အခန်း (၂၂၁၉-၂၂၂၀)
Vol. 159 Ch. 2219-2220
အပိုင်း(၂၂၁၉)
မိန်းကလေး တစ်အုပ်မှာ ပင်မ ခန်းမဆောင်ကြီးအတွင်းသို့ တစ်ပြိုင်နက်တည်း ဝင်ရောက်လာကြသည်။ တံခါးကြီး ပွင့်သွားချိန်တွင် လူတိုင်း၏ အကြည့်များက ထိုနေရာသို့ ရောက်သွားကြတော့သည်။ ထို့နောက် ကျားဖြစ်စေ၊ မဖြစ်စေ သူတို့အားလုံးမှာ ရင်သပ်ရှုမော တုန်လှုပ်သွားကြရတော့သည်။
ယွီစွန်းလီ...
ချင်ချူးမူ...
ချောင်စွေ့ဖုန်း...
စွေ့ယွမ်...
ယွီစွန်းလီ၏ အလှတရားမှာ ကြည့်ရှုသူတိုင်း၏ အသိစိတ်ကို ဖမ်းစားထားနိုင်ပြီး ပတ်ဝန်းကျင်ရှိ အရောင်အဝါတို့ကို မှေးမှိန်သွားစေနိုင်စွမ်း ရှိသည်။ သူမ၏ ခန္ဓာကိုယ် အချိုးအစားမှာ မည်သည့် အမျိုးသားကိုမဆို ရာဂမီး တောက်လောင်စေနိုင်ပြီး ဝတ်ရုံအောက်မှ ရုန်းကြွနေသော ရင်အစုံနှင့် ပေါက်ကွဲထွက်လုမည့်အလား ဆွဲဆောင်မှုရှိသော ကိုယ်လုံးကိုယ်ပေါက်တို့မှာ မြင်တွေ့ရသူတို့အား မယုံကြည်နိုင်လောက်အောင်ပင် မိန်းမောတွေဝေသွားစေတော့သည်။
ချင်ချူးမူ၏ အလှတရားမှာမူ နွေးထွေးပြီး အေးချမ်းမှုကို ပေးစွမ်းနိုင်သည်။ သူမကို ကြည့်လိုက်ရုံဖြင့် စိတ်နှလုံးကို တည်ငြိမ်စေသော်လည်း ရင်ခုန်သံကိုမူ ထိန်းချုပ်၍ မရနိုင်ပေ။ သူမ၏ ထူးခြားသော နားရွက်ချွန်ကလေးများနှင့် သဘာဝတရား၏ အနှစ်သာရများ ကိန်းအောင်းနေသည့် အော်ရာမှာ ဤဂလက်ဆီ တစ်ခုလုံးတွင် အနှိုင်းမဲ့သော ထူးခြားချက်များပင် ဖြစ်သည်။
ချောင်စွေ့ဖုန်းသည်လည်း အကန့်အသတ်မဲ့သော ယုံကြည်ချက်များဖြင့် ရှေ့သို့ လှမ်းတက်လာရာ သူမ၏ အရှိန်အဝါမှာ ထူးခြားခန့်ညားလှသည်။ သူမသည် ယွီစွန်းလီကဲ့သို့ အစွန်းရောက် ဆွဲဆောင်မှုမျိုး သို့မဟုတ် ချင်ချူးမူကဲ့သို့ ထူးခြားသော သဘာဝအလှမျိုး မရှိသော်လည်း မည်သူမျှ လျစ်လျူရှု၍မရသော ကိုယ်ပိုင် ကျက်သရေကို ဆောင်ထားနိုင်သူ ဖြစ်သည်။
သို့သော် အံ့သြစရာ အကောင်းဆုံး ပုဂ္ဂိုလ်မှာ အခြားသူမဟုတ်ဘဲ ရှီနင်ပင် ဖြစ်တော့သည်။ သူမ၏ ခရမ်းရောင် ဆံနွယ်များကို အောက်ခြေ၌ အနည်းငယ် ညှပ်ကာ ခြေကျင်းဝတ်အထိ ရောက်အောင် ကျစ်ဆံမြီး အထူကြီး ကျစ်ထားပြီး ရှေ့ဆံမြိတ်များကိုလည်း အထပ်လိုက် ပုံဖော်ထားသည်။ သူမသည် လုံလုံခြုံခြုံ ဝတ်ဆင်ထားသော်လည်း ဆွဲဆောင်မှုရှိသော ကိုယ်လုံးကိုယ်ပေါက်ကို ဖုံးကွယ်ထားနိုင်ခြင်း မရှိဘဲ စပ်စုလိုစိတ်ကိုသာ ပိုမို လှုံ့ဆော်နေတော့သည်။
တက်ရောက်လာသူ ကျင့်ကြံသူ အများအပြားမှာ ရှီနင်ကို မှတ်မိကြပြီး လွန်ခဲ့သော နှစ်ပေါင်း ရှစ်ထောင်ကတည်းက သေဆုံးသွားခဲ့သူ တစ်ဦး ယခုကဲ့သို့ ပြန်လည် ပေါ်လာခြင်းအပေါ် ဆွံ့အလျက် ရှိကြသည်။ ထို့ပြင် သူမ၏ ကျင့်ကြံခြင်း အဆင့်မှာလည်း လျှို့ဝှက် ဝိညာဉ်အဆင့်သို့ အံ့သြဖွယ် ပြန်လည် ရောက်ရှိနေပြီ ဖြစ်ရာ ၎င်းမှာ သူမ၏ စွမ်းအားများ တဖြည်းဖြည်း ပြန်လည် နိုးထလာနေသည့် လက္ခဏာပင် ဖြစ်သည်။
"ရှီနင်..."
အသက်လတ်ပိုင်း အမျိုးသမီး တစ်ဦးက အာမေဍိတ်သံဖြင့် အော်ဟစ်လိုက်သည်။ သူမသည်လည်း မြေကြီးရှန့်ထို အဆင့်တွင် ရှိပြီး သူမ၏ ကျင့်ကြံခြင်းမှာ နှစ်ပေါင်း သောင်းနှင့်ချီ၍ တစ်ဆို့နေခဲ့သူ ဖြစ်သည်။
ရှီနင်သည် ထိုအမျိုးသမီးကို ကြည့်လိုက်ရာ ဖေးကျန်းယာ ဖြစ်ကြောင်း မှတ်မိသွားသည်။ သူတို့သည် ယခင်က မစ်ရှင်များကို အတူတူ လုပ်ဆောင်ခဲ့ကြပြီး ရန်သူများကို အတူတူ တိုက်ခိုက်ကာ အခွင့်အရေးများကို အတူတူ ရှာဖွေခဲ့ကြသည့် ညီအစ်မ အရင်းအချာကဲ့သို့ ရင်းနှီးသူများ ဖြစ်သည်။ ဖေးကျန်းယာကို မြင်လိုက်ရသဖြင့် ရှီနင်မှာ အံ့အားသင့်သွားပြီး စိတ်လှုပ်ရှားလာမိသည်။ တစ်ချိန်က နုပျိုခဲ့သော ဖေးကျန်းယာမှာ ယခုအခါ အသက်လတ်ပိုင်း အမျိုးသမီးကြီး တစ်ဦး ဖြစ်နေချေပြီ။ သူမသည် သူမ၏ နုပျိုမှုကို ထိန်းသိမ်းရန်အတွက် အသက်ဓာတ် သို့မဟုတ် ကျင့်ကြံခြင်း စွမ်းအားများကို မဖြုန်းတီးလိုတော့ပုံ ပေါ်သည်။
ရှီနင်မှာ သူငယ်ချင်း ဖြစ်သူကို အပြေးအလွှား သွားရောက် နှုတ်ဆက်လိုသော်လည်း ခေတ္တမျှ တွန့်ဆုတ်သွားပြီးနောက် ပြုံးပြကာ လက်ဝေ့ယမ်း နှုတ်ဆက်ရုံသာ ပြုလုပ်လိုက်ပြီး ချောင်စွေ့ဖုန်းတို့ နောက်မှ လိုက်ကာ စတုတ္ထအဆင့် စင်မြင့်ထံသို့ သွားရောက် ထိုင်လိုက်သည်။ ပုံမှန်အားဖြင့် ဇနီးမယား သို့မဟုတ် အခြံအရံများ ဖြစ်ပါက ဝေ့ဝူယင်ထက် တစ်ဆင့်နိမ့်သော နေရာတွင် ထိုင်ရမည် ဖြစ်သော်လည်း ရှန့်လျိုက ၎င်းကို ကြိုတင် တွက်ချက်ထားပြီး ဖြစ်ရာ သူတို့ အားလုံးကို စတုတ္ထအဆင့် (အမြင့်ဆုံးအဆင့်) တွင်ပင် ထိုင်စေခဲ့သည်။ ဤသည်မှာ ဝေ့ဝူယင်၏ စိတ်ကျေနပ်မှုကို ရယူရန်နှင့် ယခင်က သူ ပြုလုပ်ခဲ့မိသော အမှားများအတွက် ပြန်လည် ကုစားရန် ကြိုးပမ်းမှုပင် ဖြစ်သည်။
ယခုအခါ ရှန့်ဝမ်ချင်းမှလွဲ၍ လူစုံသွားပြီ ဖြစ်ရာ ရှန့်လျိုက နေရာမှ ထလိုက်သည်။
"ဒီနေ့ ကျွန်တော့်ရဲ့ အသက် နှစ်သိန်းပြည့် မွေးနေ့ကို လာရောက် ဆင်နွှဲပေးကြတဲ့ လူတိုင်းကို ကျေးဇူးတင်ပါတယ်... ကျွန်တော်ဟာ ရှည်လျားတဲ့ ဘဝကို ရှင်သန်ခဲ့ပြီးပါပြီ... ကျွန်တော့်ရဲ့ အကြီးမားဆုံး အောင်မြင်မှုကတော့ ဒီ သူရဲကောင်းတာအို နန်းတော် ကို တည်ထောင်ပြီး ထိန်းသိမ်းနိုင်ခဲ့တာပါပဲ"
သုံးထပ်ကွမ်း ပွဲတော်၏ ပထမဆုံး အစီအစဉ် စတင်ခဲ့ပြီ ဖြစ်ပေသည်။
...
အိမ်ရှင်ဖြစ်သူ ရှန့်လျိုက သူ၏ မွေးနေ့ပွဲကို စတင်လိုက်သည်။ ထိုသို့ စတင်လိုက်သည်နှင့် တစ်ပြိုင်နက် ကျွမ်းကျင်လှသော ဂီတပညာရှင်များ၏ တီးခတ်မှုနှင့်အတူ ခန့်ညားထည်ဝါသော တေးဂီတသံများ ဟိန်းထွက်လာတော့သည်။ ထိုဂီတသံစဉ်များမှာ ခန္ဓာကိုယ်၏ ဆဲလ်များနှင့် စိတ်ဝိညာဉ်အတွင်းသို့ စိမ့်ဝင်သွားကာ စိတ်လှုပ်ရှားမှုကို မြှင့်တင်ပေးနိုင်စွမ်း ရှိသည်။ ဂီတလမ်းစဉ်မှာ နက်နဲလှပြီး ယခုတီးခတ်နေသော သံစဉ်များမှာလည်း စိတ်ကို တက်ကြွလန်းဆန်းစေကာ နှစ်သိမ့်မှုကို ပေးစွမ်းနိုင်သည်။
ထို့နောက် ပန်းချီကြယ်တာရာ သူတော်စင်၏ လမ်းညွှန်မှုအောက်ရှိ အနုပညာလမ်းစဉ်ကို လိုက်စားသော ကျင့်ကြံသူအချို့က သူတို့၏ ဝိညာဉ်စွမ်းအားကို ဆေးရောင်အဖြစ် အသုံးပြုကာ လောကဓာတ်၏ မန်နာ များကို ပန်းချီကားချပ်အဖြစ် အသုံးချလျက် အသက်ဝင်လှသော ပုံရိပ်များကို စတင် ရေးဆွဲကြတော့သည်။ ကနဦးတွင် တောင်တန်းများ၊ မြစ်ချောင်းများ၊ တိမ်တိုက်များနှင့် ကြယ်တာရာ အဖွဲ့အစည်းများအဖြစ်သာ စတင်ခဲ့သော်လည်း ၎င်းတို့မှာ ခန်းမဆောင်တစ်ခုလုံးအတွင်း ခန့်ညားထည်ဝါစွာ ပျံ့နှံ့သွားပြီး ဖန်တီးခြင်းနှင့် အရောင်အသွေးတို့၏ အခြေခံအုတ်မြစ်သဖွယ် ကခုန်နေကြသည်။
ပန်းချီကြယ်တာရာ သူတော်စင်က ဇာတ်ကြောင်းပြောသူအဖြစ် ပါဝင်လာချိန်တွင် ထိုပုံရိပ်များမှာ ပိုမို အဆင့်မြင့်လာသည်။ ထိုပုံရိပ်များမှာ စုစည်းသွားပြီး သစ်ပင်များ၊ ရေကန်များ၊ တောင်တန်းများနှင့် ထူးဆန်းသော သားရဲတိရစ္ဆာန်များ ပြည့်နှက်နေသည့် ကျယ်ပြောလှသော ကမ္ဘာသစ်တစ်ခုအတွင်းရှိ ကောင်လေးတစ်ဦး၏ ဝိညာဉ်ပုံရိပ်ကြီးတစ်ခုအဖြစ် ပြောင်းလဲသွားသည်။ ထိုသားရဲများမှာ ရတနာတောင်ကြား ဂလက်ဆီ၏ မျိုးရင်းသားရဲများဖြစ်ကြောင်း သတိပြုမိလိုက်သဖြင့် သခင်လေးရှန့်၏ မျက်ဝန်းများမှာ အံ့သြမှုဖြင့် တောက်ပသွားသည်။
ပန်းချီကြယ်တာရာ သူတော်စင်က သြဇာညောင်းလှသော အသံဖြင့် ရှန့်လျို၏ ဘဝဇာတ်ကြောင်းကို စတင် ရှင်းပြတော့သည်။ ကလေးငယ်လေး ဘဝမျသည် ကျင့်ကြံခြင်း လမ်းစဉ်၏ အစဦးပိုင်း၊ လူငယ် တစ်ဦး ဖြစ်လာရန် ကြိုးပမ်းခဲ့ရသည့် စိန်ခေါ်မှုများ၊ သူ ခံစားခဲ့ရသော ကြေကွဲစရာများ၊ သူ ရရှိခဲ့သော အောင်ပွဲများ၊ သူ ဖြတ်သန်းခဲ့သော ခရီးလမ်းများနှင့် အခြားအရာများစွာ...။
အသေးစိတ် အချက်အလက်အချို့ကို ချန်လှပ်ထားသော်လည်း တစ်နာရီအတွင်းမှာပင် နှစ်ပေါင်း နှစ်သိန်းစာ ဘဝခရီးကို စိတ်လှုပ်ရှားဖွယ်ရာ တင်ဆက်သွားခဲ့သည်။
ပန်းချီကြယ်တာရာ သူတော်စင်သည် ပြဇာတ်ဆန်ဆန် ပြောဆိုရာတွင် အလွန်ပင် ကျွမ်းကျင်ကြောင်း သက်သေပြခဲ့သည်။ သူသည် ပရိသတ်ကို ရှန့်လျို၏ ဘဝအလှည့်အပြောင်းတိုင်း၊ ထိတ်လန့်ဖွယ်ရာ ရှာဖွေတွေ့ရှိမှုတိုင်းနှင့် ရှန့်လျိုကို ယနေ့ကဲ့သို့ လူအများ ရိုသေလေးစားရသော ပုဂ္ဂိုလ်တစ်ဦး ဖြစ်လာစေသည့် အရေးပါသော အခိုက်အတန့်တိုင်းဆီသို့ ခေါ်ဆောင်သွားခဲ့သည်။
ရှန့်လျိုသည် သူ၏ တည်ငြိမ်မှုကို ထိန်းသိမ်းထားရန် ကြိုးစားနေသော်လည်း ပန်းချီကြယ်တာရာ သူတော်စင်က အသေးစိတ်အချက်များကို ပြောပြနေစဉ် သူ၏ မျက်ဝန်းများမှာ ရံဖန်ရံခါ လက်ခနဲ ဖြစ်သွားတတ်ပြီး သူ၏ စိတ်အတွင်း၌ ရှုပ်ထွေးလှသော ခံစားချက်များ ဖြစ်ပေါ်နေကြောင်း ပေါ်လွင်နေသည်။
မည်သည့် ကျင့်ကြံခြင်း စွမ်းအားမျှ မရှိသော ကောင်လေးတစ်ဦးဘဝမှ ယနေ့ခေတ် ကျင့်ကြံခြင်းလောကတွင် အောင်မြင်မှုများစွာ ပိုင်ဆိုင်ထားသည့် ဘီလူးကြီးတစ်ကောင် ဖြစ်လာသည့်အထိ မိမိ၏ ဘဝခရီးကို လှပလှသော ဝိညာဉ်ပုံရိပ်များဖြင့် ပြန်လည် မြင်တွေ့ရခြင်းမှာ သူ့အတွက် ပြင်းထန်သော ခံစားချက်များ မဖြစ်ပေါ်ဘဲ မနေနိုင်ပေ။
သူ၏ အကြည့်မှာ သခင်လေးရှန့်ထံသို့ မကြာခဏဆိုသလို သတိမမူမိအောင် ရောက်သွားတတ်သည်။ သူသည် စပ်စုလိုစိတ်ကို မအောင့်နိုင်တော့ဘဲ လူအများက သူ၏ ဘဝဇာတ်ကြောင်းကို အာရုံစိုက်နေစဉ်အတွင်း ဝိညာဉ်ဖြင့် ဆက်သွယ်ပြောဆိုလိုက်သည်။
"မင်းက သူတို့ရဲ့ ကိုယ်စားလှယ်အဖြစ် ဒီကို ရောက်နေတာလား..."
ဤမေးခွန်းမှာ သူ၏ နှလုံးသားအတွင်း မြွေဆိုးတစ်ကောင်ကဲ့သို့ အမြဲတမ်း ပတ်ချာလည်နေခဲ့ခြင်း ဖြစ်သည်။ ဤလူငယ်ထံမှ ရှန့်မျိုးနွယ်၏ တိုက်ရိုက် တော်ဝင်သွေးမျိုးဆက်ကို သူ ခံစားနေရသဖြင့် ဤသူမှာ သူနှင့် မရင်းနှီးသော တော်ဝင်မိသားစု၏ မင်းသားများထဲမှ တစ်ဦး ဖြစ်နိုင်ကြောင်း သူ သိထားသည်။
ရှန့်လျိုသည် ရှန့်မျိုးနွယ်စု၏ သီးသန့် ဝိညာဉ် ဆက်သွယ်ရေး ကျင့်စဉ်ကို အသုံးပြုနေခြင်းဖြစ်ရာ သွေးချင်းနီးစပ်သူများသာလျှင် ဤစကားကို လက်ခံရရှိနိုင် သို့မဟုတ် ပြန်လည် ဖြေကြားနိုင်မည် ဖြစ်သည်။
သခင်လေးရှန့်၏ မျက်ခုံးများမှာ အနည်းငယ် မြင့်တက်သွားပြီးနောက် သူ ပြန်လည် ဖြေကြားလိုက်သည်။ ထိုအဖြေကြောင့် ရှန့်လျို၏ မျက်နှာအမူအရာမှာ ခေတ္တမျှ သိသိသာသာ ပြောင်းလဲသွားတော့သည်။ မယုံကြည်နိုင်မှု၊ မသေချာမှု၊ ဝေခွဲမရမှုနှင့် သံသယစိတ်များ သူ၏ မျက်နှာထက်တွင် ဖြတ်သန်းသွားသည်။
သူသည် သူ၏ မျက်နှာအမူအရာကို အမြန်ဆုံး ပြန်လည် ထိန်းချုပ်လိုက်ရသည်။ ငါးမိနစ်ခန့် ကြာပြီးနောက် သူ၏ အကြည့်မှာ ဘေးဘက်သို့ ရောက်သွားပြီး ဝေ့ဝူယင်၏ ဘေးတိုက် ပုံရိပ်ကို လှမ်းကြည့်လိုက်သည်။
သူသည် သူ၏ ဘဝတစ်စိတ်တစ်ပိုင်းကို မေ့ပစ်ရန် တမင်တကာ ကြိုးစားထားခဲ့သဖြင့် ရှန့်တော်ဝင်မျိုးနွယ်၏ လက်ရှိ အခြေအနေကို များများစားစား မသိသော်လည်း ကံတရား ၊ ကပ်ဘေး နှင့် ကံကြမ္မာမဲ့ခြင် ဟူသော ကလေးငယ်သုံးဦး - ကောင်းကင်ဘုံ နှလုံးသား၏ သုံးပါးပေါင်းစုံ ထဲမှ တစ်ဦး ပြန်လည် ရောက်ရှိလာခြင်းကိုမူ သူ သိရှိထားသည်။
သူတို့သည် ဂလက်ဆီများ၏ ကံကြမ္မာကို ဆုံးဖြတ်နိုင်ခြင်း မရှိသော်လည်း ဂလက်ဆီ ဇုန်တစ်ခုလုံး၏ ကံကြမ္မာအပေါ် သက်ရောက်မှုမှာမူ လျစ်လျူရှု၍ မရနိုင်သော အကြောင်းအရာ ဖြစ်ပေသည်။
ဝေ့ဝူယင်က သူ၏ အကြည့်ကို သတိပြုမိသွားပြီး ရှန့်လျိုဘက်သို့ လှည့်ကာ တည်ငြိမ်စွာ ပြုံးပြလိုက်သည်။
"နန်းတော်သခင်ရှန့်ရဲ့ ဘဝခရီးက တကယ့်ကို စိတ်ဝင်စားစရာ ကောင်းတာပဲဗျာ..."
ပန်းချီကြယ်တာရာ သူတော်စင်သည်လည်း အလွန်တော်သော ဇာတ်ကြောင်းပြောသူ ဖြစ်ကြောင်း သက်သေပြနေသည်။ သူသည် စကားလုံးများထက် ဝိညာဉ်ပုံရိပ်များနှင့် ပြောင်းလဲနေသော ဂီတသံစဉ်များကို အသုံးပြု၍ အဖြစ်အပျက်များကို ပေါ်လွင်စေပြီး၊ လိုအပ်သော နေရာများတွင်သာ ထိရောက်လှသော စကားလုံးများဖြင့် အားဖြည့် တင်ဆက်သွားသည်။
"အာရုဏ်ဦး လောကရှန့်ထိုဆီက ဒီလို ချီးကျူးစကား ရရှိတာဟာ ကျွန်တော့်အတွက် မင်္ဂလာတစ်ပါးပါပဲ..."
ရှန့်လျိုက သဘာဝကျကျ ပြန်လည် ပြောဆိုလိုက်သော်လည်း ဝေ့ဝူယင်ကမူ သူ၏ လေသံ အတွင်း၌ စိတ်လှုပ်ရှားမှုများနှင့် တင်းမာမှုများ ရှိနေသည်ကို ခံစားလိုက်ရသည်။ သခင်လေးရှန့်၏ ဇွဲနပဲကြီးစွာ လာရောက်လိုသည့် ဆန္ဒကို ကြည့်ခြင်းအားဖြင့် ဤသို့ ဖြစ်လာမည်ကို ဝေ့ဝူယင် ကြိုတင် ခန့်မှန်းထားပြီး ဖြစ်ရာ ထူးထူးခြားခြား စိတ်ထဲမထားပေ။ ထို့ပြင် သူ၏ လက်ထဲတွင်လည်း သဲလွန်စအချို့ ရှိနေသည်။ သူတို့နှစ်ဦး၏ မျက်လုံးအရောင်မှာ စိမ်းပြာရောင် အဖြစ် ထပ်တူကျနေခြင်းကို ကြည့်ခြင်းအားဖြင့် သွေးချင်းနီးစပ်မှုမှာ အလွန်ပင် နီးကပ်ကြောင်း သိနိုင်သည်။ အကြမ်းဖျင်း ခန့်မှန်းရမည်ဆိုပါက ဤသူမှာ သခင်လေးရှန့်၏ ညီအစ်ကို သို့မဟုတ် ဦးလေးကဲ့သို့ တိုက်ရိုက်တော်စပ်သူ ဖြစ်နိုင်ပေသည်။
မည်သို့ပင်ဖြစ်စေ... ဝေ့ဝူယင်အနေဖြင့် ပိုမို နားလည်နိုင်ရန်အတွက် သခင်လေးရှန့်နှင့် ရှန့်လျိုတို့ကြားမှ ကိစ္စရပ်များ ပြီးဆုံးသွားသည်အထိ စောင့်ဆိုင်းနေမည်သာ ဖြစ်သည်။
***
အပိုင်း(၂၂၂၀)
များမကြာမီတွင် ဇာတ်ကြောင်းပြောပြမှုမှာ ပြီးဆုံးသွားပြီး ရှန့်လျို၏ ဘေးပတ်ပတ်လည်၌ သူ၏ ငယ်ဘဝ ပုံရိပ်များစွာ ဝိုင်းရံလာကြသည်။ ထိုပုံရိပ်များတွင် သူရဲကောင်းဆန်ပြီး လွတ်လပ်သူ၊ ပင်ပန်းနွမ်းနယ်နေသူ၊ ဒဏ်ရာဒဏ်ချက်များနှင့် သွေးသံရဲရဲ ဖြစ်နေသူ၊ ပျော်ရွှင်စွာ အောင်ပွဲခံနေသူ သို့မဟုတ် ကြေကွဲဝမ်းနည်းနေသူ စသည်ဖြင့် စုံလင်လှသည်။
ပန်းချီကြယ်တာရာ သူတော်စင်သည် ယနေ့ကဲ့သို့ ထိပ်တန်း သင်ကြားရေး ဂိုဏ်းတစ်ခုအဖြစ် သူရဲကောင်းတာအို နန်းတော် ကို တည်ထောင်ရန် ရှန့်လျို မည်မျှအထိ ရုန်းကန်ခဲ့ရသည်ကို ဖုံးကွယ်ထားခြင်း မရှိဘဲ အကုန်အစင် တင်ဆက်သွားခဲ့သည်။
ပရိသတ်ကြီးမှာလည်း နှစ်ပေါင်း နှစ်သိန်းစာ ဘဝတစ်ခုကို ပိုမိုနက်ရှိုင်းစွာ သိမြင်ခွင့် ရရှိသွားသဖြင့် စိတ်လှုပ်ရှားခြင်း၊ အံ့သြခြင်း သို့မဟုတ် မယုံကြည်နိုင်ခြင်းများ ဖြစ်ပေါ်နေကြသည်။ နှစ်ပေါင်း နှစ်သိန်းဟူသော အချိန်ကာလကို စိတ်ကူးကြည့်ရန်ပင် ခက်ခဲသော်လည်း ဤကဲ့သို့သော ဝိညာဉ်ပြဇာတ်တစ်ခုအဖြစ် တွေ့မြင်လိုက်ရခြင်းမှာ တစ်သက်တွင် တစ်ခါသာ ကြုံရမည့် အတွေ့အကြုံပင်။ အချို့မှာ အသိဉာဏ်များ ရရှိသွားကြသော်လည်း အချို့မှာမူ စိတ်ဓာတ်ကျသွားကြသည်။
အဘယ်ကြောင့်ဆိုသော် ယန်လော့ရန်နှင့် ရှန့်လျိုတို့၏ ဘဝက သူတို့၏ ပါရမီနှင့် စွမ်းအားများ မည်မျှပင် ရှိစေကာမူ၊ ယခင်လူမှာ တာအိုကို နားလည်ရန် ကြိုးစားရင်း သူ၏ နောက်ဆုံး အသက်ဓာတ်ဖြင့် ကွယ်လွန်သွားခဲ့ရပြီး၊ နောက်တစ်ဦးမှာမူ နှစ်ပေါင်း ၁၇၀,၀၀၀ ကျော်တိုင်တိုင် လျှို့ဝှက်အရှင် အဆင့်မှာတင် တစ်ဆို့နေခဲ့ရခြင်းကြောင့် ဖြစ်သည်။
နှစ်ပေါင်း ၁၇၀,၀၀၀...
ကျင့်ကြံခြင်း လမ်းစဉ်မှာ ခက်ခဲလှပေသည်။ ဤလက်တွေ့ဘဝ၏ အရှိတရားကို သိမြင်လိုက်ရချိန်တွင် သူတို့၏ အနာဂတ်အပေါ် ထာဝရ သက်ရောက်သွားမည့် အသိအမြင်များ ဖြစ်ပေါ်လာတော့သည်။ ဤအရာမှာ အပြုသဘော သို့မဟုတ် အနုတ်သဘော ဆောင်မည်ဆိုသည်မှာ သူတို့၏ စိတ်ဓာတ်ကြံ့ခိုင်မှုအပေါ်တွင်သာ မူတည်ပေလိမ့်မည်။
ဤကဲ့သို့သော ခံစားချက်များ လွှမ်းမိုးနေစဉ်အတွင်း ဝေ့ဝူယင်၏ အကြည့်မှာ အမတေဓားကြယ်တာရာ နယ်မြေ၏ အပြင်ဘက်သို့ ရောက်သွားသည်။ ဝိညာဉ်မှတ်တမ်းများမှ တစ်ဆင့် ပွဲကို စောင့်ကြည့်နေကြသော ပရိသတ်များကြားတွင် ရုပ်ဖျက်ထားသည့် ထူးခြားသော အော်ရာသုံးခုမှာ ချဉ်းကပ်လာနေသည်။
သူတို့သည် ပွဲကျင်းပရာ နေရာအတွင်းသို့ တိုက်ရိုက် မဝင်ရောက်နိုင်သော်လည်း ပွဲကို လေ့လာကာ လက်ဆောင်များ ပေးအပ်ကြမည် ဖြစ်သည်။ လူအများမှာ သူတို့၏ သားသမီး မြေးမြစ်များ အနာဂတ် ကောင်းမွန်စေရန်အတွက် သူရဲကောင်းတာအို နန်းတော် သို့ တက်ရောက်ခွင့် လက်မှတ်တစ်ခု ရရှိရန် မျှော်လင့်ချက်ကြီးစွာဖြင့် စောင့်ဆိုင်းနေကြသည်။
ဤအော်ရာသုံးခုမှာ သာမန်မဟုတ်ပေ။ သူတို့မှာ လျှို့ဝှက် အာဏာရှင် အဆင့်၏ အာဏာရှင် ရှန့်ထို အဆင့်တွင် ရှိနေကြသည့် လျှို့ဝှက်အရှင်များပင် ဖြစ်ကြသည်။ သူတို့သည် အေးခဲနေသော ဂြိုဟ်သိမ်ဂြိုဟ်မွှားဖြူကြီးတစ်ခုပေါ်တွင် ရပ်လျက် ဖြည်းညင်းစွာ ချဉ်းကပ်လာနေကြသည်။
လက်ဆောင်ပေးအပ်ပွဲ အစီအစဉ် စတင်ချိန်တွင် ဝေ့ဝူယင်သည် ရှန့်လျိုကို ကြည့်မနေတော့ပေ။ အခမ်းအနားကို ချင်လျန်ယုက ဦးဆောင်ကာ ခန်းမအပြင်ဘက်မှ ပေးပို့သော လက်ဆောင်များကို စတင်မိတ်ဆက်ပေးသည်။ ဤလုပ်ငန်းစဉ်မှာ ရှန့်လျို၏ တန်ဖိုးနှင့် သြဇာအာဏာကို ဝင့်ကြွားစွာ ပြသနေခြင်းဖြစ်ပြီး နာရီပေါင်းများစွာ ကြာမြင့်နိုင်ပေသည်။
သို့သော်လည်း ရှန့်လျိုသည် လက်ဆောင်ပေးသူတိုင်းအပေါ် အလွန်ပင် လေးစားမှု ရှိလှသည်။ ချင်လျန်ယုက လက်ဆောင်ပေးသူ၏ အမည်၊ ဇာတိနှင့် သူတို့ပေးပို့လိုသော ဆုတောင်းစကားများကို ဖတ်ကြားပြသည်။ အချို့ကလည်း သူတို့၏ ပါရမီရှင် သားသမီးများကို ရှန့်လျို၏ သင်ကြားမှုအောက်တွင် ထားရှိခွင့်ရရန် မျှော်လင့်ချက်ဖြင့် လက်ဆောင်များ ပေးပို့ကြခြင်း ဖြစ်သည်။
ဒုတိယအမျိုးအစား တောင်းဆိုချက်များမှာ တုံ့ပြန်မှု သိပ်မရသော်လည်း၊ မိမိတို့၏ အခြေခံအုတ်မြစ်ကိုပင် ပျက်စီးစေနိုင်လောက်သော တန်ဖိုးကြီး လက်ဆောင်များကို စေတနာအပြည့်ဖြင့် ပေးပို့သူများကိုမူ ရှန့်လျိုက "စမ်းသပ်ခွင့် လက်မှတ်" များ ပြန်လည် ပေးအပ်သည်။ ထိုလက်မှတ်ရရှိသူများသည် သတ်မှတ်ထားသော အချိန်တွင် သူတို့၏ မျိုးဆက်သစ်လူငယ်များကို ခေါ်ဆောင်လာကာ ဂိုဏ်း၏ စမ်းသပ်မှုများကို ခံယူစေနိုင်သည်။
ဝေ့ဝူယင်သည် ရှန့်လျို၏ ဤအပြုအမူကို သဘောကျမိသည်။ ရှန့်လျိုသည် လက်ဆောင်တိုင်းကို တန်ဖိုးထားပြီး အချိန်ပေးကာ လက်ခံနေခြင်းမှာ သူ၏ စိတ်နေစိတ်ထားကောင်းကို ဖော်ပြနေခြင်းပင်။ အချိန်ကုန်သည်ဟု ထင်ရသော်လည်း မည်သူမျှ မကျေမနပ် မဖြစ်ကြပေ။
လက်မှတ်ရရှိသူအချို့မှာ လျှို့ဝှက်မြေကြီး အဆင့် အဂ္ဂိရတ် ထုတ်ကုန်များကို ပေးနိုင်ကြသော်လည်း၊ စည်ပင်ထွန်းကားသော ဂလက်ဆီအတွင်းရှိ အဖွဲ့အစည်းတိုင်းမှာ အဖိုးတန်လွန်းသော လက်ဆောင်များကို ပေးနိုင်စွမ်း မရှိကြသည်ကတော့ သဘာဝပင်။
ဝေ့ဝူယင်၏ အာရုံမှာ အနည်းငယ် ထိတ်လန့်နေသော ရုပ်ဖျက်ထားသည့် သူတော်စင်နှစ်ဦးထံသို့ ရောက်သွားသည်။ သို့သော် ထူးခြားမှု မရှိသေးသဖြင့် ဝေ့ဝူယင်က သူတို့ကို ဂရုမစိုက်ဟု ယူဆကာ သူတို့၏ စိတ်ဓာတ်မှာ ပိုမို ခိုင်မာလာကြသည်။ သူတို့သည် အခြေခံအကျဆုံးသော လက်လှုပ်ရှားမှုနှင့် မျက်တောင်ခတ်ခြင်းများဖြင့် အချင်းအရာချင်း ဆက်သွယ်နေကြသည်။ အကယ်၍ သူတို့နှစ်ဦး ရုပ်ဖျက်ထားသည်ကို ကြိုမသိပါက သူတော်စင်တစ်ဦးပင်လျှင် ဤရှေးကျလှသော ဆက်သွယ်ရေးနည်းလမ်းကို သတိပြုမိမည် မဟုတ်ပေ။
ပြင်ပမှ လက်ဆောင်များ ပေးပြီးနောက် ပထမအဆင့်မှ ဧည့်သည်များ၏ အလှည့် ရောက်လာသည်။ ရှန့်လျိုသည် လက်ဆောင်များ၏ တန်ဖိုးကို မထိခိုက်စေရန်အတွက် အပြင်ဘက်မှ လူများ၊ ထို့နောက် ပထမအဆင့်မှသည် စတုတ္ထအဆင့်အထိ အစီအစဉ်တကျ လက်ခံနေခြင်း ဖြစ်သည်။ စတုတ္ထအဆင့်တွင်မူ သူ၏ တပည့်များဖြစ်သော အဂ္ဂိရတ် ရှန့်ထို မီးလျှံကြယ်တာရာ၊ မြူပြာ အဂ္ဂိရတ် ရှန့်ထို နှင့် အာရုဏ်ဦး လောကရှန့်ထို ဝေ့ဝူယင် တို့၏ လက်ဆောင်များ ပါဝင်လာပေလိမ့်မည်။
ပထမအဆင့်မှ လက်ဆောင်များမှာ အနိမ့်ဆုံး စံသတ်မှတ်ချက်တစ်ခု ရှိသော်လည်း စုံလင်လှသည်။ အချို့သော လက်ဆောင်များမှာ အမှတ်တရ တန်ဖိုးကြီးမားသဖြင့် ရှန့်လျိုက "တပည့်အဖြစ် ဝင်ရောက်ခွင့် လက်မှတ်" ကို ချက်ချင်း ပေးအပ်လိုက်သည်။ ၎င်းမှာ စမ်းသပ်မှုများကို ကျော်ဖြတ်ကာ ကျောင်းလခပေးရုံဖြင့် တိုက်ရိုက် တက်ရောက်ခွင့် ရရှိစေမည့် လက်မှတ်ဖြစ်သည်။
ဒုတိယအဆင့်တွင်မူ မြေကြီး အဂ္ဂိရတ် ရှန့်ထိုများ ပါဝင်လာပြီး အချို့က သူတို့၏ မျိုးဆက် ဆေးဝါးထုတ်ကုန်များကို ပေးအပ်ကြသည်။ ၎င်းတို့မှာ ဈေးကွက်တွင် အကောင်းဆုံး မဟုတ်နိုင်သော်လည်း သူတို့၏ မှတ်တမ်းလိပ်များ၊ ကျမ်းစာများနှင့် စာအုပ်များအတွင်းရှိ ဗဟုသုတများမှာ အဂ္ဂိရတ် ပညာရှင်များအတွက် အလွန်ပင် တန်ဖိုးရှိလှသည်။ ဤအဆင့်များအတွင်း လက်မှတ်များစွာကို ထုတ်ပေးခဲ့သည်။
ဝေ့ဝူယင်မှာမူ ရှန့်လျိုသည် ဤမျှလောက်သော ချမ်းသာကြွယ်ဝမှုများကို ဂုဏ်သတင်းတစ်ခုတည်းဖြင့် စုဆောင်းနိုင်ခြင်းအပေါ် အံ့သြနေမိသည်။ သူ၏ အသက် ၁၀၀ ပြည့် မွေးနေ့တွင် ဤကဲ့သို့ မလုပ်ဆောင်နိုင်ခဲ့ခြင်းမှာ နှမြောစရာပင်။
"ဟင်..."
ဝေ့ဝူယင်၏ ကြယ်တာရာ မျက်ဝန်းများမှာ မှေးစင်းသွားသည်။ သူသည် ရှန့်လျိုထံသို့ ဝိညာဉ်ဖြင့် လျှို့ဝှက် ဆက်သွယ်လိုက်၏။
"ပုံမှန်ဆိုရင် ခင်ဗျားရဲ့ ကြယ်တာရာ နယ်မြေမှာ စစ်ဆေးရေး အစီအရင် တွေ ရှိရမှာ မဟုတ်လား..."
ရှန့်လျို မျက်မှောင်ကြုတ်သွားသည်။ သူက လျှို့ဝှက်မြေကြီး အဆင့် လက်ဆောင်များကို လက်ခံရင်း ပြန်လည် ဖြေကြားလိုက်သည်။
"ဟုတ်ပါတယ်... ဒါပေမဲ့ အခုအချိန်မှာ ဒီနယ်မြေထဲမှာ မြင့်မားတဲ့ ကျင့်ကြံခြင်း အဆင့်ရှိတဲ့ သက်ရှိတွေ အများကြီး ရှိနေတော့ အစီအရင်က ကမောက်ကမတွေ ဖြစ်ကုန်လိမ့်မယ်... အဲ့ဒါကြောင့် ကျွန်တော်တို့က အစီအရင်ရဲ့ အတိုင်းအတာကို လျှို့ဝှက်အရှင် နဲ့ သူတော်စင် အဆင့်တွေကိုပဲ စစ်ဆေးနိုင်အောင် ကန့်သတ်ထားပြီး အချင်းဝက်ကိုလည်း နယ်မြေရဲ့ နယ်နိမိတ်အထိပဲ လျှော့ချထားလိုက်တယ်"
"..."
ဝေ့ဝူယင် ခေတ္တ စဉ်းစားလိုက်သည်။ သူတို့၏ စစ်ဆေးရေး အစီအရင်မှာ ထိရောက်မှု မရှိတော့ခြင်း သို့မဟုတ် အားနည်းသွားခြင်းကို တစ်ဖက်လူများက သိရှိထားပုံရသည်။
ရှန့်လျိုကမူ အလွန်အမင်း စိုးရိမ်မနေပေ။ ရှေးဖြစ်ဟောစကားအရ ဉာဏ်အလင်းရ သူတော်စင် များနှင့် အထွတ်အထိပ် သူတော်စင် များသည် ဤပွဲသို့ မတက်ရောက်ရန် သတိပေးခံထားရပြီး ဝေ့ဝူယင်မှာ တစ်ဦးတည်းသော ခြွင်းချက် ဖြစ်သည်။ ထို့ပြင် ဤနေရာတွင် သူရဲကောင်းတာအို နန်းတော် မှ သူတော်စင် သုံးဦးနှင့် ပြတ်သားသော ဆည်းဆာ ဂလက်ဆီ၏ အုပ်ချုပ်သူ လေးဦးလည်း ရှိနေသည် မဟုတ်ပါလား။ မည်သူက ပြဿနာရှာရန် မိုက်မဲမည်နည်း။
သို့သော်လည်း ဝေ့ဝူယင်၏ ယခင် သတိပေးချက်ကြောင့် သူသည် ကြိုတင်ပြင်ဆင်မှုအချို့ကိုမူ ပြုလုပ်ထားပြီး ဖြစ်သည်။
ဝေ့ဝူယင်၏ အကြည့်မှာ တောင်တန်းတစ်ခုအတွင်း ပုန်းကွယ်နေသော သူတော်စင်ကို ထွင်းဖောက် မြင်တွေ့သွားသည်။ ထိုတောင်တန်းမှာ အနည်းငယ် တုန်ခါနေပြီး ပြင်းထန်သော ကျင့်စဉ်တစ်ခုဖြင့် အမြစ်မှ ဆွဲထုတ်ခံနေရပုံရသည်။ ထိုတောင်တန်း ဦးတည်နေသော နေရာနှင့် အချိန်ကို ကြည့်ခြင်းအားဖြင့်...
"သခင်မလေး ရောက်ရှိလာပါပြီ..."
ရုတ်တရက်... အစီအစဉ် ကြေညာသူ၏ အသံကြောင့် လက်ဆောင်ပေးအပ်ပွဲမှာ ရပ်တန့်သွားပြီး လူတိုင်း၏ အကြည့်မှာ တံခါးဝသို့ ရောက်သွားကြသည်။ လူတိုင်းမှာ အံ့သြလွန်းသဖြင့် အသက်ရှူပင် ရပ်သွားမတတ် ဖြစ်ကုန်ကြသည်။
သူမသည် ငယ်ရွယ်သော အမျိုးသမီးတစ်ဦး ဖြစ်ပြီး သွယ်လျသော ကိုယ်လုံးကိုယ်ပေါက်၊ အပြစ်ပြောစရာမရှိသော ဖြူဝင်းသည့် အသားအရေနှင့် ပြည့်ဖြိုးသော ရင်အစုံကို ပိုင်ဆိုင်ထားသည်။ သူမ၏ စိမ်းပြာရောင် မျက်ဝန်းများမှာ အသစ်စက်စက် မွေးဖွားလာသော ကြယ်တာရာများကဲ့သို့ တောက်ပနေပြီး ရှည်လျားသော မျက်တောင်များက ဆွဲဆောင်မှုကို ပိုမို တိုးစေသည်။ အပြာရောင် ခြယ်သထားသော နှုတ်ခမ်းများနှင့် အစွန်အဖျားတွင် ရွှေရောင် သမ်းနေသည့် အဖြူအမဲ ရောယှက်နေသော ဆံနွယ်ရှည်ကြီးမှာ လူအများကို စွဲမက်စေသည်။ သူမ၏ အဖြူနှင့် ရွှေရောင် ဝတ်စုံမှာ သူမကို တော်ဝင်ဆန်ပြီး မြင့်မြတ်သော အရှိန်အဝါကို ပေးစွမ်းနေသည်။
သူမသည် ကြည့်ရှုသူတိုင်းကို မိန်းမောသွားစေနိုင်ပြီး ကြယ်တာရာ နယ်မြေတစ်ခုလုံးကို ပျက်စီးစေနိုင်လောက်သော အလှမျိုးကို ပိုင်ဆိုင်ထားသူ ဖြစ်သည်။ အကယ်၍ ယွီစွန်းလီ၊ ရှီနင်နှင့် ချင်ချူးမူတို့သာ ရောက်မလာခဲ့ပါက လူအပေါင်းမှာ သူမကို တစ်သက်လုံး မေ့နိုင်တော့မည် မဟုတ်ပေ။ ယခုမူ ထိပ်တန်း အလှပဂေးများစွာ ရှိနေသဖြင့် သူမ၏ ဆွဲဆောင်မှုမှာ အနည်းငယ် ယှဉ်ပြိုင်မှု ရှိနေသည်။
အထူးသဖြင့် ယွီစွန်းလီ၏ အစွန်းရောက် ဆွဲဆောင်မှုနှင့် ချင်ချူးမူ၏ သဘာဝကျပြီး နွေးထွေးသည့် အလှတရားတို့မှာ မတူညီသော ဆွဲဆောင်မှုများကို ပေးစွမ်းနေသောကြောင့် ဖြစ်သည်။
ဤအမျိုးသမီးမှာ အခြားသူမဟုတ်ချေ...။ ရှန့်ဝမ်ချင်း ပင် ဖြစ်တော့သည်။
ဝေ့ဝူယင်သည် သူမကို ကောင်းကင်ဘုံ နတ်မျက်လုံးများဖြင့် ကြည့်လိုက်ရာ ပထမဆုံး ပေါ်လာသော အတွေးမှာ...
‘သူ့မှာ ဘာလို့ ဝိညာဉ်အော်ရာ သုံးမျိုး ရှိနေရတာလဲ...’
ဟူ၍ပင်။
ရှန့်ဝမ်ချင်း၏ မျက်နှာအမူအရာမှာ အေးစက်ပြီး တွန့်ဆုတ်နေပုံရသော်လည်း၊ ရှန့်လျို၏ အနီးကပ်အစေခံ ဆံပင်တိုနှင့် အမျိုးသမီးနှင့် သံချပ်ကာ ဝတ်ဆင်ထားသော အစောင့်များ၏ ခြံရံမှုအောက်တွင် ရှေ့သို့ လှမ်းလာခဲ့သည်။ သူမသည် ချွင်ဆွေဟွကျိ ခန္ဓာကိုယ် ပိုင်ရှင် ဖြစ်သော်လည်း လူအများ၏ လောဘတကြီး ကြည့်နေသော အကြည့်များကို လုံးဝ မမှုဘဲ ရဲရဲဝင့်ဝင့် ရှိလှသည်။
ရှန့်လျို၏ အကြည့်မှာ တဖြည်းဖြည်း နွေးထွေးလာပြီး သမီးဖြစ်သူအပေါ် ထားရှိသော မေတ္တာမှာ ထင်ရှားနေသည်။ သူက စကားပြောရန် ပြင်လိုက်စဉ်မှာပင် လောက အင်ပါယာ အဆင့်နှင့် အထက် ကျင့်ကြံသူ အားလုံးမှာ အပေါ်သို့ တစ်ပြိုင်နက် မော့ကြည့်လိုက်ကြတော့သည်။
ဘုန်း...
ကောင်းချီးခံသူရဲကောင်းဂြိုဟ်၏ အကာအကွယ် အစီအရင်သည် အကြီးအကျယ် တိုက်ခိုက်ခံလိုက်ရပြီ ဖြစ်သည်။
***