← Chapters

အခန်း (၂၆၉-၂၇၀)

Vol. 27 Ch. 269-270

အခန်း (၂၆၉-၂၇၀)

Vol. 27 Ch. 269-270

အခန်း။ ၂၆၉

ထိုသူကို မြင်လိုက်ရသည့်ခဏတွင် လုံယီ၏ ဦးရေပြားများပင် စိမ့်တက်သွားပြီး စိတ်အာရုံထဲ၌ စိုးရိမ်ထိတ်လန့်မှုတို့က သိန်းငှက်တစ်ကောင် အော်မြည်နေသကဲ့သို့ တရစပ် ဖြစ်ပေါ်လာတော့သည်။

ဤပုဂ္ဂိုလ်သည် ယခုအချိန်အထိ သူတွေ့ကြုံခဲ့ဖူးသမျှထဲတွင် အစွမ်းအထက်ဆုံးသူ ဖြစ်သည်။ ယခင်က သူ့အား မျှော်လင့်ချက်ကင်းမဲ့အောင် တွန်းပို့ခဲ့ဖူးသည့် အမျိုးသမီးတာအိုဆရာမှာပင် ဤသူနှင့်နှိုင်းယှဉ်လျှင် ဘာမျှမဟုတ်တော့ချေ။ သူ၏ လက်ရှိအစွမ်းဖြင့်ဆိုလျှင် ဤသူအား မည်သို့မျှ ယှဉ်နိုင်မည်မဟုတ်ဘဲ အကယ်၍ တိုက်ခိုက်မှုဖြစ်ပွားပါက ထွက်ပြေးလွတ်မြောက်နိုင်ရန်ပင် ခဲယဉ်းသည်။

သူကား အလောင်းထိန်းချုပ်ဂိုဏ်း၏ အကြီးအကဲတစ်ဦးဖြစ်ပြီး အခြေခံတည်ဆောက်ခြင်းအဆင့်ကျင့်ကြံသူကြီးပင်။ သူ စုံစမ်းသိရှိထားသမျှ သတင်းအချက်အလက်များအရ ကျင့်ကြံခြင်းလောကတစ်ခုလုံးတွင် အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူများက အလွန်ပင် ဂုဏ်သရေရှိသည်။ ချီစွမ်းအင်သန့်စင်ခြင်းအဆင့်ကျင့်ကြံသူများနှင့် အသိသာဆုံးကွာခြားချက်မှာ သူတို့သည် မှော်လက်နက်များကို အသုံးပြု၍ ကောင်းကင်ယံ၌ ပျံသန်းနိုင်ခြင်းပင်။

အကြီးအကဲဖန်သည် စုတ်ပြတ်နေသော အဝတ်စပေါ်တွင် ရပ်လျက် ဖြည်းညှင်းစွာ ဆင်းသက်လာသည်။ သူ၏ ခံစားချက်ကင်းမဲ့သော မျက်လုံးများဖြင့် လူအုပ်ကို အေးစက်စွာ ဝှေ့ကြည့်လိုက်ပြီးနောက် “အသစ်ဝင်လာတဲ့ တပည့်တွေအားလုံး အပေါ်ကို တက်ခဲ့ကြ” ဟု ပြောလိုက်သည်။

ဒီစုတ်ပြတ်နေတဲ့ အဝတ်စလေးက သုံးလေးပေလောက်ပဲ ရှိတာကို လူအများကြီး ဘယ်လိုဆံ့မှာလဲဟု အချို့က သံသယဝင်နေကြသည်။ သို့သော် လူများ တစ်ဦးပြီးတစ်ဦး တက်လှမ်းလိုက်သည့်အခါတွင်မူ ထိုအဝတ်စ၏ အရွယ်အစားမှာ တဖြည်းဖြည်း ကြီးမားလာပြီး နောက်ဆုံးတွင် မူလအရွယ်အစားထက် ဆယ်ဆမက ကျယ်ပြန့်သွားလေတော့သည်။

“ကျူးပေါ်၊ ယိုချင်းယီ၊ ကျန်းချန်လီ... မင်းတို့သုံးယောက် ငါ့နားကို လာရပ်ကြ”

အကြီးအကဲဖန်က အမည်များကို စတင်ခေါ်ယူလိုက်သည်။

ကျူးပေါ်မှာ ချိုးမင်းသားဖြစ်ပြီး ယိုချင်းယီမှာမူ စစ်ဗိုလ်ချုပ်သမီး ဖြစ်သည်။ တတိယမြောက်လူဖြစ်သော ကျန်းချန်လီမှာမူ သာမန်အဝတ်အစားများကိုသာ ဝတ်ဆင်ထားသည့် ပုံပန်းသဏ္ဌာန် နွမ်းပါးသော လူငယ်တစ်ဦးဖြစ်သည်။ သူသည် အနည်းငယ် ရှက်ရွံ့နေပုံရပြီး ခေါင်းပင် မဖော်ရဲဘဲ ရှိနေသည်။

ဒီလူက ဘယ်သူမို့လို့ ချိုးမင်းသားနဲ့ ယိုချင်းယီတို့လိုလူမျိုးတွေနဲ့ တန်းတူရပ်ခွင့်ရပြီး အကြီးအကဲရဲ့ အာရုံစိုက်မှုကို ခံရတာလဲ။

လူတိုင်းက တွေးတောနေကြသည်။

အဝတ်စကြီးမှာ တဖြည်းဖြည်း မြင့်တက်လာရာ အောက်ခြေမှ မြင်ကွင်းများမှာ သေးငယ်သွားပြီး လူအများစုမှာ ခြေဖျားလက်ဖျားများ တုန်ယင်လာကာ ဆက်လက်၍ မတွေးတောနိုင်တော့ပေ။ အနည်းငယ်သောသူများသာ မျက်လုံးကို ဖွင့်ကြည့်နိုင်ကြသည်။ ဝန်းကျင်ရှိ အပူချိန်မှာလည်း လျင်မြန်စွာ ကျဆင်းလာပြီး တိုက်ခတ်လာသော လေပြင်းများကြောင့် မျက်လုံးဖွင့်ရန်ပင် ခက်ခဲလှကာ နားစည်ထဲ၌ လေတိုးသံများမှာ စူးရှနေပြီး အရေပြားများပင် နာကျင်လာတော့သည်။

များစွာသော တပည့်သစ်များမှာ သူတို့၏ ခံနိုင်ရည်အကန့်အသတ်သို့ ရောက်ရှိလုနီးပါး ဖြစ်နေချိန်တွင် အဝတ်စ၏ အနားသတ်များမှ တစ်ပိုင်းတစ်စ ပွင့်လင်းမြင်သာသော အဖြူရောင် အကာအကွယ်အတားအဆီးတစ်ခု ထွက်ပေါ်လာပြီး ပြင်းထန်လှသော ပြင်ပလေလှိုင်းများကို ပိတ်ဆို့ကာ တားဆီးပေးလိုက်တော့သည်။

ကျင့်ကြံသူတွေရဲ့ တန်ခိုးစွမ်းအားတွေက တကယ်ကို အံ့မခန်းပါပဲလား။

လုံယီ စိတ်ထဲမှ ကျိတ်၍ ချီးကျူးမိသည်။

မှော်လက်နက်တစ်ခုပေါ်တွင် လူအများအပြားကို တင်ဆောင်၍ ကောင်းကင်ယံ၌ ပျံသန်းနိုင်သည့် ဤစွမ်းရည်မျိုးမှာ ကိုယ်ခံပညာရှင်တစ်ဦး မည်သည့်အခါမျှ မမီနိုင်သည့် အဆင့်အတန်းမျိုး ဖြစ်သည်။ ကိုယ်ခံပညာရှင်တစ်ဦး၏ ပေါ့ပါးကျွမ်းကျင်မှုသည်ပင် လေထဲတွင် ခေတ္တမျှသာ ဝဲပျံနိုင်ခြင်းဖြစ်ရာ ထိုအရာနှင့် နှိုင်းယှဉ်ပါက များစွာ ကွာခြားသည်။

ထို့ပြင် ပြင်ပလေလှိုင်းများကို အကာအကွယ်အတားအဆီးများဖြင့် ပိတ်ဆို့ပေးထားနိုင်သဖြင့် ခရီးသွားလာရသည်မှာ ခေတ်သစ်လေယာဉ်တစ်စီး စီးနင်းနေရသကဲ့သို့ သက်သောင့်သက်သာ ရှိလှသည်။

တစ်နေ့မှာ ငါလည်း ဒီလိုစွမ်းရည်မျိုး ရအောင် လုပ်မယ်။

လုံယီ ကိုယ့်ကိုကိုယ် ကတိပေးလိုက်မိသည်။

ထိုစုတ်ပြတ်နေသော အဝတ်စကြီးမှာ ထူးခြားသည့် မှော်လက်နက်တစ်ခုဖြစ်ပြီး မြေပြင်မှ ပေပေါင်းထောင်ချီအကွာတွင် အလွန်မြန်သော အရှိန်ဖြင့် ပျံသန်းနေသည်။ အောက်ခြေမှ ရှုခင်းများနှင့် အထက်မှ တိမ်ဖြူများမှာ နောက်ဘက်သို့ လျင်မြန်စွာ လွင့်စင်ကျန်ရစ်ခဲ့သည်ကို မြင်တွေ့ရ၏။ ခေတ္တအကြာတွင် တပည့်သစ်အများစုမှာ ကြောက်ရွံ့မှုများ ပျောက်ကွယ်သွားပြီး စူးစမ်းလိုစိတ်နှင့် ပျော်ရွှင်မှုများက နေရာယူလာကြသည်။

ခရီးစဉ်မှာ အနည်းငယ် ငြီးငွေ့ဖွယ်ကောင်းလှပြီး ပို့ဆောင်ရေးတာဝန်ခံ အကြီးအကဲမှာမူ အဝတ်စ၏ ဗဟိုချက်တွင် မျက်လုံးမှိတ်လျက် အိပ်ပျော်နေဟန်ဖြင့် ထိုင်နေသည်။ ဤအချက်ကပင် တပည့်သစ်များကို ရဲတင်းလာစေပြီး တိုးတိုးတိတ်တိတ် စတင်စကားပြောဆိုလာကြသည်။

“ငါရော ဘယ်တော့လောက်မှ ဒီလိုမျိုး ပျံသန်းနိုင်တဲ့ ရတနာမျိုးကို ပိုင်ဆိုင်နိုင်မလဲ မသိဘူးနော်”

တစ်ဦးက တောင့်တစွာ ပြောလိုက်သည်။

“မင်း အခြေခံတည်ဆောက်ခြင်းအဆင့်ကို ရောက်တဲ့အခါကျရင်ပေါ့။ သာမန် ချီသန့်စင်ခြင်းအဆင့်ကျင့်ကြံသူတွေအဖို့ကတော့ ဒီလိုပျံသန်းတဲ့ မှော်လက်နက်တွေရဲ့ စွမ်းအင်စားသုံးမှုကို တောင့်ခံနိုင်ဖို့ ခဲယဉ်းတယ်လေ”

ဗဟုသုတရှိသူတစ်ဦးက ထောက်ပြလိုက်သည်။

“ငါကြားဖူးတာတော့ ချီသန့်စင်ခြင်းအဆင့် တပည့်ဆယ်ယောက်မှာ တစ်ယောက်တောင် အခြေခံတည်ဆောက်ခြင်းအဆင့်ကို မရောက်နိုင်ဘူးဆိုပဲ”

“ဆယ်ယောက် မဟုတ်ပါဘူး တစ်ရာမှာ တစ်ယောက်တောင် မရှိတာပါ။ ချီသန့်စင်ခြင်း အနှောင်းပိုင်းအဆင့် ရောက်မှသာ အလောင်းထိန်းချုပ်ဂိုဏ်းရဲ့ အမာခံတပည့်ဖြစ်လာနိုင်တာ။ လူအများစုက ဒီစည်းကိုတောင် မကျော်နိုင်ကြဘူး”

အဝတ်စပေါ်တွင် မြင့်မြတ်သော မင်းသား၊ မင်းသမီးများနှင့် မှူးမတ်မျိုးနွယ်များစွာ ပါဝင်နေသဖြင့် သူတို့ သိထားသည့် အတွင်းသတင်းများကို အချင်းချင်း ဝေမျှနေကြသည်။ ထိုမှတစ်ဆင့် လုံယီသည် အလောင်းထိန်းချုပ်ဂိုဏ်း၏ တပည့်အဆင့်အတန်း ခွဲခြားမှုများကို သိရှိခဲ့ရသည်။

အစောပိုင်းအဆင့်အား အပြင်စည်းတပည့်အဖြစ်သတ်မှတ်ပြီး အလယ်အလတ်အဆင့်မှာ အတွင်းစည်းတပည့်နှင့် နှောင်းပိုင်းအဆင့်မှာ အမာခံတပည့်ပင်။

အဆင့်တစ်ခုစီသို့ တက်လှမ်းနိုင်တိုင်း သူ၏ ဂုဏ်ဒြပ်နှင့် အခွင့်အရေးများမှာ ယခင် အစွန်းရောက်လက်သီးဂိုဏ်းတွင်ကဲ့သို့ပင် သိသိသာသာ မြင့်တက်လာမည် ဖြစ်သည်။

မှူးမတ်မျိုးနွယ်ဝင် ကလေးငယ်များ၏ စကားဝိုင်းအတွင်း တာဝန်ဆိုသော စကားလုံးကို ထပ်တလဲလဲ ပြောဆိုနေကြသည်ကို လုံယီ သတိပြုမိလိုက်သည်။

အတွင်းစည်းတပည့် ဖြစ်လာပြီးနောက်တွင် ဂိုဏ်း၏ တာဝန်များကို စတင်ထမ်းဆောင်ခွင့်ရရှိကာ ဂိုဏ်း၏ ပံ့ပိုးကူညီမှုရမှတ်များ ရှာဖွေနိုင်မည် ဖြစ်သည်။ ထိုရမှတ်များရှိမှသာ ကျင့်စဉ်အသစ်များ၊ ဆေးလုံးများနှင့် အဆောင်လက်ဖွဲ့များကို ဝယ်ယူနိုင်မည် ဖြစ်သည်။

လုံယီသည် ထိုစကားများကို နားထောင်ရင်း တစ်စုံတစ်ခု မှားယွင်းနေသကဲ့သို့ ခံစားလိုက်ရသည်။ သူဖတ်ဖူးသည့် ဝတ္ထုများထဲမှ ဂိုဏ်းသားများကဲ့သို့ ကျင့်ကြံခြင်း၊ ကိုယ်ခံပညာ ယှဉ်ပြိုင်ခြင်းနှင့် နယ်မြေအသစ်များကို ရှာဖွေခြင်းတို့သာ ပြုလုပ်ရပြီး ဂိုဏ်းက လိုအပ်သမျှ ထောက်ပံ့ပေးသည်မျိုး မဟုတ်ချေ။ အလောင်းထိန်းချုပ်ဂိုဏ်းတွင်မူ အရင်းအမြစ်အားလုံးကို ကိုယ့်ဘာသာ တိုက်ယူရမည်ဖြစ်ပြီး ဂိုဏ်းအတွက် အလုပ်အကျွေး ပြုကြရမည် ဖြစ်သည်။

ဘယ်နေရာရောက်ရောက် ဒီလို ရုန်းကန်လှုပ်ရှားရတဲ့ ဘဝကနေ ရုန်းမထွက်နိုင်ပါလား။

လုံယီက မျက်မှောင်ကြုတ်ကာ တွေးတောနေမိသည်။

စုတ်ပြတ်နေသော အဝတ်စပေါ်တွင် တပည့်သစ်များမှာ ပေါ့ပေါ့ပါးပါး စကားလက်ဆုံ ကျနေကြစဉ် ရုတ်တရက် ရှေ့တည့်တည့်မှ ပြင်းထန်သော လေပွေလှိုင်းကြီးတစ်ခု တိုးဝှေ့တိုက်ခတ်လာသည်။ ထိုလေလှိုင်းကြောင့် မှော်လက်နက်၏ အရှိန်မှာ ရုတ်ချည်းနှေးကွေးသွားပြီး ဘေးပတ်ပတ်လည်ရှိ အကြည်ရောင် အကာအကွယ်အတားအဆီးမှာလည်း မတည်မငြိမ်ဖြစ်ကာ တုန်ခါလာတော့သည်။

မတ်တပ်ရပ်နေသော တပည့်အချို့မှာ အရှိန်ပြင်းထန်မှုကြောင့် ရှေ့သို့ လွင့်စင်သွားကြသည်။ အကယ်၍သာ အကာအကွယ်အတားအဆီး မရှိပါက သူတို့သည် တိမ်တိုက်များအကြားမှ မြေပြင်သို့ ပြုတ်ကျသွားနိုင်သည့် အနေအထားပင်။

ထိုအချိန်မှာပင် ရှေ့ရှိ ဟာလာဟင်းလင်းပြင်ထဲမှ တိမ်တိုက်ကြီးတစ်ခု တိတ်တဆိတ် ပေါ်ထွက်လာသည်။ ၎င်းမှာ အိမ်တစ်လုံးခန့် အရွယ်အစားရှိပြီး တစ်ကိုယ်လုံး မီးတောက်များကဲ့သို့ ရဲရဲနီနေသည်။ ထိုတိမ်တိုက်ကြီးမှာ သူတို့ထံသို့ ဖြည်းညှင်းစွာ ချဉ်းကပ်လာသည်ဟု ထင်ရသော်လည်း အမှန်တကယ်တွင်မူ အလွန်ပင် လျင်မြန်လှကာ ကြောက်မက်ဖွယ်ကောင်းသော သားရဲကြီးတစ်ကောင်၏ ဦးခေါင်းသဏ္ဌာန်သို့ ပြောင်းလဲသွားသည်။ ၎င်းသည် ပါးစပ်ကြီးကို ဟလျက် အဝတ်စပေါ်ရှိ လူအားလုံးကို ဝါးမြိုရန် ပြင်လိုက်တော့သည်။

“ဘယ်လိုတောင် ရဲတင်းတာလဲ”

အလောင်းထိန်းချုပ်ဂိုဏ်း၏ အကြီးအကဲဖန်က ကျယ်လောင်စွာ ကြိမ်းမောင်းလိုက်တော့သည်။

အကြီးအကဲဖန်သည် သူ၏လက်ကို ဝှေ့ယမ်းလိုက်သည်နှင့် တပြိုင်နက် အနက်ရောင်

အဝတ်များ ပတ်ထားသော လျှို့ဝှက်ဆန်းပြားသည့် လူတစ်ယောက်က သူ၏ရှေ့၌ ပေါ်လာတော့သည်။

ထိုသူသည် လေဟာနယ်ထဲတွင် ကိုယ်အလေးချိန်မရှိသကဲ့သို့ ပေါလောပေါ်နေပြီး အဝတ်စများကြားမှ ထွက်ပေါ်နေသော သူ၏လက်နှင့်ခြေတို့မှာ ကြေးနီရောင်နှင့် ငွေရောင်တို့ ရောယှက်နေသော အရောင်အသွေး ရှိသည်။ သူ၏မျက်လုံးများသည် ခံစားချက်ကင်းမဲ့ကာ အေးစက်လှပြီး မျက်လုံးအိမ်တစ်ခုလုံးတွင် မျက်ဖြူများကသာ နေရာယူထားသဖြင့် ကြည့်ရသည်မှာ အလွန်ပင် ကြောက်မက်ဖွယ်ကောင်းလှသည်။

ထိုလျှို့ဝှက်ဆန်းပြားသူသည် ပါးစပ်ကို ရုတ်တရက် ဟလိုက်ပြီး မှင်ကဲ့သို့ နက်မှောင်လှသော မီးခိုးလုံးကြီးတစ်ခုကို ထွေးထုတ်လိုက်သည်။ ထိုမီးခိုးလုံးမှာ အဆုံးအစမရှိ ပွားများလာပြီး သားရဲခေါင်းပုံသဏ္ဌာန် တိမ်တိုက်ကြီးနှင့် ပြင်းထန်စွာ ရိုက်မိတော့သည်။

ဝုန်း...

ကြီးမားလှသော စွမ်းအင်နှစ်ခု ထိပ်တိုက်တွေ့ဆုံသွားချိန်တွင် ရှေ့ရှိ ကောင်းကင်ယံတစ်ခုလုံး ကွဲအက်သွားသကဲ့သို့ ထင်ရပြီး မျက်စိဖြင့် မြင်နိုင်သော တုန်ခါမှုလှိုင်းများစွာမှာ အရပ်မျက်နှာအနှံ့ ပျံ့နှံ့သွားတော့သည်။

တပည့်သစ်များကို တင်ဆောင်ထားသော စုတ်ပြတ်နေသည့် အဝတ်စမှော်လက်နက်မှာ ပြင်းထန်လှသော ပင်လယ်လှိုင်းတံပိုးများအကြား ဖြတ်သန်းနေရသည့် လှေငယ်လေးတစ်စင်းကဲ့သို့ ဖြစ်သွားသည်။ ၎င်းသည် စွမ်းအင်ဂယက်များကြောင့် ရုန်းကန်လှုပ်ရှားကာ အထက်မှအောက်၊ ဘယ်ညာသို့ ပြင်းထန်စွာ ယိမ်းထိုးနေတော့သည်။

“အား...”

“ကယ်ကြပါဦး”

“အား... ဟီး...”

မှော်လက်နက်ပေါ်ရှိ လူငယ်များနှင့် မိန်းကလေးများသည် သူတို့၏ဘဝတွင် ဤမျှလောက် တုန်လှုပ်ဖွယ်ကောင်းသော အဖြစ်အပျက်မျိုးကို တစ်ခါမျှ မကြုံတွေ့ခဲ့ဖူးကြချေ။ သူတို့သည် လေထဲတွင် ရှေ့တိုးနောက်ငင် လွင့်စင်နေကြပြီး ထိတ်လန့်တကြား အော်ဟစ်နေကြသည်။ ကံကောင်းထောက်မစွာဖြင့် ဘေးပတ်ပတ်လည်ရှိ အကာအကွယ်အတားအဆီးက သူတို့ကို ထိန်းထားပေးသဖြင့် ကြေကွဲဖွယ်ရာ အဖြစ်ဆိုးများ မဖြစ်ပွါးခဲ့ခြင်းပင်။

သို့သော် ခေတ္တမျှအကြာတွင် မှော်လက်နက်၏ အကြည်ရောင် အကာအကွယ်အတားအဆီးမှာ ပြင်းထန်သော ဖိအားကို မခံနိုင်တော့ဘဲ အက်ကြောင်းများ ပေါ်လာကာ တံခါးအငယ်စားအရွယ်ခန့် အပေါက်ကြီးများ ဖြစ်ပေါ်လာတော့သည်။

“အား...”

ကံဆိုးသူ အချို့သည် ထိုအပေါက်များရှိရာသို့ လွင့်စင်သွားကြပြီး ပေပေါင်းထောင်ချီမြင့်သော ကောင်းကင်ယံမှ မြေပြင်သို့ ပြုတ်ကျသွားကြသည်။

လူအုပ်ကြီးအတွင်း၌ မှော်လက်နက်ကို အသည်းအသန် ထိန်းချုပ်နေရသော အကြီးအကဲဖန်မှလွဲ၍ လုံယီတစ်ဦးတည်းသာ သူ၏ ကိုယ်ဟန်အနေအထားကို တည်ငြိမ်အောင် ထိန်းထားနိုင်သည်။ ကိုယ်ခံပညာအထူးပညာရှင်တစ်ဦး ဖြစ်သည့်အားလျော်စွာ သူ၏ ခန္ဓာကိုယ်အား ထိန်းချုပ်နိုင်စွမ်းနှင့် ဟန်ချက်ညီမှုမှာ အထွတ်အထိပ်သို့ ရောက်ရှိနေပြီ ဖြစ်သည်။

ဖျတ်...

အစိမ်းရောင်အရိပ်တစ်ခုမှာ သူ၏ဘေးမှ လျင်မြန်စွာ လွင့်ထွက်သွားပြီး အကာအကွယ်အတားအဆီးရှိ အက်ကွဲကြောင်းဆီသို့ ဦးတည်သွားသည်ကို မြင်လိုက်ရသည်။ လုံယီသည် ချက်ချင်းပင် ဆုံးဖြတ်ချက်ချကာ လက်လှမ်းလိုက်ပြီး ထိုသူ၏လက်မောင်းကို တိကျစွာ ဖမ်းဆွဲ၍ အသက်ဘေးမှ ကယ်တင်လိုက်လေတော့သည်။

အခန်း။ ၂၇၀

“ကျေးဇူးတင်ပါတယ်...”

ကယ်တင်ခံလိုက်ရသူမှာ စစ်သေနာပတိချုပ်၏သမီး ယိုချင်းယီပင်။ သူမ၏မျက်နှာမှာ ဖြူလျော့နေပြီး အတော်ပင် ထိတ်လန့်သွားပုံရသည်။

ထိုစဉ် အကြီးအကဲဖန်သည် စုတ်ပြတ်နေသော အဝတ်စမှော်လက်နက်ကို မြေပြင်သို့ လျင်မြန်စွာ ဆင်းသက်ရန် အမိန့်ပေးစေခိုင်းလိုက်ပြီး ကောင်းကင်ယံသို့ ဒေါသတကြီး ကြည့်လိုက်သည်။ မီးလျှံတိမ်တိုက် သားရဲခေါင်းကြီးမှာ အနက်ရောင်မြူခိုးများကြောင့် တစ်စိတ်တစ်ပိုင်း ပျက်စီးသွားကာ ပုံသဏ္ဌာန် ပျက်ယွင်းသွားသော်လည်း ပင်မကိုယ်ထည်မှာမူ ပျက်စီးခြင်းမရှိဘဲ ကျန်ရှိနေဆဲပင်။

“သွားစမ်း... အဲ့ဒီကောင်ကို သတ်ပစ်လိုက်”

သူက အမိန့်ပေးလိုက်သည်။

လေထဲတွင် ရပ်နေသော အနက်ရောင်အဝတ်ပတ် လျှို့ဝှက်ဆန်းပြားသူသည် ဒုံးပျံတစ်စင်းကဲ့သို့ တိမ်တိုက်ကြီးအတွင်းသို့ တိုးဝင်ပျောက်ကွယ်သွားတော့သည်။ အကြီးအကဲဖန်သည် ရန်သူမှာ ထိုတိမ်တိုက်အတွင်း၌ ပုန်းအောင်းနေသည်ဟု ယူဆကာ ဖမ်းဆီးရန် ကြိုးပမ်းခြင်းပင်။

သို့သော် မကြာမီမှာပင် အကြီးအကဲဖန်၏ မျက်နှာအမူအရာ ပြောင်းလဲသွားပြီး ညည်းညူသံနှင့်အတူ သူ၏ နှာခေါင်းနှင့် ပါးစပ်မှ သွေးများ အလုံးအရင်းနှင့် ထွက်ကျလာတော့သည်။ တိမ်တိုက်အတွင်းမှလည်း မှောင်မည်းသော အရိပ်တစ်ခုက မြေပြင်ပေါ်သို့ ဝုန်းခနဲ အရှိန်ဖြင့် ပြုတ်ကျသွားသည်။

နောက်ဆုံးတွင် ထိုသားရဲခေါင်းတိမ်တိုက်ကြီး လွင့်စင်ပျောက်ကွယ်သွားပြီးနောက် လူရိပ်တစ်ခု ပေါ်လာတော့သည်။ ထိုသူသည် မြေပြင်သို့ ဆင်းသက်လာသောအခါမှ ထိတ်လန့်နေကြဆဲဖြစ်သော တပည့်သစ်များမှာ သူ့ကို ရှင်းလင်းစွာ မြင်တွေ့လိုက်ရသည်။

၎င်းမှာ လေးထောင့်ကျကျ မျက်နှာထားနှင့် ခန့်ညားထည်ဝါသော မီးလျှံရောင် တာအိုဝတ်ရုံကို ဆင်မြန်းထားသည့် အဘိုးအိုတစ်ဦး ဖြစ်သည်။ သူသည် မှိန်ပျပျ အဖြူရောင်အလင်းတန်းများ ထွက်ပေါ်နေသော မီးခိုးရောင်ဖျာငယ်တစ်ခုပေါ်တွင် တင်ပလ္လင်ခွေ ထိုင်နေသည်။

သူသည် အကြီးအကဲဖန်ကို ကြည့်ကာ ကျေနပ်အားရစွာဖြင့် “အဘိုးကြီးဖန်... မင်းရဲ့စွမ်းရည်တွေက နှစ်တွေကြာလာတာတောင် တစ်စက်ကလေးမှ တိုးတက်မလာဘူးပဲ။ ငါက အကွက်လေးနည်းနည်း ဆင်လိုက်တာကို မင်းက အမှတ်မရှိ ထောင်ချောက်ထဲ တန်းတန်းမတ်မတ် ဝင်လာတာပဲ” ဟု လှောင်ပြောင်လိုက်သည်။

အကြီးအကဲဖန်မှာမူ အခြေအနေ အတော်ပင် ဆိုးရွားနေပြီး မျက်နှာမှာ ဖြူလျော့ကာ သွေးများ တစိမ့်စိမ့် ထွက်နေသည်။ ထိုစကားကို ကြားလိုက်ရသည့်အခါ သူသည် ဒေါသအလိပ်လိပ် ထွက်လာကာ “အဘိုးကြီးရုံ... မင်းလို အရှက်မရှိတဲ့ကောင်ကများ ချောင်းမြောင်းတိုက်ခိုက်ပြီးမှ အောင်နိုင်သူလေသံနဲ့ စကားပြောရဲသေးတယ်ပေါ့” ဟု ကြိမ်းမောင်းလိုက်တော့သည်။

အကြီးအကဲဖန်၏ ဆဲဆိုမှုကို အနီရောင်ဝတ် အဘိုးအိုက ဂရုမစိုက်ဘဲ အေးစက်စွာ ပြန်ပြောလိုက်သည်။

“စကားအပိုတွေ အသာထားစမ်း ငါလိုချင်တဲ့လူကိုသာ ထုတ်ပေးလိုက်”

အကြီးအကဲဖန်၏ မျက်နှာထား ရုတ်ချည်း ပြောင်းလဲသွားပြီး “မင်းက ဘယ်သူ့ကို လိုချင်နေတာလဲ”

“ဟင်း... မင်းတို့ အလောင်းထိန်းချုပ်ဂိုဏ်းက ဒီတစ်ခေါက်မှာ ယင်နဲ့ မီးဓာတ်နှစ်မျိုးတွဲ ဝိညာဉ်အမြစ်ပိုင်ဆိုင်ထားတဲ့ မျိုးစေ့ကောင်းလေးတစ်ယောက်ကို ရထားတယ်ဆိုတာ ငါသတင်းရပြီးသား။ အဲ့ဒီကလေးရဲ့ ယင်ဝိညာဉ်အမြစ်က ထိပ်တန်းအဆင့်ဆိုပေမဲ့ မီးဓာတ် ဝိညာဉ်အမြစ်ကတော့ အထူးအဆင့်တောင် ရှိတာကွ”

အနီရောင်ဝတ် အဘိုးအိုက လှောင်ပြုံးပြုံးလိုက်ရင်း “ဒီလောက် အံ့သြဖို့ကောင်းတဲ့ မီးဓာတ်

ပါရမီရှင်မျိုးက မင်းတို့လိုဂိုဏ်းမှာဆိုရင် အလဟဿ ဖြစ်သွားလိမ့်မယ်။ ငါ့ရဲ့ နေနီဂိုဏ်းကိုပဲ လာရမယ်”

ထိုစကားကို ကြားလိုက်ရသည့်အခါ အနားရှိ တပည့်သစ်များမှာ တီးတိုးပြောသံများဖြင့် ဆူညံသွားကြသည်။ ပထမဦးစွာ သူတို့ထဲတွင် အထူးအဆင့်ဝိညာဉ်အမြစ် ပိုင်ဆိုင်ထားသူ တစ်ဦးရှိနေလိမ့်မည်ဟု မည်သူမျှ မထင်မှတ်ထားခဲ့ကြချေ။ အထူးအဆင့်ဝိညာဉ်အမြစ်နှင့် ပတ်သက်၍ လုံယီသည်လည်း အတော်အတန် လေ့လာထားဖူးသည်။ ၎င်းမှာ ကျင့်ကြံခြင်းလောက၏ အမြင့်ဆုံးသော ဝိညာဉ်အမြစ် အဆင့်အတန်းပင်။

အကယ်၍ ထိပ်တန်းအဆင့်မှာ နှစ်အနည်းငယ်အတွင်း တစ်ကြိမ်တွေ့ရခဲသော ပါရမီမျိုးဖြစ်ပါက အထူးအဆင့်မှာမူ ဆယ်စုနှစ်ပေါင်းများစွာ သို့မဟုတ် ရာစုနှစ်ပေါင်းများစွာမှ တစ်ကြိမ်သာ ပေါ်ထွက်တတ်သည့် ပါရမီရှင်မျိုး ဖြစ်သည်။ ထိုသို့သောသူများသည် ရွှေအမြုတေအဆင့်သို့ ရောက်ရှိနိုင်ခြေမှာ သာမန်လူများထက် အဆပေါင်းများစွာ သာလွန်သည်။ မည်သည့်ဂိုဏ်းကပင် ဖြစ်စေ ထိုကဲ့သို့သောလူကို တွေ့ရှိပါက ရတနာတစ်ခုကဲ့သို့ အမြတ်တနိုး ထားရှိကာ ပြုစုပျိုးထောင်ကြမည်မှာ အမှန်ပင်။

ဒုတိယအချက်မှာ နေနီဂိုဏ်းမှ အဆင့်မြင့်ပုဂ္ဂိုလ်တစ်ဦးသည် နယ်ခြားကို ဖြတ်ကျော်ကာ လူလာရောက်လုယူလိမ့်မည်ဟု မည်သူမျှ မတွေးရဲခဲ့ကြချေ။ ကျောက်နိုင်ငံဟူသည် အလောင်းထိန်းချုပ်ဂိုဏ်း၏ အခြေစိုက်စခန်း သူတို့၏ နယ်မြေဖြစ်သည်ကို လူတိုင်းသိကြသည်။ ဤလုပ်ရပ်မှာ အလောင်းထိန်းချုပ်ဂိုဏ်း၏ မျက်နှာကို လက်ဝါးနှင့် ရိုက်လိုက်သကဲ့သို့ပင် ဖြစ်ပြီး လုံးဝ အလေးမထားကြောင်း ပြသလိုက်ခြင်းပင်။

အကြီးအကဲဖန်မှာ ဒေါသအလိပ်လိပ် ထွက်လာပြီး “အဘိုးကြီးရုံ... မင်း အခုလို လုပ်ရပ်က လွန်လွန်းနေပြီ။ မင်းက ဂိုဏ်းနှစ်ခုကြား စစ်ပွဲဖြစ်အောင် ဆွပေးနေတာလား”

“စစ်ပွဲဖြစ်မှာကို မင်းတို့ကရော တိုက်ရဲလို့လား”

မျိုးရိုးအမည် ရုံဟုခေါ်သော အဘိုးအိုက အထင်သေးစွာ ပြောလိုက်သည်။

“လူကို မြန်မြန် ထုတ်ပေးလိုက်စမ်း။ မဟုတ်ရင် ငါ့ရဲ့ မှော်ပညာတွေက ဘယ်သူ့ကို သွားထိမှန်မလဲဆိုတာ ဂရုစိုက်နေမှာ မဟုတ်ဘူးနော်။ မတော်တဆဆိုပြီး မင်းတို့အားလုံးကို ပြာဖြစ်အောင် ရှို့ပစ်လိုက်ရမလား”

ထိုစကားကြောင့် အနားရှိသူအားလုံးမှာ ကျောရိုးထဲအထိ စိမ့်တက်သွားကာ ကြောက်ရွံ့တုန်လှုပ်သော အမူအရာများ ဖြစ်ပေါ်လာကြသည်။ အကြီးအကဲဖန်၏ မျက်နှာမှာလည်း အကြိမ်ကြိမ် ပျက်ယွင်းသွားတော့သည်။ သို့သော် သူ၏ လက်ရှိအခြေအနေမှာ အလွန်ပင် ဆိုးရွားနေပြီး မျက်နှာမှာ သေသူကဲ့သို့ ဖြူလျော့ကာ အသက်ရှူသံများလည်း ကစဉ့်ကလျား ဖြစ်နေသဖြင့် ရန်သူကို ယှဉ်နိုင်မည့် အင်အား မရှိတော့ချေ။

အခြေအနေကို သုံးသပ်ပြီးနောက် အကြီးအကဲဖန်သည် နောက်ဆုံးတွင် သူ၏ဒေါသကို ထိန်းချုပ်လိုက်ရသည်။ သူသည် မျက်မှောင်ကြုတ်လျက် “သူ့ရဲ့ သဘောထားကိုတောင် မမေးဘဲနဲ့ မင်းက အတင်းခေါ်သွားချင်တာလား” ဟု ပြောလိုက်သည်။

“ဟမ်...”

မျိုးရိုးအမည် ရုံအမည်ရှိ အဘိုးအိုက မျက်ခုံးပင့်လိုက်သည်။

“ကျန်းချန်လီ... ရှေ့ကို ထွက်ခဲ့စမ်း”

အကြီးအကဲဖန်က တပည့်တစ်ဦး၏ အမည်ကို ခေါ်ပြောလိုက်သည်။

ထိုသူမှာ အစောပိုင်းက အကြီးအကဲဖန်၏ ဘေးတွင် ထိုင်ရန် အထူးတလည် ရွေးချယ်ခံခဲ့ရသည့် တပည့်သုံးဦးအနက် တစ်ဦးပင်။ သူသည် အသက် (၁၅) နှစ် (၁၆) နှစ်ခန့်ရှိပြီး နွမ်းပါးသော မီးခိုးရောင် အဝတ်စုတ်များကို ဝတ်ဆင်ထားသည်။ ပုံစံမှာ အလွန်ပင် ရှက်ရွံ့ကြောက်လန့်နေပုံရပြီး အခြားသူများကိုပင် စေ့စေ့မကြည့်ရဲချေ။

မျိုးရိုးအမည်ရုံဖြင့် အဘိုးအိုသည် ကြေးမှန်တစ်ချပ်ကို ထုတ်ယူကာ ကျန်းချန်လီ၏ ခေါင်းပေါ်သို့ မြှောက်၍ အလင်းဖြင့် ထိုးကြည့်လိုက်သည်။ ထိုကြေးမှန်အတွင်း၌ ဆဋ္ဌဂံပုံ ပျားအုံသဏ္ဌာန် အစေ့အဆန်များဖြင့် ဖွဲ့စည်းထားသော ထူးဆန်းသည့် ကျောက်တုံးတစ်တုံး ပေါ်လာတော့သည်။ ထိုအစေ့အဆန်များအနက် ၂၀ ရာခိုင်နှုန်းကျော်မှာ မှိန်ပျပျ အလင်းရောင် ထွက်ပေါ်နေသော်လည်း ထက်ဝက်နီးပါးမှာမူ တောက်လောင်နေသော အနီရောင်အလင်းတန်းများ ထွက်ပေါ်နေသည်။

“ကောင်းတယ်... ကောင်းတယ်... တကယ်ကို ထူးခြားတဲ့ ပါရမီရှင်ပဲ”

ဤသည်ကို မြင်လိုက်ရသောအခါ အဘိုးအိုရုံသည် သူရှာဖွေနေသည့်သူ အမှန်ဖြစ်ကြောင်း သိရှိသွားပြီး စိတ်သက်သာရာ ရသွားတော့သည်။

“ကျန်းချန်လီ... မင်းက အလောင်းထိန်းချုပ်ဂိုဏ်းမှာပဲ ဆက်နေချင်သလား။ ဒါမှမဟုတ် ဟို နေနီဂိုဏ်း ဆိုတာကိုပဲ သွားချင်သလား”

အကြီးအကဲဖန်က မေးမြန်းလိုက်သည်။

“မင်းသာ နေချင်တယ်ဆိုရင် ဒီနေ့ ငါ့အသက်ကို ရင်းပြီးတော့တောင် သူ့ကို တိုက်ခိုက်ပေးမယ်...”

အကြီးအကဲဖန်၏ စကားပင် မဆုံးသေးမီမှာပင် ကျန်းချန်လီက တိုးညှင်းသော လေသံဖြင့် “ကျွန်တော်... နေနီဂိုဏ်းကိုပဲ သွားချင်ပါတယ်” ဟု ပြောချလိုက်သည်။

အကြီးအကဲဖန် : “...”

“တပည့်အနေနဲ့ အကြီးအကဲကို အသက်အန္တရာယ် မစွန့်စေချင်သလို ကျွန်တော့်ကြောင့်နဲ့ တခြားတပည့်တွေ ဒုက္ခရောက်မှာကိုလည်း မလိုလားပါဘူး”

ကျန်းချန်လီ၏ အသံမှာ အလွန်တိုးသော်လည်း ခိုင်မာပြတ်သားသော ဆုံးဖြတ်ချက်များ ပါဝင်နေသည်။

သူ၏ ရှင်းပြချက်ကို ကြားရသောအခါမှ အကြီးအကဲဖန်၏ မျက်နှာထားမှာ အနည်းငယ် ပြေလျော့သွားတော့သည်။

“ဟားဟားဟား တကယ့် မျိုးစေ့ကောင်းပဲ။ ငါတို့ နေနီဂိုဏ်းက ဒီလို ထူးချွန်တဲ့သူမျိုးတွေကို လိုအပ်နေတာ”

အဘိုးအိုရုံမှာ အတိုင်းထက်အလွန် ဝမ်းသာသွားတော့သည်။

သူသည် လက်ကို ဝှေ့ယမ်းလိုက်ရာ အဖြူရောင် လေထုတစ်ခုက ကျန်းချန်လီကို ရစ်ပတ်ကာ သူ၏ ဘေးနားသို့ ဆွဲခေါ်သွားတော့သည်။ အလောင်းထိန်းချုပ်ဂိုဏ်းမှ တစ်စုံတစ်ဦးက စိတ်ပြောင်းသွားမည်ကို စိုးရိမ်နေဟန် ရှိသည်။

“အဘိုးကြီးဖန်... ငါ့ဂိုဏ်းသားသစ်လေးရဲ့ မျက်နှာကို ထောက်ထားပြီး ဒီနေ့တော့ မင်းကို အသက်ချမ်းသာပေးလိုက်မယ်”

မျိုးရိုးအမည် ရုံအမည်ရှိ အဘိုးအိုသည် ဖျာပုံသဏ္ဌာန် မှော်လက်နက်ကို စီးနင်းကာ ကျန်းချန်လီကို ခေါ်ဆောင်၍ ရယ်မောလျက် ထွက်ခွာသွားသည်။ ခဏချင်းအတွင်းမှာပင် သူတို့သည် မိုးကုပ်စက်ဝိုင်းအလွန်သို့ ပျောက်ကွယ်သွားတော့သည်။

ကျန်ရစ်ခဲ့သည်မှာကား မျက်နှာပျက်ယွင်းနေသော အကြီးအကဲဖန်ပင်။ သူသည် တစ်ခွန်းမျှ စကားမဆိုဘဲ ကြာမြင့်စွာ ရပ်နေမိသည်။ ရုတ်တရက် ထွက်ပေါ်လာသော ထိတ်လန့်တကြား အော်ဟစ်သံတစ်ခုကသာ သူ့အား သတိပြန်ဝင်လာစေတော့သည်။

“မင်းသား... မင်းသားကြီး သေပြီ”

ခမ်းနားသော ဝတ်စုံကို ဆင်မြန်းထားသည့် လူငယ်တစ်ဦးက မနီးမဝေးတွင် ပုံပျက်ပန်းပျက် ဖြစ်နေသော ရုပ်အလောင်းတစ်ခုကို ကြောက်လန့်တကြား ညွှန်ပြနေသည်။

“တကယ်ပဲ မင်းသားကြီးလား”

အားလုံးပင် ထိတ်လန့်တုန်လှုပ်သွားကြသည်။

“ဒါ သူဝတ်တဲ့ အဝတ်အစားတွေပဲ... သူ အမှန်ပဲ”

ရင်းနှီးသူတစ်ဦးက အတည်ပြုလိုက်သည်။

အကြီးအကဲဖန်သည် ရုပ်အလောင်းနားသို့ လျှောက်သွားရာ သူ၏မျက်နှာမှာ အလွန်ပင် မှောင်မှောက်နေတော့သည်။ ချိုးမင်းသား၏ သားတော်၊ ဂုဏ်သရေရှိသော မိသားစုနောက်ခံနှင့် မြင့်မြတ်သောအဆင့်အတန်းကြောင့် အကြီးအကဲများပင် လေးစားသမှု ပြုခဲ့ရသည့် ထိုမင်းသားငယ်သည် နေနီဂိုဏ်းအကြီးအကဲ၏ ချောင်းမြောင်းတိုက်ခိုက်မှုအတွင်း မမျှော်လင့်ဘဲ အသက်ဆုံးရှုံးသွားခဲ့ရသည်။

အကာအကွယ်အတားအဆီး၏ အက်ကြောင်းမှတစ်ဆင့် မြေပြင်သို့ ပြုတ်ကျကာ သေဆုံးခဲ့ရခြင်းမှာ တကယ့်ကို ကံဆိုးသည်။ သူ၏ ရဲရင့်သော ရည်မှန်းချက်များ၊ မောက်မာလှသော စကားလုံးများအားလုံးက ဤအခိုက်အတန့်တွင် အချည်းနှီး ဖြစ်သွားခဲ့ရသည်။

“အစ်မ... အစ်မကြီး”

နောက်ထပ် အမျိုးသမီးတစ်ဦး၏ ငိုရှိုင်းသံ ထွက်ပေါ်လာပြန်သည်။

“ဘာလို့ ဒီလိုကြီး ထားသွားရတာလဲ။ ငါတို့ မသေမျိုးလမ်းစဉ်မှာ အောင်မြင်အောင် ကျင့်ကြံပြီး မိဘတွေကို ခေါ်ပြီး ကောင်းကောင်းထားမယ်လို့ တိုင်ပင်ထားကြတယ်လေ”

သူမ၏ ငိုကြွေးသံမှာ ရင်နင့်ဖွယ်ကောင်းလှပြီး ကြားရသူအပေါင်းကို များစွာ စိတ်မကောင်း ဖြစ်စေသည်။ ထိုသူမှာ အမွှာညီအစ်မနှစ်ဦးအနက် ကျန်ရစ်သူ ညီမငယ်ပင်။ သူမ၏အစ်မဖြစ်သူ အသက် (၂၀) ပင် မပြည့်သေးသည့် ထိုလှပသော မိန်းကလေးငယ်သည်လည်း ခုနက ရုန်းရင်းဆန်ခတ်မှုအတွင်း မတော်တဆ သေဆုံးသွားခဲ့ရပြီ ဖြစ်သည်။

မင်းသားနှင့် အမွှာညီအစ်မအပြင် သွေးအိုင်ထဲ၌ လဲလျောင်းနေသော အခြားရုပ်အလောင်း ခြောက်ခုကိုလည်း တွေ့ရှိရသည်။ ဤလူများသည် ခုနကတင် စုတ်ပြတ်နေသော အဝတ်စပေါ်တွင် ရယ်မောကာ စကားပြောနေကြပြီး သူတို့၏ အနာဂတ် မသေမျိုးလမ်းစဉ်ကို အိပ်မက်မက်နေခဲ့ကြသူများပင်။

မျက်စိတစ်မှိတ်အတွင်းမှာပင် ရန်သူဂိုဏ်းအကြီးအကဲ၏ တိုက်ခိုက်မှုကြောင့် သူတို့သည် ကောင်းကင်ယံမှ ပြုတ်ကျသေဆုံးခဲ့ရပြီး ရုပ်အလောင်းပင် ကောင်းကောင်းမွန်မွန် မကျန်ရစ်ခဲ့ချေ။ ဤအချက်ကပင် မသေမျိုးလမ်းစဉ်၏ ခက်ခဲကြမ်းတမ်းမှုနှင့် အန္တရာယ်များကို သိသာထင်ရှားစေသည်။

ရောက်ရှိနေသူအားလုံး၏ နှလုံးသားထဲတွင် အေးစိမ့်သော ခံစားချက်တို့ ကိန်းအောင်းသွားတော့သည်။ သူတို့သည် ကျင့်ကြံခြင်းလမ်းစဉ်ပေါ်သို့ ခြေစချလိုက်ရုံရှိသေးသော်လည်း အလွန်ပြင်းထန်သော သင်ခန်းစာတစ်ခုကို ပေးဆပ်လိုက်ရသည်။

All Chapters