← Chapters

အခန်း (၇၁-၇၂)

Vol. 8 Ch. 71-72

အခန်း (၇၁-၇၂)

Vol. 8 Ch. 71-72

အခန်း။ ၇၁

ရွမ်နန်ကျူးတစ်ယောက် ရေမိုးချိုး ပြင်ဆင်ပြီး ခန်းမဆောင်ထဲသို့ ရောက်ရှိလာချိန်တွင် နံနက်စာ စားသောက်ပွဲကြီးမှာ ပြီးဆုံးနေပြီဖြစ်သည်။

ချန်ကျီရှင်းမှာ စန္ဒကူးကုလားထိုင်ပေါ်တွင် ထိုင်ရင်း လက်ဖက်ရည်ကို အေးအေးလူလူ သောက်နေ၏။ သူသည် ရံဖန်ရံခါ ရွမ်ကျန့်လုံနှင့် စကားအနည်းငယ် ပြောဆိုနေပြီး ရွမ်ကျန့်လုံကလည်း ဘေးနားမှနေ၍ ခေါင်းကို အဆက်မပြတ် ငြိမ့်နေသည်။

"တတိယသခင်လေး..."

ရွမ်နန်ကျူးက အနားသို့ လျှောက်လာပြီး တိုးညှင်းသော အသံလေးဖြင့် နှုတ်ဆက်လိုက်သည်။

"အော်... မမလေးနန်ကျူး အချိန်ကိုက် ရောက်လာတာပဲ"

ချန်ကျီရှင်းက ခေါင်းမော့ကာ ရွမ်နန်ကျူးကို ခပ်ပြုံးပြုံး ကြည့်လိုက်ပြီး လက်ဖက်ရည်ခွက်ကို ချကာ ပြောလိုက်သည်။

"ရွမ်မျိုးနွယ်စုခေါင်းဆောင်ဆီက ကြားတာတော့ မမလေးနန်ကျူးက ငါတို့ ဇီဝေ ချန်မိသားစုမှာ ပညာလာသင်ဖို့ အစီအစဉ်ရှိတယ်ဆို... ဟုတ်ပါသလား"

"ဟုတ်ပါတယ်"

ရွမ်နန်ကျူးက ခေါင်းငြိမ့်ပြလိုက်သည်။

ချန်ကျီရှင်းက ပြုံးလျက် "မမလေးရွမ်ရဲ့ ပါရမီက တကယ်ကို ထူးခြားပါတယ်။ ငါတို့ ချန်

မိသားစုမှာ လာရောက်ပညာသင်တာက ငါတို့အတွက် ဂုဏ်ယူစရာပါပဲ။ ငါ့အမြင်အရတော့ အချိန်ဆွဲမနေဘဲ ဒီနေ့ပဲ ထွက်ခွာကြရင် ဘယ်လိုလဲ အကြီးအကဲ မဟူရာက မမလေးကို ချန်မိသားစုဆီ လိုက်ပို့ပေးပါလိမ့်မယ်"

"ဒီနေ့ပဲ ထွက်ခွာရမှာလား"

ရွမ်နန်ကျူးမှာ ကြောင်အမ်းသွားရသည်။ ထွက်ခွာမည့်အချိန်က ဒီလောက်အထိ အလျင်စလို ဖြစ်နေလိမ့်မည်ဟု သူမ မထင်ထားခဲ့ပေ။

"ဘာလို့လဲ မမလေးနန်ကျူးမှာ တခြား လုပ်စရာတွေ ရှိနေလို့လား"

ချန်ကျီရှင်းက မျက်ခုံးတစ်ချက် ပင့်ကာ မေးလိုက်သည်။

ရွမ်နန်ကျူးသည် သူမကို မျက်ရိပ်မျက်ကဲ အသည်းအသန် ပြနေကြသော ရွမ်ကျန့်လုံနှင့် ဇနီးဖြစ်သူကို တစ်ချက်ကြည့်လိုက်ပြီးမှ ခေါင်းငြိမ့်ကာ လက်ခံလိုက်ရတော့သည်။

"တတိယသခင်လေးရဲ့ အမိန့်အတိုင်းပါပဲရှင်"

"ကောင်းပြီ... ဒါဆို မမလေးရွမ် လိုအပ်တာတွေ သွားပြင်ဆင်လိုက်ဦးလေ။ အော်... ပြီးတော့ မင်းနဲ့ရင်းနှီးတဲ့ အစေခံအချို့ကိုလည်း ခေါ်သွားလို့ရပါတယ်။ အဲဒီမှာ မင်းကို ပြုစုစောင့်ရှောက်ဖို့ အဆင်ပြေတာပေါ့"

ချန်ကျီရှင်းက နွေးထွေးစွာ ပြုံးပြလိုက်သည်။

ရွမ်နန်ကျူး ခပ်သုတ်သုတ် ထွက်ခွာသွားပြီးနောက်...

"တတိယသခင်လေး... သခင်လေးပြောပုံအရဆိုရင် ကျွန်တော်နဲ့အတူ ပြန်ဖို့ အစီအစဉ်မရှိဘူးလို့ ဆိုလိုတာလား"

ချန်ကျီရှင်း၏ နောက်တွင် ရပ်နေသော အကြီးအကဲ မဟူရာက မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။

"အင်း... ငါ့မှာ လုပ်စရာ ပုဂ္ဂိုလ်ရေးကိစ္စလေးတွေ ရှိသေးလို့ပါ။ အကြီးအကဲ မဟူရာက မမလေးရွမ်ကို အရင်ဆုံး ချန်မိသားစုဆီ လိုက်ပို့ပေးလိုက်ပါ..."

ချန်ကျီရှင်း စကားမဆုံးခင်မှာပင်...

"ဘာ"

အကြီးအကဲ မဟူရာ၏ အသံမှာ ရုတ်တရက် ကျယ်လောင်သွားပြီး ခေါင်းကို တရစပ် ခါယမ်းတော့သည်။

"မဖြစ်ဘူး မဖြစ်ဘူး။ လုံးဝ မဖြစ်နိုင်တာ တတိယသခင်လေး... အခု သခင်လေးရဲ့ အခြေအနေက အလွန်စိုးရိမ်ရတဲ့ အချိန်ပဲ။ ဘာအမှားအယွင်းမှ ဖြစ်လို့မရဘူး ကျွန်တော်က သခင်လေးရဲ့ ကိုယ်ရံတော်လေ။ သခင်လေး တစ်ယောက်တည်း သွားခွင့်ပြုဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူး။ ဒီကိစ္စကို ထပ်မပြောပါနဲ့တော့။ မဟုတ်ရင်တော့..."

ချန်ကျီရှင်း၏ လက်ထဲတွင် မှတ်တမ်းတင်ရန်အတွက်သာ သီးသန့်အသုံးပြုသော အလင်းမှန်တစ်ချပ် ရုတ်တရက် ပေါ်လာသည်။

အကြီးအကဲ မဟူရာ၏ မျက်နှာမှာ ချက်ချင်းပင် တောင့်ခဲသွားပြီး ယခင်က တားမရဆီးမရ ထွက်ပေါ်နေသော စကားလုံးများမှာလည်း ရုတ်တရက် ရပ်တန့်သွားတော့သည်။

"အကြီးအကဲ မဟူရာ... ခုနက အဘိုးရဲ့ အသံက နည်းနည်း ကျယ်သွားလို့ ကျွန်တော် သေချာ မကြားလိုက်မိဘူး။ နောက်တစ်ခေါက်လောက် ထပ်ပြောပေးလို့ ရမလား"

ချန်ကျီရှင်းက အကြီးအကဲ မဟူရာကို ကြည့်ပြီး မျက်တောင်တဖျတ်ဖျတ် ခတ်ကာ မေးလိုက်သည်။

"အဟွတ်... အဟွတ်..."

အကြီးအကဲ မဟူရာက လည်ချောင်းကို အားရပါးရ တစ်ချက် ရှင်းလိုက်ပြီးနောက် အသက်ကို ပြင်းပြင်းရှူသွင်းကာ သူ၏ အမူအရာမှာ ချက်ချင်းပင် ကြင်နာတတ်သော အဘိုးအိုတစ်ဦးအဖြစ် ပြောင်းလဲသွားတော့သည်။

"ကျွန်တော် ပြောချင်တာကတော့... တတိယသခင်လေးက အခု အရွယ်ရောက်နေပြီဆိုတော့ ကိုယ်ပိုင်လွတ်လပ်ခွင့်နဲ့ လျှို့ဝှက်ချက်လေးတွေ ရှိသင့်တာပေါ့။ ငှက်မွှေးစုံစ လင်းယုန်ငယ်လေးတစ်ကောင်လိုမျိုး ကိုယ့်ဘာသာကိုယ် ပျံသန်းတတ်အောင် သင်ယူရမယ် မဟုတ်လား စိတ်ချပါ သခင်လေး... ကျွန်တော် သခင်လေးရဲ့ ဆုံးဖြတ်ချက်ကို ရာနှုန်းပြည့် ထောက်ခံပါတယ်"

ချန်ကျီရှင်းက ပြုံးလျက် ခေါင်းညိတ်ပြလိုက်ပြီး "အကြီးအကဲ မဟူရာလို နားလည်မှုရှိတဲ့သူနဲ့ စကားပြောရတာ တကယ်ကို ပျော်စရာကောင်းပါတယ်" ဟု ပြောလိုက်သည်။

အကြီးအကဲ မဟူရာမှာ ချန်ကျီရှင်း၏ အပြုံးကို ကြည့်ရင်း မျက်တောင်များ တဆတ်ဆတ် တုန်သွားရသည်။

နားလည်မှုရှိတာလည်း ဝေးသေးတယ်။

ငါ့ရဲ့ အာချောင်နေတဲ့ စကားတွေကို အဲဒီမှန်ထဲမှာ မှတ်တမ်းတင်မထားခဲ့ရင်... ဒီနေ့လို ဗိုလ်ကျစိုးမိုးတာ ဆိုတာ ဘာလဲဆိုတာ ငါ မင်းကို သိအောင် လုပ်ပြမှာ...

တစ်ချိန်တည်းမှာပင် အကြီးအကဲ မဟူရာက သူ၏ စိတ်ထဲမှ အမြန် တွက်ချက်နေမိသည်။ တတိယသခင်လေးသည် လက်ရှိတွင် နတ်ဘုရားခရီးသွားနယ်ပယ်တွင် ရှိနေပြီး မျိုးနွယ်စုခေါင်းဆောင်ကိုယ်တိုင် ပေးသနားထားသော နတ်ဘုရားရတနာများစွာ ရှိသည်။ အကယ်၍ သာမန် စစ်မှန်သော ကိုယ်ပိုင်နယ်ပယ် ပညာရှင်တစ်ဦးနှင့် တွေ့လျှင်ပင် သုံးရက်သုံးည တိုက်ခိုက်ခြင်း မပြုဘဲ သခင်လေးကို သတ်နိုင်ရန် ခက်ခဲလိမ့်မည်။ ထိုအချိန်ပမာဏမှာ ဇီဝေချန်မိသားစုက ယိုကျိုးနယ်မြေ၏ မည်သည့်နေရာသို့မဆို ရောက်ရှိလာရန် လုံလောက်လှသည်။

ထိုစဉ်မှာပင် ဘေးမှ နားထောင်နေပြီး ဝင်မပြောဝံ့သော ရွမ်ကျန့်လုံက သတိထားကာ ဝင်ပြောလိုက်သည်

"ယိုကျိုးနယ်မြေက လူသူကင်းမဲ့ပြီး ပညာရှင် အင်အားကြီးသူတွေ သိပ်မရှိပါဘူး။ သခင်လေးအနေနဲ့ ကောင်းကင်မြစ်တောင်ကိုသာ ရှောင်သွားမယ်ဆိုရင် ဘာပြဿနာမှ ရှိမှာမဟုတ်ဘူးလို့ ကျွန်တော် ထင်ပါတယ်"

"ကောင်းကင်မြစ်တောင်"

ချန်ကျီရှင်းက ထိုအမည်ကို ကြားလိုက်ရချိန်တွင် စိတ်ဝင်စားသွားပြီး ဟန်မပျက် မေးလိုက်

သည်။

"ကောင်းကင်မြစ်တောင်မှာ ဘာဖြစ်နေလို့လဲ"

ရွမ်ကျန့်လုံက ပြန်ဖြေသည်။

"တတိယသခင်လေးက ယိုကျိုးကို အခုမှ ရောက်ဖူးတာဆိုတော့ မသိသေးတာ ဖြစ်မှာပါ။ လွန်ခဲ့တဲ့ သုံးရက်လောက်က ကောင်းကင်မြစ်တောင် အနီးအနားမှာ ရှေးဟောင်းဓားနတ်ဘုရား ရဲ့ အမွေအနှစ်လို့ ယူဆရတဲ့ နေရာတစ်ခု ပေါ်လာခဲ့တယ်။ အခုဆိုရင် ယိုကျိုးမှာရှိတဲ့ ဓားတာအိုကျင့်ကြံသူ အားလုံးနီးပါး ကောင်းကင်မြစ်တောင်ဆီကို ထွက်ခွာကုန်ကြပြီခင်ဗျာ"

"ဒါဆိုရင်တော့ ငါ သိပြီ"

ချန်ကျီရှင်းက ခေါင်းညိတ်လိုက်သော်လည်း သူ၏ မျက်ဝန်းထဲတွင် အမှောင်ရိပ်တစ်ခု ဖြတ်ပြေးသွားသည်။ ယခင်ဘဝက မဟာကျင့်ကြံခြင်းဂိမ်းထဲတွင် ရဲချန်၏ လက်ထဲမှတစ်ဆင့်သာ ပေါ်လာလေ့ရှိသည့် ထိုအမွေအနှစ်နေရာမှာ ယခု လက်တွေ့ဘဝတွင် ပေါ်လာလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။

ဒါ ငါ ရဲချန်ကို သတ်လိုက်လို့ ဖြစ်ပေါ်လာတဲ့ လိပ်ပြာတောင်ပံခတ် အကျိုးသက်ရောက်မှုလား။

ချန်ကျီရှင်း၏ စိတ်အစဉ်မှာ ထိုအတွေးများဖြင့် ရှုပ်ထွေးနေစဉ်မှာပင်...

"စိတ်မပူပါနဲ့ သခင်လေး... ကျွန်မရဲ့ သော့ချက်မရှိဘဲနဲ့တော့ ဘယ်သူမှ ဓားနတ်ဘုရားရဲ့ အမွေအနှစ်နေရာထဲကို မဝင်နိုင်ပါဘူး"

အနည်းငယ် ပင်ပန်းနွမ်းနယ်နေသော်လည်း အေးစက်တည်ငြိမ်သော ရင့်ကျက်သည့် အမျိုးသမီးအသံတစ်ခုမှာ ချန်ကျီရှင်း၏ စိတ်ထဲတွင် ရုတ်တရက် ပဲ့တင်ထပ်လာသည်။

"အော်... ချင်းအာလား နိုးလာပြီပေါ့"

ချန်ကျီရှင်း၏ စိတ်အာရုံမှာ အနည်းငယ် လှုပ်ခတ်သွားသည်။ ပြီးခဲ့သည့်အကြိမ် တာအိုပညာရှင် ကျိုဖုန်း၏ ဂူသင်္ချိုင်းအတွင်းမှ ထူးခြားသော ရတနာသုံးပါးကို သူ ရရှိခဲ့စဉ်က ကျောက်ခန်းမအတွင်း၌ ကျိုဖုန်း စုဆောင်းထားခဲ့သော တခြားသော နတ်ဘုရားလက်နက်များစွာကိုလည်း တွေ့ရှိခဲ့သည်။ တာအိုပညာရှင် ကျိုဖုန်းမှာ နတ်ဘုရားခရီးသွားနယ်ပယ်သာ ရှိခဲ့သဖြင့် သူစုဆောင်းထားသော လက်နက်များမှာ အဆင့်အတန်း သိပ်မမြင့်လှပေ။

ချန်ကျီရှင်းက ထိုလက်နက်များကို သူ့အတွက် အသုံးမဝင်ဘူးဟု ယူဆခဲ့သဖြင့် ချင်းအာကို စိတ်ကြိုက် ပေးအပ်ခဲ့သည်။ ထို့ကြောင့် ထိုကျောက်ခန်းမအတွင်း၌ ချန်ကျီရှင်းက ကိုးပါးသော နတ်ဘုရားနည်းစနစ်ကို လေ့လာနေစဉ် ချင်းအာမှာမူ ထိုလက်နက်များအတွင်းရှိ လက်နက်အရှိန်အဝါများကို ရူးသွပ်မတတ် စုပ်ယူနေခဲ့ခြင်းဖြစ်သည်။

နောက်ပိုင်းတွင် ချန်ကျီရှင်းသည် ကျိုဖုန်း၏ ဂူသင်္ချိုင်းမှ ထွက်ခွာလာခဲ့ပြီးနောက် ချင်းအာမှာလည်း နှစ်ခြိုက်စွာ အိပ်မောကျသွားခဲ့သည်။

"လုံးဝတော့ နိုးမလာသေးပါဘူး။ အခုထိ စုပ်ယူပြီး အစာချေဖျက်နေတုန်းပဲ။ ဒါပေမဲ့ ပြီးတော့မှာပါ"

ချင်းအာ၏ ပင်ပန်းနေသော အသံက ထွက်ပေါ်လာသည်။

"သခင်လေး... ကျွန်မ ခဏလောက် ထပ်အိပ်ပါဦးမယ်။ သခင်လေး ကောင်းကင်မြစ်တောင်ကို ရောက်တဲ့အခါကျရင် ကျွန်မကို ခေါ်လိုက်ပါ။ ဒီတစ်ခေါက်မှာ ကျွန်မရဲ့ အစွမ်းတွေက နတ်

ဘုရားခရီးစဉ်နယ်ပယ်ရဲ့ အထွတ်အထိပ်ကို ပြန်ရောက်နိုင်မယ်လို့ ခံစားနေရတယ်"

"ကောင်းပြီလေ"

ချန်ကျီရှင်းက ခေါင်းညိတ်ပြလိုက်ပြီး စိတ်ထဲမှ အနည်းငယ် သက်သာရာရသွားသည်။

ထိုသို့ဆိုလျှင် ဓားနတ်ဘုရား အမွေအနှစ်ကို အလျင်စလို သွားရန် မလိုတော့ပေ။

ခဏအကြာတွင် ချန်ကျီရှင်းသည် သူ့ကို ဆက်နေရန် တောင်းဆိုနေသော ရွမ်ကျန့်လုံ၏ စကားများကို လျစ်လျူရှုကာ ရွမ်အိမ်တော်မှ တစ်ယောက်တည်း ထွက်ခွာလာခဲ့တော့သည်။

...

...

နာရီအနည်းငယ် ကြာပြီးနောက် ညနေခင်း နေဝင်ဆည်းဆာ အလှမှာ မှေးမှိန်စပြုလာသည်။ လေတိုက်နှုန်းက ခပ်ဖြေးဖြေးနှင့် ရှေးဟောင်းလမ်းမထက်မှာတော့ အိုမင်းမစွမ်းဖြစ်နေသည့် မြင်းအိုကြီးတစ်ကောင်...

ကောင်းကင်မြစ်တောင်ဆီသို့ ဦးတည်နေသော ဤလမ်းဟောင်းကြီးမှာ လူသူကင်းမဲ့နေသည်မှာ ကြာလှပြီဖြစ်သည်။ ချန်ကျီရှင်းကမူ အလျင်မလိုဘဲ လမ်းဘေး၌တွေ့သည့် အရိုးငေါငေါ မြင်းအိုကြီးတစ်ကောင်ကို ဆွဲလျက် ဖြည်းဖြည်းချင်း လမ်းလျှောက်လာခဲ့သည်။

"ကောင်းကင်မြစ်တောင်က ဝူရွှမ်းမြို့နဲ့ သိပ်မဝေးဘူး။ လီ ၇၀၀ ကျော်ပဲ ရှိတာ။ အခုသွားနေတဲ့ အရှိန်နဲ့ဆိုရင် မနက်ဖြန် မိုးမလင်းခင် ရောက်နိုင်ပါတယ်"

ချန်ကျီရှင်းက စိတ်ထဲမှနေ၍ အချိန်ကို တွက်ချက်နေမိသည်။

ကောင်းကင်မှာ တဖြည်းဖြည်း မှောင်လာပြီး အရိပ်များကလည်း ပိုမိုနက်မှောင်လာခဲ့သည်။ အမှောင်ထုနှင့်အတူ လမ်း၏ တစ်ဖက်တစ်ချက်ဆီမှ တောင်မြူများက တလိပ်လိပ်တက်လာပြီး လမ်းမကြီးတစ်ခုလုံးကို ဝေဝါးသွားစေတော့သည်။ အစကတည်းက ခြောက်သွေ့တိတ်ဆိတ်နေသော လမ်းပျက်ကြီးမှာ ယခုမူ ပြောမပြတတ်အောင် စိမ့်စမ်းစရာ ကောင်းလာခဲ့သည်။

ရုတ်တရက် ချန်ကျီရှင်းက ခြေလှမ်းများကို ရပ်တန့်လိုက်ပြီး ရှေ့သို့ စိုက်ကြည့်လိုက်သည်။ သူဆွဲလာသော မြင်းအိုကြီးသည်လည်း တစ်ခုခုကို အာရုံခံမိပုံရပြီး ဂနာမငြိမ်ဖြစ်ကာ တိုးညှင်းစွာ ဟီသံပေးနေတော့သည်။

"ဒါက ဘာလဲ..."

ချန်ကျီရှင်း၏ မျက်လုံးများမှာ ရှေ့မှ မြူထူများကြားထဲတွင် အမည်းရောင် ဝတ်ရုံပွကြီးကို ခြုံထားပြီး ခေါင်းစွပ်စွပ်ထားသည့် လူရိပ်တစ်ခုကို သူ မြင်လိုက်ရသည်။ ဝတ်ရုံပေါ်၌မူ မီးတောက်သေးသေးလေးများကို ပန်းထိုးထားပြီး မြူထူများကြားတွင် ဝေဝါးစွာ ပေါ်နေခြင်းဖြစ်သည်။ ထိုလူက ခေါင်းကို ဖြည်းဖြည်းချင်း မော့လိုက်သည့်အခါ ခေါင်းစွပ်အောက်၌ ကြောက်မက်ဖွယ်ကောင်းသော ရွှေရောင် ပင့်ကူမျက်နှာဖုံး တစ်ခုကို တွေ့လိုက်ရသည်။

"ဇီဝေချန်မိသားစုရဲ့ တတိယသခင်လေး... ချန်ကျီရှင်းလား"

"ယန့်ကျိုးကနေ ယိုကျိုးအထိ... ငါ မင်းကို စောင့်နေတာ ကြာလှပြီ..."

အသံပေါင်းစုံ ရောယှက်နေသကဲ့သို့ အေးစိမ့်လှသော အသံကြီးမှာ ထိုဝတ်ရုံခြုံလူ၏ ပါးစပ်မှ ထွက်ပေါ်လာသည်။ အဆိုပါအသံနှင့်အတူ ချန်ကျီရှင်း၏ နောက်ကွယ်မှ မြူများကြားထဲတွင်မူ ရေထဲမှ ဆွဲတင်ထားသကဲ့သို့ သွေးစမရှိဘဲ ဖြူဖျော့နေသည့် လက်မောင်းတစ်ခုမှာ တိတ်တဆိတ် ထွက်ပေါ်လာခဲ့သည်။ ထို့နောက် လက်သည်းအမည်းရောင်များရှိသည့် ထိုလက်ဖဝါးမှာ လက်ချောင်းများကို ဖြဲကားလိုက်ပြီး ချန်ကျီရှင်း၏ နောက်ကျောဆီသို့ ဖြည်းဖြည်းချင်း တိုးကပ်လာနေသည်။

နီးကပ်လာပြီ... ပိုပြီးနီးကပ်လာပြီ...

နောက်တစ်ခဏတွင်မူ အဆိုပါ ဖြူဖျော့ဖျော့ လက်ကြီးမှာ ရုတ်တရက် အရှိန်မြှင့်လိုက်ပြီး ချန်ကျီရှင်း၏ ဦးခေါင်းကို ရက်ရက်စက်စက် လှမ်းဆွဲလိုက်တော့သည်။

အခန်း။ ၇၂

ဝုန်းးး

ကောင်းကင်ယံတစ်ခုလုံးကို သစ်ပင်အုပ်များဖြင့် ဖုံးလွှမ်းထားသည့် ချင်းကျိုးပြည်နယ်၏ တောနက်ကြီးအတွင်း၌...

လူရိပ်နှစ်ခုသည် အံ့အားသင့်ဖွယ် ကောင်းလောက်အောင် မြန်ဆန်လှသော အရှိန်အဟုန်ဖြင့် လှုပ်ရှားနေကြသည်။ သူတို့သည် ထူထဲလှသော သစ်ကိုင်းများကို နင်းလျှက် ခြေလှမ်းတစ်လှမ်းတိုင်းတွင် ပေရာချီသော အကွာအဝေးကို ရောက်ရှိအောင် ပျံသန်းနေကြခြင်းပင်။

"အခုထိ သူတို့ နောက်ကနေ လိုက်နေတုန်းပဲလား"

ဘယ်ဘက်မှ လူရိပ်မှာ ပြတ်သားသော မျက်နှာထားရှိသည့် လူငယ်တစ်ဦးဖြစ်ပြီး သူသည် နောက်သို့ တစ်ချက်တစ်ချက် လှည့်ကြည့်ရင်း မျက်မှောင်တို့ကို ပိုမို တင်းကျပ်စွာ ကြုတ်လိုက်မိသည်။

"ညီအစ်ကို မုန့်... ဒီလိုပုံစံအတိုင်း ဆက်သွားနေလို့ မဖြစ်တော့ဘူး"

ညာဘက်မှ လူရိပ်မှာမူ မျက်နှာတစ်ခုလုံးတွင် မည်းနက်သော အမှတ်အသားများဖြင့် ပြည့်နှက်နေပြီး ကြည့်ရသည်မှာ အတော်ပင် ထိတ်လန့်ဖွယ် ကောင်းလှ၏။ သူသည် တိုးညှင်းစွာဖြင့် အမြန်ပြောလိုက်သည်။

"ငါ သူ့ကို တားထားလိုက်မယ်။ မင်းကတော့ အမြန်သွားပြီး မီးတာအို နတ်ဘုရားစစ်သည်တော်တွေကို သွားခေါ်တော့"

"မဖြစ်နိုင်တာ။ ညီအစ်ကိုယွမ်... မင်းက ကြည်လင်ခြင်းနယ်ပယ်ကို ရောက်ခါစပဲ ရှိသေးတာ။ ဟိုဝဲနာဘုန်းကြီးက နတ်ဘုရားခရီးသွားနယ်ပယ် တစ်ဝက်ကို ရောက်နေပြီ။ မင်းသာ ကျန်ခဲ့ရင် သေရုံပဲ ရှိမှာပေါ့"

ထိုလူငယ်က အလျှင်အမြန်ပင် ခေါင်းခါယမ်းကာ ပြောလိုက်သည်။

"မိတ်ဆွေတစ်ယောက်အနေနဲ့ မင်း သေတွင်းထဲမှာ ကျန်ခဲ့တာကို ငါ ဘယ်လိုလုပ် ဒီအတိုင်း ကြည့်နေနိုင်မှာလဲ"

သို့သော် ရုပ်ဆိုးလှသော ထိုလူရိပ်က စကားဖြတ်ပြောလိုက်၏။

"ဒီလောက် စကားတွေ များမနေနဲ့တော့ မုန့်ဟယ်တုန်း။ မင်းသာ ငါ့ကို တကယ်ပဲ သူငယ်ချင်းလို့ သတ်မှတ်ရင် ငါပြောတာကို နားထောင်ပြီး အမြန်ဆုံး နတ်ဘုရားစစ်သည်တော်တွေကို သွားခေါ်ပါ"

ယွမ်ပုဖူး သို့မဟုတ် ချန်ချိုးအာဟု အမည်ရသော ထိုရုပ်ဆိုးသူသည် အသက်ကို ပြင်းပြင်းရှူလိုက်ရင်း သဲ့သဲ့လေး ပြုံးလိုက်ကာ

"ငါ ယွမ်ပုဖူး ဆိုတာက မိဘမဲ့ တစ်ဦးတည်းသောသူပဲ။ ဒီလောကကြီးထဲမှာ တစ်ကိုယ်တည်း မျောပါနေတဲ့ လှေငယ်လေးတစ်စင်းပေါ့။ ငါ သေသွားခဲ့ရင်တောင် ဘယ်သူမှ ဝမ်းနည်းမှာ မဟုတ်ဘူး။ ဒါပေမဲ့ မင်းကတော့ မတူဘူး။ မင်းမှာ ငါးနှစ်တာ ကတိကဝတ် ရှိသေးတယ်။ မင်း ပြန်အလာကို စောင့်မျှော်နေကြတဲ့သူတွေ အများကြီး ရှိသေးတယ်လေ"

"အခု သွားတော့။ အကယ်၍ ငါ သေသွားခဲ့ရင် ငါ့ကို မြှုပ်ဖို့ နေရာလေးတစ်ခုလောက်ပဲ ရှာပေးပါ။ ငါက ဒီလူ့ပြည်ကို တစ်ကိုယ်တည်း လာခဲ့သလို တစ်ကိုယ်တည်းပဲ ပြန်သွားမှာပါ။ ဘာနောင်တမှမရှိသလို ဘာသံယောဇဉ်မှလည်း မရှိဘူး"

စကားဆုံးသည်နှင့် ချန်ချိုးအာသည် မုန့်ဟယ်တုန်း၏ ကျောကို အားပြင်းပြင်းဖြင့် တွန်းထုတ်လိုက်ရာ မုန့်ဟယ်တုန်းမှာ ရှေ့သို့ လွင့်ထွက်သွားတော့သည်။ ထို့နောက် ချန်ချိုးအာသည် တွန့်ဆုတ်ခြင်းမရှိဘဲ နောက်သို့ ပြန်လှည့်ကာ အရှိန်အဟုန်ဖြင့် ပြေးဝင်သွားလေ၏။

"ညီအစ်ကို ယွမ်..."

မုန့်ဟယ်တုန်းသည် သေခြင်းတရားကို ရဲရဲဝံ့ဝံ့ ရင်ဆိုင်ရန် ထွက်ခွာသွားသော ထိုလူရိပ်ကို ကြည့်ရင်း သူ၏လက်သီးကို တင်းတင်းဆုပ်လိုက်မိသည်။

"ငါ မုန့်ဟယ်တုန်း အခု ဒီနေရာမှာ သစ္စာဆိုတယ်။ အကယ်၍ ညီအစ်ကို ယွမ်သာ ဒီကပ်ဘေးကနေ အသက်ရှင် လွတ်မြောက်ခဲ့ရင် မင်းက ငါ့ရဲ့ တစ်သက်တာ ညီအစ်ကိုပဲ"

မုန့်ဟယ်တုန်းသည် အသက်ကို ပြင်းပြင်းရှူလိုက်ကာ အမြန်ဆုံး ပြေးထွက်သွားတော့သည်။

တစ်ချိန်တည်းမှာပင် ချန်ချိုးအာသည် ကမ်းပါးစွန်းရှိ မြက်ခင်းပြင်တစ်ခုပေါ်သို့ ခုန်ဆင်းလိုက်ပြီး အဝေးတစ်နေရာသို့ တည်ငြိမ်စွာ စိုက်ကြည့်နေသည်။ သူသည် တစ်စုံတစ်ခုကို စောင့်ဆိုင်းနေသည့်အလားပင်။

ရှုးးး

မီးတောက်မီးလျှံများမှာ ကောင်းကင်ယံသို့ ပေါက်ကွဲထွက်သွားပြီး ချန်ချိုးအာ၏ ရှေ့မှောက်သို့ ကျရောက်လာသည်။ ထိုမီးတောက်များ တဖြည်းဖြည်း ပျောက်ကွယ်သွားသောအခါ စိမ်းပြာရောင် ဝတ်ရုံကို ဆင်မြန်းထားသော အသက်ကြီးကြီး ဝဲနာဘုန်းကြီးတစ်ပါး၏ ပုံရိပ် ပေါ်ထွက်လာတော့သည်။

"အော်... ဟိုမုန့်မျိုးနွယ် သူငယ်ချင်းလေးက ထွက်ပြေးသွားပြီး မင်းလို ရုပ်ဆိုးတဲ့ကောင်လေးကို ငါ့လမ်းမှာ ပိတ်ဆို့ဖို့ ထားရစ်ခဲ့တာပေါ့လေ"

ဝဲနာဘုန်းကြီးသည် မျက်မှောင်တို့ကို ပင့်တင်လျက် တြိဂံပုံသဏ္ဌာန်ရှိသော သူ၏မျက်ဝန်းများဖြင့် ချန်ချိုးအာကို အကဲခတ်ကာ စိတ်ဝင်တစား ပြောလိုက်၏။

"စကားတွေ များမနေနဲ့တော့။ ဒီနေ့တော့ မီးတာအို နတ်ဘုရားစစ်သည်တော်ကို ညီအစ်ကိုမုန့်က မဖြစ်မနေ ယူဆောင်သွားရလိမ့်မယ်"

ချန်ချိုးအာက တည်ငြိမ်စွာပင် တုံ့ပြန်လိုက်သည်။

"ဟားဟားဟား... တကယ့်ကို ကောင်းကင်တိုင်အောင် ကျော်ကြားမယ့် သစ္စာတရားပါပဲလား..."

ဝဲနာဘုန်းကြီးသည် အသံသြသြဖြင့် ရယ်မောလိုက်ပြီးနောက် "ကောင်းပြီလေ... အရင်ဆုံး မင်းကို လူသားပုံသဏ္ဌာန် ဝိညာဉ်ဆေးလုံးအဖြစ် ကျိုချက်လိုက်မယ်။ ပြီးမှ အဲဒီ နတ်ဘုရားစစ်သည်တော်တွေကို လိုက်လုတာပေါ့" ဟု ပြောလိုက်သည်။

သူသည် ပါးစပ်ကို ဟလိုက်ရာ ပုပ်ပွနေသော သွားများကြားမှ လျှာကို ထုတ်၍ ခြောက်သွေ့နေသော နှုတ်ခမ်းတို့ကို လျက်လိုက်၏။ သူ၏ မျက်ဝန်းအစုံ၌ လောဘရိပ်တို့ ထင်ဟပ်နေသည်။ ဤမျှ ငယ်ရွယ်သော ခန္ဓာကိုယ်ကို ဝိညာဉ်ဆေးလုံးအဖြစ် ကျိုချက်နိုင်ပါက အလွန်ပင် ခွန်အားဖြစ်စေမည်ပင်။

ထိုစဉ်မှာပင်...

"ရေစီးကြောင်း ဓားသိုင်း စိမ်းပြာရောင် လမင်းအလင်းတန်း ခုတ်ချက်"

ပြင်းထန်လှသော ဓားအလင်းတန်းသည် ကောင်းကင်ယံ၌ ရုတ်တရက် ပွင့်ထွက်လာတော့သည်။ ချန်ချိုးအာသည် ဓားအစုံကို ကိုင်စွဲလျက် ကောင်းကင်ကို ခွဲထုတ်နိုင်စွမ်းရှိသော ဓားအလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲကာ ဝဲနာဘုန်းကြီးထံသို့ ပြင်းထန်စွာ ခုတ်ပိုင်းလိုက်လေ၏။

"ကလေးကလား ကစားနည်းတွေပါပဲလား"

ဝဲနာဘုန်းကြီးက ပြုံးလိုက်ပြီးနောက် သူ၏ လက်ချောင်းငါးချောင်းကို ခါယမ်းလိုက်သည်။ ချက်ချင်းပင် ဝဲနာဘုန်းကြီး၏ လက်ချောင်းထိပ်များမှ မီးနဂါးငါးကောင် ထွက်ပေါ်လာတော့သည်။

ဒိုင်း ဒိုင်း ဒိုင်း ဒိုင်း ဒိုင်း

ဆက်တိုက်ဆိုသလို ပြင်းထန်သော အသံဗလံငါးချက် ပဲ့တင်ထပ်သွား၏။ ပထမဆုံး မီးနဂါးသုံးကောင်သည် ချန်ချိုးအာ၏ ပြင်းထန်သော ဓားအလင်းတန်းကို ရိုက်ခွဲပစ်လိုက်ပြီး စတုတ္ထမြောက် မီးနဂါးကမူ သူ၏ လက်ထဲမှ ဓားရှည်ကို လွင့်ထွက်သွားအောင် ပြုလုပ်လိုက်သည်။

ပဉ္စမမြောက် မီးနဂါးသည် ချန်ချိုးအာ၏ ရင်ဘတ်ကို တိုက်ရိုက်ထိမှန်သွားရာ သူသည် ကောင်းကင်ယံမှနေ၍ စုတ်ပြတ်နေသော အိတ်တစ်လုံးနှယ် မြေပြင်သို့ အရှိန်အဟုန်ဖြင့် ပြုတ်ကျသွားတော့၏။

"ကလေးလေး... အရင်ဆုံး ငါ့ရဲ့ ကိုယ်တွင်းဘုရားကျောင်းထဲကို ဝင်လိုက်စမ်းပါ။ နောက်မှ မင်းရဲ့ သူငယ်ချင်းကို မင်းနဲ့ ပြန်ဆုံနိုင်အောင် ငါ ပို့ပေးပါ့မယ်"

ဝဲနာဘုန်းကြီးသည် တိုးညှင်းစွာ ရယ်မောလိုက်ပြီးနောက် အလျှင်အမြန်ပင် လက်ဝါးချင်းရိုက်ကာ မန္တန်တံဆိပ်ခတ်လိုက်ပြီး ကောင်းကင်ကို မော့၍ အော်ဟစ်လိုက်တော့သည်။

"မီးတာအို အတတ် ငရဲမီးတောက် အကျဉ်းထောင်"

ဝုန်းးးးး

ခဏချင်းမှာပင် အတိုင်းအဆမရှိသော မီးတောက်မီးလျှံတို့သည် မြေပြင်မှ ပေါက်ကွဲထွက်လာကာ ပတ်ဝန်းကျင်တစ်ခုလုံးကို မီးပင်လယ်ကြီးအဖြစ် ပြောင်းလဲပစ်လိုက်တော့သည်။ မီးပင်လယ်၏ အလယ်ဗဟို၌ ချန်ချိုးအာသည် ရေတွက်မရသော မီးတောက်များအတွင်းသို့ ချက်ချင်းပင် နစ်မြုပ်သွားရရှာသည်။

"ကျိုချက်စမ်း"

ဝဲနာဘုန်းကြီး၏ အမိန့်ပေးသံနှင့်အတူ တဟုန်းဟုန်း တောက်လောင်နေသော မီးလျှံတို့သည် ချန်ချိုးအာ၏ ခန္ဓာကိုယ်ကို လုံးဝ ဝါးမြိုသွားတော့သည်။

"အားးးးး"

မီးပင်လယ်၏ အလယ်ဗဟိုတွင် မီးတောက်လူသားတစ်ဦးအဖြစ် ပြောင်းလဲသွားသော ချန်ချိုးအာသည် ရင်ကွဲမတတ် အော်ဟစ်ကာ မြေပြင်ပေါ်၌ အသည်းအသန် လူးလှိမ့်နေတော့သည်။

မီးတောက်များက သူ၏ အရေပြားကို တစ်လက်မချင်း လောင်ကျွမ်းစေပြီး အရိုးများကိုပါ ကင်ပစ်နေသကဲ့သို့ ရှိသည်။ သူ၏ ဆံပင်များမှာ အရင်ဆုံး မီးစွဲလောင်သွားပြီး သူသည် အသိစိတ်မဲ့စွာဖြင့် ခေါင်းမှမီးကို ငြှိမ်းသတ်ရန် ကြိုးစားလိုက်ရာ သူ၏ ဦးရေခွံတစ်ခုလုံးမှာ မည်သည့်အားစိုက်မှုမျှ မလိုဘဲ ကွာကျလာတော့သည်။ သွေးများ စီးကျလာချိန်ပင် မရလိုက်ဘဲ မြင့်မားလှသော အပူရှိန်ကြောင့် ချက်ချင်းပင် အငွေ့ပျံသွားခဲ့သည်။

ဟုန်းဟုန်းတောက်နေသော မီးပင်လယ်ကြီးထဲတွင် သူ၏ အရေပြားများမှာ ဖယောင်းတိုင်တစ်တိုင်လိုပင် မျက်ဝါးထင်ထင် အရည်ပျော်ကျလာခဲ့သည်။ ကြံ့ခိုင်သော စိတ်ဓာတ်ရှိသည့် ချန်ချိုးအာပင်လျှင် ဤမျှ ပြင်းထန်သော နာကျင်မှုကို မခံစားနိုင်တော့ဘဲ ငိုကြွေးအော်ဟစ်နေမိတော့သည်

"အားးး နာတယ် တော်တော်နာတယ်"

"ငါ့ကို သတ်လိုက်ပါတော့ တောင်းပန်ပါတယ်။ ငါ့ကို အခုပဲ တိုက်ရိုက် သတ်ပေးပါတော့"

မီးပင်လယ်ထဲတွင် လောက်ကောင်တစ်ကောင်လို အသည်းအသန် လူးလှိမ့်ခံစားနေရသော ချန်ချိုးအာကို ကြည့်ရင်း ဝဲနာဘုန်းကြီး၏ မျက်နှာမှာ မီးရောင်အောက်တွင် နီမြန်းနေပြီး ပို၍ပင် ရူးသွပ်လာသော အမူအရာ ပေါ်လာသည်။

"ကလေးလေး... ငါ မင်းကို အောင်မြင်အောင် ကျိုချက်ပြီးသွားရင် မနာတော့ပါဘူး"

ဘုန်းကြီးက ပြုံးလျက် လက်ကွက်များကို ဆက်တိုက်ဖော်ကာ မီးအရှိန်ကို မြှင့်လိုက်သည်။

"အားးးးးးး"

ငရဲခန်းအတွင်းမှ အော်ဟစ်သံများကဲ့သို့ စူးရှသော အသံကြီးမှာ သူ၏ နားထဲတွင် ဆက်တိုက် ပဲ့တင်ထပ်နေသည်။ ရှူထုတ်လိုက်သော အသက်အကြိမ်ပေါင်း ဒါဇင်အနည်းငယ်အကြာတွင် မီးပင်လယ်ထဲ၌ လူးလှိမ့်နေသော လူရိပ်မှာ ဖြည်းဖြည်းချင်း ငြိမ်သက်သွားပြီး မြေပြင်ပေါ်၌ လှုပ်ရှားမှု မရှိတော့ပေ။

"ပြီးသွားပြီလား"

ဘုန်းကြီး၏ မျက်လုံးများ တောက်ပသွားပြီး မီးတောက်များကို အမြန်ရုပ်သိမ်းကာ ချန်ချိုးအာဆီသို့ လျှောက်သွားလိုက်သည်။ ချန်ချိုးအာ၏ အရေပြားမှာ မီးလောင်ကျွမ်းမှုကြောင့် လုံးဝ အရည်ပျော်သွားခဲ့ပြီဖြစ်ရာ တစ်ဝက်တစ်ပျက် လောင်ကျွမ်းထားသော ဖယောင်းတိုင်အဖြူတစ်တိုင်နှင့် တူနေပြီး လူသားပုံသဏ္ဌာန်မှာ ဝေဝါးစွာသာ မြင်ရတော့သည်။

"ဆရာကြီး... ကျွန်တော် မှားခဲ့ပါတယ်။ တောင်းပန်ပါတယ်... ကျွန်တော့်ကို မသတ်ပါနဲ့..."

ကြောက်ရွံ့တုန်လှုပ်နေသော တောင်းပန်သံတစ်ခုမှာ ချန်ချိုးအာ၏ လည်ချောင်းထဲမှ ထွက်ပေါ်လာသည်။

"မသေသေးဘူးလား ဘယ်လိုဖြစ်နိုင်မှာလဲ"

ဘုန်းကြီး၏ မျက်နှာမှာ ချက်ချင်း ပြောင်းလဲသွားတော့သည်။

ရုတ်တရက်

ဒုန်း

အရိုးဖြူဖြူပေါ်တွင် အရည်ပျော်နေသော အသားစအနည်းငယ်သာ ကပ်နေသည့် လက်ကြီးတစ်ဖက်က ဘုန်းကြီး၏ လည်ပင်းကို အမိအရ လှမ်းဖမ်းလိုက်သည်။ ချန်ချိုးအာမှာ ဖြည်းဖြည်းချင်း မတ်တပ်ရပ်လာခဲ့ကာ သူ၏ ရှုံ့မဲ့နေသော မျက်နှာကြီးဖြင့် သူက ကြောက်မက်ဖွယ်ကောင်းသော အပြုံးတစ်ခုကို ပြုံးပြလိုက်ပြီး "ဆရာကြီး... ခုနက ကျွန်တော့်ရဲ့ သရုပ်ဆောင်ချက်က တကယ့်ကို အပြင်မှာလိုပဲ မဟုတ်လား"

ဝုန်းးးးးး

ချန်ချိုးအာ၏ ခန္ဓာကိုယ်အတွင်းမှ နတ်ဘုရားခရီးသွားနယ်ပယ်၏ အရှိန်အဝါများမှာ ဟုန်းခနဲ ပေါက်ကွဲထွက်ပေါ်လာတော့သည်။

"မင်း... မင်းက..."

ဝဲနာဘုန်းကြီး၏ မျက်နှာမှာ သွေးဆုတ်ဖြူလျော်သွားပြီး ကျောရိုးထဲမှတစ်ဆင့် ဦးခေါင်းအထိ အေးစိမ့်သွားကာ တစ်ကိုယ်လုံးရှိ အမွှေးအမျှင်များ ထောင်ထလာတော့သည်။

ဒုန်း ဒုန်း ဒုန်း..

ဖြန်း ဖြန်း ဖြန်း…

ထိုသူနှစ်ဦးမှာ ချက်ချင်းပင် အသေအလဲ တိုက်ခိုက်ကြတော့သည်။

ခဏအကြာတွင် ဘုန်းကြီး၏ အလောင်းမှာ မြေပြင်ပေါ်၌ ပက်လက်လန်လျက် ရှိနေတော့သည်။ သူ၏ မျက်လုံးများမှာ မယုံကြည်နိုင်လောက်အောင် ပြူးကျယ်နေပြီး သေခါနီးအချိန်၌ ကြောက်မက်ဖွယ်ရာ အရာတစ်ခုခုကို မြင်တွေ့သွားခဲ့ရသကဲ့သို့ပင်။

ချန်ချိုးအာသည် ကိုယ်ကိုအသာကိုင်းကာ ဘုန်းကြီး၏ နားနားသို့ ကပ်၍ တိုးညှင်းစွာ ပြောလိုက်သည်။

"ငါ ဒီကျင့်စဉ်ကို ကျင့်သင့်မကျင့်သင့်ဆိုတာ ဝေခွဲမရဖြစ်နေခဲ့တာ..."

"ငါ့ရဲ့ ကျင့်ကြံခြင်းတာအိုမှာ နောက်ဆုံးကျန်နေတဲ့ တွန့်ဆုတ်မှုကို ဖယ်ရှားပေးဖို့ ကူညီပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ် ဆရာကြီး"

ထိုသို့ပြောပြီးနောက် ချန်ချိုးအာသည် ဘုန်းကြီး၏ ဦးခေါင်းကို ဆွဲကာ အလောင်းကို တရွတ်တိုက်ဆွဲလျက် တောအုပ်ဘေးရှိ ချောက်ကမ်းပါးဆီသို့ တစ်လှမ်းချင်း လျှောက်သွားတော့သည်။ ချောက်ကမ်းပါးအောက်တွင်မူ အောက်ခြေမမြင်ရသော အဆိပ်အိုင်ကြီးတစ်ခု ရှိနေ၏။ ရံဖန်ရံခါတွင် စိပ်နေသော သွားချွန်ချွန်များရှိသည့် ထူးဆန်းသော ငါးကြီးများမှာ အဆိပ်အိုင်အတွင်းမှ ခုန်ထွက်လာကြသည်ကို မြင်တွေ့နေရသည်။

ဗွမ်း….

အမှိုက်တစ်ခုကို ပစ်ချလိုက်သကဲ့သို့ပင် ချန်ချိုးအာသည် ဘုန်းကြီး၏ အလောင်းကို အဆိပ်အိုင်ထဲသို့ ပစ်ချလိုက်သည်။ ရေပက်သံနှင့်အတူ ထူးဆန်းသော ငါးကြီးများမှာ ဘုန်းကြီး၏ အလောင်းဆီသို့ အငမ်းမရ ဝိုင်းအုံလာကြတော့သည်။

ဂျွတ်... ဂျွတ်... ဂျွတ်

အသားနှင့် အရိုးများကို ကိုက်ခဲဝါးစားသံများ ထွက်ပေါ်လာသည်။ မကြာမီမှာပင် မှောင်မည်းနေသော ရေမျက်နှာပြင်မှာ ပြန်လည်ငြိမ်သက်သွားပြီး နီမြန်းသော ဂယက်လှိုင်းအချို့သာ ကျန်ရစ်တော့သည်။

ချန်ချိုးအာသည် ချောက်ကမ်းပါးထိပ်တွင် ရပ်နေရင်း ဝေးကွာလှသော တောင်တန်းကြီးများဆီသို့ ငေးကြည့်နေမိသည်။ ထပ်ဆင့်နေသော တောင်တန်းကြီးများမှာ အဆုံးမရှိသကဲ့သို့ပင်။ တောင်ကြားမှတစ်ဆင့် တိုက်ခတ်လာသော အေးစိမ့်လှသည့် တောင်လေမှာ သူ၏ မျက်နှာကို ဖြတ်သန်းသွား၏။

သူသည် အတိတ်ဟောင်းများထဲတွင် နစ်မျောနေမိတော့သည်။ ငယ်စဉ်က စွန့်ပစ်ခံခဲ့ရပုံ၊ သူ၏ ရုပ်ရည်ကြောင့် မိသားစုအတွင်းရှိ ရွယ်တူကလေးများ၏ လှောင်ပြောင်ခြင်းကို ခံခဲ့ရပုံ၊ သူ့ကို နိမိတ်မကောင်းသော မိစ္ဆာတစ်ကောင်လို ဆက်ဆံခဲ့ကြပုံ၊ နောက်ဆုံးတွင် သူ၏ မိခင်ဖြစ်သူ သေဆုံးသွားချိန်၌ အစေခံများက သူမ၏ အလောင်းကို ဖျာစုတ်တစ်ချပ်နှင့် ပတ်ကာ တောတောင်ထဲသို့ အရေးမပါသလို ပစ်ထုတ်ခဲ့ကြပုံ...

ထိုနေ့က မိုးများ သည်းကြီးမဲကြီး ရွာသွန်းနေခဲ့ကာ သူသည် မြေပြင်ပေါ်၌ ဒူးထောက်၍ လက်နှစ်ဖက်ဖြင့် မြေကြီးကို တူးပြီး သူ၏ မိခင်အလောင်းကို ဂရုတစိုက် မြှုပ်နှံခဲ့ရသည်။

အတိတ်ကာလများမှာ ဒီရေအလား သူ၏ ရင်ထဲသို့ ဆက်တိုက် တိုးဝင်လာခဲ့သည်။ သူ၏ ဘဝမှာ ပျော်ရွှင်မှုဟူ၍ မရှိဘဲ ဝမ်းနည်းမှုများဖြင့်သာ ပြည့်နှက်နေခဲ့ပုံရသည်။

ရုတ်တရက် အင်္ဂါရပ်အားလုံး အရည်ပျော်နေသော ချန်ချိုးအာ၏ မျက်နှာထက်တွင် ဖျော့တော့သော အပြုံးတစ်ခု ပေါ်လာသည်။

"ဒါက အခက်အခဲလေး တစ်ခုပါပဲ..."

သူက တိုးတိုးလေး ရေရွတ်လိုက်၏။

All Chapters