အခန်း (၂၂၁၅-၂၂၁၆)
Vol. 159 Ch. 2215-2216
အပိုင်း(၂၂၁၅)
ဝေ့ဝူယင်က တိုက်ရိုက်ပင် ခေါင်းညိတ်ပြလိုက်သည်။ ယွီစွန်းလီနှင့် ချင်ချူးမူတို့မှာ သူ၏ဘေး၌ ရှိနေသော်လည်း ရှီနင်၏ အာရုံမှာမူ ဝေ့ဝူယင်ထံ၌သာ အပြည့်အဝ ရှိနေသည်။ ထို့နောက် သူမသည် ကြယ်တာရာကောင်းကင်ယံကိုပင် မှေးမှိန်စေလောက်သော အလွန်တရာ တောက်ပသည့် အပြုံးကို ပြုံးလိုက်သည်။ သူမသည် အားလုံး၏ စောင့်ကြည့်နေမှုအောက်တွင် ခဲယဉ်းစွာ ခြေလှမ်းလှမ်း၍ ရှေ့သို့ တိုးလာခဲ့သည်။ ဝေ့ဝူယင်က ဟင်းလင်းပြင် ဥပဒေသကို အသုံးပြု၍ သူမ၏ ခန္ဓာကိုယ်ကို အလင်းများဖြင့် ဝေဝါးအောင် ပြုလုပ်ပေးထားသဖြင့် သူမ၏ အရှက်မှာ လုံခြုံနေပေသည်။
သူမသည် ဝေ့ဝူယင်၏ တိုက်ရိုက်ရှေ့မှောက်သို့ ရောက်ရှိလာပြီး၊ စိုးစဉ်းမျှ ဝေခွဲမနေဘဲ သူမ၏ အသစ်တစ်ဖန် မွေးဖွားလာသော ခန္ဓာကိုယ်ကို အသုံးပြုကာ ဝေ့ဝူယင်၏ နှုတ်ခမ်းအစုံပေါ်သို့ သူမ၏ နူးညံ့လှသော နှုတ်ခမ်းများကို ကပ်ကာ နမ်းရှုံ့လိုက်တော့သည်။
သူမက သူ့ကို နမ်းလိုက်ခြင်းပင်။ နှုတ်ခမ်းချင်း ထိကပ်၍ နမ်းလိုက်ခြင်း ဖြစ်သည်။
ဝေ့ဝူယင်က မက်မောစွာဖြင့် တုံ့ပြန်ရန် မကြိုးစားမီမှာပင် သူမက ခွာလိုက်ပြီး၊ သူမ၏ နက်နဲသော အသံဖြင့် ရေရွတ်လိုက်လေသည်။
"ကျေးဇူးတင်ပါတယ်..."
သူမ၏ စကားလုံးများမှာ ကျေးဇူးတရားများဖြင့် ပြည့်နှက်နေသော်လည်း၊ နောက်ထပ် စကားနှစ်လုံးကမူ ရှိနေသူအားလုံးကို အကြီးအကျယ် အံ့အားသင့်သွားစေတော့သည်။
"...ကျွန်မရဲ့ ခင်ပွန်း"
"ခင်ပွန်း..."
ထိုစကားကို ပြောကြားခဲ့သူ ရှီနင် ကိုယ်တိုင်မှလွဲ၍ ထိုနေရာရှိ ကျင့်ကြံသူတိုင်း၏ မျက်နှာထက်တွင် အံ့အားသင့်တုန်လှုပ်မှုများ အတိုင်းသား ပေါ်လွင်နေကြတော့သည်။ ဝေ့ဝူယင် တစ်ယောက်သာလျှင် အပြင်ပန်း၌ တည်ငြိမ်နေသော်လည်း အတွင်းစိတ်၌မူ ဤမျှော်လင့်မထားသော ရလဒ်အပေါ် အာရုံစိုက်နေမိသည်။
"သူ... သူက..."
လထွက် သူတော်စင်မှာမူ သူမ၏ မြင့်မြတ်လှသော ဂုဏ်သတင်း၊ သူတော်စင် တစ်ဦး၏ အရှိန်အဝါတို့နှင့် မလိုက်ဖက်အောင်ပင် စကားလုံးများ ဗလုံးဗထွေး ဖြစ်နေရရှာသည်။ သူမ၏ အသံမှာ တုန်ယင်နေပြီး ဖြစ်ပျက်သွားသည့် အရာကို နားမလည်နိုင်အောင် ဖြစ်နေ၏။ ခေတ္တမျှ ကြိုးစားအားထုတ်လိုက်ရပြီးနောက်တွင်မှ သူမနှင့် ကျန်ရှိနေသူများ၏ ဦးနှောက်ထဲတွင် တစ်စုံတစ်ခုကို သဘောပေါက်သွားကြတော့သည်။
"သူက မသေသေးဘူးပဲ..."
သူတော်စင် နှလုံးသား ကလဲ့စားနှင့် နန်းတော်သခင် ရှန့်လျို တို့မှာ တုန်လှုပ်ဖွယ်ရာ ကောင်းလောက်အောင်ပင် တစ်ပြိုင်နက်တည်း ပြောဆိုလိုက်ကြသည်။ သူတို့နှစ်ဦးမှာ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီး တစ်ဖက်လူ၏ မျက်လုံးထဲ၌ မယုံကြည်နိုင်မှုများကို မြင်တွေ့နေရသည်။
ရှန့်လျိုအဖို့မူ ဖြစ်ရပ်မှန်ကို သဘောပေါက်လိုက်ချိန်တွင် ပြင်းထန်သော နောင်တရိပ်များက မျက်နှာထက်တွင် ဖျတ်ခနဲ ဖြတ်သန်းသွားတော့သည်။ ရှီနင်သည် သေမသွားခဲ့သည်သာမက သူတော်စင် တစ်ဦး၏ လက်ခုပ်ထဲမှ လွတ်မြောက်ရန်အတွက် သူမ၏ ဝိညာဉ် ပြန်လည် နိုးထလာနိုင်မည့် နည်းလမ်းကိုပါ ဖုံးကွယ်ထားနိုင်ခဲ့ခြင်းပင်။
သူမ၏ စွမ်းဆောင်ရည်မှာ အံ့မခန်းဟု ပြောလျှင်ပင် အနည်းငယ် လိုပေဦးမည်။ ချီးကျူးစကားများစွာဖြင့် ဆိုရသော် သူမ အောင်မြင်သွားခဲ့ပြီ ဖြစ်သည်။
ရှန့်လျို တစ်ယောက် သူ ရရှိနေသည့် နောင်တများမှာ ရှီနင်၏ ရည်ရွယ်ချက်ကို မတွေ့ရှိခဲ့ခြင်းကြောင့်လော၊ သို့မဟုတ်... ပန်းချီကားကို ဝေ့ဝူယင်ထံ အလောတကြီး ရောင်းခဲ့ခြင်းကြောင့်လော ဝေခွဲ မရနိုင်တော့ချေ။ သူတော်စင် နိုးထခြင်း ဆေးလုံး ကို ခေတ္တဖယ်ထားလျှင်ပင် ရှီနင်သည် သူကဲ့သို့ အဆင့်မြင့် လျှို့ဝှက် အာဏာရှင် အဆင့် ကျင့်ကြံသူများအတွက် ကောင်းကင်ဘုံမှ ရတနာတစ်ခုကဲ့သို့ တန်ဖိုးရှိသည့် ဓာတ်ကူပစ္စည်း ခန္ဓာကိုယ် (ချွင်ဆွေဟွကျိ) ကို ပိုင်ဆိုင်ထားသူ ဖြစ်သည်။ ၎င်းမှာ သူတော်စင် တစ်ဦးပင် ကိုယ်တိုင်ကိုယ်ကျ လှုပ်ရှားရန် လုံလောက်သော အကြောင်းပြချက် ဖြစ်ပေသည်။
သူ၏ တပည့်များကြောင့်ပင် အခွင့်အရေး နှစ်ကြိမ်တိုင်တိုင် လွဲချော်ခဲ့ရပြီး ဖြစ်ရာ တတိယအကြိမ်မြောက်ပါ လွဲချော်သွားမည်ကို သူ စိုးရိမ်မကင်း ဖြစ်လာမိသည်။ ပန်းချီကြယ်တာရာ သူတော်စင် ဖြစ်စေ၊ နှလုံးသား ကလဲ့စား ဖြစ်စေ အခွင့်အရေးကို အရယူရန် ပျက်ကွက်ခဲ့ကြသလို အနှောင့်အယှက်ပင် ပေးခဲ့ကြသေးသည်။ လထွက် သူတော်စင် ကလည်း အရောင်းအဝယ် ကိစ္စတွင် ကူညီပေးခဲ့သေးသည်။
သူတို့၏ အမြော်အမြင် ကင်းမဲ့မှု၊ ပင်ကိုယ်သိစိတ် အားနည်းမှုနှင့် အသိပညာ နည်းပါးမှုတို့က သူတော်စင် အဆင့်ကို အသည်းအသန် တက်လှမ်းလိုနေသော သူ့ကို တိုက်ရိုက် ထိခိုက်စေခဲ့ကြောင်း သိမြင်လာရသည်နှင့်အမျှ သူ၏ မျက်နှာမှာ ပို၍ မှုန်မှိုင်းလာခဲ့တော့သည်။ ထို့ပြင် ကျန်ရှိသော သူတော်စင် သုံးဦးမှာလည်း လူအူကြောင်ကြောင်များ မဟုတ်ကြပေ။
ထိုအတောအတွင်း စတုတ္ထမြောက် သူတော်စင် တစ်ဖြစ်တည်း အတုအယောင် သူတော်စင် ကောင်းကင် ထိတွေ့ခြင်းမှာမူ ဤဖြစ်ရပ်ဆန်းအားလုံးကို အစမှ အဆုံးထိ ဘေးမှ ကြည့်နေခဲ့သည်။ သူမသည် ဘာမှ မပြောသကဲ့သို့ ပြောရန်လည်း မဝံ့ရဲပေ။ သူမ၏ သီးသန့်ဆန်ပြီး တည်ငြိမ်သော အမူအရာကိုသာ ထိန်းသိမ်းထားသည်။
ဝေ့ဝူယင်အနေဖြင့် သူမ၏ စိတ်လှုပ်ရှားမှုကို အစပိုင်းတွင် သိမြင်နိုင်သည်။ သူမ၏ ရုပ်ဖျက်ထားမှုအပေါ် ဝေ့ဝူယင် ဖော်ထုတ်လိုက်မည်ကို စိုးရိမ်နေခြင်းမှာ သဘာဝကျလှသော်လည်း ခန်းမဆောင်အတွင်း လျှောက်လာစဉ် တစ်ချက်ကလေးမျှ လှည့်မကြည့်တော့သောကြောင့် တဖြည်းဖြည်း စိတ်လျှော့နိုင်သွားပုံရသည်။
သူ အနေဖြင့် ယခုလေးတင် ဖြစ်ပျက်သွားသော အရာများထဲမှ အချို့ကိုသာ နားလည်နိုင်စွမ်း ရှိသည်။ ကျင့်ကြံခြင်း အခြေခံနှင့် အသိပညာမှာ ကျင့်ကြံခြင်း အစအနမျှ မကျန်ရှိတော့ဘဲ မွေးကင်းစကလေးငယ် တစ်ဦးကဲ့သို့ လတ်ဆတ်နေသော ခန္ဓာကိုယ်ဖြင့် ရှီနင် မည်သို့ အသက်ပြန်ရှင်လာသနည်း ဆိုသည်ကို သိရှိရန် လိုအပ်ချက်များ ရှိနေသေးသည်။
သူမ မြင်တွေ့ရသလောက် ရှီနင်၏ ပြည့်လျှံနေသော အသက်ဓာတ်မှာ ပြိုလဲလုနီးပါး ဖြစ်နေပြီး ဝိညာဉ်နှင့် မချည်နှောင်နိုင်ဘဲ ဖြစ်နေသည်။ ဤသည်မှာ သက်တမ်း ရှည်ကြာသော်လည်း ဝိညာဉ်သက်တမ်း အားနည်းနေသည့် လက္ခဏာပင်။ ထိုအဆင့်ရှိ ကျင့်ကြံသူများစွာအတွက်မူ ဤသည်မှာ သေဘေးကို မလွဲမသွေ ရင်ဆိုင်ရတော့မည့် အမှတ်အသားဖြစ်ပြီး အသက်ဓာတ်များမှာ မည်သို့ပင် အပိုအလျှံ ရှိစေကာမူ သို့မဟုတ် အခြားနည်းလမ်းများဖြင့် ရရှိထားစေကာမူ လျင်မြန်စွာ ပျံ့လွင့် ပျောက်ကွယ်သွားတော့မည် ဖြစ်သည်။
ချောင်စွေ့ဖုန်း၊ လျူစုယင်၊ ချင်ချူးမူ နှင့် ယွီစွန်းလီ တို့မှာမူ ရောက်ရှိလာသူ အသစ်ကို အမျိုးမျိုးသော ခံစားချက်များဖြင့် ကြည့်နေကြသည်။ သို့သော် အံ့သြစရာ ကောင်းသည်က သူတို့ထဲမှ တစ်ဦးတစ်ယောက်မျှ ရှီနင်ကို သူတို့အတွက် ခြိမ်းခြောက်မှုတစ်ခုဟု မခံစားကြရဘဲ စိတ်ဝင်တစားသာ ရှိနေကြခြင်းပင်။
ယွီစွန်းလီမှာမူ ပန်းချီကားထဲမှ ဝိညာဉ်တစ်ခုကို ဆွဲထုတ်လိုက်သကဲ့သို့ ဖြစ်ရပ်ကို မျက်မြင်ကြုံလိုက်ရသဖြင့် အထူးတလည် အံ့အားသင့်နေမိသည်။ ဤအမျိုးသမီးသည် သူမ၏ ရှင်သန်နိုင်ခွင့် တစ်ခုလုံးကို ပန်းချီဆရာ တစ်ဦးအပေါ်တွင် ပုံအပ်ခဲ့ခြင်းက ယွီစွန်းလီကို မတွေးဝံ့စရာ ကောင်းလောက်အောင်ပင် စိတ်လှုပ်ရှားစေခဲ့သည်။ သူမ ကိုယ်တိုင်လည်း အကျဉ်းအကျပ်မှ လွတ်မြောက်လာသူ ဖြစ်ရာ စိတ်ချင်း၊ ဝိညာဉ်ချင်း ထိတွေ့မှုမျိုးကို ခံစားနေရသည်။
ထိုသို့သော ညှဉ်းပန်းနှိပ်စက်မှု ကံကြမ္မာကို ခံစားခဲ့ဖူးသူများသာလျှင် ၎င်းက ဝိညာဉ်ကို မည်သို့ ရိုက်ခတ်ပြီး စိတ်ဆန္ဒကို မည်မျှအထိ ဖျက်ဆီးပစ်နိုင်သည်ကို နားလည်နိုင်ကြပေလိမ့်မည်။
ချောင်စွေ့ဖုန်းသည် လူတိုင်း၏ အကြည့်အောက်တွင် ရှေ့သို့ လှမ်းတက်သွားပြီး ရှီနင်ကို အနီးကပ် သေချာစွာ စစ်ဆေးကြည့်လိုက်သည်။ သူမသည် ခြေနှစ်လှမ်းခန့် အကွာအဝေးသို့ ရောက်ရှိချိန်တွင် လက်ချောင်းကလေးများဖြင့် ရှီနင်၏ မျက်နှာပေါ်တွင် ဖုံးအုပ်နေသော ခရမ်းရောင် ဆံနွယ်များကို ညင်သာစွာ ဖယ်ရှားပေးလိုက်သည်။ ထိုအခါတွင် ပေါ်လွင်လာသော ရှီနင်၏ မျက်နှာမှာ စူးရှထက်မြက်ပြီး လှပသည့်အပြင် ဆွဲဆောင်မှုလည်း ရှိလှသည်။ တစ်စုံတစ်ယောက်သာ မျက်နှာကို ကြည့်ပြီး လူကဲခတ်တတ်ပါက ရှီနင်မှာ အတွင်းစိတ်၌ ရဲရင့်ပြတ်သားသော အမျိုးသမီးတစ်ဦး ဖြစ်ကြောင်း သိနိုင်ပေလိမ့်မည်။
ရှီနင်သည် ချောင်စွေ့ဖုန်း၏ ချဉ်းကပ်မှုကို ဘာမျှ တုံ့ပြန်ခြင်း မပြုနိုင်သလို ကြိုးစားရန်လည်း မရည်ရွယ်ပေ။ သူမသည် ရန်လိုခြင်း အလျဉ်းမရှိသည့် ဤစီနီယာ အမျိုးသမီးကြီးကို မျက်တောင် အကြိမ်အနည်းငယ် ခတ်ပြီး ကြည့်နေမိသည်။ ချောင်စွေ့ဖုန်းက ဝတ်ရုံတစ်ခုကို ချက်ချင်း ဖန်တီးကာ မှော်အတတ်ဖြင့် ဝတ်ဆင်ပေးလိုက်သလိုမျိုး သူမ၏ ဆွဲဆောင်မှုရှိသော ကိုယ်လုံးလေးကို ဖုံးအုပ်ပေးလိုက်လိမ့်မည်ဟု သူမ မမျှော်လင့်ခဲ့ပေ။
"ကျွန်မတို့ ခဏ နားနားနေနေ အသုံးပြုလို့ရမယ့် အခန်းရှိမလား..."
ချောင်စွေ့ဖုန်းက မေးလိုက်၏။ သူမ၏ မေးခွန်းမှာ တိတ်ဆိတ်နေသည့် ရှန့်လျိုထံသို့ ရည်ရွယ်ခြင်း ဖြစ်ပြီး ရှန့်လျိုက ဝေ့ဝူယင်ကို တစ်ချက် ကြည့်လိုက်သည်။ ဝေ့ဝူယင်က ပြုံးပြသော်လည်း ဘာမှ မပြောပေ။ ထို့ကြောင့် ရှန့်လျိုမှာ ခေါင်းညိတ်ပြရုံသာ တတ်နိုင်တော့သည်။
ထိုစဉ်မှာပင် လထွက် သူတော်စင်က...
"ကျွန်မနဲ့ လိုက်ခဲ့ပါ... ကျွန်မ အရင်က နေခဲ့တဲ့ နေရာကို ခေါ်သွားပေးမယ်... အဲ့ဒီနေရာက တခြားနေရာတွေထက်စာရင် ပိုပြီး သင့်တော်ပါလိမ့်မယ်"
သူမသည် မြူပြာ အဂ္ဂိရတ် ရှန့်ထို၏ သဘောထားကို တိုက်ရိုက် မမေးမြန်းသော်လည်း သူတို့နှစ်ဦးမှာ ဤအတောအတွင်း ဝိညာဉ်ဖြင့် ဆက်သွယ်ပြောဆိုနေကြခြင်းပင် ဖြစ်သည်။
ချောင်စွေ့ဖုန်းက ခေါင်းတစ်ချက် ညိတ်ပြပြီး ရှီနင်၏ လက်ကို ကိုင်ကာ အလျင်အမြန် ခေါ်ဆောင်သွားတော့သည်။ လျူစုယင်ကလည်း နောက်မှ လိုက်သွားခဲ့သလို ယွီစွန်းလီ လည်း ထွက်သွားခဲ့သည်။ ချင်ချူးမူ မှာမူ ခေတ္တမျှ ဝေခွဲမရ ဖြစ်နေပြီးမှ ဝေ့ဝူယင်ထံသို့ လှမ်းကြည့်လိုက်သည်။ ဝေ့ဝူယင်က သူမ၏ အနားသို့ ကပ်ကာ အခြားသူများ နားမလည်နိုင်သော စကားလုံးများကို တိုးတိုးကလေး ပြောလိုက်ပြီး သူမ၏ ဘယ်ဘက်ပါးပြင်ကို ညင်သာစွာ နမ်းလိုက်ရာ ချင်ချူးမူမှာ မျက်နှာတစ်ခုလုံး နီမြန်းသွားပြီး အမျိုးသမီးများ အဖွဲ့နောက်သို့ အပြေးအလွှား လိုက်သွားပါတော့သည်။
ရှီနင်သည်လည်း ငြင်းဆန်ခြင်း မပြုခဲ့ပေ။ သို့သော် သူမက ဝေ့ဝူယင်ဘက်သို့ ပြန်လည်လှည့်ကြည့်လိုက်ရာ သူမ၏ ကျေးဇူးတင်ရှိမှုနှင့် မျှော်လင့်ချက်များ ပြည့်နှက်နေသော မျက်ဝန်းအစုံမှာ စိတ်သက်သာရာရမှု အရိပ်အယောင်များဖြင့် တဖြည်းဖြည်း လွှမ်းမိုးသွားတော့သည်။ ဝေ့ဝူယင်က တစ်ခွန်းမျှ ထုတ်မပြောသော်လည်း သူမ၏ လောင်းကြေးမှာ တစ်နည်းအားဖြင့် အောင်မြင်သွားပြီဖြစ်ကြောင်း သူမ သိလိုက်သည်။ အဘယ်ကြောင့်ဆိုသော် ရှန့်လျိုနှင့် ပန်းချီကြယ်တာရာ သူတော်စင် တို့သည် သူမကို ခေါ်ဆောင်သွားခြင်း သို့မဟုတ် သူမ၏ တောင်းဆိုချက်နှင့် ပတ်သက်၍ တစ်စုံတစ်ရာ စောဒကတက်ခြင်း မပြုဝံ့ကြသောကြောင့် ဖြစ်သည်။ သူတို့သည် လွန်ကဲလှပပြီး ထူးခြားဆန်းပြားကာ နက်နဲသော အော်ရာကို ပိုင်ဆိုင်ထားသည့် ဤလူငယ်ကို အထူးပင် သတိထားနေကြခြင်း ဖြစ်သည်။
ရှီနင် အောက်နှုတ်ခမ်းကို အနည်းငယ် ကိုက်လိုက်ပြီး ဝေ့ဝူယင်ကို တောင့်တမှု အပြည့်ဖြင့် ကြည့်လိုက်သည်။ ထိုအကြည့်မှာ နေမင်းပေါင်း တစ်သောင်း၏ အပူရှိန်ပင် ရှုံးနိမ့်ရလောက်အောင် ပြင်းရှလှသော်လည်း သူမက အကြည့်ချင်း လွှဲဖယ်ကာ မြင်ကွင်းမှ ပျောက်ကွယ်သွားသည်အထိ ခေါ်ဆောင်သွားခြင်း ခံလိုက်ရတော့သည်။
***
အပိုင်း(၂၂၁၆)
အမှန်စင်စစ်... ဝေ့ဝူယင်သည် ရှီနင်ကို ကယ်တင်ခဲ့သည့် လုပ်ရပ်မှ ဤကဲ့သို့သော ရလဒ်ထွက်ပေါ်လာလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။
သူသည် ယွီစွန်းလီနှင့် ချင်ချူးမူ တို့အတွက် ပန်းချီကားတစ်ချပ် အသက်ဝင်လာခြင်းမှာ စိတ်ဝင်စားဖွယ် အတွေ့အကြုံနှင့် အံ့ဖွယ်ပုံပြင်တစ်ပုဒ် ဖြစ်စေရန် ဟူသော တစ်ကိုယ်ကောင်းဆန်သည့် ရည်ရွယ်ချက်သက်သက်ဖြင့်သာ လှုပ်ရှားခဲ့ခြင်း ဖြစ်သည်။ ဤအတွက် ပါခက်၏ အခြေခံစွမ်းအား အနည်းငယ် ထိခိုက်သွားရခြင်းမှာလည်း တန်ဖိုးရှိသည်ဟု သူ ယူဆသည်။
အမှန်စင်စစ် သူမဘက်မှ သူ့အား ခင်ပွန်းအဖြစ် အလွယ်တကူ သတ်မှတ်လိုက်ခြင်းမှာ အနည်းငယ် လွန်ကဲနေသော်လည်း ဝေ့ဝူယင်က လက်ခံလိုက်ခြင်းမှာ သူမအတွက် အကြီးမားဆုံးသော ကံကြမ္မာဟု ဆိုလျှင်ပင် အားနည်းပေဦးမည်။ သူမအား ကျင့်ကြံခြင်းအတွက် ဓာတ်ကူပစ္စည်းအဖြစ် အသုံးပြုရန်မှာမူ သူမ၏ ဆန္ဒကို ဆန့်ကျင်ရာ ရောက်နေသည့် အပြင် ယွီစွန်းလီကို စိတ်ထိခိုက်စေမည်ဖြစ်ရာ သူ လုံးဝ ထည့်မတွက်ခဲ့ပေ။ သို့သော်လည်း သူမ၏ ကျေးဇူးဆပ်လိုသော စေတနာကိုမူ သူ တိုက်ရိုက် ငြင်းပယ်မည်မဟုတ်ပေ။
ထို့အပြင်... သူမ၏ ဝိညာဉ် သက်တမ်းနှင့် ပတ်သက်၍လည်း ဖြေရှင်းပေးရမည့် ပြဿနာ အကြီးကြီး တစ်ခု ရှိပေသေးသည်။ ၎င်းမှာ မည်သို့မျှ မရိုးရှင်းသော ပြဿနာတစ်ခု ဖြစ်သည်။ အနည်းဆုံးတော့ သာမန် သူတော်စင် သို့မဟုတ် လောကရှန့်ထို အဂ္ဂိရတ် ပညာရှင်များအတွက် ခက်ခဲပေလိမ့်မည်။
ရှန့်လျိုက ခရီးလမ်းကို ဆက်လက် ဦးဆောင်သည်။ ပန်းချီကြယ်တာရာ သူတော်စင် ကလည်း သူ၏ ပန်းချီကားများကို တစ်ချပ်ချင်း လိုက်လံ ရှင်းပြသည်။
အကြိမ်တိုင်းတွင် သူတို့အားလုံးသည် ရပ်တန့်ကာ လျှို့ဝှက်စွမ်းအားများဖြင့် လေထုကိုပင် တုန်ခါစေလောက်အောင် အမျိုးမျိုးသော မျက်လုံးကျင့်စဉ်နှင့် ဝိညာဉ်အာရုံ စစ်ဆေးမှုများကို အသုံးပြု၍ ပန်းချီကားတိုင်းကို အသေအချာ စစ်ဆေးနေကြတော့သည်။
ဤကိစ္စအတွက် သူတို့ကို အပြစ်ဆို၍ မရပေ။ သူတော်စင် ကောင်းကင် ထိတွေ့ခြင်းတစ်ဦးတည်းသာ ဘာမှ မသိသလို နေနေသည်။ သူမသည် သူမ၏ အတုအယောင် သူတော်စင် စွမ်းအားများကို အသုံးပြုရန် သို့မဟုတ် သူမ၏ ရုပ်ဖျက်မှုကို သိရှိသွားစေမည့် အခွင့်အရေးမျိုး ပေးရန် မဝံ့ရဲပေ။ ရံဖန်ရံခါတွင်တော့ သူမမှာ ဝေ့ဝူယင်ဘက်သို့ ပြင်းထန်သော စပ်စုလိုစိတ်များဖြင့် ခိုးကြည့်မိသည်။ ဤလူသည် မည်သူနည်း။
ပါခက်မှာမူ လျှို့ဝှက်လောက အဆင့် အမတေရည်များနှင့် ဆေးလုံးများကို ဖျော်ရည်နှင့် သကြားလုံးများကဲ့သို့ ဗြောင်ကျကျ သောက်သုံးနေသည်။ ၎င်းတို့ကို မြင်တွေ့ရသောအခါ အသုံးပြုထားသည့် ဆေးတိုင်းမှာ အထွတ်အထိပ် အဆင့် အရည်အသွေးများ ဖြစ်နေသဖြင့် ဝေ့ဝူယင်က ပါခက်ကို မည်မျှ တန်ဖိုးထားကြောင်း သိရှိသွားကြပြီး သူ၏ ချမ်းသာကြွယ်ဝမှုအပေါ် ဆွံ့အသွားကြတော့သည်။ အချို့သော ဆေးများမှာ ကျင့်ကြံခြင်းအတွက် ရေရှည်အကျိုးကျေးဇူး ရှိစေသည့်အပြင် နာမည်ကျော် အဂ္ဂိရတ် မျိုးနွယ်များ၏ အထူးထုတ်ကုန်များ ဖြစ်ကြောင်းလည်း သူတို့ သိရှိကြသည်။
ပါခက်သည် ခန္ဓာကိုယ်တွင်း ဒဏ်ရာများကို ကုသပေးသည့် အထွတ်အထိပ် အဆင့် လျှို့ဝှက်လောက အမတေရည်ကို သောက်ပြီးနောက် သူမ၏ နှုတ်ခမ်းများကို လျှာဖြင့် သပ်လိုက်သည်။ အီမန်တက်ကလည်း ပါခက်၏ လက်ထဲမှ တစ်ဝက်ကျန်သော ပုလင်းကို သဘာဝကျကျပင် ယူကာ ကုန်အောင် သောက်လိုက်သည်။ ပါခက်ကလည်း ၎င်းကို စိတ်ထဲမထားပေ။
"အရသာ ရှိလိုက်တာ..."
အီမန်တက်ကလည်း သူမ၏ နှုတ်ခမ်းများကို လျှာဖြင့် သပ်လိုက်ရာ ထိုရိုးရှင်းသော အပြုအမူလေးမှာပင် ရင်ခုန်စရာ ကောင်းလောက်အောင် ဆွဲဆောင်မှု ရှိလှသည်။ သူတော်စင် နှလုံးသား ကလဲ့စား မှာမူ သူတော်စင် ကောင်းကင် ထိတွေ့ခြင်း၏ ရှေ့တွင် သူ၏ စိတ်ရိုင်းများကို ထိန်းချုပ်နေရသဖြင့် မနာလိုစိတ်မှတစ်ဆင့် ကာမစိတ်အငွေ့အသက်များ ဖြစ်ပေါ်လာရသည်။
အီမန်တက် ဖြစ်စေ၊ ယွီစွန်းလီ ဖြစ်စေ သို့မဟုတ် ရှီနင် ဖြစ်စေ သူတို့အားလုံးမှာ ခုခံရန် ခက်ခဲသော ဆွဲဆောင်မှုရှိသည့် ရနံ့များကို ပိုင်ဆိုင်ထားကြသူများ ဖြစ်သည်။
"လောကရှန့်ထို အာရုဏ်ဦးရဲ့ တာအို စောင့်ရှောက်သူက တကယ့်ကို အထင်ကြီးစရာ ကောင်းတာပဲ"
အဖွဲ့သားများ နောက်ထပ် ပန်းချီကားတစ်ချပ်ကို စစ်ဆေးနေစဉ် မြူပြာ အဂ္ဂိရတ် ရှန့်ထို က ပြောလိုက်သည်။
"ကျေးဇူးတင်ပါတယ် မြူပြာ အဂ္ဂိရတ် ရှန့်ထို..."
ဝေ့ဝူယင်၏ ပြန်လည် ဖြေကြားချက်တွင် ဖုံးကွယ်မထားသည့် ဂုဏ်ယူမှု အရိပ်အယောင်များ ပါဝင်နေ၏။ ထို့နောက် သူက ကြွားဝါသော လေသံဖြင့် ဆက်ပြောလိုက်သည်။
"သူတော်စင် ပါခက်ဟာ မကြာသေးခင်ကမှ ကျွန်တော့်ရဲ့ အဂ္ဂိရတ် သူရဲကောင်း အဖြစ် လက်ခံခဲ့တဲ့ ထူးခြားတဲ့ ကျင့်ကြံသူ တစ်ဦးပါ... ဒါပေမဲ့ ကျွန်တော့်ရဲ့ ရည်ရွယ်ချက်တွေကို နားလည်ပြီး ဝေဝေဝါးဝါး ဖြစ်မနေဘဲ ချက်ချင်း လက်ငင်း ဆောင်ရွက်နိုင်တဲ့ သူ့ရဲ့ အရည်အချင်းက ကျွန်တော့်ကို ပျော်ရွှင်မှုကလွဲလို့ ဘာမှ မပေးပါဘူး"
မြူပြာ အဂ္ဂိရတ် ရှန့်ထိုသည် ဤကဲ့သို့သော အဖြေမျိုးကို မမျှော်လင့်ထားသဖြင့် ပါခက်ကို အတန်ကြာအောင် စိုက်ကြည့်နေမိသည်။ ထို့နောက် သူမက တိုက်ရိုက် မေးလိုက်၏။
"အာရုဏ်ဦး လောကရှန့်ထို က ကောင်းကင်ဘုံ ဝင်ပေါက် ကို ထိတွေ့နိုင်ပြီလို့ ကျွန်မ ကြားထားပါတယ်... အောင်မြင်မှု တစ်စုံတစ်ရာ ရရှိခဲ့ပြီလားဆိုတာ သိပါရစေ..."
သူမ၏ မေးခွန်းကြောင့် ပတ်ဝန်းကျင်ရှိ စစ်ဆေးမှုများ အားလုံး ချက်ချင်း ရပ်တန့်သွားပြီး လူတိုင်းက ဤစကားဝိုင်းကို အာရုံစိုက်လိုက်ကြတော့သည်။
ကောင်းကင်ဘုံ ဝင်ပေါက် ဆိုသည်မှာ ရှေးဟောင်း အဂ္ဂိရတ် အသုံးအနှုန်း တစ်ခုဖြစ်ပြီး သုံးလေ့သုံးထ ရှားပါးသော်လည်း ၎င်းမှာ ကောင်းကင် ရှန့်ထိုများ၏ ကောင်းကင်ဘုံ တံခါးကို ရည်ညွှန်းခြင်း ဖြစ်သည်။ ၎င်းမှာ ကောင်းကင်ဘုံ ဥပဒေသ၏ နယ်ပယ်သုံးထောင်သို့ ဝင်ရောက်ကာ ကောင်းကင်ဘုံ ရောင်စဉ်များကို စုပ်ယူကျင့်ကြံနိုင်သည့် အဆင့်ပင် ဖြစ်သည်။ သူမ မေးနေသည်မှာ ဝေ့ဝူယင်သည် ကောင်းကင်ဘုံ ရှန့်ထို အဂ္ဂိရတ် ပညာရှင် တစ်ဦး ဖြစ်လာပြီလား ဟူ၍ပင်။
ဝေ့ဝူယင် ခေတ္တမျှ စဉ်းစားလိုက်၏။ ထိုမေးခွန်းမှာ ဖြေကြားရန် အနည်းငယ် ခက်ခဲပေသည်။ အနှိုင်းမဲ့ဖန်တီးခြင်း အဂ္ဂိရတ် ကြယ်တာရာများကို ရရှိပြီးနောက်တွင် သူသည် လျှို့ဝှက်ကောင်းကင် အဆင့် ထုတ်ကုန်တစ်ခုကို ဖော်စပ်ရန် ယုံကြည်မှု ရှိနေပြီ ဖြစ်သည်။ သူ လိမ်ညာရန် ဆန္ဒမရှိပေ။ ဝိညာဉ်ဆေးလုံးကို အဆင့်မြှင့်တင်ခဲ့သည့် အတွေ့အကြုံအရ... သာလွန်ခြင်း အဆင့် အရည်အသွေးကို ဖော်စပ်ရာတွင် အသုံးပြုခဲ့သည့် အဆင့်မြှင့် အဆင့် ၅ အဂ္ဂိရတ် စွမ်းအင်များကို အသုံးပြုမည်ဆိုပါက အဆင့်နိမ့် ဝိညာဉ်ဆေးလုံး တစ်လုံး ဖော်စပ်ရန်မှာ ဖြစ်နိုင်ချေ ရှိသည်ဟု သူ ခံစားရသည်။
အမှန်စင်စစ် လျှို့ဝှက်လောက အဆင့် သာလွန်ခြင်း အရည်အသွေးရှိ ထုတ်ကုန်တစ်ခုကို ဖော်စပ်ခြင်းမှာ လျှို့ဝှက်ကောင်းကင် အဆင့် ထုတ်ကုန်တစ်ခု ဖော်စပ်ခြင်းထက် အဆပေါင်းများစွာ ပိုခက်ခဲပေလိမ့်မည်။
"ကျွန်တော် အဲ့ဒီလမ်းစဉ်ထဲကို တရားဝင် မဝင်ရောက်ရသေးပါဘူး... ဒါပေမဲ့ နောက်တစ်ကြိမ် ဆေးဖော်စပ်တဲ့အခါမှာတော့ ဒါဟာ ခက်ခဲတဲ့ ကိစ္စတစ်ခု မဟုတ်ဘူးလို့ ခံစားရပါတယ်..."
"..."
ထိုအဖြေက လူတိုင်းကို တိတ်ဆိတ်သွားစေသည်။ အထူးသဖြင့် ဝေ့ဝူယင်က ကောင်းကင် အဂ္ဂိရတ် ရှန့်ထို တစ်ဦး ဖြစ်လာရန်မှာ အချိန်ကိစ္စသာ ဖြစ်သည်ဟု တိုက်ရိုက် ဝန်ခံလိုက်ခြင်းကြောင့်ပင်။
မြူပြာ အဂ္ဂိရတ် ရှန့်ထို၏ ဆက်ဆံရေးမှာ သိသိသာသာ ရင်းနှီး ဖော်ရွေလာ၏။ ရှေ့သို့ ဆက်လက် လျှောက်လှမ်းလာစဉ် နှလုံးသား ကလဲ့စား နှင့် ပန်းချီကြယ်တာရာ သူတော်စင် တို့ပင် ဝေ့ဝူယင်နှင့် မိတ်ဆွေဖြစ်ရန် ဗြောင်ကျကျ ကြိုးစားလာကြတော့သည်။ စွမ်းအားကြီးမားသော လောကရှန့်ထို အဂ္ဂိရတ် ပညာရှင် တစ်ဦးသည် အထွတ်အထိပ် သူတော်စင် တစ်ဦးကို ဖန်တီးနိုင်ရန် အခွင့်အရေး အနည်းငယ်သာ ရှိသော်လည်း လုံလောက်သော အရင်းအမြစ်၊ အချိန်နှင့် ပါရမီရှိသော ကျင့်ကြံသူကို ပိုင်ဆိုင်ထားသည့် ကောင်းကင် ရှန့်ထို အဂ္ဂိရတ် ပညာရှင် တစ်ဦးအတွက်မူ ထိုအရာမှာ ဖြစ်နိုင်ချေ အပြည့် ရှိပေသည်။
နောက်ဆုံးတွင် သူတို့သည် ပင်မ ခန်းမဆောင်ကြီးသို့ ဆိုက်ရောက်လာကြတော့သည်။
ကျွီ...
နှစ်ထပ် တံခါးကြီးများ ပွင့်သွားသောအခါ မီးရောင်များ ပြည့်လျှံနေပြီး ဆူညံသံများနှင့်အတူ ရှေးကျပြီး ထာဝရ တည်တံ့နေသကဲ့သို့ ခံစားရသည့် ခန်းမဆောင်ကြီး၏ အလှအပနှင့် ခန့်ညားသော အပြင်အဆင်များ ပေါ်ထွက်လာတော့သည်။ ထိုနေရာတွင် တက်ရောက်လာသူ ပရိသတ်ပေါင်း သောင်းနှင့်ချီ၍ ရှိနေသည်။ သူတို့အားလုံးမှာ တိတ်ဆိတ်သွားကြပြီး ဤအခမ်းအနား၏ အဓိက ဇာတ်ဆောင်များကို ကြည့်ရန် လှည့်လိုက်ကြတော့သည်။
...
နန်းတော်သခင် ရှန့်လျိုနှင့် သူ၏ အခြံအရံများ ခန်းမအတွင်းသို့ ရောက်ရှိလာပြီးနောက် ခဏချင်းတွင်ပင် အခမ်းအနား တက်ရောက်လာသူများမှာ ရှန့်လျိုကို သတိပြုမိသွားကြသည်။ အစပိုင်း၌ ခန်းမဆောင်ကြီး တစ်ခုလုံး တိတ်ဆိတ်သွားသော်လည်း များမကြာမီမှာပင် လူတိုင်းသည် တစ်ညီတစ်ညွတ်တည်း ထရပ်လိုက်ကြပြီး လက်အုပ်ချီကာ ရိုသေစွာ နှုတ်ဆက်ကြတော့သည်။
"နန်းတော်သခင်ရှန့် ပြန်လည်ရောက်ရှိလာတာကို ကြိုဆိုပါတယ်ခင်ဗျာ"
သောင်းနှင့်ချီသော ကျင့်ကြံသူများ၏ နှုတ်ဆက်သံကြောင့် ခန်းမဆောင်ကြီးတစ်ခုလုံး တုန်ခါသွားရသည်။ ဤသူများသည် ထူးချွန်ထက်မြက်သော ပါရမီရှင်များ သို့မဟုတ်ပါကလည်း... မြင့်မားသော ကျင့်ကြံခြင်း အဆင့်ကို ပိုင်ဆိုင်ထားသူများ ဖြစ်ကြရာ သူတို့၏ ရိုသေမှုမှာ အမှန်တကယ်ပင် စွဲမက်ဖွယ် ကောင်းလှသည်။
ရှန့်လျိုမှာ ဘယ်ဘက်က ကြည့်ကြည့် ဝါရင့် စီနီယာကြီး တစ်ဦး ဖြစ်သဖြင့် ဝါစဉ်အရ မည်သူမျှ သူ့ကို မယှဉ်နိုင်ကြပေ။ ထို့ပြင် ဤပွဲမှာ သူကိုယ်တိုင် စီစဉ်ထားသော ပွဲဖြစ်ပြီး သူသည်ပင် အဓိက အိမ်ရှင် ဖြစ်ပေသည်။
နန်းတော်သခင် ရှန့်လျိုသည် ဖော်ရွေသော အပြုံးဖြင့် လက်ကို မြှောက်ကာ အသိအမှတ်ပြုလိုက်သည်။ ထိုစဉ် ပရိသတ်မှာ သူ၏ ဘေးမှ လိုက်ပါလာသော လူသစ်အချို့ကို သတိပြုမိသွားကြသည်။ အပြင်ဘက်တွင် ဖြစ်ပျက်ခဲ့သော အကြောင်းအရာအချို့ကို လူအများ သိရှိထားကြပြီး ဖြစ်သည်။ ရှန့်လျိုသည် ဝေ့ဝူယင်ကို တိုက်ရိုက် စော်ကားမိခဲ့သဖြင့် သူတော်စင် နိုးထခြင်း ဆေးရည် ဆိုသည့် အခွင့်အရေး ဆုံးရှုံးသွားရခြင်းအပေါ် သူတို့ ကိုယ်စား စိတ်မကောင်း ဖြစ်နေကြသည်။
သို့သော်လည်း အချို့မှာမူ သတိကြီးစွာ ထားနေကြသည်။ ဝေ့ဝူယင်၏ အော်ရာမှာ နက်နဲလွန်းပြီး ခန့်မှန်းရ ခက်ခဲလှသဖြင့် သူသည် ပဲ့တင်ထပ် ဝိညာဉ်အဆင့် ကျင့်ကြံသူ ဟုတ်မဟုတ်ကိုပင် သူတို့ ခွဲခြားမရနိုင်ကြပေ။ တစ်ဖက်လူကို စော်ကားမိမည် စိုးသဖြင့် စစ်ဆေးခြင်း ကျင့်စဉ်များကိုလည်း ဗြောင်ကျကျ အသုံးမပြုဝံ့ကြရာ သူတို့၏ ပင်ကိုယ်သိစိတ်ကိုသာ အားကိုးနေကြရသည်။
ဝေ့ဝူယင်မှာမူ လူအုပ်ထဲမှ လူနှစ်ဦးထံမှ ထိတ်လန့်တုန်လှုပ်နေသော စိတ်လှုပ်ရှားမှုများကို ခံစားလိုက်ရသည်။ သူတို့မှာ လူအုပ်ထဲတွင် လျှို့ဝှက် ဝိညာဉ် အဆင့်နှင့် သေမျိုးတစ်ပိုင်း အရှင် အဆင့်များအဖြစ် ရုပ်ဖျက်ကာ ပုန်းကွယ်နေကြသည့် သူတော်စင်များ ဖြစ်ကြသည်။ သူတို့၏ ရုပ်ဖျက်မှုမှာ အံ့သြစရာ ကောင်းလောက်အောင်ပင် ကောင်းမွန်လှပြီး ဝိညာဉ်အော်ရာကိုပင် ဖုံးကွယ်ထားနိုင်ကြသည်။
"ကျွန်တော့်ရဲ့ ဂုဏ်သရေရှိ ဧည့်သည်တော် အာရုဏ်ဦး လောကရှန့်ထို နဲ့ မိတ်ဆက်ပေးပါရစေ... ကဲ... ကျွန်တော့် ဘေးနားမှာပဲ ကြွရောက် ထိုင်တော်မူပါ"
ရှန့်လျိုက ဦးဆောင် ခေါ်သွားရာ ဂုဏ်ထူးဆောင် နေရာတွင် ထိုင်နေသော ပုဂ္ဂိုလ်မှာ မလွှဲမရှောင်သာ ထရပ်ပေးလိုက်ရပြီး အခြားနေရာတစ်ခုသို့ ပြောင်းရွှေ့သွားရသည်။ ထို့နောက် ဝေ့ဝူယင်နှင့် သူ၏ အခြံအရံများမှာ တစ်နေရာတည်းတွင် စုစည်း ထိုင်လိုက်ကြသည်။
ထိုစားပွဲမှာ လေးဆင့်ပါဝင်သော စက်ဝိုင်းပုံစံ စင်မြင့်ဖြစ်ပြီး ဝေ့ဝူယင်မှာ စတုတ္ထအဆင့် (အမြင့်ဆုံးအဆင့်) တွင် ထိုင်ကာ ကျန်ရှိသူများက သူ၏ ညာဘက်တွင် ထိုင်ကြသည်။ ဤနေရာမှာ ခန်းမတစ်ခုလုံးကို အပေါ်စီးမှ ကြည့်နိုင်သည့်အပြင် အထူးပင် ခန့်ညားထည်ဝါသော နေရာ ဖြစ်ပေသည်။
ထိုအတောအတွင်း ခန်းမ၏ အလယ်ဗဟိုတွင် လျှို့ဝှက် သင်္ကေတများ ထွင်းထုထားပြီး ထောင့်လေးထောင့်တွင် အမိုးထိအောင် မြင့်မားသော တိုင်ကြီးလေးတိုင် ရှိသည့် စင်မြင့်တစ်ခု ရှိနေသည်။ ၎င်းမှာ တင်ဆက်မှုများ ပြုလုပ်နိုင်သလို တိုက်ခိုက်ရေး ကွင်းအဖြစ်လည်း အသုံးပြုနိုင်သည်။ ဤပွဲ၏ သဘောသဘာဝအရ ဤစင်မြင့်မှာ ပြိုင်ပွဲများ ပြုလုပ်ရာနှင့် လက်ဆောင်များ ပေးအပ်ရာ အဓိက နေရာ ဖြစ်လာပေလိမ့်မည်။
***