← Chapters

တာအိုလက်တွဲဖော်လုပ်ကြမလား

Vol. 20 Ch. 211

တာအိုလက်တွဲဖော်လုပ်ကြမလား

Vol. 20 Ch. 211

မိမိကို သေဒဏ်ပေးတော့မည်ဟူသော သတင်းကို ကြားလိုက်ရချိန်တွင် ဝမ်မင်၏ မျက်နှာမှာ ဖြူလျော့သွားပြီး ထိတ်လန့်တုန်လှုပ်မှုနှင့်အတူ မယုံနိုင် ဖြစ်သွားသည်။ သူ့ကျူးလွန်ခဲ့သော လုယက်မှုသည် ဂိုဏ်းစည်းကမ်းအရ ကြီးလေးသော ပြစ်မှုဖြစ်သော်လည်း သေဒဏ်ကျထိုက်သည့် ပြစ်မှုကြီးတော့ မဟုတ်ပေ။ ယခင်ကလည်း ဂိုဏ်းအတွင်း၌ အခြေတည်အဆင့် ကျင့်ကြံသူများ လုယက်မှု ကျူးလွန်သည့်ဖြစ်စဥ်များ ရှိခဲ့ဖူးသော်လည်း ဝိညာဉ်ကျောက် အမြောက်အမြား ဒဏ်ငွေပေးဆောင်ရခြင်း၊ အန္တရာယ်များသော တာဝန်များကို ထမ်းဆောင်ရန် စေလွှတ်ခံရခြင်း .. စသည့်ပြစ်ဒဏ်များသာ ကျခံရသည်။ ထိုတာဝန်များမှာ အန္တရာယ်ရှိသော်လည်း အများအားဖြင့် အသက်ရှင်ခွင့် ရကြသည်သာ ဖြစ်သည်။

သူ့အလှည့်တွင်မှ လုယက်မိရုံမျှဖြင့် အဘယ်ကြောင့် မဟာအကြီးအကဲနှင့် ပတ်သက်သော အပြစ်အထိ ဖြစ်သွားရသနည်း၊ ထိုထူးဆန်းသော မြွေလူသားနှစ်ကောင်ကြောင့်လော၊ တွေးနေရင်း ရုတ်တရက်ဆိုသလို ထောင်ချောက်ဆင်ခံရသည်ကို သဘောပေါက်သွားသည်။ လွန်ခဲ့သော သုံးလတည်းက သူ့ကို မျှားခေါ်ရန်အတွက် အလောင်းချီ အငွေ့အသက်အချို့ကို တမင်တကာ ပေါက်ကြားစေခဲ့ခြင်း ဖြစ်မည်။ အပ်ချည်မျှင်ကြွက်ကို အသုံးပြု၍ သူစုံစမ်း သိရှိခဲ့သမျှ အရာအားလုံးသည် ထိုကြွက်ရှိနေမှန်း သိပြီးသားဖြစ်သော တစ်ဖက်လူက တမင်တကာ ပြသခဲ့ခြင်းသာ ဖြစ်ပေသည်။

ဤသို့ နားလည်သွားချိန်တွင် စုန့်ဝမ်၏ဂူအတွင်း၌ သူကြုံတွေ့ခဲ့ရသော ယုတ္တိမတန်သည့် အချက်အလက်များမှာ ရှင်းလင်းသွားခဲ့သည်။ ဂူအိမ်ဝင်ခွင့်တံဆိပ်ပြားကို တမင်ချပေးခဲ့သလို၊ အလောင်းထိန်းခေါင်းတလားနှင့် အစီအရင်တံဆိပ်ကိုလည်း အလွယ်တကူ လုယူသွားနိုင်ရန် အတူတူ ထားရှိခဲ့ခြင်း ဖြစ်မည်။

ဝမ်မင်မှာ စုန့်ဝမ်ကို အငြိုးကြီးစွာ စိုက်ကြည့်နေပြီး နာကျည်းမှုနှင့် ဒေါသတို့ကြောင့် သူ့မျက်နှာမှာ မည်းမှောင်နေသည်။

"ဝူရှန်း... ဒါတွေအားလုံးက မင်းလုပ်တာ၊ မင်း ငါ့ကို ထောင်ချောက်ဆင်ခဲ့တာ …"

"ဟက် …. နားငြီးလိုက်တာ"

ဖုန့်ဖန်းယီက အေးစက်စွာ နှာခေါင်းရှုံ့ရင်း လက်ဝေ့ယမ်းလိုက်ရာ ပြင်းထန်သော စွမ်းအားလှိုင်းများ ထွက်ပေါ်လာပြီး ဝမ်မင်ကို ရိုက်ခတ်သွားခဲ့သည်။

ဝမ်မင်လည်း သွေးများအန်ထွက်လာပြီး မြေပြင်ပေါ်သို့ လွင့်စင်လဲကျကာ သတိလစ်သွားသည်။

ဖုန်ရှင်းဟိုင်က သတိလစ်နေသော ဝမ်မင်ကို ကြည့်ကာ ပြတ်သားသော အသံဖြင့် အမိန့်ပေးလိုက်သည်။

"သူ့ကို ခေါ်သွားကြ။ ဥပဒေခန်းမက သူ့ဂူနဲ့ အရှေ့ဟွာဖန်းစျေးက သူ့အိမ်ကို ရှင်းလင်းလိုက်ပြီး၊ သင့်တော်တဲ့နေ့မှာ ကွပ်မျက်လိုက်တော့"

ဥပဒေခန်းမ အဖွဲ့ဝင်များက ချက်ချင်းပင် ဝမ်မင်ကို ဆွဲထုတ်သွားသည်။

ဖုန့်ဖန်းယီလည်း ဖုန်ရှင်းဟိုင်ကို နှုတ်ဆက်ကာ စုန့်ဝမ်တို့နှင့်အတူ ဆေးတောင်ထိပ်သို့ ပြန်လာခဲ့သည်။ ပြန်ရောက်သည်နှင့် ဖုန့်ဖန်းယီက စုန့်ဝမ်၏ ဂူအတွင်းထိ လိုက်လာပြီး မြွေလူသား နှစ်ကောင်၏ စည်းတံဆိပ်များကို ဖယ်ရှားပေးကာ မြွေကန်ထဲသို့ ပြန်ထည့်ပေးလိုက်သည်။

စည်းတံဆိပ်များ ပျောက်ကွယ်သွားသည်နှင့် တပြိုင်နက် မြွေလူသားနှစ်ကောင်မှာ အနီးဆုံးရှိနေသော ဖုန့်ဖန်းယီကို တိုက်ခိုက်ရန် ကြိုးစားကြသည်။ တိုက်ခိုက်ခံရသော်လည်း ဖုန့်ဖန်းယီမှာ ဒေါသထွက်မည့်အစား ကျေနပ်သွားခဲ့သည်။ ထိုသို့ တိုက်ခိုက်နိုင်စွမ်း ရှိနေသေးခြင်းမှာ အသက်ဓာတ် အားကောင်းနေသေးသည့် သဘောပင် ဖြစ်သည်။ သူက လက်ကို ဝှေ့ယမ်းကာ ဝိညာဉ်စွမ်းအားဖြင့် မြွေလူသားများကို ဖိနှိပ်လိုက်ပြီး ခြောက်မြှောင့်ကြယ်နတ်ဆိုးထိန်းအစီအရင် နှစ်ခုကို အသက်သွင်း၍ ပြန်လည် ထိန်းချုပ်လိုက်သည်။

"အကြီးအကဲဝူ... မင်းရဲ့ အလောင်းသန့်စင်မှုက ထူးချွန်ပေမဲ့ ဒီမြွေတွေကိုတော့ နည်းနည်း ပိုပြီး ကျွေးမွေးသင့်တယ်၊ ကြည့်ရတာ အာဟာရ မပြည့်ဝသလိုပဲ" ဟု ဖုန့်ဖန်းယီက ရယ်ရယ်မောမော ဆိုသည်။ စုန့်ဝမ်လည်း ရယ်ရုံရယ်လိုက်ပြီး ဘာမှပြန်မပြောခဲ့ပေ။

ထို့နောက် ဖုန့်ဖန်းယီက ရုန်ကျင့်ယွမ်ကို လှည့်ပြောသည်။

"အကြီးအကဲရုန်... ငါတို့ ဆေးတောင်ထိပ်ရဲ့ လုံခြုံရေးကို တိုးမြှင့်ရမယ်။ ငါတို့တောင်ရဲ့ အကြီးအကဲတစ်ယောက်က ကိုယ့်ဂူထဲမှာတင် ဘယ်သူမှ မသိလိုက်ဘဲ အလုခံရတယ်ဆိုတာ အရှက်ခွဲခံရတာပဲ"

ရုန်ကျင့်ယွမ်ကလည်း "ဟုတ်ကဲ့ တောင်သခင်၊ ကျွန်မ အမြန်ဆုံး စီစဉ်လိုက်ပါ့မယ်" ဟု ပြန်ဖြေသည်။

ဖုန့်ဖန်းယီလည်း စုန့်ဝမ်ကို အားပေးစကား အနည်းငယ် ပြောပြီးနောက် ထွက်ခွာသွားခဲ့သည်။

"အခုလို အချိန်မီ ကူညီပေးခဲ့တဲ့အတွက် အကြီးအကဲရုန်နဲ့ အစ်မကျိုးကို ကျေးဇူးတင်ပါတယ်" ဟု စုန့်ဝမ်က ဆိုရာ၊ ရုန်ကျင့်ယွမ်က "အကြီးအကဲဝူ... အားနာစရာ မလိုပါဘူး။ မင်းဘေးကင်းရင် ပြီးတာပါပဲ၊ ငါလည်း ပြန်တော့မယ်" ဟု ဆိုကာ ထွက်သွားသည်။

ဂူထဲတွင် စုန့်ဝမ်နှင့် ကျိုးစစ်ယိ နှစ်ဦးတည်း ကျန်ရှိတော့သည်။ ကျိုးစစ်ယိ၏ မျက်လုံးအစုံမှာ စူးစမ်းလိုစိတ်ဖြင့် တောက်ပနေပြီး စုန့်ဝမ်အနီးသို့ တိုးကပ်လာကာ "မောင်လေးဝူ... အမှန်အတိုင်းပြောစမ်း၊ မင်း ဝမ်မင်နဲ့ ရန်ငြိုးရှိလို့လား" ဟု မေးသည်။

စုန့်ဝမ်က "အစ်မကျိုးက ဘာလို့ အဲဒီလို မေးတာလဲ" ဟု နားမလည်ဟန်ဖြင့် ပြန်မေးရာ၊ ကျိုးစီယီက "ဝမ်မင်က မင်း သူ့ကို ထောင်ဖမ်းခဲ့တာလို့ ပြောသွားတာက ဘာသဘောလဲ" ဟု မေးပြန်သည်။ စုန့်ဝမ်က "ဒါက သေဒဏ်ပေးခံရလို့ ကြောက်ပြီး ရမ်းသန်းပြောသွားတာပါ" ဟု ပြန်ဖြေသည်။ ကျိုးစစ်ယိက အရာအားလုံးကို သိမြင်နေသကဲ့သို့ ကျေနပ်စွာ ပြုံးလိုက်ပြီး "ဟက်… မင်းကတော့လေ၊ ဘယ်တော့မှ ပွင့်ပွင့်လင်းလင်း မရှိဘူး" ဟု ပြောကာ ထွက်သွားတော့သည်။

စုန့်ဝမ်လည်း ထွက်ခွာသွားသော ကျိုးစစ်ယိကို ကြည့်ကာ ခေါင်းခါလိုက်သည်။ အစီအစဉ်အတိုင်း အဆင်ပြေပြေ ပြီးဆုံးသွားပြီး ဝမ်မင်၏ ခြိမ်းခြောက်မှုလည်း ကင်းစင်သွားခဲ့ပြီ။ သို့သော် အန္တရာယ်အချို့တော့ ကျန်ရှိနေသေးသည်။ ကျိုးစစ်ယိပင် သတိထားမိနေမှတော့ ဖုန့်ဖန်းယီနှင့် ဖုန်ရှင်းဟိုင်တို့ကဲ့သို့ မြေခွေးအိုကြီးများက တစ်ခုခု လွဲချော်နေမှန်း သတိမပြုမိဘဲ မနေပေ။ သို့သော် မြွေလူသားကိစ္စမှာ ပထမဟာအကြီးအကဲနှင့် ပတ်သက်နေသဖြင့် တစ်ခုခု သံသယရှိလျှင်ပင် ထဲထဲဝင်ဝင် စုံစမ်းရဲကြမည် မဟုတ်ပေ။

အာလုံးပြီးစီးသည်နှင့် စုန့်ဝမ်လည်း ဂူတံခါးကို ပိတ်ကာ အစီအရင်များကို ပြန်လည် အသက်သွင်းလိုက်ပြီး ဝိညာဉ်ခွဲဓားကို စတင် သန့်စင်လေတော့သည်။

……..

နောက်တစ်နေ့။

စုန့်ဝမ် ဓားကို သန့်စင်နေစဉ် ဂူအပြင်ဘက်မှ ကျိုးစီယီ၏ အသံကို ကြားလိုက်ရသည်။

"မောင်လေးဝူ... အိမ်မှာ ရှိလား"

ဤအသံကို ကြားလိုက်ရသဖြင့် စုန့်ဝမ်မှာ အနေခက်ပြီး မျက်ခုံးများပင် လှုပ်သွားသည်။ ယခင်ကဆိုလျှင် ကျိုးစစ်ယိသည် ဂူအပြင်မှနေ၍ "တံခါး အမြန်ဖွင့်" ဟု အော်ဟစ်နေကျ ဖြစ်သည်။ ယခုမှ မည်သို့မည်ပုံဖြစ်ပြီး ဤမျှ ယဉ်ကျေးသိမ်မွေ့သွားရသနည်း။ ယင်းက သူမ၏ ပျော်ပျော်ပါးပါး နေတတ်သော အကျင့်စရိုက်နှင့် လုံးဝ ဆန့်ကျင်ဘက်ပင် ဖြစ်သည်။

စုန့်ဝမ် တံခါးဖွင့်ပေးလိုက်သောအခါ ကျိုးစစ်ယိသည် ဂူအတွင်းသို့ လွင့်မျောဝင်ရောက်လာသည်။ သူမနောက်တွင် အငွေ့အသက်များကို ဖုံးကွယ်ထားသော ခေါင်းတလား နှစ်လုံးလည်း ပါလာသည်။ ကျိုးစစ်ယိ၏ ဝတ်စားဆင်ယင်မှုကို မြင်လိုက်ရသောအခါ စုန့်ဝမ် ပို၍ပင် အနေခက်သွားသည်။ ပုံမှန်ဆိုလျှင် သိုင်းကိုယ်ကျပ်ဝတ်စုံများသာ ဝတ်ဆင်တတ်သော ကျိုးစစ်ယိသည် ယနေ့တွင်မူ အလွန်လှပသော အမျိုးသမီးဝတ်စုံကို ဝတ်ဆင်ထားပြီး၊ မျက်နှာတွင် မိတ်ကပ် အလှပြင်ထားကာ ဆံပင်ကိုလည်း လှပစွာ ထုံးဖွဲ့ပြီး ဆံထိုးလေးပါ ထိုးထားသည်။

စုန့်ဝမ်ခေါင်းထဲတွင် အန္တရာယ်သတိပေးသံများ ပေါ်လာသည်။

ကျိုးစစ်ယိသည် နဂိုကပင် အလွန်လှပသူ ဖြစ်ရာ ယနေ့ သူမ၏ ပုံစံမှာ ပို၍ပင် လှပနေခဲ့သည်။ စုန့်ဝမ် သူမကို စိုက်ကြည့်နေသည်ကို သတိထားမိသောအခါ ကျိုးစစ်ယိ မျက်နှာတွင် ရှက်သွေးဖြာသွားသည်။ သူမက ခေါင်းတလား နှစ်လုံးကို စုန့်ဝမ်ရှေ့သို့ ချပေးလိုက်ကာ "မောင်လေးဝူ... တောင်သခင်က ဒီမနက် အကြီးအကဲရုန်ကတဆင့် ပြောလိုက်တယ်၊ မင်းရဲ့ အလောင်းသန့်စင်တဲ့ ပါရမီက ထူးခြားလွန်းလို့ မြွေလူသား နှစ်ကောင်တည်း သန့်စင်နေတာက ပါရမီကို ဖြုန်းတီးရာကျသတဲ့။ အဲဒါကြောင့် နောက်ထပ် နှစ်ကောင် ထပ်ပြီး သန့်စင်စေချင်တယ်တဲ့" ဟု ဆိုကာ အစာများနှင့် သန့်စင်ရန် လိုအပ်သော ပစ္စည်းများပါဝင်သည့် သိုလှောင်အိတ်ကို ပေးအပ်ခဲ့သည်။

နောက်ထပ် မြွေလူသားနှစ်ကောင် ထပ်ရသဖြင့် စုန့်ဝမ် မကျေမနပ်ဖြစ်မည့်အစား ပျော်သွားသည်။ မြွေလူသား များလေလေ၊ ရရှိမည့် အသားလုံးများနှင့် ပစ္စည်းများကလည်း ပိုများလေလေ ဖြစ်မည် မဟုတ်ပါလား။

စုန့်ဝမ်က ကျေးဇူးတင်စကား ပြောလိုက်ရာ ကျိုးစစ်ယိက ခေါင်းညိမ့်ပြီး "တကယ်တော့ ငါ ဒီနေ့ တခြားကိစ္စတစ်ခုလည်း ပြောစရာရှိလို့ လာတာပါ" ဟု ဆိုသည်။

စုန့်ဝမ်က "ဘာကိစ္စလဲ စီနီယာအစ်မ" ဟု မေးရာ ကျိုးစစ်ယိက "မင်း ဝိညာဥ်သားရဲတောင်အပေါ် ဘယ်လိုမြင်လဲ" ဟု ပြန်မေးသည်။

ကျိုးစစ်ယိ လာရင်းအကြောင်းကို မသိရသေးသဖြင့် စုန့်ဝမ်က သတိထားပြီး ပြန်ဖြေလိုက်သည်။

"ဝိညာဥ်သားရဲတောင်က သားရဲသခင်ဂိုဏ်းရဲ့ အရေးအကြီးဆုံးနဲ့ အင်အားအကြီးဆုံး တောင်တစ်ခုပဲလေ။ ပါရမီရှင်တွေ စုဝေးရာပဲပေါ့"

ထိုအခါ ကျိုးစစ်ယိ၏ မျက်လုံးများမှာ မျှော်လင့်ချက်ဖြင့် တောက်ပလာပြီး "အကယ်၍ မောင်လေးဝူသာ ဝိညာဥ်သားရဲတောင်ကို ပြောင်းဖို့ အခွင့်အရေးရမယ်ဆိုရင် သဘောတူမလား” ဟု မေးလာခဲ့သည်။

စုန့်ဝမ် ရုတ်တရက် မှင်တက်သွားသည်။ သူချီးမွမ်းပြောဆိုခဲ့သည်မှာ အပေါ်ယံ အပြောသာ ဖြစ်သည်။ ဝိညာဥ်သားရဲတောင် ဒုတိယတောင်သခင်၏ သမီးဖြစ်သူက ယခုလို လာခေါ်ခြင်းမှာ တစ်ခုခု ထူးခြားနေပေသည်။ 'ဘာလို့ ငါ့ကို လာခေါ်တာလဲ၊ မြွေလူသားတွေကြောင့်လား' ဟု သူ တွေးမိသည်။ စုန့်ဝမ်သည် ဆေးတောင်ထိပ်ရှိ သူ့အခြေအနေကို ကျေနပ်နေသဖြင့် အခြားတောင်သို့ မပြောင်းချင်ပေ။

"စီနီယာအစ်မ... ဝိညာဥ်သားရဲတောင်ပဲဖြစ်ဖြစ်၊ ဆေးတောင်ထိပ်ပဲဖြစ်ဖြစ် အတူတူပါပဲ။ ကျွန်တော်က ဆေးဖော်စပ်တဲ့ နည်းလမ်းကို ပိုသဘောကျလို့ ဒီမှာပဲ နေပါရစေ"

စုန့်ဝမ် ငြင်းလိုက်သော်လည်း ကျိုးစစ်ယိသည် ဒေါသထွက်ဟန် မရှိပေ။ သူမသည် ဆံပင်ကို သပ်လိုက်ကာ ရှက်ကိုးရှက်ကန်းပုံစံဖြင့် တိုးညှင်းသော အသံလေးဖြင့် မေးလာပြန်သည်။ "မောင်လေးဝူ... ငါ့ကိုရော ဘယ်လိုမြင်လဲ"

စုန့်ဝမ်မှာ ရင်ခုန်သံပင် မြန်ဆန်သွားပြီး မကောင်းသော အငွေ့အသက်ကို ခံစားလိုက်ရသည်။

စုန့်ဝမ်က ဘာပြန်ပြောရမှန်း မသိဘဲ တိတ်ဆိတ်နေသဖြင့် ကျိုးစစ်ယိ သူ့ကို စိုက်ကြည့်ကာ အဖြေကို စောင့်နေသည်။

စုန့်ဝမ်လည်း မလွှဲမရှောင်သာဘဲ "စီနီယာအစ်မက အရမ်းလှပတဲ့သူပါ" ဟု ဖြေလိုက်သည်။

"ငါ့စိတ်နေစိတ်ထားကရော"ဟု ကျိုးစစ်ယိက ဆက်မေးသည်။

"တက်ကြွဖျတ်လတ်ပြီး ပျော်ပျော်နေတတ်တဲ့ အမျိုးသမီးတစ်ယောက်ပါ"

"ဒါဆို လွန်ခဲ့တဲ့ နှစ်တွေအတွင်း ငါ မင်းအပေါ် ဘယ်လို ဆက်ဆံခဲ့သလဲ"

“စီနီယာအစ်မက ကျွန်တော့်အပေါ် အလွန်ကောင်းပြီး အမြဲတမ်း လမ်းညွှန် စောင့်ရှောက်ပေးခဲ့ပါတယ်" ဟု စုန့်ဝမ်က ရိုးသားစွာ ဖြေလိုက်သည်။ ကျိုးစစ်ယိသည် လူသားချင်း စာနာမှုအပိုင်းတွင် အားနည်းကောင်း အားနည်းနိုင်သော်လည်း၊ သူ့အပေါ် မကောင်းသော စိတ်ထားဖူးခြင်း မရှိပေ။ မောင်နှမကဲ့သို့ ခင်မင်ကြသည်ဟုပင် ဆိုနိုင်သည်။

စုန့်ဝမ်၏ အဖြေကို ကြားရပြီးနောက် ဂူအတွင်း အခြေအနေမှာ ထူးဆန်းစွာ တိတ်ဆိတ်သွားသည်။ ကျိုးစစ်ယိသည် သူမ၏ နှုတ်ခမ်းကို ကိုက်ကာ တစ်ခုခုကို ဆုံးဖြတ်ရ ခက်နေပုံရသည်။ ခဏအကြာတွင် သူမက ခေါင်းကို မော့လိုက်ပြီး စုန့်ဝမ်ကို ကြည့်ကာ ပြောလိုက်သည်။ "မောင်လေးဝူ... ငါတို့ နှစ်ယောက် တာအိုလက်တွဲဖော် လုပ်ကြမလား"

စုန့်ဝမ်၏ မျက်နှာမှာ တောင့်တင်းသွားပြီး ကျိုးစစ်ယိကို အံ့ဩစွာ ကြည့်လိုက်သည်။

"စီနီယာအစ်မ... အစ်မက လက်ထောက်တောင်သခင်ရဲ့ သမီး၊ ပါရမီရှင်တစ်ယောက်လေ။ ကျွန်တော်က ဂိုဏ်းထဲ ဝင်လာတာ မကြာသေးတဲ့ ပါရမီနိမ့် လေလွင့်ကျင့်ကြံသူတစ်ယောက်ပဲ၊ စီနီယာအစ်မလို မြင့်မြတ်တဲ့လူနဲ့ ဘယ်လိုလုပ် လက်တွဲရဲမှာလဲ"

ကျိုးစီယီက "မောင်လေးဝူ... မင်း တစ်ခုခုကို စိုးရိမ်နေတာလား။ ငါက အခုထိ ဖြူစင်တဲ့ လွတ်လပ်သူ ဖြစ်နေတုန်းပါ" ဟု ပြန်ပြောသည်။

စုန့်ဝမ်က ခေါင်းခါလိုက်ကာ "စီနီယာအစ်မ .. ကျွန်တော်တို့ အဆင့်အတန်းက အရမ်းကွာခြားလွန်းလို့ လက်တွဲဖို့ မသင့်တော်ပါဘူး" ဟု ပြတ်သားစွာ ငြင်းဆိုလိုက်သည်။

စုန့်ဝမ်၏ ငြင်းဆိုမှုကို ကြားလိုက်ရချိန်တွင် ကျိုးစစ်ယိသည် ဒေါသထွက်မည့်အစား စိတ်သက်သာရာ ရသွားဟန်ပင် ပေါ်လာသည်။ ရင်ထဲမှ လေးလံသော ဝန်ထုပ်ဝန်ပိုးကြီး ပြုတ်ကျသွားသကဲ့သို့ လွတ်လပ်ပေါ့ပါးသွားပြီး မူလပုံစံ ပြန်ပေါ်လာသည်။

"မောင်လေးဝူ … ဒီနေ့ ကိစ္စတွေကို ဘယ်သူ့ကိုမှ မပြောပါနဲ့" ဟု ဆိုကာ ဂူအပြင်သို့ ထွက်ခွာသွားတော့သည်။

စုန့်ဝမ်လည်း ဂူတံခါးကို ပြန်ပိတ်လိုက်သည်။ ကျိုးစစ်ယိ၏ ယနေ့ အပြုအမူမှာ ထူးဆန်းနေသည်။ တာအိုလက်တွဲဖော်အဖြစ် ကမ်းလှမ်းခဲ့ခြင်းမှာ သူမ၏ စိတ်ရင်းမှ လာပုံမရပေ။ စုန့်ဝမ်လည်း ထိုအတွေးများကို ဘေးဖယ်ထားကာ ကျင်းအသစ် နှစ်ကျင်းကို ထပ်တူးပြီး ကျိုးစစ်ယိ ယူလာပေးသော မြွေလူသား နှစ်ကောင်ကို နေရာချလိုက်သည်။

………

All Chapters