ရာထူးတိုးပြီး ဆွဲဆောင်မှုကို ငြင်းပယ်ခြင်း
Vol. 20 Ch. 212
လေးလအကြာတွင်…..
စုန့်ဝမ်သည် နံပါတ် (၁) နှင့် နံပါတ် (၂) မြွေလူသားများကို (၁၀) ကြိမ်မြောက် အလောင်းသန့်စင်ခြင်း ပြီးဆုံးသွားခဲ့သည်။ နောက်ထပ် နှစ်ရက်အကြာထိ ထိုသတ္တဝါနှစ်ကောင်၏ ခန္ဓာကိုယ်အတွင်း အသက်ဓာတ်နှင့် အလောင်းချီတို့ အပြန်အလှန် တိုက်ခိုက်နေကြသည်။ ထို့နောက်တွင်မူ ထူးဆန်းစွာပင် ထိုဆန့်ကျင်ဘက် စွမ်းအင်နှစ်ခုမှာ တစ်ခုနှင့်တစ်ခု ပေါင်းစပ်သွားကြပြီး၊ စုန့်ဝမ် တစ်ခါမှ မမြင်ဖူးသော စွမ်းအင်သစ်တစ်ခု ပေါ်ပေါက်လာခဲ့သည်။ ထိုစွမ်းအင်မှာ အားနည်းသေးသော်လည်း အမှန်တကယ်ပင် တည်ရှိနေသည်။
ဤစွမ်းအင်မှာ ရုန်ကျင့်ယွမ်နှင့် ပထမမဟာအကြီးအကဲတို့ အပြင်းအထန် ရှာဖွေနေကြသော ဆန်းကြယ်ချီပင် ဖြစ်ရမည်ဟု စုန့်ဝမ် သိလိုက်သည်။ ထိုချီစွမ်းအင်မှာ လျှို့ဝှက်ဆန်းကြယ်မှုများဖြင့် ပြည့်နေပြီး ရှင်သန်ခြင်းနှင့် သေခြင်းတရားတို့၏ ဟန်ချက်ကို ထိန်းညှိထားပုံရသည်။ ထိုချီစွမ်းအင်ကို ဝိညာဉ်အာရုံဖြင့် စစ်ဆေးကြည့်သော်လည်း စစ်မှန်သော သဘောသဘာဝကိုမူ နားမလည်နိုင်သေးပေ။
စုန့်ဝမ်သည် ရုန်ကျင့်ယွမ်ကို အကြောင်းကြားရန် ကြိုးစားသော်လည်း သူမထံမှ ပြန်ကြားချက် မရရှိခဲ့ပေ။ ထို့ကြောင့် ကျိုးစစ်ယိထံသို့ သတင်းပို့လိုက်သည်။ ကျိုးစစ်ယိလည်း သတင်းရသည်နှင့် တောင်သခင် ဖုန့်ဖန်းယီကို အကြောင်းကြားပြီး နှစ်ယောက်အတူ ရောက်ရှိလာကြသည်။
မြွေလူသားနှစ်ကောင်၏ အခြေအနေကို မြင်ပြီး နှစ်ဦးသား အလွန်အံ့ဩသွားကြသည်။ ကျိုးစစ်ယိမှာ အံသြဝမ်းသာမှုကို ထိန်းမထားနိုင်တော့။
"မောင်လေးဝူ... မင်း တကယ်ပဲ စွမ်းအင်နှစ်ခုကို ပေါင်းစပ်ပြီး ဆန်းကြယ်ချီစွမ်းအင် ထွက်ပေါ်လာအောင် လုပ်နိုင်ခဲ့တာလား။ ဒါက တကယ်ကို အံ့ဩစရာပဲ"
ဖုန့်ဖန်းယီလည်း ခေါင်းတဆက်ဆက်ညိမ့်ရင်း "ကောင်းတယ်၊ အရမ်းကောင်းတယ်။ ဝူရှန်း... မင်း တကယ်ကို ကောင်းကောင်း လုပ်နိုင်ခဲ့တယ်" ဟု ဝမ်းသာအားရ ချီးကျူးလိုက်သည်။
ဖုန့်ဖန်းယီက မြွေလူသားများကို သေချာ စစ်ဆေးပြီးနောက် "ဒုတိယအဆင့် မြွေလူသားက တည်ငြိမ်နေတော့၊ ဆက်ပြီး သန့်စင်လို့ရတယ်။ ဒါပေမဲ့ ပထမအဆင့် မြွေလူသားက အသက်ဓာတ် နည်းနည်း အားနည်းနေပြီ။ သူ့ကို လျိုကျန်းဆီ ပို့ပေးပြီး သေချာ ပြုစုခိုင်းလိုက်မယ်" ဟု ဆုံးဖြတ်လိုက်သည်။
စုန့်ဝမ်ကလည်း တောင်သခင်၏ အစီအစဉ်အတိုင်း လိုက်နာမည်ဖြစ်ကြောင်း ပြောကြားလိုက်သည်။
ဖုန့်ဖန်းယီက စုန့်ဝမ်၏ စွမ်းဆောင်ရည်ကို အလွန်ကျေနပ်အားရနေသည်။
"အကြီးအကဲဝူ... မင်းက မြွေလူသားကို သန့်စင်ပေးပြီး ဆန်းကြယ်ချီကို ဖော်ထုတ်ပေးနိုင်တာ ဂိုဏ်းအတွက် အကျိုးကျေးဇူးကြီးတယ်။ ငါတို့ ဆေးတောင်ထိပ်က စွမ်းရည်ပြရင် ဆုလာဘ်ချီးမြှင့်တာ ထုံးစံပဲ။ ဒီနေ့ကစပြီး မင်းကို ဆေးတောင်ထိပ်ရဲ့ ခန်းမအကြီးအကဲရာထူး တိုးမြှင့်ပေးလိုက်တယ်၊ မြွေလူသားစမ်းသပ်တဲ့ ကိစ္စရပ်အားလုံးကို မင်းပဲ အပြည့်အဝ တာဝန်ယူရမယ်"
ထိုစကားကို ကြားလိုက်ရချိန်တွင် စုန့်ဝမ်မျက်နှာတွင် ချက်ချင်းပင် ဝမ်းသာရိပ်များ ယှက်သန်းသွားခဲ့သည်။ ထိုတာဝန်ယူရခြင်းဖြင့် အလောင်းသန့်စင်ခြင်းဆိုင်ရာ ဝိညာဉ်ပစ္စည်းများကို ပိုမိုရရှိနိုင်မည် ဖြစ်သည်။ သို့သော် တစ်စုံတစ်ခုကို သတိရသွားဟန်ဖြင့် မေးလိုက်သည်။
"ဒါပေမဲ့ ဒီကိစ္စကို အကြီးအကဲရုန်ကပဲ ဦးဆောင်ခဲ့တာလေ။ အကယ်၍ ကျွန်တော် တာဝန်ယူလိုက်ရင် အကြီးအကဲရုန်..."
"စိတ်မပူနဲ့၊ အကြီးအကဲရုန်က လွန်ခဲ့တဲ့ ရက်အနည်းငယ်က ကျင့်ကြံရင်းနဲ့ ရုတ်တရက် အသိဉာဏ်ပွင့်သွားပြီး အခြေတည် နှောင်းပိုင်းအဆင့် တက်လှမ်းဖို့ တံခါးပိတ်ကျင့်ကြံခြင်း ဝင်သွားပြီ။ ကျင့်ကြံမှုအဆင့် မြင့်လေ၊ အတားအဆီး ကျော်ဖြတ်ဖို့ ခက်ခဲလေပဲ။ နှစ်နှစ် သုံးနှစ်လောက် မကြာဘဲနဲ့တော့ ပြန်ထွက်လာနိုင်မှာ မဟုတ်ဘူး။ ငါလည်း ဒီအတွက် ခေါင်းစားနေတာ။ သူ့နေရာ အစားဝင်ဖို့ မင်းက အသင့်တော်ဆုံးပဲ။ ဒီကာလမှာ အကြီးအကဲဝူကပဲ မြွေလူသားစမ်းသပ်မှုကို ဦးဆောင်ရလိမ့်မယ်။ ကဲ... သွားကြစို့၊ ငါနဲ့အတူ မြွေဂူကို လိုက်ခဲ့၊ မင်းရဲ့ ရာထူးခန့်အပ်မှုကို ငါကိုယ်တိုင် ကြေညာပေးမယ်"
ထို့နောက် သုံးဦးလည်း ပထမအဆင့် မြွေလူသားနှင့်အတူ မြွေဂူရှိရာ ချိုင့်ဝှမ်းသို့ ထွက်လာခဲ့ကြသည်။ ချိုင့်ဝှမ်းအထက် ကောင်းကင်ယံသို့ ရောက်ချိန်တွင် အရပ်ရှည်ရှည်နှင့် ခန့်ညားသော အမျိုးသားတစ်ဦး တောင်ကြားအဝတွင် ရပ်နေသည်ကို မြင်လိုက်ရသည်။ ထိုသူမှာ အသက် ၃၀ ကျော်ခန့်ရှိပြီး ထူးခြားသော အငွေ့အသက်နှင့် တည်ငြိမ်အေးဆေးသော အမူအရာရှိသူ ဖြစ်သည်။
ထိုသူကို မြင်လိုက်ရသည်နှင့် ဖုန့်ဖန်းယီ၏ မျက်လုံးများ အေးစက်သွားပြီး၊ နောက်မှ လိုက်လာသော ကျိုးစစ်ယိကို မကျေမနပ်ဖြစ်နေသော အမူအရာဖြင့် ကြည့်လိုက်သည်။ ဖုန့်ဖန်းယီ၏ အကြည့်ကို သတိထားမိသောအခါ ကျိုးစစ်ယိမျက်နှာတွင် အပြစ်မကင်းသလို ခံစားချက်နှင့် ထိတ်လန့်မှုများ ပေါ်လာပြီး စုန့်ဝမ်၏ နောက်ကွယ်သို့ ဝင်ပုန်းကွယ်လိုက်မိသည်။
"တောင်သခင်ဖုန့်... ငါတို့ မဆုံဖြစ်တာတောင် နှစ်အတော်ကြာသွားပြီပဲ၊ မင်းရဲ့ ကျင့်ကြံဆင့်ကလည်း ပိုပြီး တိုးတက်လာတာပဲ" ဟု ချိုင့်ဝှမ်းဝတွင် ရပ်နေသော ထိုအမျိုးသားက နွေးထွေးစွာ ပြုံးလျက် ဆိုသည်။
ဖုန့်ဖန်းယီက ထိုသူ့အနီးတွင် ဆင်းသက်လိုက်ပြီး မျက်နှာမကြည်မသာဖြင့် "ကျိုးရွယ်လင်... မင်းရဲ့ ဝိညာဥ်သားရဲတောင်မှာ မနေဘဲ ငါ့ဆေးတောင်ထိပ် နယ်မြေထဲ ဘာကိစ္စနဲ့ ရောက်နေတာလဲ" ဟု အေးစက်စွာ မေးလိုက်သည်။
ကျိုးရွယ်လင်က ဖုန့်ဖန်းယီ၏ မလိုလားဟန်ကို ဂရုမစိုက်ဘဲ "ဆေးတောင်ထိပ်နဲ့ ဝိညာ်သားရဲတောင်ဆိုတာ သားရဲသခင်ဂိုဏ်းရဲ့ အစိတ်အပိုင်းတွေပဲလေ။ ငါတို့အချင်းချင်း ဘာလို့ နယ်စည်းခြားနေရမှာလဲ" ဟု ဆိုသည်။
"ဟက်… နယ်စည်းမခြားဘူး ဟုတ်လား။ မင်းတို့ ဝိညာဥ်သားရဲတောင်က တခြားတောင်တွေကို ဝိညာဉ်သားရဲတစ်ကောင်တောင် လိုလိုလားလား မျှဝေပေးတာ ငါ တစ်ခါမှ မမြင်ဖူးပါဘူး" ဟု ဖုန့်ဖန်းယီက ခနဲ့တဲ့တဲ့ ပြောလိုက်သည်။ ထိုသို့ပြောပြီးနောက် သူသည် ကျိုးရွယ်လင်ကို လျစ်လျူရှုလိုက်ပြီး လက်ကို ဝှေ့ယမ်းလိုက်ရာ ချိုင့်ဝှမ်းကို ဖုံးလွှမ်းထားသော မြူနှင်းများမှာ အလိုအလျောက် ပွင့်သွားပြီး လမ်းကျဉ်းလေးတစ်ခု ပေါ်လာခဲ့သည်။ ဖုန့်ဖန်းယီက ဝိညာဉ်စွမ်းအားဖြင့် ခေါင်းတလားကို ဆွဲယူလျက် ချိုင့်ဝှမ်းအတွင်းသို့ တစ်ကိုယ်တည်း ဝင်သွားခဲ့သည်။
စုန့်ဝမ်လည်း အမြန် လိုက်သွားခဲ့သည်။ သူ ကျိုးရွယ်လင်၏ ဘေးမှ ဖြတ်သွားချိန်တွင် ကျိုးရွယ်လင်က ဖော်ရွေစွာ ပြုံးပြသဖြင့် စုန့်ဝမ်ကလည်း အရိုအသေပြုကာ အမြန် လိုက်သွားခဲ့ရသည်။
နောက်ဆုံးတွင် ကျိုးစစ်ယိသည် တုံ့ဆိုင်းနေပြီးမှ "ဖေဖေ" ဟု တိုးတိုးလေး ခေါ်လိုက်သည်။ ကျိုးရွယ်လင်က ခေါင်းညိတ်ပြပြီး သမီးဖြစ်သူနှင့်အတူ ချိုင့်ဝှမ်းအတွင်းသို့ ဝင်လာခဲ့သည်။
မြွေလူသားဂူအတွင်း၌ ဖုန့်ဖန်းယီသည် ပထမအဆင့် မြွေလူသားကို ကန်ထဲသို့ ပြန်ထည့်ပေးပြီး လျိုကျန်းကို ခေါ်ယူကာ နေ့စဉ် ပြောင်းလဲမှုများကို အသေးစိတ် မှတ်တမ်းတင်ရန် ညွှန်ကြားလိုက်သည်။ မြွေလူသား၏ ကိုယ်ပေါ်တွင် လှည့်ပတ်နေသော ဆန်းကြယ်ချီများကို မြင်လိုက်ရသောအခါ လျိုကျန်းမှာ အလွန်အမင်း တုန်လှုပ်သွားပြီး စုန့်ဝမ်ကို မရပ်မနား ချီးကျူးလေတော့သည်။
ထိုအချိန်တွင် ကျိုးရွယ်လင်နှင့် သမီးဖြစ်သူလည်း ဂူအတွင်းသို့ ဝင်လာကြသည်။ ဆန်းကြယ်ချီကို မြင်လိုက်ရချိန်တွင် ကျိုးရွယ်လင်၏ မျက်လုံးများ တောက်ပသွားပြီး ကန်အနီးသို့ ကပ်ကာ အသေးစိတ် စစ်ဆေးကြည့်သည်။
"ဒုတိယတောင်သခင်ကျိုး... မြွေလူသားဂူဆိုတာ ငါတို့ ဆေးတောင်ရဲ့ တားမြစ်နယ်မြေပဲ။ မင်း ခွင့်ပြုချက်မရှိဘဲ ဝင်လာတာက မသင့်တော်ဘူးလို့ မထင်ဘူးလား" ဟု ဖုန့်ဖန်းယီက ဆိုသည်။
ကျိုးရွယ်လင်က "တောင်သခင်ဖန်း... ငါ ကြည့်ရုံတင် ကြည့်တာပါ၊ မင်း ဘာမှ ဆုံးရှုံးသွားမှာ မဟုတ်ပါဘူး" ဟု ပြန်ဖြေရာ ဖုန့်ဖန်းယီက နှာခေါင်းရှုံ့လိုက်သည်။ "ကြည့်ရုံတင် ကြည့်တာ ဟုတ်လား၊ ဒါဆို ငါတို့ ဆေးတောင်က ပင်ပင်ပန်းပန်း သုတေသနလုပ်ပြီး ငါတို့ဆီမှာပဲ ရှိတဲ့ မြွေလူသားတွေက ဘာလို့ မင်းတို့ ဝိညာဥ်သားရဲတောင်မှာလည်း ရှိနေရတယ်ဆိုတာ ရှင်းပြစမ်းပါဦး" ဟု ဖုန့်ဖန်းယီက စွပ်စွဲလိုက်သည်။
ကျိုးရွယ်လင်က တည်ငြိမ်စွာပင် "မင်းတို့ ဆေးတောင်က မွေးမြူနိုင်ပြီး ငါတို့ သားရဲတောင်က မမွေးမြူနိုင်ဘူးလို့ ဘယ်သူပြောလဲ။ ဝိညာဉ်သားရဲ မွေးမြူတဲ့နေရာမှာ ငါတို့ ဝိညာဥ်သားရဲတောင်ကို ယှဉ်နိုင်တဲ့သူ ဒီလောကမှာ မရှိပါဘူး" ဟု ပြန်ပြောသည်။
"မင်းတို့ မွေးမြူထားတဲ့ မြွေလူသားတွေက မင်းတို့ ပိုင်ဆိုင်တာလို့ တကယ်ပဲ ယုံနေတာလား။ ရှက်ရကောင်းမှန်းမသိတဲ့ သူခိုးကများ တစ်လောကလုံးမှာ အနှိုင်းမဲ့တယ်လို့ ပြောရဲသေးတယ်"
ကျိုးရွှယ်လင်၏ မျက်နှာမှာ တဖြည်းဖြည်း အေးစက်လာပြီး "ဖုန့်ဖန်းယီ... မင်းစကားတွေက နည်းနည်း ဘောင်ကျော်နေပြီ မထင်ဘူးလား" ဟု ဆိုသည်။
"တကယ်ဖြစ်နေတာကို ပြောတာပဲ။ မင်းတို့ သားရဲတောင်က ငါတို့ မြွေလူသား မွေးမြူတာကို မနာလိုဖြစ်ပြီး လူလွှတ် ခိုးခိုင်းတယ်၊ နောက်ဆုံး မင်းရဲ့သမီးကိုတောင် စေလွှတ်ခဲ့သေးတယ် မဟုတ်လား" ဟု ဖုန့်ဖန်းယီက ဒေါသတကြီး ပြောလိုက်သည်။
"ရှောင်ယိမှာလည်း အရည်အချင်း ရှိပါတယ်။ သူသာ မရှိရင် မင်းတို့ ဆေးတောင်က ဒီလောက်အထိ အစုလိုက်အပြုံလိုက် မွေးမြူနိုင်ပါ့မလား" ဟု ကျိုးရွယ်လင်က ပြန်ချေပသည်။
"ကျိုးစစ်ယိ စွမ်းဆောင်ချက်အတွက် ထိုက်တန်သလို ဆုချီးမြှင့်ပြီးသား။ ဒါပေမဲ့ ဒါက မွေးမြူနည်းတွေကို သားရဲတောင်ဆီ ပေါက်ကြားအောင် လုပ်ဖို့ အကြောင်းပြချက် မဟုတ်ဘူး။ သူ့မှာ တချို့ကောင်းကွက်လေးတွေ ရှိလို့သာ ငါ သူ့ကို ဆေးဖော်စပ်ရေးတောင်ကနေ ထုတ်မပစ်သေးတာ" ဟု ဖုန့်ဖန်းယီက ခပ်တင်းတင်း ပြန်ပြောလိုက်သည်။
ကျိုးရွယ်လင်မှာ ဘာပြန်ပြောရမှန်းမသိဘဲ ခဏမျှ ဆွံ့အသွားခဲ့သည်။
ဖုန့်ဖန်းယီက အောင်နိုင်သူတစ်ဦးကဲ့သို့ ပြုံးလိုက်ပြီး "မင်းတို့ ဝိညာဥ်သားရဲတောင်က မြွေလူသားကို မွေးမြူနိုင်ခဲ့ရင်တောင် အလကားပဲ။ ငါတို့က အသက်ဓာတ်နဲ့ အလောင်းချီ ပေါင်းစပ်နိုင်သွားပြီ၊ အဲဒီအတွက် ပထမမဟာအကြီးအကဲက ငါတို့ ဆေးတောင်ရဲ့ စွမ်းဆောင်မှုကို အသိအမှတ် ပြုပေးထားပြီးပြီ" ဟု ဆိုလိုက်သည်။
ကျိုးရွယ်လင်က ဆက်မငြင်းတော့ဘဲ စုန့်ဝမ်ကို ကြည့်လာသည်။
"ဒါက အကြီးအကဲဝူ ထင်တယ်၊ တကယ့်ကို ထွန်းသစ်စ ပါရမီရှင်တစ်ယောက်ပဲ"
ထိုအချိန်တွင် စုန့်ဝမ်၏ ပုံစံမှာ အသက် ၄၀ နီးပါး ရှိနေပြီဖြစ်ရာ "ထွန်းသစ်စ"ဟု ခေါ်ဆိုခြင်းမှာ အနည်းငယ် ထူးဆန်းနေသည်။
"ဒုတောင်သခင်ကျိုး... ကျွန်တော့်ကို မြှောက်လွန်းနေပါပြီ"
"အကြီးအကဲဝူ... ဝိညာဥ်သားရဲတောင်ကို လာမလား။ တောင်ထိပ်ခန်းမအကြီးအကဲရာထူးက မင်းကို စောင့်နေတယ်" ဟု ကျိုးရွယ်လင်က ဖုန့်ဖန်းယီရှေ့မှာပင် ပြောင်ပြောင်တင်းတင်း ကမ်းလှမ်းလိုက်သည်။
"ဟက်" စုန့်ဝမ် ဘာမှမပြောရသေးခင်မှာပင် ဖန်းဖုန်းယီ၏ လှောင်ရယ်သံ ထွက်ပေါ်လာသည်
"ကျိုးရွယ်လင်... မင်း နောက်ကျသွားပြီ။ အကြီးအကဲဝူက ငါတို့ ဆေးတောင်ရဲ့ တောင်ထိပ်ခန်းမအကြီးအကဲ ဖြစ်နေပြီ"
ကျိုးရွှယ်လင်က စုန့်ဝမ်ကို စူးစိုက်ကြည့်ကာ "ရာထူးချင်း တူရင်တောင် ဝိညာဥ်သားရဲတောင်ရဲ့ အကြီးအကဲနဲ့ ဆေးတောင်ရဲ့ အကြီးအကဲဆိုတာ ကွာခြားချက် ရှိပါတယ်။ ဝိညာဥ်သားရဲတောင်က သားရဲသခင်ဂိုဏ်းရဲ့ ဦးဆောင်တောင်ဖြစ်ပြီး တပည့်ပေါင်း သောင်းနဲ့ချီ ရှိတယ်။ အကြီးအကဲတစ်ယောက်က တပည့်ထောင်နဲ့ချီကို အမိန့်ပေးနိုင်တယ်" ဟု ဆိုသည်။
စုန့်ဝမ်က အရိုအသေပြုကာ "ကျေးဇူးတင်ပါတယ် တောင်သခင်ကျိုး။ ကျွန်တော်က ငယ်ငယ်ကတည်းက ဆေးဖော်စပ်တာ ဝါသနာပါခဲ့တာမို့ တခြားတောင်ကို မပြောင်းချင်ပါဘူး။ ကျွန်တော့်ရဲ့ ငြင်းဆိုမှုကို စိတ်မရှိစေလိုပါဘူး" ဟု ဆိုသည်။
ကျိုးရွှယ်လင်က "အကယ်၍ အကြီးအကဲဝူက ဆေးတောင်မှာပဲ ကျင့်ကြံချင်တယ်ဆိုရင်လည်း ငါက ဘယ်လို အတင်းအကျပ် လုပ်နိုင်မှာလဲ။ ဒါပေမဲ့ ငါ့သမီး ရှောင်ယိကို ဘယ်လိုမြင်လဲ၊ သူနဲ့ ကျင့်ကြံဖော် လုပ်ဖို့ ဆန္ဒရှိသလား" ဟု မေးလာသည်။
စုန့်ဝမ် အကျပ်ရိုက်သွားသည်။ မကြာသေးခင်က ကျိုးစစ်ယိ ထိုကိစ္စကို လာမေးခဲ့ပြီး ယခု ကျိုးရွယ်လင်က လူအများရှေ့တွင် ထပ်မံ ပြောဆိုလာခြင်း ဖြစ်သည်။ အကယ်၍ လူသိရှင်ကြား ငြင်းဆိုလိုက်ပါက ကျိုးစစ်ယိအတွက် အရှက်ရစရာ ဖြစ်ပေလိမ့်မည်။ သို့သော် စုန့်ဝမ်သည် ကျိုးစစ်ယိ၏ ဂုဏ်သိက္ခာအတွက်နှင့် သူ့ခံစားချက်ကို လိမ်ညာ၍ မရပေ။
"လေးစားစွာ ပြောပါရစေ တောင်သခင်ကျိုး... စီနီယာအစ်မက အလွန်လှပပြီး ပါရမီရှိသလို စိတ်နေစိတ်ထားလည်း ကောင်းမွန်ပါတယ်။ သူမဟာ ကျင့်ကြံသူ အမျိုးသားအားလုံးရဲ့ စိတ်ကူးထဲက တာကိုလက်တွဲဖော်ပါပဲ။ ဒါပေမဲ့ ကျွန်တော်က တစ်ကိုယ်တည်း နေသားကျနေသလို အိမ်ထောင်ပြုဖို့လည်း စိတ်ကူးမရှိပါဘူး"
စုန့်ဝမ်၏ ထပ်တလဲလဲ ငြင်းဆိုမှုကြောင့် ကျိုးရွှယ်လင်သည် မည်မျှပင် စိတ်ကို ထိန်းထားပါစေ သူ့မျက်နှာမှာ ပျက်ယွင်းသွားခဲ့သည်။ "အကြီးအကဲဝူက ဆေးတောင်အပေါ် တကယ်သစ္စာရှိတာပဲ၊ ဆေးတောင်ကလည်း မင်းရဲ့ သစ္စာတရားနဲ့ ထိုက်တန်ဖို့ မျှော်လင့်ပါတယ်" ဟု ဆိုကာ ဂူအတွင်းမှ မကျေမနပ်ဖြင့် ထွက်ခွာသွားတော့သည်။
ကာယကံရှင်ဖြစ်သူ ကျိုးစစ်ယိမှာမူ ငြင်းပယ်ခံရသဖြင့် စိတ်ပျက်ဟန် မရှိသော်လည်း အလွန်အမင်း အနေခက်ပြီး စိတ်မသက်မသာ ဖြစ်နေရှာသည်။ သူမသည် စုန့်ဝမ်အပေါ် မည်သည့် ချစ်ခြင်းမေတ္တာမှ မရှိသလို ကျင့်ကြံဖော်လည်း မဖြစ်လိုပေ။ သူမသည် ဤအခြေအနေတွင် နယ်ရုပ်တစ်ရုပ်မျှသာ ဖြစ်သည်။
"တောင်သခင်ကျိုး... ဘေးကင်းပါစေ၊ လိုက်မပို့တော့ဘူးနော်" ဟု ဖုန့်ဖန်းယီက အနိုင်ရသူပီပီ ကျေနပ်နေသည့် အသံကြီးဖြင့် လှမ်းပြောလိုက်သည်။ သူ့အနေဖြင့် စုန့်ဝမ်၏ တုံ့ပြန်မှုကို အလွန်ကျေနပ်နေသည်။
"ဖေဖေ" ကျိုးစစ်ယိသည် သူမဖခင် ဂူထဲမှ အေးစက်စွာ ထွက်သွားသည်ကို မြင်ရသဖြင့် အလွန်စိုးရိမ်သွားပုံရသည်။ သူမအသံထဲတွင် ထိတ်လန့်ကြောက်ရွံ့မှုများ ဖုံးလွှမ်းနေသည်။ ကျိုးရွယ်လင်သည် ကျိုးစစ်ယိကို အေးစက်စွာ တစ်ချက်ကြည့်လိုက်သည်။ ထိုအကြည့်မှာ ကိုယ့်သမီးကို ကြည့်သောအကြည့် မဟုတ်ဘဲ အရေးမပါသော ပစ္စည်းတစ်ခုကို ကြည့်သကဲ့သို့ ဖြစ်နေသည်။ ကျိုးရွှယ်လင် ထွက်သွားသည့်တိုင် ကျိုးစစ်ယိ၏ စိတ်မသက်မသာဖြစ်မှုမှာ ပျောက်ကွယ်မသွားပေ။ သူမသည် ခေါင်းငုံ့ထားပြီး သူမ၏ မျက်လုံးများတွင် ဝမ်းနည်းမှုမျက်ရည်များ ဝဲနေခဲ့သည်။ ခဏအကြာတွင် သူမသည်လည်း ကျိုးရွယ်လင်နောက်သို့ အမြန် လိုက်သွားခဲ့သည်။
ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ ဖုန့်ဖန်းယီက နှာခေါင်းရှုံ့ကာ "အာဏာနဲ့ အကျိုးအမြတ်ပဲ သိတဲ့ စိတ်ထားသေးနုပ်သူပဲ။ ကိုယ်ကျိုးအတွက်ဆို ကိုယ့်သမီးကိုတောင် နယ်ရုပ်လို အသုံးချရဲတယ်"ဟု ပြောပြီး စုန့်ဝမ်ဘက် လှည့်ကာ "အကြီးအကဲဝူ... ကျိုးရွယ်လင်လို လူမျိုးနဲ့ ဝေးဝေးနေတာ အကောင်းဆုံးပဲ" ဟု သတိပေးလိုက်သည်။
စုန့်ဝမ်ကလည်း "တောင်သခင်ရဲ့ ဆုံးမမှုကို မှတ်သားထားပါ့မယ်" ဟု ပြန်ဖြေသည်။ ဖုန့်ဖန်းယီ၏ စကားမှာ ကျိုးစစ်ယိနှင့်လည်း အလွန်အမင်း မနီးစပ်ရန် သွယ်ဝိုက်တားမြစ်ခြင်းလည်း ဖြစ်သည်။
ခဏအကြာတွင် ဖုန့်ဖန်းယီသည် စုန့်ဝမ်အား မြွေလူသားမွေးမြူရေးဂူကို လွှဲပြောင်းတာဝန်ယူရန် ခန့်အပ်မှုကို လျိုကျန်းနှင့် တာဝန်ကျ အကြီးအကဲများဖြစ်သော ကျန်းပင်းနှင့် လီရှီတို့အား အသိပေးလိုက်သည်။ ထို့နောက် စုန့်ဝမ်အား အလောင်းသန့်စင်ရန် လိုအပ်သော ပစ္စည်းများ၊ ဂူနှင့် ပတ်သက်သော အချက်အလက်များနှင့် စာရင်းဇယားများ ပါဝင်သည့် သိုလှောင်လက်စွပ်ကို ပေးအပ်ခဲ့သည်။
………..