← Chapters

အိမ်မှာအလုပ်လုပ်လည်း ရတယ်

Vol. 20 Ch. 207

အိမ်မှာအလုပ်လုပ်လည်း ရတယ်

Vol. 20 Ch. 207

စုန့်ဝမ် အံသြသွားသည်။ မြွေလူသားများ၏ တည်ရှိမှုမှ ဂိုဏ်း၏ ထိပ်တန်းလျှို့ဝှက်ချက်ဟု သူသိထားသည်။ ထို့အပြင် သန့်စင်လက်စ မြွေလူသားများမှာ သက်ရှိများဖြစ်ပြီး ဝိညာဥ်သားရဲ မဟုတ်သဖြင့် ဝိညာဥ်သားရဲအိတ်တွင် သိမ်းဆည်းမရသလို၊ သိုလှောင်လက်စွပ်တွင် ထည့်သွင်း၍လည်း မရချေ။

"ကျွန်တော့်ဂူအိမ်ကို ယူသွားရမယ် ဟုတ်လား။ ဒါပေမဲ့ သူတို့ကို ဘယ်လိုခေါ်သွားရမလဲ"

"အဲဒါက လွယ်ပါတယ်"

ရုန်ကျင့်ယွမ်က လက်ဝေ့ယမ်းလိုက်ရာ ရှည်လျား ပါးလွှာသည့် ငါးဖမ်းပိုက်ဏ္ဍာန် ဇကာကွက်တစ်ခု ပေါ်လာသည်။

"ဒီဇကာကွက်ကို တတိယအဆင့် နတ်ဆိုးသားရဲ သွေးနီရောင်ပင့်ကူရဲ့ အမျှင်တွေနဲ့ ရက်လုပ်ထားတာ။ အဲဒါက ဝိညာဉ်အာရုံခံတာကို ပိတ်ဆို့နိုင်တယ်။ မင်းသာ အလောင်းထိန်းခေါင်းတလားကို ဒါနဲ့ အုပ်ထားလိုက်ရင် အခြေတည်အဆင့် အထွက်အထိပ် ကျင့်ကြံသူတောင်မှ မြွေလူသားတွေ ရှိနေတာကို သိနိုင်မှာ မဟုတ်ဘူး"

စုန့်ဝမ်က အရိုအသေပြုပြီး "အကြီးအကဲရုန်ရဲ့ အကူအညီအတွက် ကျေးဇူးတင်ပါတယ်" ဟု ဆိုသည်။

ရုန်ကျင့်ယွမ်က ခေါင်းညိမ့်ပြပြီး "အလုပ်ပြီးရင် ပြန်ပေးဖို့ မမေ့နဲ့ဦး" ဟု ပြောသည်။ ထိုသို့ပြောရင်း လက်ဖဝါးခန့် အရွယ်အစားရှိသော ကြေးဝါမှန်ငယ်တစ်ခုကို စုန့်ဝမ်ထံ ပစ်ပေးလိုက်သည်။

"ဒါက ဟောင်ချီမှန်။ ရိုးရိုးရှင်းရှင်း သန့်စင်လိုက်တာနဲ့ အသုံးပြုလို့ ရပြီ။ အဲဒါက မင်းခန္ဓာကိုယ်မှာရှိတဲ့ အလောင်းချီတွေကို ဖုံးကွယ်ပေးနိုင်လိမ့်မယ်။ ရွှေအမြုတေအဆင့်အောက် ကျင့်ကြံသူတွေ ဘယ်လိုမှ အာရုံခံနိုင်မှာ မဟုတ်ဘူး။ ပြီးတော့ အကြီးအကဲကဲလျိုဆီမှာ မြွေလူသား မွေးမြူနည်းနဲ့ သူတို့အတွက် အစားအစာတွေ သွားယူလိုက်ဦး"

နာရီဝက်အကြာတွင် စုန့်ဝမ် အလောင်းထိန်းခေါင်းတလား နှစ်လုံးနှင့်အတူ သူဂူအိမ်သို့ ပြန်ရောက်လာခဲ့သည်။ ရောက်ရောက်ချင်း ထောင့်တစ်နေရာတွင် သုံးမီတာခန့် ကျင်းနှစ်ခုကို တူးလိုက်ပြီး မြွေလူသား နှစ်ကောင်ကို ထည့်လိုက်သည်။ ထို့နောက် အစီအရင်နှစ်စုံကို ထုတ်ယူ၍ မြွေကန်များ၏ ပတ်ပတ်လည်တွင် စိုက်လိုက်သည်။ အစီအရင်မှာ ခြောက်မြှောင့်ကြယ်နတ်ဆိုးထိန်းအစီအရင်ဟု ခေါ်သော ဒုတိယအဆင့် အစီအရင်တစ်ခု ဖြစ်သည်။ ဤအစီအရင်မှာ သားရဲသခင်ဂိုဏ်းက ဝိညာဥ်ပဋိညာဉ် မဖွဲ့ရသေးသော အဆင့်မြင့် ဝိညာဉ်သားရဲများကို ချုပ်နှောင်ရန် သုံးစွဲလေ့ရှိသော နည်းလမ်းဖြစ်သည်။

ဤအစီအရင်၏ အကူအညီဖြင့် မြွေလူသားများအပေါ် တားမြစ်ထားသော ကျိန်စာကို ယာယီဖယ်ရှားပေးနိုင်ပြီး ဝိညာဉ်စွမ်းအား ပြန်ရရှိစေနိုင်သည်။ ထိုဝိညာဉ်စွမ်းအားက ခန္ဓာကိုယ် အတွင်းပိုင်းတွင် အလောင်းချီများကို ခုခံပေးမည်ဖြစ်ရာ နောက်တစ်ကြိမ် အလောင်းသန့်စင်ခြင်း မပြုမီ ၎င်းတို့၏ ကျန်းမာရေးကို ပြန်ကောင်းလာစေမည် ဖြစ်သည်။

ထို့နောက် သိုလှောင်လက်စွပ်တွင်းမှ ဇလုံကြီးအရွယ်ခန့် သွေးများဖြင့် စိုရွှဲနေသည့် အသားတုံးကြီးတစ်ခု ထုတ်လိုက်သည်။ ထိုအသားလုံးမှာ ပြင်းထန်သော သွေးညှီနံ့များ ထွက်ပေါ်နေပြီး ၎င်းမှာ ဝိညာဉ်သားရဲတောင်မှ မြွေလူသားများအတွက် အထူးပြုလုပ်ထားသော အစားအစာ ဖြစ်သည်။ ၎င်းတွင် မည်သည့်သတ္တဝါမှန်းမသိရသော နတ်ဆိုးသားရဲများ၏ အသား၊ သွေးနှင့် ဝိညာဉ်ဆေးပင်များ ပါဝင်ပြီး မြွေလူသားများ၏ ခွန်အားကို လျင်မြန်စွာ တိုးတက်စေသည်ဟု ဆိုသည်။

စုန့်ဝမ် ထိုအသားလုံးကို ဒုတိယအဆင့် မြွေလူသားအမ၏ ကန်ထဲသို့ ပစ်ထည့်လိုက်သည်။ ချိတ်ပိတ်ကျိန်စာမှ လွတ်မြောက်သွားသော မြွေလူသားမမှာ ဒေါသတကြီးဖြင့် သူ့အမြီးကို အသုံးပြုကာ ကန်နံရံများကို ရိုက်လိုက်သည်။ ချက်ချင်းပင် ကျောက်နံရံများမှ စိမ်းဖန့်ဖန့်အလင်းများ ထွက်ပေါ်လာပြီး မြွေလူသားကို ထိခိုက်မှုမရှိစေဘဲ တိုက်ခိုက်မှုများကို ပိတ်ဆို့လိုက်သည်။

အစီအရင်ကို မဖောက်နိုင်မှန်း သိသွားသောအခါ မြွေလူသားမှာ အသံပြုကာ ခန္ဓာကိုယ်ကို မတ်လိုက်ပြီး အစီအရင်၏ အကာအကွယ်နံရံကို မျက်နှာဖြင့် ကပ်လိုက်သည်။ သူမမျက်လုံးများက စုန့်ဝမ်ကို မြင်သောအခါ ပြင်းထန်သော သတ်ဖြတ်လိုစိတ်နှင့် မုန်းတီးမှုများဖြင့် စိုက်ကြည့်နေသည်။

စုန့်ဝမ်က ထိုရန်လိုမှုများကို လျစ်လျူရှုကာ နောက်ထပ် အသားလုံးတစ်ခုကို ထုတ်ယူ၍ အပိုင်းငယ်တစ်ခုကို ဖြတ်ကာ ပထမအဆင့် မြွေလူသား၏ ကန်ထဲသို့ ပစ်ထည့်လိုက်သည်။ ပထမအဆင့် မြွေလူသား၏ အင်အားဖြင့် အသားလုံး တစ်ခုလုံးကို တစ်ကြိမ်တည်းနှင့် မကုန်နိုင်ပေ။ ကျန်ရှိသော အသားအပိုင်းအစကို ကူပိုးကောင် ၂ ကောင်ကို ကျွေးခဲ့သည်။ ထိုနှစ်ကောင်မှာ ဒုတိယအဆင့် အစောပိုင်း ရောက်နေသည်မှာ ကြာပြီဖြစ်သော်လည်း တိုးတက်မှု မရှိဘဲ ပိတ်မိနေခဲ့သည်။

ကူပိုးကောင်များ၏ခေါင်းများ ကြက်ဥ အရွယ်အစားအထိ ကြီးထွားလာပြီး အသားလုံးကို စားသောက်ကြသည်။ အသက်ရှူနှစ်ကြိမ်စာ အချိန်အတွင်းမှာပင် အသားလုံးမှာ လုံးဝ ပျောက်ကွယ်သွားခဲ့သည်။ အသားလုံး စားပြီးနောက် စုန့်ဝမ်၏ ပတ်လည်တွင် ပျံဝဲနေကြပြီး ထပ်မံစားလိုကြောင်း ဆန္ဒပြနေကြသည်။ ဤအသားလုံးများကို လျိုကျန်းထံမှ ရရှိခဲ့ခြင်းဖြစ်ပြီး စုစုပေါင်း အသားလုံး ခုနစ်ဆယ် ရရှိခဲ့သည်။ မြွေလူသားများမှာ နှစ်ရက်တစ်ကြိမ် အစာစားသဖြင့် ဤအသားလုံးများမှာ ရက် ၇၀ စာ ဖြစ်သည်။ တစ်ခါ ပျက်စီးသွားပါက ကြာရှည်သိမ်းဆည်း၍ မရပေ။ ထို့ကြောင့် ပထမအဆင့် မြွေထီးမှာ တစ်ကြိမ်တည်းနှင့် အသားလုံး တစ်လုံးလုံးကို မကုန်နိုင်သော်လည်း သူ၏ နှစ်ရက်တစ်ကြိမ် ဝေစုမှာ အသားလုံး တစ်လုံးလုံးပင် ဖြစ်နေဆဲ ဖြစ်သည်။

မြွေဂူအတွင်း၌ ပထမအဆင့် မြွေလူသားများစွာ ရှိသဖြင့် အသားလုံး တစ်လုံးကို အများအပြား ခွဲဝေကျွေးနိုင်သည်။ သို့သော် စုန့်ဝမ်၏ နေရာတွင်မူ ပိုလျှံနေသော အသားများမှာ ကူပိုးကောင်များအတွက် အစာဖြစ်သွားခဲ့သည်။

စုန့်ဝမ်သည် ပိုမိုအားကောင်းသော ကူပိုးကောင် တစ်ကောင်ကို သီးသန့်ခေါ်ထုတ်ပြီး အသားလုံးတစ်ခုကို ထုတ်ယူ၍ ချကျွေးလိုက်သည်။ ကူပိုးကောင်က အငမ်းမရ စားလိုက်ရာ အသက်ရှူ ၁၀ ကြိမ်စာအတွင်း လုံးဝပြောင်သွားသည်။ သို့သော်လည်း ထိုကူပိုးကောင်မှာ မတင်းတိမ်သေးဘဲ စုန့်ဝမ်ထံ ထပ်တောင်းနေပြန်သည်။ စုန့်ဝမ်လည်း နောက်ထပ် အသားလုံးတစ်ခု ကျွေးလိုက်သည်။

အသားလုံး သုံးလုံး စားပြီးသောအခါမှ ကူပိုးကောင်မှာ ဗိုက်တင်းသွားပြီး ယိုင်တိယိုင်တိုင်ဖြင့် စုန့်ဝမ်၏ ခန္ဓာကိုယ်အတွင်းသို့ ပြန်လည် ဝင်ရောက်သွားခဲ့သည်။

စုန့်ဝမ်လည်း ကူပိုးကောင်ကို အနားယူစေပြီး အလောင်းသန့်စင်ရေး ပစ္စည်းများကို ထုတ်ယူလိုက်သည်။ ယင်းတွင် ယင်နတ်ဆိုးနှင်းရည် ကိုးပုလင်းနှင့် အခြား သန့်စင်ရေး ပစ္စည်းများစွာ ပါဝင်သည်။ ရုန်ကျင့်ယွမ်က ဤပမာဏသည် မြွေလူသား နှစ်ကောင်လုံးကို ခြောက်ကြိမ် သန့်စင်ရန် လုံလောက်သည်ဟု တွက်ချက်ထားသည်။

စုန့်ဝမ်၏ တွက်ချက်မှုအရမူ သူ့အလောင်းသန့်စင်မှု စွမ်းရည်ဖြင့် ငါးဆယ်ရာခိုင်နှုန်းကို သက်သာစေနိုင်ရာ သူ့လက်ထဲတွင် တစ်ဝက်မျှ ကျန်ရစ်မည် ဖြစ်သည်။

နောက်ရက်များတွင် စုန့်ဝမ်၏ ဘဝမှာ ပုံမှန်အတိုင်းပင် လည်ပတ်နေခဲ့သည်။ အချိန်အများစုကို ဂူအိမ်အတွင်း၌သာ ကုန်ဆုံးစေခဲ့ပြီး သွေးဝိညာဉ်ဆေးလုံးများ ဖော်စပ်ကာ သုံးစွဲ ကျင့်ကြံနေခဲ့သည်။ တစ်ခါတစ်ရံတွင် ဆေးဖော်စပ်ခန်းသို့ သွားရောက်ကာ အခြားဆေးဖော်စပ်သူများနှင့် နည်းပညာများ ဖလှယ်တတ်သည်။

စုန့်ဝမ်တွင် ရုန်ကျင့်ယွမ်၏ ဆေးဖော်စပ်မှု အသိအမြင်များ ပါဝင်သော ကျောက်ပြား ရှိနေပြီး၊ ထိုထဲတွင် ဒုတိယအဆင့် ဆေးနည်းပေါင်း ဒါဇင်နှင့်ချီ ပါဝင်သဖြင့် အကျိုးပြုအမှတ်များ အသုံးပြု၍ ဆေးနည်းများ လဲလှယ်စရာ မလိုတော့ပေ။

မြွေလူသားများအား ပုံမှန်အစာကျွေးရင်း လက်ထဲတွင် အသားလုံး ၂၀ ခန့် ကျန်နေပြီး၊ ထိုအသားလုံး အားလုံးမှာ ကူပိုးကောင်တစ်ကောင်၏ ဗိုက်ထဲသို့ ရောက်ရှိသွားသည်။ ထိုကူပိုးကောင်မှာလည်း ဒုတိယအဆင့် အလယ်ပိုင်းသို့ တက်လှမ်းရန် လက္ခဏာများ ပြသလာခဲ့သည်။

မျက်စိတစ်မှိတ်အတွင်း ၁၃ ရက် ကုန်ဆုံးသွားခဲ့သည်။ မြွေလူသားများမှာ သူတို့၏ ခန္ဓာကိုယ်အတွင်းရှိ အလောင်းချီများကြောင့် ဖြစ်ပေါ်လာသော နာကျင်မှုများကို တဖြည်းဖြည်း အသားကျလာကြပြီး ၎င်းတို့၏ အခြေအနေမှာလည်း ပြန်လည်ကောင်းမွန်လာခဲ့သည်။

စုန့်ဝမ်သည် ၎င်းတို့အား ခုနစ်ကြိမ်မြောက် အလောင်းသန့်စင်ခြင်းကို ချက်ချင်း မလုပ်ဆောင်သေးပေ။ နောက်ထပ် လေးရက်ခန့် စောင့်ဆိုင်းပြီးမှ သန့်စင်ခဲ့သည်။ အလောင်းသန့်စင်ချိန်မှာ သာမန်လူများထက် သိသိသာသာ ပိုမိုမြန်ဆန်နေပြီး ဖြစ်သော်လည်း ထို့ထက်ပို မြန်ဆန်ပါက အခြားသူများ၏ သံသယဝင်ခြင်း ခံရနိုင်သဖြင့် အချိန်ဆွဲထားခြင်း ဖြစ်သည်။

နှစ်ရက်ခန့် အချိန်ယူပြီးနောက် ခုနစ်ကြိမ်မြောက် အလောင်းသန့်စင်မှု ပြီးဆုံးသွားခဲ့ပြီး မြွေလူသားများ၏ ခန္ဓာကိုယ်တွင် အလောင်းချီများ ပိုမိုသိပ်သည်းလာခဲ့သည်။ အလောင်းချီများ တိုးပွာလာမှုကြောင့် မြွေလူသားများမှာ ပြင်းထန်သော နာကျင်မှုများကို တစ်ဖန်ပြန်လည် ခံစားရပြန်ပြီး ခန္ဓာကိုယ်များမှာလည်း မထိန်းချုပ်နိုင်ဘဲ တုန်ယင်လာခဲ့သည်။

စုန့်ဝမ်လည်း ထိုမြွေလူသား နှစ်ကောင်ကို မြွေကန်ထဲသို့ ပြန်ထည့်ပြီးနောက် မြွေဂူသို့ ထွက်လာခဲ့သည်။ ပထမဦးစွာ လျိုကျန်းကို ရှာဖွေပြီး အသားလုံး ခုနစ်ဆယ်ကို သွားယူခဲ့သည်။

စုန့်ဝမ်က ပိုပြီး တောင်းချင်သော်လည်း လျိုကျန်းက ငြင်းပယ်ခဲ့သည်။

"အကြီးအကဲဝူ... ငါက မင်းကို အသားလုံးတွေ ပိုမပေးချင်လို့ မဟုတ်ပါဘူး၊ အရေအတွက်က ကန့်သတ်ထားလို့ပါ။ အသားလုံးတွေကို ဝိညာဥ်သားရဲတောင်က တစ်ကြိမ်ကို ဆယ်ရက်စာပဲ ပေးတာပါ။ ငါလည်း မြွေလူသားတွေ ကျင့်ကြံမှုကို မထိခိုက်အောင် သေချာချင့်ချိန်ပြီး သုံးစွဲနေရတာပါ"

လျိုကျန်း၏ စကားများတွင် ဝိညာဥ်သားရဲတောင်အပေါ် မကျေနပ်မှုများ ဖုံးဖိမရနိုင်အောင် ပေါ်လွင်နေသည်။

"ဝိညာဥ်သားရဲတောင်က ဘာလို့ အဲဒီလို လုပ်ရတာလဲ" ဟု စုန့်ဝမ် မေးလိုက်သည်။ မြွေလူသားများကို အလောင်းသန့်စင်ခြင်းမှု ပြုလုပ်နေခြင်းမှာ ဂိုဏ်း၏ ဝိညာဉ်သန္ဓေအဆင့် မဟာအကြီးအကဲ၏ တိုက်ရိုက်အမိန့် ဖြစ်သည်။ ပုံမှန်ဆိုလျှင် မဟာအကြီးအကဲ ကျေနပ်စေရန် တောင်ထိပ်များမှ ပူးပေါင်းဆောင်ရွက်သင့်သည် မဟုတ်ပါလား။ ဝိညာဥ်သားရဲတောင်ဘက်က ဤကဲ့သို့ အနှောင့်အယှက် ပေးနေခြင်းမှာ အနည်းငယ် ထူးဆန်းနေသည်။

"ငါတို့ ဆေးတောင်ထိပ်က အသက်ဓာတ်နဲ့ ပြန်လည်ကျန်းမာနိုင်စွမ်း အလွန်မြင့်မားတဲ့ မြွေလူသားတွေကို မွေးမြူနိုင်ခဲ့လို့ ဆန်းကြယ်ချီကို ဖော်ထုတ်ဖို့အတွက် အလားအလာ အကောင်းဆုံး ဖြစ်လာခဲ့တာလေ။ အဲဒါက ဝိညာ်သားရဲတောင်က အဖြစ်မရှိတဲ့ကောင်တွေကို အရှက်ရစေခဲ့တာပေါ့၊ ဒါကြောင့် သူတို့က ငါတို့အပေါ် မနာလိုဖြစ်နေကြတာ" ဟု လျိုကျန်းက ဆိုသည်။ သူ့ပုံစံက ဒေါသထွက်နေသော်လည်း ဂုဏ်ယူမှုများပါ ပေါ်လွင်နေသည်။ မည်သို့ပင်ဆိုစေ မြွေလူသား စမ်းသပ်မှု၏ ကနဦးအောင်မြင်မှုမှ သူ့စွမ်းဆောင်ချက်၏ အသီးအပွင့်ပင် မဟုတ်ပါလား။

စုန့်ဝမ်မှာမူ ဆေးတောင်ထိပ်နှင့် ဝိညာဥ်သားရဲတောင်တို့ အကြားမှ မကျေနပ်မှုများကို စိတ်မဝင်စားပေ။ လျိုကျန်းနှင့် ဆက်ဆံရာတွင် အဖုမထစ် မဖြစ်ရုံသာ ရေလိုက်ငါးလိုက် ပြန်လည်တုံ့ပြန်ခဲ့သည်။

လျိုကျန်းကို နှုတ်ဆက်ပြီးနောက် စုန့်ဝမ်သည် ရုန်ကျင့်ယွမ်ကို ရှာဖွေပြီး ငှားရမ်းထားသော ဟောင်ချီမှန်ကို ပြန်ပေးခဲ့သည်။

ရုန်ကျင့်ယွမ်က မှန်ကို လက်ခံလိုက်ပြီး "အကြီးအကဲဝူ... မြွေလူသားတွေ အခြေအနေ ဘယ်လိုရှိလဲ" ဟု မေးသည်။

"ခုနစ်ကြိမ်မြောက် အလောင်းသန့်စင်ခြင်းကို လုပ်ပြီးပါပြီ၊ အားလုံးလည်း အဆင်ပြေပါတယ်"

စုန့်ဝမ်စကားကြောင့် ရုန်ကျင့်ယွမ်၏ မျက်လုံးများ တောက်ပသွားသည်။

"ခုနစ်ကြိမ်မြောက် သန့်စင်တာ …… ဒီလောက်မြန်မြန် ပြီးသွားတာလား။ ငါ မင်းရဲ့ဂူကို လာပြီး ကြည့်လို့ရမလား"

"အကြီးအကဲရုန်က ကျွန်တော့်ရဲ့ နိမ့်ပါးတဲ့ ဂူအိမ်ကို လာရောက် လည်ပတ်မယ်ဆိုရင် ကျွန်တော့်အတွက် ဂုဏ်ယူစရာပါပဲ"

စုန့်ဝမ် စကားဆုံးသည်နှင့် ကျိုးစစ်ယိက တစ်နေရာမှ ရုတ်တရက် ခုန်ထွက်လာသည်။

"ကျွန်မလည်း လိုက်ချင်တယ်"

စုန့်ဝမ်လည်း ငြင်းမရတော့။ "စီနီယာအစ်မကျိုး လိုက်ချင်တယ်ဆို ကြိုဆိုပါတယ်ဗျာ" ဟုသာ ပြန်ဖြေလိုက်ရသည်။

ထို့နောက် သူတို့ သုံးဦးသည် ဓားပျံများ စီးနင်းကာ မြွေဂူမှ ထွက်ခွာခဲ့ကြသည်။

တောင်တစ်ခုနား ဖြတ်သွားစဉ် လူတစ်ဦးက ၁၃ နှစ်အရွယ် ကောင်လေးတစ်ဦးနှင့်အတူ ဓားပျံစီးလာသည်ကို တွေ့လိုက်သည်။ ထိုသူမှာ ရုန်ကျင့်ယွမ်၏ တာအိုလက်တွဲဖော် ဟန်ချန်းပင် ဖြစ်သည်။ သူ့ဘေးမှ ကောင်လေးမှာ သူ၏ မယားငယ်နှင့် ရရှိသော သားဖြစ်သူ ဖြစ်မည်ဟု စုန့်ဝမ် ရိပ်စားမိလိုက်သည်။ ရုန်ကျင့်ယွမ်က ခင်ပွန်းဖြစ်သူ မယားငယ်နှင့် ရထားသောသားကို လက်ခံမွေးထားသည်ကို စုန့်ဝမ် ယခုမှ သိလိုက်ရသည်။

ဟန်ချန်းသည် သူတို့အဖွဲ့ကို သတိပြုမိသွားပြီး အနီးသို့ ရောက်လာသည်။

"ကျင့်ယွမ်... ဘယ်သွားမလို့လဲ။ သူတို့က ဘယ်သူတွေလဲ"

သူမ၏ ခင်ပွန်းနှင့် ကလေးကို မြင်သောအခါ ရုန်ကျင့်ယွမ်၏ မျက်နှာတွင် အပြုံးတစ်ခု ပေါ်လာသည်။

"ငါ မိတ်ဆက်ပေးပါရစေ။ ဒီနှစ်ယောက်က ဆေးတောင်ထိပ် အကြီးအကဲတွေဖြစ်တဲ့ ဝူရှန်းနဲ့ ကျိုးစစ်ယိပါ။ ဒါကတော့ ငါ့ခင်ပွန်း ဟန်ချန်းပါ၊ သူက ဝိညာဥ်ဆေးပင်တောင်က အကြီးအကဲ တစ်ယောက်ပါ။ ဒါကတော့ တို့ရဲ့ကလေး ဟန်ကျွင်းရှားပဲ"

ကောင်လေးက ပျံသန်းခြင်းအဆောင်တစ်ခုကို အသုံးပြုကာ ဟန်ချန်း၏ ဓားပျံပေါ်မှ ဆင်းပြီး ရုန်ကျင့်ယွမ် ဘေးသို့ ရောက်လာသည်။

"မေမေ... မေမေ အိမ်မပြန်တာ တစ်လနီးပါး ရှိနေပြီနော်"

ရုန်ကျင့်ယွမ်၏ မျက်နှာတွင် ကြင်နာရိပ်များ ပေါ်လာပြီး ကောင်လေး၏ဆံပင်များကို သပ်ပေးလိုက်သည်။

"မေမေက ဂိုဏ်းတာဝန်တွေနဲ့ အလုပ်ရှုပ်နေလို့ပါ။ အလုပ်တွေ ပြီးသွားရင် မေမေ အိမ်ပြန်လာပြီး သားနဲ့အတူ အချိန်ဖြုန်းပေးပါ့မယ်။ အိမ်မှာ ဖေဖေပြောတာကို နားထောင်၊ ပျင်းမနေနဲ့နော်။ ကျင့်ကြံဖို့လည်း မပျင်းနဲ့၊ နားလည်လား"

"ဟုတ်ကဲ့ မေမေ"

ရုန်ကျင့်ယွင် ကလေးကို မှာပြီးနောက် ဟန်ချန်းဘက်သို့ လှည့်လိုက်သည်။

"ယောက်ျား .. ရှင်လည်း ခုတလော အလုပ်ရှုပ်နေတယ် ဆိုပေမယ့် ကျွင်းရှားကို သေချာ ဂရုစိုက်ပေးပါ"

ဟန်ချန်းက "မိန်းမ... စိတ်ချလက်ချ နေပါ။ ငါ ဂရုစိုက်ပါမယ့်" ဟု ပြန်ဖြေသည်။

ဟန်ချန်းနှင့် လမ်းခွဲပြီးနောက် သူတို့ သုံးဦးသည် စုန့်ဝမ်၏ ဂူဆီသို့ ဆက်လက် ထွက်ခွာခဲ့ကြသည်။

"အကြီးအကဲရုန်... ကျွန်မတော့ အကြီးအကဲတို့ မိသားစုကို တကယ် အားကျတယ်။ ကျွန်မမိသားစုနဲ့ မတူဘူး၊ ဟူး…”

ကျိုးစစ်ယိက ပြောရင်း သက်ပြင်းအရှည်ကြီး ချလိုက်သည်။ ကျိုးစစ်ယိ၏ မိဘများမှာ သူမမွေးပြီး မကြာမီမှာပင် အကြောင်းအမျိုးမျိုးကြောင့် ကွာရှင်းခဲ့ကြသည်။ မိခင်မှာ ဥပဒေခန်းမမှ အခြေတည် နှောင်းပိုင်းအဆင့် ကျင့်ကြံသူ ဖြစ်ပြီး ဖခင်နှင့် လမ်းခွဲပြီးနောက် သားရဲသခင်ဂိုဏ်း၏ လက်အောက်ရှိ စျေးငယ်တစ်ခုသို့ ပြောင်းရွှေ့ကာ တာဝန်ထမ်းဆောင်နေခဲ့သည်။

ကျိုးစစ်ယိကို သူမ၏ ဖခင်ကသာ တစ်ဦးတည်း ပြုစုပျိုးထောင်ခဲ့ခြင်း ဖြစ်သည်။

"အကြီးအကဲကဲရုန်လို ဂရုစိုက်တတ်တဲ့ အမေတစ်ယောက် ရှိတာက ကလေးအတွက် တကယ်ကို ကံကောင်းတာပဲ"

ကျိုးစစ်ယိစကားကြောင့် ရုန်ကျင့်ယွမ် မျက်လုံးထဲတွင် ထူးဆန်းသော အလင်းတစ်ခု ဖြတ်ပြေးသွားသော်လည်း ခဏချင်းမှာပင် ပျောက်ကွယ်သွားကာ သူမ၏ မျက်နှာတွင် ကြင်နာရိပ်များ ပြန်လည်ပေါ်လာသည်။

"ကျွင်းရှားက စိတ်နှလုံး ဖြူစင်တဲ့ ကလေးတစ်ယောက်ပါ။ သူရဲ့ ကျင့်ကြံမှု ပါရမီက နည်းနည်း အားနည်းနေတာပဲ နှမြောဖို့ ကောင်းတာ၊ သူမှာ တတိယအဆင့် ဝိညာဉ်အမြစ်ပဲ ရှိတာဆိုတော့ ကျင့်ကြံခြင်းမှာ သိသာတဲ့ တိုးတက်မှုရဖို့ ခက်ခဲလိမ့်မယ်"

စုန့်ဝမ်က ရုန်ကျင့်ယွမ်ကို အထူးအဆန်းတစ်ခုလို ကြည့်လိုက်မိသည်။ စိတ်နှလုံး ဖြူစင်ခြင်း။ ဘေးအန္တရာယ် များလှသော ကျင့်ကြံခြင်းလောကတွင် ထိုအချက်မှာ ကောင်းမွန်သောအရာရာဟု မယူဆနိုင်ပေ။ ကျင့်ကြံခြင်း လောကတွင် လူငယ်တစ်ဦးကို "စိတ်နှလုံး ဖြူစင်သည်" ဟု ပြောပါက ၎င်းမှာ ထိုသူသည် အသိဉာဏ်နည်းပါးသည်ဟု ဆိုလိုခြင်း ဖြစ်ရာ ဆဲဆိုခြင်းနှင့်ပင် သိပ်မကွာလှပေ။

……….

All Chapters