အခန်း (၂၂၂၁-၂၂၂၂)
Vol. 159 Ch. 2221-2222
အပိုင်း(၂၂၂၁)
ဘုန်း...
နားစည်ကွဲလုမတတ် ပေါက်ကွဲသံကြီးက ခန်းမဆောင်အတွင်းသို့ ရိုက်ခတ်လာသည်။ ထိုလှိုင်း၏ ပြင်းထန်မှုကြောင့် လေထုမှာ ပုံပျက်ရှုံ့တွသွားပြီး မြင်ကွင်းများ ဝေဝါးကာ လူတိုင်း၏ ခန္ဓာကိုယ်များ တုန်ယင်သွားရသည်။ နိမ့်ပါးသော ကျင့်ကြံခြင်းအဆင့်ရှိသူများထံမှ နာကျင်စွာ အော်ဟစ်သံများ ထွက်ပေါ်လာပြီး အချို့မှာမူ ဦးခေါင်းအတွင်း ပြင်းထန်သော ဒဏ်ရာများရရှိကာ နားနှင့် နှာခေါင်းတို့မှ သွေးများ အဆက်မပြတ် စီးကျလျက် သတိလစ်သွားကြတော့သည်။
ပါခက် နှင့် အီမန်တက်တို့မှာ ချက်ချင်း လှုပ်ရှားလိုက်ကြသည်။ အီမန်တက်သည် သူမ၏ ကောင်းကင်ဘုံ ရတနာ ကို ထုတ်ယူရန် အချိန်မရှိသဖြင့် လျင်မြန်သည့် လျှို့ဝှက်သဲကန္တာရ ကျင့်စဉ် - ခမ်ဆင်၏ မျက်နှာဖုံး ကို အသုံးပြုကာ အမည်းနှင့် အဖြူရောင် ရောယှက်နေသော သဲမုန်တိုင်းတစ်ခုကို ဖန်တီးလိုက်သည်။
၎င်းမှာ ဝေ့ဝူယင်၊ သူတော်စင်များနှင့် အနီးကပ်လူများကို အကာအကွယ်ပေးရန် ဖြစ်သည်။ တစ်ဖက်တွင်မူ ပါခက်သည် သူမ၏ လျှို့ဝှက် အော်ရာကို အသုံးပြု၍ အဓိက ခံစစ်အဖြစ် စက်ဝိုင်းပုံစံ စွမ်းအင်ဒိုင်းတစ်ခုကို ဖန်တီးလိုက်သည်။ အီမန်တက်မှာ ခံစစ်ပိုင်း၌ ကျွမ်းကျင်သော်လည်း ပါခက်မှာ တိုက်စစ်သမားဖြစ်ရာ သူမ၏ အမြန်ဆုံး ခံစစ်မှာ အော်ရာကို ဒိုင်းအဖြစ် ပြောင်းလဲခြင်းသာ ဖြစ်ပေသည်။
ထိုရွှေရောင်ဒိုင်းကြီးမှာ ရေကန်ထဲသို့ မိုးစက်များ ကျရောက်သကဲ့သို့ မရေမတွက်နိုင်သော တုန်ခါမှုလှိုင်းများ ဖြစ်ပေါ်နေပြီး ပရမ်းပတာ အရည်ပျော်ကျနေသည်။ ပါခက် မျက်မှောင်ကြုတ်လျက် သူမ၏ လျှို့ဝှက်စွမ်းအားများကို ပိုမို အားဖြည့်ကာ ခုခံနေရသည်။
သဲမုန်တိုင်းအကာအကွယ်အတွင်းရှိ ကျွမ်းကျင်သူများမှာမူ မိမိကိုယ်ကို ကာကွယ်ရန် ရတနာများနှင့် ကျင့်စဉ်များကို ထုတ်သုံးနိုင်ကြသော်လည်း သူတော်စင်များ၏ အကာအကွယ် မရရှိသူများမှာမူ ထိုကဲ့သို့ ကံမကောင်းကြပေ။ ဧည့်သည်တော်များမှာ သူတို့၏ ခန္ဓာကိုယ်နှင့် ဝိညာဉ်များမှာ ပြင်းထန်သော ငလျင်၏ ဗဟိုချက်တွင် ရောက်နေသကဲ့သို့ ခံစားနေရသည်။
သေမျိုးအဆင့်များမှ အစေခံ ထောင်ပေါင်းများစွာမှာ သွေးအိုင်များအဖြစ် ပေါက်ကွဲထွက်သွားကြပြီး သူတို့၏ အရိုးများမှာ မှုန့်မှုန့်ညက်ညက် ကြေမွကာ ဝိညာဉ်များပါ ဆွဲဖြတ်ခံလိုက်ရသည်။ သူတို့၏ သွေးစက်များနှင့် အရိုးမှုန့်များမှာ လေထုထဲတွင် အချိန်ရပ်တန့်သွားသကဲ့သို့ ဝဲပျံနေတော့သည်။
အရာရာမှာ အလွန်ပင် လျင်မြန်လှသဖြင့် လျှို့ဝှက်အရှင် တစ်ဦးဖြစ်သော ရှန့်လျိုပင်လျှင် ကောင်းကောင်း တုံ့ပြန်နိုင်ခြင်း မရှိပေ။ ကံကောင်းသည်က ဝေ့ဝူယင်၏ ကြိုတင်သတိပေးချက်ကြောင့် သူသည် လေထုအလွှာများကြားတွင် မမြင်နိုင်သော အကာအကွယ်ဒိုင်းကို ကြိုတင် တည်ဆောက်ထားခဲ့သဖြင့် တိုက်ရိုက် ထိမှန်ခြင်းကို ရှောင်လွှဲနိုင်ခဲ့ခြင်း ဖြစ်သည်။ သို့မဟုတ်ပါက သေဆုံးပျက်စီးမှုမှာ ယခုထက် များစွာ ပိုမိုဆိုးရွားနိုင်ပေသည်။
အခြားသော သူတော်စင်များမှာမူ ချက်ချင်း တုံ့ပြန်ကြသည်။ ပန်းချီကြယ်တာရာ သူတော်စင်သည် သူ၏ လက်ညှိုးကို စုတ်တံအဖြစ် အသုံးပြုကာ လိပ်ခွံပုံစံ အကာအကွယ်တစ်ခုကို ရေးဆွဲလိုက်ပြီး ကျန်ရှိနေသော လူအုပ်ကို ငုံ့လျှိုးကာ အုပ်မိုးလိုက်သည်။ သူသည် မိမိကိုယ်ကို ပေါ့ဆမိခြင်းကြောင့် လူသားများနှင့် ကျင့်ကြံသူအချို့ အသက်ဆုံးရှုံးခဲ့ရခြင်းအပေါ် စိတ်ထဲမှ ကျိန်ဆဲနေမိသည်။
လထွက် သူတော်စင်မှာမူ မြူပြာ အဂ္ဂိရတ် ရှန့်ထို တစ်ဦးတည်းကိုသာ ကာကွယ်ပေးထားသည်။
သူတော်စင် နှလုံးသား ကလဲ့စား ကမူ မကာကွယ်ပေ။ သူက ချက်ချင်းပင် လက်စားချေရန် ပြင်ဆင်လိုက်၏။ သူ၏ မျက်ဝန်းများမှာ သွေးနီရောင် တောက်ပလာကာ အပြင်ဘက်မှ ခြိမ်းခြောက်မှုကို ရှာဖွေလိုက်သည်။ သူ မြင်လိုက်ရသည့် အရာက သူ့ကို ပို၍ အံ့သြသွားစေသည်။ အပြင်ဘက်တွင် ဘာမှ မရှိပေ။ သူ မြင်နေရသည်မှာ ပြင်းထန်သော ဝိညာဉ်စွမ်းအားများ ပါဝင်နေသည့် မိုးစက်ကဲ့သို့ ဖုန်မှုန့်များသာ ဖြစ်သည်။
နက်ပစ်က မိမိကိုယ်ကိုယ် ကာကွယ်နေစဉ် နတ်ပရီမှာမူ ဝိညာဉ်ကျင့်ကြံသူ ဖြစ်သည့်အားလျော်စွာ မြင်ကွင်းကို ထွင်းဖောက်ကြည့်လိုက်ပြီး အော်ဟစ် သတိပေးလိုက်သည်။
"အဲ့တာက ဂြိုဟ်သိမ်ဂြိုဟ်မွှား တစ်ခုပဲ... အပိုင်းအစပေါင်း ထရီလီယံချီပြီး ကွဲထွက်သွားတာ..."
သူ၏ အော်ဟစ်သံက မေးခွန်းများစွာကို အဖြေပေးလိုက်သည်။ ဝေ့ဝူယင်မှာမူ ထိုဂြိုဟ်သိမ်မှာ ယခင်က တွေ့ခဲ့ရသော အာဏာရှင် ရှန့်ထိုသုံးဦး၏ ဂြိုဟ်သိမ်ဖြစ်ကြောင်း သိရှိသည်။
သို့သော် သူ အနည်းငယ် ဇဝေဇဝါ ဖြစ်မိသည်မှာ ထိုဂြိုဟ်သိမ်၏ အရှိန်မှာ ဤမျှလောက် မြန်မြန်နှင့် ရောက်လာရန် မဖြစ်နိုင်ခြင်းပင်။ အချိန်မျက်လုံး နှင့် နတ်ဘုရား မျက်လုံး ကို ပေါင်းစပ်ကြည့်လိုက်သောအခါမှ အမှန်တရားမှာ ပေါ်လာတော့သည်။ ထိုဂြိုဟ်သိမ်ကို အာကာသအမှိုက်များအဖြစ် ရှိနေသော တိုက်ကြီးနှစ်ခုကြားတွင် လေးခွ သဖွယ် အစီအရင်တစ်ခုဖြင့် အရှိန်ပြင်းစွာ ပစ်လွှတ်လိုက်ခြင်း ဖြစ်သည်။ တိုက်ခိုက်ပြီးနောက်တွင် ထိုတိုက်ကြီးနှစ်ခုမှာလည်း ဖုန်မှုန့်အဖြစ် ကြေမွသွားခဲ့ပြီ ဖြစ်သည်။
ဤသည်မှာ အလွန်ပင် စနစ်တကျ ကြိုတင် စီစဉ်ထားသော လုပ်ကြံမှုကြီး ဖြစ်သည်။ ရှန့်လျို၏ နောက်ဆုံးမိနစ် အကာအကွယ်သာ မရှိပါက ရလဒ်မှာ များစွာ ပိုမိုဆိုးရွားပေလိမ့်မည်။ ယခုပင်လျှင် သူတော်စင်များ၏ အကာအကွယ် မရရှိသော မြေကြီးရှန့်ထို အဆင့်နှင့် အောက်က လူများမှာ ပြင်းထန်သော ဒဏ်ရာများကို ရရှိနေကြပြီ ဖြစ်သည်။
"သတိထားကြ..."
နတ်ပရီက ထိတ်လန့်တကြား အော်ဟစ်ရင်း နက်ပစ်ကို ပွေ့ဖက်ကာ သူ၏ ကောင်းကင်ဘုံ ရတနာ ကို ထုတ်ယူလျက် ခံစစ်အလွှာပေါင်းများစွာကို အမြန်ဆုံး တည်ဆောက်လိုက်သည်။
ထိပ်တန်း ကျွမ်းကျင်သူအချို့မှာမူ ဤနေရာ၌ အမှားကျူးလွန်မိကြသည်။ နတ်ပရီ အပါအဝင် အချို့သောသူများသည် အန္တရာယ်ရှိသော နေရာမှ လွတ်မြောက်ရန် အာကာသ ရွှေ့ပြောင်းခြင်း ကျင့်စဉ်များကို အသုံးပြုရန် ကြိုးစားကြသည်။ သို့သော် သူတို့မှာ လျှပ်စစ်စီးသကဲ့သို့ ပြင်းထန်သော တန်ပြန်ရိုက်ခတ်မှုကို ခံစားလိုက်ရပြီး လွင့်စင်ထွက်သွားကြတော့သည်။ အရိုးကြေမွသံများနှင့် နာကျင်စွာ အော်ဟစ်သံများကြောင့် လူတိုင်း၏ စိတ်ဓာတ်များ အေးစက်သွားရသည်။
"အာကာသ စွမ်းအားကို မသုံးကြနဲ့..."
ပန်းချီကြယ်တာရာ သူတော်စင်က သတိပေးရန် ကြိုးစားသော်လည်း သူ၏ စကားမဆုံးမီမှာပင်... အရာအားလုံး ရောက်ရှိလာတော့သည်။
ဝေ့ဝူယင် အပေါ်သို့ မော့ကြည့်လိုက်၏။
တောင်ကြီးတစ်တောင်...
ဧရာမ တောင်ကြီးတစ်တောင်...
ထိပ်ဖျား ချွန်ထက်နေသော တောင်ကြီးတစ်တောင်သည် အစောပိုင်းက ဂြိုဟ်သိမ်ထက် ပိုမိုမြန်ဆန်သော အရှိန်ဖြင့် ပြေးဝင်လာနေသည်။ အကယ်၍ သူတို့သာ ကြိုတင်ပြင်ဆင်မထားပါက သူတော်စင်များပင်လျှင် ထိုတောင်ကြီး၏ လာရာကို မြင်တွေ့လိုက်ရမည် မဟုတ်ပေ။ ဤအရှိန်၏ နောက်ကွယ်တွင် သူတော်စင်အဆင့် လျှို့ဝှက်စွမ်းအားများစွာ ပါဝင်နေပြီး ၎င်းမှာ ပါခက်နှင့် အီမန်တက်တို့၏ စွမ်းအားထက်ပင် အနည်းငယ် သာလွန်နေသည်။
ဤသည်မှာ ထိပ်တန်း သူတော်စင် တစ်ဦး၏ လက်ချက်ပင်..။
ထိုတောင်ကြီးသည် အကာအကွယ်ဒိုင်းနှင့် ထိတွေ့ချိန်မှလွဲ၍ မည်သည့်အသံမျှ မထွက်ပေါ်ပေ။ ၎င်း၏ ပစ်မှတ်မှာ တိုက်ကြီးမဟုတ်ဘဲ ကောင်းချီးခံသူရဲကောင်းဂြိုဟ် တစ်ခုလုံး ဖြစ်သည်။ အကာအကွယ်မှာ ခိုင်ခံ့လှသော်လည်း ပူနွေးနေသော ဓားတစ်ချောင်းကို ထောပတ်ခဲက မခုခံနိုင်သကဲ့သို့ပင် အလွယ်တကူ ထွင်းဖောက်ခံလိုက်ရတော့သည်။
"တားကြစမ်း..."
ပန်းချီကြယ်တာရာ သူတော်စင်က အော်ဟစ်လိုက်သည်။
ဘုန်း... ဘုန်း...
ဂြိုဟ်သိမ်အပိုင်းအစများက ဆက်တိုက် ကျရောက်နေဆဲ ဖြစ်သည်။ ကံကောင်းသည်မှာ ထိုတောင်ကြီးသည် ဂြိုဟ်ကိုသာ ပစ်မှတ်ထားပြီး တိုက်ကြီးကို ပစ်မှတ်မထားခြင်း ဖြစ်သည်။ သို့မဟုတ်ပါက... သူတို့ တုံ့ပြန်ရန် အချိန် လုံးဝ ရှိလိမ့်မည် မဟုတ်ပေ။
ဝေ့ဝူယင် လှုပ်ရှားရန် ပြင်လိုက်စဉ်မှာပင် သူတော်စင် နှလုံးသား ကလဲ့စားက ထ၍ အော်ဟစ်လိုက်၏။
"မိပြီ..."
သူသည် ချက်ချင်းပင် အဆောက်အဦး နံရံများကို ထိုးဖောက်ကာ အရှိန်ပြင်းသော ကြံကြီးတစ်ကောင်ကဲ့သို့ ပြေးထွက်သွားသည်။ ဤသည်မှာ သူ၏ အရှိန်ကို အနည်းငယ် နှောင့်နှေးစေသော်လည်း အပြင်ဘက်သို့ ရောက်ရှိချိန်တွင် ထိုတောင်ကြီးမှာ ဂြိုဟ်မျက်နှာပြင်နှင့် ပေအနည်းငယ်အကွာသို့ ရောက်ရှိနေပြီ ဖြစ်သည်။
သူတော်စင် နှလုံးသား ကလဲ့စားသည် ဟိန်းဟောက်သံနှင့်အတူ သူ၏ လက်နှစ်ဖက်ကို အောက်သို့ ဖိချကာ မိမိထံသို့ ပြန်လည် ဆွဲယူလိုက်သည်။ သူသည် ပတ်ဝန်းကျင်ရှိ အမတေများ၊ စွမ်းအင်များနှင့် မန်နာများကို အသုံးပြု၍ တောင်ကြီး၏ အရှိန်ကို ဟန့်တားရန် ကြိုးစားရင်း၊ သူ၏ အစစ်အမှန် အသက်ရှူသံကို အဆုံးစွန်အထိ မြှင့်တင်ကာ တောင်ကြီးကို ဖမ်းဆွဲရန် ဧရာမ လက်ဝါးကြီးနှစ်ခုကို ဖန်တီးလိုက်သည်။
မည်သည့် အခက်အခဲမျှမရှိဘဲ သူ အောင်မြင်သွားခဲ့သည်။ သူတော်စင်တစ်ဦး ဖြစ်ပါလျက်နှင့် ပြုတ်ကျလာသော တောင်တစ်တောင်ကို မတားဆီးနိုင်ပါက သူ၏ ကျင့်ကြံခြင်းကို ယခုပင် ဖျက်သိမ်းလိုက်ခြင်းက ပိုကောင်းပေလိမ့်မည်။ သူက အောင်နိုင်သူ၏ အပြုံးဖြင့် ထိုတောင်ကြီးကို ပြန်လည် ဆွဲတင်လိုက်သည်။
သို့သော် တစ်စုံတစ်ခု ပြောင်းလဲသွားသည်။
ထိုတောင်ကြီးက...
ဘုန်း...
ခန်းမအောက်ခြေ ကြမ်းပြင်၏ တုန်ခါမှုမှာ ကပ်ဘေးကြီးတစ်ခု ဆိုက်ရောက်လာတော့မည့်အလား ကြောက်မက်ဖွယ် ကောင်းလောက်အောင် ပြင်းထန်လာသည်။ ရှန့်လျို၏ မျက်နှာမှာ ဖြူလျော်သွားတော့၏။
ပန်းချီကြယ်တာရာ သူတော်စင်မှာမူ လူအုပ်ကို ဂြိုဟ်သိမ်အပိုင်းအစများရန်မှ ကာကွယ်ပေးနေရသဖြင့် ကူညီရန် အားမအားပေ။ ပျက်စီးမှုများကို ခံစားမိလိုက်ချိန်တွင် သူ တစ်စုံတစ်ခု မှားယွင်းသွားပြီဖြစ်ကြောင်း သိလိုက်ရသည်။ သူတော်စင် နှလုံးသား ကလဲ့စား သူ၏ တာဝန်တွင် ကျရှုံးခဲ့ပြီ ဖြစ်သည်။
လထွက် သူတော်စင်သည် မြူပြာ အဂ္ဂိရတ် ရှန့်ထိုကို ကြည့်လိုက်သည်။ သူတို့နှစ်ဦး ဝိညာဉ်ဖြင့် အလျင်အမြန် ဆက်သွယ်လိုက်ကြသည်။ ပန်းချီကြယ်တာရာ သူတော်စင်ကမူ နှလုံးသား ကလဲ့စားကို မကူညီသည့်အပြင် အောက်ခြေမှ ပျက်စီးမှုများကို မတားဆီးပေးသည့် လထွက် သူတော်စင်ကို စိတ်ထဲမှ ကျိန်ဆဲနေမိသည်။
မြူပြာ အဂ္ဂိရတ် ရှန့်ထို၏ မျက်နှာမှာ ဝေခွဲမရ ဖြစ်နေသော်လည်း လထွက် သူတော်စင်ကမူ ဤနေရာမှ အမြန်ဆုံး ခွာရန် တိုက်တွန်းနေသည်။ ဤသည်မှာ စနစ်တကျ စီစဉ်ထားသော တိုက်ခိုက်မှုဖြစ်ရာ သူမသည် မြူပြာ အဂ္ဂိရတ် ရှန့်ထိုကို ကာကွယ်ရန်သာ အာရုံစိုက်ထားသည်။ အာကာသကျင့်စဉ်များကို ကန့်သတ်ထားသည့် လျှို့ဝှက်အစီအရင်၊ ဝိညာဉ်အာရုံကို ပိတ်ဆို့ထားမှုနှင့် တိုက်ကြီးကိုသာမက ဂြိုဟ်တစ်ခုလုံးကိုပါ တိုက်ခိုက်နေခြင်းတို့ကြောင့် ရန်သူ၏ ရည်ရွယ်ချက်မှာ အလွန်ပင် မရေရာ ဖြစ်နေသည်။
ပို၍ အရေးကြီးသည်က... ထိုလျှို့ဝှက်အစီအရင် ရှိနေခြင်းမှာ ဤဂိုဏ်းအတွင်း၌ သစ္စာဖောက် ရှိနေသည့် အမှတ်အသားပင် ဖြစ်သည်။
***
အပိုင်း(၂၂၂၂)
“အဟွတ်... အဟွတ်...”
ရှန့်လျို ပြင်းထန်စွာ ချောင်းဆိုးလိုက်ရ၏။ ချက်ချင်းပင် စားပွဲပေါ်သို့ သွေးများ စင်ထွက်သွားသည်။ သူသည် ပြင်းထန်သည့် တန်ပြန် သက်ရောက်မှုကို ခံစားလိုက်ရခြင်း ဖြစ်သည်။ သူ၏ မျက်ဝန်းများတွင် ထိတ်လန့်မှုများ ပေါ်လွင်နေ၏။
"သူတို့... ဝိညာဉ်ဓားနဲ့ သူရဲကောင်း အစောင့်အရှောက် အစီအရင်ရဲ့ ဗဟိုချက်ကို ဖျက်ဆီးလိုက်ပြီ..."
ရှန့်လျို၏ အော်ဟစ်သံကြောင့် သူတော်စင်များနှင့် ဂိုဏ်း၏ အဆင့်မြင့် ပုဂ္ဂိုလ်အားလုံး၏ မျက်နှာများမှာ အလွန်ပင် ပျက်ယွင်းသွားကြသည်။ ထိုအစီအရင်မှာ ဂိုဏ်း၏ အားကိုးရဆုံးသော တိုက်စစ်နှင့် ခံစစ်ဖြစ်ပြီး သူတော်စင်နှစ်ဦး၏ တိုက်ခိုက်မှုကိုပင် ခုခံနိုင်စွမ်း ရှိသည်။ တောင်ကြီး၏ တိုက်ခိုက်မှုမှာ အလွန်ပင် တိကျလှသည်။ အဘယ်ကြောင့်ဆိုသော် အစီအရင်၏ ဗဟိုချက်မှာ ဂြိုဟ်ပေါ်တွင် မဟုတ်ဘဲ ပထမသူရဲကောင်း တိုက်ကြီး၏ အောက်ခြေတွင် ရှိနေသောကြောင့် ဖြစ်သည်။
အဖြစ်အပျက်များမှာ တစ်စက္ကန့်အတွင်း၌ပင် အလွန် လျင်မြန်စွာ ဖြစ်ပျက်နေခြင်း ဖြစ်သည်။
ဤအရာအားလုံး ဖြစ်ပျက်နေစဉ်အတွင်း ဝေ့ဝူယင်မှာမူ တစ်စုံတစ်ခု ထူးဆန်းနေသည်ဟု ခံစားရသဖြင့် ငြိမ်သက်နေဆဲ ဖြစ်သည်။ ဤတိုက်ခိုက်မှုမှာ အချိန်ကိုက် လုပ်ဆောင်ထားခြင်း ဖြစ်သော်လည်း ရည်ရွယ်ချက်မှာ သံသယဖြစ်ဖွယ် ကောင်းလှသည်။ ထို့ပြင် တောင်ကြီး ပေါက်ကွဲမှုကြောင့် ဖြစ်ပေါ်လာသော ဝိညာဉ်အာရုံ ပိတ်ဆို့မှု နယ်မြေမှာ ခန်းမဆောင်ကိုပါ သက်ရောက်နေသည်။ ၎င်းမှာ အလွန် မပြင်းထန်သော်လည်း ဦးခေါင်းကို ပြင်းထန်စွာ ခါယမ်းခံလိုက်ရသကဲ့သို့ မူးဝေမှု ဖြစ်စေသည်။ ဤအရာမှာ မလိုအပ်သော အပိုအလွှာတစ်ခုကဲ့သို့ပင်။
ဝေ့ဝူယင်သည် ရုပ်ဖျက်ထားသော သူတော်စင်နှစ်ဦး၏ ခေတ္တ ဇဝေဇဝါ ဖြစ်သွားမှုနှင့် သတိကြီးစွာ ထားလာမှုကိုလည်း ခံစားမိသည်။ သူတို့သည် ဤအစီအစဉ်တွင် မပါဝင်ကြပေ။ သို့သော် သူတော်စင်တစ်ဦးနှင့် လျှို့ဝှက်အရှင် သုံးဦးတို့သည် အစီအရင်ကို ဖျက်ဆီးရုံမျှဖြင့် တစ်စုံတစ်ခု အောင်မြင်လိမ့်မည်ဟု ထင်နေကြသလော။ သူရဲကောင်းတာအို နန်းတော် တွင် သူတော်စင် သုံးဦး ရှိနေဆဲ ဖြစ်သည်။
မဟုတ်သေး... နှစ်ဦးသာ ကျန်တော့သည်။
လထွက် သူတော်စင်သည် မြူပြာ အဂ္ဂိရတ် ရှန့်ထိုကိုသာ ဦးစားပေးလိုက်သည်။ သူမသည် ကူညီရန်အတွက် ကိုယ်ပွား တစ်ခုကိုသာ ချန်ထားခဲ့ပြီး မြူပြာ အဂ္ဂိရတ် ရှန့်ထိုကို ပွေ့ချီကာ အမှောင် ဟင်းလင်းပြင်ထဲသို့ အမြန်ဆုံး ထွက်ပြေးရန် ကြိုးစား နေခဲ့ပြီ ဖြစ်သည်။ သူမ ချန်ထားခဲ့သော ကိုယ်ပွားမှာ အလျင်စလို ဖန်တီးထားခြင်း ဖြစ်သော်လည်း ထိပ်တန်း လောက အင်ပါယာ တစ်ဦး၏ ခွန်အား ရှိပေသည်။
ဝုန်း...
ရုပ်ဖျက်ထားသော သူတော်စင်တစ်ဦးသည် သူ၏ ဖုံးကွယ်မှုကို ဖျက်ဆီးလိုက်ရာ သူ၏ အော်ရာမှာ အစစ်အမှန် သူတော်စင် အဆင့်သို့ ရောက်ရှိသွားသည်။ သူသည် အချိန်မဆွဲဘဲ လထွက် သူတော်စင်နှင့် ပန်းချီကြယ်တာရာ သူတော်စင်တို့ထံသို့ စွမ်းအားအပြည့်ဖြင့် တိုက်ခိုက်လိုက်ပြီး ရှန့်ဝမ်ချင်းထံသို့ ဦးတည် ပြေးဝင်သွားတော့သည်။
ရှန့်လျို ချက်ချင်းပင် ဟိန်းဟောက်လိုက်သည်။ တန်ပြန် ရိုက်ခတ်မှု ဒဏ်ရာများ ရရှိထားသော်လည်း သူ၏ အာရုံ ၈၅ ရာခိုင်နှုန်းမှာ သမီးဖြစ်သူထံတွင် ရှိနေသဖြင့် သူ ချက်ချင်း တုံ့ပြန်နိုင်သည်။ သို့သော် သူတော်စင်နှင့် လျှို့ဝှက်အာဏာရှင်ကြားတွင် ကျော်လွှားရခက်သော ကွာဟချက် ရှိနေဆဲပင်။
ရှန့်လျိုသည် ရှန့်ဝမ်ချင်းကို ကာကွယ်ရန် ခံစစ်ကျင့်စဉ်တစ်ခုကို အသုံးပြုလိုက်သော်လည်း သူတော်စင်၏ တိုက်ခိုက်မှုမှာ သူမထံသို့ မရောက်မီမှာပင် သူမ၏ ရှေ့သို့ ရောက်ရှိသွားချေပြီ ဖြစ်သည်။ ရှန့်ဝမ်ချင်းမှာ ကျောက်ရုပ်တစ်ခုကဲ့သို့ တောင့်တင်းနေသည်။ အမှန်စင်စစ် မူလ တရားသူကြီး အဆင့်နှင့် ထိုထက်မြင့်သူများ သို့မဟုတ် အာရုံခံစားမှု မြှင့်တင်သည့် ရတနာရှိသူများမှလွဲ၍ ကျန်သူများမှာ ဤကာလအတွင်း ဘာဖြစ်ပျက်နေသည်ကိုပင် သတိမပြုမိကြပေ။
လထွက်သူတော်စင်နှင့် မြူပြာ အဂ္ဂိရတ် ရှန့်ထိုတို့မှာ ရှေ့သို့ ဆက်မတိုးနိုင်ပဲ ရပ်တန့် သွားခဲ့ရ၏။
ဘုန်း...
လထွက် သူတော်စင်ကသူမ၏ လက်ကို နှိမ့်ချကာ ရေလှိုင်းအလင်းတန်းများဖြင့် တိုက်ခိုက်မှုကို ဖြိုခွင်းလိုက်သည်။ ရှန့်လျို၏ ဒေါသတကြီး ဟိန်းဟောက်သံကို ကြားရချိန်တွင် သူမ၏ မျက်နှာ ပျက်သွားသည်။
ပန်းချီကြယ်တာရာ သူတော်စင်မှာမူ တိုက်ခိုက်မှုကို တိုက်ရိုက် ခံလိုက်ရသည်။ သူသည် ထိုသို့ ဖြစ်လာမည်ဟု မထင်ထားခဲ့သလို၊ အဖြစ်အပျက်များကလည်း များပြားလွန်းသဖြင့် သူ၏ အတွေးများ ရှုပ်ထွေးနေသည်။ သူသည် ခန်းမအတွင်း လွင့်စဉ်သွားတော့သည်။
ထိုတိုက်ခိုက်မှုမှာ ပေါ့ပါးပုံရသော်လည်း သူတော်စင်တစ်ဦးကို ပစ်မှတ်ထားခြင်းဖြစ်ရာ အကယ်၍ ပေါက်ကွဲသွားပါက ကြယ်တာရာ နယ်မြေတစ်ခုလုံးကို အကြိမ်ပေါင်း ရာနှင့်ချီ၍ ဖျက်ဆီးနိုင်သော စွမ်းအား ရှိသည်။
သူသည် နံရံများကို ထိုးဖောက်ကာ အာကာသဟင်းလင်းပြင်အတွင်းသို့ မိုင်ပေါင်း သန်းနှင့်ချီ၍ လွင့်စင် ပျောက်ကွယ်သွားတော့သည်။
ရုပ်ဖျက်ထားရာမှ ပေါ်ထွက်လာသော သူတော်စင်သည် အရှိန်ပြင်းစွာ လှုပ်ရှားလိုက်သည်။ ရှန့်ဝမ်ချင်း၏ ဘေးရှိ ဆံပင်တို အစေခံနှင့် အစောင့်များမှာ သူတော်စင်၏ အကြည့်တစ်ချက်ဖြင့်ပင် ခေါင်းများ ပေါက်ကွဲကာ သေဆုံးကုန်ကြသည်။ သူသည် ရှန့်ဝမ်ချင်းထံသို့ ရွံရှာဖွယ်ရာ ရယ်မောသံနှင့်အတူ ချဉ်းကပ်သွားသည်။ သူ၏ ရည်ရွယ်ချက်မှာ ရှင်းလင်းလှသည်။
မြူပြာ အဂ္ဂိရတ် ရှန့်ထိုသည် ရှန့်လျိုအပေါ် ကျေးဇူးရှိသူ ဖြစ်သဖြင့် သူ၏ သမီးကို ဒုက္ခမရောက်စေလိုဘဲ အမိန့်ပေးလိုက်သည်။
"စုယွမ်... သူ့ကို တားလိုက်..."
သူမသည် တစ်ပြိုင်နက်တည်းမှာပင် သူတော်စင်အဆင့်ရှိသော ခံစစ်တံဆိပ်တစ်ခုကို အသုံးပြုကာ ရှန့်ဝမ်ချင်းကို ရေလှိုင်းဒိုင်းဖြင့် ကာကွယ်ပေးလိုက်သည်။
လထွက် သူတော်စင်သည်လည်း တွန့်ဆုတ်မနေဘဲ သူမ၏ ခြေထောက်များနှင့် ကျောပြင်မှ ရေလှိုင်းတောင်ပံများကို အသုံးပြုကာ အရှိန်အဟုန်ဖြင့် ပျံသန်းသွားသည်။ သူမ၏ အရှိန်မှာ တစ်ခဏအတွင်းမှာပင် အထွတ်အထိပ်သို့ ရောက်ရှိသွားသည်။
သူမ၏ ကိုယ်ပွားသည်လည်း ရေလှိုင်းအလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲကာ ထိုသူတော်စင်နှင့် ရှန့်ဝမ်ချင်းထံသို့ ထိုးဖောက်ဝင်ရောက်သွားသည်။ အကယ်၍ ရှန့်ဝမ်ချင်း သေဆုံးသွားလျှင်ပင် တစ်ဖက်လူ၏ ဖမ်းဆီးခြင်းကို ခံရသည်ထက် ပိုကောင်းပေလိမ့်မည်။ အကယ်၍ သေဆုံးသွားပါက အချိန်ပြန်လှည့်ခြင်း ကျင့်စဉ်ဖြင့် ပြန်လည် အသက်သွင်းနိုင်သော်လည်း၊ ပြန်ပေးဆွဲခံရပါက သူမ၏ ကံကြမ္မာမှာ ရန်သူ့လက်ထဲတွင်သာ ရှိပေလိမ့်မည်။
ရုတ်တရက်... သူမ တစ်စုံတစ်ခု မကောင်းတော့ကြောင်း ကြိုတင် ခံစားလိုက်ရလေသည်။
...
ကျင့်ကြံသူ အများစုတွင် နိမိတ်များ၊ အန္တရာယ်များနှင့် အခွင့်အရေးများအပေါ် ထူးခြားဆန်းပြားသော ဗီဇစိတ်ဖြင့် ခံစားသိရှိနိုင်စွမ်း ရှိကြသည်။ သူတို့၏ အန္တရာယ်ကို အာရုံခံနိုင်စွမ်းမှာ ကြိုတင်ဟောကိန်းထုတ်နိုင်သည့် အဆင့်နီးပါးပင် ရှိပြီး၊ ကျရောက်လာတော့မည့် ကပ်ဘေး၊ သေခြင်းတရား၊ ပျက်သုဉ်းခြင်းနှင့် ကျရှုံးခြင်းတို့ကို ကြိုတင် သိမြင်နိုင်ကြသည်။ ထိုဗီဇစိတ်သည် နှစ်ဖက်သွားဓားကဲ့သို့ပင် ဖြစ်၏။ မမျှော်လင့်ဘဲ ကြုံတွေ့ရသည့် အသက်ဘေးအန္တရာယ်များမှ လွတ်မြောက်ရန် အထောက်အကူပြုသကဲ့သို့၊ တစ်ဖက်တွင်လည်း ကျင့်ကြံခြင်းလမ်းစဉ်ကို စိန်ခေါ်သည့်အခါတွင် တုန်လှုပ်ချောက်ချားဖွယ်ရာ ယုံကြည်မှု ကင်းမဲ့ခြင်းများကို ဖြစ်ပေါ်စေတတ်သည်။
ယင်း၏ သက်ရှိထင်ရှား သာဓကတစ်ခုမှာ နန်းတော်သခင် ရှန့်လျှိုပင် ဖြစ်သည်။ သူသည် လျှို့ဝှက်အာဏာရှင် အဆင့်ကြီး၏ အာဏာရှင် ရှန့်ထိုအဆင့်တွင် နှစ်ပေါင်း ၁၇၀,၀၀၀ ကျော်တိုင်အောင် တစ်ဆို့နေခဲ့ရသည်။ အဓိက အကြောင်းရင်းမှာ သူ စုဆောင်းသမျှသော စိတ်ဓာတ်ပြတ်သားမှုနှင့် ခွန်အားတို့သည် ကပ်ဘေးသင့်ကာ ကျရှုံးတော့မည်ဟူသော အသိစိတ်ကြောင့် ပြိုလဲပျက်စီးသွားရခြင်းကြောင့်ပင်။
သူတော်စင် လတက်သည် သူတော်စင် တစ်ဦး ဖြစ်သည်နှင့်အညီ ကျရောက်လာမည့် ဘေးအန္တရာယ်အတွက် အလွန်မြင့်မားသော ဗီဇသတိပေးချက် ရှိပေသည်။ လက်ရှိတွင် သူမ၏ အတွင်းစိတ်မှ မြည်ဟီးနေသော သတိပေးသံမှာ အလွန်ပင် ကျယ်လောင်လှသည်။ သူမ သူတော်စင်တစ်ဦး ဖြစ်လာကတည်းက အကျယ်လောင်ဆုံး ခံစားချက်လည်း ဖြစ်နိုင်ပေသည်။
ပင်မခန်းမကြီးမှာ အလွန်ကျယ်ဝန်းလှရာ ကျင့်ကြံသူ သောင်းနှင့်ချီ၍ သက်သောင့်သက်သာ နေထိုင်နိုင်ပြီး အလယ်ဗဟိုတွင် ပြိုင်ပွဲများ ကျင်းပရန် စင်မြင့်နှင့် ပတ်ဝန်းကျင် အလှဆင် အနုပညာလက်ရာများအတွက်ပါ နေရာလွတ်များ ရှိနေသည်။ သို့သော် ရောက်ရှိနေသော သူတော်စင်များအတွက်မူ ဤနေရာသည် အနည်းငယ် ကျဉ်းမြောင်းလွန်းနေသည်။ သူမသည် အန္တရာယ်၏ အရင်းအမြစ်ကို ရှာဖွေရန် ကြိုးပမ်းရင်း၊ ထပ်ဆင့်လွှာ ထုထည်ပျက်ယွင်းနေသော အာကာသအတွင်းသို့ သူမ၏ ဝိညာဉ်အာရုံကို အတင်းအဓမ္မ ချဲ့ထွင်ကာ ကန့်သတ်ချက်များကို အင်အားသုံး၍ ကျော်ဖြတ်ရန် ကြိုးစားခဲ့သည်။
သူမ အမှားနှစ်ခု ကျူးလွန်ခဲ့မိသည်။ ပထမအမှားမှာ အရေးကြီးဆုံးပင် ဖြစ်သည်။ အန္တရာယ် ကျရောက်လာသည်ကို ခံစားသိရှိပါလျက်နှင့် ချက်ချင်း ရှောင်တိမ်းခြင်း မပြုခဲ့ပေ။ သူမ အနေဖြင့် အခြေခံအုတ်မြစ် ထိခိုက်ပျက်စီးမည်ကိုပင် အလေးမထားသင့်ပဲ မိမိကိုယ်မိမိ ဘေးကင်းအောင် ဦးစားပေး ဆောင်ရွက်ခဲ့သင့်သည်ကို ပျက်ကွက်ခဲ့ခြင်းဖြစ်သည်။
ဒုတိယအမှားမှာမူ သူမအား အဆုံးအဖြတ်ပေးမည့် အမှားပင်။ သူတော်စင် လတက်သည် သူမ သေချာစွာ နားမလည်သေးသော ပတ်ဝန်းကျင်ဆိုင်ရာ အားနည်းချက်များကို ဆန့်ကျင်ရန် ကြိုးစားခဲ့သည်။ ဥပမာအားဖြင့်... တောင်ပေါက်ကွဲမှုမှ ဖြစ်ပေါ်လာသော ကန့်သတ်ချက်များသည် သူမ၏ ဝိညာဉ်အာရုံကို ထုတ်လွှတ်လိုက်စဉ်တွင် အစပိုင်း၌ သက်ရောက်မှု မရှိလှချေ။ သို့သော်လည်း... သူမ၏ ဝိညာဉ်စွမ်းအင်နှင့် ထိတွေ့မိသည်နှင့် တစ်ပြိုင်နက် ဖုံးကွယ်ထားသော ဝင်္ကပါကို ချက်ချင်း နှိုးဆွလိုက်သကဲ့သို့ ဖြစ်သွားသည်။
ထိုဝင်္ကပါသည် သူမ၏ ဝိညာဉ်အော်ရာကို ပစ်မှတ်ထားကာ လုံးလုံးလျားလျား စုစည်းကျရောက်လာတော့သည်။ ကန့်သတ်ချက်များကို ဖြတ်ကျော်ရန် ကြိုးပမ်းနေသော သူမ၏ ခန္ဓာကိုယ်သည် ပင်မခန်းမအတွင်း မယုံနိုင်စရာ ကောင်းလောက်အောင် မြန်ဆန်သော အရှိန်ဖြင့် ရွေ့လျားနေစဉ်တွင်၊ အဆင့်မြင့် လျှို့ဝှက်သင်္ကေတပေါင်း သိန်းနှင့်ချီသော ရှုပ်ထွေးသည့် ဝင်္ကပါတစ်ခု၏ ဝန်းရံခြင်းကို ခံလိုက်ရသည်။ လျှို့ဝှက်သင်္ကေတ တစ်ခုချင်းစီတွင် လစွမ်းအင် ဆန့်ကျင်ခြင်း၊ ရေစွမ်းအင်နှင့် ဝိညာဉ်စွမ်းအင် လက္ခဏာရပ်များ ပါဝင်နေပြီး၊ သူတော်စင် လတက်၏ ကျင့်ကြံခြင်း အခြေခံကို တိုက်ရိုက်ပစ်မှတ်ထားရန် ဖန်တီးထားခြင်းမှာ သိသာလှပေသည်။
"ဘာလဲ..."
သူမ၏ လျှို့ဝှက်ဝိညာဉ်နှင့် အသိစိတ် ပင်လယ်တို့သည် ခဏတာအတွင်း ပစ်မှတ်ထားခြင်း ခံလိုက်ရပြီး တစ်စက္ကန့်၏ သန်းပုံတစ်ပုံမျှသော အချိန်အတွင်း ပြင်းထန်စွာ ဖိနှိပ်ခြင်း ခံလိုက်ရသည်။
တစ်ချိန်တည်းတွင်ပင်... ဒုတိယမြောက် ရုပ်ဖျက်ထားသော သူတော်စင်၏ မျက်လုံးများမှာ မလိုမုန်းထားမှုနှင့် ယုတ်မာသော အအေးဓာတ်တို့ဖြင့် တောက်ပလာသည်။ သူက လက်ဟန်ချိပ်စည်း တစ်ခုကို ပြုလုပ်လိုက်ရာ သူ၏ အော်ရာမှာ ထိန်းချုပ်ထားခြင်း မရှိတော့ဘဲ ဖြစ်ပျက်နေသမျှကို အာရုံခံနိုင်သူအားလုံးကို တုန်လှုပ်သွားစေသည်။ သူ၏ ခြေဖဝါးအောက်မှ ပေတစ်ထောင် အချင်းဝက်ရှိသော ဝင်္ကပါကြီး ပေါ်ထွက်လာ၏။ သူသည် ထိုဝင်္ကပါ၏ ဗဟိုချက် ဖြစ်လာသည်။ ဖုံးကွယ်ထားသော ဝင်္ကပါကြီး ပေါ်ထွက်လာပြီး ဝင်္ကပါမျဉ်းများမှာ ခန်းမတစ်ခုလုံးနှင့် နံရံများ၊ မျက်နှာကြက်များအထိ ပျံ့နှံ့သွားရာ ယင်းမှာ အတွင်းလူ၏ လက်ချက်ဖြစ်ကြောင်း အတည်ပြုနေသကဲ့သို့ပင်။
တစ်ချိန်တည်းမှာပင်၊ ရှန့်ဝမ်ချင်း၏ နောက်ကွယ်မှ ပေါ်ထွက်လာသော သူတော်စင်ကို သတ်ဖြတ်ရန် ပစ်လွှတ်လိုက်သော တိုက်ခိုက်မှုသည် ရှေ့သို့ ဆက်လက် တိုးဝင်နေသည်။ သို့သော် ပေါ်ထွက်လာသော သူတော်စင်မှာ အလွန်ပင် လျင်မြန်လှရာ ရှန့်ဝမ်ချင်းကို လျစ်လျူရှုပြီး သူ၏ လက်ကောက်ဝတ် နှစ်ဖက်ကို ဘေးသို့ ဆန့်ထုတ်လိုက်သည်။ သူ၏ လက်နှစ်ဖက်ကြားတွင် လေးနှင့် မြှားတစ်စင် ပေါ်ထွက်လာသည်။
လေးမှာ စိမ်းဖန့်ဖန့် အကြေးခွံများနှင့် ခရမ်းသဲရောင်တို့ ရောယှက်နေပြီး ကြောက်မက်ဖွယ်ကောင်းသော အဆိပ်အော်ရာကို ထုတ်လွှတ်နေသည်။ လေး၏ အပေါ်ပိုင်း အစိမ်းရောင်တွင် ခရမ်းရောင် မြွေတစ်ကောင်ကို ထွင်းထုထားပြီး အောက်ပိုင်း ခရမ်းရောင်တွင်မူ အစိမ်းရောင် ကင်းမြီးကောက်တစ်ကောင်ကို ထွင်းထုထားသည်။ မြှားမှာမူ သေခြင်းတရားကဲ့သို့ မည်းနက်နေပြီး မြှားတံတစ်လျှောက် ရွှေရောင် ကွင်းများတွင် ဦးခေါင်းခွံငယ်လေးများ ချိတ်ဆွဲထားသည်။
ထိုလေးမှာ ကောင်းကင်ရတနာ မဟုတ်ဘဲ လျှို့ဝှက်လောကအဆင့် လက်နက်သာ ဖြစ်သော်လည်း၊ မြှားမှာမူ... ထိုမြှားမှာ ကောင်းကင်ရတနာ တစ်ခု ဖြစ်နေသည်။
***