မြွေလူသားသန့်စင်ခြင်း
Vol. 20 Ch. 206
စုန့်ဝမ်သည် သိုလှောင်အိတ်ကို သိမ်းဆည်းပြီးနောက် မြွေကန်ရှိရာသို့ ထွက်လာခဲ့သည်။
"အကြီးအကဲလျို... ကျွန်တော် မြွေလူသား တစ်ကောင် လာယူတာပါ"
"အကြီးအကဲဝူ... ဘယ်လိုအဆင့်ရှိတဲ့ မြွေလူသားကို လိုချင်လဲ"
စုန့်ဝမ်က အနည်းငယ် ဇဝေဇဝါဖြစ်သွားပြီး "မြွေလူသားရဲ့ ကျင့်ကြံမှုအဆင့်က အလောင်းသန့်စင်တဲ့နေရာမှာ ကွာခြားမှု ရှိလို့လား" ဟု မေးလိုက်သည်။
လျိုကျန်းက ခေါင်းညိမ့်ပြသည်။
"ကျင့်ကြံမှုအဆင့် မြင့်လေ အသက်ဓာတ် ပိုပြင်းထန်လေပဲ၊ အဲဒီတော့ သန့်စင်ဖို့ ပိုခက်တာပေါ့။ ဒါပေမဲ့ သူတို့က အလောင်းချီကို ပိုခံနိုင်ရည်ရှိတော့ ဆန်းကြယ်အလောင်းဖြစ်ဖို့ ဆန်းကြယ်ချီ ထွက်ပေါ်လာဖို့ အခွင့်အရေး ပိုများတယ်။ ဒါပေမဲ့ မင်းက အခုမှ စမ်းကြည့်မှာဆိုတော့ ပထမအဆင့် မြွေလူသားနဲ့ပဲ စကြည့်ဖို့ ငါအကြံပြုချင်တယ်"
စုန့်ဝမ်က ပြုံးရင်း "အကြီးအကဲလျို အကြံပေးတာ ကျေးဇူးတင်ပါတယ်၊ ကျွန်တော် ပထမအဆင့်နဲ့ပဲ စမ်းပါ့မယ်" ဟု သဘောတူလိုက်သည်။
စုန့်ဝမ်က လွယ်လွယ်ကူကူ သဘောတူလိုက်သဖြင့် လျိုကျန်း ကျေနပ်သွားသည်။ ယခင်လာခဲ့သူအချို့မှာ မိမိကိုယ်ကိုယ် အထင်ကြီးပြီး ဒုတိယအဆင့်ကို ချက်ချင်းတောင်းကာ နောက်ဆုံးတွင် ဘာမှမဖြစ်ဘဲ ဖြုန်းတီးပစ်ခဲ့ကြသောကြောင့် ဖြစ်သည်။
"လာလေ... ငါနဲ့ လိုက်ခဲ့"
လျိုကျန်းက စုန့်ဝမ်ကို မြွေကန်များဆီ ခေါ်သွားပြီး မြွေလူသားတစ်ကောင်ကို ညွှန်ပြသည်။
"အကြီးအကဲဝူ... ဒီတစ်ကောင်ဆိုရင် ဘယ်လိုလဲ"
ထိုမြွေလူသား၏ လုံးပတ်မှာ ပန်းကန်လုံးခန့်ရှိပြီး ခွန်အားမှာ ချီစုစည်းခြင်း သတ္တမအဆင့်တွင် ရှိနေကာ လူပုံစံက ကလေးငယ်တစ်ဦးကဲ့သို့ ရှိနေသဖြင့် မွေးဖွားပြီးသည်မှာ မကြာသေးကြောင်း သိသာသည်။
စုန့်ဝမ်က "အကြီးအကဲကဲလျို... ဒီတစ်ကောင်က သိပ်ပြီး နုနယ်လွန်းတယ်ဗျာ။ တခြားတစ်ကောင်လောက် ရွေးပါရစေ" ဟု ဆိုသည်။
လျိုကျန်းက ခေတ္တစဉ်းစားပြီးနောက် "ကောင်းပြီလေ... မဟာယန်နိုင်ငံမှာ မင်းငါ့ကို ကူညီခဲ့ဖူးတာပဲ။ ပထမအဆင့် မြွေလူသားထဲ ကြိုက်တာကို မင်းဘာသာမင်း ရွေးလိုက်ပါ" ဟု ခွင့်ပြုလိုက်သည်။
နောက်ဆုံးတွင် စုန့်ဝမ်သည် ချီစုစည်းခြင်း နဝမအဆင့်ရှိ မြွေလူသား အထီးတစ်ကောင်ကို ရွေးချယ်လိုက်သည်။ ၎င်းမှာ ထမင်းစားပန်းကန်လုံးခန့် အရွယ်အစားရှိပြီး လူငယ်တစ်ဦး၏ ပုံသဏ္ဌာန် ရှိသည်။ ထိုသတ္တဝါမှာ စွမ်းအင်များ ချိတ်ပိတ်ခံထားရသဖြင့် စုန့်ဝမ်က ဝိညာဉ်စွမ်းအင်ဖြင့် မကာ လိုဏ်ဂူဆီသို့ ခေါ်ဆောင်လာခဲ့သည်။ ဂူထဲ ရောက်ရှိသည်နှင့် တံဆိပ်ပြားကို အသုံးပြု၍ ဂူတံခါးကို ပိတ်ဆို့လိုက်သည်။
လိုဏ်ဂူတိုင်းတွင် ဖုံးကွယ်ခြင်းအစီအရင် ခင်းကျင်းထားသည်။ ၎င်းမှာ အလောင်းပြုပြင်စဉ် အနှောင့်အယှက်မဖြစ်စေရန်နှင့် အခြားသူများ ချောင်းကြည့်ခြင်းကို တားဆီးရန် ဖြစ်သည်။ ဂူထဲမဝင်မီ စုန့်ဝမ်က ဝိညာဉ်အာရုံဖြင့် စမ်းသပ်ကြည့်ရာ ထိုအစီအရင်သည် အခြေတည်အဆင့် ကျင့်ကြံသူများ၏ အာရုံခံမှုကို တားဆီးနိုင်ကြောင်း တွေ့ရှိရသည်။ ယခုအချိန်တွင် ဤနေရာအနီး၌ အခြေတည်အဆင့် ကျင့်ကြံသူများသာ ရှိကြသဖြင့် ဂူထဲတွင် လုပ်သမျှကို အပြင်လူများ သိနိုင်မည်မဟုတ်ပေ။
သို့သော် ပို၍ဘေးကင်းစေရန် စုန့်ဝမ်သည် လိုဏ်ဂူခန်းမဝင်ပေါက်၏ ကျောက်ဆောင်ကြားတွင် ကူပိုးကောင်တစ်ကောင်ကို စေလွှတ်ထားလိုက်သည်။ အကယ်၍ ရွှေအမြုတေအဆင့် ကျွမ်းကျင်သူတစ်ဦး ဝင်လာပါက ထိုပိုးကောင်က ချက်ချင်း သတိပေးလိမ့်မည်။
ထို့နောက် သိုလှောင်အိတ်ထဲမှ ကျောက်ပြားကို ထုတ်ယူ၍ သေသေချာချာ စစ်ဆေးလိုက်သည်။ ကျောက်ပြားထဲတွင် အလောင်းသန့်စင်နည်းနှင့် ဆန်းကြယ်အလောင်း သန့်စင်ခြင်းဆိုင်ရာ မှတ်စုအချို့ ပါဝင်သည်။ အလောင်းသန့်စင်နည်းမှာ စုန့်ဝမ်အတွက် အသုံးမဝင်သော်လည်း မှတ်စုများထဲမှ အသိအမြင်များမှာမူ လေ့လာသင့်သည့် အရာများ ဖြစ်သည်။
နာရီဝက်ခန့် မှတ်စုများကို ဖတ်ပြီးနောက် စုန့်ဝမ် ကျောက်ပြားကို ပြန်သိမ်းလိုက်သည်။
ထို့နောက် အလောင်းထိန်းခေါင်းတလားကို ထုတ်ယူသည်။ ၎င်းမှာ ၇ ပေကျော် ရှည်လျားပြီး အနက်ရောင်ခေါင်းတလား ဖြစ်ကာ "တင်း၁၃၀" ဟု ကမ္ပည်းထိုးထားသည်။ သူရွေးချယ်ထားသော မြွေလူသားမှာ ၁၀ ပေကျော် ရှည်လျားသဖြင့် ခေါင်းတလားထဲ ထည့်ရန် မဆံ့ပေ။ ခွေခေါက်ထိုးသိပ်ထည့်ရန်သာ ရှိသည်။
စုန့်ဝမ်က ဝိညာဉ်စွမ်းအားဖြင့် မြွေလူသားကို မကာ ခေါင်းတလားထဲ ထည့်လိုက်သည်။ မြွေလူသားက ရုန်းကန်နေပြီး လျှာနှစ်ခွကို ထုတ်ကာ စုန့်ဝမ်ကို ရန်လိုသော မျက်လုံးများဖြင့် ကြည့်နေသည်။ စုန့်ဝမ်က ထိုရန်လိုမှုကို ဂရုမစိုက်ပဲ ယင်နတ်ဆိုးနှင်းရည်ပုလင်းကို ဖွင့်ကာ အရည်တစ်စက်ကို မြွေလူသား၏ ပါးစပ်ဆီသို့ ပျံသန်းစေလိုက်သည်။
မြွေလူသား ထိတ်လန့်သွားပြီး ပါးစပ်ကို ပိတ်လိုက်သော်လည်း စုန့်ဝမ်က ဝိညာဉ်စွမ်းအားဖြင့် အတင်းဖွင့်ကာ ထိုနှင်းရည်ကို ပါးစပ်ထဲသို့ ထည့်လိုက်သည်။ ထို့နောက် အလောင်းပြုပြင်နည်းကို အသုံးပြု၍ ထိုနှင်းရည်များကို မြွေလူသားခန္ဓာကိုယ်နှင့် အတင်းအကျပ် ပေါင်းစပ်စေခဲ့သည်။ နာရီဝက်အကြာတွင် ယင်မြေဝါ တစ်စ ကိုလည်း ပါးစပ်ထဲသို့ ထည့်လိုက်ပြန်သည်။
တစ်ရက်အကြာတွင် စုန့်ဝမ်သည် ပထမအဆင့် သန့်စင်ခြင်းကို အပြီးသတ်လိုက်သည်။ သိုလှောင်အိတ်ထဲမှ ပစ္စည်းများမှာ တစ်ဝက်ခန့် ကုန်ဆုံးသွားခဲ့သည်။
ယခုအခါ မြွေလူသားမှာ ယင်နတ်ဆိုးနှင်းရည်များ အလွန်အမင်း စုပ်ယူထားရသဖြင့် အင်အားကုန်ခမ်းကာ ခေါင်းတလားထဲတွင် မလှုပ်မယှက် လဲလျောင်းနေသည်။ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးတွင် အလောင်းချီများ ပြည့်နှက်နေပြီး နာကျင်မှုကြောင့် တုန်ယင်နေသည်။
စုန့်ဝမ်သည် ခေါင်းတလားကို ဘေးသို့ ဖယ်ထားလိုက်ပြီး မြွေလူသားကို ဂရုမစိုက်တော့ပေ။ ယခုအချိန်တွင် ဆက်လက်ပြုပြင်ပါက ထိုသတ္တဝါမှာ သေဆုံးသွားပြီး သာမန်အလောင်းအဖြစ် ပြောင်းလဲသွားနိုင်သည်။ ထို့ကြောင့် အခြအနေ စောင့်ကြည့်ရန် လိုအပ်နေသည်။
ဂူအတွင်းတွင် အလောင်းချီများ ပြည့်နှက်နေသဖြင့် စုန့်ဝမ်သည် ထိုစွမ်းအင်များကို အားပါးတရ စုပ်ယူလိုက်သည်။ ဤကဲ့သို့ အလောင်းချီများ စုပ်ယူရသည့် ခံစားချက်မှာ လွမ်းမောဖွယ်ပင် ကောင်းနေတော့သည်။
ဂူအတွင်းတွင် နှစ်ရက်ခန့် ကျင့်ကြံပြီးနောက် စုန့်ဝမ် အပြင်ထွက်လာခဲ့သည်။ အတွေ့အကြုံမရှိသူတစ်ဦးအနေဖြင့် သုံးရက်အတွင်း ပထမအဆင့် သန့်စင်ခြင်းကို အောင်မြင်စွာ အပြီးသတ်နိုင်ခြင်းမှာ သာမန်မဟုတ်ပေ။ အကယ်၍ နှစ်ရက်စော၍ ထွက်လာပါက အခြားသူများ၏ အာရုံစိုက်မှုကို ခံရပေလိမ့်မည်။
"ဂျူနီယာဝူ... ပထမအဆင့် သန့်စင်တာ ပြီးသွားပြီလား၊ ဘယ်လိုနေလဲ"
စုန့်ဝမ် ထွက်လာသည်နှင့် ကျိုးစစ်ယိက စပ်စုလိုက်သည်။
ကျိုးစစ်ယိနှင့် နှစ်အတန်ကြာ ရင်းနှီးလာပြီးနောက် သူမ၏ အကျင့်များကို စုန့်ဝမ် သိရှိထားပြီး ဖြစ်သည်။ သူမသည် မသိသေးသော အရာများကို အမြဲစပ်စုချင်ပြီး လေ့လာချင်စိတ် ပြင်းထန်သူ ဖြစ်သည်။ သို့သော် အောင်မြင်သွားပါက စိတ်ဝင်စားမှုမှာ ချက်ချင်း လျော့ကျသွားတတ်သည်။ ယခု စုန့်ဝမ်၏ အလုပ်အပေါ် အလွန်အမင်း စိတ်ဝင်စားနေခြင်းမှာ သူမကိုယ်တိုင် မြွေလူသား ပြုပြင်ရာတွင် အခက်အခဲ ဖြစ်နေသောကြောင့် ဖြစ်ပေလိမ့်မည်။
စုန့်ဝမ်က ဂူထဲရှိ ခေါင်းတလားကို ညွှန်ပြကာ "တော်သေးတယ်၊ အဆင်ပြေပြေ ပြီးသွားပြီ" ဟု ဆိုသည်။
ကျိုးစစ်ယိ၏ မျက်လုံးများ တောက်ပသွားကာ ဂူထဲသို့ ပြေးဝင်ပြီး ခေါင်းတလားကို စစ်ဆေးလိုက်သည်။ အထဲတွင် အလောင်းချီများ လှည့်ပတ်နေပြီး မြွေလူသားမှာ အားနည်းစွာ လဲလျောင်းနေသည်ကို မြင်သောအခါ ကျိုးစစ်ယိ အံအားသင့်သွားသည်။
"ဂျူနီယာမောင်လေးဝူ... မင်းရဲ့ ကျင့်ကြံမှု ပါရမီက သာမန်ပဲ၊ ဆေးဖော်တာလည်း အသင့်အတင့်ပဲ။ ဒါပေမဲ့ အလောင်းသန့်စင်တဲ့နေရာမှာတော့ ထူးခြားတဲ့ ပါရမီရှိတာပဲ။ မင်းက သားရဲသခင်ဂိုဏ်းကို မဝင်ဘဲ အလောင်းနတ်ဆိုးဂိုဏ်းကို ဝင်သင့်တာ"
"ဘယ်သူက မိစ္ဆာဂိုဏ်းကို ဝင်ချင်နေတာလဲ"
ရုန်ကျင့်ယွမ်အသံက ရုတ်တရက် ထွက်ပေါ်လာသည်။
ကျိုးစစ်ယိက ဝမ်းသာအားရဖြင့် "အကြီးအကဲရုန်၊ လာကြည့်ဦး။ ဝူရှန်းက ပထမအဆင့် သန့်စင်တာကို အောင်အောင်မြင်မြင်နဲ့ ပြီးသွားပြီ" ဟု ပြောလိုက်သည်။
ရုန်ကျင့်ယွမ်မျက်နှာတွင် ဝမ်းသာမှုများ ဖုံးလွှမ်းလာကာ ခေါင်းတလားကို စစ်ဆေးလိုက်ပြီးနောက် စုန့်ဝမ်ကို အံ့ဩစွာ ကြည့်လိုက်မိသည်။
"အကြီးအကဲဝူ... မင်း အရင်က အလောင်းသန့်စင်နည်းကို လေ့ကျင့်ဖူးသလား"
စုန့်ဝမ်က ထိတ်လန့်ဟန်ဆောင်ကာ "အကြီးအကဲရုန်... ကျွန်တော် အရင်က လေလွင့်ကျင့်ကြံသူ ဖြစ်ခဲ့ပေမဲ့ အကောင်းနဲ့အဆိုး လမ်းစဉ်ကိုတော့ အမြဲ ခွဲခြားသိပါတယ်။ နတ်ဆိုးကျင့်စဉ်တွေကို ဘယ်တုန်းကမှ မထိတွေ့ခဲ့ပါဘူး။ ဂိုဏ်းကို ဝင်တုန်းကလည်း အကြီးအကဲတွေ စစ်ဆေးပြီးသားပါ၊ ကျွန်တော့်မှာ နတ်ဆိုးစွမ်းအင် လုံးဝမရှိပါဘူး" ဟု ရှင်းပြလိုက်သည်။
ရုန်ကျင့်ယွမ်က အသာအယာ ပြုံးရင်း "မင်းကို စစ်ဆေးမေးမြန်းနေတာ မဟုတ်ပါဘူး၊ မင်းရဲ့ ပါရမီကို အံ့ဩမိရုံတင်ပါ" ဟု ဆိုကာ "အကြီးအကဲဝူ... ငါ့ရှေ့မှာ အလောင်းသန့်စင်တာကို လက်တွေ့ ပြပေးနိုင်မလား" ဟု တောင်းဆိုလိုက်သည်။
"ဒါက ကျွန်တော့်အတွက် ဂုဏ်ယူစရာပါပဲ" ဟု စုန့်ဝမ်က ပြန်ဖြေလိုက်သည်။ စုန့်ဝမ်သည် ဤကဲ့သို့ တောင်းဆိုခံရမည်ကို ကြိုတင်တွက်ဆထားပြီး ဖြစ်သည်။ သူသည် အလောင်းသန့်စင်ရာတွင် ပါရမီရှိကြောင်း ပြသနိုင်မှသာ ရုန်ကျင့်ယွမ်ထံမှ အလောင်းပြုပြင်ရေး ပစ္စည်းများကို အဆက်မပြတ် ရရှိနိုင်မည် ဖြစ်သည်။ ထို့ကြောင့် ဖုံးကွယ်ထားရန်စိတ်ကူး မရှိချေ။
ရုန်ကျင့်ယွမ်က "မင်း နားနားနေနေ နေလိုက်ပါဦး၊ ပြီးမှ ဒုတိယအဆင့် မြွေလူသားနဲ့ စမ်းသပ်ကြည့်တာပေါ့" ဟု ဆိုကာ ထွက်သွားခဲ့သည်။
စုန့်ဝမ် ဂူထဲတွင် စောင့်ရင်း နားနေလိုက်သည်။
နှစ်နာရီအကြာတွင် စွမ်းအင်များ ချိတ်ပိတ်ခံထားရသော ဒုတိယအဆင့် မြွေလူသားအမ တစ်ကောင်ကို စုန့်ဝမ်ရှေ့သို့ ခေါ်ဆောင်လာကြသည်။ ယခုအခါ ဂူထဲတွင် စုန့်ဝမ်အပြင် ရုန်ကျင့်ယွမ်၊ ကျိုးစစ်ယိ၊ လျိုကျန်းနှင့် အခြား အခြေတည်အဆင့် အကြီးအကဲ နှစ်ဦးလည်း ရှိနေကြသည်။
ထိုသူငါးဦး၏ စောင့်ကြည့်မှုအောက်တွင် စုန့်ဝမ်သည် ဒုတိယအဆင့် မြွေလူသားကို စတင်သန့်စင်ခဲ့သည်။ သံသယမဖြစ်စေရန် အလောင်းနတ်ဆိုးဂိုဏ်း၏ နည်းလမ်းများကို မသုံးဘဲ ကျိုးစစ်ယိ ပေးထားသော ကျောက်ပြားထဲမှ နည်းလမ်းများကိုသာ အသုံးပြု၍ လက်တွေ့ပြသခဲ့သည်။
စုန့်ဝမ်က တမင်အချိန်ဆွဲထားသဖြင့် ဤတစ်ကြိမ် အလောင်းသန့်စင်ခြင်း လုပ်ငန်းစဉ်မှာ လေးရက်တိတိ ကြာမြင့်ခဲ့သည်။ လုပ်ဆောင်နေစဥ်အတွင်း သန့်စင်နည်းစနစ်များကို ကျွမ်းကျင်မှု မရှိသယောင် တမင်ဟန်ဆောင်ခဲ့ရာ တစ်ခါတစ်ရံ လုပ်ငန်းစဉ် ပျက်စီးလုနီးပါးပင် ဖြစ်ခဲ့သည်။ သို့သော်လည်း အကြိမ်တိုင်းမှာ စိုးရိမ်စရာမရှိဘဲ ပြီးဆုံးသွားခဲ့သည်။ အလောင်းသန့်စင်ခြင်းဆိုင်ရာ ပစ္စည်းအချို့ ဖြုန်းတီးမိသည်မှ လွဲ၍ သိသာသော ပျက်စီးမှုမျိုး မရှိခဲ့ပေ။ နောက်ဆုံးတွင် အခက်အခဲအချို့ ရှိခဲ့သော်လည်း ဒုတိယအဆင့် မြွေလူသားအား ပထမအဆင့် သန့်စင်ခြင်းမှာ အောင်မြင်စွာ ပြီးဆုံးသွားခဲ့သည်။
ဒုတိယအဆင့် မြွေလူသား သန့်စင်မှုတွင် ပထမအဆင့်ထက် ယင်နတ်ဆိုးနှင်းရည် အသုံးပြုမှု သိသိသာသာ ပိုမိုများပြားခဲ့ပြီး၊ ယင်းမှာ စုန့်ဝမ်က ရည်ရွယ်ချက်ရှိရှိ ဖြုန်းတီးခဲ့သောကြောင့် ဖြစ်သည်။ ယင်နတ်ဆိုးနှင်းရည် တစ်ပုလင်းလုံးမှာ ကုန်ခမ်းလုနီးပါးပင် ဖြစ်သွားသည်။
ပြီးစီးသည်နှင့် စုန့်ဝမ်သည် သူ့နဖူးပေါ်ရှိ ချွေးများကို သုတ်လိုက်ကာ သက်ပြင်းရှည်ကြီးတစ်ချက် ချရင်း ပင်ပန်းနွမ်းနယ်ဟန်ဖြင့် ပြောလိုက်သည်။
"အကြီးအကဲရုန်... ကျွန်တော် တာဝန်ကို အောင်အောင်မြင်မြင် ဆောင်ရွက်ပြီးပါပြီ"
ရုန်ကျင့်ယမ်သည် "တင်း၁၃၀" ခေါင်းတလားအတွင်းရှိ ဒုတိယအဆင့် မြွေလူသားကို ကြည့်ကာ ဝမ်းသာမှုကို မဖုံးကွယ်နိုင်တော့ပေ။
"အကြီးအကဲဝူ... မင်းအနေနဲ့ ဆေးဖော်စပ်ရေးခန်းမမှာ တခြားတာဝန်တွေ ထပ်ယူစရာ မလိုတော့ဘူး။ ဒီမြွေဂူထဲမှာပဲ မြွေလူသားအလောင်းတွေ သန့်စင်ဖို့ကိုပဲ လုပ်လိုက်တော့"
စုန့်ဝမ်၏ အမူအရာမှာ တောင့်တင်းသွားခဲ့သည်။ သူသည် ရုန်ကျင့်ယွမ် အလောင်းသန့်စင်ရေး ပစ္စည်းများကို ရယူလိုသော်လည်း ဆေးဖော်စပ်ခြင်းကို ဆက်လက်၍ လေ့ကျင့်လိုသည်။
"အကြီးအကဲရုန်... ကျွန်တော့်ရဲ့ ဆေးဖော်စပ်မှု ပါရမီက သာမန်ပဲဆိုပေမဲ့ အဲဒီအလုပ်ကို တကယ် ဝါသနာပါပါတယ်။ မြွေဂူထဲမှာ အလောင်းသန့်စင်ပေးဖို့ သဘောတူပေမဲ့ ဆေးဖော်စပ်ရေးခန်းမမှာလည်း ဆက်လေ့ကျင့်ခွင့်ပြုမယ်လို့ မျှော်လင့်ပါတယ်"
ရုန်ကျင့်ယွမ်က အသာအယာ ပြုံးပြီး လက်ယမ်းပြကာ ပြောလိုက်သည်။
"အကြီးအကဲဝူ... မင်း ငါ့ကို နားလည်မှုလွဲနေပြီ။ မင်း ဆေးဖော်စပ်ရေးခန်းမမှာ လေ့ကျင့်တာကို ငါမတားပါဘူး၊ ဒါပေမဲ့ အဲဒီအလုပ်မှာ အချိန်အများကြီး ဖြုန်းနေမှာကို မလိုလားတာပါ။ မင်း မြွေဂူမှာ အလုပ်လုပ်တာနဲ့ လစဉ် ဝိညာဉ်ကျောက် နှစ်ထောင်ရမယ်၊ ပြီးတော့ ဂိုဏ်းရဲ့ အကျိုးပြုအမှတ် ၄ မှတ်လည်း ရဦးမယ်။ အားလပ်ချိန်တွေမှာ ဆေးဖော်စပ်ရေးခန်းမကို သွားပြီး လေ့ကျင့်နိုင်တယ်။ အကယ်၍ ဆေးဖော်စပ်တာမှာ အခက်အခဲရှိရင် ငါ့ကို လာမေးနိုင်တယ်"
စုန့်ဝမ်က "အကြီးအကဲရုန်ရဲ့ ရက်ရောမှုအတွက် ကျေးဇူးအများကြီး တင်ပါတယ်"ဟု ပြောလိုက်သည်။
ရုန်ကျင့်ယွမ်လည်း စုန့်ဝမ်၏ တုံ့ပြန်မှုကို ကျေနပ်သွားပြီး ခေါင်းညိတ်ပြကာ အသံပို့လွှတ်နည်းဖြင့် သီးသန့် စကားပြောလိုက်သည်။
"အကြီးအကဲဝူ... မြွေလူသားအလောင်းတွေ သန့်စင်တဲ့ တာဝန်က ပထမမဟာအကြီးအကဲကိုယ်တိုင် ပေးအပ်ထားတာ။ မင်းအောင်မြင်ရင် ထိုက်ထိုက်တန်တန် ဆုချလိမ့်မယ်။ ဒီအခွင့်အရေးကို လက်လွှတ်မခံဖို့ ငါမျှော်လင့်ပါတယ်"
ရုန်ကျင့်ယွမ်က အသံပို့လွှတ်နည်းဖြင့် ဆက်သွယ်ခြင်းမှာ အခြားသူများ မကြားစေလိုသောကြောင့် ဖြစ်သည်။ စုန့်ဝမ်က ဘာမှထပ်မပြောတော့ဘဲ ခေါင်းညိတ်ပြကာ နားလည်ကြောင်း အချက်ပြလိုက်သည်။
စုန့်ဝမ်၏ ထူးခြားသော အလောင်းသန့်စင်မှု ပါရမီကို တွေ့ရှိသွားသဖြင့် ရုန်ကျင့်ယွမ်မှာ စိတ်ရွှင်လန်းနေသည်။
"အားလုံးပဲ သွားလို့ ရပါပြီ။ နောင်မှာ အလောင်းသန့်စင်တာနဲ့ ပတ်သက်ပြီး မေးစရာရှိရင် အကြီးအကဲဝူကို လာဆွေးနွေးနိုင်ပါတယ်"
အခြားသူများ တဖြည်းဖြည်း လူစုခွဲသွားကြပြီး စုန့်ဝမ်လည်း သူ၏နေအိမ်ဂူသို့ ပြန်ရန် ထလိုက်သည်။
"ဂျူနီယာမောင်လေးဝူ... ဘယ်သွားမလို့လဲ" စုန့်ဝမ် ဂူတွင်းမှ ထွက်ခွာလာသည်ကို မြင်သော ကျိုးစစ်ယိက မေးလိုက်သည်။
"ဂူအိမ်ကို ပြန်ပြီး ကျင့်ကြံမလို့ပါ၊ စီနီယာအစ်မ ကိစ္စရှိလို့လား" ဟု စုန့်ဝမ်က နားမလည်ဟန်ဖြင့် ပြန်ဖြေသည်။
"မင်း ပြန်သွားရင် ဒီမြွေလူသား နှစ်ကောင်ကို ဘယ်သူကြည့်မှာလဲ" ဟု ကျိုးစီယီက ဂူထဲရှိ မြွေလူသား နှစ်ကောင်ကို ညွှန်ပြကာ မေးသည်။
"သူတို့ကို မြွေကန်ထဲမှာပဲ ထားခဲ့ပြီး ဖြည်းဖြည်းချင်း ပြန်ကျန်းမာလာအောင် ထားလိုက်ရင် မရဘူးလား"
"အဲဒါ မရဘူး၊ အကြီးအကဲဝူ... မင်း ဒီမြွေလူသားနှစ်ကောင်ရဲ့ အခြေအနေကို အမြဲ အနီးကပ် စောင့်ကြည့်နေရမယ်"ဟု ရုန်ကျင့်ယွမ်က ရုတ်တရက် ကြားဖြတ်ပြောလိုက်သည်။ ခေတ္တမျှ စဥ်းစားပြီးနောက် "ဒီလိုလုပ်ရအောင်။ အကြီးအကဲဝူ... ဒီမြွေလူသား နှစ်ကောင်ကို မင်းရဲ့ဂူအိမ်ကိုပဲ တပါတည်း ယူသွားလိုက်တော့"ဟု ပြောလိုက်သည်။
…………