ဂိုဏ်းပြင်ပ မထွက်ဘဲ သိုသိုသိပ်သိပ် နေပါမယ်ဆိုမှ
Vol. 20 Ch. 213
ဖုန့်ဖန်းယီ ပြန်သွားပြီးနောက် စုန့်ဝမ်သည် ယခင်က ရုန်ကျင့်ယွမ် အသုံးပြုခဲ့သော အမှတ်တစ် အလောင်းသန့်စင်ဂူသို့ ဝင်ရောက်လာခဲ့သည်။ အထဲရောက်ချိန် ဖုန့်ဖန်းယီ ပေးခဲ့သော သိုလှောင်လက်စွပ်ကို စစ်ဆေးကြည့်လိုက်ရာ စိတ်လှုပ်ရှားမှုကြောင့် မျက်လုံးများ တောက်ပသွားခဲ့သည်။ အတွင်း၌ အလောင်းသန့်စင်ရန် လိုအပ်သော ပစ္စည်းများမှာ မယုံနိုင်လောက်အောင် အမြောက်အမြား ရှိနေသည်။ ယင်နတ်ဆိုးဆေးရည် ပုလင်းပေါင်း ရာနှင့်ချီ ရှိသလို တခြားသော ပစ္စည်းများလည်း ထောင်ချီ ပါဝင်သည်။ ထိုလက်စွပ်အတွင်းရှိ ပစ္စည်းများ၏ စုစုပေါင်းတန်ဖိုးမှာ ဝိညာဉ်ကျောက် ငါးသိန်းကျော် ရှိပေသည်။
စုန့်ဝမ်မှာ ထိုလက်စွပ်ကို ယူပြီး ထွက်ပြေးချင်စိတ်ပင် ပေါက်သွားခဲ့သည်။ ဤပစ္စည်းများမှာ အလောင်းဘုရင်သွေးသန့်စင်ပညာကို ကျင့်ကြံရန်နှင့် ရွှေအမြုတေအဆင့် တက်လှမ်းရန် လုံလောက်သည်ထက်ပင် ပိုပေသည်။ သို့သော် လောဘကို ထိန်းချုပ်လိုက်ရင်း စစ်ဆေးကြည့်ရာ ထိုလက်စွပ်ပေါ်တွင် အမှတ်အသားတစ်ခု ပြုလုပ်ထားကြောင်း သူ သတိပြုမိလိုက်သည်။ ဖုန့်ဖန်းယီက စိတ်ချလက်ချ ပေးအပ်ရဲခြင်းမှာ ဤအမှတ်အသားကြောင့်ပင် ဖြစ်ပေလိမ့်မည်။
မြွေလူသားမွေးမြူရေးဂူ၏ အခြေအနေမှာ အေးအေးဆေးဆေးပင် ဖြစ်သည်။ မွေးမြူခြင်းဆိုင်ရာ ကိစ္စရပ်များကို လျိုကျန်းက အပြည့်အဝ စီမံပေးသည်။ စုန့်ဝမ်၏ အဓိကတာဝန်မှာ အလောင်းသန့်စင်ရန်နှင့် ကျန်းပင်း၊ လီရှီတို့ကို သင်ကြားပေးရန်သာ ဖြစ်သည်။
ရက်သတ္တပတ် နှစ်ပတ်အကြာတွင် ရက်အတော်ကြာ ပျောက်ကွယ်နေသော ကျိုးစစ်ယိ မြွေလူသားမွေးမြူရေးဂူသို့ ပြန်လည် ရောက်ရှိလာခဲ့သည်။ ရောက်လာချိန်တွင် ပုံမှန်အတိုင်း တက်ကြွပျော်ရွှင်နေသောပုံစံသို့ ပြန်လည် ရောက်ရှိနေပြီဖြစ်သည်။ ရောက်သည်နှင့် "မောင်လေးဝူ... အခုကစပြီး မင်းက ငါ့အထက်လူကြီး ဖြစ်သွားပြီနော်၊ မင်းရဲ့ စီနီယာအစ်မကို သေချာ စောင့်ရှောက်ရမယ်" ဟု သူမက ဆိုသည်။ ကျိုးစစ်ယိ၏ တောက်ပသော မျက်လုံးများကို ကြည့်ရင်း စုန့်ဝမ် နားလည်လိုက်သည်။ သူမ၏ တက်ကြွပျော်ရွှင်မှုမှာ အပေါ်ယံ ဟန်ဆောင်မှုသာ ဖြစ်သည်။ သူမ၏ ဘဝမှာ မလွယ်ကူပေ။ သူမဖခင်၏ လက်ထဲတွင် စိတ်ကြိုက် ကစားခြင်းခံနေရသော နယ်ရုပ်တစ်ရုပ်မျှသာ ဖြစ်သည်။
စုန့်ဝမ်က ပြုံးလိုက်ပြီး "စီနီယာအစ်မက ကျွန်တော့်ကို မြှောက်နေပြန်ပြီ။ ကျွန်တော်က အလောင်းသန့်စင်တာပဲ သိတာပါ၊ တခြားကိစ္စတွေမှာတော့ မျက်မမြင် ဆင်ကို စမ်းသလိုပါပဲ။ နောင်မှာ စီနီယာအစ်မကပဲ သင်ပြပေးပါဦး" ဟု ဆိုရာ ကျိုးစစ်ယိက ယုံကြည်မှုအပြည့်ဖြင့် "ရတာပေါ့၊ နောင် ဘာမသိတာရှိရှိ ငါ့ကို မေးလို့ရတယ်" ဟု ဆိုသည်။
ထိုစဥ် ရုတ်တရက် မြေပြင်မှာ ပြင်းထန်စွာ တုန်ခါသွားခဲ့သည်။ ဂူအတွင်းရှိ ခေါင်းတလား တစ်ထောင်ကျော်မှာ တပြိုင်နက်တည်း လဲကျသွားခဲ့သည်။
"ဝူး..."
ဝေးလံသော နေရာမှ စူးရှသော အော်မြည်သံတစ်ခုသည် သားရဲသခင်ဂိုဏ်း နယ်မြေတစ်ခုလုံးကို လွှမ်းမိုးသွားခဲ့သည်။ ဂူအတွင်းရှိ မြွေလူသား အမြောက်အမြားမှာ ရုတ်တရက် ရူးသွပ်ကုန်ကြပြီး ၎င်းတို့ကို ပိတ်လှောင်ထားသော အစီအရင် အတားအဆီးများကို အဆက်မပြတ် တိုက်ခိုက်ကြသည်။ ခေါင်းများ သွေးချင်းချင်းနီနေသည့်တိုင် ၎င်းတို့မှာ ရပ်တန့်ခြင်း မရှိကြပေ။
"ဘာတွေ ဖြစ်နေတာလဲ။ အဲဒီအသံက ဘယ်ကလာတာလဲ"ဟု စုန့်ဝမ် ထိတ်လန့်တုန်လှုပ်စွာ မေးလိုက်မိသည်။ ကျိုးစစ်ယိမှာမူ တည်ငြိမ်စွာဖြင့် ဂိုဏ်း၏ အတွင်းပိုင်း တစ်နေရာသို့ လှည့်ကြည့်ကာ "ဂိုဏ်းကို စောင့်ရှောက်တဲ့ ဝိညာ်သားရဲကြီး နိုးလာပြီ။ အနှစ်နှစ်ဆယ်တစ်ခါ သူက ဆာလောင်လို့ နိုးလာတတ်တယ်။ အစာစားပြီးရင်တော့ ပြန်အိပ်ပျော်သွားမှာပါ" ဟု တိုးတိုးလေး ရေရွတ်လိုက်သည်။
ဂိုဏ်းစောင့် ဝိညာဥ်သားရဲကြီး၊ စုန့်ဝမ် အံ့ဩသွားသည်။ သားရဲသခင်ဂိုဏ်းတွင် အင်အားကြီးသော ဝိညာဥ်သားရဲကြီးတစ်ကောင် ရှိနေကြောင်း ကြားဖူးသော်လည်း ထိုသားရဲမှာ အနှစ်နှစ်ဆယ်နေမှသာ အစာစားရန် နိုးလာတတ်ခြင်းမှာ ထူးဆန်းလှသည်။
"စီနီယာအစ်မ... အဲဒီသားရဲကြီးကို မြင်ဖူးလား"
“ငါလည်း တစ်ခါမှ မမြင်ဖူးဘူး။ နောက်ဆုံးအကြိမ် သူ နိုးလာတုန်းက ငါက ကလေးပဲ ရှိသေးတာ၊ ကျင့်ကြံခြင်းလည်း မစရသေးတော့ သားရဲကြီးရဲ့ ပုံစံအမှန်ကို မမြင်ခဲ့ရဘူး။ မောင်လေးဝူ... မင်း သားရဲကြီးကို သွားကြည့်ချင်သလား"
"ကြည့်တော့ ကြည့်ချင်တာပေါ့၊ ဒါပေမဲ့ ဂိုဏ်းစောင့်သားရဲကြီးဆိုတာ သွားကြည့်ချင်တိုင်း ကြည့်လို့ရတာမှ မဟုတ်တာ"
…….
နောက်သုံးရက်အကြာ နေ့လယ်ခင်းတွင် စုန့်ဝမ် ဂူအိမ်၌ ရှိနေစဥ် လျိုကျန်း အလောတကြီး ရောက်လာသည်။
"အကြီးအကဲဝူ... အမြန်ထွက်လာပါဦး၊ အရေးကြီးတဲ့ကိစ္စ ဖြစ်နေပြီ"
စုန့်ဝမ် ဂူတံခါးဖွင့်ပေးပြီး "အကြီးအကဲလျို... ဘာဖြစ်လို့လဲ" ဟု မေးလိုက်သည်။
"မဟာယန်နိုင်ငံက ဝိညာဉ်သားရဲမွေးမြူရေးခြံ တိုက်ခိုက်ခံလိုက်ရပြီ။ အဲဒီက တပည့် ဒါဇင်နဲ့ချီ အသတ်ခံလိုက်ရသလို ကျောက်စိမ်းမြွေ တစ်ထောင်ကျော်လည်း သေတဲ့ကောင် သေ၊ ပြေးတဲ့ကောင် ပြေးနဲ့ တစ်ကောင်မှ မကျန်တော့ဘူး"
လျိုကျန်းမှာ ပြောနေရင်း ဒေါသကြောင့် တစ်ကိုယ်လုံး တုန်ယင်နေသည်။ ထိုနေရာတွင် နှစ်ပေါင်းများစွာ နေခဲ့ဖူးသော လျိုကျန်းအတွက် ထိုတပည့်များမှာ ရင်းနှီးပြီးသားသူများ ဖြစ်ပြီး၊ မွေးမြူရေးခြံမှာလည်း သူကိုယ်တိုင် သွေး၊ ချွေးရင်းပြီး တည်ဆောက်ခဲ့ခြင်း ဖြစ်သဖြင့် အလွန်ခံပြင်းနေသည်။
မြွေလူသားများ မွေးမြူရန်အတွက် ကျောက်စိမ်းမြွေဥများ လိုအပ်ရာ ထိုမွေးမြူရေးခြံ ပျက်စီးသွားခြင်းမှာ မြွေလူသားမွေးမြူရေးကို များစွာ ထိခိုက်စေပေလိမ့်မည်။
စုန့်ဝမ်လည်း အံသြတုန်လှုပ်သွားသည်။ လမ်းမှန်ကျင့်ကြံမှုလောက၏ ဦးဆောင်အဖွဲ့အစည်းတစ်ခု ဖြစ်သော သားရဲသခင်ဂိုဏ်းကို ဤမျှ စော်ကားရဲသူ ရှိလိမ့်မည်ဟု ထင်မထားမိခဲ့ပေ။
"ဘယ်သူကများ သားရဲသခင်ဂိုဏ်းရဲ့ မွေးမြူရေးခြံကို ဒီလောက် အတင့်ရဲပြီး တိုက်ခိုက်ရဲတာလဲ"
"မင်း နောက်ဆုံးတွေ့ခဲ့တဲ့ အဲဒီ ဝတ်စုံနက်နဲ့ လူနှစ်ယောက် ဖြစ်ဖို့ များတယ်"
"သူတို့ နောက်တစ်ခါ ထပ်ပေါ်လာပြန်ပြီလား။ သူတို့က ဘာလို့ မွေးမြူရေးခြံကို ပစ်မှတ်ထားတာလဲ"
"ငါလည်း မသိဘူး၊ ဒါပေမဲ့ ဒီတစ်ခါတော့ သူတို့ ပြေးလို့ လွတ်မှာ မဟုတ်ဘူး"
လျိုကျန်း၏ မျက်လုံးများတွင် သတ်ဖြတ်လိုသော အငွေ့အသက်များ ပြည့်နှက်နေလေတော့သည်။
"အကြီးအကဲလျို... ခင်ဗျားမှာ ကြိုတင်ပြင်ဆင်ထားတဲ့ အစီအစဉ်တွေ ရှိလား" ဟု စုန့်ဝမ်က မေးလိုက်သည်။
လျိုကျန်းက ခေါင်းညိမ့်လိုက်သည်။
"အဲဒီ ဝတ်စုံနက်နှစ်ယောက်က ဝိညာဉ်သားရဲမွေးမြူရေးခြံကို အကြိမ်ကြိမ် ကျူးကျော်ခဲ့တာ၊ ငါက ဘယ်လိုလုပ် ကြိုမပြင်ဆင်ထားဘဲနေမလဲ။ မွေးမြူရေးခြံထဲက အဆောက်အအုံအားလုံးမှာ နှင်းအရိပ်ကျားသစ်ရဲ့ ကျင်ငယ်ရေတွေကို သုတ်လိမ်းထားတယ်"
နှင်းအရိပ်ကျားသစ်သည် လျိုကျန်း၏ ဝိညာဉ်သားရဲဖြစ်ပြီး ဒုတိယအဆင့် အလယ်အလတ်သားရဲ ဖြစ်သည်။ ၎င်း၏ ကျင်ငယ်ရေမှာ အရောင်မရှိ၊ အနံ့မရှိဘဲ ရိုးရိုးရေနှင့် တူလှသဖြင့် ကျင့်ကြံသူများအတွက် အနံ့ခံမိရန် အလွန်ခက်ခဲသည်။ သို့သော် နှင်းအရိပ်ကျားသစ်မှာမူ ၎င်း၏ မွေးရာပါ စွမ်းရည်ကြောင့် မိမိကျင်ငယ်ရေအနံ့ကို မိုင်ပေါင်းများစွာ အကွာအဝေးမှပင် အာရုံခံနိုင်သည်။ ထိုအနံ့မှာ တစ်ခါစွဲငြိသွားပါက အချိန်အတော်ကြာအောင် မပျောက်ပျက်ဘဲ တည်ရှိနေတတ်သဖြင့် အလွယ်တကူ ခြေရာခံ ရှာဖွေနိုင်သည်။
"အဲဒီတရားခံတွေထဲက တစ်ယောက်မှာ ကျင်ငယ်ရေအနံ့ စွဲငြိသွားခဲ့တယ်။ အခု နှင်းအရိပ်ကျားသစ်က အဲဒီလူ အရှေ့ဟွာဖန်းဈေးမှာ ပုန်းနေတာကို အာရုံခံမိနေပြီ"ဟု လျိုကျန်းက အားတက်သရော ပြောလာသည်။
"တရားခံကို ခြေရာခံမိပြီဆိုရင် ဘာလို့ ဥပဒေခန်းမကို အကြောင်းကြားပြီး သူတို့ကို မဖမ်းခိုင်းတာလဲ" ဟု စုန့်ဝမ်က ဇဝေဇဝါဖြင့် မေးလိုက်သည်။ ဂိုဏ်းသားများအား သတ်ဖြတ်ခဲ့သော လူသတ်သမားကို ဖမ်းဆီးရန်မှာ ဥပဒေခန်းမ၏ တာဝန်ပင် မဟုတ်ပါလား။
"ငါ ဥပဒေခန်းမကို အကြောင်းကြားပြီးပြီ၊ သူတို့လည်း တရားခံ ဖမ်းဖို့ လူလွှတ်ပေးမယ်လို့ သဘောတူထားတယ်။ ဒါပေမဲ့ မွေးမြူရေးခြံက ငါတို့ဂူရဲ့ ပိုင်ဆိုင်မှုဖြစ်နေတော့ တရားခံကို ဖမ်းတဲ့နေရာမှာ ဒီအတိုင်း ထိုင်ကြည့်နေလို့ မဖြစ်ဘူး။ မဟုတ်ရင် ဂိုဏ်းထဲမှာ ငါတို့သိက္ခာ ကျန်တော့မှာ မဟုတ်ဘူး"
"ဒါဆို အကြီးအကဲလျို ကျွန်တော့်ကို လာရှာတာက …"
လျိုကျန်းက "ဟုတ်တယ်၊ တာဝန်ခံဖြစ်တဲ့ အကြီးအကဲဝူကို တရားခံဖမ်းတဲ့နေရာမှာ အဖော်အဖြစ် လိုက်ခဲ့စေချင်တာပေါ့" ဟု ဖြေသည်။
"ခင်ဗျားလည်း ရှိနေတာပဲ၊ ပြီးတော့ ဥပဒေခန်းမရဲ့ အင်အားလည်း ရှိနေတော့ ကျွန်တော် မလိုက်တော့ပါဘူး" ဟု စုန့်ဝမ်က တွန့်ဆုတ်စွာ ပြောလိုက်သည်။ မလိုအပ်ပါက သူ့အနေဖြင့် သားရဲသခင်ဂိုဏ်းမှ အပြင်သို့ မထွက်လိုပေ။ ဝမ်မင်ထံမှ ရရှိထားသော သတင်းများအရ အလောင်းနတ်ဆိုးဂိုဏ်းသည် သစ္စာဖောက်များကို လိုက်လံသုတ်သင်ရန် အခြေတည်အဆင့် ကျင့်ကြံသူများကို နေရာအနှံ့ စေလွှတ်ထားပြီး ဖြစ်သည်။ အကယ်၍ သူသာ အလောင်းနတ်ဆိုးဂိုဏ်းမှ လူတစ်ဦးနှင့် တိုးမိပါက သူ၏ အထောက်အထား ပေါက်ကြားသွားနိုင်ပေသည်။
"အကြီးအကဲဝူ... မင်းက မြွေလူသားမွေးမြူရေးဂူကို တာဝန်ယူထားတာ၊ ပြီးတော့ မဟာယန်နိုင်ငံက မွေးမြူရေးခြံကလည်း ငါတို့ဂူရဲ့ လက်အောက်မှာရှိတာ။ အခု တရားခံက တို့အိမ်ရှေ့တင် ရောက်နေပြီ၊ မင်းသာ မလိုက်ရင် အတင်းအဖျင်းစကားတွေကို ရှောင်လွှဲဖို့ ခက်လိမ့်မယ်၊ ပြီးတော့ ငါတို့ဂူရဲ့ ဂုဏ်သိက္ခာကိုလည်း ထိခိုက်စေလိမ့်မယ်" ဟု လျိုကျန်းက လေးနက်စွာ ပြောလိုက်သည်။
စုန့်ဝမ်သည် လျိုကျန်းကို အကူအညီမဲ့စွာ ကြည့်လိုက်မိသည်။ လျိုကျန်း၏ နေ့စဉ် အပြုအမူများကို ကြည့်ခြင်းအားဖြင့် သူသည် ဂိုဏ်းအပေါ် အလွန်အမင်း သစ္စာရှိသူဖြစ်ကြောင်း ထင်ရှားလှသည်။ လျိုကျန်းကတော့ ဤခရီးကို သွားရန် ဆုံးဖြတ်ပြီးသား ဖြစ်သည်။
"အကြီးအကဲလျို... တရားခံက အရှေ့ဟွာဖန်းဈေးမှာ ရှိနေတာ သေချာလား"
"တရားခံ အရှေ့ဟွာဖန်းဈေးမှာ ရှိနေတာကို ငါ အာမခံတယ်။ အကြီးအကဲဝူကို အလကား ခရီးမပန်းစေရပါဘူး" ဟု ပြန်ဖြေသည်။ စုန့်ဝမ်သည် တရားခံ ထိုနေရာ၌ မရှိပါက အချိန်ကုန်မည်ကို စိုးရိမ်နေသည်ဟု လျိုကျန်းက အထင်မှားသွားခြင်း ဖြစ်သည်။
"ဥပဒေစိုးမိုးရေးခန်းမက ဘယ်သူ့ကို လွှတ်မယ်လို့ သိထားလဲ"
"ဖုန်ချီပဲ ဖြစ်လိမ့်မယ်"
"ကောင်းပြီလေ၊ ဒါဆို ကျွန်တော် အကြီးအကဲလျိုနဲ့ လိုက်ခဲ့မယ်။ ဘယ်တော့ ထွက်ခွာကြမလဲ" ဟု စုန့်ဝမ်က မေးလိုက်သည်။ ဖုန်ချီသည် အခြေတည်အဆင့်၏ အထွတ်အထိပ်သို့ ရောက်ရှိနေသူ ဖြစ်သဖြင့် အခြေတည်အဆင့် တရားခံတစ်ဦးကို ကိုင်တွယ်ရန်မှာ လွယ်ကူပေလိမ့်မည်။ အကယ်၍ အရှေ့ဟွာဖန်းဈေးအတွင်း အလောင်းနတ်ဆိုးဂိုဏ်းမှ လူများ ပုန်းအောင်းနေပါစေဦး၊ ဖုန်ချီ ရှိနေသလို ဈေးပြင်ပတွင်လည်း သားရဲသခင်ဂိုဏ်းမှ ရွှေအမြုတေအဆင့် ကျင့်ကြံသူများ ကင်းစောင့်နေသဖြင့် စိုးရိမ်စရာရှိမည် မဟုတ်ပေ။
"နောက်နာရီဝက်နေရင် ဖုန်ချီက ဆေးတောင်ထိပ်ကို လာပြီး ငါတို့နဲ့ ဆုံလိမ့်မယ်"
"ဒါဆို ကျွန်တော် ပြင်ဆင်စရာရှိတာ ပြင်ဆင်လိုက်ပါဦးမယ်"
……..
နာရီဝက်ခန့်အကြာတွင် ဆေးတောင်ထိပ်ရှိ ကွင်းပြင်တွင် ပေနှစ်ဆယ်ခန့်ရှည်သော သင်္ဘောပျံတစ်စီး ပေါ်လာသည်။ ဖုန်ချီသည် သင်္ဘောဦးတွင် ရပ်နေပြီး သူ့နောက်တွင် စုန့်ဝမ်နှင့် ရန်ငြိုးရှိသော လျန်ထျန်းလုလည်း ရှိနေသည်။ စုန့်ဝမ်နှင့် လျိုကျန်းတို့သည် ဓားပျံများကို စီးနင်းလျက် သင်္ဘောပေါ်သို့ တက်လိုက်ကြသည်။
"ငါတို့ နောက်ဆုံး ခွဲခွာခဲ့ပြီးကတည်းက လအနည်းငယ်ပဲ ရှိသေးတယ်။ အကြီးအကဲဝူက ဆေးတောင်ခန်းမအကြီးအကဲအဖြစ် ရာထူးတိုးသွားပြီလို့ ကြားတယ်၊ တကယ့်ကို ဂုဏ်ယူစရာပဲ" ဟု ဖုန်ချီက စုန့်ဝမ်ကို နှုတ်ဆက်လိုက်သည်။
"ကျေးဇူးတင်ပါတယ် အကြီးအကဲဖုန်း၊ ဒါက အခွင့်အလမ်း တစ်ခုကြောင့် ဖြစ်သွားတာပါ" ဟု စုန့်ဝမ်က နှိမ့်ချစွာ ပြန်ဖြေသည်။
"အကြီးအကဲဝူက နှိမ့်ချလွန်းနေပါပြီ။ ကဲ... လူစုံပြီဆိုတော့ ငါတို့ သွားကြတော့မလား"
"အကြီးအကဲဖုန်က တရားခံဖမ်းတဲ့ကိစ္စ ဦးဆောင်တာဆိုတော့ ကျွန်တော်က ခင်ဗျားရဲ့ အစီအစဉ်အတိုင်း လိုက်နာမှာပါ" ဟု စုန့်ဝမ်က သဘောတူလိုက်သည်။
ဖုန်ချီက ခေါင်းညိတ်ပြပြီး ဝိညာဉ်စွမ်းအားဖြင့် သင်္ဘောကို အရှိန်မြှင့်ကာ ကောင်းကင်ယံသို့ ပျံတက်လိုက်သည်။ ဖုန်ချီသည် စကားပြောဖော်ကောင်းသူ ဖြစ်သဖြင့် လမ်းခရီးတစ်လျှောက် စုန့်ဝမ်၊ လျိုကျန်းတို့နှင့် တက်တက်ကြွကြွ စကားပြောလာခဲ့သည်။ လျန်ထျန်းလုမှာမူ ဘေးတွင် တိတ်ဆိတ်စွာ ရပ်နေပြီး စုန့်ဝမ်ကို တစ်ချက်တစ်ချက် အေးစက်စက် လှမ်းကြည့်နေခဲ့သည်။
……