အခန်း (၂၂၃၁-၂၂၃၂)
Vol. 160 Ch. 2231-2232
အပိုင်း(၂၂၃၁)
"မင်း... ဘယ်လို လွတ်လာတာလဲ..."
"မင်း... ပြန်ရောက်လာပြီလား..."
မယုံကြည်နိုင်သည့် အော်ဟစ်သံ နှစ်ခု ထွက်ပေါ်လာ၏။ ဝိညာဉ်ကို တန့်သွားစေနိုင်ပြီး ဥပဒေသများကို ဖိနှိပ်နိုင်သည့် မန္တန်များကို ထုတ်လွှတ်ခဲ့သော အသံနှစ်သံမှာ အံ့သြမှုကို မဖုံးကွယ်နိုင်တော့ပေ။ ဝေ့ဝူယင်သည် နောက်ဆုံးတွင် ထို "ဝိညာဉ်" နှစ်ဦးကို အသေအချာ မြင်တွေ့လိုက်ရသည်။ ၎င်းတို့သည် ယေဘုယျအားဖြင့် "စစ်ဝိညာဉ်" များနှင့် တူညီသော်လည်း စစ်တိုက်ရန် အသင့်ပြင်ထားသော ပုံစံမဟုတ်ဘဲ၊ နတ်ဘုရား ပန်းချီကားများတွင် တွေ့ရလေ့ရှိသည့် ဒဏ္ဍာရီဆန်သော ဝတ်စုံများကို ဆင်မြန်းထားကြသည်။
တစ်ဦးမှာ ရှည်လျားပြီး လှပသော မုတ်ဆိတ်ဖြူရှိသည့် အသက်ကြီးပိုင်း အမျိုးသားတစ်ဦး ဖြစ်သည်။ သူသည် အပြာနုရောင် တာအိုဝတ်စုံနှင့် ဦးထုပ်ကို ဆင်မြန်းထားပြီး လက်တစ်ဖက်တွင် "မြင်းမြီးယပ်တောင်" ကို ကိုင်ထားကာ၊ အခြားလက်တစ်ဖက်တွင်မူ ယင်-ယန် သင်္ကေတပါရှိသည့် စာအုပ်တစ်အုပ်ကို ကိုင်ဆောင်ထားသည်။ သူသည် သာမန်ထက်ထူးကဲသော နတ်ဘုရားတစ်ပါး၏ အငွေ့အသက်နှင့် ပြင်းထန်သော ဝိညာဉ်အော်ရာများကို ထုတ်လွှတ်နေသည်။
ဤဝိညာဉ်သည် ကျင့်ကြံခြင်းလမ်းခရီးတွင် ကျန်းကျန့်ထက် များစွာ ပိုမိုနက်ရှိုင်းပုံရပြီး၊ အသက်ဓာတ်နှင့် အစစ်အမှန်ဝိညာဉ် ပါရှိပုံရရာ ဝေ့ဝူယင်၏ အသိပညာထက်ပင် ကျော်လွန်နေသည်။ ကောင်းကင်စစ်ဝိညာဉ် ပင်လျှင် စကားလုံးဖြင့် ဖော်ပြမရလောက်အောင် ဆွံ့အသွားရသည်။
"လူလုပ် ဥပဒေသဝိညာဉ်တွေက အစစ်အမှန်ဝိညာဉ် အဆင့်အထိ ရောက်နိုင်တာလား... မဟုတ်ဘူး... နေပါဦး... သူတို့က အစစ်အမှန်ဝိညာဉ်အဆင့်ကိုတော့ မရောက်သေးပါဘူး..."
အခြားဝိညာဉ်တစ်ခုမှာမူ ကျောက်စိမ်းကဲ့သို့ ချောမွေ့သော အသားအရေရှိပြီး ဖီးနစ်မျက်ဝန်းများ၊ နက်မှောင်သော ဆံပင်များနှင့် ဇီးသီးနီရောင် နှုတ်ခမ်းများရှိသည့် အလွန်လှပသော အမျိုးသမီးတစ်ဦး ဖြစ်သည်။ သူမသည် ဧကရီဝတ်ရုံကို ဆင်မြန်းထားပြီး ရွှေရောင်ဦးရစ်တွင် ပုလဲနီများပါသော ကန့်လန့်ကာဖြင့် တန်ဆာဆင်ထား၏။ လေအဝေ့တွင် သူမ၏ မျက်နှာအလှမှာ ကမ္ဘာကြီးကို ခေတ္တမျှ လှစ်ဟပြသနေသည်။ သူမ၏ လက်ရှည်ဝတ်ရုံပေါ်တွင် နဂါးရုပ်များကို ပန်းထိုးထားပြီး အချုပ်အခြာအာဏာပိုင် မြင့်မြတ်သော ဧကရီတစ်ပါး၏ အငွေ့အသက်များ ထွက်ပေါ်နေသည်။
၎င်းတို့နှစ်ဦးစလုံးမှာ မယုံနိုင်စရာ ကောင်းလောက်အောင် ခန့်ညားလှပသည့် မြင်ကွင်းများပင် ဖြစ်၏။
ဝေ့ဝူယင်သည် ၎င်းတို့၏ ရှေးကျသော ဟန်ပန်နှင့် နတ်ဘုရားဆန်သော အမူအရာများကို ခဏတာမျှ ချီးကျူးလိုက်မိသည်။ ထို့နောက် သူ၏ ခန္ဓာကိုယ်မှာ လက်ခနဲ ဖြစ်သွားပြီး ဟင်းလင်းပြင်အတွင်း လျင်မြန်စွာ ရွေ့လျားသွားတော့သည်။ သူသည် ထိုအမျိုးသမီး၏ ရှေ့တွင် ရုတ်တရက် ပေါ်လာပြီး၊ ညာလက်ဖြင့် သူမ၏ မျက်နှာနှင့် ပုလဲကန့်လန့်ကာများကို ရိုက်လိုက်၏။
ဘုန်း...
သူမက ချက်ချင်းပင် အမတေဓား ကြယ်တာရာ နယ်မြေကို ဖြတ်ကျော်၍ ဥက္ကာခဲတစ်ခုကဲ့သို့ လွင့်စဉ်သွားပြီး နေမင်းငယ်လေးတစ်ခုကဲ့သို့ အရှိန်အဟုန်ဖြင့် တောက်လောင်သွားတော့သည်။
"ဘာ...”
တာအိုပညာရှိအိုကြီးမှာ စကားတစ်လုံးပင် အဆုံးမသတ်နိုင်မီမှာပင် ဝေ့ဝူယင်က သူ၏ရှေ့သို့ ရောက်ရှိလာပြန်သည်။ ဝေ့ဝူယင်သည် တစ်ဝက်တစ်ပျက် နဂါးလက်အဖြစ် ပြောင်းလဲထားသော သူ၏လက်ဖြင့် ထိုသူ၏ ရင်ဘတ်ကို ထိုးဖောက်လိုက်ရာ၊ နဂါးလက်သည်းများမှာ မည်သည့် ကာကွယ်မှုကိုမဆို ဖောက်ထွက်သွားပြီး ဝိညာဉ်သွေးများနှင့်အတူ ကျောဘက်မှ ထွက်လာတော့သည်။ တာအို ပညာရှိအိုကြီး၏ အံ့သြတုန်လှုပ်နေသော မျက်နှာမှာ ပြည့်စုံအောင်ပင် မပေါ်ပေါက်နိုင်သေးမီမှာပင် ဝေ့ဝူယင်က သူ၏ ပါးစပ်ကို လှမ်းဖမ်းလိုက်ပြီး ဘေးနှစ်ဖက်မှနေ၍ အားဖြင့် ဆွဲဖြဲလိုက်လေတော့သည်။
တာအို ပညာရှိအိုကြီး၏ ကိုယ်တွင်းရှိ ဝေ့ဝူယင်၏ လက်မောင်းမှာ အောက်ဘက်သို့ ပိုင်းဖြတ်ချလိုက်ပြီး ကျန်လက်တစ်ဖက်ကမူ သူ၏ ခန္ဓာကိုယ် အထက်ပိုင်းကို ဆွဲဖြဲပစ်လိုက်သည်။ ထို့နောက် ဝေ့ဝူယင်သည် ထိုကိုယ်ခန္ဓာ အပိုင်းအစနှစ်ခုကို ကြယ်တာရာ နယ်မြေ၏ ဆန့်ကျင်ဘက် အရပ်မျက်နှာများဆီသို့ လွှတ်တင်လိုက်ရာ၊ ၎င်းတို့သည် ဥက္ကာခဲများကဲ့သို့ပင် နယ်နိမိတ်အပြင်ဘက်သို့ အရှိန်အဟုန်ဖြင့် လွင့်ထွက်သွားတော့သည်။
ဝေ့ဝူယင်၏ မျက်ဝန်းများမှာ တောက်ပနေ၏။ ဤဝိညာဉ်များမှာ အမှန်တကယ်ပင် "စစ်ဝိညာဉ်" များနှင့် တူညီလှပြီး အထူးနည်းလမ်းများ မပါဘဲ သတ်ရန် အလွန်ခဲယဉ်းလှသည်။ သူသည် ထိုဝိညာဉ်နှစ်ဦးကို အာရုံအများကြီး မပေးတော့ဘဲ စုရီနှင့် တောင်ပစ်သူတော်စင်တို့၏ တိုက်ပွဲကိုသာ အာရုံစိုက်လိုက်သည်။
သူ မျက်တောင်တစ်ချက် ခတ်လိုက်၏။ ဝိညာဉ်အာရုံကို ဖြန့်ကျက်လိုက်ပြီးနောက် တောင်ပစ်သူတော်စင်၏ လက်စွပ်ရှိ အာကာသလှိုင်းနှုန်းကို ဖမ်းယူလိုက်သည်။ ကျွမ်းကျင်သော သူခိုးတစ်ဦး၏ အလား၊ သူသည် လက်ကို ခပ်ဖွဖွလေး ဝှေ့ယမ်းလိုက်ရုံဖြင့် သတိလစ်နေသော ရှန့်ဝမ်ချင်း ကို အပြင်သို့ ထုတ်ယူလိုက်တော့သည်။
ဝေ့ဝူယင် သူမကို ရင်ခွင်ထဲတွင် ပွေ့ပိုက်ထားလိုက်သည်။ သူမ၏ အိပ်မက်မောနေသော အမူအရာမှာ အလွန်ပင် ဆွဲဆောင်မှုရှိလှပြီး၊ သူမ အသက်ရှူလိုက်တိုင်း လှုပ်ရှားနေသော သူမ၏ ထွားကျိုင်းသည့် ရင်အစုံမှာလည်း မူးဝေစရာပင်။
"တစ်ခါတလေကျရင် ငါ ဒီလိုလုပ်နိုင်တာကို ငါ့ဘာသာငါ မေ့မေ့သွားတတ်တယ်"
ဝေ့ဝူယင်က ရယ်မောရင်း မှတ်ချက်ပြုလိုက်သည်။ သူသည် နှစ်ဖက်စလုံး၏ ရှန့်ထိုလက်စွပ်များထဲမှ ပစ္စည်းများကို ခိုးယူရန်လည်း မမေ့ခဲ့ချေ။ စုရီ၏ လက်စွပ်မှာ ရှေးဟောင်း အကာအကွယ်များ ရှိနေစေကာမူ ဝေ့ဝူယင်၏ လက်ထဲမှ လွတ်မြောက်ခြင်း မရှိခဲ့ပေ။
"မိုက်လိုက်တာ... မိုက်လိုက်တာ... ဟီး ဟီး..."
အိုရီက အားရပါးရ အော်ဟစ်ရယ်မောလိုက်၏။
"ကံဆိုးတာက အဲဒီခွေးကောင်တွေ ငါ့လို အစစ်အမှန် ဟင်းလင်းပြင်နဂါး တစ်ကောင်ကို ထောင်ချောက်ဆင်ဖို့ ကြိုးစားခဲ့တာပဲ... သောက်ပေါတွေ..."
ခရာတိုကလည်း လှောင်ပြောင်သံဖြင့် ရယ်မောနေတော့သည်။
ဝေ့ဝူယင်သည် အခြေအနေကို ပြောင်းပြန်လှန်ရန် သူ၏ ခွန်အားများကို အများကြီး သုံးစရာပင် မလိုခဲ့ချေ။ ဤအချက်ကပင် နောင်တွင် အထွတ်အထိပ် သူတော်စင်များသာလျှင် သူ့ကို စိန်ခေါ်နိုင်လိမ့်မည်ဟူသော သူ၏ ယုံကြည်ချက်ကို ပိုမိုခိုင်မာစေသည်။ သူသည် ဂလက်ဆီ အဆင့် စစ်ပွဲကြီး မတိုင်မီတွင် လေ့ကျင့်ဖော် လေ့ကျင့်ဖက်များ ရှာဖွေရမလားဟုပင် တွေးနေမိသည်။
ဝေ့ဝူယင်၏ ကျင့်ကြံခြင်း အရှိန်အဟုန်မှာ မြန်လွန်းနေခြင်း မဟုတ်ပေ။ အမှန်စင်စစ် သူ၏ ကျင့်ကြံခြင်းအဆင့်မှာ လျှို့ဝှက် အာဏာရှင် အဆင့်၏ ပထမအဆင့်ဖြစ်သော လျှို့ဝှက် ကြယ်တာရာ အဆင့်တွင်သာ ရှိသေးသည်။ သို့သော် သူ၏ အခြေခံအုတ်မြစ်မှာမူ အဆပေါင်းများစွာ ထပ်ခါတလဲလဲ မြင့်တက်နေခဲ့သည်။
ဝေ့ဝူယင်သည် သူ၏ အနာဂတ် ကိုယ်လုပ်တော်လေး ရှန့်ဝမ်ချင်းကို ပွေ့ပိုက်ကာ ပြန်ရန် ပြင်လိုက်ချိန်တွင်၊ သူ၏ မျက်ဝန်းများထဲရှိ "အဂ္ဂိရတ် ကြယ်တာရာများ မှာ စကြာဝဠာအဆင့် ငလျင်ကြီး တစ်ခု ဖြစ်ပွားသကဲ့သို့ တုန်ရီသွားတော့သည်။
"ဆုတ်ခွာစမ်း..."
စကားတစ်လုံးတည်းသော အမိန့်သံမှာ အမှောင်ဟင်းလင်းပြင်အတွင်း ဟိန်းဟောက်သွားသည်။ ဝိညာဉ်အာရုံခံနိုင်စွမ်း ရှိသူများသာ ၎င်းကို ခံစားမိလိမ့်မည်။ ထိုအသံတွင် အစွမ်းကုန် သန့်စင်ခြင်း မျှော်စင်ခုနစ်ခု၏ အဂ္ဂိရတ်အမိန့်တော် နှင့် တာအို တရားဥပဒေ စိုးမိုးသူ တစ်ဦး၏ အငွေ့အသက်များ ပါဝင်နေသည်။
တစ်ချိန်တည်း၌... စုရီသည် တောင်ပစ်သူတော်စင်၏ လက်မောင်းကို တိုက်ကွက်တစ်ချက်တည်းနှင့် ဖြတ်တောက်လိုက်ပြီး သူမကို သေလုနီးပါးဖြစ်အောင် တွန်းပို့လိုက်သည်။ သူ ဓားကို ဓားအိမ်မှပင် မထုတ်ရသေးသော်လည်း ထိုသူတော်စင်မှာမူ အပြန်အလှန် တိုက်ခိုက်မှု အနည်းငယ်ကိုပင် မခုခံနိုင်ခဲ့ချေ။
စုရီသည် သူ၏ အင်အားကြီးမားသော မဟာမိတ် လှုပ်ရှားလာသည်ကို ခံစားမိသဖြင့် လှည့်ကြည့်လိုက်ရာ၊ အဝေးတစ်နေရာတွင် အခြားအမျိုးသားတစ်ဦး၏ ရင်ခွင်ထဲ၌ ရောက်နေသော ရှန့်ဝမ်ချင်းကို တွေ့လိုက်ရသဖြင့် သူ၏ မျက်လုံးသူငယ်အိမ်များမှာ ချက်ချင်းပင် ကျုံ့သွားတော့သည်။
ဝေ့ဝူယင်က သူ ရှားရှားပါးပါး ပြုလုပ်လေ့ရှိသော မျက်မှောင်ကြုတ်သည့် အမူအရာကို ပြုလုပ်လိုက်သည်။
"ဒါ ငါ့ရဲ့ အနာဂတ် ကိုယ်လုပ်တော်ပဲ..."
သူက ရှန့်ဝမ်ချင်းကို တင်းတင်းကျပ်ကျပ် ပွေ့ပိုက်ထားရင်း ပြောလိုက်သည်။ မိန်းကလေး၏ မျက်နှာမှာ သူ၏ ပုခုံးပေါ်တွင် မှီတွယ်နေပြီး သူမ၏ နွေးထွေးတည်ငြိမ်သော အသက်ရှူသံမှာ သူ့ လည်ပင်းကို ယားကျိကျိ ဖြစ်စေသည်။ ထိုအခိုက်တွင် သူ၏ ဘယ်ဘက်လက်မောင်းမှ ရမ္မက် အပြစ်သားအလင်းတန်းများမှာ ဝှေ့ယမ်းသွားတော့သည်။
ဟင်းလင်းပြင်ထဲမှ ထွက်ပေါ်လာသော ထိုအသံသည် စကားတစ်လုံးတည်းသာ ပြောခဲ့သော်လည်း ယင်းတွင် ဝိညာဉ်ဆန္ဒများ ပါဝင်နေသည်။ ထိုဆန္ဒကို ဘာသာပြန်ရလျှင် "မင်း ဝင်မစွက်ဖက်ဖို့ တားမြစ်တယ်" ဟူ၍ ဖြစ်သည်။
တစ်ချိန်တည်းမှာပင်၊ အခြား ဝိညာဉ်ဆန္ဒတစ်ခုမှာလည်း စုရီကို ကာကွယ်သည့်အနေဖြင့် ပစ်မှတ်ထားထားပြီး တိတ်ဆိတ်နေသည်။
အထွတ်အထိပ် သူတော်စင် နှစ်ယောက်...
နှစ်ယောက်တောင်မှ ဖြစ်ပေသည်။
ဝေ့ဝူယင်သည် အခြေအနေကို ခေတ္တမျှ စဉ်းစားလိုက်ပြီးနောက် သူ၏ ရင်ခွင်ထဲရှိ ရှန့်ဝမ်ချင်း၏ အလွန်လှပသော မျက်နှာနှင့် ထွားကျိုင်းသော ခန္ဓာကိုယ်ကို ငုံ့ကြည့်လိုက်သည်။ သူမ၏ နူးညံ့မှုမှာ ကာမဂုဏ်နတ်ဘုရားမ တစ်ပါးအလားပင်။
ထိုအသံရှင်အတွက် ကံဆိုးသည်က ဝေ့ဝူယင်သည် "မာနအပြစ်" နှင့် "ရမ္မက်အပြစ်" တို့ကို ဆောင်ထားသူဖြစ်ရာ၊ ပါးစပ်ထဲ ရောက်နေသော အစာကို မည်သူ့ကိုမျှ ပေးရန် ဆန္ဒမရှိပေ။
သာမန်ဆိုလျှင် ဝေ့ဝူယင်သည် အဘယ်ကြောင့်နည်းဟု မေးပေလိမ့်မည်။ ထိုအခါ ထိုအသံက "မင်းက အထွတ်အထိပ် သူတော်စင်တစ်ဦး ဖြစ်နေပြီး နိမ့်ကျတဲ့ ကျင့်ကြံသူတွေကို အနိုင်ကျင့်နေလို့" ဟု ပြောပေလိမ့်မည်။ ထိုအချိန်တွင် ဝေ့ဝူယင်က သူသည် အထွတ်အထိပ် သူတော်စင်မဟုတ်ကြောင်း၊ သူ၏ ကျင့်ကြံခြင်းအဆင့်ကို ထုတ်ဖော်ပြသကာ ဖြေရှင်းနိုင်ပေသည်။ သို့သော် ဝေ့ဝူယင်မှာ ထိုသို့လုပ်ရန် စိတ်မပါတော့ချေ။
သူက ဝိညာဉ်သတင်းစကား မဟုတ်ဘဲ အနားရှိ မည်သူမဆို ကြားနိုင်သည့် ဝိညာဉ်စွမ်းအားကို အသုံးပြု၍ ပြင်းထန်သော တုံ့ပြန်မှုနှင့် အမိန့်ပေးသံတစ်ခုကို ထုတ်လွှတ်လိုက်သည်။
"သောက်ပေါ လုပ်မနေနဲ့... လစ်လိုက်တော့"
"..."
"..."
"..."
***
အပိုင်း(၂၂၃၂)
အစွမ်းကုန် သန့်စင်ခြင်း မျှော်စင်ခုနစ်ခု၏ အော်ရာများ ဝန်းရံထားသည့် အထွတ်အထိပ် သူတော်စင်၏ အမိန့်ပေးသံကို ဝိညာဉ်အာရုံခံနိုင်စွမ်းရှိသူများသာ လက်ခံရရှိခဲ့သော်လည်း၊ ဝေ့ဝူယင်၏ တုံ့ပြန်မှုမှာမူ သူ၏ ဝိညာဉ်အာရုံ အတိုင်းအဆအတွင်းရှိ လူတိုင်းအတွက် သန်းခေါင်ယံ၌ မြည်ဟည်းသွားသော ဥသြသံကဲ့သို့ပင် ရှင်းလင်းလှပေသည်။
လူတိုင်းအတွက်ပင်...။
ဝေ့ဝူယင်၏ ဝိညာဉ်အာရုံ အတိုင်းအဆမှာ အလွန်ပင် ကျယ်ပြန့်လှရာ၊ တန်ခိုးရှင် ကြီးထွားခြင်း ဂလက်ဆီဇုန် အတွင်းရှိ ကျင့်ကြံခြင်းအခြေခံ အဆင့် တစ်ခုရှိသူတိုင်းမှာ သူ့အသံကို မကြားရသူ မရှိသလောက်ပင်။ ယင်းက သူရဲကောင်းတာအို နန်းတော်တွင် ဖြစ်ပျက်နေသော ကပ်ဘေးများကို သတိမထားမိသူများ၏ အာရုံကိုပါ ထိုနေရာသို့ စုပြုံရောက်ရှိသွားစေတော့သည်။
ယခင်က ဖြစ်ပွားခဲ့သော ပဋိပက္ခအများစုမှာ နန်းတော်အတွင်း၌သာ ကန့်သတ်ထားခြင်း ဖြစ်သည်။ စုရီနှင့် တောင်ပစ်သူတော်စင်တို့၏ တိုက်ပွဲသာလျှင် အပြင်ဘက်သို့ ရောက်ရှိသွားပြီး ခဏတာ ရှုပ်ထွေးမှုများ ဖြစ်ပေါ်စေခဲ့သော်လည်း၊ သူတို့၏ တိုက်ခိုက်မှု သို့မဟုတ် ထွက်ပြေးရန် ကြိုးပမ်းမှုများမှာ ပစ်မှတ်တစ်ခုတည်းကိုသာ ဦးတည်ထားပြီး ပျက်စီးဆုံးရှုံးမှု မများလှသဖြင့် အစောပိုင်းတွင် အာရုံစိုက်မှုကို သိပ်မခံခဲ့ရချေ။ ယခုမူ ထိုသို့ မဟုတ်တော့ပြီ။
ရှန့်လျှို၏ မျက်လုံးသူငယ်အိမ်များမှာ ကျဉ်းမြောင်းသွားပြီး ရင်ထဲတွင်လည်း နှလုံးခုန်သံများမှာ စည်တီးသံများကဲ့သို့ တဗုန်းဗုန်း မြည်ဟည်းနေတော့သည်။
အဂ္ဂိရတ် အမိန့်တော်၏ အော်ရာကို သူ ခံစားမိပေသည်။ အစွမ်းကုန် သန့်စင်ခြင်း ဂလက်ဆီ၏ ဌာနေသားတစ်ဦးအနေဖြင့် ၎င်း၏ ဇာစ်မြစ်ကို သူ ချက်ချင်း ခွဲခြားသိမြင်နိုင်သည်။
မိုးကုပ်စက်ဝိုင်း ဖန်တီးခြင်း မျှော်စင်ပင်...။
မိုးကုပ်စက်ဝိုင်း ကြီးထွားခြင်း မျှော်စင်က ကြီးကြပ်နေသော ဤဂလက်ဆီဇုန်၏ ကိစ္စရပ်များတွင် ပြင်ပမှ မိုးကုပ်စက်ဝိုင်းမျှော်စင်တစ်ခုက အဘယ်ကြောင့် လာရောက်စွက်ဖက်နေရသနည်း။
မိုးကုပ်စက်ဝိုင်း ဖန်တီးခြင်း မျှော်စင် ဆိုသည်မှာ ဖန်တီးမှု ထိန်းသိမ်းခြင်း ဂလက်ဆီဇုန်၏ ဦးဆောင် အဖွဲ့အစည်း မဟုတ်ပါလား။
ရှန့်လျှို၏ ကျင့်ကြံခြင်းအဆင့်ဖြင့်ဆိုလျှင် အထွတ်အထိပ် သူတော်စင် နှစ်ဦး၏ အလွန်နူးညံ့သိမ်မွေ့သော အော်ရာများကို အာရုံခံနိုင်စွမ်း မရှိချေ။ ဤသည်မှာ ဝေ့ဝူယင်၏ ခွန်အားကို စမ်းသပ်ခြင်းလည်း ဖြစ်သည်။ အထွတ်အထိပ် သူတော်စင်များ၊ ဉာဏ်အလင်းရသူတော်စင်များ သို့မဟုတ် ထူးခြားသော ဝိညာဉ်အာရုံ ကျင့်စဉ်များကို ကျင့်ကြံထားသူများသာ ထိုပုဂ္ဂိုလ်ကြီးများ မည်သူမည်ဝါဖြစ်ကြောင်းကို သိမြင်နိုင်ကြသည်။
သို့သော် မကြာမီမှာပင် သူ၏မျက်လုံးများမှာ ကန့်လန့်ကာတစ်ခုကို ဖယ်ရှားလိုက်သကဲ့သို့ ပြူးကျယ်သွားတော့သည်။ ဝိညာဉ်ကို တုန်ခါစေပြီး ကောင်းကင်ဘုံနှင့် ပဲ့တင်ထပ်နေသော နတ်ဘုရားဆန်သည့် အော်ရာနှစ်ခု ပေါ်ထွက်လာသောကြောင့် ဖြစ်၏။
ဝေ့ဝူယင်သည် ထိုစကားများကို ပြောရုံတင် မဟုတ်ချေ။ သူ၏ ဝိညာဉ်အော်ရာမှာ ပတ်ဝန်းကျင်တစ်ခုလုံးသို့ ပျံ့နှံ့သွားပြီး၊ သူတို့၏ ဖုံးကွယ်ထားမှုများကို ကြီးမားသော လက်ဝါးကြီးတစ်ခုဖြင့် အတင်းအဓမ္မ ဆွဲခွာပစ်လိုက်သကဲ့သို့ ပြုလုပ်ကာ၊ စောင့်ကြည့်နေသူအားလုံးမှာ မည်သူမည်ဝါဖြစ်ကြောင်းကို သနားညှာတာမှုကင်းမဲ့စွာ ဖော်ထုတ်ပစ်လိုက်ခြင်း ဖြစ်သည်။
စုရီ၏ နောက်ကွယ်မှ အင်အားစုပင်လျှင် ဝေ့ဝူယင်၏ ဒေါသကြားတွင် မြေစာပင် ဖြစ်သွားရသည်။
ဝှစ်... ဝှစ်...
ဝေ့ဝူယင်၏ ဘေးပတ်ပတ်လည် မိုင်သန်းပေါင်း တစ်ရာအတွင်း၌ မှန်ချပ်ကဲ့သို့သော သို့မဟုတ် ထူးဆန်းသော ဝိညာဉ်စွမ်းအား ရတနာပေါင်း ဒါဇင်နှင့်ချီ၍ ပေါ်ထွက်လာတော့သည်။ ၎င်းတို့သည် တည်ငြိမ်သော အာကာသအကြားတွင် ဖုံးကွယ် နေနိုင်စွမ်း မရှိတော့ဘဲ၊ ပုန်းအောင်း၍ စောင့်ကြည့်နေသူ အားလုံးမှာ ထင်ထင်ရှားရှား ပေါ်ထွက်လာကြရသည်။ မည်သူမျှ မလွတ်မြောက်ခဲ့ချေ။
မိမိတို့အိမ်၏ သက်သောင့်သက်သာရှိသော နေရာများမှနေ၍ ပွဲကြည့်နေကြသည့် သူတော်စင်များ၊ ဉာဏ်အလင်းရသူတော်စင်များနှင့် အထွတ်အထိပ် သူတော်စင်များ၏ ဝိညာဉ်အော်ရာများမှာ တစ်ဦးပြီးတစ်ဦး ဖော်ထုတ်ခြင်း ခံလိုက်ရသည်။ သူရဲကောင်းတာအို နန်းတော်၏ ဖြစ်ရပ်များမှာ စောင့်ကြည့်သူ အမြောက်အမြား ရှိနေရုံတင်မကဘဲ၊ အရပ်ရပ်မှ ကျင့်ကြံသူအချို့မှာ ယခုဖြစ်ရပ်များတွင် ပါဝင်ပတ်သက်နေကြကြောင်း ထင်ရှားလှပေသည်။
အစောပိုင်းက တောင်ပစ်သူတော်စင် အသုံးပြုခဲ့သော "ပဲ့တင်ထပ် ချီအဆောင်" သည် "မိုးကုပ်စက်ဝိုင်း ကြီးထွားခြင်း မျှော်စင်" သို့မဟုတ် ဤဂလက်ဆီဇုန်၏ ထိပ်သီးအင်အားစုများကို ဝင်ရောက်စွက်ဖက်ရန် ဖိအားပေးခဲ့သင့်သည်။ အထူးသဖြင့် အထွတ်အထိပ် သူတော်စင်အဆင့် စွမ်းအားများကို ထိန်းချုပ်မှုမရှိဘဲ အသုံးပြုခြင်းသည် ကြောက်မက်ဖွယ်ကောင်းသော နောက်ဆက်တွဲကျိုးများကို ဖြစ်ပေါ်စေနိုင်သည်။
သို့သော် ဝေ့ဝူယင်က ပြဿနာများကို ဖြေရှင်းပေးစဉ်... လေးကိုင်ထားသော သူတော်စင် လုပ်ကြံသတ်ဖြတ်သူကို သတ်ပစ်စဉ်... အခြားလုပ်ကြံသူကို မောင်းထုတ်စဉ် သို့မဟုတ် သေဆုံးသူများကို ပြန်လည် အသက်သွင်းပေးစဉ်က သူတို့ ဝင်မစွက်ဖက်ခဲ့ကြချေ။
ယင်းမှာ တရားဝင် မဟုတ်သော စည်းမျဉ်းများရှိနေခြင်းကြောင့်လည်း ဖြစ်နိုင်သည်။ ထိုလေးကိုင်လုပ်ကြံသူသည် ဝေ့ဝူယင်၏ အဖွဲ့သားများကို ထိခိုက်စေမည့် အကျိုးသက်ရောက်မှု ကျယ်ပြန့်သော တိုက်ကွက်ဖြင့် "တိုက်ခိုက်" ခဲ့ခြင်းဖြစ်ရာ၊ သူ၏ မိုက်မဲမှုကြောင့် သူတို့ ဝင်ပါရန် မလိုအပ်ခဲ့ခြင်းလည်း ဖြစ်ပေလိမ့်မည်။ အထူးသဖြင့် ဝေ့ဝူယင်၏ တကယ့်ကျင့်ကြံခြင်းအဆင့်မှာ မေးခွန်းထုတ်စရာ ဖြစ်နေသေးသောကြောင့်ပင်။
ဝေ့ဝူယင်မှာ ပေါ်ထွက်လာစ ထူးဆန်းသော ပုဂ္ဂိုလ်တစ်ဦး ဖြစ်သည်။ အထူးသဖြင့် နာမည်ကြီး သတင်းဌာန သုံးခုဖြစ်သော ကံကြမ္မာ ဂေဇက်၊ ကောင်းချီးခံ စောင့်ကြည့်ရေးနှင့် လေ့လာဆဲ မှတ်တမ်းတို့က သူ့ကို အထွတ်အထိပ် သူတော်စင် အဆင့်သတ်မှတ်ချက်များတွင် ထည့်သွင်းထားခြင်း မရှိသေးပေ။
သို့သော် သူသည် "တောက်ပသော ကြယ်နန်းတော်" ၏ အထွတ်အထိပ် သူတော်စင်နှင့် ငြင်းပယ်၍မရသော ဆက်သွယ်မှုများ ရှိနေသည်မှာ အမှန်ပင်။
သူ၏ အမည်မှာ အဆင့်သတ်မှတ်ချက်တွင် မပါဝင်ခြင်းက သူတို့၏ တွန့်ဆုတ်မှုနှင့် ဤကဲ့သို့သော သိမ်မွေ့သော စမ်းသပ်မှုများကို ဖြစ်ပေါ်စေခဲ့ခြင်း ဖြစ်နိုင်သည်။ သို့သော် ဝေ့ဝူယင်၏ ယခုအချိန်အထိ လှုပ်ရှားမှုများမှာ သူသည် အထွတ်အထိပ် သူတော်စင်တစ်ဦး ဖြစ်ကြောင်း ခိုင်ခိုင်မာမာ သက်သေပြနေခဲ့ပြီ။
အမျိုးမျိုးသော ဝိညာဉ်စောင့်ကြည့်ရေး မန္တန်များနှင့် ကိရိယာများ ဖော်ထုတ်ခံလိုက်ရချိန်တွင်၊ ဂလက်ဆီအနှံ့မှ အကြည့်များစွာ စုပြုံရောက်ရှိလာသဖြင့် အခြေအနေမှာ အလွန်ပင် စိတ်အနှောင့်အယှက်ဖြစ်စရာ ကောင်းသွားတော့သည်။ အချို့သော စောင့်ကြည့်သူများသည် မိမိတို့ မည်သူမည်ဝါဖြစ်ကြောင်း ပေါ်သွားမည်ကို ကြောက်ရွံ့သဖြင့် ဆက်သွယ်မှုများကို အလျင်အမြန် ဖြတ်တောက်လိုက်ကြသည်။ သို့သော် ယင်းမှာ အလွန်ပင် နောက်ကျသွားခဲ့လေပြီ။
စုရီမှာမူ ဖြစ်ပျက်နေသမျှကို ကြည့်ပြီး ဆွံ့အလျက် ရှိသည်။ ဤနယ်ခြားသား ဝေ့ဝူယင်သည် မျှော်စင်ခုနစ်ခု၏ အထွတ်အထိပ် သူတော်စင်အဆင့်ရှိ တာအို တရားဥပဒေ ထိန်းသိမ်းသူကိုပင် ရိုင်းရိုင်းစိုင်းစိုင်း ဆဲဆိုကာ မောင်းထုတ်လိုက်ခြင်းပင် မဟုတ်ပါလား။ ဤလူ၏ သတ္တိမှာ တကယ့်ကို ဂြိုဟ်သိမ်ဂြိုဟ်မွှားလောက် ကြီးမားလှပေသည်။
ပို၍အရေးကြီးသည်က... ဝေ့ဝူယင်မှာ ရှန့်ဝမ်ချင်းကို ဘယ်အချိန်မှာ ဖမ်းလိုက်သနည်း။ ထို့ပြင် "ကောင်းကင်ဆိပ်ကမ်းတောင်" မှ ဝိညာဉ်ကြီး ခုနစ်ပါး၊ ယန်-အမြင့်မြတ်ဆုံး တာအိုပညာရှိ တိုင်ယန်တောက်နှင့် နောက်ဆုံး ယင် ဧကရီ ဝူယင်ထျန်း တို့ကော ဘယ်ရောက်သွားကြသနည်း။ ထိုကိုးဦးစလုံးမှာ ဝေ့ဝူယင်ကို ဟန့်တားနိုင်လိမ့်မည်ဟု ယုံကြည်ချက် အပြည့်ရှိခဲ့ကြသည် မဟုတ်ပါလား။ သူတို့ ရှုံးနိမ့်သွားခဲ့သည်လား။
စုရီမှာ သူတို့၏ တည်ရှိမှုနှင့် ချိတ်ဆက်ထားသည့် ပစ္စည်းများကို အလျင်အမြန် စစ်ဆေးလိုက်သော်လည်း ၎င်းတို့အားလုံး ပျောက်ဆုံးနေသည်ကို သိလိုက်ရချိန်တွင် သူ၏ မျက်နှာမှာ ချက်ချင်းပင် ပျက်သွားတော့သည်။
ထိုအရာများတင် မဟုတ်...။
သူ့ ပစ္စည်းအားလုံး ပျောက်ဆုံးကုန်ခြင်း ဖြစ်ပေသည်။
“...”
စုရီ၏ ဦးနှောက်မှာ ဗလာဖြစ်သွားတော့၏။ မည်သည့်အချိန်ကနည်း။ မည်သည့် နည်းလမ်းနှင့်နည်း။ မည်သူနည်း။
တောင်ပစ်သူတော်စင်မှာ ဤအခွင့်အရေးကို မြင်သည်နှင့် သာမန်ဆိုလျှင် ထွက်ပြေးရန် အခွင့်ကောင်းယူပေလိမ့်မည်။ သို့သော် ပြင်ပလွှမ်းမိုးမှုအချို့ကြောင့် သူသည် ဝေ့ဝူယင်၏ အာရုံလွတ်သွားချိန်ကို အခွင့်ကောင်းယူရန် ဝန်မလေးဘဲ အစွမ်းကုန်ခွန်အားဖြင့် တိုက်ခိုက်လိုက်တော့သည်။
ဘုန်း...
ရုတ်ချည်းဆိုသလိုပင် ဟင်းလင်းပြင်ကို ဖြတ်သန်း၍ နေမင်းတစ်စင်းထက်မက ပြင်းထန်သော ဆွဲငင်အားကို ဖြစ်ပေါ်စေသည့် တောင်ပုံဆောင် မြေကြီးလှံရှည်ကြီးတစ်စင်း ထွက်ပေါ်လာ၏။
၎င်းမှာ သူမ၏ အသန်မာဆုံး အာဏာရှင် ကျင့်စဉ်ကို ထုတ်ဖော်လိုက်ခြင်းပင်။
စုရီသည် ချက်ချင်းပင် ပစ်မှတ်ထားခြင်း ခံလိုက်ရပြီး သေရေးရှင်ရေး အန္တရာယ်ကြောင့် ထိတ်လန့်တုန်လှုပ်သွားရသည်။ သူသည် အလျင်အမြန်ပင် လှည့်လိုက်ပြီး ဓားကို တစ်ဆက်တည်း ဆွဲထုတ်ကာ ကြယ်တာရာ ကောင်းကင်ယံတစ်ခုလုံးကို လွှမ်းခြုံသွားစေသည့် သေးသွယ်သော ဓားအလင်းတန်းတစ်ခုကို ထုတ်လွှတ်လိုက်သည်။
ဘုန်း...
ပြင်းထန်သော ပေါက်ကွဲမှုကြီးတစ်ခု ဖြစ်ပေါ်သွားပြီးနောက် လူရိပ်တစ်ခုမှာ လွင့်စဉ်သွားကာ အခြားတစ်ဦးမှာမူ မလှုပ်မယှက် ရပ်မြဲအတိုင်း ရှိနေခဲ့သည်။
အမျောင် ဟင်းလင်းပြင်အတွင်း လွင့်စဉ်သွားသူမှာ ဝတ်ရုံဖြူဝတ် ဓားသမား စုရီပင် ဖြစ်၏။ တစ်ဖက်တွင်မူ မလှုပ်မယှက် ကျန်ရစ်ခဲ့သူမှာ ဦးခေါင်းထိပ်မှ အောက်ခြေအထိ သွေးစွန်းသော မျဉ်းကြောင်းတစ်ကြောင်း ပေါ်ထွက်လာပြီး ခန္ဓာကိုယ် တစ်ခုလုံး နှစ်ခြမ်းကွဲတော့မည့် အခြေအနေကို ရင်ဆိုင်နေရသည့် တောင်ပစ် သူတော်စင်ပင်။
ဝေ့ဝူယင်၏ မျက်ဝန်းများက ထိုနေရာသို့ ရောက်ရှိသွား၏။ ထို့နောက် သူသည် သစ်သားနှင့် ရေ၏ ပြန်လည်ကုသခြင်း နိယာမများကို အခြေခံထားသည့်၊ ပြောင်းလဲထားသော မူလ သာမည ဥပဒေသများ ပါဝင်သည့် အယ်ဖာ-ပါရာဂွန် စွမ်းအင် အငွေ့အသက်အချို့ကို ဖွဖွလေး မှုတ်ထုတ်လိုက်တော့၏။
***