အခန်း (၂၂၁၇-၂၂၁၈)
Vol. 159 Ch. 2217-2218
အပိုင်း(၂၂၁၇)
များမကြာမီတွင် လူအချို့မှာ ထရပ်ကာ ဝေ့ဝူယင်ကို ရိုသေမှု ပြုကြသည်။ ထိုသူများထဲတွင် လျှို့ဝှက် ဝိညာဉ်အဆင့် အဖြစ် ရုပ်ဖျက်ထားသော သူတော်စင်လည်း ပါဝင်နေပြီး ဝေ့ဝူယင်က သူ့ကို ရိပ်မိသလား ဟူသည်ကို စမ်းသပ်လိုပုံရသည်။
သူက ရိုသေမှု ပြုလိုက်သောအခါ ဝေ့ဝူယင်က ဤသို့ ပြန်လည် ဖြေကြားလိုက်သည်။
"တကယ့်ကို စိတ်ဝင်စားစရာကောင်းတဲ့ လူငယ်လေးပဲ... မင်းရဲ့ ပါရမီက မှန်ကန်တဲ့ ပျိုးထောင်မှုနဲ့ ကံတရားသာ ရှိမယ်ဆိုရင် မင်းကို သူတော်စင် တစ်ယောက် ဖြစ်လာအောင် တွန်းပို့ပေးနိုင်လိမ့်မယ်"
ထိုစကားကြောင့် ရုပ်ဖျက်ထားသော သူတော်စင်မှာ မျက်နှာတစ်ခုလုံး ဖြူလျော်သွားတော့သည်။
သူ့ကို ရိပ်မိသွားလေပြီ...။
သူ၏ စိတ်ထဲတွင် ထိတ်လန့်မှုများ ဖြစ်ပေါ်လာပြီး အတွေးပေါင်းစုံ မျက်လုံးထဲ၌ ဖြတ်သန်းသွားသည်။ အခြားသူများမှာမူ သူ၏ တုံ့ပြန်မှုကို သတိမထားမိဘဲ ဝေ့ဝူယင်၏ ချီးကျူးစကားအပေါ်သာ အာရုံရောက်နေကြသည်။
ဝေ့ဝူယင်၏ စကားကြောင့် ခန်းမတစ်ခုလုံး ဆူညံသွားခဲ့သည်။ လူတိုင်းက ထိုလူငယ်ကို စိုက်ကြည့်နေကြတော့သည်။ ထိုလူငယ်၏ ဆရာမှာ သူရဲကောင်းတာအို နန်းတော်၏ တပည့်ဟောင်း ဖြစ်ပြီး လောကရှန့်ထို အဆင့်သို့ ရောက်ရှိခဲ့သူ ဖြစ်သောကြောင့်သာ ဤပွဲသို့ တက်ရောက်ခွင့် ရခြင်းဖြစ်သည်။
မူလက သူရဲကောင်းတာအို နန်းတော်၏ သူတော်စင် သုံးဦးသာ တက်ရောက်ရန် မျှော်လင့်ထားသော်လည်း ဝေ့ဝူယင်၏ ရောက်ရှိလာမှုက ထိုမျှော်လင့်ချက်ကို အဆပေါင်းများစွာ မြင့်တက်သွားစေခဲ့သည်။
လထွက် သူတော်စင် ရောက်မလာသေးသည့်တိုင် ယခုအခါ ဤနေရာ၌ သူတော်စင် ရှစ်ဦးအထိ ရှိနေပြီ ဖြစ်သည်။ ဤသည်မှာ မကြုံစဖူးသော ဖြစ်ရပ်ပင်။ သူရဲကောင်းတာအို နန်းတော်သည် ဤစွမ်းဆောင်ချက်ကြောင့် သမိုင်းမှတ်တမ်းတွင် ကျန်ရစ်တော့မည် ဖြစ်ပြီး ဂုဏ်သတင်းမှာလည်း အဆပေါင်းများစွာ မြင့်တက်သွားပေလိမ့်မည်။
ဤပွဲမှာ မွေးနေ့ပွဲ၊ မင်္ဂလာဆောင်ပွဲနှင့် ပါရမီရှင် လူငယ်များ ချွင်ဆွေဟွကျိ ခန္ဓာကိုယ် ပိုင်ဆိုင်ထားသော ရှန့်ဝမ်ချင်းကို ရယူရန် ယှဉ်ပြိုင်ရမည့် ပွဲဖြစ်သည်။ ရှီနင်နှင့် ခြားနားစွာပင် ရှန့်ဝမ်ချင်းသည် သူမ၏ ဖခင်၏ အကာအကွယ်ကို အပြည့်အဝ ရရှိထားသူ ဖြစ်ရာ သူတော်စင် တစ်ဦးပင်လျှင် လှုပ်ရှားရန် မဝံ့ရဲပေ။ သူမကို သွားထိပါက သူရဲကောင်းတာအို နန်းတော်၏ အဆက်အသွယ် အားလုံးနှင့် ရင်ဆိုင်ရမည် ဖြစ်သဖြင့် မည်သို့မျှ မတန်ပေ။
သို့သော်လည်း ရှီနင်သာ သူမ၏ ချွင်ဆွေဟွကျိ ခန္ဓာကိုယ် အကြောင်းကို မပေါ်ပေါက်ခင်ကတည်းက လူသိရှင်ကြား ကြေညာခဲ့မည်ဆိုပါက နန်းတော်သခင် ရှန့်လျိုသည် သူမကို သူ့အတွက်သာ သိမ်းပိုက်ထားမည်မှာ မြေကြီးလက်ခတ် မလွဲပင်။
များမကြာမီတွင် ပွဲမှာ စကားလက်ဆုံ ပြောဆိုသည့် အဆင့်သို့ ရောက်ရှိလာသည်။ လထွက် သူတော်စင် ရောက်မလာသေးသဖြင့် ရှန့်လျိုသည် သူ၏ အသက် ၂၀၀,၀၀၀ ပြည့် မွေးနေ့ အခမ်းအနားကို မစတင်သေးဘဲ စောင့်ဆိုင်းနေသည်။
ဝေ့ဝူယင်သည်လည်း မာန်မာန မထားဘဲ သူတော်စင်များ၊ ကျင့်ကြံသူများနှင့် ကျင့်ကြံခြင်း အကြောင်းကို ပျော်ရွှင်စွာ ဆွေးနွေးပေးနေသည်။ သတ္တိရှိသော အဂ္ဂိရတ် ပညာရှင် အချို့မှာ သူတို့ လမ်းစပျောက်နေသော အဂ္ဂိရတ် တာအို ဆိုင်ရာ မေးခွန်းများကို လာရောက် မေးမြန်းကြသည်။ ဝေ့ဝူယင်ကလည်း ရှောင်လွှဲခြင်း မရှိဘဲ တိုတိုရှင်းရှင်းနှင့် နက်နဲလှသော အဖြေများကို နားလည်လွယ်အောင် ရှင်းပြပေးလိုက်သည်။ လူအုပ်ကြီးမှာ ချက်ချင်းပင် အံ့သြသွားကြပြီး အသိဉာဏ် ပွင့်လင်းသွားကြသည့် မျက်နှာများဖြင့် ပြည့်နှက်သွားတော့သည်။
ထိုစဉ် အသက်ကြီးပိုင်း အမျိုးသားတစ်ဦးက လက်မြှောက်လိုက်သည်။ သူ၏ ကျင့်ကြံခြင်းမှာ လောကရှန့်ထို အဆင့်တွင် ရှိသော်လည်း သက်တမ်းမှာ ကုန်ဆုံးလုနီးပါး ဖြစ်နေပြီး ဝိညာဉ်သက်တမ်း မကုန်ဆုံးမီ ခန္ဓာကိုယ်၏ အသက်တမ်းက အရင် ကုန်ဆုံးတော့မည့် အခြေအနေ ဖြစ်နေသည်။ ဤသည်မှာ ကျင့်ကြံသူများကြားတွင် မကြာခဏ ဖြစ်လေ့ရှိသော အချင်းအရာပင်။
ပြင်းထန်သော တိုက်ပွဲများမှ ရရှိခဲ့သည့် ဒဏ်ရာများ၊ အန္တရာယ်ရှိသော စွန့်စားခန်းများ၊ အရည်အသွေး မပြည့်မီသော ဆေးများကို သုံးစွဲမိခြင်း သို့မဟုတ် အချို့သော ကျင့်ကြံခြင်း နည်းလမ်းများကြောင့် သူတို့၏ အသက်ဓာတ်မှာ ကုန်ခမ်းခြင်း၊ ပျက်စီးခြင်း သို့မဟုတ် ညစ်ညမ်းခြင်းတို့ ဖြစ်ပေါ်ရသည်။
ဤသည်မှာ သက်တမ်း နှင့် ဝိညာဉ်သက်တမ်း ကြား ကွာဟမှုကို ဖြစ်စေသည်။ ဥပမာအားဖြင့် ပျမ်းမျှ သက်တမ်း ၃၀,၀၀၀ ရှိသော သေမျိုးတစ်ပိုင်း အရှင်များမှာပင် ထိုသက်တမ်း မပြည့်မီမှာတင် သေဆုံးသွားတတ်ကြသည်။
ဝေ့ဝူယင်က ထိုအမျိုးသားကို ပြုံး၍ အခွင့်အရေး ပေးလိုက်ရာ သူက ဤသို့ မေးမြန်းလိုက်သည် -
"အာရုဏ်ဦး လောကရှန့်ထို ခင်ဗျာ... ကျွန်တော်ဟာ ကျွန်တော့်ရဲ့ ဘဝတစ်လျှောက်မှာ အရည်အသွေး မပြည့်မီတဲ့ ဆေးတွေကို ထောင်နဲ့ချီပြီး သုံးစွဲခဲ့မိပါတယ်... အဲ့ဒါကြောင့် ကျွန်တော့်ရဲ့ ခန္ဓာကိုယ်မှာ ရေရှည် ပျက်စီးမှုတွေ ဖြစ်ပေါ်နေပြီး ဒါကို ကုသလို့ မရနိုင်တော့ဘူးလို့ ကျွန်တော် တတ်နိုင်တဲ့ ဆေးဖက်ဆိုင်ရာ သူတော်စင်တွေနဲ့ အဂ္ဂိရတ် ပညာရှင်တွေက တစ်ညီတစ်ညွတ်တည်း ဆုံးဖြတ်ခဲ့ကြပါတယ်... ဒါကြောင့် ကျွန်တော် ရိုးရိုးသားသားနဲ့ သတ္တိမွေးပြီး မေးပါရစေ... ကျွန်တော့်ရဲ့ အခြေအနေဟာ... တကယ်ပဲ မျှော်လင့်ချက် မရှိတော့တာလား ခင်ဗျာ..."
ကျင့်ကြံခြင်းက ခက်ခဲသည်။ သူ၏ မေးခွန်းက ထိုစကားစုလေးကို လူတိုင်း၏ စိတ်ထဲတွင် ပြန်လည် သတိရစေခဲ့သည်။ အစွမ်းကုန် သန့်စင်ခြင်း ဂလက်ဆီသည် အဂ္ဂိရတ် တာအို၏ အချက်အချာ နေရာ ဖြစ်သော်လည်း အရည်အသွေး မပြည့်မီသော ဆေးလုံးများမှာ အခြားသော ဆေးများထက် ပို၍ ပျံ့နှံ့နေဆဲ ဖြစ်သည်။ အရည်အသွေး သတ်မှတ်ချက်များ မြင့်မားလာသော်လည်း ဤအခြေခံ ပြဿနာကိုမူ မဖြေရှင်းနိုင်သေးပေ။
သူရဲကောင်းတာအို နန်းတော်မှာ ကျင့်ကြံသူများကို သင်ကြား လေ့ကျင့်ပေးသည့် နေရာဖြစ်ပြီး အဂ္ဂိရတ် ပညာရှင်များအတွက် တာအို စောင့်ရှောက်သူများ သို့မဟုတ် အဂ္ဂိရတ် သူရဲကောင်းများကို လေ့ကျင့်ပေးလေ့ ရှိသည်။ ထို့ပြင် သူတို့၏ ဂိုဏ်းအဖွဲ့အစည်းကို ကာကွယ် စောင့်ရှောက်ရမည့် ခေါင်းဆောင်များကိုလည်း လေ့ကျင့်ပေးသော နေရာ ဖြစ်ပေသည်။
ဝေ့ဝူယင်သည် ထိုအမျိုးသားကြီးကို ကြည့်လိုက်၏။ သူ၏ ကြယ်တာရာ မျက်ဝန်းအစုံ၌ သာလွန် သန့်စင် အဂ္ဂိရတ် ကြယ်တာရာများ၏ အရိပ်အယောင်များ ထင်ဟပ်နေသည်။ ဝေ့ဝူယင်၏ လက်အောက်တွင်မူ အရည်အသွေး မပြည့်မီသော ဆေးလုံးဟူသည် အလျဉ်းမရှိသလောက် ရှားပါးလှသည်။
သူ၏ မူလအာဏာရှင်များမှာလည်း ဤအချက်ကြောင့်ပင် အထူးပင် အဆင့်အတန်း မြင့်မားနေကြခြင်း ဖြစ်သည်။ သူတို့၏ ခန္ဓာကိုယ်အတွင်း၌ ဆေးဝါးများမှ ရရှိသော အညစ်အကြေးဟူ၍ မြူတစ်မှုန်စာမျှပင် မရှိကြသလို၊ လောကဓာတ်၏ စွမ်းအင်များကို ကျင့်ကြံရာမှ ရရှိလာသော အညစ်အကြေးများကိုလည်း အညစ်အကြေး စွန့်ထုတ်ခြင်း သို့မဟုတ် သန့်စင်ခြင်း ဆိုင်ရာ ထုတ်ကုန်များနှင့် ချိပ်စည်းများ အသုံးပြု၍ အမြဲမပြတ် ဖယ်ရှားလေ့ ရှိကြသည်။
အသက်ကြီးပိုင်း အမျိုးသားကြီးအနေဖြင့် ဤပြဿနာကို ဖြေရှင်းရန်မှာ အညစ်အကြေး စွန့်ထုတ်သည့် ကျင့်စဉ်တစ်ခုကို ကျင့်ကြံရမည် ဖြစ်သော်လည်း ထိုသို့သော ကျင့်စဉ်မျိုးမှာ ကျင့်ကြံသူ၏ အသက်ဓာတ်ကို ကုန်ခမ်းစေပြီး ခန္ဓာကိုယ်နှင့် ကျင့်ကြံခြင်း အခြေခံကိုပါ ထိခိုက်စေတတ်သည်။ ရေရှည်အတွက် အကျိုးရှိနိုင်သော်လည်း ရေတိုတွင်မူ ခွန်အားများ လျော့နည်းသွားမည် ဖြစ်ရာ အခွင့်အရေးများအတွက် တိုက်ပွဲဝင်ရန် ခဲယဉ်းသွားပေလိမ့်မည်။
အီမန်တက်မှာမူ မျက်မှောင်ကြုတ်လိုက်မိသည်။ အထွတ်အထိပ် လောကရှန့်ထို တစ်ဦးကို ဤကဲ့သို့ မေးခွန်းထုတ်ခြင်းမှာ ရည်ရွယ်ချက် ရှိရှိပင် ဖြစ်သည်။ ထိုအမျိုးသားကြီးမှာ သတ္တိရှိရုံသာမက တွက်ကိန်းလည်း များလှသည်။ သူသည် ဝေ့ဝူယင်၏ ဂုဏ်သတင်းကို အသုံးချကာ မိမိ၏ ရောဂါဝေဒနာအတွက် အခမဲ့ ဆေးတစ်လုံး ရရှိရန် ကြိုးပမ်းနေခြင်း ဖြစ်ပေသည်။
"ကုသလို့ မရဘူး ဟုတ်လား... လုံးဝ မဟုတ်ပါဘူး"
ဝေ့ဝူယင်၏ စကားကြောင့် သူတော်စင်များနှင့် ကျွမ်းကျင်သူ အားလုံး အာရုံစိုက်လိုက်ကြသည်။ ဤနေရာရှိ မည်သူက အရည်အသွေး မပြည့်မီသော ဆေးလုံးများကို မသုံးစွဲခဲ့ဖူးပါသနည်း။
"ဒီလို အတည်ပေါက် ပြောဆိုနေတဲ့ သူတွေဟာ အဂ္ဂိရတ် တာအိုကို ကောင်းကောင်း နားမလည်ကြလို့ပါပဲ... သူတို့ရဲ့ အနာဂတ်ကလည်း အကန့်အသတ် ရှိနေမှာ အသေအချာပါပဲ... အမှန်တရားကတော့ ဒါပါပဲ... အဂ္ဂိရတ် တာအို ဆိုတာ အကန့်အသတ် မရှိပါဘူး”
ဤစကားစုမှာ အစွမ်းကုန် သန့်စင်ခြင်း ဂလက်ဆီ ၏ ရှေးဟောင်း အသုံးအနှုန်း တစ်ခု ဖြစ်ရာ ၎င်းကို ကြားလိုက်ရချိန်တွင် လူအများ၏ မျက်နှာများမှာ သိသိသာသာ ပြောင်းလဲသွားကြသည်။ မဖြစ်နိုင်ဟု ထင်မြင်နေကြသော အဂ္ဂိရတ် ပညာရှင်များမှာမူ သူတို့ တစ်စုံတစ်ခုကို အကြီးအကျယ် လွဲချော်နေပြီ ဖြစ်ကြောင်း ခံစားလိုက်ရသည်။
"ဥပမာ မင်းရဲ့ အခြေအနေမျိုးပေါ့... တကယ်လို့သာ ကြိုးစားမယ်ဆိုရင် မင်းရဲ့ ပြဿနာတွေကို ဖြေရှင်းဖို့ သီးသန့် ဖော်စပ်ထားတဲ့ ထုတ်ကုန်တစ်ခုကို ဖန်တီးနိုင်ပါတယ်"
ဝေ့ဝူယင်သည် သူ၏ ကိုယ်ပိုင် ပြဿနာအတွက် အာရုဏ်ဦး ပါရဂွန် ထုဆစ်ခြင်း ဆေးလုံးပင်ဖြင့် စမ်းသပ်ခဲ့ဖူးသည်။ ၎င်းမှာ သီးသန့် ဖော်စပ်ထားသော ဆေးဝါးများ၏ အစွမ်းကို ပြသနေခြင်း ဖြစ်သလို "အဂ္ဂိရတ် တာအိုသည် အကန့်အသတ် မရှိ" ဟူသော အမှန်တရားကို သက်သေပြနေခြင်းပင်။
ဤလမ်းစဉ်ကြီး၏ ရှေ့ဆောင်လမ်းပြမှာ ဝေ့ဝူယင် ကိုယ်တိုင် အဂ္ဂိရတ် ပညာရပ်အတွက် စံပြ အဖြစ် သတ်မှတ်ထားခဲ့သော ထာဝရ ခြေချခြင်း ဆေးလုံးပင် ဖြစ်သည်။
"ဒါပေမဲ့ အဲ့ဒီလို ဆေးလုံးမျိုးတောင် အခုကိစ္စအတွက် မလိုပါဘူး... ဒီကို လာခဲ့ပါ"
ဝေ့ဝူယင်က ထိုအမျိုးသားကြီးကို အနားသို့ ခေါ်လိုက်သည်။ ထိုသူသည် ရင်တထိတ်ထိတ်ဖြင့် ဝေ့ဝူယင် ထိုင်နေသော စင်မြင့်ထံသို့ လာခဲ့သည်။ ဝေ့ဝူယင်မှာမူ နေရာမှ မထပေ။ သူ၏ နောက်တွင် ရပ်နေသော ပါခက်က ရွှေရောင် အပ်တစ်ချောင်းကို ထိုသူထံသို့ ပစ်လွှတ်လိုက်သည်။ ထိုအမျိုးသားမှာ မရှောင်တိမ်းနိုင်မီမှာပင် အပ်ဖြင့် အထိုးခံလိုက်ရပြီး သွေးတစ်စက် အထုတ်ခံလိုက်ရသည်။
ထိုရွှေရောင်အပ်မှာ သွေးတစ်စက်နှင့်အတူ ဝေ့ဝူယင်၏ ရှေ့တွင် လာရောက် ဝဲပျံနေသည်။ ထိုသွေးစက်အတွင်း၌ အညစ်အကြေးများမှာ ကြောက်ခမန်းလိလိ မြင့်မားနေပြီး ခန္ဓာကိုယ် ဆဲလ်များမှာလည်း ဆွေးမြည့် ပျက်စီးနေသည့် အမှတ်အသားများ ပေါ်လွင်နေသည်။
"အဂ္ဂိရတ် တာအိုကို ဘောင်ခတ်ထားတာဟာ ခင်ဗျား ရှေ့ဆက်ရမယ့် လမ်းကိုပဲ ကန့်သတ်လိုက်တာ ဖြစ်လိမ့်မယ်... ဒီသွေးတစ်စက်ဟာ ခင်ဗျားရဲ့ ဘဝတစ်လျှောက်လုံး ကျင့်ကြံခဲ့တဲ့ အားထုတ်မှုတွေရဲ့ အကြောင်းကို ပြောပြနေတယ်... အဂ္ဂိရတ် ပညာရှင် အများစုဟာ ဆေးဖော်စပ်ဖို့အတွက် ဆေးအိုးကိုပဲ အားကိုးရမယ်လို့ ထင်နေကြတာ... ဒါပေမဲ့ အစစ်အမှန် အဂ္ဂိရတ် ပညာရှင် တစ်ယောက်ဟာ အဂ္ဂိရတ် ပညာရပ်ရဲ့ မရေတွက်နိုင်တဲ့ အစွမ်းတွေကို ပြသဖို့အတွက် ဆေးအိုး တစ်လုံး မလိုပါဘူး"
ဝေ့ဝူယင်က သူ၏ လက်ဖဝါးကို မြှောက်လိုက်ရာ မြေကြီး အဆင့်ရှိသော ပစ္စည်းအချို့ ပါဝင်သည့် ခုနစ်ရောင်ခြယ် အလင်းလုံးများ ပေါ်ထွက်လာသည်။ သူက လက်ကို ဆုပ်လိုက်သောအခါ ထိုသွေးစက်နှင့် အလင်းလုံးများမှာ ရောနှောသွားကြတော့သည်။ လူတိုင်းမှာ ဆွံ့အသွားကြ၏။ ဘာတွေ ဖြစ်နေသနည်း။
ဝေ့ဝူယင် အချိန်အများကြီး မယူခဲ့ပေ။ လေးမိနစ်ခန့် အကြာတွင် ဆေးလုံးနှင့် တူသော အရာတစ်ခု ပေါ်ထွက်လာသည်။
"ဒီသွေးစက်ထဲမှာ ခင်ဗျားရဲ့ ခန္ဓာကိုယ်ထဲက အညစ်အကြေး အော်ရာ အားလုံး ပါဝင်နေတယ်... အဲ့ဒီ အညစ်အကြေးတွေက ခင်ဗျားရဲ့ အမတေတွေနဲ့ ပေါင်းစပ်နေတာ ကြာပြီမို့ ဖယ်ရှားဖို့ ခက်ခဲနေတာ... ကဲ... ဒါကို သောက်လိုက်ပါ"
ဝေ့ဝူယင်က ထိုဆေးလုံးကို ထိုအမျိုးသား၏ ရှေ့သို့ ပို့လိုက်သည်။ အမျိုးသားကြီးမှာ အစပိုင်းတွင် တွန့်ဆုတ်နေမိသည်။ အဂ္ဂိရတ် အလင်းတန်းများနှင့် အမည်မသိ ပစ္စည်းများ သူ၏ သွေးနှင့် ပေါင်းစပ်သွားသည်မှလွဲ၍ ဘာဖြစ်သွားသည်ကို သူ နားမလည်ပေ။ သို့သော်လည်း သူ၏ လက်ရှိ အခြေအနေအရ အလောင်းအစားလုပ်ရန် ဆုံးဖြတ်လိုက်သည်။
သူက တုန်ရင်နေသော လက်များဖြင့် ထိုဆေးကို ယူလိုက်သည်။ ထိုအခါ သူ၏ လျှို့ဝှက် ဝိညာဉ်မှာ စိတ်လှုပ်ရှားစွာဖြင့် တုန်ခါလာပြီး သူ၏ လျှို့ဝှက် ခန္ဓာကိုယ် ထဲမှ ဆဲလ်များမှာလည်း အားအင်များ ပြည့်ဖြိုးလာသကဲ့သို့ ခံစားလိုက်ရသည်။ ထိုအရာမှာ အေးမြပြီး ဆေးလုံးနှင့် တူသော်လည်း ဆေးလုံး မဟုတ်သကဲ့သို့ ခံစားရသည်။
သူ ထိုဆေးကို မျိုချလိုက်သည်။ လူအုပ်ကြီး တစ်ခုလုံးမှာ တိတ်ဆိတ်စွာဖြင့် စောင့်ကြည့်နေကြတော့၏။
***
အပိုင်း(၂၂၁၈)
အမျိုးသားကြီး ဆေးလုံးကို ချေဖျက်နေစဉ် အတွင်း ဝေ့ဝူယင်က လူအုပ်ကြီးကို ဝှေ့ကြည့်ရင်း ပြောလိုက်သည်။
"အဂ္ဂိရတ် တာအို ဆိုတာ ဆေးဖော်စပ်တဲ့ ဖြစ်စဉ်တစ်ခုတည်းမှာ ကန့်သတ်မနေပါဘူး... အဲ့တာမှာ ဂုဏ်သတ္တိ ခုနစ်ပါး ရှိတယ် - ထုတ်ယူခြင်း ၊ ကြီးထွားခြင်း ၊ ထိန်းချုပ်ခြင်း ၊ သန့်စင်ခြင်း ၊ ဖန်တီးခြင်း ၊ အသွင်ပြောင်းခြင်း နဲ့ ပေါင်းစပ်ခြင်း တို့ပဲ... ခင်ဗျား အခု သောက်လိုက်တာက ထုတ်ယူခြင်း ဆေးလုံး လို့ ခေါ်ဆိုနိုင်တဲ့ အရာပဲ... ဒါဟာ အမတေ ဆေးလုံးနဲ့ ဆင်တူပေမဲ့ အဂ္ဂိရတ် တာအိုရဲ့ ထုတ်ယူခြင်း ဂုဏ်သတ္တိကို ကိုယ်စားပြုတယ်"
"အဂ္ဂိရတ် ပညာရှင်လို့ အမည်ခံထားတဲ့ ဘယ်သူမဆို ဒါကို ဖန်တီးနိုင်ရမယ်... တကယ်လို့ မဖန်တီးနိုင်ဘူးဆိုရင် သူတို့ကို အဂ္ဂိရတ် ပညာရှင်လို့ မခေါ်သင့်တော့ဘူး၊ ဆေးဖော်စပ်တဲ့ အတတ်ပညာရှင်တွေလို့ပဲ ခေါ်သင့်တော့တယ်"
"..."
"..."
အာရုဏ်ဦး အဂ္ဂိရတ် ရှန့်ထိုသည် အစွမ်းကုန် သန့်စင်ခြင်း ဂလက်ဆီ ၏ အဂ္ဂိရတ် တာအို တစ်ခုလုံးကို စိန်ခေါ်လိုက်ခြင်းလော...။ ဝေ့ဝူယင်၏ ပြောဆိုချက်အပေါ် မကျေမနပ်ဖြစ်ကာ ပြန်လည် တုံ့ပြန်ရန် ပြင်နေသူများ ရှိနေစဉ်မှာပင် နာကျင်လှသည့် အော်ဟစ်သံကြီး တစ်ခု ထွက်ပေါ်လာသည်။
“အား...”
အမျိုးသားကြီးမှာ နာကျင်လွန်းသဖြင့် ဒူးထောက်ကျသွားတော့သည်။ မည်သူမျှ မလှုပ်ရှားနိုင်မီမှာပင် သူ၏ အရေပြားအောက်၌ ထူးခြားသော ထုတ်ယူခြင်း အလင်းတန်းများ လှည့်ပတ် စီးဆင်းလာသည်။ ထိုအလင်းတန်းများမှာ လေ့ကျင့်ပေးထားသော မြွေများကဲ့သို့ သူ၏ ခန္ဓာကိုယ်အတွင်းနှင့် အပြင်တွင် တွားသွားနေကြပြီး သူ၏ သွေးကြောများကို ဖောင်းကြွလာစေကာ အရေပြားကိုလည်း နီမြန်းလာစေသည်။ ရုတ်တရက်ဆိုသလိုပင် သူ၏ ချွေးပေါက်များနှင့် ခန္ဓာကိုယ် အပေါက်များမှ မှောင်မည်းသော အခိုးအငွေ့များမှာ ကြောက်လန့်တကြားဖြင့် အပြင်သို့ လွင့်ပျံထွက်လာတော့သည်။
ပါခက်က ချက်ချင်း လှုပ်ရှားလိုက်၏။ သူမသည် ထိုမှောင်မည်းသော အညစ်အကြေး အခိုးအငွေ့များကို ကြည်လင်သော ရွှေရောင် စွမ်းအင်လုံးအတွင်း၌ ဖမ်းဆီး ပိတ်လှောင်လိုက်သည်။ ထိုအခါ ပရိသတ်မှာ မြူနှင်းကဲ့သို့၊ အရည်ကဲ့သို့ သို့မဟုတ် ပုံဆောင်ခဲများနှင့် ကျောက်တုံးများကဲ့သို့သော အမျိုးမျိုးသော အညစ်အကြေးများကို မျက်ဝါးထင်ထင် မြင်တွေ့လိုက်ရသည်။
ထိုအရာက သူ့ ခန္ဓာကိုယ်ထဲက အညစ်အကြေးများလော...။ ထို့ပြင် ထိုအရာများထဲတွင် အသက်ဓာတ် တစ်စက်မျှ ပါဝင်မနေပေ။
ရှဲ... ရှဲ...
ဆေးလုံး ဖန်တီးခဲ့သည့် လေးမိနစ် အချိန်အတိုင်းပင် အခိုးအငွေ့များမှာ ဆက်တိုက် ထွက်ပေါ်နေသည်။ အားလုံး ပြီးဆုံးသွားချိန်တွင် ထိုအမျိုးသားကြီးမှာ အသည်းအသန် အသက်ရှူနေရသော်လည်း သူ၏ အရေပြားမှာ ပိုမို နုပျိုလာပြီး မျက်ဝန်းများမှာလည်း ပိုမို တောက်ပလာသည်။ သူ၏ ကုန်ခမ်းနေသော အသက်ဓာတ်မှာ ပြန်မပြည့်သေးသော်လည်း ကျန်ရှိနေသော အသက်ဓာတ်၏ စွမ်းအားမှာမူ မည်သည့် အနှောင့်အယှက်မျှ မရှိတော့ဘဲ လွတ်လပ်စွာ စီးဆင်းနေတော့သည်။
"အဂ္ဂိရတ် တာအို ဆိုတာ ကျင့်ကြံခြင်း လမ်းစဉ်တစ်ခုပဲ... ဒါကို ထုတ်ကုန် အမျိုးအစား လေးမျိုး ဒါမှမဟုတ် ဆေးဖော်စပ်တဲ့ ဖြစ်စဉ်တွေနဲ့တင် ကန့်သတ်ထားလို့ မရပါဘူး"
ဝေ့ဝူယင်၏ စကားများမှာ လူတိုင်း၏ နှလုံးသားနှင့် ဝိညာဉ်များကို အကြီးအကျယ် တုန်လှုပ်သွားစေသည်။ အထူးသဖြင့် သမြူပြာ အဂ္ဂိရတ် ရှန့်ထို နှင့် အဂ္ဂိရတ် ရှန့်ထို မီးလျှံကြယ်တာရာတို့မှာ သူတို့ ယခုအချိန်အထိ လျှောက်လှမ်းခဲ့သော လမ်းစဉ်မှာ အလွန်ပင် ကျဉ်းမြောင်းနေခဲ့ကြောင်း သဘောပေါက်သွားကြတော့သည်။
ဤသည်မှာ တာအို ဟောကြားပြသနေခြင်းပင် ဖြစ်သည်။ အဂ္ဂိရတ် တာအို၏ အနှစ်သာရကို ဟောကြားနေခြင်းပင် ဖြစ်ပေတော့သည်။
...
ဝေ့ဝူယင်၏ အဂ္ဂိရတ် တာအိုအပေါ် ရှုမြင်ပုံနှင့် လက်တွေ့ပြသမှုများက ထိုနေရာရှိ လူအပေါင်းကို အတန်ကြာအောင် တုန်လှုပ်ချောက်ချားသွားစေခဲ့သည်။ တက်ရောက်လာသူတိုင်းမှာ အဂ္ဂိရတ် ပညာရှင်များ မဟုတ်ကြပေ။ အများစုမှာ ပိုမိုကြီးမားသော ခွန်အားနှင့် အာဏာကို ရရှိရန်အတွက် တိုက်ခိုက်ရေး လမ်းစဉ်ကို လျှောက်လှမ်းနေကြသည့် စစ်မှန်သော ကျင့်ကြံသူများသာ ဖြစ်ကြသည်။ သို့သော်လည်း အစွမ်းကုန် သန့်စင်ခြင်း ဂလက်ဆီ ၏ နဂိုနေ သားသမီးများ ဖြစ်ကြသည့်အားလျော်စွာ အဂ္ဂိရတ် ပညာရပ်၏ အခြေခံ သဘောတရားများကိုမူ သူတို့ နားလည်ထားကြသည်။
"တကယ့်ကို တော်လှန်ပြောင်းလဲလိုက်တဲ့ လမ်းစဉ်ပါပဲလား"
အသက်ကြီးပိုင်း ပုဂ္ဂိုလ်တစ်ဦးက အံ့သြချီးကျူးမှုများနှင့်အတူ ရေရွတ်လိုက်သည်။ ဤသူမှာ ရှန့်လျို၏ တောင်းဆိုချက်အရ မိမိ၏ ဂုဏ်ထူးဆောင် နေရာကို ဝေ့ဝူယင်ထံ ဖယ်ပေးခဲ့သူ ဖြစ်သည်။ သူသည် သူရဲကောင်းတာအို နန်းတော် တွင် ဒုတိယမြောက် ဝါအရင့်ဆုံး ဖြစ်ပြီး မူလ တရားသူကြီး တစ်ဦးအဖြစ် နှစ်ပေါင်း ၅၄,၀၀၀ တိုင်တိုင် ရှင်သန်ခဲ့ကာ ထိပ်တန်း တပည့်များစွာကို လေ့ကျင့်ပေးခဲ့သည့် ဆရာကြီးတစ်ဦးလည်း ဖြစ်သည်။ စကားပြောပြီးနောက်တွင် သူသည် ပြင်းထန်စွာ ချောင်းဆိုးလိုက်ရရှာသည်။
"ဆရာကြီး ယန်..."
သူ၏ ကျန်းမာရေး အခြေအနေ ယိုယွင်းလာမှုအပေါ် တပည့်အချို့က စိုးရိမ်တကြီး ဝိုင်းအုံလာကြသော်လည်း သူက လက်ကာပြကာ လူစုခွဲလိုက်၏။ သူက ဝေ့ဝူယင်ကို စိုက်ကြည့်နေဆဲ ဖြစ်သည်။ ယန်လော့ရန်က မည်သည့် အကူအညီကိုမျှ လက်မခံဘဲ ထရပ်ကာ ဝေ့ဝူယင်ထံသို့ လက်အုပ်ချီ ရိုသေမှု ပြုလိုက်သည်။
"ဒီနေ့မှာ အဂ္ဂိရတ် ပညာရပ်ရဲ့ နက်နဲမှုနဲ့ အကန့်အသတ်မရှိတဲ့ အစွမ်းတွေကို မျက်ဝါးထင်ထင် တွေ့မြင်ခွင့်ရပြီး တာအိုကို သိခွင့်ရခဲ့တာကိုပဲ ကျွန်တော် ဂုဏ်ယူမိပါတယ်..."
သူ၏ စကားလုံးများမှာ ဝေ့ဝူယင်ကို စိုက်ကြည့်ရင်း အားအင်အပြည့်ဖြင့် ထွက်ပေါ်လာခြင်း ဖြစ်သည်။
"..."
ရှန့်လျိုမှာမူ ဂိုဏ်းအတွင်း ကျန်ရှိနေသော သူ၏ အသက်အကြီးဆုံး သူငယ်ချင်းကို ကြည့်ကာ တိတ်ဆိတ်နေမိသည်။ သူငယ်ချင်းဖြစ်သူကို ဂုဏ်ထူးဆောင် နေရာမှ ဖယ်ခိုင်းခဲ့မိခြင်းအတွက် အနည်းငယ် စိတ်မကောင်း ဖြစ်မိသော်လည်း ယန်လော့ရန်၏ တောက်ပနေသော မျက်ဝန်းများကို မြင်ရချိန်တွင် သူ၏ ဆုံးဖြတ်ချက် မှန်ကန်ကြောင်း သိလိုက်ရသည်။ ယန်လော့ရန်မှာ အဂ္ဂိရတ် ပညာရှင် တစ်ဦး ဖြစ်ပြီး စီနီယာ မြေကြီးရှန့်ထို အဆင့်တွင် နှစ်ပေါင်း သောင်းနှင့်ချီ၍ တစ်ဆို့နေခဲ့သူ ဖြစ်သည်။ ယခုမူ သူ၏ တက်ကြွနေသော အော်ရာအရ သူသည် အကြီးအကျယ် စိတ်ဓာတ်ခွန်အား ရရှိသွားပြီဖြစ်ကြောင်း ရှန့်လျို သိမြင်နိုင်သည်။ အကယ်၍ ယခုသာ ကြိုးစားမည်ဆိုပါက အဂ္ဂိရတ် တာအို လမ်းစဉ်တွင် နောက်ထပ် ခြေတစ်လှမ်း တိုးနိုင်ပေလိမ့်မည်။
သို့သော်လည်း... အချို့သော သူများအတွက်မူ... ညဦးပိုင်းတွင် တာအိုကို သိခွင့်ရလိုက်ပါက... နံနက်ခင်းတွင် သေဆုံးရန် ဝန်မလေးကြပေ။
စိတ်လှုပ်ရှားနေသော လူအုပ်ကြီး၏ ရှေ့မှောက်မှာပင် ယန်လော့ရန်၏ အသက်ဓာတ်များ ပြန့်လွင့်သွားတော့သည်။ သူ၏ ဝိညာဉ်သက်တမ်းနှင့် အသက်တမ်းတို့သည် တစ်ပြိုင်နက်တည်း ကုန်ဆုံးသွားခဲ့ပြီ ဖြစ်သည်။
"..."
သူသည် လက်အုပ်ချီလျက်၊ ကျောရိုးကို မတ်မတ်ဆန့်လျက်ပင် ရပ်တန့်နေခဲ့သည်။ ထို့ထက် ပို၍ ဘာမှ မရှိတော့ပေ။ ပရိသတ်ကြီးမှာ ဒဏ္ဍာရီတစ်ခု၏ နိဂုံးကို ကိုယ်တိုင် မြင်တွေ့လိုက်ရခြင်းပင်။ သူ ပျိုးထောင်ခဲ့သော တပည့်အချို့မှာမူ မဆုံနိုင်သော မျက်ရည်များ မြေခကာ ငိုကြွေးကြတော့သည်။
ဝေ့ဝူယင်သည်လည်း ဤဖြစ်ရပ်ကြောင့် အနည်းငယ် အံ့အားသင့်သွားမိသည်။ အသက်တမ်းနှင့် ဝိညာဉ်သက်တမ်း တစ်ပြိုင်တည်း ကုန်ဆုံးသွားသူကို သူ တစ်ခါမျှ မမြင်ဖူးခဲ့သလို၊ ထိုသို့ ဖြစ်ပျက်ချိန်တွင် ဤမျှ ငြိမ်သက်နေလိမ့်မည်ဟုလည်း သူ မထင်ထားခဲ့ပေ။
ရှန့်လျိုသည် နေရာမှ ထလိုက်ပြီး ကွယ်လွန်သွားသော သူငယ်ချင်းထံသို့ ဖြည်းညင်းစွာ လျှောက်လှမ်းသွားသည်။ ခြေလှမ်းတိုင်းမှာ လေးလံနေပြီး ယန်လော့ရန်အပေါ် ထားရှိသော သူ၏ သံယောဇဉ် နက်နဲမှုကို နှလုံးသားနှင့် ဝိညာဉ်အထိ ခံစားရစေသည်။ ထို့ပြင် ဝမ်းနည်းရိပ်များကလည်း ပိုမို လွှမ်းမိုးလာတော့သည်။ ရှန့်လျိုကိုယ်တိုင်လည်း သူ၏ အသက်တမ်း ကုန်ဆုံးရန် နီးကပ်နေပြီဖြစ်ကြောင်း လူတိုင်း သိထားကြသည်။ သူ၏ သက်တမ်းမှာ နှစ်ပေါင်း နှစ်သောင်းခန့် ကျန်ရှိနေသေးသည်ဟု ခန့်မှန်းရသော်လည်း ဝိညာဉ်သက်တမ်း အဆုံးထိ ရှင်သန်နိုင်သည့် ကျင့်ကြံသူဟူ၍ အလွန် ရှားပါးလှပေသည်။
ရှန့်လျိုသည် လျှို့ဝှက်သင်္ကေတများနှင့် စာလုံးများ ထွင်းထုထားသော အနက်ရောင် သစ်သားခေါင်းတလား တစ်လုံးကို အသာအယာ ထုတ်ယူလိုက်သည်။ ထိုသင်္ကေတများမှာ ရုပ်အလောင်းကို ထာဝရ မပုပ်မသိုးစေရန် ထိန်းသိမ်းပေးနိုင်ပြီး ဘေးပတ်ပတ်လည်ရှိ စာလုံးများမှာမူ ယန်လော့ရန်၏ ဘဝဇာတ်ကြောင်းကို ဖော်ပြနေသည်။ သူက ယန်လော့ရန်ကို ခေါင်းတလားအတွင်း ထည့်သွင်းလိုက်ချိန်တွင် ငိုကြွေးသံများ ရပ်တန့်သွားပြီး လူတိုင်းက နောက်ဆုံးအကြိမ် ဂါရဝပြုကြတော့သည်။
မျှော်လင့်မထားဘဲ ဤသုံးထပ်ကွမ်း ပွဲတော်အတွင်းမှာပင် ဈာပန အခမ်းအနားတစ်ခု ဖြစ်ပေါ်လာခဲ့သည်။
ဝေ့ဝူယင်သည် ယန်လော့ရန်အကြောင်း များများစားစား မသိသော်လည်း လူတိုင်း၏ စစ်မှန်သော ဝမ်းနည်းမှုများကို မြင်တွေ့ရသောအခါ ဤပုဂ္ဂိုလ်မှာ အများချစ်ခင်သော သူတစ်ဦး ဖြစ်ကြောင်း သိလိုက်ရသည်။ သူသည်လည်း နောက်ဆုံးအကြိမ် ဂါရဝပြုလိုက်ပြီး ရှန့်လျိုကို နှစ်သိမ့်စကား ဆိုလိုက်သည်။ ဝေ့ဝူယင်တွင် တရားဝင် ဆရာဟူ၍ မရှိခဲ့သော်လည်း အကိုကြီးက သူ၏ ကျင့်ကြံခြင်း၊ စည်းကမ်းနှင့် ကိုယ်ကျင့်တရားများအတွက် ဆရာတစ်ဦးကဲ့သို့ အမြဲ ရှိနေခဲ့ဖူးရာ မိမိကို စေတနာအပြည့်ဖြင့် သင်ကြားပေးခဲ့သူကို ဆုံးရှုံးရသည့် ခံစားချက်ကို သူ နားလည်ပါသည်။
မည်သူမျှ ဤဈာပန အခမ်းအနား ကျင်းပခြင်းမှာ မသင့်တော်ဟု မယူဆကြပေ။ ကျင့်ကြံခြင်း လမ်းစဉ်မှာ ခက်ခဲလှပြီး ကျင့်ကြံသူ အမြောက်အမြားမှာ အသက်ရှည်ရန်အတွက် ခွန်အားကို ရှာဖွေကြသော်လည်း သူတို့ တကယ်တမ်း တောင့်တ ဆုတောင်းကြသည်မှာ စစ်မှန်သော မသေမျိုး အဆင့်ပင် ဖြစ်သည်။ အချိန် နှစ်နာရီခန့် ကြာမြင့်သော ထိုဈာပနအတွင်း ရင်ဖွင့်စကားများ၊ မျက်ရည်များနှင့်အတူ နှုတ်ဆက်ခဲ့ကြသည်။
ရှန့်လျိုသည် ဝေ့ဝူယင်၏ ဘေးတွင် ပြန်လည် ထိုင်လိုက်၏။
"ကျေးဇူးတင်ပါတယ်"
သူက ရိုးသားစွာ ပြောလိုက်သည်။
"အဘိုးကြီးယန်ဟာ သူ သေခါနီး အချိန်လေးမှာ တာအိုကို သိမြင်သွားရလို့ တကယ့်ကို ပျော်သွားခဲ့တာပါ... လောကရှန့်ထို အာရုဏ်ဦးသာ မရှိရင် သူဟာ စိတ်ထဲမှာ နောင်တတွေ၊ ဝိညာဉ်ထဲမှာ ဝေခွဲမရမှုတွေနဲ့ သေဆုံးသွားရရှာမှာပါ"
ဝေ့ဝူယင်က ခေါင်းတစ်ချက် ညိတ်ပြရုံသာ ပြုလုပ်ပြီး ထိုအကြောင်းကို ဆက်မပြောတော့ပေ။ များမကြာမီမှာပင် ရပ်တန့်ထားသော အခမ်းအနားများကို ပြန်လည် စတင်ခဲ့သည်။ သို့သော် မေးမြန်း ဆွေးနွေးသည့် အချိန်မှာမူ ကုန်ဆုံးသွားခဲ့ပြီ ဖြစ်သည်။ သို့သော်လည်း လထွက် သူတော်စင်နှင့် အခြားသူများမှာ ရှန့်ဝမ်ချင်းနှင့်အတူ ပျောက်ကွယ်နေဆဲ ဖြစ်သည်။ ဤသည်မှာ အခမ်းအနားကို အနည်းငယ် အဆင်မပြေ ဖြစ်စေသည်။
ပထမဆုံး စတင်ရမည့် အစီအစဉ်မှာ အသက် ၂၀၀,၀၀၀ ပြည့် မွေးနေ့ပွဲ ဖြစ်ပြီး၊ ထို့နောက်တွင် မင်္ဂလာပွဲနှင့် နောက်ဆုံး၌ ရှန့်ဝမ်ချင်းကို ပိုင်ဆိုင်ခွင့်အတွက် ယှဉ်ပြိုင်ပွဲတို့ ဖြစ်သည်။ သို့သော် သတို့သမီးမှာ ယခုထိ ရောက်မလာသေးပေ။
ရှန့်လျိုက အချက်ပြလိုက်သဖြင့် အစောင့်အချို့နှင့်အတူ ရှန့်လျို၏ အနီးကပ် အစေခံဖြစ်သော ဆံပင်တိုနှင့် အမျိုးသမီးတို့မှာ ခန်းမအတွင်းမှ အလျင်အမြန် ထွက်ခွာသွားကြသည်။ ထိုအတောအတွင်း ပုန်းကွယ်နေသော သူတော်စင် နှစ်ဦး၏ ထိတ်လန့်မှုမှာ ပိုမို သိသာလာသည်။ အထူးသဖြင့် သူ၏ ရုပ်ဖျက်မှု ပေါ်သွားပြီဟု သိထားသော သူတော်စင်မှာ ပို၍ စိုးရိမ်နေသည်။ ဝေ့ဝူယင်က ရှန့်လျိုကို အသိပေးပြီးပြီလား ဆိုသည်ကို သူ မသိသဖြင့် ပို၍ တင်းမာနေခြင်း ဖြစ်သည်။
သူတို့သည် ရှန့်လျိုကို မကြောက်သော်လည်း သူ့ ဘေးရှိ သူတော်စင် သုံးဦးမှာမူ သူတို့အတွက် အနှောင့်အယှက် ဖြစ်စေနိုင်သော အပြောင်းအလဲများ ဖြစ်သည်။ သူတို့သည် အချိန်မတိုင်မီ လှုပ်ရှားလိုစိတ်ကို အတင်းအကျပ် ထိန်းချုပ်ထားရသည်။ အဓိက ပစ်မှတ်မှာလည်း ရောက်မလာသေးပေ။ သူတို့သည် ဝေ့ဝူယင်ကို စိတ်ထဲမှ ကျိန်ဆဲနေမိသည်။ ရှေးဖြစ်ဟောစကားများ တစ်လောကလုံး ပျံ့နှံ့နေပါလျက်နှင့် ဤ အထွတ်အထိပ် သူတော်စင် က ဘာကြောင့် လာရောက် ပတ်သက်နေရသနည်း။ သူသည် ကပ်ဘေးကြီး ဆိုက်ရောက်လာမည်ကို မကြောက်ပါသလော။
သူတို့၏ တင်းမာမှုများမှာ အထွတ်အထိပ်သို့ ရောက်ရှိလုနီးပါး ဖြစ်နေချေပြီ။ ကံကောင်းထောက်မစွာဖြင့် ပစ်မှတ်ကို ကာကွယ်ပေးထားမည့် လထွက် သူတော်စင်နှင့် ပတ်သက်သော စိုးရိမ်မှုများမှာ များမကြာမီမှာပင် ပြေလည်သွားတော့သည်။
***