← Chapters

ဓားနတ်မိမယ် ပြန်ပေါ်လာတာလား

Vol. 20 Ch. 214

ဓားနတ်မိမယ် ပြန်ပေါ်လာတာလား

Vol. 20 Ch. 214

ဆယ့်ငါးမိနစ်ခန့်အကြာတွင် သင်္ဘောပျံသည် အရှေ့ဟွာဖန်းဈေး၏ အထက်သို့ ရောက်ရှိလာခဲ့သည်။

ရောက်သည်နှင့် လေထဲတွင် ခေတ္တရပ်တန့်ပြီး "အကြီးအကဲလျို... တရားခံရဲ့တည်နေရာ အတိအကျ သိရအောင် နှင်းအရိပ်ကျားသစ်ကို လွှတ်လိုက်ပါဦး" ဟု ဖုန်ချီက ညွှန်ကြားလိုက်သည်။

လျိုကျန်းသည် နှင်းအရိပ်ကျားသစ်ကို ဆင့်ခေါ်လိုက်သည်။ ကျားသစ်ဆိုသော်လည်း ပုံစံမှာ ကြောင်နှင့် ပိုတူလှသည်။ ခန္ဓာကိုယ်မှာ သေးငယ်ပြီး တစ်ပေခန့်သာ ရှည်ကာ၊ အမြီးမှာလည်း တစ်ပေခန့် ရှည်သဖြင့် စုစုပေါင်း သုံးပေပင် မပြည့်ပေ။ ၎င်းတွင် နှင်းကဲ့သို့ ဖြူဖွေးသော အမွှေးများရှိပြီး ရွှေရောင်အစက်အပြောက် အနည်းငယ် ပါဝင်သည်။

လျိုကျန်း၏ ညွှန်ကြားချက်အရ ကျားသစ်သည် သင်္ဘောပျံပေါ်မှ ခုန်ချကာ ဈေးအတွင်းရှိ အဆောက်အအုံတစ်ခု၏ အမိုးပေါ်သို့ ဆင်းသက်လိုက်သည်။ ၎င်းသည် အမိုးများပေါ်တွင် လျှင်မြန်ဖျတ်လတ်စွာ ပြေးလွှားနေပြီး ရိပ်ခနဲ ရိပ်ခနဲသာ မြင်တွေ့ရသည်။ ရုတ်တရက် နှင်းရိပ်သစ်ကျားသည် အမိုးပေါ်မှ လမ်းမပေါ်သို့ ခုန်ချလိုက်ပြီး လမ်းကြားတစ်ခုအတွင်း ပြေးဝင်သွားခဲ့သည်။

သင်္ဘောပျံပေါ်မှ လူလေးဦးသည် နှင်းရိပ်သစ်ကျား၏ လှုပ်ရှားမှုများကို သေချာ စောင့်ကြည့်နေကြသည်။ စုန့်ဝမ် သတိထားမိလိုက်သည်မှာ ထိုလမ်းကြားလေးမှာ သူ အရင်က နေထိုင်ခဲ့ဖူးသော လမ်းကြားလေး ဖြစ်နေခြင်းပင်။ ကျားသစ်သည် လမ်းကြားတစ်ခုလုံးကို အမြန် ဖြတ်သန်းသွားပြီးနောက် အိမ်ဝန်းတစ်ခု၏ အရှေ့သို့ ရောက်သောအခါ ကိုယ်ကို ခါယမ်းလိုက်ပြီး ကျင်ငယ်ရေ အစက်အချို့ကို စွန့်ထုတ်လိုက်သည်။

စုန့်ဝမ်၏ အံသြသွားသည်။ ဤအိမ်ဝန်းမှာ သူနှင့် အကျွမ်းတဝင်ရှိသော နေရာဖြစ်ပြီး သူ ငှားနေခဲ့သော အိမ်၏ မျက်နှာချင်းဆိုင်တွင် ရှိသည်။ ထိုအိမ်ဝိုင်းတွင် နေထိုင်သူမှာ မဟာကောင်းကင်ဓားဂိုဏ်းမှ နှင်ထုတ်ခံထားရသော တပည့်မလေး ကျိရုရွှယ်ပင် ဖြစ်သည်။

ဖုန်ချီသည် ကျိရုရွယ်၏ အိမ်ဝန်းကို လှမ်းကြည့်လိုက်သည်။ အိမ်ဝန်းအတွင်းရှိ ကွင်းပြင်ထဲတွင် ကျိရုရွယ်မှာ ဓားသိုင်းကို မမောနိုင် မပန်းနိုင် လေ့ကျင့်နေသည်။ သူမသည် နှင်းအရိပ်ကျားသစ် ဖြတ်သွားခြင်းနှင့်၊ ခေါင်းပေါ်ရှိ သင်္ဘောပျံကို သတိပြုမိသော်လည်း ဘာမှမဖြစ်သကဲ့သို့ ဟန်ဆောင်ကာ ဓားသိုင်းကိုသာ ဆက်လက် လေ့ကျင့်နေခဲ့သည်။

ဖုန်ချီက ချက်ချင်း အရေးမယူသေးဘဲ သတင်းစကားတစ်ခု ပေးပို့လိုက်ရာ ခဏအကြာတွင် ကျောက်တာဖန်း သင်္ဘောပေါ်သို့ ရောက်လာသည်။

"အကြီးအကဲများကို နှုတ်ခွန်းဆက်ပါတယ်။ ကျွန်တော့်ကို ဘာများ ညွှန်ကြားမလို့ပါလဲ" ဟု ကျောက်တာဖန်းက မေးသည်။

ဖုန်ချီက အိမ်နံပါတ် ၄၃ ကို ညွှန်ပြကာ "အိမ်နံပါတ် ၄၃ မှာ ဘယ်သူနေလဲ။ သူမနဲ့ ပတ်သက်တဲ့ အချက်အလက်အားလုံး ငါ့ကိုပြောစမ်း" ဟု မေးလိုက်သည်။

"ဒီအမျိုးသမီး နာမည်က ကျိရုရွယ်ပါ၊ ကျင့်ကြံခြင်းအဆင့်က ချီစုစည်းခြင်း အဋ္ဌမအဆင့် ဖြစ်ပြီး၊ မဟာကောင်းကင်ဓားဂိုဏ်းကနေ နှင်ထုတ်ခံထားရသူလို့ သိရပါတယ်"

"နှင်ထုတ်ခံထားရတဲ့ တပည့် ဟုတ်လား။ ယုံဖို့ ခက်လိုက်တာ၊ နှင်ထုတ်ခံထားရတဲ့သူက ဘယ်လိုလုပ် အရင်ဂိုဏ်းရဲ့ ဓားပညာကို ပြောင်ပြောင်တင်းတင်း လေ့ကျင့်နေရတာလဲ" ဟု ဖုန်ချီက မှတ်ချက်ပေးလိုက်သည်။

လျိုကျန်းက "အကြီးအကဲဖုန်က သူလေ့ကျင့်နေတာ မဟာကောင်းကင်ဓားဂိုဏ်းရဲ့ ဓားပညာလို့ ဘယ်လို သိလိုက်တာလဲ" ဟု မေးသည်။ သူက ကျိရုရွယ်၏ ထပ်တလဲလဲ ဓားထိုးနေသည့် ပုံစံတွင် မည်သည့် ဓားပညာကိုမှ မမြင်မိသောကြောင့် ဖြစ်သည်။

"သူက အခြေခံကျတဲ့ ဓားထိုးသတ်နည်းကို လေ့ကျင့်နေတာပါ။ ဝိညာဉ်စွမ်းအားကို မသုံးဘဲ လေ့ကျင့်နေလို့ ဓားကွက်ရဲ့ လျှို့ဝှက်ချက်တွေကို မြင်ဖို့ ခက်နေတာပါ" ဟု ဖုန်ချီက ရှင်းပြလိုက်သည်။

"အကြီးအကဲလျန်... သွားပြီး ဖမ်းလိုက်စမ်း။ သတိထားနော်၊ လျှော့မတွက်နဲ့၊ အရှင်ဖမ်းဖို့ ကြိုးစားပါ" ဟု ဖုန်ချီက လျန်ထျန်းလုကို အမိန့်ပေးလိုက်သည်။

လျန်ထျန်းလုသည် အမိန့်ကို လက်ခံပြီး သင်္ဘောပျံပေါ်မှ ခုန်ချလိုက်သည်။ ကျိရုရွယ် ပြသထားသော ကျင့်ကြံခြင်းမှာ ချီစုစည်းခြင်း အဋ္ဌမအဆင့်သာ ဖြစ်သော်လည်း၊ မွေးမြူရေးခြံရှိ ချီစုစည်းခြင်း ကျင့်ကြံသူများစွာကို သတ်ဖြတ်နိုင်သူမှာ အနည်းဆုံး အခြေတည်အဆင့် ရှိရမည်ဖြစ်သဖြင့် လျန်ထျန်းလု လျှော့မတွက်ရဲပေ။

ခုန်ဆင်းပြီးသည်နှင့် ဓားရှည်တစ်လက်ကို ထုတ်ယူကာ ဟွာတောင်ဖြိုခွဲခြင်းဟုခေါ်သော ပြင်းထန်သည့်ဓားကွက်ဖြင့် တိုက်ခိုက်လိုက်သည်။

ကျိရုရွယ်သည် သူမထံသို့ ဆင်းသက်လာသော လျန်ထျန်းလုကို တွေ့သောအခါ သူမအကြောင်း ပေါက်ကြားသွားပြီဖြစ်ကြောင်း သိနားလည်သွားသည်။ ရုတ်တရက် ကျိရုရွယ်၏ ကိုယ်မှ ပြင်းထန်သော ဝိညာဉ်စွမ်းအားများ ပေါက်ကွဲထွက်လာပြီး ဆင်းသက်လာသူကို ဓားဖြင့် လှမ်း၍ ထိုးလိုက်သည်။ သူမ၏ ဓားမှ တောက်ပသော ဓားအလင်းတန်းတစ်ခု ထွက်ပေါ်လာခဲ့သည်။

"ဝုန်း…"

ဓားချီနှစ်ခု ထိတွေ့မိသည်နှင့် ပြင်းထန်သော ပေါက်ကွဲမှု ဖြစ်ပေါ်လာပြီး၊ ပတ်ဝန်းကျင်ရှိ အိမ်ဆယ်လုံးကျော် တစ်စစီ ပျက်စီးသွားပြီး အနီးနားတွင် နေထိုင်သော ကျင့်ကြံသူ အယောက်နှစ်ဆယ်ကျော်မှာ မမျှော်လင့်ဘဲ ဘေးဒုက္ခကြုံခဲ့ရကာ နှစ်ဦးမှာ နေရာတင် သေဆုံးသွားခဲ့သည်။

လျန်ထျန်းလု၏ ဆင်းသက်မှုမှာ တုံ့နှေးသွားပြီး သူ့မျက်နှာမှာ အနည်းငယ် ပျက်ယွင်းသွားသည်။ သူသည် အစွမ်းကုန် တိုက်ခိုက်ခဲ့သော်လည်း ကျိရုရွယ်မှာ အခြေတည်အဆင့် အလယ်အလတ်ရှိသူ ဖြစ်နေခြင်းကြောင့် ခုခံနိုင်ခဲ့သည်။ လျန်ထျန်းလုမှာ အခြေတည် နှောင်းပိုင်းအဆင့် ရှိနေသော်လည်း ပြိုင်ဘက်ကို ချက်ချင်း မနှိမ်နင်းနိုင်သဖြင့် အနည်းငယ် အရှက်ရသွားခဲ့သည်။

လျန်ထျန်းလုသည် ဒေါသတကြီးဖြင့် ဓားရှည်ကို ထပ်မံ အသက်သွင်းကာ ကျိရုရွယ်ကို တိုက်ခိုက်ပြန်သည်။ ကျိရုရွယ်သည် ပထမဓားကွက်ကို ခုခံပြီးနောက် ထွက်ပြေးရန် ကြိုးစားသော်လည်း ဒုတိယတိုက်ကွက်မှာ အလွန်မြန်သဖြင့် ထိပ်တိုက်ရင်ဆိုင်ရန်သာ ရှိတော့သည်။ ဓားချင်း ထိခိုက်သံမှာ နားကွဲလုမတတ် ထွက်ပေါ်လာပြီး ကျိရုရွယ်၏ ဓားမှာ အဝေးသို့ လွင့်ထွက်သွားခဲ့သည်။

လျန်ထျန်းလုသည် အခွင့်အရေးကို လက်လွှတ်မခံဘဲ ပြင်းထန်သော ဓားစွမ်းအင်များဖြင့် သူမကို ထပ်မံ ဖိနှိပ်လိုက်သည်။ ကျိရုရွယ်မှာ ဓားကို ပြန်မခေါ်နိုင်တော့သဖြင့် တခြားဓားတစ်လက်ကို အမြန်ထုတ်ယူကာ ခုခံလိုက်ရသည်။ သူမသည် ဝိညာဉ်စွမ်းအား ဒိုင်းလွှာကို အသက်သွင်းလျက် ကျဆင်းလာသော ဓားစွမ်းအင်များကို ခုခံလိုက်သည်။

ကျိရုရွယ်သည် ဤနေရာမှာ သားရဲသခင်ဂိုဏ်း၏ နယ်မြေဖြစ်သဖြင့် စိတ်ပိုင်းဆိုင်ရာအရ အားနည်းနေသလို ကျင့်ကြံခြင်းအဆင့်မှာလည်း လျန်ထျန်းလုကို မယှဉ်နိုင်ပေ။ တစ်ဖက်တွင်မူ လျန်ထျန်းလုမှာ နောက်ကွယ်တွင် ဖုန်ချီ ရှိနေသဖြင့် ဘာကိုမှ စိုးရိမ်စရာမရှိဘဲ အစွမ်းကုန် တိုက်ခိုက်နိုင်သည်။ "ဝေါ့" ကျိရုရွယ်သည် သွေးတစ်လုတ် အန်ထုတ်လိုက်ရပြီး လွင့်ထွက်သွားသည်။ ဒဏ်ရာ မပြင်းထန်သဖြင့် သူမသည် ထိုအရှိန်ကို အသုံးပြု၍ ဝေးရာသို့ ထွက်ပြေးရန် ကြိုးစားတော့သည်။

လျန်ထျန်းလုက လိုက်ဖမ်းရန် ပြင်လိုက်စဉ် ဖုန်ချီ၏ အသံလွှင့်သတင်းပို့ချက်က သူ့စိတ်ထဲသို့ ရောက်လာသည်။ "မလိုက်နဲ့၊ သူ့ကို လွှတ်ပေးလိုက်။ ဒီဈေးထဲမှာ သူ ဘယ်ကို ပြေးနိုင်မလဲဆိုတာ ငါ သိချင်တယ်"

ဖုန်ချီသည် ကျိရုရွယ်ကို အသုံးချ၍ သူမ၏ နောက်ကွယ်မှ လူများကို ဆွဲထုတ်ရန် ကြံရွယ်ထားခြင်း ဖြစ်သည်။

လျန်ထျန်းလုလည်း လိုက်မဖမ်းဘဲ ရပ်တန့်လိုက်သည်။ ကျိရုရွှယ်ကလည်း လျန်ထျန်းယု လိုက်မလာသည်ကို သတိပြုမိသဖြင့် ခေတ္တတုံ့ဆိုင်းသွားပြီးမှ ကောင်းကင်ယံရှိ သင်္ဘောပျံကို တစ်ချက်လှမ်းကြည့်ကာ ဆက်လက် ထွက်ပြေးသွားခဲ့သည်။

ကျိရုရွယ်သည် လမ်းအချို့ကို ဖြတ်ကျော်ပြီးနောက် ဟယ်ဟွမ်းဂိုဏ်း၏ ကောင်းကင်စမ်းရေဂေဟာအတွင်းသို့ ပြေးဝင်သွားခဲ့သည်။ သင်္ဘောပျံပေါ်မှ လျိုကျန်းနှင့် ဖုန်ချီတို့မှာ ကျိရုရွယ်သည် ဟယ်ဟွမ်းဂိုဏ်း နယ်မြေအတွင်းသို့ ဝင်သွားသဖြင့် အံ့ဩသွားခဲ့ကြသည်။ သူမသည် မဟာကောင်းကင်ဓားဂိုဏ်းနှင့် ပတ်သက်သော အဖွဲ့အစည်းတစ်ခုခုထံသို့ သွားလိမ့်မည်ဟု သူတို့ ထင်ထားခဲ့ခြင်း ဖြစ်သည်။

စုန့်ဝမ်မှာမူ အံ့ဩခြင်း မရှိပေ။ လွန်ခဲ့သော နှစ်ပေါင်းများစွာကပင် ကျိရုရွယ်သည် ညဘက်တွင် ကောင်းကင်စမ်းရေဂေဟာသို့ မကြာခဏ ခိုးဝင်တတ်ကြောင်း သူ သိထားခဲ့ပြီး ဖြစ်သည်။ ကျိရုရွယ်သည် ဟယ်ဟွမ်းဂိုဏ်းနှင့် ပတ်သက်မှုရှိနေခြင်းမှာ ထင်ရှားလှသည်။ မွေးမြူရေးခြံကို တိုက်ခိုက်ခဲ့သူများထဲမှ တစ်ဦးမှာ ဟယ်ဟွမ်းဂိုဏ်းမှ ဖြစ်နိုင်ပေသည်။

ဖုန်ချီသည် သင်္ဘောပျံကို ကောင်းကင်စမ်းရေဂေဟာ၏ အဝင်ဝသို့ မောင်းနှင်လိုက်ရာ သင်္ဘောပျံကြီးမှာ အဝင်ဝကို ပိတ်ဆို့ထားသကဲ့သို့ ဖြစ်သွားသည်။ ဧည့်သည်များလည်း ထိတ်လန့်တုန်လှုပ်စွာဖြင့် အမြန် ထွက်ပြေးကုန်ကြသည်။

"ဖုန်သခင်လေး... ဘာလို့ ဒီလောက်အထိ ခမ်းခမ်းနားနား လုပ်နေရတာလဲ။ ကျွန်မတို့ ဂေဟာကို တိုက်ခိုက်ဖို့ လာတာလား" ဟု နူးညံ့ပြီး ညှို့ဓာတ်ပြင်းသော အသံလေးတစ်ခု ထွက်ပေါ်လာသည်။ ထိုသူမှာ အသက် ၂၀ ကျော်ခန့်ရှိပြီး ပါးလွှာသော ပန်းရောင်ဝတ်စုံကို ဝတ်ဆင်ထားကာ ဆွဲဆောင်မှုရှိသော ကိုယ်လုံးကိုယ်ပေါက်ရှိသည့် အမျိုးသမီး ဖြစ်သည်။

"အော်... ဂေဟာတာဝန်ခံမုယွန်ရှင်းကိုး" ဟု ဖုန်ချီက နှုတ်ဆက်လိုက်ပြီး "သားရဲသခင်ဂိုဏ်းရဲ့ တပည့်တွေကို သတ်ပြီး ဒီဂေဟာထဲကို ဝင်ပြေးသွားတဲ့ လူသတ်သမားတစ်ယောက် ရှိတယ်။ မိန်းကလေးမုအနေနဲ့ အဲဒီလူကို လွှဲပေးဖို့ ကျွန်တော် မေတ္တာရပ်ခံပါတယ်" ဟု ဆိုသည်။

မုယွန်ရှင်း၏ မျက်နှာတွင် ဝမ်းနည်းရိပ်များ ပေါ်လာပြီး "ဖုန်သခင်လေးက ဘာလို့ ဒီလောက် ရက်စက်ရတာလဲ၊ မနေ့ကတင် ကျွန်မကို 'ယွန်ယွန်လေး'လို့ ချစ်စနိုး ခေါ်ခဲ့ပြီးတော့၊ တစ်ရက်တည်းနဲ့ မိန်းကလေးမုလို့ ပြောင်းခေါ်လိုက်တာလား။ ယောက်ျားတွေက ကတိတွေကို ဒီလောက် လွယ်လွယ်နဲ့ မေ့တတ်ကြတာလား" ဟု ဆိုလိုက်သည်။

မုယွန်ရှင်း၏ စကားကြောင့် စုန့်ဝမ်၊ လျိုကျန်းနှင့် လျန်ထျန်းလုတို့ ဖုန်ချီကို တပြိုင်နက်တည်း လှည့်ကြည့်လိုက်ကြသည်။ ဤအမျိုးသမီးမှာ ဖုန်ချီ၏ ရည်စားဟောင်း ဖြစ်ပုံရသည်။ မုယွန်ရှင်းက လူအများရှေ့တွင် သူတို့၏ ပတ်သက်မှုကို ဖွင့်ချလိုက်သဖြင့် ဖုန်ချီမှာ အလွန်အမင်း အနေခက်သွားပြီး မျက်နှာ နီမြန်းလာကာ စုန့်ဝမ်တို့ကို ရှက်ကိုးရှက်ကန်း ပြုံးပြလိုက်မိသည်။ သူတို့ သုံးဦးကလည်း "ယောက်ျားချင်းပဲ... တို့တွေ နားလည်ပါတယ်" ဆိုသောအကြည့်ဖြင့် ပြန်ကြည့်လိုက်ကြသည်။

"အဟမ်း" လျိုကျန်းက အနေခက်မှုကို ဖုံးကွယ်ရန် ချောင်းဟန့်လိုက်ပြီး "မိန်းကလေးမု … ကျွန်တော်တို့က တရားခံကို ဖမ်းဖို့ပဲ လာတာပါ၊ ပူးပေါင်းဆောင်ရွက်ပေးဖို့ မျှော်လင့်ပါတယ်" ဟု ဆိုသည်။

မုယွန်ရှင်းက သူမ၏ နှုတ်ခမ်းနီနီလေးများကို လျှာဖြင့် သပ်လိုက်ကာ "ဖုန်သခင်လေးက တို့ရဲ့ ဧည့်သည်တော်ပဲလေ၊ ဒီက ညီမလေးတွေအားလုံးနဲ့ ရင်းနှီးပြီးသားပဲ မဟုတ်လား။ အကယ်၍ ညီမလေးတွေထဲက တစ်ယောက်ယောက်က လူသတ်သမားလို့ ထင်ရင် စိတ်ကြိုက် ခေါ်သွားနိုင်ပါတယ်" ဟု ပြောင်ချော်ချော် ပြောလိုက်သည်။

စုန့်ဝမ်တို့သုံးယောက်သား အားကျဟန်ဖြင့် လှည့်ကြည့်လိုက်ရာ ဖုန်ချီမှာ မျက်နှာ ပို၍ နီလာပြီး "မိန်း.. မိန်းကလေးမု … နောက်မနေပါနဲ့။ ကျွန်တော်က ဘယ်တုန်းက ဂေဟာက နတ်မိမယ်လေး အားလုံးနဲ့ ရင်းနှီးသွားရတာလဲ" ဟု ဆိုကာ စုန့်ဝမ်တို့ကို တစ်ခုခု ရှင်းပြရန် ပြင်လိုက်သည်။ သို့သော် ထိုသူတို့က သူ့ကို အလွန်အမင်း အထင်ကြီး လေးစားဟန်ဖြင့် ကြည့်နေပြီး လျိုကျန်းဆိုလျှင် လက်မပင် ထောင်ပြနေသည်ကို တွေ့လိုက်ရလေတော့သည်။

ဖုန်ချီသည် မိမိကို မတရားသဖြင့် စွပ်စွဲခံရသည်ဟု ခံစားလိုက်ရပြီး ပြန်လည်ချေပရန် စကားလုံးပင် ရှာမတွေ့တော့ပေ။ ထိုစဉ် သူ တစ်စုံတစ်ခုကို သတိပြုမိလိုက်သည်။ သူသည် မုယွန်ရှင်း၏ အဓိပ္ပာယ်မဲ့စကားများနောက်သို့ ပါသွားခြင်းပင်။ ယခုလာသည်မှာ လူသတ်သမားကို ဖမ်းရန် လာခြင်းဖြစ်ပြီး အပျော်ရှာရန် လာခြင်းမဟုတ်ပေ။ ဖုန်ချီ၏ အမူအရာမှာ ချက်ချင်း အေးစက်သွားပြီး အသံထဲတွင် သတ်ဖြတ်လိုသော အငွေ့အသက်များ ပါဝင်လာခဲ့သည်။

"မိန်းကလေးမု... လူသတ်သမားက မင်းတို့ဂေဟာထဲ ဝင်သွားတာ ငါကိုယ်တိုင် မြင်တယ်။ မင်း ဘယ်လိုပဲ ငြင်းပါစေ တရားခံကို ကာကွယ်ပေးနိုင်မှာ မဟုတ်ဘူး။ အကယ်၍ မင်းက ကာဆီးကာဆီး လုပ်နေမယ်ဆိုရင် ငါတို့ အင်အားသုံး ဝင်ရလိမ့်မယ်။ ဂေဟာထဲမှာ နတ်မိမယ်လေးတွေ အများကြီးရှိတာဆိုတော့၊ တကယ်လို့ တိုက်ခိုက်ရင်းနဲ့ တစ်ယောက်ယောက် ထိခိုက်ဒဏ်ရာရသွားရင် ငါ့ကို အပြစ်မတင်နဲ့"

ဖုန်ချီ၏ ခြိမ်းခြောက်မှုကြောင့် မုယွန်ရှင်း၏ မျက်နှာမှာလည်း တဖြည်းဖြည်း အေးစက်လာခဲ့သည်။

"ဖုန်သခင်လေး... ကောင်ကင်စမ်းရေဂေဟာက အမျိုးသမီးတွေနဲ့ပဲ ပြည့်နေတာမှန်ပေမဲ့၊ တို့တွေက အလွယ်တကူ အနိုင်ကျင့်လို့ရတဲ့သူတွေ မဟုတ်ဘူး"

"မိန်းကလေးမုက တရားခံကို ကာကွယ်ပေးဖို့ပဲ ဆုံးဖြတ်ထားမှတော့၊ ငါလည်း အတင်းအဓမ္မ ဝင်ရတော့မှာပဲ" ဟု ဖုန်ချီက အေးစက်စွာ တုံ့ပြန်လိုက်သည်။

"ဖုန်သခင်လေးက ဈေးထဲမှာ ငါနဲ့ တိုက်ခိုက်မလို့လား။ တို့နှစ်ယောက်သာ တိုက်ကြမယ်ဆိုရင် အနိုင်အရှုံး မပေါ်ခင် ဒီဈေးတစ်ခုလုံး ပျက်စီးသွားလိမ့်မယ်" ဟု မုယွန်ရှင်းက ဆိုသည်။

မုယွန်ရှင်းနှင့် ဖုန်ချီတို့မှာ ကျင့်ကြံခြင်းအဆင့် တူညီကြပြီး နှစ်ဦးလုံးမှာ အခြေတည်အဆင့် အထွတ်အထိပ်တွင် ရှိနေကြသည်။ မုယွန်ရှင်းက သူတို့၏ တိုက်ပွဲကြောင့် ကောင်းကင်စမ်းရေဂေဟာ ထိခိုက်ပြီး လူအသေအပျောက် များမည်ကို စိုးရိမ်နေသလို၊ ဖုန်ချီသည်လည်း ဈေးအတွင်း ပျက်စီးဆုံးရှုံးမှုများ ဖြစ်မည်ကို စိုးရိမ်နေသည်။

"ဒါဆိုရင် အရှေ့ဘက် ဆယ်မိုင်အကွာမှာရှိတဲ့ တောင်ကုန်းလေးမှာ မင်းကို ငါ စောင့်နေမယ်"

ထိုသို့ပြောပြီးနောက် ဖုန်ချီသည် စုန့်ဝမ်နှင့် လျိုကျန်းတို့ရှိရာသို့ လှည့်၍ လျန်ထျန်းလုကို ညွှန်ကြားလိုက်သည်။

"အကြီးအကဲသုံးယောက်... နတ်ရေစင်ဆောင်ကို သေချာ စောင့်ကြည့်ထားပေးကြပါ၊ ဘယ်သူ့ကိုမှ အဝင်အထွက် မလုပ်စေနဲ့။ ငါ မိန်းကလေးမုနဲ့ သွားတွေ့လိုက်ဦးမယ်"

စကားဆုံးသည်နှင့် ဖုန်ချီသည် ဈေး၏ အရှေ့ဘက်သို့ ပျံသန်းသွားခဲ့သည်။ မုယွန်ရှင်းလည်း သူ့နောက်မှ ထပ်ကြပ်မကွာပင် လိုက်ပါသွားလေတော့သည်။ မကြာမီမှာပင် အရှေ့ဘက် ကောင်းကင်ယံ၌ ပြင်းထန်သော ဝိညာဉ်စွမ်းအားလှိုင်းများ ပဲ့တင်ထပ်လာခဲ့သည်။

"အကြီးအကဲဝူ... သူတို့နှစ်ယောက်ထဲမှာ ဘယ်သူ ပိုသန်မာမယ်လို့ ထင်လဲ" ဟု လျိုကျန်းက မေးသည်။

စုန့်ဝမ်က ခေါင်းယမ်းလိုက်ပြီး "ပြောဖို့ ခက်တယ်။ အကြီးအကဲဖုန်က ဥပဒေခန်းမမှာ တာဝန်ထမ်းနေတာဆိုတော့ တိုက်ခိုက်ရေး ကျွမ်းကျင်တယ်၊ အခြေတည်အဆင့်မှာတော့ သူက ခက်ခဲတဲ့ ပြိုင်ဘက်ပဲ။ မုယွန်ရှင်းကလည်း နတ်ရေစင်ဆောင်ကို တာဝန်ယူထားရတာဆိုတော့ သာမန်လူတော့ မဟုတ်လောက်ဘူး။ ပြီးတော့ ဟယ်ဟွမ်းဂိုဏ်းရဲ့တပည့်ဆိုတော့ ခေသူ မဟုတ်ဘူး။ နည်းနည်းလေး မှားလိုက်တာနဲ့ အခက်ကြုံရနိုင်တယ်"

စုန့်ဝမ်၏ သုံးသပ်ချက်ကို ကြားသောအခါ လျိုကျန်းက သဘောတူညီဟန်ဖြင့် ခေါင်းညိတ်သည်။ သို့သော် လျန်ထျန်းလုမှာမူ အနည်းငယ် မကျေမနပ် ဖြစ်သွားပုံရသည်။ သူက စုန့်ဝမ်ကို မထီမဲ့မြင်ကြည့်ကာ လှောင်ပြောင်သော လေသံဖြင့် ဆိုသည်။

"ဟက်၊ ရေတွင်းထဲက ဖားသူငယ်ကများ အကြီးအကဲဖုန်ကို ဝေဖန်ရဲသေးတယ်။ အကြီးအကဲဖုန်က ငါတို့ ဥပဒေခန်းမရဲ့ နာမည်ကျော် ပါရမီရှင်ပဲ၊ မီးဓာတ်နည်းစနစ်တွေကို အထွတ်အထိပ် ရောက်အောင် တတ်မြောက်ထားတာ။ နတ်ဆိုးဂိုဏ်းနဲ့ တိုက်ပွဲမှာ သူက အခြေတည် နှောင်းပိုင်းအဆင့်မှာပဲ ရှိသေးပေမဲ့ အခြေတည်အဆင့် အထွတ်အထိပ်က နတ်ဆိုးကျင့်ကြံသူကို တစ်ကိုယ်တည်း သတ်ဖြတ်နိုင်ခဲ့တာ"

လျန်ထျန်းလု၏ စကားကြောင့် စုန့်ဝမ်နှင့် လျိုကျန်းတို့ အံ့ဩစွာ အကြည့်ချင်း ဖလှယ်လိုက်မိကြသည်။ အခြေတည် နှောင်းပိုင်းအဆင့်ဖြင့် အထွတ်အထိပ် ကျင့်ကြံသူကို သတ်နိုင်ခြင်းမှာ တကယ့်ကို ချီးကျူးစရာ စွမ်းဆောင်ရည် ဖြစ်သည်။ လျန်ထျန်းလုသည် သူတို့၏ တုံ့ပြန်မှုကို မြင်ရသောအခါ ကျေနပ်သွားပြီး အရှေ့ဘက် ကောင်းကင်ယံသို့ ဂုဏ်ယူစွာ မော့ကြည့်လိုက်သည်။

စုန့်ဝမ်နှင့် လျိုကျန်းတို့လည်း အရှေ့ဘက်သို့ လှမ်းကြည့်လိုက်ကြသည်။ တောက်လောင်နေသော မီးလျှံများက အရှေ့ဘက် ကောင်းကင်တစ်ဝက်ကို လင်းထိန်စေခဲ့သည်။ ကောင်းကင်ယံမှ မီးလုံးပေါင်းများစွာ မိုးရွာသကဲ့သို့ ကျဆင်းလာပြီး အောက်ဘက်ရှိ ထူထပ်သော တောအုပ်ကြီးကို ဝါးမြိုကာ ဟိန်းဟောက်နေသော မီးပင်လယ်ကြီး ဖြစ်ပေါ်လာစေသည်။

တိုက်ပွဲရလဒ်မှာ လျန်ထျန်းလု ပြောခဲ့သည့်အတိုင်းပင် ဖြစ်သည်။ အမွှေးတိုင်တစ်တိုင် ကုန်ဆုံးချိန်ခန့်တွင် ဖုန်ချီသည် ဒဏ်ရာမရှိဘဲ သူဓားပျံကို စီးနင်းကာ ပြန်ရောက်လာခဲ့သည်။ မုယွန်ရှင်းမှာမူ နှုတ်ခမ်းထောင့်တွင် သွေးများ စီးကျနေပြီး ဆံပင်များ ဖရိုဖရဲဖြစ်ကာ အလွန်နွမ်းနယ်နေသော ပုံစံဖြင့် ဖုန်ချီ၏နောက်မှ လိုက်ပါလာခဲ့သည်။

"မိန်းကလေးမု... ရလဒ်ကတော့ ရှင်းသွားပြီ။ ငါ ဒီနေရာမှာ သတ်ဖြတ်ခြင်းတွေ မလုပ်ချင်ဘူး၊ ဒါကြောင့် လူကို ထုတ်ပေးပါ"

မုယွန်ရှင်းမှာ ဒဏ်ရာပြင်းထန်လှသဖြင့် မနည်းရပ်နေရပြီး တံခါးကို အမှီပြုထားရရှာသည်။ နာကျင်မှုကို အံကြိတ်ခံထားပြီး ဘာမှ ပြန်မပြောပေ။

ထိုစဉ် ကောင်းကင်စမ်းရေဂေဟာ အတွင်းပိုင်းမှ အမျိုးသမီး နှစ်ဦး ပြေးထွက်လာပြီး မုယွန်ရှင်းကို ဝိုင်းကူမပေးကြသည်။ ထိုအမျိုးသမီးနှစ်ဦးထဲမှ တစ်ဦးမှာ ကျိရုရွယ် ဖြစ်သည်။ ကျန်တစ်ဦးမှာမူ သူမ၏ ခါးတွင် ခေါင်းလောင်းလေး တစ်လုံး ချိတ်ထားသည်။ စုန့်ဝမ်နှင့် လျိုကျန်းတို့ အကြည့်ချင်း ဖလှယ်လိုက်ကြသည်။ ထိုခေါင်းလောင်းလေးမှာ ဝိညာဉ်သားရဲမွေးမြူရေးခြံကို တိုက်ခိုက်ခဲ့သူများ ကိုင်ဆောင်ခဲ့သော ခေါင်းလောင်းနှင့် အတူတူပင် ဖြစ်သည်။

"မုစီစီ... အဆင်ပြေရဲ့လား" ဟု ခေါင်းလောင်းချိတ်ထားသော အမျိုးသမီးက စိုးရိမ်တကြီး မေးလိုက်သည်။ "ငါ အဆင်ပြေပါတယ် ရှောင်ကူး။ သူ ငါ့ကို မသတ်ရဲပါဘူး" ဟု မုယွန်ရှင်းက ပြန်ဖြေသည်။

ရှောင်ကူးသည် ခေါင်းမော့လိုက်ပြီး ဖုန်ချီကို ဒေါသတကြီး စိုက်ကြည့်လိုက်သည်။

"ငါက ရှီရှောင်ကူး၊ သူက ကျိရုရွယ်။ ရှင့်ရဲ့ ဝိညာဉ်သားရဲမွေးမြူရေးခြံကို တိုက်ခဲ့တာ တို့တွေပဲ၊ သတ္တိရှိရင် ငါတို့ဆီကိုပဲ လာခဲ့"

ဖုန်ချီက "မင်းတို့နှစ်ယောက်စလုံးက ငါတို့ဂိုဏ်းသားတွေကို သတ်ခဲ့တယ်လို့ ဝန်ခံလိုက်ပြီဆိုမှတော့၊ ငါတို့နဲ့အတူ လိုက်ခဲ့ရမယ်" ဟု ဆိုသည်။

ရှီရှောင်ကူးက အေးစက်စွာ ပြန်ဖြေသည်။

"ရှင် တစ်ယောက်တည်းနဲ့ ငါတို့ကို ဖမ်းနိုင်မယ်လို့ တကယ်ထင်နေတာလား။ ရှင် အဆင့်မမီသေးဘူး"

ဖုန်းချီက မျက်ခုံးပင့်ကာ ရယ်မောလိုက်သည်။

"အော်... အခြေတည် အလယ်အဆင့် ကျင့်ကြံသူ နှစ်ယောက်က၊ အခြေတည်အဆင့် အထွတ်အထိပ်မှာ ရှိတဲ့ မိန်းကလေးမုထက် ပိုသန်မာနေတာလား"

ကျိရုရွယ်က ရုတ်တရက် ကြားဖြတ်ပြောလိုက်သည်။

"တို့တွေက ရှင့်ရဲ့ ပြိုင်ဘက် မဟုတ်ရင်တောင်၊ ရှင့်ကို အလွယ်တကူ အနိုင်ယူနိုင်တဲ့သူတွေ ရှိပါတယ်"

ကျိရုရွယ် စကားဆုံးသည်နှင့် ကောင်းကင်ယံမှ ဝတ်စုံနီနှင့် လူရိပ်တစ်ခု လျှပ်စီးကဲ့သို့ ပျံသန်းလာခဲ့သည်။ ထိုသူ၏ အရှိန်မှာ အခြေတည်အဆင့် ကျင့်ကြံသူများထက် များစွာ သာလွန်နေပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် ရောက်ရှိလာခဲ့သည်။

သူမ၏ ဝတ်စုံနီမှာ လေထဲတွင် လွင့်ပျံနေပြီး သူရဲကောင်းဆန်သော အငွေ့အသက်များ ထွက်ပေါ်နေသည်။ မျက်လုံးများမှာ ဓားအလင်းတန်းများ ကိန်းအောင်းနေသကဲ့သို့ စူးရှတောက်ပနေသည်။

စုန့်ဝမ် ထိုသူကို မှတ်မိသွားသောအခါ တုန်လှုပ်ခြောက်ခြားမှုကြောင့် မျက်လုံးများပင် ပြူးကျယ်သွားခဲ့သည်။ ထိုသူမှာ သူနှင့် ကြုံဖူးခဲ့သော မဟာကောင်းကင်ဓားဂိုဏ်းမှ ရွှေအမြုတေအဆင့်ကျင့်ကြံသူ ယန်ယုရှန်ပင် ဖြစ်သည်။ သူမ၏ ပြတ်တောက်သွားသော လက်မောင်းမှာ ပြန်လည် ဆက်သွားပြီ ဖြစ်သည်။

ထို့အပြင် ယန်ယုရှန်၏ ကျင့်ကြံခြင်းမှာ ယခင်ကထက် များစွာ တိုးတက်လာကြောင်း စုန့်ဝမ် ခံစားမိလိုက်သည်။ သူမ ရပ်နေရုံမျှဖြင့် ခန့်ညားထည်ဝါပြီး ကြောက်မက်ဖွယ် အငွေ့အသက်များကို ထုတ်ပေးနေသည်။ ယန်ယုရှန်၏ အမူအရာမှာ အေးစက်နေပြီး သူမ၏အကြည့်က စုန့်ဝမ်တို့အပေါ် ဖြတ်သန်းသွားကာ နောက်ဆုံးတွင် လျန်ထျန်းလုထံသို့ ကျရောက်သွားသည်။

"ငါ့တပည့်ကို ဒဏ်ရာရအောင် လုပ်တာ မင်းပဲ"

ယန်ယုရှန်၏ အေးစက်စက် စကားသံနှင့်အတူ စူးရှသော ဓားအလင်းတန်းတစ်ခု ပေါ်လာပြီး လျှပ်စီးကဲ့သို့ ထိုးနှက်လိုက်သည်။ လျန်ထျန်းလုမှာ တုံ့ပြန်ရန်ပင် အချိန်မရလိုက်ဘဲ ဓားအလင်းတန်းမှာ သူ့ရင်ဘတ်ကို ထိုးဖောက်သွားခဲ့သည်။ သွေးများ ပန်းထွက်လာပြီး ညာဘက်ပုခုံးမှသည် ဘယ်ဘက်ဝမ်းဗိုက်အောက်ပိုင်းအထိ ကြောက်မက်ဖွယ်ကောင်းသော ဒဏ်ရာကြီးတစ်ခု ဖြစ်ပေါ်သွားကာ ကြိုးပြတ်သွားသော စွန်တစ်ခုကဲ့သို့ လွင့်ထွက်သွားသည်။ ပေ ၅၀၀ ခန့် လွင့်ထွက်သွားပြီးနောက် အိမ်ဝန်းတစ်ခုအတွင်းသို့ ပြင်းထန်စွာ ပြုတ်ကျကာ သတိမေ့သွားတော့သည်။

ရုတ်တရက် ဖြစ်ပျက်သွားသော အခြေအနေကြောင့် စုန့်ဝမ်နှင့် ကျန်ရှိနေသူများမှာ တိတ်ဆိတ်သွားကြပြီး လက်မတစ်ချောင်းမျှပင် မလှုပ်ရဲကြတော့ပေ။ ဤနေရာမှာ သားရဲသခင်ဂိုဏ်း၏ နယ်မြေဖြစ်သော်လည်း၊ အကယ်၍ ယန်ယုရှန်က ဘာကိုမှ ဂရုမစိုက်ဘဲ သတ်ဖြတ်ပွဲ ဆင်နွှဲမည်ဆိုပါက သူတို့မှာ ကံကြမ္မာကို လက်ခံရန်သာ ရှိပေတော့သည်။

လျန်ထျန်းလုကို ဒဏ်ရာရစေပြီးနောက် ယန်ယုရှန်သည် ဖုန်ချီဘက်သို့ လှည့်ကြည့်လိုက်သည်။

"မုရဲ့ တူမလေးကို ဒဏ်ရာရအောင် လုပ်တာ မင်းပဲ"

ဖုန်ချီ၏ မျက်နှာမှာ ဖြူဖျော့သွားပြီး ကြောက်ရွံ့မှုက သူ့ကို လွှမ်းမိုးသွားခဲ့သည်။ "စီနီယာ... ကျေးဇူးပြုပြီး သေချာ ကြည့်ပေးပါ။ ကျွန်တော်က မိန်းကလေးမုနဲ့ လက်ရည်စမ်းရုံတင်ပါ၊ သေစေနိုင်တဲ့အထိ မတိုက်ခဲ့ပါဘူး" ဟု တုန်တုန်ယင်ယင်ဖြင့် ရှင်းပြလိုက်ရလေတော့သည်။

All Chapters