← Chapters

အခန်း (၂၆၃-၂၆၄)

Vol. 27 Ch. 263-264

အခန်း (၂၆၃-၂၆၄)

Vol. 27 Ch. 263-264

အခန်း။ ၂၆၃

ထူးဆန်းသော မှတ်ဉာဏ်များ သူ၏စိတ်အစဉ်တွင် ပေါ်ပေါက်လာပြန်သည်။

ယခင် မှတ်ဉာဏ်အပိုင်းအစမှ ဆက်စပ်ကြည့်လျှင် သာမန် ဝံပုလွေကလေးတစ်ကောင်သည် ငယ်စဉ်က ထူးဆန်းသော သွေးရောင်ပင့်ကူတစ်ကောင်ကို မတော်တဆ စားမိရာမှ အာရုံခံစားမှုများ အဆမတန် တိုးတက်လာခဲ့သည်။ ၎င်းသည် ပိုမိုသန်မာထွားကျိုင်းလာပြီး နောက်ဆုံးတွင် ဝံပုလွေအုပ်စုကို ဦးဆောင်သည့် ဝံပုလွေဘုရင်ဖြစ်လာခဲ့သည်။

အချိန်ကြာလာသည်နှင့်အမျှ ဝံပုလွေဘုရင်၏ နယ်မြေမှာ ကျယ်ပြန့်လာပြီး လက်အောက်ငယ်သားများလည်း ပိုမိုများပြားလာသည်။ ဝက်ဝံများ၊ တောဝက်များ၊ သစ်ကျားများနှင့် အခြားအသားစားသတ္တဝါကြီးများမှာပင် သူ၏ လက်ရုံးတပည့်များ ဖြစ်လာကြသည်။

နောက်ဆုံးတွင် ဝံပုလွေဘုရင်သည် မိုင်တစ်ရာပတ်လည်၏ အရှင်သခင်ဖြစ်သော ကျားဘုရင်နှင့် ပြင်းထန်သော တိုက်ပွဲတစ်ခု ဆင်နွှဲခဲ့ရသည်။ သဘာဝတရား၏ တောဘုရင်ဖြစ်သော ကျား၏ ဟိန်းဟောက်သံမှာ ဝံပုလွေဘုရင်၏ လက်အောက်ငယ်သားများကို အနားမကပ်ရဲအောင် ခြောက်လှန့်ထားနိုင်ပြီး ၎င်းကိုလည်း အခြံအရံများဖြင့် ဝိုင်းရံထားခဲ့သည်။

အရေးကြီးသော အခိုက်အတန့်တွင် ဝံပုလွေဘုရင်သည် အသက်ကိုရင်း၍ သွေးရောင်လွှမ်းသော လမ်းတစ်ခုကို ဖောက်ထွက်ခဲ့သော်လည်း ဒဏ်ရာအပြင်းအထန်ဖြင့် ချောက်ထဲသို့ ပြုတ်ကျသွားခဲ့သည်။ ၎င်း ပြန်လည်နိုးထလာချိန်တွင်မူ ရှေ့မှောက်၌ ထူးဆန်းသော သွေးရောင်ကြာပန်းများကို တွေ့ရှိခဲ့ရာ ဆာလောင်မှုကြောင့် မဆိုင်းမတွပင် စားသုံးလိုက်တော့သည်။

လက်တွေ့လောကတွင်မူ လုံယီသည် မျက်လုံးများကို ဖွင့်လိုက်သည်။

စွမ်းအင်လှိုင်းတစ်ခုသည် သူ၏ ဦးခေါင်းအတွင်းသို့ အရှိန်အဟုန်ဖြင့် စီးဝင်လာသည်။ အေးမြကာ သိမ်မွေ့လှသော ထိုခံစားချက်မှာ လက်ကလေးပေါင်းများစွာဖြင့် သူ၏ဦးခေါင်းကို နှိပ်နယ်ပေးနေသကဲ့သို့ပင်။

စီးးးးးးးးး

သူ၏စိတ်ထဲရှိ လင်းယုန်ငှက်မှာ အလွန်အမင်း စိတ်လှုပ်ရှားစွာဖြင့် အော်ဟစ်ကာ အောင်ပွဲခံနေသည်။ ထိုလင်းယုန်၏ ရုပ်သွင်ကို သူ မမြင်ရသော်လည်း ဤအခိုက်အတန့်တွင် လင်းယုန်မှာ များစွာအကျိုးကျေးဇူးရရှိကာ သိသိသာသာ ကြီးထွားလာကြောင်း လုံယီ အလိုလို သိရှိနေသည်။

လုံယီ၏ အာရုံငါးပါးမှာလည်း ယခုအခါ နယ်ပယ်အသစ်တစ်ခုသို့ တက်လှမ်းသွားခဲ့ပြီဖြစ်သည်။ သူ၏ ဝိညာဉ်မှာ အကန့်အသတ်မရှိ မြင့်တက်လာသကဲ့သို့ ခံစားရပြီး ပတ်ဝန်းကျင်ရှိ အတားအဆီးများမှာ ပျောက်ကွယ်သွားသယောင် ရှိနေသည်။ ယခင်က ကြားရန်ခက်ခဲသော သိမ်မွေ့သည့် အသံများမှာပင် သူ၏နားထဲသို့ အတိုင်းသား ဝင်ရောက်လာတော့သည်။

အခန်းတွင်း၌ အမွှေးတိုင်မီးခိုးများ လွင့်ပျံ့နေသည့်အသံ၊ ဘေးအခန်းများ၌ စစ်မှန်သောသွေးဂိုဏ်းမှ ရွေးချယ်ထားသော တပည့်သစ်များ၏ အသက်ရှူသံ၊ မသေမျိုးလမ်းစဉ် ရှာဖွေရေးခန်းမ အပြင်ဘက်ရှိ သစ်ပင်ကြီးပေါ်တွင် ပိုးမွှားများ တွားသွားနေသည့်အသံ... စသည်တို့မှာ သူ၏နားထဲတွင် အတိုင်းသား ကြားနေရသည်။

ထိုစဉ် နံရံအချို့ ခြားနေသော ဆယ်ပေခန့်အကွာအဝေးမှ တိုးတိုးတိတ်တိတ် စကားပြောသံတစ်ခုက သူ၏အာရုံကို ဖမ်းစားလိုက်သည်။ အကြောင်းမှာ ထိုစကားဝိုင်းထဲတွင် သူနှင့် အလွန်ရင်းနှီးသော အမည်တစ်ခု ပါဝင်နေသောကြောင့်ပင်။

“ရှီချိုင်ဖုန်း... ငါ သူ့ရဲ့နောက်ကြောင်းကို စုံစမ်းခိုင်းထားပေမဲ့ ဘာမှရှာမတွေ့ဘူး။ လေထဲကနေ ရုတ်တရက် ပေါ်လာသလိုမျိုးပဲ”

“သခင်လေး... ဒီမိန်းကလေးက လုပ်ချင်ရာလုပ်တတ်တယ်။ စကားပြောတာလည်း ကြမ်းတမ်းပြီး သူဌေးသားသမီးတွေရဲ့ အမူအရာမျိုးလည်း မရှိဘူး။ တောသူတောင်သားတစ်ယောက်ပဲ ဖြစ်ရမယ်။ သခင်လေးနောက်ကို လိုက်ရမှာက သူ့အတွက် ဘဝသုံးပါးစာမကတဲ့ ကံကောင်းမှုပဲ မဟုတ်လား”

“သူ့ရဲ့ စိတ်နေစိတ်ထားက အရမ်းခက်ထန်လွန်းနေတယ်လို့ ငါထင်တယ်။ သူ လွယ်လွယ်နဲ့ အညံ့ခံမှာ မဟုတ်ဘူး”

“အဲ့ဒါက မခက်ပါဘူး။ ကျွန်တော့်မှာ ယင်ယန်ပညာရပ်တစ်ခု ရှိပါတယ်။ သခင်လေးအနေနဲ့ သူ့ကို ဖမ်းဆီးနိုင်ရုံနဲ့တင် သူက သခင်လေးကို တစ်သက်လုံး ခွဲသွားမှာ မဟုတ်တော့ပါဘူး။ သူ့ကို ဘယ်လိုနည်းနဲ့ ဖမ်းရမလဲဆိုတာကိုတော့ ကျွန်တော် ထပ်သင်ပေးနေဖို့ မလိုတော့ဘူး ထင်ပါတယ် သခင်လေး”

“ဟားဟားဟား... ဦးလေးဝမ် ခင်ဗျားမှာ နည်းလမ်းကောင်းတွေ ရှိတာပဲ”

ဟင်... ဒီသူဌေးသားက အာဖုန်းအပေါ် မသန့်ရှင်းတဲ့ အကြံအစည်တွေ ကြံနေတာလား။

လုံယီသည် သူတို့၏ လုပ်ကြံကြံစည်မှုကို ကြားလိုက်ရသောအခါ ဒေါသအလိပ်လိုက် ထွက်ပေါ်လာသည်။ သူ၏ စိတ်အာရုံကို ပြန်လည်စုစည်းလိုက်သည့် အခါတွင်မူ ယခင်က ခံစားခဲ့ရသော ထူးခြားသည့် အာရုံခံစားမှု အခြေအနေမှ ပြန်လည်ထွက်ခွာလာခဲ့သည်။ နောက်တစ်ကြိမ် ထိုအခြေအနေထဲသို့ ပြန်ဝင်ရန် ကြိုးစားသော်လည်း မရတော့ချေ။

ကံကောင်းထောက်မစွာဖြင့် သူသည် ပုန်းအောင်းနေသော ရန်သူများကို ကြိုတင်သိရှိသွားခဲ့ပြီ ဖြစ်သည်။ မဟုတ်လျှင်မူ မည်သည့်အရာကိုမျှ ကြိုတင်ပြင်ဆင်ထားခြင်းမရှိသော ရှီချိုင်ဖုန်းမှာ သူတို့၏ ထောင်ချောက်အတွင်းသို့ သက်ဆင်းသွားပေလိမ့်မည်။

ဤသည်ကို တွေးမိသည်နှင့် လုံယီ၏ စိတ်ထဲတွင် သတ်ဖြတ်လိုသော စိတ်ဆန္ဒတစ်ခု ရုတ်တရက် ပေါ်ပေါက်လာသည်။

အခုသွားပြီး သူ့ကို သတ်လိုက်ရင် ကောင်းမလား။

မသင့်တော်သေးဘူး။ ဒီကောင်က နောက်ခံအင်အား တော်တော်ကြီးပုံပဲ။ အာဖုန်းအတွက် ပြဿနာမဖြစ်စေဖို့ ငါ သတိကြီးကြီးထားပြီး လုပ်ဆောင်ရမယ်။ မသေမျိုးလမ်းစဉ် ရှာဖွေရေးခန်းမရဲ့ အပြင်ဘက်မှာ လုပ်တာက ပိုကောင်းလိမ့်မယ်။

လုံယီက ဆင်ခြင်လိုက်သည်။

အချိန်များ ကုန်ဆုံးလာခဲ့ရာ လမင်းကြီး ကောင်းကင်အလယ်သို့ ရောက်ရှိနေသည့် သန်းခေါင်ယံအချိန်သို့ ရောက်လာခဲ့သည်။

ကျွီ...

လုံယီ၏ အခန်းတံခါးမှာ သိမ်မွေ့စွာ ပွင့်ဟလာခဲ့သည်။

လူရိပ်တစ်ခုသည် အခန်းတွင်းသို့ လျင်မြန်စွာ တိုးဝင်လာပြီးနောက် တစ်ခဏချင်းမှာပင် သူ၏ အိပ်ရာထဲသို့ ခုန်ဝင်လိုက်သည်။ မှောင်မည်းနေသော ညဉ့်နက်သဘောတွင် တောက်ပနေသော မျက်လုံးအစုံနှစ်ခုက တစ်ဦးကိုတစ်ဦး စိုက်ကြည့်နေမိကြသည်။ အချိန်အတော်ကြာသည်အထိ တစ်ဦး၏ အသက်ရှူသံကို တစ်ဦးက ကြားနေရသည်မှအပ အရာအားလုံးမှာ တိတ်ဆိတ်နေတော့သည်။

ခေတ္တအကြာတွင် တစ်စုံတစ်ယောက်က ထိုတိတ်ဆိတ်မှုကို စတင်ဖြိုခွင်းလိုက်သည်။

"ဘာဖြစ်လို့လဲ"

"ဟိုကပ်စေးနှဲ စီနီယာအစ်ကိုကြီး ပြောတာတော့ ပင်မဂိုဏ်းကလူတွေ သဘက်ခါ ရောက်လာနိုင်တယ်တဲ့"

"ဒီလောက်တောင် မြန်တာလား"

တိတ်ဆိတ်မှုက တစ်ဖန် ပြန်လည်စိုးမိုးသွားပြန်သည်။ ထို့နောက်တွင်မူ တစ်စုံတစ်ဦးသည် ပြတ်သားသော ဆုံးဖြတ်ချက်တစ်ခုကို ချလိုက်သည့်အလား တိုးတိုးလေး ရေရွတ်လိုက်သည်။ "ငါသာ အခု မလှုပ်ရှားဘူးဆိုရင် ဒီဘဝမှာ ဘယ်တော့မှ အခွင့်အရေး ရတော့မှာ မဟုတ်ဘူး"

ထိုသို့ပြောပြီးနောက် သူမသည် ရုတ်တရက် အရှေ့သို့ တိုးကပ်လာကာ သူမ၏ လက်မောင်းများဖြင့် ရှေ့မှ အမျိုးသားကို ရေဘဝဲတစ်ကောင်ကဲ့သို့ တင်းတင်းကြပ်ကြပ် ဖက်တွယ်လိုက်ပြီး အတင်းအကျပ် နမ်းရှုပ်တော့သည်။ အမျိုးသား၏ အသက်ရှူသံများမှာလည်း သိသိသာသာ ပြင်းထန်လာခဲ့ရသည်။

"တောက်... ငါလည်း ထိန်းမထားနိုင်တော့ဘူး..."

ထိုညမှာတော့ သူတို့နှစ်ဦးကြား ပြင်းပြသော ချစ်ခြင်းမေတ္တာလှိုင်းတံပိုးများ ရိုက်ခတ်ခဲ့လေတော့သည်။

နောက်တစ်နေ့ နံနက်တွင် လုံယီသည် သူ၏ဘေးမှ ဟာလာဟင်းလင်း ဖြစ်နေသော နေရာနှင့် ခေါင်းအုံးပေါ်တွင် ကျန်ရစ်ခဲ့သည့် ဆံပင်ရှည်အချို့ကို ကြည့်ရင်း ရုတ်တရက် တစ်စုံတစ်ခု ဆုံးရှုံးသွားသကဲ့သို့ ခံစားလိုက်ရသည်။

"စစ်မှန်သောသွေးဂိုဏ်းက မနက်ဖြန် ရောက်လာတော့မယ်ဆိုတော့ ငါ ဒီနေ့ပဲ ထွက်သွားမှ ဖြစ်

မယ်။ မဟုတ်ရင် ငါ့ရဲ့ အစီအစဉ်တွေကို အကောင်အထည်ဖော်ဖို့ ခက်သွားလိမ့်မယ်"

နံနက်ခင်းတွင် သူသည် ရှီမောင်နှမနှစ်ဦးကို နှုတ်ဆက်ကာ မသေမျိုးလမ်းစဉ် ရှာဖွေရေးခန်းမ မှ ထွက်ခွာလာခဲ့သည်။ ရှီချိုင်ဖုန်း၏ အကြည့်များမှာ ပူလောင်ပြင်းပြနေပြီး သူ့ထံမှ မခွာနိုင်အောင် ဖြစ်နေသည်။ လုံယီသည် သူသာ အနည်းငယ် နောက်ကျပြီးမှ ထွက်ခွာမည်ဆိုလျှင် သူမသည် နောက်ဆက်တွဲ ရလဒ်များကို ဂရုမစိုက်ဘဲ သူ့နောက်သို့ လိုက်လာမည်ကိုပင် စိုးရိမ်နေမိတော့သည်။

အမှန်စင်စစ် ရှီချိုင်ဖုန်းသည် မနေ့ညကပင် လက်တွေ့မကျသော အကြံဉာဏ်တစ်ခုကို ပြောဆိုခဲ့ဖူးရာ လုံယီက ပြတ်ပြတ်သားသားပင် ငြင်းပယ်ခဲ့သည်။

မွန်းလွဲပိုင်းအချိန်တွင် ရှီချိုင်ဖုန်းမှာ သူဌေးသား ရှန်ဟောက်ယွီ၏ အတူတူ လမ်းလျှောက်ထွက်ရန် ဖိတ်ခေါ်မှုကို မငြင်းဆန်နိုင်ဘဲ ဖြစ်နေစဉ်မှာပင် ရှန်ဟောက်ယွီကိုယ်တိုင် အပြင်သို့ ထွက်ခွာသွားခဲ့သည်။ သို့သော် သူ မသိလိုက်သည်မှာ အမှောင်ရိပ်တစ်ခုထဲမှ မျက်လုံးတစ်စုံသည် သူ့အား အမြဲစောင့်ကြည့်နေခဲ့ခြင်းပင်။

လမ်းကြားတစ်ခုအရောက်တွင်…

“ထိန်းချုပ်ခြင်း”

မမြင်ရသော စွမ်းအင်တစ်ခုသည် ရှန်ဟောက်ယွီ၏ ဦးခေါင်းဆီသို့ လျင်မြန်စွာ ပျံ့နှံ့သွားသည်။ ရှန်ဟောက်ယွီ၏ မျက်လုံးများမှာ အဖြူရောင်အတိ ဖြစ်သွားပြီး နှာခေါင်းမှ သွေးနှစ်တန်း စီးကျလာကာ ချက်ချင်းပင် မြေပြင်ပေါ်သို့ သတိလစ်လဲကျသွားတော့သည်။

“အား...”

ထို့နောက်တွင်တော့ ကြောက်မက်ဖွယ်ကောင်းသော အော်ဟစ်သံကြီးတစ်ခု ထွက်ပေါ်လာခဲ့သည်။ မုတ်ဆိတ်ဗရပွနှင့် ဆရာသခင် ရောက်ရှိလာချိန်တွင် ထိုမြင်ကွင်းကို ကြည့်ပြီး သူ၏ မျက်နှာပေးမှာ ထူးဆန်းသွားတော့သည်။

ရှန်ဟောက်ယွီမှာ သေဆုံးသွားခြင်းမရှိသော်လည်း သူ၏ မျက်ဝန်းများမှာ ဗလာနတ္ထိ ဖြစ်နေပြီး ရိုးအအပုံစံ ဖြစ်သွားခဲ့ရသည်။ ထို့ပြင် သူ၏ ပေါင်ကြားတစ်ဝိုက်မှာလည်း သွေးချင်းချင်းနီနေပြီး ယောက်ျားအင်္ဂါ ချို့ယွင်းသွားခဲ့ရခြင်းပင်။

“သခင်လေး... သခင်လေးရယ်”

အိမ်ထိန်းဝမ်သည် ရှန်ဟောက်ယွီကို ပွေ့ဖက်ကာ ငိုယိုနေပြီးနောက် မုတ်ဆိတ်ဗရပွနှင့် ဆရာသခင်ကို ကြည့်ကာ ကြောက်မက်ဖွယ်ကောင်းသော လေသံဖြင့် အော်ပြောလိုက်သည်။ “သခင်ကြီး... ကျွန်တော့်သခင်လေးအတွက် လက်စားချေပေးပါ။ ဒီအမှုကို ကျူးလွန်တဲ့ တရားခံကို ရှာပေးပါဦး”

မုတ်ဆိတ်ဗရပွနှင့် လူကြီးက အနားသို့လာ၍ စစ်ဆေးကြည့်ပြီးနောက် စဉ်းစားဟန်ဖြင့် ပြောလိုက်သည်။

“သူက အာရုံခံစားမှုဆိုင်ရာ ဒဏ်ရာရသွားပုံပဲ”

ထိုစကားကို ကြားသောအခါ အိမ်ထိန်းဝမ်မှာ ထိတ်လန့်သွားပြီးနောက် ပြန်လည်ချေပသည်။ “မဖြစ်နိုင်တာ။ အခြေခံအုတ်မြစ် တည်ဆောက်ခြင်း အဆင့်ကျင့်ကြံသူတစ်ယောက်က ကျွန်တော့်သခင်လေးလို လူငယ်တစ်ယောက်ကို ဝိညာဉ်အာရုံ တိုက်ခိုက်မှုလုပ်ပြီး အရှက်ခွဲမှာ မဟုတ်သလို ယောက်ျားအင်္ဂါကို ဖျက်ဆီးတဲ့အထိလည်း လုပ်မှာမဟုတ်ဘူး”

“ဒါဆိုရင်တော့ တစ်စုံတစ်ယောက်က ဝိညာဉ်လက်နက်တစ်ခုခုကို သုံးသွားတာ ဖြစ်ရမယ်။ အဲ့ဒါဆိုရင်တော့ ရှာဖို့မလွယ်ဘူး”

မုတ်ဆိတ်ဗရပွနှင့်လူကြီးက မျက်မှောင်ကြုတ်လျက် ပြောလိုက်သည်။

“မွေးရာပါ သစ်သားဝိညာဉ်ခန္ဓာပိုင်ဆိုင်ထားတဲ့ ကျွန်တော့်သခင်လေးမှာ ကျင့်ကြံခြင်း မစတင်ရသေးခင်မှာပဲ ဒီလို ရုပ်ပိုင်းဆိုင်ရာ ချို့ယွင်းချက် ဖြစ်သွားရတာ သနားစရာကောင်းလိုက်တာ။ နောင်မှာ သူ ဘယ်လိုလုပ်ပြီး အထွတ်အထိပ်ကို ရောက်နိုင်တော့မှာလဲ”

အိမ်ထိန်းဝမ်က သည်းထန်စွာ ငိုကြွေးနေတော့သည်။

“အဲ့ဒါကတော့ အဲ့ဒီလောက်ကြီး မဟုတ်သေးပါဘူး။ တကယ်တော့ စစ်မှန်သောသွေးဂိုဏ်းမှာ အင်မတန် အစွမ်းထက်တဲ့ ကျင့်စဉ်တစ်ခု ရှိတယ်။ အဲ့ဒီကျင့်စဉ်က ယောက်ျားအင်္ဂါ မရှိတော့တဲ့သူတွေ ကျင့်ကြံဖို့ အထူးသင့်တော်တာပဲ”

မုတ်ဆိတ်ဗရပွနှင့် လူကြီးက စဉ်းစားရင်း ပြောလိုက်သည်။

“တကယ်လား”

အိမ်ထိန်းဝမ်သည် ငိုနေရာမှ ရပ်တန့်သွားပြီး မျှော်လင့်ချက်အပြည့်ဖြင့် “ဒါဆိုရင် သူ့ရဲ့ ကျင့်ကြံမှု နက်ရှိုင်းလာတဲ့အခါမှာ အဲ့ဒီအင်္ဂါက ပြန်ပြီး ပေါက်လာနိုင်တာပေါ့နော်” ဟု မေးမြန်းလိုက်သည်။

မုတ်ဆိတ်ဗရပွနှင့် ဆရာသခင်၏ နောက်ကွယ်တွင် ရှိနေသော ရှီချိုင်ဖုန်းနှင့် သူမ၏ မောင်လေးတို့မှာ ထိုကဲ့သို့သော ထူးဆန်းလှသည့် ကျင့်စဉ်အကြောင်းကို ကြားလိုက်ရသောအခါ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြသည်။ ရှီချိုင်ဖုန်းက သူမ၏ မောင်လေးကို လက်ကုတ်ကာ ထိုကျင့်စဉ်ကို လေ့ကျင့်ကြည့်ရန် အရိပ်အယောင်ပြလိုက်ရာ ရှီချင်းတကတော့ စိတ်မဝင်စားကြောင်း ခေါင်းကို အခါခါ ခါယမ်းနေတော့သည်။

တစ်ချိန်တည်းမှာပင် လုံယီသည် ဖိန်အန်းရွာသို့ ပြန်ရာလမ်းပေါ်၌ ရောက်ရှိနေပြီဖြစ်သည်။ သူ၏ စိတ်ထဲရှိ လင်းယုန်ငှက်မှာ သိသိသာသာကို နုံးချိနေပြီး အော်ဟစ်သံမှာလည်း အားနည်းနေသည်။ ကြည့်ရသည်မှာ ပါရမီထိန်းချုပ်ခြင်းကို အသုံးပြုခြင်းက ဝိညာဉ်စွမ်းအင်

အမြောက်အမြားကို အသုံးပြုရပုံပင်။

အခန်း။ ၂၆၄

လက်ရှိအချိန်တွင် လုံယီသည် အသိဉာဏ်နိမ့်ပါးသော သတ္တဝါအချို့ကိုသာ ထိန်းချုပ်နိုင်သေးပြီး လူသားများကိုမူ တိုက်ရိုက်ထိန်းချုပ်နိုင်စွမ်း မရှိသေးပေ။ သို့သော် ယခင်အတွေ့အကြုံများအရ ဤစွမ်းအားကို ဝိညာဉ်ရေးရာ တိုက်ခိုက်ရေးလက်နက် တစ်မျိုးအဖြစ် မှတ်ယူနိုင်သည်။

သို့သော် ဤသို့ပြုလုပ်ခြင်းက တစ်ဖက်လူကိုသာမက ကိုယ်ကိုကိုယ်လည်း ထိခိုက်စေနိုင်ပြီး လုံယီ၏ ဦးခေါင်းမှာလည်း အလွန်အမင်း နာကျင်နေခဲ့ရသည်။ သူသည် သူဌေးသား ရှန်ဟောက်ယွီကို အမြစ်ပြတ်သတ်ပစ်နိုင်သော်လည်း ထိုသို့မလုပ်ရခြင်းမှာ ရှန်ဟောက်ယွီ၏ နောက်ကွယ်ရှိ အင်အားစုများ ပေါ်ထွက်လာပြီး ရှီချိုင်ဖုန်းတို့အပေါ် ဒုက္ခရောက်မည်ကို စိုးရိမ်သောကြောင့်ပင်။

ထို့ကြောင့် သူသည် ရှန်ဟောက်ယွီအား ဒုစရိုက်မှုများ ကျူးလွန်နိုင်စွမ်းမရှိစေရန် အင်္ဂါအစိတ်အပိုင်းကိုသာ ဖျက်ဆီးပစ်ခဲ့သည်။ ဤလုပ်ရပ်သည် ရည်ရွယ်ချက်နှစ်ခုကို တစ်ပြိုင်နက်တည်း အောင်မြင်စေခဲ့သည်။

ပထမအချက်မှာ ရှန်ဟောက်ယွီအား ဒုစရိုက်မှုများ မပြုလုပ်နိုင်ရန်နှင့် ရှီချိုင်ဖုန်းကို မထိခိုက်စေရန် တားဆီးပေးခဲ့သည်။ ဒုတိယအချက်မှာ ကျင့်ကြံသူတစ်ဦးသည် ခန္ဓာကိုယ်အစိတ်အပိုင်းတစ်ခုခု ဆုံးရှုံးသွားပါက နောင်တွင် ကျင့်ကြံမှုအပေါ် များစွာထိခိုက်စေနိုင်ပြီး သူ၏ မသေမျိုးလမ်းစဉ်ကိုလည်း ထိရောက်စွာ ဖြတ်တောက်ပစ်လိုက်ခြင်းပင်။

သို့သော် လောကကြီး၏ ထူးဆန်းမှုမှာ စစ်မှန်သောသွေးဂိုဏ်းတွင် မိန်းမစိုးများအတွက် သင့်တော်သော အစွမ်းထက်သည့် ကျင့်စဉ်တစ်ခု အမှန်တကယ် ရှိနေခြင်းပင်။ ဤသည်မှာ လုံယီ လုံးဝထင်မှတ်မထားသည့် အချက်ပင်။

ယခင်က အတွေ့အကြုံများရှိခြင်းနှင့် ယခုအခါ အာရုံငါးပါးမှာ သိသိသာသာ စူးရှလာခြင်းတို့ကြောင့် လုံယီသည် လမ်းခရီးတစ်လျှောက် အန္တရာယ်များကို ကြိုတင်ရှောင်ရှားနိုင်ခဲ့သည်။ ထို့ကြောင့် ခြောက်ရက်အတွင်းမှာပင် ဖိန်အန်းရွာသို့ ပြန်လည်ရောက်ရှိလာခဲ့သည်။

“လုံ... ဂိုဏ်းချုပ်”

မြို့တံခါးဝသို့ အရောက်တွင် မြို့ပြင်သို့ထွက်ရန် ပြင်ဆင်နေသော ဆန်းဖုန်နှင့် တိုက်တိုက်ဆိုင်ဆိုင် ဆုံတွေ့ခဲ့သည်။ တစ်ဖက်လူက သူ့အား အနည်းငယ် ခပ်စိမ်းစိမ်းပင် နှုတ်ဆက်သည်။

ယခင်ကမူ သူသည် လုံယီကို အစ်ကိုကြီးလုံဟု ခေါ်လေ့ရှိသော်လည်း ကျားဟုန်နှင့် ပတ်သက်သော ကိစ္စရပ်များကြောင့် ဝမ်ကျန်းမှ အင်အားစုများနှင့် အငြင်းပွားမှုများ ဖြစ်ပွားခဲ့ရာ ယခင်ကကဲ့သို့ ရင်းနှီးရန်မှာ ခဲယဉ်းသွားခဲ့ပြီဖြစ်သည်။

“အစ်ကိုကြီးဆန်း... အဲ့ဒီကိစ္စအတွက် နောင်မှာ ကျွန်တော် သေချာပေါက် ပြန်လည်လျော်ကြေးပေးပါ့မယ်”

လုံယီက လေးနက်စွာ ပြောလိုက်သည်။

အမှန်စင်စစ် ထိုကိစ္စမှာ သူကိုယ်တိုင် ပြုလုပ်ခဲ့ခြင်းမဟုတ်သော်လည်း ကျားဟုန်မှာ ဝမ်ကျန်းဂိုဏ်း၏ တပည့်တစ်ဦးဖြစ်နေခြင်းနှင့် သူကိုယ်တိုင်မှာလည်း ဂိုဏ်းချုပ်ဖြစ်နေခြင်းကြောင့် ဤတာဝန်ကို မဖြစ်မနေ ယူရမည်ပင်။

“အာ... တကယ်တော့ ဒါက မင်းနဲ့ သိပ်မဆိုင်ပါဘူး။ အဓိကကတော့ ငါကိုယ်တိုင်ပဲ လျှို့ဝှက်

ချက်ကို မထိန်းနိုင်ခဲ့တာပါ”

ဆန်းဖုန်က ရှက်ရွံ့စွာ ပြောလိုက်သည်။

သူတို့နှစ်ဦးသည် ခဏမျှ စကားစမြည် ပြောဆိုပြီးနောက် လုံယီသည် ဆရာသခင်ရှထံသို့ မသေမျိုးလမ်းစဉ်တက်လှမ်းခြင်း အမိန့်တော်ပြားကို ပြန်လည်ပေးအပ်ရန် ထွက်ခွာခဲ့တော့သည်။

ရှီမောင်နှမနှစ်ဦး၏ ပါရမီမှာ အလွန်ပင် ထူးကဲလှသဖြင့် ထိုအမိန့်တော်ပြားမှာ သူတို့အတွက် မလိုအပ်တော့ပေ။ ထို့ကြောင့် နောင်တစ်ချိန်တွင် အမှန်တကယ် လိုအပ်မည့်သူတစ်ဦးအတွက် သိမ်းဆည်းထားနိုင်ရန် လုံယီက ပြန်လည်ပေးအပ်ခဲ့ခြင်းပင်။

တစ်ချိန်တည်းမှာပင် လုံယီသည် ဖိန်အန်းရွာ ပတ်ဝန်းကျင်ရှိ မိစ္ဆာများ၏ တည်နေရာနှင့် အင်အားအခြေအနေများကို ဆရာသခင်ရှထံတွင် တိုင်ပင်ဆွေးနွေးခဲ့သည်။

“စုန်းရုံတောအုပ်ထဲက လေနက်ဘုရင်ကတော့ သေသွားပြီဆိုတော့ အခုလောလောဆယ် ထူးထူးခြားခြား သတိထားရမှာမျိုး မရှိတော့ပါဘူး။ ဒါပေမဲ့ ထင်းရှူးဖြူတောအုပ်ထဲမှာတော့ ဝိညာဉ်ကို လောင်ကျွမ်းစေနိုင်တဲ့ မီးလျှံတွေကို မှုတ်ထုတ်နိုင်တဲ့ ငှက်မိစ္ဆာ တစ်ကောင် ရှိတယ်။ အဲ့ဒါကိုတော့ အထူးသတိထားရမယ်။

မိစ္ဆာတွေ အများဆုံးရှိတာကတော့ သစ်ရွက်နီတောအုပ်ပဲ။ အဲ့ဒါက ဝံပုလွေစိမ်းတောင်ကုန်းနဲ့ ဆက်စပ်နေပုံပဲ။ အရင်တုန်းက ငါတို့ကို တိုက်ခိုက်ခဲ့တဲ့ သမင်ဝိညာဉ် ဆိုရင်လည်း အဲ့ဒီကနေ မောင်းထုတ်ခံရတာမျိုး ဖြစ်နိုင်တယ်...”

ဆရာသခင်ရှသည် သူနှစ်ပေါင်းများစွာ စုဆောင်းထားခဲ့သော ဗဟုသုတနှင့် အတွေ့အကြုံများကို အခြေခံ၍ လုံယီအား ဘာတစ်ခုမျှ ဖုံးကွယ်ထားခြင်းမရှိဘဲ အကုန်အစင် ပြောပြသည်။

“အခုလို ပြောပြပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ဆရာသခင်”

“မင်းက ဒါတွေကို ဘာလို့မေးနေရတာလဲ ဒီမိစ္ဆာတွေကို သွားပြီး ပြဿနာရှာဖို့ စဉ်းစားနေတာလား”

ဆရာသခင်ရှက မျက်မှောင်ကြုတ်လျက် အကြံပေးစကား ပြောလိုက်သည်။

“တောရိုင်းမြေဆိုတာ သူတို့ရဲ့ နယ်မြေပဲကွ ကိုင်တွယ်ရတာ တကယ်ကို ခက်ခဲတယ်။ အနည်းငယ် အာရုံလွတ်သွားရုံနဲ့တင် ကြီးမားတဲ့ အမှားမျိုး ဖြစ်သွားနိုင်တယ်။ မြို့ထဲမှာပဲနေပြီး သူတို့ လာနှောင့်ယှက်တဲ့အချိန်မှ ပြန်တိုက်တာက ပိုပြီး စိတ်ချရတဲ့ နည်းလမ်းပဲ”

“ဆရာသခင် ပြောတာ မှန်ပါတယ်။ ကျွန်တော်က အခြေအနေလေး သိရအောင် အပျော်မေးကြည့်တာပါ”

လုံယီက ပြုံး၍ ပြန်ပြောလိုက်သည်။

ထို့နောက် သူသည် ကျောက်နိုင်ငံရှိ အလောင်းထိန်းချုပ်ဂိုဏ်း၏ အခြေအနေကို ဆရာသခင်ရှထံ ထပ်မံစုံစမ်းခဲ့သည်။

“အလောင်းထိန်းချုပ်ဂိုဏ်းအကြောင်းကိုတော့ ငါလည်း အများကြီး မသိဘူး။ သူတို့ရဲ့ မူလအင်အားက အရမ်းတောင့်တင်းခဲ့ပေမဲ့ လွန်ခဲ့တဲ့ နှစ်ပေါင်းရာချီက ဂိုဏ်းတွင်း မငြိမ်မသက်မှုတွေ ဖြစ်ပွားခဲ့လို့ သူတို့ရဲ့ မူလချီစွမ်းအင်တော်တော်လေး ထိခိုက်သွားခဲ့တယ်လို့ပဲ သိရတယ်။

ကျောက်နိုင်ငံက အလောင်းထိန်းချုပ်ဂိုဏ်း၊ ယန်နိုင်ငံက စစ်မှန်သောသွေးဂိုဏ်း၊ ချူနိုင်ငံက နေနီဂိုဏ်းနဲ့ ယွဲ့နိုင်ငံက ချင်းလွမ်းနန်းတော်တို့က တစ်နိုင်ငံနဲ့တစ်နိုင်ငံ အလွန်နီးကပ်လွန်းတာကြောင့် သူတို့အချင်းချင်း ဆက်ဆံရေးက သိပ်မကောင်းဘူး။ အထူးသဖြင့် ကျောက်နိုင်ငံနဲ့ ချူနိုင်ငံဆိုရင် အကြောင်းပြချက်မရှိဘဲ နှစ်ပေါင်းများစွာ စစ်မက်ဖြစ်ပွားနေကြတာ လူသေဆုံးမှုတွေလည်း အများကြီးပဲ...”

“ဒါပေမဲ့ ကံကောင်းတာတစ်ခုက အားလုံးမှာ မိစ္ဆာမျိုးနွယ်စုဆိုတဲ့ တူညီတဲ့ ရန်သူရှိနေကြလို့သာ မတတ်သာဘဲ တပ်ပေါင်းစုတစ်ခုတည်းမှာ ရပ်တည်နေကြတာပဲ...”

ကျင့်ကြံခြင်းလောကထဲတွင် နှစ်ပေါင်းများစွာ ကျင်လည်ခဲ့သော ဆရာသခင်ရှ၏ အတွေ့အကြုံများမှာ အလွန်ပင် ကြွယ်ဝလှသဖြင့် သူ၏ အနည်းငယ်မျှသော ပြောပြချက်များသည်ပင် လုံယီအတွက် များစွာ အကျိုးရှိလှသည်။

“ဆရာသခင် အရင်က ဘယ်ဂိုဏ်းကလဲ”

လုံယီက သိလိုစိတ်ဖြင့် မေးမြန်းလိုက်သည်။

“ငါက ဘယ်ဂိုဏ်းကမှ မဟုတ်ပါဘူး။ ဒီအတိုင်း တစ်ကိုယ်တော်ကျင့်ကြံသူ တစ်ယောက်ပါပဲ”

ဆရာသခင်ရှက ခါးသီးသော အပြုံးဖြင့် ပြောလိုက်သည်။

“အဲ့ဒီတုန်းက ဝိညာဉ်အမြစ် စမ်းသပ်တော့ ငါက အနိမ့်ဆုံးအဆင့် ဖြစ်နေတာလေ။ အိမ်မှာလည်း ဘာနောက်ခံမှ မရှိတော့ ဘယ်ဂိုဏ်းကမှ ငါ့ကို အဖတ်လုပ်ပြီး လက်မခံချင်ကြဘူး”

“ငါ့လိုမျိုး ဂိုဏ်းတစ်ခုခုထဲ မဝင်နိုင်တဲ့သူတွေ ကျင့်ကြံခြင်းလောကမှာ အများကြီးရှိတယ်။ အဲ့ဒီလူတွေကို တစ်ကိုယ်တော်ကျင့်ကြံသူတွေလို့ ခေါ်ကြတာပေါ့”

“တစ်ကိုယ်တော်ကျင့်ကြံသူတွေရဲ့ အင်အားက ယေဘုယျအားဖြင့် ဂိုဏ်းသားတွေနဲ့ မယှဉ်နိုင်ပေမဲ့ ကျင့်ကြံခြင်းလောကထဲမှာ သက်တမ်းရှည်ရှည် ရပ်တည်နိုင်တဲ့သူတွေကိုတော့ ဘယ်တော့မှ လျှော့မတွက်သင့်ဘူး”

“ဒါပေမဲ့လည်း တစ်ကိုယ်တော်ကျင့်ကြံသူတွေအတွက် ရှေ့ဆက်ဖို့ဆိုတာ တကယ်ကို ခက်ခဲပါတယ်။ အများစုက ချီကျင့်ကြံခြင်းအစောပိုင်းနဲ့ အလယ်အလတ်အဆင့်မှာတင် တန့်နေကြတာ။ ချီကျင့်ကြံခြင်း အဆင့်နှောင်းပိုင်းကို ရောက်တဲ့သူဆိုရင်တော့ ဆရာသခင်တစ်ယောက်လို့ သတ်မှတ်နိုင်နေပြီ။ အခြေခံအုတ်မြစ် တည်ဆောက်ခြင်းအဆင့်အထိ ရောက်တဲ့ တစ်ကိုယ်တော်ကျင့်ကြံသူဆိုတာကတော့ အင်မတန်မှ ရှားပါးပါတယ်”

ဆရာသခင်ရှက သူကိုယ်တိုင်မှာလည်း ချီကျင့်ကြံခြင်း အဆင့်နှောင်းပိုင်းသို့ ရောက်ရှိနေသူဖြစ်ကြောင်း လုံယီကို ပွင့်ပွင့်လင်းလင်းပင် ပြောပြခဲ့သည်။

“ဆရာသခင်က ဘာဖြစ်လို့ ဒီရွာလေးမှာပဲ အခြေချနေထိုင်ဖို့ ဆုံးဖြတ်ခဲ့တာလဲခင်ဗျာ”

ယန်နိုင်ငံရှိ အခြေအနေများကို တွေ့ကြုံခဲ့ဖူးသည့် လုံယီအဖို့ ချီကျင့်ကြံခြင်း အဆင့်နှောင်းပိုင်းသို့ ရောက်နေသူတစ်ဦးမှာ မည်သည့်မြို့ကြီးသို့သွားသည်ဖြစ်စေ အလွန်တင့်တယ်စွာ နေထိုင်နိုင်ကြောင်း သိရှိထားသည်။

လုံယီ၏ မေးခွန်းကို ကြားသောအခါ ဆရာသခင်ရှသည် ချက်ချင်း အဖြေမပေးဘဲ တစ်စုံတစ်ခုကို အမှတ်ရနေသည့်အလား ဝေးပေရာသို့ ငေးမောကြည့်နေမိသည်။

ခေတ္တအကြာတွင် သူက ဖြည်းညှင်းစွာ ပြောဆိုလာသည်။

“ဟိုးတုန်းက ငါက မသေမျိုးလမ်းစဉ်ကို လိုက်စားဖို့အတွက် ငါချစ်တဲ့ မိန်းကလေးတစ်

ယောက်ကို စွန့်လွှတ်ခဲ့မိတယ်။ သူမက ဒီဖိန်အန်းရွာမှာပဲ ကြီးပြင်းခဲ့ပြီး ဒီနေရာမှာပဲ မြေမြှုပ်သင်္ဂြိုဟ်ခြင်း ခံခဲ့ရတာ။ ငါစဉ်းစားမိတာကတော့... အသက်ရှင်နေစဉ်မှာ အတူမနေခဲ့ရရင်တောင် သေတဲ့အခါမှာ တစ်မြေတည်းမှာ မြေမြှုပ်ခံရတာလည်း မဆိုးပါဘူးဆိုပြီးတော့ပေါ့...”

ထိုစကားကို ကြားရသောအခါ လုံယီမှာ ဆရာသခင်ရှ၏ ခိုင်မာနက်ရှိုင်းလှသော သံယောဇဉ်အပေါ် အံ့ဩလေးစားမိသွားသည်။

ဆရာသခင်ရှ၏ နေအိမ်မှ ထွက်ခွာပြီးနောက် လုံယီသည် ဖိန်အန်းရွာ၏ အရှေ့ဘက်သို့ ဦးတည်ထွက်ခွာခဲ့သည်။ သူသည် မိစ္ဆာများ၏ တည်နေရာကို စုံစမ်းခဲ့ခြင်းမှာ သူ၏ ကိုယ်ပိုင်

အစီအစဉ်အတွက်ကြောင့်ပင်။

သူသည် အလောင်းထိန်းချုပ်ဂိုဏ်းသို့ ဝင်ရောက်လိုသော်လည်း လက်ရှိ သူ၏ ဝိညာဉ်အမြစ်အဆင့်မှာ အားနည်းလွန်းနေသဖြင့် စိတ်မချရပေ။ ထို့ပြင် ဂိုဏ်းမှ ငြင်းပယ်ခံရနိုင်ခြေမှာလည်း အလွန်ပင် မြင့်မားလှသည်။

ထို့ကြောင့် လုံယီသည် ယင်ဓာတ်ရှိသော မိစ္ဆာများကို ပိုမိုသတ်ဖြတ်ကာ ထိုမှတစ်ဆင့် သူ၏ ဝိညာဉ်အမြစ်အဆင့်ကို အဆင့်မြှင့်တင်ရန် ကြံစည်နေခြင်းပင်။

သူ၏ ပစ်မှတ်မှာ သစ်ရွက်နီတောအုပ် ဖြစ်သည်။ ဆရာသခင်ရှ၏ အဆိုအရ ထိုတောအုပ်ထဲတွင် ယင်ဓာတ်ရှိသော မိစ္ဆာအချို့ ရှိနေပြီး အန္တရာယ်များလှသော်လည်း လုံယီအဖို့ စမ်းသပ်ကြည့်ရန် လိုအပ်သည်။

သစ်ရွက်နီတောအုပ်မှာ ဖိန်အန်းရွာမှ နှစ်မိုင်၊ သုံးမိုင်ခန့် အကွာအဝေးတွင် ရှိပြီး အလွန်ကျယ်ဝန်းလှသည်။ တစ်နှစ်ပတ်လုံး သွေးရောင်ကဲ့သို့ နီမြန်းနေသည့် ထူးဆန်းသော သစ်ပင်များ အမြောက်အမြား ပေါက်ရောက်နေခြင်းကြောင့် ထိုအမည်ရခဲ့ခြင်းပင်။

တောအုပ်အတွင်း၌ မီးခိုးရောင် မြူခိုးများ ဖုံးလွှမ်းနေပြီး ခြေလှမ်းစတင် လှမ်းလိုက်သည်နှင့် တပြိုင်နက် အေးစိမ့်လှသော အငွေ့အသက်များက မျက်နှာကို တိုးဝှေ့လာကြတော့သည်။

“ကိုယ်ယောင်ဖျောက်ခြင်း”

လုံယီသည် သူ၏ ကိုယ်ယောင်ဖျောက်ပါရမီကို ချက်ချင်း အသက်သွင်းလိုက်ရာ သူ၏ အငွေ့အသက်များမှာ ရုတ်ချည်း ငြိမ်သက်သွားပြီး ပတ်ဝန်းကျင်နှင့် တစ်သားတည်း ဖြစ်သွားသည်။ အချိန်ကြာလာသည်နှင့်အမျှ သူသည် သစ်ရွက်နီတောအုပ်၏ အခြေအနေနှင့် ပိုမို ဟန်ချက်ညီလာပြီး အခြားသော မိစ္ဆာများက သူ့ကို ရှာဖွေတွေ့ရှိရန် ပို၍ပင် ခဲယဉ်းသွားတော့သည်။

ခေတ္တမျှ လမ်းလျှောက်ပြီးနောက် ကိုယ်ခံပညာရှင်တစ်ဦး၏ စူးရှလှသော အာရုံငါးပါးကြောင့် သစ်ရွက်နီတောအုပ်၏ ရှုပ်ထွေးလှသော ဂေဟစနစ်ကို သူ သတိပြုမိလာသည်။

တစ်ကိုယ်လုံးတွင် အသားပိုဖုများ ဖုံးလွှမ်းနေပြီး မီးခိုးရောင်အငွေ့များကို အဆက်မပြတ် မှုတ်ထုတ်နေသည့် ဖားပြုတ်ကြီးများမှာ ဆေးလိပ်သောက်နေသည့်အလား ထူးဆန်းနေသလို သူတို့၏ ခန္ဓာကိုယ်မှလည်း ချွဲကျိကျိ အရည်များ အမြောက်အမြား ထွက်ပေါ်နေသည်။ လက်မောင်းခန့် တုတ်ခိုင်သော မြွေစိမ်းကြီးများမှာလည်း လူတစ်ရပ်မက မြင့်သော ငှက်ကြီးများကို တစ်ကောင်လုံး မြိုချရန် ပါးစပ်ကြီးများ ဖြဲထားကြသည်။

ကြည့်ရသည်မှာ ဘာမျှမထူးခြားလှသော မီးခိုးရောင် နွယ်ပင်များက ဆယ်ပေခန့် မြင့်မားသော ဝက်ဝံကြီးတစ်ကောင်ကို ရစ်ပတ်ထားသည်။ နွယ်ပင်ရှိ ဆူးချွန်များသည် ဝက်ဝံ၏ ခန္ဓာကိုယ်အတွင်းသို့ ထိုးဖောက်ဝင်ရောက်ကာ သွေးများကို စုပ်ယူနေသဖြင့် မီးခိုးရောင် နွယ်ပင်များမှာ သွေးရောင်ကဲ့သို့ နီမြန်းလာပြီး ဝက်ဝံကြီးမှာမူ ခဏချင်းမှာပင် ခြောက်ကပ်နေသော အလောင်းတစ်ခု ဖြစ်သွားတော့သည်။

သို့သော် ဤအရာများမှာ လုံယီ၏ ပစ်မှတ်များ မဟုတ်ပေ။ သူသည် မိစ္ဆာများကို သတ်ဖြတ်

ခြင်းဖြင့် သူ၏ ယင်ဓာတ် ဆက်နွှယ်မှုကို အဆင့်မြှင့်တင်လိုခြင်းဖြစ်ရာ အနည်းဆုံးတော့ မိစ္ဆာသတ္တဝါအဆင့်ရှိသည့် အကောင်မျိုးကိုသာ ရှာဖွေနေခြင်းဖြစ်သည်။

မကြာမီမှာပင် သူသည် ရင်းနှီးသော ပုံရိပ်တစ်ခုကို တွေ့လိုက်ရသည်။ သမင်တစ်ကောင်ထက် အဆပေါင်းများစွာ ပိုမိုကြီးမားပြီး ခန္ဓာကိုယ်ပေါ်တွင် ပုပ်အက်နေသော အနာများဖြင့် ပြည့်

နှက်နေသည့် မီးခိုးရောင် အမွေးအမှင်များ ရှိကာ အရေပြားအောက်တွင် အသားပိုဖုများ တလှုပ်လှုပ်ဖြစ်နေကာ သွေးရောင်မျက်လုံးအစုံနှင့် စီတန်းနေသော ကြောက်မက်ဖွယ် သွားများ ရှိသည့် ထိုအကောင်မှာ ဖိန်အန်းရွာကို အရင်က တိုက်ခိုက်ခဲ့သော သမင်ဝိညာဉ်ပင်။

ဤသမင်ဝိညာဉ်မှာ မိစ္ဆာသတ္တဝါအဆင့်သို့ ရောက်ရန် အတော်လိုသေးသည်။ ၎င်းကို သတ်လျှင်လည်း စွမ်းအင်အနည်းငယ်သာ တိုးပွားမည်ဖြစ်သဖြင့် လုံယီမှာ သဘာဝကျကျပင် စိတ်မဝင်စားခဲ့ချေ။

ထိုသမင်ဝိညာဉ်နောက်သို့ လိုက်လာရင်း လုံယီသည် အလားတူအကောင်များကို အများအပြား တွေ့ရှိခဲ့ရပြီး တောအုပ်အနက်ပိုင်းသို့ ရောက်ရှိချိန်တွင်မူ သူ၏ မျက်လုံးများ ဝင်းခနဲ ဖြစ်သွားတော့သည်။

ထိုနေရာတွင် ငါးပေ၊ ခြောက်ပေခန့် ရှည်လျားသော သမင်မိစ္ဆာသို့မဟုတ် သမင်နတ်ဆိုးကြီးတစ်ကောင် လဲလျောင်းနေသည်။ ၎င်း၏ တစ်ကိုယ်လုံးတွင် နီမြန်းသော အသားဖုများဖြင့် ဖုံးလွှမ်းနေပြီး ပင်လယ်အောက်ခြေရှိ သန္တာကျောက်တန်းများကဲ့သို့ အဆက်မပြတ် လှုပ်ရှားနေသည်။ ခန္ဓာကိုယ်မျက်နှာပြင်မှ ကြည်လင်သော ချွဲရည်များမှာ မြေပြင်ပေါ်သို့ အမြဲစီးကျနေပြီး ရေအိုင်ငယ်တစ်ခုပင် ဖြစ်ပေါ်နေတော့သည်။

၎င်း၏ ရင်ဘတ်မှာ အဆက်မပြတ် နိမ့်ချည်မြင့်ချည် ဖြစ်နေပြီး ဟောက်သံမှာ မိုးခြိမ်းသံကဲ့သို့ပင်။ ၎င်း၏ အငွေ့အသက်မှာ အင်မတန် ပြင်းထန်ပြီး မကြာမီ ပေါက်ကွဲတော့မည့် မီးတောင်တစ်ခုကဲ့သို့ ရှိနေသည်။

လုံယီသည် ထိုအကောင်ကြီး၏ ရှေ့သို့ မခန့်မညားပင် လျှောက်လှမ်းသွားခဲ့သော်လည်း အိပ်ပျော်နေသော သမင်နတ်ဆိုးကြီးမှာ ဘာမျှ သတိမပြုမိချေ။ ထို့နောက်တွင်တော့ သူသည် ပုဆိန်ကို မြှောက်လိုက်သည်။

All Chapters