သည်။ ၎င်းတို့နောက်တွင် သားရဲအရေခွံဖြင့် ပတ်ထားသော ခေါင်းတလား နှစ်လုံးလည်း ပါလာသည်။

ခန်းမထဲ ရောက်သည်နှင့် "ဒုခန်းမသခင်ဖုန်ကို အစီရင်ခံပါတယ်၊ ကျွန်တော်တို့ ဝမ်မင်ကို ဖမ်းမိခဲ့ပြီး လုယူခံရတဲ့ ပစ္စည်းတွေကိုလည်း ပြန်ရခဲ့ပါပြီ" ဟု အခြေတည် အထွတ်အထိပ်အဆင့် ပညာရှင်တစ်ဦးက ဆိုသည်။ ထိုသူမှာ ဖုန်ရှင်းဟိုင်၏ သားဖြစ်သူ ဖုန်ချီ ဖြစ်သည်။

ဖုန့်ဖန်းယီ ခေါင်းတလားများကို ဖွင့်ကြည့်လိုက်ရာ မြွေလူသားများမှာ အသက်ဓာတ်နှင့် အလောင်းချီစွမ်းအင် ပေါင်းစပ်စပြုနေပြီး အထိအခိုက် မရှိသည်ကို တွေ့ရသဖြင့် ကျေနပ်သွားသည်။ ထို့နောက် ဖုန်ရှင်းဟိုင်အား ဝမ်မင်ကို ဘယ်လိုကိုင်တွယ်မလဲဟု မေးသည်။

ဖုန်းရှင်းဟိုင်က "ဝမ်မင်ဟာ ဥပဒေခန်းမရဲ့ အကြီးအကဲဖြစ်လျက်နဲ့ လုယက်မှု ကျူးလွန်ခဲ့တဲ့အတွက် တခြားသူတွေကို သတိပေးတဲ့အနေနဲ့ သေဒဏ်ပေးရမယ်။ ပထမမဟာအကြီးအကဲရဲ့ အရေးကြီးတဲ့ ကိစ္စကိုလည်း နှောင့်နှေးစေခဲ့တဲ့အတွက် သူ့ကို သေဒဏ်မပေးရင် ရှင်းပြဖို့ ခက်လိမ့်မယ်" ဟု ပြတ်သားစွာ ဖြေကြားခဲ့သည်။

ဖုန်ရှင်းဟိုင်၏ ပြတ်သားသော ဆုံးဖြတ်ချက်ကြောင့် ဖုန့်ဖန်းယီပင် အံ့ဩသွားခဲ့သည်။ အကယ်၍ ဝမ်မင်သည် သာမန်အကြီးအကဲတစ်ယောက်ကို လုယက်ခဲ့ပါက သေဒဏ်အထိ မကျနိုင်သော်လည်း၊ ယခုမူ လုယက်ခံရသူက ပထမမဟာအကြီးအကဲနှင့် ပတ်သက်နေသဖြင့် သေဒဏ်ခံရတော့မည် ဖြစ်သည်။ ဥပဒေခန်းမသည် မပြစ်မှားသင့်သူအား ထိပါးမိသည့်အတွက် တန်ဖိုးကြီးကြီး ပေးလိုက်ရခြင်း ဖြစ်သည်။

ဖုန့်ဖန်းယီကတော့ သူရရှိမည့် အကျိုးအမြတ်ကို တွေးမိပြီး စုန့်ဝမ် ဆန်းကြယ်ချီကို အောင်မြင်စွာ ဖန်တီးနိုင်မည့်နေ့ကိုသာ မျှော်လင့် စောင့်စားနေပါတော့သည်။

………

All Chapters