အခန်း (၂၂၁၁-၂၂၁၂)
Vol. 158 Ch. 2211-2212
အပိုင်း(၂၂၁၁)
နန်းတော်သခင်ရှန့်လျို၏ ဦးဆောင်လမ်းပြမှုဖြင့် ဝေ့ဝူယင်နှင့် သူ၏အခြွေအရံများသည် ပထမသူရဲကောင်းတိုက်ကြီး ပေါ်တွင် တည်ဆောက်ထားသည့် ခမ်းနားထည်ဝါလှသော နန်းတော်အစုအဝေးအတွင်းသို့ ပိုမိုနက်ရှိုင်းစွာ ရောက်ရှိလာခဲ့ကြသည်။ လမ်းတစ်လျှောက် မြင်တွေ့ရသော ရှုခင်းများသည် ပိုမိုကျယ်ပြန့်လာကာ ပိုမို၍လည်း ဆန်းပြားတင့်တယ်လာသည်။ အထူးသဖြင့် လေထု၏ အရည်အသွေးနှင့် စွမ်းအင်သိပ်သည်းမှုမှာ သိသိသာသာ မြင့်မားလှသည်။
နန်းတော်၏ နံရံများကို အဆင့်မြင့် လျှို့ဝှက်မြေကြီးအဆင့် ကျောက်သားများနှင့် အထွတ်အထိပ် ကြယ်တာရာအဆင့် ကျောက်တုံးများ ရောနှော၍ တည်ဆောက်ထားသဖြင့် ရှေးဟောင်းဆန်သော ခံစားမှုကို ပေးစွမ်းသည်။ ထိုနံရံများပေါ်တွင် သူရဲကောင်းတာအို နန်းတော် ၏ သမိုင်းကြောင်းများကို ဖော်ညွှန်းထားသည့် ပန်းပုများ၊ ကိုယ်တစ်ပိုင်းရုပ်တုများ၊ ပန်းချီကားများနှင့် အနုပညာလက်ရာပေါင်းစပ်မှုများစွာ တန်ဆာဆင်ထားသည်။
ဤသမိုင်းကြောင်းများကို နန်းတော်အဖွဲ့ဝင်များ၏ ရှုထောင့်မှတစ်ဆင့် အဓိကဖော်ပြထားပြီး သူတို့၏ ကျင့်ကြံခြင်း အောင်မြင်မှုများ၊ စစ်မြေပြင် သို့မဟုတ် ဘဝခရီးလမ်းရှိ စွမ်းဆောင်ချက်များကို အသေးစိတ် ခြယ်သထားသည်။ တစ်ခါက သူရဲကောင်းတာအို နန်းတော် ၏ သွန်သင်မှုကို ခံယူခဲ့သော ကျင့်ကြံသူတစ်ဦးသည် လောက အင်ပါယာ အဆင့်အထိ ကျင့်ကြံနိုင်ခဲ့ပြီးနောက် သူ၏ အစွမ်းနှင့် ပါရမီကို အသုံးချကာ အသက်ဘေးနှင့် ရင်ဆိုင်ရသည့် တိုက်ပွဲတစ်ခုတွင် လောက အင်ပါယာ (၁၈) ဦးကို သရေကျအောင် ခုခံတိုက်ခိုက်နိုင်ခဲ့သည်။
ထိုကျင့်ကြံသူသည် အနိုင်မရခဲ့သော်လည်း ရှုံးနိမ့်ခြင်းလည်း မရှိခဲ့ချေ။ ထို့ပြင် သူသည် သူရဲကောင်းတာအို နန်းတော် ၏ မူဝါဒများကို လက်ကိုင်ထားကာ သူ၏မျိုးနွယ်စုကို ပျက်သုဉ်းမည့်ဘေးမှ ကယ်တင်နိုင်ခဲ့သည်။ အခြားသော စွမ်းဆောင်ချက်များထဲတွင် အဆင့်ကျော်လွှား တိုက်ခိုက်ခဲ့သည့် ကိစ္စရပ်များမှာ ပိုမိုကျော်ကြားလှသည်။ အကြီးကျယ်ဆုံးသော စွမ်းဆောင်မှုမှာ လျှို့ဝှက်အာဏာရှင် အဆင့် (၆) ရှိ ကျင့်ကြံသူတစ်ဦးသည် သူ၏ လျှို့ဝှက်ဝိညာဉ် ကို လောင်မြိုက်စေပြီး ဒေါသထွက်နေသော သူတော်စင် တစ်ဦး၏ တိုက်ခိုက်မှုကို ခုခံနိုင်ခဲ့ခြင်းပင် ဖြစ်သည်။
ကောင်းကင်ရှန့်ထို အဆင့်နှင့် အစစ်အမှန်သူတော်စင် အဆင့်ကြားတွင် အဆင့်နှစ်ဆင့်သာ ကွာခြားသည်ဟု ထင်ရသော်လည်း ထိုအဆင့်နှစ်ဆင့်ကြားတွင် နက်နဲလှသော ကွာဟချက်ကြီး နှစ်ခုက ခြားနားနေခြင်းဖြစ်သည်။ လျှို့ဝှက်အာဏာရှင် တစ်ဦးအနေဖြင့် မိမိ၏ ကျင့်ကြံခြင်းအခြေခံ အစွမ်းကုန်အသုံးပြုလျှင်ပင် သူတော်စင်တစ်ဦး၏ တိုက်ခိုက်မှုကို ခုခံနိုင်ရန်မှာ မဖြစ်နိုင်သလောက် ခက်ခဲလှသော်လည်း ထိုတပည့်မှာမူ စွမ်းဆောင်နိုင်ခဲ့ခြင်း ဖြစ်သည်။
ဤကဲ့သို့သော စွမ်းဆောင်မှုမျိုးတွင် အဆင့်နိမ့် လျှို့ဝှက်အာဏာရှင် များက မိမိထက် အဆင့်မြင့်သော ကျင့်ကြံသူများကို အောင်နိုင်ခဲ့သည့် အကြောင်းအရာများမှာ အတွေ့ရများပြီး လျှို့ဝှက် ဝိညာဉ် အဆင့်များ နှင့် သေမျိုးတစ်ပိုင်း အရှင် အဆင့်များအကြောင်းကိုလည်း အများအပြား ရေးထိုးထားသည်။
ထိုအနုပညာလက်ရာများသည် အရောင်အသွေး စုံလင်ပြီး သက်ဝင်လှုပ်ရှားနေကာ အချို့မှာ တိုက်ပွဲ၏ အစိတ်အပိုင်းအချို့ကို ဝိညာဉ်အသိဖြင့် မှတ်တမ်းတင်ထားသဖြင့် ပန်းချီကားအတွင်း၌ လှုပ်ရှားမှုများကို ထင်ထင်ရှားရှား မြင်တွေ့နေရသည်။ ထိုပန်းချီကားများထဲတွင် နစ်မြောသွားရန်မှာ အလွန်ပင် လွယ်ကူလှသည်။ အများစုမှာ ဘေးမှ စောင့်ကြည့်သူတစ်ဦး၏ မှတ်ဉာဏ်ကို အခြေခံ၍ ပြန်လည်ဖန်တီးထားခြင်း ဖြစ်သော်လည်း ဝိညာဉ်မှတ်တမ်းတင် ကိရိယာဖြင့် ရိုက်ကူးထားသကဲ့သို့ပင် အလွန်တရာ တိကျလှသည်။ ကြည့်ရှုနေစဉ်အတွင်း ထိုတိုက်ပွဲကို လူကိုယ်တိုင် မြင်တွေ့နေရသကဲ့သို့ ခံစားရပေသည်။
တစ်ခါတစ်ရံ ပန်းချီကားကို ကြည့်ရှုသူများသည် အလွန်အမင်း စိတ်ဝင်တစား ရှိလွန်းသဖြင့် သူတို့၏ ကျင့်ကြံခြင်းအခြေခံများမှာ အလိုအလျောက် လည်ပတ်လာပြီး ဝတ်စုံများမှာ တိုက်ပွဲ၏ ရိုက်ခတ်မှုလှိုင်းများကို ခံစားနေရသကဲ့သို့ လွင့်ပျံလာတတ်ကြသည်။
ယွီစွန်းလီ၏ မျက်ဝန်းများသည် လမ်းလျှောက်နေစဉ်တစ်လျှောက်လုံး တောက်ပနေခဲ့သည်။ သူမသည် အနုပညာပုံစံသစ်တစ်ခုနှင့် ထိတွေ့ခွင့်ရခဲ့ပြီး သူမ၏ စိတ်ကူးထဲ၌ ဖန်တီးလိုစိတ်နှင့် လှုံ့ဆော်မှုများ ပြည့်နှက်နေသည်။ သူမသည် တစ်ခါက ဝေ့ဝူယင်၏ ရှေ့ဟောင်း ချိပ်ပိတ် နယ်မြေ အောင်နိုင်မှုကို ပန်းချီကားတစ်ချပ် ရေးဆွဲခဲ့ဖူးရာ ယခုအခါတွင်မူ ထိုခမ်းနားလှသော မြင်ကွင်းကို ဤနည်းလမ်းအတိုင်း ပြန်လည်ဖန်တီးနိုင်မည်ဟု သူမ ခံစားလိုက်ရသည်။
သူမသည် ဝေ့ဝူယင်၏လက်ကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားပြီး မကြာခဏဆိုသလို အံ့သြတကြီး ရေရွတ်နေမိသည်။ သူမ၏ စိတ်လှုပ်ရှားမှုမှာ မုန့်ဆိုင်ထဲရောက်နေသည့် မိန်းကလေးငယ်တစ်ဦးနှင့်ပင် တူလှပေသည်။ သူမသည် မိမိ၏ပုံရိပ်ကို ဂရုမစိုက်နိုင်တော့ဘဲ ဝေ့ဝူယင် ရှိနေခြင်းကြောင့် ပုံမှန်ရှက်တတ်ပြီး အေးဆေးသည့် သူမ၏ ပင်ကိုယ် စရိုက်မှာ ပျောက်ကွယ်ကာ နွေးထွေးလုံခြုံမှုနှင့်အတူ သူမ၏ စစ်မှန်သော စရိုက်ကို ပြသနေခြင်း ဖြစ်သည်။
သူမ ဟိုဟိုဒီဒီ လှုပ်ရှားနေစဉ်အတွင်း လှပလှသော ရင်သားအစုံမှာလည်း အရှိန်အဟုန်ဖြင့် လှုပ်ရှားနေပြီး ဝေ့ဝူယင်၏ လက်မောင်းကို မကြာခဏ ဖိကပ်မိနေတတ်သည်။ ထိုနေရာရှိ အမျိုးသားများသည် သူမကို အနီးကပ်ကြည့်လိုသည့် ပြင်းပြသော ဆန္ဒကို အားတင်းကာ ထိန်းချုပ်နေကြရသည်။ တကယ်ကို ကြောက်စရာကောင်းလောက်အောင် ဆွဲဆောင်မှုရှိသည့် အမျိုးသမီးပါပင်။
လောကရှန့်ထို မီးလျှံကြယ်တာရာသည် ယွီစွန်းလီက သူတို့ကို သေတွင်းထဲ တမင်ပို့နေခြင်း ဖြစ်သည်ဟု ယူဆကာ စိတ်ထဲမှ ကျိန်ဆဲနေမိသည်။ တစ်ဖက်တွင်မူ လထွက်သူတော်စင် စွေ့ယွမ်သည် အားနာခြင်းမရှိဘဲ ယွီစွန်းလီအနီးသို့ ချဉ်းကပ်ကာ အနုပညာလက်ရာများ၏ နောက်ခံသမိုင်းကြောင်းများနှင့် ဖန်တီးသူများအကြောင်းကို ရှင်းပြနေလေသည်။
"သူရဲကောင်းတာအို နန်းတော်ဟာ ကျင့်ကြံခြင်းဝိညာဉ်ကို ပြုစုပျိုးထောင်သလိုပဲ အနုပညာဖန်တီးမှုကိုလည်း အလေးထားပါတယ်... ဆရာကြီး ရှန့်လျိုကတော့ စိတ်ရဲ့ ကျယ်ပြောမှုနဲ့ သတ္တိရဲ့ နက်နဲမှုဟာ ကိုယ့်ရဲ့ အတွေးနဲ့ ခံစားချက်တွေကို အနုပညာအဖြစ် ပြောင်းလဲနိုင်စွမ်းပေါ်မှာ မူတည်တယ်လို့ အမြဲယုံကြည်ထားတာပါ... ဒီလက်ရာကိုတော့ ကျွန်မကိုယ်တိုင် ဖန်တီးခဲ့တာပါ..."
စွေ့ယွမ်မှာ ယွီစွန်းလီအနီးသို့ ရောက်ရှိလာကာ လမ်းပြအဖြစ် ဆောင်ရွက်ပေးနေသည်။ မြူပြာ အဂ္ဂိရတ် ရှန့်ထိုကလည်း သူမ၏ တပည့် ဖြစ်သူက ဦးဆောင်၍ စကားပြောဆိုနေသည်ကို ကန့်ကွက်ခြင်း မရှိခဲ့ချေ။
အမှန်စင်စစ် သူတော်စင် နိုးထခြင်းဆေးရည် ကိစ္စပြီးနောက် အခြေအနေမှာ အနည်းငယ် အနေရခက်နေခြင်း ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ၎င်းမှာ ဝေ့ဝူယင်နှင့် သူတို့ကြားရှိ ကွာဟချက်မှာ အလွန်ကြီးမားကြောင်း ပြသနေသော်လည်း၊ နန်းတော်သခင်ရှန့်လျိုကမူ ဝေ့ဝူယင်ကို သာမန်အဆင့်မြင့် ဧည့်သည်တစ်ဦးကဲ့သို့ ဆက်ဆံကာ ဒု-နန်းတော်သခင်ကိုသာ လွှတ်၍ ကြိုဆိုခိုင်းခဲ့ပြီး မိမိကိုယ်တိုင် တံခါးဝတွင် လာရောက်ကြိုဆိုခြင်း မရှိခဲ့ခြင်းကြောင့်ပင်။ ဤသည်မှာ နှစ်ထပ်ကွမ်း စော်ကားမှုပင် ဖြစ်သည်။
စွေ့ယွမ်သည် နန်းတော်သခင်ရှန်း၏ တပည့်ဟောင်းနှင့် သူတော်စင်တစ်ဦး ဖြစ်နေသော်လည်း၊ ဝေ့ဝူယင်ကဲ့သို့ အဆင့်မြင့်လောကရှန့်ထို အဂ္ဂိရတ်ပညာရှင်၊ အလားအလာရှိသော ထိပ်တန်းသူတော်စင် နှင့် အခြားဂလက်ဆီတစ်ခုကို အုပ်ချုပ်နေသော သူတော်စင်လေးပါး၏ အရှင်သခင်ကို ထိုကဲ့သို့ ပြုမူခဲ့ခြင်းမှာ မည်သို့မျှ ဆင်ခြေပေး၍ မရနိုင်သော ကိစ္စပင် ဖြစ်သည်။
ယွီစွန်းလီမှာ ဂရုတစိုက် နားထောင်နေပြီး သိလိုသမျှကို မေးမြန်းနေသည်။ ချင်ချူးမူသည်လည်း အနုပညာလက်ရာများကို ကြည့်ကာ ရံဖန်ရံခါ အံ့သြတကြီး ပါဝင်ဆွေးနွေးလေ့ရှိသည်။ ထိုနေရာတွင် နှလုံးသား ကလဲ့စားသူတော်စင် ၏ ရုပ်ထုတစ်ခုလည်း ရှိပေသည်။ ၎င်းကို ဘေးမှမြင်တွေ့ခဲ့သည့် သူရဲကောင်းတာအို နန်းတော် အဖွဲ့ဝင်တစ်ဦးက ဖန်တီးထားခြင်း ဖြစ်သည်။
၎င်းရုပ်ထုသည် သူ၏ ကလဲ့စားချေမှု အောင်မြင်ပြီးနောက် ခံစားခဲ့ရသည့် စိတ်သက်သာရာရမှု၊ အလွန်အမင်း ပင်ပန်းနွမ်းနယ်မှုနှင့် တိုက်ပွဲအတွင်း ကြုံတွေ့ခဲ့ရသော ဆင်းရဲဒုက္ခများကို အသေးစိတ် ဖော်ညွှန်းထားသည်။ သူ၏ ခန္ဓာကိုယ်မှာ ဒဏ်ရာဗရပွနှင့် ဖြစ်ကာ ခန္ဓာကိုယ် ဒွါရပေါက် ခုနစ်ပေါက်အနက် ခြောက်ပေါက်မှ သွေးများ ယိုစီးနေသည့် ပုံစံပင် ဖြစ်သည်။
ထိုရုပ်ထုကို လျှို့ဝှက်လောက အမတေကျောက်တုံး များ အရောအနှောဖြင့် ထုလုပ်ထားခြင်းဖြစ်ပြီး စီးကျနေဟန် သို့မဟုတ် ခြောက်သွေ့နေဟန်ရှိသော သွေးများမှာမူ လျှို့ဝှက်မူလအရည် များပင် ဖြစ်သည်။ ထိုသို့သော အဖိုးတန်ပစ္စည်းများကို အသုံးပြုထားမှုမှာ မယုံနိုင်လောက်အောင်ပင် ကုန်ကျစရိတ်ကြီးမားလှသော်လည်း ယွီစွန်းလီမှာမူ ထိုဇိမ်ခံပစ္စည်းများထက် ရုပ်ထု၏ ဖန်တီးမှုနည်းပညာကိုသာ ပိုမိုစွဲလန်းနေမိသည်။
ရုပ်ထုမှာ တစ်သားတည်းရှိနေသည်ဟု ထင်ရသော်လည်း အနီးကပ်ကြည့်ရှုမည်ဆိုလျှင် အစိတ်အပိုင်းအသီးသီး၌ အော်ရာအမျိုးအစား အစီအရင် တစ်ခုစီနှင့် ချိတ်ဆက်ထားသော ဝင်္ကပါများ ပါဝင်နေသည်ကို တွေ့ရမည်ဖြစ်သည်။ ရုပ်ထုကို ကြည့်ရှုသည့်အခါ နှလုံးသား ကလဲ့စားသူတော်စင် ၏ အလွန်အမင်းပင်ပန်းနွမ်းနယ်မှုကြောင့် ပြင်းထန်စွာ တုန်ခါနေသော စစ်မှန်သည့် လျှို့ဝှက်အော်ရာကို ခံစားမိစေသည်။ ထိုမြင်ကွင်းမှာ ကြည့်ရှုသူများအား သူ၏ကလဲ့စားချေမှုခရီးစဉ်အတွင်း ကြုံတွေ့ခဲ့ရသော စိန်ခေါ်မှုများကို ကိုယ်တိုင်ကိုယ်ကျ ခံစားသိရှိစေနိုင်စွမ်းရှိပေသည်။
ယွီစွန်းလီသည် ထိုမြင်ကွင်း၌ စိတ်အာရုံနစ်မြောနေသကဲ့သို့ ချင်ချူးမူသည်လည်း စိတ်လှုပ်ရှားမှုများ ပြင်းထန်လာကာ အသိဉာဏ်အလင်းပွင့်မည့် လက္ခဏာများ ပြသနေသည်။ သူမသည်လည်း အနုပညာရှင်တစ်ဦး ဖြစ်သော်လည်း မိမိ၏ကိုယ်ပိုင်လမ်းစဉ်ကို အသေအချာ မရှာဖွေနိုင်သေးသူ ဖြစ်ရာ၊ အတိတ်က အခိုက်အတန့်တစ်ခုကို အေးခဲရပ်တန့်ထားသကဲ့သို့ သက်ဝင်လှုပ်ရှားနေသော ဤကိုယ်တစ်ပိုင်းရုပ်တုကို မြင်တွေ့ရခြင်းမှာ သူမ၏စိတ်ကို အကြီးအကျယ် တုန်လှုပ်စေခဲ့သည်။
"ငါလည်း ဒီလိုမျိုး တစ်ခုခုကို ဖန်တီးကြည့်ချင်တယ်..."
သူမက တိုးညှင်းစွာ ရေရွတ်လိုက်သည်။ သူမတစ်ဦးတည်းသာ မြင်တွေ့နိုင်သော ဝေ့ဝူယင်၏ ဝိညာဉ်ပုံရိပ်မှာ သူမ၏လက်ကို အသာအယာ ဆုပ်ကိုင်လိုက်၏။ ထို့နောက်... သူမကို အားပေးကူညီသည့် အပြုံးဖြင့် ကြည့်နေသည်။ မည်သည့်စကားမျှ မဆိုခဲ့သော်လည်း ဝေ့ဝူယင်ထံမျ ကြင်နာလှသော အားပေးမှုကို ခံစားမိကာ သူမ၏နှလုံးသားမှာ ဒိတ်ဒိတ်တုန်အောင် ခုန်လာတော့သည်။ ဖန်တီးမှု၊ ဝင်္ကပါများနှင့် အစီအရင်များကို ရောနှောအသုံးပြုသည့် ဤလမ်းစဉ်မှာ သူမအတွက် အမှန်တကယ် လျောက်ပတ်သော လမ်းစဉ်ဖြစ်နိုင်သည်ဟု သူမ ခံစားမိလိုက်သည်။
ပန်းချီကြယ်တာရာသူတော်စင်မှာ အနည်းငယ် အနေအေးသော်လည်း ယွီစွန်းလီက သူပါဝင်လာစေရန် ပါးနပ်စွာ မေးခွန်းထုတ်သည့်အခါတွင်မူ နည်းပညာဆိုင်ရာ အခြေခံသဘောတရားအချို့ကို ရှင်းပြပေးကာ သူမကို ကူညီပေးခဲ့သည်။ အထူးသဖြင့် ခန်းမတစ်ခုလုံး၏ ထက်ဝက်ကျော်ကို ဖုံးလွှမ်းထားသော သူကိုယ်တိုင်ရေးဆွဲထားသည့် ပန်းချီကားများအကြောင်းကို ရှင်းပြပေးနေသည်။
ဝေ့ဝူယင်သည် ယွီစွန်းလီအနေဖြင့် သူရဲကောင်းတာအို နန်းတော် သို့ လာရောက်ချင်ရသည့် တစ်ခုတည်းသော အကြောင်းရင်းမှာ ပန်းချီကြယ်တာရာသူတော်စင် ဤနေရာ၌ ရှိနေခြင်းကြောင့်ဖြစ်ကြောင်း သိရှိခဲ့ရသည်။ သူမသည် ဂြိုဟ်တစ်ခုပေါ်၌ သူ၏ပန်းချီကားတစ်ချပ်ကို မြင်တွေ့ခဲ့ရဖူးပြီး သူ၏နည်းစနစ်နှင့် ဖန်တီးမှုစွမ်းရည်တို့ကို အလွန်အမင်း အံ့အားသင့်ခဲ့ရသည်။
အထူးသဖြင့် နေထွက်လာသည့်မြင်ကွင်း သို့မဟုတ် နေဝင်ချိန်၏ နောက်ဆုံးအလင်းရောင်များကဲ့သို့ တိတ်ဆိတ်ငြိမ်သက်သော်လည်း သက်ဝင်လှုပ်ရှားနေသော သူ၏လက်ရာများကို သူမ စွဲလန်းခဲ့ရခြင်းဖြစ်သည်။ ထိုလက်ရာများသည် စိတ်လှုပ်ရှားမှု သို့မဟုတ် လွမ်းဆွေးမှုတို့ကို ဖော်ဆောင်နိုင်ကာ ကြည့်ရှုသူ၏ ခံစားချက်ကို လှုံ့ဆော်နိုင်စွမ်းရှိရာ ဤသည်မှာ သူမကိုယ်တိုင် လျှောက်လှမ်းလိုသည့် လမ်းစဉ်ပင် ဖြစ်သည်။
ယွီစွန်းလီသည် သူမ၏ ဖုံးကွယ်ထားသော ခံစားချက်များကို ထုတ်ဖော်ရန်အတွက် ပန်းချီကားများကို မကြာခဏ အားကိုးခဲ့ရသည်။ ဝေ့ဝူယင်က သူမကို စွန့်ပစ်ခဲ့မည်လား၊ အခြားချစ်သူများကို ရှာဖွေရင်း သူမကို ထားရစ်ခဲ့မည်လားဟု တွေးတောမိသည့်အခါတိုင်း သူမ ထိုခံစားချက်များကို ပန်းချီရေးဆွဲခဲ့သည်။
သူမသည် အစစ်အမှန် မွေးဖွားခြင်း၏ အရိပ်ဥ အတွင်း ရာစုနှစ်ပေါင်းများစွာ ပိတ်လှောင်ခံထားရပြီး၊ ပါရမီရှင် လူငယ် ကျင့်ကြံသူများ၏ ယန် စွမ်းအင်များကို အတင်းအဓမ္မ ထုတ်ယူပေးခဲ့ရသည်။ အကျဉ်းချခံထားရသည့်ဘဝဖြင့် လျှို့ဝှက်အာဏာရှင် အဆင့်သို့ ကျင့်ကြံခဲ့ရစဉ်ကလည်း ထိုခံစားချက်များကို ပန်းချီရေးဆွဲခဲ့သည်။ ဝေ့ဝူယင်သည် သူမ၏ ပျောက်ဆုံးနေသော လွတ်လပ်မှုဆန္ဒကို ပထမဆုံး သိရှိနားလည်ပေးခဲ့သူဖြစ်ပြီး၊ လှောင်အိမ်ထဲမှ ငှက်ကလေးကို ကမ္ဘာလောကကြီးထဲသို့ ခေါ်ဆောင်ကာ အိမ်ပြန်ပို့ပေးခြင်းဖြင့် သူမ၏ဘဝကို ပြောင်းလဲပေးခဲ့သူ ဖြစ်သည်။
ယခုအခါတွင်မူ သူတို့သည် ကြယ်တာရာကောင်းကင်ယံကို အတူတကွ လှည့်လည်ကြည့်ရှုနေကြပြီ ဖြစ်သည်။ သူသည် တစ်ခါတစ်ရံ အံ့မခန်းစွမ်းဆောင်မှုများကို ပြုလုပ်နေသဖြင့် အလုပ်များနေတတ်သော်လည်း၊ သူရှိနေသည့်အချိန်တိုင်းတွင်မူ သူမနှင့်အတူ အမြဲတစေ ရှိနေပေးခဲ့သည်။ ယခုကဲ့သို့ပင် သူမ ထိုအရာကို အမြဲခံစားမိနေပေသည်။
***
အပိုင်း(၂၂၁၂)
တဖြည်းဖြည်း ဆက်ကာ လျှောက်လာကြရင်း ဝေ့ဝူယင်တို့ အဖွဲ့သည် သူရဲကောင်းတာအို နန်းတော် ၏ အမျိုးသမီးအဖွဲ့ဝင်တစ်ဦး၏ ပန်းချီကားကို မြင်တွေ့လိုက်ရသည်။ ထိုအမျိုးသမီးမှာ အဆင့်မြင့်ကျင့်ကြံသူတစ်ဦး ဖန်တီးထားသည့် လှောင်အိမ်အတွင်းမှ ရုန်းထွက်ရန် ကြိုးစားနေပြီး သူမ၏မျက်နှာတွင် အလျှော့မပေးသော စရိုက်ကို အထင်အရှား မြင်တွေ့ရသည်။
ထိုအမျိုးသမီးမှာ အလွန်တရာ လှပရုံသာမက သဘာဝအတိုင်း ဆွဲဆောင်မှုရှိသူ ဖြစ်သော်လည်း ပန်းချီကားထဲ၌မူ သူမ၏ စစ်မှန်သော အလှတရား၏ တစ်စိတ်တစ်ပိုင်းကိုသာ ဖော်ပြထားနိုင်သည်မှာ သိသာလှသည်။ တစ်ချိန်တည်းမှာပင် သူမ၏ ရင်သားအစုံမှာ ယွီစွန်းလီထက် အနည်းငယ်သာ သေးငယ်ပြီး လူတို့၏နှလုံးသားနှင့် အကြည့်များကို ဖမ်းစားနိုင်စွမ်းရှိပေသည်။
ပန်းချီကြယ်တာရာသူတော်စင်သည် ရှန့်လျိုနှင့် အခြားသူများနှင့်အတူ ထိုပန်းချီကားကို တိတ်ဆိတ်စွာ စိုက်ကြည့်နေပြီး စိတ်မကောင်းဖြစ်နေဟန် ရှိသည်။ ထိုပန်းချီကားမှာ ခန်းမ၏ အတွင်းဘက်အကျဆုံးနေရာ၌ ရှိနေခြင်းဖြစ်သည်။ သူတို့အားလုံး၏ နှလုံးသားထဲတွင် ထိုပန်းချီကားအပေါ် တိတ်ဆိတ်သော လေးစားမှုတစ်ခု ရှိနေကြ၏။ စွေ့ယွမ်မှာမူ အကြည့်လွှဲလိုက်သော်လည်း သူမ၏မျက်ဝန်းထဲ၌ ယွီစွန်းလီ၏ အလှတရားနှင့် ဆွဲဆောင်မှုရှိသော ကိုယ်လုံးကိုယ်ပေါက်တို့က အရိပ်ထင်ဟပ်နေသည်။
"ဒါက ဘယ်သူလဲ"
ယွီစွန်းလီက ရှေ့သို့ လှမ်းတက်ရင်း မေးလိုက်သည်။ သူမသည် ထိုမြင်ကွင်း၌ စိတ်အာရုံ နစ်မြောနေပြီး ရင်းနှီးသော ခံစားချက်တစ်ခုကို ခံစားနေရသည်။
ပန်းချီကြယ်တာရာသူတော်စင် သည် ဝေ့ဝူယင်ကို ခဏမျှ ကြည့်လိုက်ပြီးနောက် ရှန့်လျိုကို တစ်ချက်ကြည့်ကာ မျက်လုံးများကို ပိတ်လိုက်သည်။ သို့သော် နှလုံးသား ကလဲ့စားသူတော်စင် ကမူ ဖုံးကွယ်ထားခြင်းမရှိဘဲ ပြောကြားလိုက်လေသည်။
"ဒါက ရှီနင်ရဲ့ နောက်ဆုံးအချိန်တွေကို ရေးဆွဲထားတဲ့ ပန်းချီကားပါ... သူက လွန်ခဲ့တဲ့ နှစ်ပေါင်း ရှစ်ထောင်လောက်က အထွတ်အထိပ်ကို တက်လှမ်းဖို့ ကြိုးစားခဲ့တဲ့ ကျင့်ကြံသူတစ်ဦးဖြစ်ပါတယ်... ချွင်ဆွေဟွကျိ ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားသူပါ... သူက သူရဲကောင်းတာအို နန်းတော် ရဲ့ အဖွဲ့ဝင်တစ်ဦး ဖြစ်ပေမဲ့ ကျင့်ကြံခြင်းအခြေခံက မြေကြီးရှန့်ထို အဆင့်မှာပဲ ရှိသေးချိန်မှာ သူ ပိုင်ဆိုင်ထားတဲ့ ခန္ဓာကိုယ်ရဲ့ ထူးခြားတဲ့ ဂုဏ်သတ္တိတွေက တဖြည်းဖြည်း ပေါ်ထွက်လာခဲ့ပါတယ်... အဲဒီအခါမှာ သူတော်စင်တစ်ဦးက သူ့ကို စိတ်ဝင်စားသွားခဲ့ပြီး သူ့ကို ဖမ်းဆီးပြီးတော့ အညံ့ခံဖို့ အတင်းအဓမ္မ ဖိအားပေးခဲ့ပါတယ်...”
“ရှီနင်ဟာ သုံးနှစ်ကြာအောင် ညှင်းပန်းနှိပ်စက်ခံခဲ့ရပေမဲ့ လုံးဝ အလျှော့မပေးခဲ့ပါဘူး... ဒါက သူ့... သူရဲ့ အစစ်အမှန် ဝိညာဉ်နဲ့ ခန္ဓာကိုယ်ကို ဖျက်ဆီးပြီး အဆုံးစီရင်ခြင်း မပြုလုပ်ခင် နောက်ဆုံးအချိန် မြင်ကွင်းပါပဲ... တစ်ဖက်လူက သူ့ကို ပြန်လည်အသက်သွင်းခွင့် မရအောင် လုပ်ဆောင်ခဲ့သလို သူ့ရဲ့ ရုပ်အလောင်းကနေ အကျိုးအမြတ် ရရှိသွားမှာကိုလည်း ခွင့်မပြုခဲ့ပါဘူး... သူဟာ တကယ်ကို ထူးခြားတဲ့သူပါ"
နှလုံးသား ကလဲ့စားသူတော်စင် က လေးနက်သော ခံစားချက်များဖြင့် ရှင်းပြလိုက်သည်။
"..."
မြူပြာ အဂ္ဂိရတ် ရှန့်ထိုသည် ယွီစွန်းလီကို ရှုပ်ထွေးသော မျက်ဝန်းများဖြင့် ကြည့်လိုက်သည်။ ဤအချိန်၌ သူတို့အားလုံးသည် ယွီစွန်းလီ၏ ထူးခြားသော ခန္ဓာကိုယ်မှာ မည်သည့်အမျိုးအစား ဖြစ်သည်ကို သိရှိနေကြပြီ ဖြစ်သည်။ စင်ကြယ်သော ချွင်ဆွေဟွကျိ ခန္ဓာကိုယ် ဆိုသည်မှာ ချွင်ဆွေဟွကျိ ခန္ဓာကိုယ်များထဲ၌ပင် အလွန်ရှားပါးလှသော အမျိုးအစား ဖြစ်သည်။
သူမသည် ကြယ်တာရာများကိုပင် မှေးမှိန်စေလောက်အောင် လှပရုံသာမက ဆွဲဆောင်မှုရှိသော သူမ၏ကိုယ်လုံးမှာလည်း လူတိုင်း၏ လိုအင်ဆန္ဒကို နှိုးဆွနိုင်စွမ်းရှိသည်။
ရှီနင် အကြောင်း ကြားသိပြီးနောက်တွင် ယွီစွန်းလီထံမှ ကြောက်ရွံ့မှု သို့မဟုတ် မျှော်လင့်ချက်မဲ့သည့် အရိပ်အယောင်များကို တွေ့ရလိမ့်မည်ဟု သူတို့ ထင်မှတ်ထားခဲ့သော်လည်း၊ မိန်းကလေးမှာ ထိုအမျိုးသမီး၏ အခြေအနေအပေါ် သနားစိတ်သာ ရှိနေခဲ့သည်။ ယွီစွန်းလီသည် ချွင်ဆွေဟွကျိခန္ဓာကိုယ်များ၏ အခြေအနေကို မသိရှိသေးသလို သိရှိရန်လည်း မကြိုးစားခဲ့ပေ။ ဝေ့ဝူယင်က သူမ သိချင်လျှင် ပြောပြမည်ဟု ဆိုခဲ့သော်လည်း၊ ဝေ့ဝူယင်အနေဖြင့် သူမ သိသင့်သည့်အချိန်တွင်သာ ပြောပြလိမ့်မည်ဟု သူမ ခံစားမိသည်။
သို့သော်လည်း သူမသည် လူမိုက်တစ်ဦး မဟုတ်ပေ။ လက်ရှိရှိနေသူများ၏ အကြည့်များကို ကြည့်ရုံဖြင့် ချွင်ဆွေဟွကျိခန္ဓာကိုယ် ပိုင်ဆိုင်ထားခြင်းမှာ မည်မျှ အရေးပါပြီး အန္တရာယ်ရှိကြောင်း သူမ နားလည်ထားသည်။ အစွမ်းကုန်သန့်စင်ခြင်းဂလက်ဆီ တစ်ခုလုံး၌ ချွင်ဆွေဟွကျိခန္ဓာကိုယ် ပိုင်ဆိုင်သူ သုံးဦးသာ လူသိရှင်ကြား ရှိနေပြီး သူတို့အားလုံးမှာ ထင်ရှားသော နောက်ခံများ ရှိကြကာ... ထိုနောက်ခံများမှာလည်း သူတော်စင်အဆင့်တွင် ရှိနေကြသည်။
ဥပမာအားဖြင့် ရှန့်ဝမ်ချင်းနှင့် သူရဲကောင်းတာအို နန်းတော် ကဲ့သို့ပင် ဖြစ်သည်။ သူတို့၌ သူတော်စင်တစ်ဦး မရှိသော်လည်း သူတော်စင်အဆင့်ရှိသော ဆက်သွယ်မှုများစွာ ရှိနေသည်။
အကယ်၍ နန်းတော်သခင်ရှန့်လျိုနှင့် သူရဲကောင်းတာအို နန်းတော် သာ မရှိခဲ့လျှင် ရှန့်ဝမ်ချင်းသည်လည်း အခြားသူများ၏ ကျင့်ကြံခြင်းအတွက် အသုံးချခံရသည့် အမည်မသိ မီးဖို တစ်လုံးသာ ဖြစ်နေပေလိမ့်မည်။
ကျင့်ကြံခြင်းလောကမှာ ရက်စက်လှသော်လည်း၊ ဝေ့ဝူယင်၏ ရင်ခွင်အတွင်း၌မူ ယွီစွန်းလီ လုံခြုံမှုကို ခံစားရသည်။ ကျင့်ကြံခြင်း၏ အထွတ်အထိပ်ကို ရောက်ရှိလိုသော ချွင်ဆွေဟွကျိခန္ဓာကိုယ် ပိုင်ဆိုင်သည့် အမျိုးသမီးတစ်ဦးသည် သူမ၏လမ်းစဉ် လျင်မြန်စေရန် သူတော်စင်တစ်ဦးနှင့် အဘယ်ကြောင့် သံဝါသ ကျင့်စဉ် မပြုလုပ်လိုသနည်း ဟူသော မေးခွန်းမှာမူ သူမ၏ ခိုင်မာသော စိတ်ဓာတ် သို့မဟုတ် ထိုသူတော်စင်အပေါ် ရွံရှာမှုကြောင့်ပင် ဖြစ်မည်ကိုလည်း သူမ သိရှိထားသည်။
ဝေ့ဝူယင်သည် ပန်းချီကားအနီးသို့ လျှောက်သွားပြီး ပန်းချီကားပေါ်သို့ သူ၏လက်ကို ဝဲလိုက်သည်။ ဤနေရာ၌ ထူးဆန်းသော အော်ရာတစ်ခု ရှိနေသည်။
"ဒါကို ဘယ်လောက်နဲ့ ရောင်းမလဲ..."
သူက မေးလိုက်သည်။ စကားလုံး လေးလုံးမျှသာ ဖြစ်သော်လည်း ပြတ်သားသော ဆည်းဆာ ဂလက်ဆီမှ မဟုတ်သော သူတော်စင်များနှင့် အဂ္ဂိရတ်ပညာရှင်များကို အံ့အားသင့်သွားစေသည်။
"ဘယ်လောက်လဲ ဟုတ်လား"
နှလုံးသား ကလဲ့စားသူတော်စင် မှာ မှင်တက်သွားရလေတော့သတည်း။
ဝေ့ဝူယင်က ပန်းချီကားကို စိုက်ကြည့်ရင်း ခေါင်းညိတ်လိုက်သည်။
"ကျွန်တော်နဲ့သာ မဆုံခဲ့ရင် ဒါဟာ ကျွန်တော့်ဇနီးရဲ့ ကံကြမ္မာ ဖြစ်လာနိုင်ပါတယ်... ဒီပန်းချီကားထဲမှာ ကျန်ရစ်နေတဲ့ ခံစားချက်တွေ၊ သူ့ကို နာကျင်စေခဲ့တဲ့ ဒဏ်ရာတွေဟာ... ကျွန်တော့်ဇနီးသည်ကို ဒီလိုကံကြမ္မာမျိုး၊ ဒီလိုခံစားချက်မျိုးတွေ နောက်ထပ်တစ်ကြိမ် အဖြစ်မခံဖို့ ကျွန်တော့်ကိုယ်ကျွန်တော် သတိပေးနေတဲ့ အရာတစ်ခု ဖြစ်လာပါလိမ့်မယ်... ဒါကို ကျွန်တော့်နန်းတော်ရဲ့ တောင်ဘက်အစွန်ဆုံးက ပြသဆောင်နံရံမှာ ချိတ်ဆွဲထားမယ်"
ယွီစွန်းလီ၏ မျက်ဝန်းများမှာ တောက်ပသွားပြီး စိတ်လှုပ်ရှားမှုများ ပြင်းထန်လာသည်။ သူမ၏မျက်ဝန်းအစုံ၌ မျက်ရည်များ ဝဲတက်လာပြီး အချိန်မရွေး စီးကျလာတော့မည့်အတိုင်းပင်။ အံ့ဩစရာကောင်းသည်က ချင်ချူးမူ၏ မျက်ဝန်းများမှာလည်း စိုစွတ်လာခြင်းပင် ဖြစ်သည်။
သူတို့နှစ်ဦးစလုံးတွင် တူညီသော အတိတ်တစ်ခု ရှိခဲ့ကြသည်။ ဤသည်မှာ သူတို့၏ အနုပညာဖန်တီးမှု စွမ်းရည်ကိုသာမက သူတို့နှစ်ဦးကြားရှိ ညီအစ်မရင်းချာကဲ့သို့သော ဆက်ဆံရေးကိုပါ ပိုမိုခိုင်မာစေခဲ့သည်။ သူတို့နှစ်ဦးစလုံးမှာ လှောင်အိမ်အတွင်း ပိတ်လှောင်ခံခဲ့ရပြီး၊ ဆင်းရဲဒုက္ခများ ကြုံတွေ့ခဲ့ရကာ သေချင်စိတ်ပေါက်ခဲ့ကြသော်လည်း မသေနိုင်ခဲ့ကြသူများ ဖြစ်သည်။ သူတို့နှစ်ဦးစလုံး၌ မပျောက်ကွယ်နိုင်သော မျှော်လင့်ချက်ကလေးတစ်ခု ရှိခဲ့ကြသည်။
သို့သော် ဤအမျိုးသမီးမှာမူ... သူမ၏ နောက်ဆုံးမျှော်လင့်ချက် အလင်းတန်းလေး ပျောက်ကွယ်သွားချိန်တွင် အရာအားလုံးကို အဆုံးသတ်ရန် ရွေးချယ်ခဲ့သည်။ ချင်ချူးမူမှာမူ ဤကဲ့သို့သော ဒုက္ခမျိုးကို တစ်ကြိမ်မက ကြုံတွေ့ခဲ့ရဖူးသည်။ သို့သော် အကြိမ်တိုင်းတွင် ဝေ့ဝူယင်မှာ အချိန်ကိုက် ပေါ်လာခဲ့စမြဲပင်။
ထိုနေရာတွင် ရှိနေသူများသည် သူမ သို့မဟုတ် ယွီစွန်းလီတို့ ခံစားခဲ့ရသည့် ကြောက်ရွံ့မှု၏ အတိမ်အနက်ကို မည်သို့မျှ နားလည်နိုင်ကြမည် မဟုတ်ပေ။ မျှော်လင့်ချက်ကလေးကို ထိန်းသိမ်းရန်အတွက် အသက်များကို အဆုံးစီရင်ခဲ့ရခြင်းမှာ ဝိညာဉ်အတွက်မူ တစ်မျိုးတစ်ဖုံသော နှိပ်စက်မှုပင် ဖြစ်သည်။ ဝေ့ဝူယင်၏ ရှိနေပေးမှု၊ နွေးထွေးမှု၊ လုံခြုံမှုနှင့် ဘဝကို အပြည့်အဝ ချစ်မြတ်နိုးစွာ ဖြတ်သန်းလိုသည့် စိတ်ဓာတ်တို့ကြောင့်သာလျှင် သူတို့သည် ရှေ့ဆက်လျှောက်လှမ်းနိုင်ခဲ့ပြီး ဒဏ်ရာများကို ကုစားနိုင်ခဲ့ကြခြင်း ဖြစ်သည်။
ဝေ့ဝူယင်သည် မိမိ၏ ဘယ်ဘက်နှင့် ညာဘက်လက်ထဲသို့ သူမတို့နှစ်ဦး၏ လက်ကလေးများ တိတ်ဆိတ်စွာ ရောက်ရှိလာသည်ကို ခံစားလိုက်ရသည်။
"..."
ထိုနေရာရှိ ပန်းချီကားထဲက ဇာတ်လမ်းမှာ အလွန်ပင် ခမ်းနားလှကြောင်း အားလုံး သိရှိထားကြသည်။
သူတို့ထဲတွင် လထွက်သူတော်စင် စွေ့ယွမ်၏ မျက်ဝန်းများ၌မူ သံသယနှင့် မရေရာမှုအချို့ အရိပ်ထင်နေသည်။ နန်းတော်သခင်ရှန့်လျိုမှာမူ မျက်မှောင်ကြုတ်လျက် ပန်းချီကြယ်တာရာသူတော်စင် ကို ကြည့်လိုက်သည်။
"ဒီပန်းချီကားရဲ့ တန်ဖိုးကတော့ ဖြတ်လို့မရနိုင်ပါဘူး... ဒါဟာ ကျွန်တော်တို့ သူရဲကောင်းတာအို နန်းတော် ရဲ့ သမိုင်းကြောင်းမှာ အရေးပါတဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်သလို၊ အခက်အခဲဆုံးသော အတားအဆီးတွေကို ရင်ဆိုင်ခဲ့တဲ့ အလျှော့မပေးတဲ့ စိတ်ဓာတ်ကို ပြသနေတာပါ"
ဤအချိန်တွင် ယွီစွန်းလီနှင့် ချင်ချူးမူတို့မှာ ပန်းချီကားကို မရရှိလျှင်ပင် အရေးမကြီးတော့ချေ။ ဝေ့ဝူယင်က ၎င်းကို ဝယ်ယူလိုသည်ဟူသော အချက်ကပင် သူတို့ကို ပျော်ရွှင်စေခဲ့ပြီ ဖြစ်သည်။ ဝေ့ဝူယင်ကမူ ခေါင်းခါလျက် ပြန်လည်တုံ့ပြန်လိုက်သည်။
"တန်ဖိုးဖြတ်လို့မရတဲ့ အရာဆိုတာ မရှိပါဘူး... ပြောပါ... ဒါကို ဘယ်လောက်နဲ့ ရောင်းမလဲ"
"..."
မြူပြာ အဂ္ဂိရတ် ရှန့်ထိုမှာ မျက်မှောင်ကြုတ်သွားသည်။ ဝေ့ဝူယင်က ဤပန်းချီကားကို ဝယ်ယူရန် အလွန်ပင် စိတ်အားထက်သန်နေပုံရသည်။
စွေ့ယွမ်၏ မျက်ဝန်းများမှာ လက်ခနဲ ဖြစ်သွား၏။
"ဒါက လုံးဝ မဖြစ်နိုင်တာတော့ မဟုတ်ပါဘူး... ကျွန်မတို့ သမိုင်းကြောင်းအရလည်း ပန်းချီကြယ်တာရာသူတော်စင် ရဲ့ ထူးကဲတဲ့ စွမ်းရည်ကို သဘောကျတဲ့သူတွေကို အချို့သော ပန်းပုလက်ရာတွေနဲ့ ပန်းချီကားတွေကို ရောင်းချခဲ့ဖူးတာတွေ ရှိပါတယ်"
ရှန့်လျိုသည် စွေ့ယွမ်ကို တစ်ချက်ကြည့်လိုက်သည်။ သူမ ပြောသည်မှာ မှန်ပေသည်။ ဤခန်းမသည် အနုပညာ ပြခန်းတစ်ခုကဲ့သို့ပင် ဖြစ်ရာ လက်ရာအချို့ကို ရောင်းချခဲ့ဖူးသည်။ ရှန့်လျိုမှာမူ ပန်းချီကား၏ အရေးပါမှုကို ပိုမိုပေါ်လွင်စေရန် အသားပေး ပြောဆိုနေခြင်းသာ ဖြစ်သည်။ အမှန်စင်စစ် ဤသည်မှာ အမြတ်အစွန်း အများဆုံး ရရှိရန်အတွက် ဆရာနှင့် တပည့် နှစ်ဦးသား ဟန်ချက်ညီညီ ဖော်ဆောင်နေသည့် အစီအစဉ်တစ်ခုပင် ဖြစ်တော့သည်။
"သူမ ပြောတာ မှန်ပါတယ်... ဒါပေမဲ့ ဒီပန်းချီကားကတော့..."
ရှန့်လျိုက ဝေခွဲမရဖြစ်နေဟန် ပြသလိုက်သည်။
ချောင်စွေ့ဖုန်းက ရှေ့သို့ ခြေတစ်လှမ်း တိုးလိုက်၏။
"လျှို့ဝှက်လောက အမတေကျောက်တုံး ၁၅၀,၀၀၀"
၎င်းမှာ ပန်းချီကားတစ်ချပ်အတွက် မနည်းလှသော ပမာဏပင် ဖြစ်သည်။ သူတို့အားလုံး၏ မျက်လုံးများမှာ တောက်ပသွားကြသည်။
စွေ့ယွမ်၏ မျက်ဝန်းများမှာလည်း အနည်းငယ် တောက်ပနေသည်။ ရှန့်လျိုကမူ ပိုမို၍ပင်။
"၁၅၀,၀၀၀ ဟုတ်လား..."
သူက တိုးညှင်းစွာ ဆိုလိုက်သော်လည်း သူ၏ မျက်ဝန်းထဲတွင်မူ လက်မခံလိုဟန် အမူအရာကို အားတင်းကာ ပြသနေသည်။ အမှန်တကယ်တွင်မူ ဤသည်မှာ ဟန်ဆောင်နေခြင်းသာ ဖြစ်ပေသည်။
ချောင်စွေ့ဖုန်းသည် ယွီစွန်းလီနှင့် ချင်ချူးမူတို့ကို တစ်ချက်ကြည့်လိုက်ပြီးနောက် ဝေ့ဝူယင်၏ ကိုယ်စား ပြတ်သားစွာ ဆိုလိုက်သည်။
"လျှို့ဝှက်လောက ကျောက်တုံး ၁၇၀,၀၀၀... ဒါဟာ နောက်ဆုံး ကမ်းလှမ်းချက်ပဲ... အကယ်၍ ဒီဈေးနဲ့မှ မရဘူးဆိုရင်တော့ ကျွန်မ အမျိုးသားအနေနဲ့..."
သူမ၏ စကား၌ ခြိမ်းခြောက်မှုတစ်ခု ပါဝင်နေသည်မှာ သိသာလှသည်။
"သဘောတူတယ်..."
စွေ့ယွမ်က ချက်ချင်းပင် သဘောတူလိုက်ရာ ရှန့်လျိုမှာ မတတ်သာဟန်ဖြင့် သက်ပြင်းချလိုက်ရတော့သည်။ သူသည် တပည့်ဖြစ်သူ၏ ဆုံးဖြတ်ချက်ကို မတွန်းလှန်နိုင်တော့သည့် ပုံစံမျိုးပင်။ ချောင်စွေ့ဖုန်းက လက်စွပ်တစ်ကွင်းကို ထုတ်ယူကာ စွေ့ယွမ်ထံသို့ ပစ်ပေးလိုက်သည်။
ဝေ့ဝူယင်က ယွီစွန်းလီနှင့် ချင်ချူးမူတို့၏ လက်များကို ဆုပ်ကိုင်ထားရင်း ပန်းချီကားအနီးသို့ တိုးကပ်သွားကာ သူ၏ ကောင်းကင်ဘုံ နတ်မျက်လုံးများ ဖြင့် ရှီနင်၏ သက်ဝင်လှုပ်ရှားနေသော ရုပ်ပုံလွှာကို အကဲခတ်လိုက်သည်။
"တကယ်ကို အံ့ဩစရာကောင်းတဲ့ နည်းစနစ်ပဲ..."
သူက မှတ်ချက်ပြုလိုက်သည်။ ထို့နောက် သူက ပါခက်ကို ကြည့်လိုက်သည်။ ပါခက်သည် ဝေ့ဝူယင်၏ ရည်ရွယ်ချက်ကို အလိုအလျောက် နားလည်လိုက်ပုံရပြီး ပန်းချီကားကို ဂရုတစိုက် ကိုင်မြှောက်လိုက်သည်။
"သူ့ကို ပြန်ခေါ်လာခဲ့..."
ဝေ့ဝူယင်က အမိန့်ပေးလိုက်သည်။
"..."
မည်သူမျှ သေချာစွာ မတုံ့ပြန်နိုင်ခင်မှာပင် ပါခက်သည် သူမ၏ လျှို့ဝှက်ဝိညာဉ် နှင့် လျှို့ဝှက် အမြုတေတို့ကို အစွမ်းကုန် အသုံးပြုလိုက်တော့သည်။
ဘုန်း... ဘုန်း...
ပြင်းထန်သော လေပြင်းမုန်တိုင်းတစ်ခုမှာ ခန်းမတစ်ခုလုံးကို လွှမ်းခြုံသွားလေတော့သတည်း။
***