← Chapters

အခန်း (၂၆၅-၂၆၆)

Vol. 27 Ch. 265-266

အခန်း (၂၆၅-၂၆၆)

Vol. 27 Ch. 265-266

အခန်း။ ၂၆၅

“တောင်ဖြိုခွင်းခြင်း”

“နဂါးဖောက်ထွင်းခြင်း”

လုံယီ၏ တစ်ကိုယ်လုံးသည် တောက်ပသော အနီရောင်အလင်းတန်းများအောက်တွင် နစ်မြုပ်သွားပြီး လူသားပုံသဏ္ဌာန် နေမင်းငယ်လေးတစ်စင်းအလား ထင်မှတ်ရသည်။ သူ၏ ကြွက်သားများမှာ အစီအရီ ထောင်ထွက်လာပြီး ကျောပြင်မှာလည်း တင်းနေသော လေးကြိုးတစ်ချောင်းကဲ့သို့ ဖြစ်သွားကာ အရိုးများမှာပင် တကျွတ်ကျွတ် မြည်ဟည်းလာတော့သည်။

မြစ်ရေပြင် လှိုင်းတံပိုးများ တိုးဝှေ့လာသကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသော အားအင်များသည် သူ၏လက်ထဲရှိ ပုဆိန်အတွင်းသို့ အဆက်မပြတ် စီးဝင်သွားပြီးနောက် တစ်ခဏချင်းမှာပင် အကုန်အစင် ပေါက်ကွဲထွက်သွားလေတော့သည်။

သူ၏ အခြေခံခွန်အားမှာ ယခုအခါ ပိဿာပေါင်း သုံးသောင်းခြောက်ထောင်ရှိနေပြီး နဂါးဖောက်ထွင်းခြင်း၏ နှစ်ဆတိုးအာနိသင်နှင့် ပေါင်းစပ်လိုက်သောအခါ တစ်ခဏချင်းမှာပင် ပိဿာပေါင်း ခုနစ်သောင်းကျော်အထိ ရောက်ရှိသွားခဲ့သည်။

ဘုန်း….

ပုဆိန်သွားရှိရာ၌ သိသာထင်ရှားသော အဖြူရောင် လေဖိအားလှိုင်းများ စုစည်းလာပြီး ၎င်း၏ စူးရှသော အသံမှာ ဝိညာဉ်တစ်ကောင် အော်ဟစ်ငိုကြွေးနေသကဲ့သို့ပင်။ ထိုကဲ့သို့သော လှုပ်ခတ်မှုကြောင့် အိပ်ပျော်နေသော သမင်နတ်ဆိုးကြီးမှာ ထိတ်လန့်တကြား နိုးလာခဲ့သည်။ သို့သော် ၎င်းက မျက်လုံးဖွင့်လိုက်သည်နှင့် တပြိုင်နက် အေးစက်သော အလင်းတန်းတစ်ခု မျက်စိရှေ့၌ လက်ခနဲဖြစ်သွားပြီးနောက် လည်ပင်းတွင် အေးစိမ့်မှုကို ခံစားလိုက်ရတော့သည်။

ဖူး….

ကြိတ်ဆုံခဲတစ်ခုစာခန့် ကြီးမားသော ဦးခေါင်းကြီးမှာ လွင့်ထွက်သွားပြီး သွေးများမှာ နေရာအနှံ့သို့ ပန်းထွက်သွားသည်။ အခြားသော သမင်ဝိညာဉ်များနှင့် သမင်မိစ္ဆာများ ဝိုင်းရံလာချိန်တွင်မူ လုံယီမှာ ထိုနေရာမှ ပျောက်ကွယ်သွားခဲ့သည်မှာ ကြာပြီဖြစ်သည်။

သူသည် စွမ်းဆောင်ရည်ပြကွက်ပေါ်ရှိ အသိပေးချက်ကို စစ်ဆေးကြည့်လိုက်ရာ…

[စုဆောင်းရန် ပစ္စည်းတစ်ခု တွေ့ရှိရသည်။ အောက်ပါတို့မှ တစ်ခုကို ရွေးချယ်ပါ။

၁။ စွမ်းအင် - ၄၆ မှတ်

၂။ ယင်ဓာတ် ဆက်နွှယ်မှု အနည်းငယ် မြှင့်တင်ခြင်း

၃။ ကိုက်ခဲခြင်း စွမ်းရည် အနည်းငယ် မြှင့်တင်ခြင်း

ရွေးချယ်လိုပါသလား]

တတိယမြောက် ရွေးချယ်မှုကို မြင်လိုက်ရသောအခါ လုံယီမှာ မျက်နှာရှုံ့မဲ့သွားရတော့သည်။

ဒါက ဘာကြီးလဲ။ တိုက်ပွဲတွေကျရင် ငါက တခြားလူတွေကို လိုက်ကိုက်နေရမှာလား။

သူသည် ဒုတိယမြောက် ရွေးချယ်မှုကိုသာ ပြတ်ပြတ်သားသား ရွေးချယ်လိုက်သည်။ မကြာမီမှာပင် စိတ်အစဉ်၌ လန်းဆန်းသွားသော ခံစားမှုတစ်ခု ဖြတ်သန်းသွားသည်။ အပြင်ပန်းအားဖြင့် မည်သည့်ပြောင်းလဲမှုမျှ မမြင်ရသော်လည်း သူ၏ ယင်ဝိညာဉ်အမြစ်မှာ သိသိသာသာ သန်မာလာကြောင်း လုံယီ သိရှိလိုက်သည်။

သမင်နတ်ဆိုးကို သတ်ဖြတ်ပြီးနောက် သူသည် သစ်ရွက်နီတောအုပ်အတွင်း ဆက်လက်လှည့်လည်နေခဲ့သည်။ မကြာမီမှာပင် သမင်နတ်ဆိုးနှင့် အရွယ်အစားချင်းတူသော ငှက်မိစ္ဆာတစ်ကောင်ကို တစ်ချက်တည်းဖြင့် အပြတ်ရှင်းနိုင်ခဲ့ပြန်သည်။ သူ၏ ယင်ဓာတ်ဆက်နွှယ်မှုမှာလည်း နောက်ထပ် အဆင့်မြှင့်တင်မှုတစ်ခုကို ရရှိခဲ့သည်။

ကိုယ်ယောင်ဖျောက်ပါရမီမှာ အမှန်တကယ်ပင် ခိုးကြောင်ခိုးဝှက် တိုက်ခိုက်ရန်အတွက် နတ်ပေးသည့် လက်နက်တစ်ခုကဲ့သို့ပင်။ သာမန်လူများအတွက် သစ်ရွက်နီတောအုပ်မှာ အင်မတန် အန္တရာယ်များပြီး တားမြစ်နယ်မြေတစ်ခုကဲ့သို့ ဖြစ်နေသော်လည်း လုံယီအတွက်မူ စိတ်ကြိုက်လှည့်လည်ကာ မိစ္ဆာများ၏ အသက်ကို ရိတ်သိမ်းနိုင်သည့် သူ၏ အိမ်နောက်ဖေးကဲ့သို့ပင်။

နောက်ရက်များတွင် လုံယီသည် နေ့စဉ် နံနက်စောစော၌ သစ်ရွက်နီတောအုပ်သို့သွားကာ ညနေစောင်းတွင် ပြန်လာလေ့ရှိပြီး နေ့တိုင်းလိုလို အကျိုးအမြတ်များ ရရှိခဲ့သည်။ နွားမိစ္ဆာ တစ်ကောင်၏ ခန္ဓာကိုယ်ထဲမှဆိုလျှင် လိုင်ချီးသီးအရွယ်ခန့်ရှိပြီး ထူးခြားသော ရနံ့သင်းသင်းလေး ထွက်ပေါ်နေသည့် ကျောက်တုံးဝါလေးတစ်တုံးကိုပင် ရရှိခဲ့သေးသည်။

ဆရာသခင်ရှက ထိုကျောက်တုံးမှာ အလွန်တန်ဖိုးရှိကြောင်းနှင့် သေချာသိမ်းဆည်းထားရန် သူ့ကို အကြံပေးခဲ့သည်။

လုံယီ သတ်ဖြတ်ခဲ့သည့် မိစ္ဆာအရေအတွက်မှာ များပြားလွန်း၍ ဖြစ်စေ သစ်ရွက်နီတောအုပ်အတွင်းရှိ အခြားသော မိစ္ဆာများက အန္တရာယ်ကို ကောင်းစွာ အာရုံခံမိ၍ဖြစ်စေ ငါးရက်၊ ခြောက်ရက်ခန့် ကြာပြီးနောက်တွင် မိစ္ဆာများကို တွေ့ရန် ခဲယဉ်းသွားခဲ့သည်။ စုန်းရုံတောအုပ်နှင့် ထင်းရှူးဖြူတောအုပ်ကဲ့သို့သော အခြားနေရာများတွင်လည်း ယင်ဓာတ်ရှိသော မိစ္ဆာများမှာ ရှားပါးလှရာ လုံယီသည် ရက်အတော်ကြာ ရှာဖွေခဲ့သော်လည်း တစ်ကောင်မျှ မတွေ့ရှိခဲ့ပေ။

ဒီလောက်ဆိုရင်တော့ လုံလောက်ပါပြီ။ ဘာပဲဖြစ်ဖြစ် ယင်ဓာတ်ဆက်နွှယ်မှုကို စုစုပေါင်း တစ်ဆယ့်တစ်ကြိမ်၊ တစ်ဆယ့်နှစ်ကြိမ်လောက် မြှင့်တင်ပြီးပြီပဲ။

လုံယီက တွေးတောလိုက်သည်။

သူသည် မဆိုင်းမတွပင် ဖိန်အန်းရွာသို့ ပြန်လာခဲ့သည်။ ဝမ်ကျန်းဂိုဏ်းဝင်များကို စုဝေးစေပြီး သူသည် မသေမျိုးလမ်းစဉ်ကို ရှာဖွေရန် ကျောက်နိုင်ငံသို့ ခရီးထွက်တော့မည့်အကြောင်း အသိပေးလိုက်သည်။ လုံယီ ကျင့်ကြံခြင်းခရီးလမ်းကို စတင်တော့မည်ဟု ကြားသိရသောအခါ အားလုံးက ဝမ်းသာဂုဏ်ယူကြသလို တစ်ဖက်ကလည်း သူ့အတွက် စိုးရိမ်ပူပန်နေကြသည်။

“အစ်ကိုကြီးယီ... လမ်းခရီးမှာ ဂရုစိုက်ပါဦး”

လျူယွမ်က လက်သီးဆုပ်ကာ နှုတ်ဆက်လိုက်သည်။

"မသေမျိုးလမ်းစဉ်ဆိုတာ ဘေးအန္တရာယ်တွေနဲ့ ပြည့်နှက်နေမှာ အသေအချာပဲ။ ဘယ်လိုအခြေအနေမျိုးမှာမဆို ကိုယ့်ကိုယ်ကိုယ် အကာအကွယ်ပေးဖို့ မမေ့နဲ့ဦး"

အဘိုးအိုရှီက အကြံပေးစကား ပြောလိုက်သည်။

"အာယီ... ငါ့မင်္ဂလာဆောင်ကို ပြန်လာဖို့ မမေ့နဲ့ဦးနော်။ နောက်နှစ်နှစ်အတွင်းမှာပဲ လုပ်ဖြစ်မှာ"

ကျန်းဝေတက ပြောလိုက်ရာ ဘေးနားရှိ ရွှီယွင်က ရှက်ကိုးရှက်ကန်းဖြင့် သူ၏လက်မောင်းကို ဆိတ်လိုက်သည်။

ရွှီယွင်သည် ကျန်းဝေတအတွက်နှင့် မိသားစုကို စွန့်ခွာကာ ဝေးပေလှသော ခရီးကို လိုက်ပါလာခဲ့သူဖြစ်သည်။ ဤသည်မှာ သာမန်စွန့်လွှတ်မှုမျိုး မဟုတ်သဖြင့် ကျန်းဝေတကလည်း သူမအတွက် ကြီးကျယ်ခမ်းနားသော မင်္ဂလာပွဲတစ်ခု ကျင်းပပေးရန် စီစဉ်ထားခြင်းပင်။

"ဘာလို့ ဒီလောက်တောင် ဝမ်းနည်းပက်လက် ဖြစ်နေကြတာလဲ။ ငါက မသေမျိုးလမ်းစဉ်ကို သွားရှာမှာပါ။ ဒုက္ခသွားရှာမှာမှ မဟုတ်တာ"

လုံယီက ရယ်မောရင်း ပြောလိုက်သည်။

"ပြီးတော့ ကျောက်နိုင်ငံဆိုတာ ဘေးနားတင်ပဲလေ သိပ်မဝေးပါဘူး။ ငါ အချိန်မရွေး ပြန်လာလို့ ရပါတယ်"

လောလောဆယ်တွင် သူသည် ဝမ်ကျန်းသို့ မပြန်နိုင်သေးသော်လည်း ဖိန်အန်းရွာတွင် သူ၏ မိတ်ဆွေများနှင့် လူကြီးသူမများ ရှိနေသဖြင့် ဤနေရာသည် သူ၏ ခိုင်မာသော အခြေစိုကစခန်းတစ်ခုပင်။

နှုတ်ဆက်စကားများ ပြောကြားပြီးနောက် လုံယီသည် သူ၏ အထုပ်အပိုးများကို ပြင်ဆင်ကာ နောက်ဆုံးတွင် ကျောက်နိုင်ငံသို့ ဦးတည်သည့် ခရီးလမ်းကို စတင်ခဲ့တော့သည်။

'ကျင့်ကြံခြင်းလောကရေ... ငါလာပြီ'

သူ စိတ်ထဲမှ ရေရွတ်လိုက်မိသည်။

...

ကျောက်နိုင်ငံသည် ဖိန်အန်းရွာ၏ အရှေ့ဘက်၊ ယန်နိုင်ငံနှင့် ဆန့်ကျင်ဘက်အရပ်တွင် တည်ရှိပြီး အနီးဆုံးမြို့မှာ မိုင်တစ်ရာခန့် ဝေးကွာသည်။ လုံယီသည် မြင်းမစီးဘဲ ခြေလျင်ခရီးဖြင့်သာ သွားလာခဲ့သော်လည်း သူ၏ အရှိန်နှင့် ကြံ့ခိုင်မှုမှာ အကောင်းဆုံး မြင်းများကိုပင် ကျော်လွန်နေပြီဖြစ်သည်။ ထို့ပြင် လမ်းခရီးတစ်လျှောက်၌ မိစ္ဆာများကို သတ်ဖြတ်ကာ စွမ်းအင်များ စုဆောင်းနိုင်သဖြင့် သူသည် ခရီးကို အလောတကြီး မသွားခဲ့ချေ။

သို့သော် ကျောက်နိုင်ငံနှင့် နီးကပ်လာသည်နှင့်အမျှ မိစ္ဆာများနှင့် ဝိညာဉ်များ အရေအတွက်မှာ နည်းပါးသွားကြောင်း လုံယီ သတိပြုမိသည်။ ဤသည်မှာ ယန်နိုင်ငံ ပတ်ဝန်းကျင်ထက် ပိုမိုဘေးကင်းလုံခြုံသည့် သဘောပင်။

သုံးရက်ခန့် ကြာပြီးနောက် လုံယီသည် ကျောက်နိုင်ငံအတွင်းရှိ ဖိန်အန်းရွာနှင့် အနီးဆုံး မြို့ကြီးဖြစ်သော ယိမြို့သို့ ရောက်ရှိလာခဲ့သည်။ မြို့ရိုး၏ အမြင့်မှာ အတောင်နှစ်ဆယ်၊ သုံးဆယ်ခန့်သာ ရှိသည်။ စစ်သည် တစ်ဒါဇင်ခန့်မှာ အတန်းနှစ်တန်းခွဲကာ ပျင်းရိစွာ ရပ်နေကြပြီး လမ်းသွားလမ်းလာများကို အေးအေးလူလူ ကြည့်ရှုနေကြသည်။

သူတို့ ဤမျှ စိတ်အေးလက်အေး ရှိနေရခြင်းမှာ ယန်နိုင်ငံရှိ လင်မြို့ကဲ့သို့ပင် မြို့တံခါးဝရှေ့ မြေပြင်ပေါ်၌ အစီအရင်အတားအဆီးတစ်ခုကို ထွင်းထုထားခြင်းကြောင့်ပင်။ ယခုတစ်ခေါက် ဖိန်အန်းရွာတွင် ရှိနေစဉ်က လုံယီသည် ဆရာသခင်ရှထံတွင် ဤအစီအရင်အတားအဆီး၏ လုပ်ဆောင်ပုံကို စုံစမ်းခဲ့ဖူးသည်။

ဆရာသခင်ရှ၏ အဆိုအရ ဤအစီအရင်၏ အဓိက ရည်ရွယ်ချက်မှာ အစွမ်းထက်သည့် မိစ္ဆာကြီးများလူယောင်ဆောင်ကာ မြို့ထဲသို့ ခိုးဝင်လာခြင်းကို တားဆီးရန်ဖြစ်သည်။ ထိုမိစ္ဆာကြီးများသည် လူသားများထဲမှ ရွှေအမြုတေအဆင့်ပညာရှင်များနှင့် အစွမ်းချင်း တူညီကြပြီး ကြောက်မက်ဖွယ်ကောင်းသော ဖျက်ဆီးအားများ ရှိကြသည်။

သူတို့အဖို့ မြို့တစ်မြို့လုံးကို တစ်ကိုယ်တည်းဖြင့် ဖျက်ဆီးပစ်ရန်မှာ ပုံပြောနေခြင်း မဟုတ်ဘဲ သမိုင်းတစ်လျှောက်တွင်လည်း အမှန်တကယ် ဖြစ်ပွားခဲ့ဖူးသည်။ ဤအစီအရင်အတားအဆီးသည် မိစ္ဆာကြီးများကို ခွဲခြားရန်အတွက်သာဖြစ်ပြီး သာမန်လူသားများအပေါ်တွင်မူ မည်သည့်သက်ရောက်မှုမျှ မရှိချေ။

လုံယီသည် အစီအရင်အတားအဆီးပေါ်သို့ လှမ်းနင်းလိုက်စဉ် ခြေဖဝါးမှသည် ဦးခေါင်းထိပ်အထိ အေးစိမ့်သော အာရုံတစ်ခု ဖြတ်သန်းသွားသည်မှအပ အခြားထူးခြားမှု မရှိခဲ့ပေ။

ကျောက်နိုင်ငံ၊ ယိမြို့ရှိ မြို့သူမြို့သား အများစုမှာ ကိုယ်ခံပညာ လေ့ကျင့်ထားခြင်းမရှိသော သာမန်လူတန်းစားများ ဖြစ်ကြပြီး ယန်နိုင်ငံ၏ ကိုယ်ခံပညာ ထွန်းကားသော အငွေ့အသက်နှင့် သိသိသာသာ ကွာခြားလှသည်။ လမ်းမများပေါ်တွင် မုန့်မျိုးစုံ ရောင်းချနေသော ဈေးသည်များ၊ နှမ်းကပ်မုန့်များနှင့် သကြားလုံးရောင်စုံများဖြင့် စည်ကားလျက်ရှိရာ လုံယီ့အနေဖြင့် ဝမ်ကျန်းခရိုင်သို့ ပြန်ရောက်သွားသကဲ့သို့ပင် ခံစားလိုက်ရသည်။

ရုတ်တရက် လုံယီ၏ မျက်လုံးများ ကျဉ်းမြောင်းသွားခဲ့သည်။

သူ၏ရှေ့ ဆယ်ပေခန့်အကွာတွင် နားထင်၌ ဆံပင်ဖြူအနည်းငယ် သန်းနေပြီး မီးခိုးရောင်ဝတ်စုံ ဆင်မြန်းထားသော ပိန်ပိန်ပါးပါး အမျိုးသားတစ်ဦးသည် သူ့ထက်ပင် ထွားကျိုင်းပုံရသည့် လူငယ်တစ်ဦးကို ခက်ခဲစွာ ပိုးလာသည်ကို တွေ့လိုက်ရသည်။ ထိုလူငယ်မှာ အဖြူရောင် လင်နင်အင်္ကျီနှင့် ဘောင်းဘီကို ဝတ်ဆင်ထားပြီး ခြေဗလာဖြင့် မျက်လုံးများ မှိတ်လျက် ငြိမ်သက်နေသည်။

ဒါက အလောင်းကြီးဟ…

အဖြူရောင်ဝတ်ထားသော လူငယ်တွင် မည်သည့် အသက်လက္ခဏာမျှ မရှိတော့ဘဲ သေဆုံးနေပြီဖြစ်ကြောင်း လုံယီ ချက်ချင်း အာရုံခံမိလိုက်သည်။ သို့သော် အလောင်းပိုးလာသော အမျိုးသားကို ပတ်ဝန်းကျင်ရှိ လူများက အံ့ဩခြင်းမရှိသလို ရှောင်ဖယ်သွားခြင်းလည်း မပြုကြချေ။

သူတို့ သတိမထားမိတာလား ဒါမှမဟုတ်...

လုံယီသည် နားမလည်နိုင်ဖြစ်နေစဉ်မှာပင် ရှေ့သို့ အနည်းငယ် ဆက်လျှောက်သွားရာ ထိုကဲ့သို့သော မြင်ကွင်းမျိုးကို အလားတူပင် ထပ်မံတွေ့ရှိခဲ့ရပြန်သည်။ လမ်းမပေါ်တွင် အလောင်းများကို ပိုးလာကြသူများမှာ အသက် ၃၀ မှ ၆၀ ကြား အမျိုးသားများဖြစ်ကြပြီး မျက်နှာများမှာ ညှိုးငယ်ကာ တောင့်တင်းနေကြသည်။

အလောင်းများမှာမူ အသက် ၃၀ အောက် လူငယ်များဖြစ်ကြပြီး အားလုံးမှာ အဖြူရောင် ဝတ်ဆင်ထားကြသည်။ အမျိုးသားအလောင်းများမှာ ခြေဗလာဖြစ်ပြီး အမျိုးသမီးအလောင်းများမှာမူ ဖိနပ်စီးထားကြသည်။ လုံယီသည် ထိုအလောင်းများအနီးသို့ ချဉ်းကပ်ကြည့်ရာ စွမ်းဆောင်ရည်ပြကွက်မှ မည်သည့် အသိပေးချက်မျှ မတက်လာသဖြင့် သူတို့မှာ သဘာဝအတိုင်း သေဆုံးခဲ့ကြခြင်းဖြစ်ကြောင်း သိလိုက်ရသည်။

“ပေါက်စီ ပူပူနွေးနွေးလေးတွေ ရမယ် နှမ်းကပ်ပေါက်စီ တစ်လုံး သုံးပြား၊ အသားပေါက်စီ တစ်လုံး ၁၂ ပြားပဲ”

အနီးအနားရှိ အလတ်ပိုင်းအရွယ် ပေါက်စီဈေးသည်တစ်ဦးက တက်ကြွစွာ အော်ဟစ်ရောင်းချနေသည်။

“ဦးလေး... အသားပေါက်စီ ရှစ်လုံး ပေးပါ”

ထိုသို့ပြောကာ လုံယီက ငွေစအနည်းငယ် ကမ်းပေးလိုက်သည်။

ပုခုံးပေါ်တွင် ဖုန်မှုန့်များပေနေသော ပုဆိုးစကို တင်ထားသည့် ဈေးသည်မှာ ငွေစကို မြင်သည်နှင့် ပြုံးရွှင်သွားကာ “ချက်ချင်း ရစေရမယ် ဆရာ၊ ခဏလေး စောင့်ပါဦး” ဟု ပြောလိုက်သည်။ သူသည် သစ်သားညှပ်တစ်ခုဖြင့် သံဒယ်အိုးပေါ်မှ ပေါက်စီများကို ကျွမ်းကျင်စွာ ညှပ်ယူပြီး ဆီစိမ်စက္ကူထဲသို့ ထည့်ပေးလိုက်သည်။

“ဆရာ... ပူတယ်နော် သတိထားစားပါ”

လုံယီသည် ရွှေဝါရောင်သန်းနေသော ပေါက်စီတစ်လုံးကို ယူ၍ မဆိုင်းမတွပင် ကိုက်လိုက်သည်။ အပြင်သားမှာ ကြွပ်ရွနေပြီး အထဲမှ ငန်ကျိကျိအရသာမှာ လျှာပေါ်သို့ လျင်မြန်စွာ ပျံ့နှံ့သွားသည်။

“ဦးလေး... တစ်ခုလောက် မေးပါရစေ။ ဟိုမှာ လူပိုးလာတဲ့သူက လူအရှင်ကို ပိုးလာတာလား တစ်ခုခု ထူးဆန်းနေသလိုပဲ” ဟု အနီးအနားမှ အလောင်းပိုးလာသူကို ညွှန်ပြ၍ လုံယီက မေးမြန်းလိုက်သည်။

“အာ... ဆရာက ဒီအရပ်က မဟုတ်ဘူး ထင်တယ်။ သူတို့က အလောင်းပို့သမားတွေလေ။ ဒီမှာတော့ ဒါတွေက ရိုးနေပါပြီ”

ပေါက်စီဈေးသည်က ရယ်မောရင်း ပြောသည်။

“သူတို့က မြို့အနှံ့က အလောင်းတွေကို လိုက်စုပြီး မြို့မြောက်ဘက်က အလောင်းဂေဟာဆီကို သွားပို့ပြီး ကံစမ်းကြတာပေါ့။ အဲ့ဒီ အလောင်းဂေဟာကသာ အလောင်းကို လက်ခံလိုက်ရင် ငွေအများကြီး ရတာကိုး”

အခန်း။ ၂၆၆

“ဒါပေမဲ့ ဒီအလုပ်က ပင်ပန်းရုံတင်မကဘူး။ အန္တရာယ်လည်း ရှိသေးတယ်။ ကိုယ့်ရဲ့ အကဲဖြတ်နိုင်စွမ်းကို တကယ့်ကို စမ်းသပ်တာပဲ။ အလောင်းဂေဟာက အဲ့ဒီအလောင်းကို မယူဘူးဆိုရင်တော့ ပို့တဲ့သူခမျာ အရင်းပြုတ်ပြီသာမှတ်တော့”

“အလောင်းပို့သမား အလောင်းဂေဟာ”

လုံယီသည် ပေါက်စီဈေးသည်ထံမှ ဆက်လက်စုံစမ်းနေမိသည်။

လုံယီသည် ငွေဆယ်ပြားဖိုးအထိ အားပေးထားသည့် အရေးကြီးဖောက်သည်ဖြစ်သဖြင့် ဈေးသည်ကလည်း စိတ်ရှည်လက်ရှည်ပင် ရှင်းပြသည်။

ကျောက်နိုင်ငံရှိ အလောင်းထိန်းချုပ်ဂိုဏ်းသည် မြို့တိုင်းတွင် အလောင်းဂေဟာများ ဖွင့်လှစ်ထားပြီး အလောင်းများကို ဈေးကြီးပေး၍ ဝယ်ယူလေ့ရှိသည်။ ထိုအချက်ကြောင့်ပင် အလောင်းပို့သမားဆိုသည့် အသက်မွေးဝမ်းကျောင်းလုပ်ငန်း တစ်ခု ပေါ်ပေါက်လာခြင်းဖြစ်သည်။

သို့သော် အလောင်းဂေဟာသည် မည်သည့်အလောင်းကိုမဆို လက်ခံသည်မဟုတ်ဘဲ သတ်မှတ်ချက် သုံးခုနှင့် ပြည့်စုံရမည်ဖြစ်သည်။

[၁။ အသက် (၃၅) နှစ်အောက် ဖြစ်ရမည်။

၂။ ခြေလက်အင်္ဂါ အစုံအလင်ရှိရမည်။

၃။ သေဆုံးချိန်တွင် ငြိုးတေးနာကြည်းမှုလုံးဝမရှိဘဲ သဘာဝအတိုင်း သေဆုံးသူဖြစ်ရမည်။]

ထို့ပြင် အလောင်းများကို သယ်ဆောင်ရာ၌ သစ်သား၊ ရေ၊ ဆီ၊ ရွှေ သို့မဟုတ် သံထည်ပစ္စည်းများနှင့် မထိတွေ့ရဟူသော စည်းကမ်းချက်ရှိသဖြင့် လှည်းများ အသုံးမပြုဘဲ လူကိုယ်တိုင်သာ ပိုး၍ သယ်ဆောင်ကြရသည်။

ဤအချက်များကို ကြားလိုက်ရသောအခါ လုံယီ သဘောပေါက်သွားသည်။ အထူးသဖြင့် ငြိုးတေးနာကြည်းမှု မရှိစေရဘူးဟူသော အချက်မှာ အရေးကြီးဆုံးဖြစ်ပေလိမ့်မည်။ မဟုတ်လျှင် ကျောက်နိုင်ငံရှိ လူများမှာ အမြဲတမ်း ကြောက်လန့်တကြား နေထိုင်ကြရပေမည်။

“သေဆုံးသူရဲ့ မိသားစုဝင်တွေက ဘာလို့ အလောင်းဂေဟာကို တိုက်ရိုက်မရောင်းဘဲ ဒီလို အလောင်းပို့သမားတွေဆီကတစ်ဆင့် ရောင်းနေကြတာလဲ”

လုံယီက မေးမြန်းလိုက်သည်။

“ကျွန်တော် ငယ်ငယ်ကလည်း အဘိုးကို အဲ့ဒီအတိုင်း မေးဖူးတယ်။ အဘိုးကလည်း အဘွားကို မေးကြည့်တော့... ဒါက မသေမျိုးဂိုဏ်းရဲ့ ရှေးရိုးစဉ်လာ စည်းကမ်းတစ်ခုပဲတဲ့။ ကံတရားတွေ၊ ဝဋ်ကြွေးတွေနဲ့ မငြိတွယ်ချင်လို့လို့ ပြောတာပဲ။ ဒါကြောင့် သေဆုံးသူရဲ့ မိသားစုဝင်တွေနဲ့ တိုက်ရိုက်မထိတွေ့ဘဲ တခြားလူတစ်ယောက်ကတစ်ဆင့် ကိုင်တွယ်ခိုင်းတာပေါ့...”

ပေါက်စီဈေးသည်က လျှို့ဝှက်ဆန်းကြယ်သော လေသံဖြင့် ပြောလိုက်သည်။

ကံတရားတွေ ရှောင်တာ မဟုတ်ပါဘူး။ ပြဿနာတွေကို ရှောင်တာနေမှာပါ။ ကြားထဲမှာ လူတစ်ယောက် ခံထားတော့ ဘယ်သူကမှ သူတို့ကို တိုက်ရိုက် လာအပြစ်တင်လို့ မရတော့ဘူးလေ။

လုံယီက တွေးတောလိုက်သည်။

“ဒီမြို့မှာ မသေမျိုးလမ်းစဉ် ရှာဖွေရေးခန်းမရှိလား”

“မရှိဘူး ဆရာ ဒီမှာတော့ အလောင်းဂေဟာပဲ ရှိတယ်။ ဒါပေမဲ့ အဲ့ဒီမှာလည်း အလောင်းထိန်းချုပ်ဂိုဏ်းက မသေမျိုးဆရာသခင်တွေ ရှိတာပါပဲ”

ထိုသို့ပြောကာ ဈေးသည်က အနားသို့ တိုးတိုးလေး ကပ်ပြောလိုက်သည်။

“တစ်ခုခု လိုချင်တယ်ဆိုရင်တော့... အဲ့ဒီက ဆရာသခင်က ငွေကြေးဓနကို အတော်လေး မက်မောတယ်လို့ ကြားဖူးတယ်ဗျ”

“အခုလို ပြောပြပေးတာ ကျေးဇူးတင်ပါတယ် ဦးလေး”

လုံယီ၏ မျက်လုံးများမှာ ဝင်းခနဲ ဖြစ်သွားသည်။ ဤသတင်းအချက်အလက်မှာ သူ၏ ခရီးလမ်းအတွက် အလွန်ပင် တန်ဖိုးရှိသည်။

လုံယီသည် ပေါက်စီဈေးသည် ညွှန်ပြသောလမ်းအတိုင်း အလောင်းဂေဟာတည်ရှိရာနေရာသို့ တည့်တည့်မတ်မတ် ဦးတည်ကာ ထွက်ခွာလာခဲ့သည်။

အလောင်းဂေဟာရှိရာအရပ်မှာ အတော်ပင် လူသူပြတ်လပ်ပြီး လမ်းကြားပေါင်းများစွာကို ဖြတ်ကျော်ရသည်။ လမ်းတစ်လျှောက်တွင် သာမန်လမ်းသွားလမ်းလာများ နည်းပါးသွားပြီး အလောင်းပို့သမားများသာ ပိုမိုများပြားလာသည်။ မကြာမီမှာပင် လုံယီသည် အမိုးစွန်းများအထက်သို့ ကော့တက်နေသော အဆောက်အအုံတစ်ခုကို တွေ့လိုက်ရပြီး ၎င်း၏ အနက်ရောင်ဆိုင်းဘုတ်ပေါ်တွင် အလောင်းဂေဟာဟူသော စာလုံးကြီးများကို ထင်ရှားစွာ တွေ့မြင်လိုက်ရသည်။

ဂေဟာ၏အဝင်ဝတွင် မီးခိုးရောင်ဝတ်စုံဝတ်ထားပြီး အနည်းငယ် ဝဖြိုးကာ အသက် ၃၀ ကျော်အရွယ်ရှိသော တာအိုဘုန်းကြီးတစ်ပါး ရပ်နေသည်။ သူသည် ဆံပင်ကို တာအိုထုံးအတိုင်း ထုံးထားသော်လည်း ဖြူဖျော့သောမျက်နှာနှင့် ခရမ်းရောင်သန်းနေသော နှုတ်ခမ်းများကြောင့် အနည်းငယ် ကြောက်မက်ဖွယ်ကောင်းသော အငွေ့အသက်ကို ပေးစွမ်းနေသည်။

သူ၏ရှေ့တွင် အလောင်းပို့သမားများသည် တစ်ဦးပြီးတစ်ဦး စနစ်တကျ တန်းစီနေကြသည်။ တန်းစီနေသူများထဲမှ ပထမဆုံးဖြစ်သော ပိန်ပိန်ပါးပါး အဘိုးအိုတစ်ဦးသည် သူပိုးလာသော အလောင်းကို ထိုဝဖြိုးသော တာအိုဘုန်းကြီးရှေ့ရှိ ဝါးဖျာပေါ်သို့ အသာအယာ ချထားလိုက်သည်။ ထိုအလောင်းမှာ အသက် ၂၀ ကျော်အရွယ် ထွားကျိုင်းသန်မာသော လူငယ်တစ်ဦး၏ အလောင်းဖြစ်သည်။

ဝဖြိုးသော တာအိုဘုန်းကြီးသည် သူ၏လက်ထဲတွင်ရှိသော အနက်ရောင် ခေါင်းလောင်းလေးကို ကိုင်၍ လူငယ်၏ဦးခေါင်းပေါ်တွင် ဝှေ့ယမ်းကြည့်လိုက်သည်။ ထို့နောက် သူက ခေါင်းခါလိုက်ပြီး

“ဒီအရည်အသွေးက မကောင်းဘူး။ ပြီးခဲ့တဲ့တစ်ခေါက်ကထက် အများကြီး ညံ့တယ်”

ထိုစကားကို ကြားလိုက်ရသောအခါ အဘိုးအို၏မျက်နှာမှာ ညှိုးငယ်သွားပြီး အလောင်းကို ပြန်လည်ပိုး၍ အခြားလမ်းတစ်ခုသို့ ထွက်ခွာသွားတော့သည်။

သူ့နောက်တွင်ရှိသော အခြားတစ်ဦးက အလောင်းကို ချပြလိုက်ရာ ထိုအလောင်းမှာ ဖြူဖွေးသောသွားများနှင့် ပန်းရောင်သန်းနေသော ပါးပြင်ရှိသည့် သွယ်လျသော လူငယ်တစ်ဦး၏ အလောင်းဖြစ်နေသည်။ ခေါင်းလောင်းလေးသည် ထိုလူငယ်၏ဦးခေါင်းပေါ်အရောက်တွင် ချွင်... ချွင်...ဟူသော ကြည်လင်သည့်အသံလေး ထွက်ပေါ်လာရာ ဝဖြိုးသော တာအိုဘုန်းကြီး၏မျက်နှာတွင် ကျေနပ်သည့်အမူအရာ ပေါ်လာတော့သည်။

သူသည် ကိုယ်ကိုကိုင်း၍ အလောင်း၏ မျက်တောင်များကို မကြည့်ကာ စစ်ဆေးသည်။ ထို့နောက် ပါးစပ်ကို ဟခိုင်းကာ တစ်ကိုယ်လုံးတွင် ဒဏ်ရာကြီးကြီးမားမား သို့မဟုတ် ချို့ယွင်းချက် ရှိမရှိ သေချာစွာ စစ်ဆေးလိုက်သည်။ နောက်ဆုံးတွင် သူက ခေါင်းညိတ်ပြပြီး

“ဒါကတော့ ကောင်းတယ်။ ငွေ ၃ ကျပ်ပေးမယ်”

အလောင်းပို့သမားသည် တာအိုဘုန်းကြီး၏ အသိအမှတ်ပြုမှုကို ကြားရသဖြင့် ပြုံးလိုက်သော်လည်း ဈေးနှုန်းကို ကြားလိုက်ရသောအခါတွင်မူ သူ၏အပြုံးမှာ တန့်သွားတော့သည်။

“ဆရာတော်... ဒီလိုအလောင်းမျိုးရဖို့ ကျွန်တော် သုံးလလောက် လိုက်ရှာခဲ့ရတာပါ။ အရင်းတင် ၅ ကျပ် ပေးခဲ့ရတာ။ အခု ဆရာတော်က ၃ ကျပ်ပဲပေးမယ်ဆိုတော့ ကျွန်တော် အရင်းတောင် မကျေပါဘူး”

ဝဖြိုးသော တာအိုဘုန်းကြီးက နှာခေါင်းရှုံ့ကာ လှောင်ပြုံးပြလိုက်ရင်း…

“မင်းက အရင်း ၅ ကျပ်ပေးရတယ်လို့ ပြောတာလား။ သုံးနှစ်သားကလေးတောင် မင်းစကားကို ယုံမှာမဟုတ်ဘူး”

သူတို့နှစ်ဦး အချိန်အတော်ကြာ ဈေးဆစ်နေကြပြီးနောက် နောက်ဆုံးတွင်တော့ ငွေ (၆) ကျပ်ဖြင့် မတတ်သာဘဲ သဘောတူညီမှု ရရှိသွားခဲ့သည်။

အရောင်းအဝယ် တည့်သွားသော်လည်း အလောင်းပို့သမားမှာမူ ရရှိသည့်ဈေးနှုန်းကို လုံးဝအားမရသည့်ပုံစံဖြင့် ညည်းညူနေသည်။ ထိုလုပ်ငန်းစဉ်တစ်ခုလုံးမှာ ဈေးထဲတွင် ဟင်းသီးဟင်းရွက် ဝယ်နေကြသကဲ့သို့ပင် ထူးမခြားနားလှချေ။

လုံယီသည် ဘေးမှနေ၍ တိတ်တဆိတ် အကဲခတ်နေစဉ် အလောင်းပို့သမား အုပ်စုကြီးမှာ တန်းစီ၍ စောင့်ဆိုင်းနေဆဲဖြစ်သည်ကို တွေ့ရသဖြင့် ယနေ့အဖို့ ပြန်လှည့်ကာ နောက်နေ့မှသာ ပြန်လာရန် ဆုံးဖြတ်လိုက်သည်။

ထိုစဉ် ရုတ်တရက် ဒေါသတကြီး ကြိမ်းမောင်းသံတစ်ခုကို ကြားလိုက်ရသည်။

"မင်းကများ ငြိုးတေးအလောင်းတစ်ခုကို ဒီအထိ ယူလာပြီး ငါတို့ကို လိမ်ဖို့ ကြိုးစားရဲတယ်ပေါ့လေ"

ဝဖြိုးသော တာအိုဘုန်းကြီးမှာ ဒေါသကြောင့် မျက်နှာတစ်ခုလုံး နီမြန်းနေပြီး ရှေ့မှ အလောင်းပို့သမားကို စူးစူးဝါးဝါး စိုက်ကြည့်နေသည်။ ထိုအလောင်းပို့သမားမှာ ကောက်ကျစ်စဉ်းလဲသော ပုံစံရှိသည့် သက်လတ်ပိုင်း အမျိုးသားတစ်ဦးဖြစ်သည်။

သူသည် ကြောက်လန့်တကြားဖြင့် မျက်နှာဖြူလျော့သွားကာ မြေပြင်ပေါ်တွင် ဝပ်စတွားရင်း "ဆရာသခင်... ကျွန်တော် တကယ်တမ်း တမင်လုပ်တာ မဟုတ်ပါဘူး။ ဒီအလောင်းကို ကောက်ရတာမို့လို့ ငြိုးတေးအလောင်းဖြစ်နေမှန်း ကျွန်တော်လည်း မသိခဲ့ပါဘူးဗျာ" ဟု တောင်းပန်တိုးလျှိုးသည်။

"ဟက်... မင်းရဲ့ လှည့်ကွက်တွေကို တခြားမှာပဲ သွားသုံးစမ်း။ နိုင်ငံမှာ ဥပဒေရှိသလို ဂိုဏ်းမှာလည်း စည်းကမ်းရှိတယ်"

ဝဖြိုးသော တာအိုဘုန်းကြီးက ခြိမ်းခြောက်သည့်လေသံဖြင့် "ငြိုးတေးအလောင်းကို ယူလာပြီး ဒီအတိုင်း ရောချဖို့ ကြိုးစားတာက ဂိုဏ်းစည်းကမ်းအရ ကြိမ်ဒဏ် အချက် ၃၀ နဲ့ ထောင်ဒဏ် ၅ နှစ် ကျခံရမယ်"

မျက်နှာချောင်သော ထိုအမျိုးသားမှာ ထိုစကားကို ကြားလိုက်ရသောအခါ သတိလစ်မတတ် ဖြစ်သွားပြီး ငိုယိုကာ အသနားခံနေတော့သည်။ ထိုအချိန်တွင် အလောင်းဂေဟာအတွင်းမှ အေးစက်သော မျက်နှာထားရှိသည့် လက်နက်ကိုင် အစောင့် (၆) ဦး ထွက်လာပြီး စည်းကမ်းဖောက်ဖျက်သော ထိုအလောင်းပို့သမားကို ဖမ်းဆီးရန် ပြင်ဆင်ကြသည်။

လုံယီသည် မြေပြင်ပေါ်တွင် လဲလျောင်းနေသည့် ငြိုးတေးအလောင်းဟု သတ်မှတ်ခံထားရသော အလောင်းကို တစ်ချက်ကြည့်လိုက်သည်။ ၎င်းမှာ သာမန်လူငယ်တစ်ဦး၏ အလောင်းသာဖြစ်ပြီး အခြားအလောင်းများနှင့် ထူးမခြားနားလှပေ။ သို့သော် တစ်စုံတစ်ခုကို အာရုံခံမိသဖြင့် အနားသို့ ဆယ်မီတာခန့် အကွာအဝေးအထိ ချဉ်းကပ်လိုက်ရာ စွမ်းဆောင်ရည်ပြကွက်မှ အသိပေးချက် တက်လာသည်။

စွမ်းအင် +၁ စုပ်ယူမလား။

“စုပ်ယူမယ်”

လုံယီသည် ထိုငြိုးတေးအလောင်း၏ စွမ်းအင်ကို စုပ်ယူလိုက်ပြီးနောက် အခြေအနေမှာ မည်သို့ ဆက်ဖြစ်လာမည်ကို တိတ်တဆိတ် စောင့်ကြည့်နေလိုက်သည်။

“ဘာတွေ ဖြစ်နေတာလဲ”

အလောင်းဂေဟာအတွင်းမှ အရပ်ရှည်ရှည် ပိန်ပိန်ပါးပါး အလတ်ပိုင်းအရွယ် တာအိုဘုန်းကြီးတစ်ပါး ထွက်လာသည်။ သူသည် မီးခိုးရင့်ရောင် ဝတ်ရုံကို ဆင်မြန်းထားပြီး ဝဖြိုးသော တာအိုဘုန်းကြီးကဲ့သို့ မဟုတ်သော်လည်း သိသိသာသာ ဖြူဖျော့သော မျက်နှာထားရှိသည်။

“စီနီယာအစ်ကိုကြီး... ဒီကောင်က ငြိုးတေးအလောင်း တစ်ခုကို ယူလာတယ်ဗျ”

“ကံကောင်းလို့ ကျွန်တော်က သတိကြီးကြီးထားပြီး တစ်ခုခု ထူးဆန်းနေတာကို ရိပ်မိလို့ ဝိညာဉ်စစ်ဆေးခြင်း အဆောင်လက်ဖွဲ့သုံးပြီး စစ်လိုက်မိတာ။ မဟုတ်ရင် ဒီအလောင်းက ဂိုဏ်းတံခါးထဲအထိ ရောက်သွားတော့မှာဗျ”

ဝဖြိုးသော တာအိုဘုန်းကြီးက ထိတ်လန့်ဟန်ဖြင့် ပြောလိုက်သည်။

“ငါ့ကို ကြည့်ပါဦး”

ပိန်ပိန်ပါးပါး တာအိုဘုန်းကြီးက အနားသို့ တိုး၍ ကြည့်လိုက်ကာ မျက်မှောင်ကြုတ်လျက် “ငါကြည့်ရသလောက်တော့ ဘာမှ မဖြစ်သလိုပဲနော်”

သူ၏ လက်ဖဝါးမှ မှိန်ပျပျ အနီရောင်အလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး ထိုအလောင်း၏ နဖူးပေါ်သို့ ဖိကပ်ကာ တစ်စုံတစ်ခုကို စမ်းသပ်ကာ ရှာဖွေနေပုံပက်။

ခေတ္တအကြာတွင် ပိန်သော တာအိုဘုန်းကြီးက ခေါင်းခါလိုက်ပြီး “ဒီအလောင်းက ဘာမှမဖြစ်ပါဘူး။ ကောင်းပါတယ်”

“ဘာ...”

ဝဖြိုးသော တာအိုဘုန်းကြီးမှာ မယုံနိုင်ဘဲ သူ၏အိတ်ကပ်ထဲမှ မီးခိုးရောင် အဆောင်စက္ကူတစ်ရွက်ကို ထုတ်ယူလိုက်သည်။ သူက တစ်စုံတစ်ခုကို တိုးတိုးလေး ရွတ်ဆိုလိုက်ရာ အဆောင်စက္ကူမှာ အလောင်း၏နဖူးပေါ်သို့ ရှူးခနဲ ကပ်သွားပြီး အရေပြားပေါ်တွင် ထူးဆန်းသော အဖြူရောင်စာလုံးတစ်ခုအဖြစ် ပြောင်းလဲသွားသည်။

ထိုစာလုံး၏ ပြောင်းလဲမှုကို မြင်လိုက်ရသောအခါ ဝဖြိုးသော တာအိုဘုန်းကြီး၏ မျက်နှာပျက်သွားတော့သည်။

“ထူးဆန်းလိုက်တာ... ခုနကတင်ပဲ သူ့ဆီမှာ ငြိုးတေးနာကြည်းမှုတွေ ရှိနေတာ ငါမြင်လိုက်ပါသေးတယ်။ တစ်စုံတစ်ယောက်ကများ ဒါကို ဖြေဖျောက်ပေးလိုက်တာလား”

“ဒါပေမဲ့ စွမ်းအားကြီးတဲ့ ရွှေအမြုတေအဆင့်ပညာရှင်တွေကလွဲရင် ကျန်တဲ့ ဘယ်သူလုပ်လုပ် ငြိုးတေးမှု အကြွင်းအကျန် အစအနလေးတော့ ကျန်ရမှာပဲ။ ဒါက တကယ်ကို ထူးဆန်းလွန်းတယ်”

အခြေအနေအားလုံးကို စောင့်ကြည့်နေသော လုံယီမှာမူ သူနှင့် အလောင်းထိန်းချုပ်

ဂိုဏ်းအကြားတွင် တစ်စုံတစ်ရာ ပတ်သက်မှုရှိနေကြောင်း ပိုမိုခံစားလာရသည်။ အလောင်းများကို ထိတွေ့ရုံဖြင့် သန်မာလာနိုင်သည့် သူ၏ စွမ်းအားအတွက် ဤဂိုဏ်းမှာ ကံပါလာသည့် နေရာတစ်ခုပင်။

အလောင်းမှာ ဘာမှမဖြစ်တော့သဖြင့် ဝဖြိုးသော တာအိုဘုန်းကြီးမှာလည်း လက်ခံရန် ဆုံးဖြတ်လိုက်သည်။

“သွားတော့... ဒီကနေ ထွက်သွားတော့”

သူသည် ကောက်ကျစ်သောပုံစံရှိသည့် အလောင်းပို့သမားကို စတင်မောင်းထုတ်သည်။

“ဆရာတော်... ဒီအလောင်းကို ကျွန်တော် ပိုးလာရတာဆိုတော့... နည်းနည်းလောက်...” အလောင်းပို့သမားက သူ၏လက်များကို ပွတ်သပ်လျက် တောင်းဆိုရှာသည်။

“ကောက်ရတဲ့အလောင်းက ခိုးလာတဲ့အလောင်းနဲ့ ဘာကွာလို့လဲ မင်းကို အပြစ်မပေးတာတင် ကျေးဇူးတင်စမ်းပါ။ ငွေတောင်းဖို့ စဉ်းစားနေသေးတယ်ပေါ့”

ဝဖြိုးသော တာအိုဘုန်းကြီးက မျက်မှောင်ကြုတ်လျက် ကြိမ်းမောင်းလိုက်သည်။

“ထားလိုက်ပါတော့... သူလည်း သယ်လာရတာ မလွယ်ပါဘူး။ ငွေအနည်းအကျဉ်းတော့ ပေးလိုက်ပါ”

ပိန်သော တာအိုဘုန်းကြီးက ကြားဖြတ်ပြောကာ အလောင်းဂေဟာအတွင်းသို့ ပြန်ဝင်သွားတော့သည်။

“စီနီယာအစ်ကိုကြီးရဲ့ စကားကို နားထောင်ရမှာပေါ့”

ဝဖြိုးသော တာအိုဘုန်းကြီးသည် သူ၏ကိုယ်ပေါ်တွင် အချိန်အတော်ကြာ နှိုက်ရှာပြီးနောက် သံချေးတက်နေသည့် ကြေးပြားအနည်းငယ်ကို ပစ်ပေးလိုက်သည်။ ထိုပမာဏမှာ ပေါက်စီအနည်းငယ် ဝယ်စားရန်ပင် မလောက်ငှနိုင်ချေ။ ထို့ထက် ပိုရရန်မရှိတော့သည်ကို သိသဖြင့် အလောင်းပို့သမားမှာလည်း ညှိုးငယ်သောမျက်နှာဖြင့် ထွက်ခွာသွားရတော့သည်။

“ဒီနေ့အတွက်တော့ ဒီလောက်ပဲ။ မနက်ဖြန်မှ ပြန်လာကြတော့”

ဤကိစ္စကြောင့် စိတ်အနှောင့်အယှက်ဖြစ်သွားပုံရသော ဝဖြိုးသော တာအိုဘုန်းကြီးသည် အလောင်းများကို ဆက်လက်မစစ်ဆေးတော့ဘဲ အတွင်းသို့ ပြန်ဝင်ရန် ပြင်သည်။

“ဆရာသခင်... ခဏလောက် စောင့်ပါဦး”

လုံယီက သူ့အား လှမ်းတားလိုက်သည်။

All Chapters