← Chapters

အခန်း (၇၃-၇၄)

Vol. 8 Ch. 73-74

အခန်း (၇၃-၇၄)

Vol. 8 Ch. 73-74

အခန်း။ ၇၃

ဘုန်း…

ချန်ကျီရှင်းက သူ၏ခေါင်းကို အသာအယာ တိမ်းစောင်းလိုက်ရာ လက်သည်းအမည်းရောင်များရှိသော ဖြူဖျော့ဖျော့လက်ကြီးမှာ သူ၏ပါးပြင်ဘေးမှ ကပ်ပြီး ဝှေ့ယမ်းသွားသည်။

ချက်ချင်းဆိုသလိုပင် ချန်ကျီရှင်းက သူ၏လက်ချောင်းကို တောက်ခါလိုက်ရာ ထိုလက်ကြီးမှာ တစစီ ပေါက်ကွဲသွားပြီး ဖြူလွှလွှ မြူခိုးများအဖြစ် ပြောင်းလဲကာ လေထဲတွင် လွင့်စင်၍ ပျောက်ကွယ်သွားတော့သည်။

"ပင့်ကူအိမ်အဖွဲ့က လူတွေပဲလား... ငါ့ကို သူတို့ သတိထားမိလာလိမ့်မယ်လို့ ထင်ထားပြီးသားပါ"

ချန်ကျီရှင်း၏ မျက်ဝန်းများထဲတွင် ဝေခွဲမရသော အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားရင်း မြူထူများကြားတွင် ရပ်နေသော ဝတ်ရုံနက်ခြုံ ပင့်ကူမျက်နှာဖုံးစွပ်လူကို စိုက်ကြည့်လိုက်သည်။

"ဒီလိုဖြစ်လာမှတော့..."

ဝုန်းးးးး

"အကုန်လုံးကို သတ်ပစ်လိုက်ရုံပဲပေါ့"

ချန်ကျီရှင်း၏ မျက်ဝန်းများမှ နတ်ဘုရားအလင်းတန်းများ ပြင်းထန်စွာ ထွက်ပေါ်လာပြီး မြေပြင်ကို အားရပါးရ နင်းချလိုက်သည်။ ချက်ချင်းဆိုသလိုပင် သူ၏ခန္ဓာကိုယ်မှာ အမြောက်ဆန်တစ်ခုကဲ့သို့ ဟုန်ခနဲ ပြေးထွက်သွားပြီး ဝတ်ရုံနက်ခြုံလူဆီသို့ တဟုန်ထိုး တိုက်ခိုက်တော့သည်။

"ဟီးဟီး... မင်းမှာ အရည်အချင်း အနည်းငယ်တော့ ရှိသားပဲ။ ငါ့ရဲ့ မြူလက်ဝါးကို ရှောင်နိုင်တယ်ပေါ့... ဟင်"

ဝတ်ရုံနက်ခြုံ ပင့်ကူမျက်နှာဖုံးစွပ်လူမှာ အစက လက်နှစ်ဖက်ကို နောက်ပစ်ကာ အေးအေးလူလူ စကားပြောနေခြင်းဖြစ်သည်။ သို့သော် ဟင်းလင်းပြင်ကိုပင် တိတ်တဆိတ် ပြိုကွဲစေနိုင်လောက်သော ချန်ကျီရှင်း၏ လက်သီးချက်ကို မြင်လိုက်ရချိန်တွင် သူ၏ အမူအရာမှာ ရုတ်ချည်း ပြောင်းလဲသွားပြီး တည်ငြိမ်မှုများအစား ထိတ်လန့်တုန်လှုပ်မှုများက နေရာယူသွားတော့သည်။

"တောက် ဒီချန်ကျီရှင်းက အားနည်းတယ်လို့ သတင်းရထားတာ မဟုတ်ဘူးလား"

ပင့်ကူမျက်နှာဖုံးစွပ်လူမှာ ကြောက်လန့်တကြား အော်ဟစ်ကာ နောက်လှည့်ထွက်ပြေးရန် ကြိုးစားတော့သည်။

ဒုန်း….

နားကွဲမတတ် အသံကြီးနှင့်အတူ အရာအားလုံးမှာ ရုတ်တရက် ရပ်တန့်သွားခဲ့သည်။

မြူထူများကြားတွင် ချန်ကျီရှင်းသည် ရွှံ့ညွန်တစ်ခုလို ပျော့ခွေနေသော ပင့်ကူမျက်နှာဖုံးစွပ်လူကို လက်တစ်ဖက်ဖြင့် မြှောက်ကိုင်ထားရင်း မျက်မှောင်ကြုတ်လိုက်သည်။

"ဒီလောက် အားနည်းတဲ့ အစွမ်းနဲ့ ငါ့ကို လုပ်ကြံဖို့ လာတာလား..."

"မင်းက ငါ့ကို ဟာသလာလုပ်နေတာလား"

ချန်ကျီရှင်း၏ မျက်နှာမှာ မှောင်ကျသွားပြီး ပင့်ကူမျက်နှာဖုံးစွပ်လူကို အပေါ်သို့ ဖြည်းဖြည်းချင်း မြှောက်လိုက်သည်။

အစကတော့ ထိုလူ၏ ပုံစံမှာ နက်နဲဆန်းကြယ်ပြီး ခန့်မှန်းရခက်လွန်းသောကြောင့် ထိပ်တန်းပညာရှင်တစ်ယောက် ဖြစ်လိမ့်မည်ဟု သူ ထင်ထားခဲ့ကာ အနည်းငယ်ပင် စိုးရိမ်ခဲ့မိသေးသည်။ မထင်မှတ်ဘဲ ထိုလူမှာ အပေါ်ယံ ဟန်ပြသက်သက်သာ ဖြစ်နေခဲ့သည်။

ချန်ကျီရှင်းသည် နောက်ဆုံးအချိန်တွင် သူ၏အရှိန်ကို သိသိသာသာ လျှော့ချလိုက်ခြင်းကြောင့်သာ ဖြစ်သည်။ မဟုတ်ပါက ဤသူမှာ သူ၏လက်သီးတစ်ချက်အောက်မှာပင် အသားစအဖြစ် ပြောင်းလဲသွားပေလိမ့်မည်။

ထိုသူ၏မျက်နှာပေါ်မှ မျက်နှာဖုံးမှာ ကွဲအက်သွားပြီး ရှည်မျောမျောမျက်နှာ၊ ချွန်ထက်သော အင်္ဂါရပ်များနှင့် ချိုင့်ဝင်နေသော ပါးပြင်များကို မြင်တွေ့လိုက်ရသည်။ သူသည် အသက် ၃၀ သို့မဟုတ် ၄၀ ဝန်းကျင်ခန့် ရှိပုံရပြီး ကျင့်ကြံဆင့်မှာ အလွန်ဆုံးရှိလျှင် ကြည်လင်ခြင်းနယ်ပယ်၏ အထွတ်အထိပ်မှာသာ ရှိသည်။ လက်ရှိတွင် သူသည် ကြောက်လန့်တကြား တုန်ရီနေပြီး ချန်ကျီရှင်းကို ထိတ်လန့်တုန်လှုပ်စွာ စိုက်ကြည့်နေတော့သည်။

ထိုသူ၏ ဘောင်းဘီခွကြားမှလည်း ဆီးရည်များမှာ တစိမ့်စိမ့် ထွက်ကျနေ၏။

ဖြန်း…

ချန်ကျီရှင်းက ထိုလူ၏မျက်နှာကို လက်ဝါးဖြင့် ခပ်စပ်စပ် တစ်ချက် ရိုက်လိုက်သည်။

"နောက်မှ ငါမေးတာကိုပဲ ဖြေစမ်း။ နားလည်လား"

ချန်ကျီရှင်းက စိတ်မပါသလို ပြောလိုက်၏။

"အကယ်... အကယ်၍ ကျွန်တော် ပြောပြပြီးရင်... ခင်ဗျား ကျွန်တော့်ကို လွှတ်ပေးမယ်ဆိုရင် ပြောပြပါ့မယ်"

ထိုလူက ခေါင်းလေးပုကာ တိုးညှင်းစွာ ပြောလိုက်သည်။

ချန်ကျီရှင်းက မျက်မှောင်ကြုတ်လိုက်ပြီး စိတ်မရှည်သလို ဖြစ်သွားသော်လည်း တစ်ခုခုကို သတိရသွားပုံရကာ ခေါင်းညိတ်လိုက်ပြီး "ကောင်းပြီ... ငါ ကတိပေးတယ်။ ငါ ချန်ကျီရှင်းက အမြဲတမ်း ကတိတည်တဲ့သူပဲ"

ထိုစကားကို ကြားရသောအခါမှ ဟန်ကျုံးမှာ သက်ပြင်းရှည်ကြီးကို ချလိုက်ပြီး ပြုံးနိုင်သွားတော့သည်။

"ဒါဆိုရင် မေးပါတော့ခင်ဗျာ"

"မင်းက ဘယ်သူလဲ ဒီဝတ်စုံကို ဘယ်ကရတာလဲ ဘယ်သူက မင်းကို ငါ့ကိုလုပ်ကြံဖို့ လွှတ်လိုက်တာလဲ"

ချန်ကျီရှင်းက ခေတ္တစဉ်းစားပြီး မေးလိုက်သည်။

"အသေးစိတ်ပြောစမ်း အကုန်လုံးကို ပြောပြရမယ်"

ဤသူမှာ လွန်ခဲ့သောရက်က တောင်ဘက်နယ်စပ်တွင် ဇီဝေချန်မိသားစုကို ကြားဖြတ်တိုက်ခိုက်ခဲ့သည့် ဝတ်ရုံနက်ခြုံလူစုထဲမှ မဟုတ်သည် သေချာလှသည်။ သူတို့ ဝတ်ဆင်ပုံမှာ ဆင်တူသော်လည်း တိုက်ခိုက်ပုံနှင့် ကျင့်ကြံခြင်း အရှိန်အဝါမှာ လုံးဝ ကွာခြားလွန်းသည်။

ထိုစဉ်က လူစုမှာ ထူးဆန်းပြီး နက်နဲလွန်းကာ လုပ်ရပ်များမှာလည်း ရက်စက်လှသည်။ သူတို့၏ အနိမ့်ဆုံးကျင့်ကြံဆင့်မှာပင် နတ်ဘုရားခရီးသွားနယ်ပယ် အထွတ်အထိပ်မှာ ရှိသည်။ ထို့အပြင် အဓိကအချက်မှာ ထိုသူများသည် သေဘေးကို လုံးဝမကြောက်ကြဘဲ သေခြင်းတရားကိုပင် ပိုင်ဆိုင်လိုသည့် စိတ်ဓာတ်ရှိကြသည်။

၎င်းအပြင် ထိုသူများအားလုံး၏ မျက်နှာတွင် တူညီသော အင်္ဂါရပ်တစ်ခု ရှိကြသည်။ ၎င်းမှာ သူတို့၏မျက်နှာများမှာ ကွဲအက်နေသော ကြွေရုပ်ကလေးများကို ပြန်လည်ဆက်စပ်ထားသကဲ့သို့ ပြုပြင်ထားသော အမှတ်အသားများ ရှိနေခြင်းပင်။ ယခု ဤသူ့တွင်မူ ထိုအချက်များ လုံးဝမရှိပေ။

ဤနေရာတွင် တစ်ခုခုတော့ ထူးခြားနေသည် သေချာလှသည်။

"ကျွန်တော်... ကျွန်တော်က ဟန်ကျုံးပါ။ မူလကတော့ ယိုကျိုးက သာမန် လေလွင့်ကျင့်ကြံသူတစ်ယောက်ပါ။ မနှစ်က ပင့်ကူအိမ်ရဲ့ အရန်အဖွဲ့အစည်းတစ်ခုထဲကို ဆွဲဆောင်ခြင်း ခံခဲ့ရတာပါ။ သူတို့က ကျွန်တော့်ကို ဘာမှလုပ်ခိုင်းတာ မရှိပါဘူး။ ယိုကျိုးမှာပဲ နေထိုင်ပြီး သူတို့ရဲ့ အမိန့်ကို စောင့်နေဖို့ပဲ ပြောခဲ့တာပါ"

ဟန်ကျုံးက ဝါးကျည်တောက်ထဲက ပဲသွန်သလို အလျှင်အမြန် ပြောပြတော့သည်။

"အဲဒီအတွက် သူတို့က ကျွန်တော့်ကို မူလဝိညာဉ်ဆေးလုံးတစ်လုံး ပေးမယ်လို့ ကတိပေးခဲ့ပါတယ်"

"ဒီလို ကံကောင်းမှုမျိုးကို ကြားလိုက်ရတော့ ကျွန်တော်လည်း ချက်ချင်းပဲ သဘောတူလိုက်တာပေါ့"

"လွန်ခဲ့တဲ့ တစ်နှစ်ပတ်လုံး သူတို့ ကျွန်တော့်ကို တစ်ခါမှ ဆက်သွယ်တာ မရှိခဲ့ဘူး။ ဒီနေ့မှ ရုတ်တရက် ရောက်လာပြီး ဒီဝတ်စုံကို ပေးတယ်။ ပြီးတော့ ဒီလမ်းမကြီးပေါ်မှာ သခင်လေးကို စောင့်ပြီး လုပ်ကြံဖို့ ခိုင်းခဲ့တာပါခင်ဗျာ"

"သူတို့က ဒီကိစ္စအောင်မြင်သွားရင် ကျွန်တော့်ကို နတ်ဘုရားခရီးသွားနယ်ပယ်ထဲရောက်အောင် ကူညီပေးမယ်လို့ ကတိပေးထားလို့ပါခင်ဗျာ"

ဟန်ကျုံးက အသည်းအသန် ရှင်းပြတော့သည်။

"ဒါပဲလား"

ချန်ကျီရှင်းက မျက်မှောင်ကြုတ်လိုက်၏။

၎င်းကို မြင်လိုက်ရသောအခါ ဟန်ကျုံးမှာ ထိတ်လန့်သွားပြီး အမြန်ပင် ထပ်ဖြည့်ပြောလိုက်

သည်။

"တကယ် ဒါအကုန်ပါပဲ... ဒါပေမဲ့ သခင်လေး ကျွန်တော့်မှာ ကိုယ်ပိုင် တွေးဆချက်လေး အချို့တော့ ရှိပါတယ်။ မှန်မမှန်တော့ မသေချာဘူးပေါ့ဗျာ"

"တွေးဆချက် ပြောကြည့်စမ်း"

ချန်ကျီရှင်းက ခေါင်းညိတ်ပြလိုက်သည်။

ဟန်ကျုံးက အသက်ကို ပြင်းပြင်းရှူသွင်းကာ ခေတ္တတွန့်ဆုတ်နေပြီးမှ ဆက်ပြောသည်။

"တကယ်တော့ ကျွန်တော် ပင့်ကူအိမ်အဖွဲ့က လူတွေနဲ့ အရင်ကလည်း ဆက်ဆံဖူးပါတယ်။ ပြီးခဲ့တဲ့နှစ်က ကျွန်တော့်ကို ပင့်ကူအိမ်ရဲ့ အရန်အဖွဲ့ထဲ ဆွဲသွင်းခဲ့တဲ့သူတွေဟာ... မူလ ပင့်ကူအိမ်အဖွဲ့က လူတွေ မဟုတ်ဘူးဆိုတာ ကျွန်တော် သတိထားမိခဲ့တယ်။

သူတို့ စကားပြောနေတာကို ကျွန်တော် မရေမရာ ကြားလိုက်မိတာတော့ သူတို့ကိုယ်သူတို့ မီးကြွင်းမီးကျန်လို့ ခေါ်ကြပုံပဲ... ဟုတ်တယ် မီးကြွင်းမီးကျန်ပါ"

"ဒါပေမဲ့ သူတို့က တကယ့်ကို ဘယ်သူတွေလဲဆိုတာ အဲဒီတုန်းက ကျွန်တော် ဂရုမစိုက်ခဲ့ပါဘူး။ သူတို့ပေးတဲ့ မူလဝိညာဉ်ဆေးလုံးက တကယ်တန်ဖိုးရှိနေတော့ ကျန်တာကို သိပ်ပြီး အာရုံမထားမိတော့တာပါ"

ထိုစကားကို ကြားလိုက်ရချိန်တွင် ချန်ကျီရှင်း၏ မျက်ဝန်းများမှာ ချက်ချင်းပင် တောက်ပသွားတော့သည်။

အကယ်၍ ငါတို့ တောင်ဘက်နယ်စပ်မှာ တွေ့ခဲ့တဲ့ အဲဒီ ဝတ်ရုံနက်ခြုံလူစုက တကယ့် ပင့်ကူအိမ်အဖွဲ့ အစစ်သာ မဟုတ်ဘူးဆိုရင်တော့... အရာအားလုံးက အဖြေပေါ်သွားပြီ။

ငါ့ရဲ့ အရင်ဘဝ ဂိမ်းထဲမှာတုန်းကတော့ ဒီပင့်ကူအိမ်ဆိုတာ သိပ်ပြီး အရေးမပါတဲ့ လုပ်ကြံရေးအဖွဲ့အစည်းလေး တစ်ခုပဲလေ။ ဒါဆိုရင် အခြေအနေက ရှင်းနေတာပဲ။ ပင့်ကူအိမ်အဖွဲ့က အဲဒီ နက်နဲလှတဲ့ ဝတ်ရုံနက်ခြုံလူတွေရဲ့ လက်ချက်နဲ့ ပျက်စီးသွားတာ ကြာလှပြီပဲ ဖြစ်ရမယ်။ အခု သူတို့က ပင့်ကူအိမ်ရဲ့ နာမည်ကို အကာအကွယ်ယူပြီး ကျင့်ကြံခြင်းလောကထဲမှာ တိတ်တဆိတ် လှုပ်ရှားနေကြတာပေါ့။ ငါတို့ကို လှည့်စားနေတာပဲ"

ချန်ကျီရှင်းက စိတ်ထဲမှ စဉ်းစားနေမိသည်။

မီးကြွင်းမီးကျန်...

ဒီနာမည်က ဟိုလူတွေ ပြောနေတဲ့ မီးမျိုးစေ့ဆိုတဲ့ စကားလုံးနဲ့ တစ်ခုခု ပတ်သက်နေပုံပဲ။

ခဏအကြာတွင်...

"နောက်ထပ် ဘာရှိသေးလဲ"

ချန်ကျီရှင်းက အတွေးကို ရုပ်သိမ်းကာ တည်ငြိမ်စွာ မေးလိုက်သည်။

"ဒီ... အား သခင်လေး ဘာလို့ လက်ကြီးမြှောက်တာလဲ ရှိပါသေးတယ်။ ရှိပါသေးတယ်"

ချန်ကျီရှင်း လက်မြှောက်လိုက်သည်ကို မြင်သောအခါ ဟန်ကျုံးမှာ အသည်းအသန် လန့်ဖျန့်သွားပြီး ကြက်ကလေး ဆန်ကောက်သလို ခေါင်းကို တရစပ် ညိတ်ကာ ပြောတော့သည်။

"ဒီပင့်ကူအိမ် အရန်အဖွဲ့ထဲကို ရောက်နေတဲ့ ကျွန်တော့် သူငယ်ချင်းတစ်ယောက် ပြောတာတော့... သခင်လေးကို ကြားဖြတ်တိုက်ဖို့က ကျွန်တော် တစ်ယောက်တည်း မဟုတ်ဘူးတဲ့။ တခြားလူတွေလည်း တာဝန်ပေးခံထားရတယ်။ ဒါပေမဲ့ သူတို့က တစ်ခြား လမ်းမကြီးတွေပေါ်မှာ စောင့်နေကြတာပါခင်ဗျာ"

ချန်ကျီရှင်းက ထပ်မေးမှာကို ကြောက်နေသောကြောင့် ဟန်ကျုံးက သနားစဖွယ် မျက်နှာပေးဖြင့် "သခင်လေး... တကယ် ဘာမှမရှိတော့ပါဘူး။ တကယ်ပါဗျာ ထပ်မမေးပါနဲ့တော့" ဟု တောင်းပန်ရှာသည်။

"ကောင်းပြီလေ"

ချန်ကျီရှင်းက ခေါင်းညိတ်လိုက်ပြီး စိတ်ထဲမှ အနည်းငယ် သက်သာရာရသွားသည်။

ဤအချက်အလက်များအရ ထိုနက်နဲလှသော ဝတ်ရုံနက်ခြုံလူများသည် သူ၏ သွားလာလှုပ်ရှားမှုများကို အချိန်ပြည့် သိရှိနိုင်သည့် အခြေအနေသို့ မရောက်သေးကြောင်း ထင်ရှားနေသည်။

ချန်ကျီရှင်း အကြောက်ဆုံးဖြစ်ခဲ့သော သူ့နောက်ကို အမြဲတမ်း တကောက်ကောက် လိုက်နေခြင်း ဆိုသည့် အခြေအနေမှာ ဖြစ်မလာသေးပေ။

ဖြစ်နိုင်တာကတော့ အကြီးအကဲ မဟူရာက ရွမ်နန်ကျူးကိုခေါ်ပြီး ပျံသန်းတဲ့ သင်္ဘောနဲ့ ချန်မိသားစုဆီ တစ်ယောက်တည်း ပြန်သွားတာကို သူတို့ မြင်သွားကြတာပဲ ဖြစ်မယ်။ ဒါကြောင့် ငါ ယိုကျိုးမှာ ကျန်ခဲ့တယ်လို့ သူတို့ ယူဆပြီး လမ်းအသွယ်သွယ်မှာ ငါ့ကိုဖမ်းဖို့ ပိုက်စိပ်တိုက် စောင့်နေကြတာပေါ့။

ချန်ကျီရှင်းက တိတ်တဆိတ် တွေးတောနေမိသည်။

ဒါပေမဲ့ သေချာတာတစ်ခုကတော့ ငါဟာ မီးကြွင်းမီးကျန်လို့ခေါ်တဲ့ အဖွဲ့အစည်းရဲ့ ပစ်မှတ်အဖြစ် အသေအချာ သတ်မှတ်ခံလိုက်ရပြီပဲ။

ထိုသို့ တွေးလိုက်မိသည်နှင့် ချန်ကျီရှင်း၏ မျက်ဝန်းများထဲတွင် အေးစိမ့်သော အရိပ်အယောင်များ ဖြတ်ပြေးသွားသည်။ သူ၏ ခန္ဓာကိုယ်ထဲတွင် လျှို့ဝှက်ချက်များစွာ ရှိနေပြီး ထိုအထဲမှ တစ်ခုခုသာ ပေါက်ကြားသွားပါက သူနှင့် ဇီဝေချန်မိသားစုအတွက် အကြီးအကျယ် ဘေးဒုက္ခရောက်နိုင်သည်။

ယခုအချိန်တွင် တစ်ခါမှ မကြုံဖူးသေးသည့် ခြိမ်းခြောက်မှုနှင့် အရေးတကြီး လိုအပ်မှုတို့က မမြင်ရသော လက်တစ်ဖက်ကဲ့သို့ သူ၏ နှလုံးသားကို ညှစ်ထားသကဲ့သို့ ခံစားလိုက်ရသည်။

"သခင်လေး... ကျွန်တော် အခု သွားလို့ရပြီလားခင်ဗျာ"

ဟန်ကျုံးက သတိထားကာ မေးလိုက်သည်။

"ရတာပေါ့... ငါက အမြဲတမ်း ကတိတည်တဲ့သူပဲ"

ချန်ကျီရှင်းက အတွေးများကို ရုပ်သိမ်းလိုက်ပြီး ဟန်ကျုံးကို နွေးထွေးစွာ ပြုံးပြလိုက်ရာ ဟန်ကျုံး၏ ရင်ထဲတွင် အနည်းငယ် စိတ်အေးသွားရသည်။ သို့သော် ဟန်ကျုံးတစ်ယောက် ဦးညွှတ်ကာ ထွက်ခွာရန် ပြင်လိုက်စဉ်မှာပင်...

"အား ဘာဖြစ်တာလဲ ငါ့လက်က ရုတ်တရက် အမိန့်မနာခံတော့ဘူး..."

ဝုန်းးးး

လက်သီးတစ်ချက်တည်းနှင့် ဟန်ကျုံး၏ ခန္ဓာကိုယ်မှာ သွေးစိုင်သွေးခဲများအဖြစ် ပေါက်ကွဲသွားသည်ကို ကြည့်ရင်း ချန်ကျီရှင်းက အားနာသလို လေသံဖြင့် ပြောလိုက်သည်။

"စိတ်မကောင်းပါဘူးကွာ... ငါ့ဦးနှောက်ကတော့ မင်းကို လွှတ်ပေးချင်ပါတယ်။ ဒါပေမဲ့ ငါ့လက်ကတော့ မင်းကို လွှတ်မပေးချင်ဘူး ဖြစ်နေလို့"

ထို့နောက် ချန်ကျီရှင်းသည် အသက်ကို ပြင်းပြင်းရှူသွင်းကာ ကောင်းကင်မြစ်တောင်ရှိရာ အရပ်သို့ လှမ်းကြည့်လိုက်သည်။

မည်သို့ပင်ဖြစ်စေ ဤလောကတွင် ကိုယ်ကိုကိုယ် ကာကွယ်ရန်အတွက် ကိုယ်ပိုင်အစွမ်းအစကို မြှင့်တင်ခြင်းကသာ တစ်ခုတည်းသော နည်းလမ်းဖြစ်သည်။ ပို၍ အစွမ်းထက်လာအောင်၊ ပို၍ အင်အားကြီးလာအောင် လုပ်ရမည်။ လုံလောက်သော ခွန်အားကို ပိုင်ဆိုင်လာချိန်တွင် မကောင်းသော ရည်ရွယ်ချက်ရှိသူ အားလုံးမှာ အားစိုက်စရာပင်မလိုဘဲ အလိုလို ပျက်စီးသွားကြပေလိမ့်မည်။

"ဒုတိယမြောက် မဟာတာအိုမျိုးစေ့ကို ဖန်တီးဖို့ အချိန်ကို အသုံးချရမယ်"

ချန်ကျီရှင်း၏ မျက်ဝန်းများမှာ ပြတ်သားသော အသိတစ်ခုဖြင့် တောက်ပလာပြီး သူ၏ ရင်ဘတ်ထဲမှ အဖြူရောင် ကြက်ခြေခတ် မျက်နှာဖုံးတစ်ခုကို ထုတ်ကာ မျက်နှာတွင် တပ်လိုက်သည်။

နောက်တစ်ခဏမှာပင် ချန်ကျီရှင်းသည် ရှေ့သို့ တစ်လှမ်း လှမ်းလိုက်သည်။ ခြေလှမ်းတိုင်းမှာ တစ်လှမ်းထက်တစ်လှမ်း ပိုမြန်လာပြီး ပို၍ ပြင်းထန်လာ၏။

ဝုန်းးးးး

အသက်ရှူကြိမ် သုံးကြိမ်မျှအကြာတွင် ချန်ကျီရှင်းသည် ကောင်းကင်နှင့် မြေပြင်အကြား ပြေးလွှားနေသော လျှပ်စီးတန်းတစ်ခုအဖြစ် ပြောင်းလဲကာ ပျောက်ကွယ်သွားတော့သည်။

အခန်း။ ၇၄

နာရီဝက်ခန့် ကြာပြီးနောက် မဆုံးနိုင်အောင် ရှည်လျားလှပပြီး ခန့်ညားထည်ဝါလှသော တောင်ထိပ်ကြီးတစ်ခုမှာ ချန်ကျီရှင်း၏ ရှေ့မှောက်တွင် ပေါ်လာတော့သည်။

"သခင်လေး... ရှေ့ကတောင်က ကောင်းကင်မြစ်တောင်ပါပဲ"

အေးစိမ့်ပြီး ရင့်ကျက်သည့် အမျိုးသမီးအသံတစ်ခုက ချန်ကျီရှင်း၏ စိတ်ထဲတွင် ပဲ့တင်ထပ်လာသည်။

ချန်ကျီရှင်းက ခေါင်းကို အသာအယာ ငြိမ့်လိုက်ပြီး သူ၏ အရှိန်အဝါကို ဖုံးကွယ်ကာ သိပ်သည်းလှသော တောအုပ်ကြီးတစ်ခုအတွင်းရှိ ကျောက်စိမ်းတုံးကြီးတစ်တုံး၏ နောက်ကွယ်သို့ လျှောက်လှမ်းကာ ဝင်ရောက်သွားသည်။ ထို့နောက် သူသည် ကောင်းကင်မြစ်တောင်ဆီသို့ မော့ကြည့်လိုက်၏။

တောင်ပေါ်တွင် ဓားအရှိန်အဝါများမှာ ဟိန်းဟောက်နေပြီး ဓားအလင်းတန်းများမှာလည်း ဝဲလည်နေသည်ကို သူ မြင်လိုက်ရသည်။ အရပ်မျက်နှာအသီးသီးမှ လူရိပ်များမှာ ဓားများကို စီးနင်းကာ အရှိန်အဟုန်ဖြင့် ပျံသန်းလာကြပြီး လှပတောက်ပသော သက်တန့်ရောင်စဉ်များအလား ကောင်းကင်နှင့် မြေပြင်ကို ဖြတ်ကျော်နေကြသည်။ နေနှင့်လကိုပင် ကွယ်နိုင်လောက်သော ထိုမြင်ကွင်းမှာ အလွန်ပင် ခန့်ညားလှ၏။

ထိုသူတစ်ဦးချင်းစီမှာ သူ၏ ယခင်ဘဝက ဝတ္ထုများထဲမှ ဓားနတ်သမီး၊ ဓားနတ်သား ဇာတ်ကောင်များကဲ့သို့ပင် ဓားကိုစီး၍ လေကိုနှင်ကာ ကောင်းကင်ဘုံကိုးထပ်ကြားမှာ သီချင်းဆိုနေကြသကဲ့သို့ပင်။ လွတ်လပ်ပေါ့ပါးပြီး အနှိုင်းမဲ့လှသော အလှတရားပင်။

ချန်ကျီရှင်း၏ အကြည့်မှာ အာရုံစိုက်သွားပြီး အတန်ငယ် ငေးမောသွားမိသည်။ ဤကမ္ဘာသို့ ရောက်ရှိလာခဲ့သည့် ဆယ်နှစ်တာအတွင်း သူသည် အချိန်အများစုကို ဇီဝေတောင်ပေါ်မှာပဲ ကုန်ဆုံးခဲ့ရသဖြင့် ကျင့်ကြံခြင်းလောက၏ တကယ့်အလှတရားကို မမြင်ဖူးခဲ့ပေ။ ယခု မြင်တွေ့နေရသော မြင်ကွင်းမှာ တကယ့်ကို ကြီးကျယ်ခမ်းနားလှသော ကျင့်ကြံခြင်းလောက၏ ပုံရိပ်လွှာတစ်ခုကို သူ့အား စတင်ဖွင့်ပြလိုက်သကဲ့သို့ပင်။

၎င်းက သူ၏ နှလုံးသားကို တစ်စုံတစ်ခုကို တောင့်တလာအောင် လှုံ့ဆော်ပေးနေ၏။

"ခန့်ညားလိုက်တာ... တကယ့်ကို ခန့်ညားကြတာပဲ။ ဒါပေမဲ့... ဒီလူတွေက ဘာလို့ အကုန်လုံး မျက်နှာဖုံးတွေ စွပ်ထားကြတာလဲ"

ချန်ကျီရှင်း၏ မျက်နှာတွင် ထူးဆန်းသော အမူအရာတစ်ခု ပေါ်လာသည်။ ကောင်းကင်မြစ်တောင်ပေါ်ရှိ ကျင့်ကြံသူအများစုမှာ ဝတ်ရုံနက်ကြီးများဖြင့် မျက်နှာကို ဖုံးကွယ်ထားကြသူများ သို့မဟုတ် ခေါင်းစွပ်မျက်နှာဖုံးများ ဝတ်ဆင်ထားကြသူများသာ ဖြစ်သည်။ အတိုချုပ်ပြောရလျှင် တစ်ဦးချင်းစီမှာ သူတို့၏ ရုပ်ရည်နှင့် ပုံသဏ္ဌာန်ကို ဖုံးကွယ်ထားကြသဖြင့် ဘယ်သူဘယ်ဝါဆိုသည်ကို ခွဲခြားရန် အလွန်ခက်ခဲလှသည်။

"အစ်ကို... အစ်ကို့ကို အစ်ကိုလို့ပဲ ခေါ်ပါရစေ။ အစ်ကို့ခြေထောက်ကို နည်းနည်းလောက် ဖယ်ပေးလို့ ရမလား။ ကျွန်တော့်လက်ချောင်းတွေကို နင်းထားမိလို့ပါ"

ထိုစဉ်မှာပင် ချန်ကျီရှင်း၏ ခြေဖဝါးအောက်မှနေ၍ အလွန်အမင်း မကျေမနပ်ဖြစ်နေသော အသံတစ်ခု ထွက်ပေါ်လာသည်။

ချန်ကျီရှင်းမှာ ခေတ္တမျှ ကြောင်အမ်းသွားပြီး အလိုအလျောက် နောက်သို့ ခြေလှမ်းဆုတ်လိုက်မိသည်။ သစ်ရွက်ခြောက်များစွာ ဖုံးလွှမ်းနေသော မြေပြင်ပေါ်မှ လူရိပ်တစ်ခု ထလာပြီး သူ၏ လက်မကို တရစပ် မှုတ်နေသည်ကို သူ မြင်လိုက်ရ၏။

"အားး... ဝိုးး... နာလိုက်တာ သေတော့မှာပဲ"

ဆိတ်မျက်နှာဖုံးစွပ်ထားသည့် ထိုလူက သူ၏လက်ကို နာကျင်စွာ ပွတ်သပ်နေရင်း ချန်ကျီရှင်းကို မော့ကြည့်လိုက်သည်။ ထို့နောက် သူ၏မျက်ဝန်းများ တောက်ပသွားပြီး "အစ်ကို... အစ်ကို့မျက်နှာဖုံးက တော်တော်လေး ထူးခြားတာပဲ။ ဘယ်မှာ ဝယ်တာလဲ" ဟု မေးလိုက်၏။

"..."

ချန်ကျီရှင်းမှာ အတန်ငယ် အံ့အားသင့်သွားရသည်။ သူသည် စောစောက သူ၏ စိတ်အာရုံခံစားမှုအားလုံးကို လုံးဝ ထိန်းချုပ်ကာ ပိတ်ဆို့ထားခဲ့သဖြင့် ဤလူ မြက်တောထဲမှာ ပုန်းနေသည်ကို သတိမထားမိခဲ့ခြင်းပင်။

"ဘာလို့ အစ်ကိုက ဘာမှမပြောတာလဲ ကျွန်တော် ထွက်လာတဲ့ပုံစံက သိပ်ပြီး ခန့်ညားလွန်းလို့ အစ်ကို လန့်သွားတာလား"

ဆိတ်မျက်နှာဖုံးရှင်က မျက်တောင်တဖျတ်ဖျတ်ခတ်ကာ ပါးနပ်စွာ ပြုံးလိုက်ပြီး ဆက်

ပြောသည်။

"စောစောက အစ်ကိုတစ်ယောက်တည်း စကားပြောနေတာ ကျွန်တော် ကြားလိုက်ပါတယ်။ လူတွေ ဘာလို့ မျက်နှာဖုံး စွပ်ထားကြတာလဲလို့ တွေးနေတာ မဟုတ်လား ကျွန်တော် ပြောပြမယ်လေ"

သူက လည်ချောင်းကို တစ်ချက်ရှင်းလိုက်ပြီး "ရိုးရိုးလေးပါပဲ။ သိုင်းလောကထဲမှာ သွားလာနေတဲ့သူတိုင်းက သတိကြီးကြတယ် မဟုတ်လား။ အထူးသဖြင့် ဒီလိုမျိုး အခွင့်အရေးနဲ့ ကံကြမ္မာတွေကို လုယူရမယ့် နေရာမျိုးမှာလေ။ အကယ်၍ အစ်ကိုက မျက်နှာအစစ်နဲ့ အခွင့်အရေးတစ်ခု ရသွားမယ်ဆိုရင် နောက်တစ်နေ့မှာ တစ်ယောက်ယောက်က အစ်ကို့အိမ်

တံခါးကို လာခေါက်ပြီး လုယူမှာ မကြောက်ဘူးလား။ အစ်ကိုကိုယ်တိုင်တောင် အခု မျက်နှာဖုံးစွပ်ထားတာပဲ မဟုတ်လား"

ထိုစကားကို ကြားသောအခါ ချန်ကျီရှင်းက ခေတ္တစဉ်းစားပြီး ခေါင်းညိတ်လိုက်သည်။

"မင်းပြောတာလည်း ဟုတ်သားပဲ"

"ဒါပေါ့။ ကျွန်တော့်မျိုးရိုးက ရှန်း နာမည်ကတော့ ယန်ပါ။ အစ်ကို့ကိုရော ဘယ်လို ခေါ်ရမလဲ"

ရှန်းယန် အဲ့တော့ ဆိတ်ပေါ့။

ချန်ကျီရှင်းက စိတ်ထဲမှ ချက်ချင်း နားလည်လိုက်သည်။ ၎င်းမှာ အမည်ဝှက်တစ်ခု ဖြစ်ရမည်။ သို့သော် သူသည်လည်း ထပ်လောင်းစပ်စုနေမည့်သူ မဟုတ်ပေ။

"ငါက ပိုင်ရှီးပါ"

ချန်ကျီရှင်းက ယဉ်ကျေးစွာ နှုတ်ဆက်လိုက်သည်။

"ကောင်းပြီ... အစ်ကိုပိုင်က တစ်ယောက်တည်း လာတာလား။ ကျွန်တော်တို့ အဖွဲ့ဖွဲ့ပြီး တစ်ယောက်ကိုတစ်ယောက် စောင့်ရှောက်ကြရင် ဘယ်လိုလဲ"

ရှန်းယန်က မေးလိုက်၏။

ချန်ကျီရှင်းက ငြင်းပယ်ရန် ပြင်လိုက်သော်လည်း လူအုပ်ကြီးနှင့် ပြည့်နှက်နေသော ကောင်းကင်မြစ်တောင် မြင်ကွင်းကို ကြည့်ကာ စိတ်ကူးပြောင်းသွားပြီး ခေါင်းညိတ်လိုက်သည်။

"ဒါက ညီလေးရှန်းအတွက်... အခက်အခဲ မဖြစ်စေဘူးလား"

"ဟေး... ဘာလို့ အဲဒီလို ပြောရတာလဲ စကားပုံရှိသားပဲ... အိမ်မှာဆိုရင် မိဘကို အားကိုး၊ အပြင်မှာဆိုရင် သူငယ်ချင်းကို အားကိုးတဲ့။ တစ်ယောက်တည်း တိုက်ခိုက်နေတာထက်စာရင် အချင်းချင်း ကူညီတာက ပိုကောင်းတာပေါ့ မဟုတ်လား"

ရှန်းယန်က အားရပါးရ ရယ်မောလိုက်ပြီး ချန်ကျီရှင်း၏ ပုခုံးကို ပုတ်ကာ "သွားကြစို့ လမ်းမှာ ကျွန်တော် သူငယ်ချင်းအချို့နဲ့ တွေ့ထားတယ်။ အစ်ကို့ကို မိတ်ဆက်ပေးမယ်" ဟု ပြောကာ ချန်ကျီရှင်းကို တောင်ခြေဆီသို့ ခေါ်ဆောင်သွားတော့သည်။

မကြာမီမှာပင် ချန်ကျီရှင်းသည် တောင်ခြေ၌ ရပ်နေသော လူရိပ်သုံးခုကို မြင်တွေ့လိုက်ရသည်။ ရှန်းယန်၏ မိတ်ဆက်ပေးမှုကြောင့် သူတို့အချင်းချင်း အကျဉ်းချုံး မိတ်ဆက်လိုက်ကြ၏။

ထိုသုံးယောက်အနက် ဘယ်ဘက်ဆုံးမှ လူရိပ်မှာ ဝတ်ရုံနက်နှင့် ခေါင်းစွပ်ကို ဆောင်းထားပြီး မျက်နှာတွင် အနက်ရောင် ဇကာစများ ချထားသဖြင့် သူ၏မျက်နှာကို မမြင်ရပေ။

"ငါက ရွှီလီပါ။ ဓားဝင်္ကပါနည်းစနစ်မှာ ကျွမ်းကျင်တယ်"

ထိုသို့ပြောကာ ရွှီလီက သူ၏လက်ကို ဝှေ့ယမ်းလိုက်ရာ သူ၏ လက်အင်္ကျီစအတွင်းမှ လက်ဖဝါးအရွယ် ဓားပျံ ၂၄ လက်မှာ ချက်ချင်း ထွက်ပေါ်လာတော့သည်။

"ရွတ်ဖတ်စမ်း"

သူက တိုးတိုးလေး အမိန့်ပေးလိုက်သည်။

ချက်ချင်းဆိုသလိုပင် ထိုလက်ဖဝါးအရွယ် ဓားပျံ ၂၄ လက်မှာ ရေကူးနေသည့် ငါးလေးများအလား လေထဲတွင် ဝဲပျံသွားပြီး ဓားဝင်္ကပါတစ်ခုအဖြစ် ပေါင်းစည်းသွားတော့သည်။ ဓားဝင်္ကပါအတွင်း၌ ဓားအရှိန်အဝါများမှာ သောင်းကျန်းနေပြီး သတ်ဖြတ်လိုသော အငွေ့အသက်များမှာလည်း ကောင်းကင်တိုင်အောင် မြင့်မားနေကာ ပြင်းထန်ထူးခြားလှသည်။

"ကောင်းတယ်"

"ညီလေးရွှီရဲ့ ဓားဝင်္ကပါက တကယ်ကို ကြောက်စရာကောင်းတာပဲ။ ကြည်လင်ခြင်းနယ်ပယ်ရဲ့ အထွတ်အထိပ်မှာ ရှိတဲ့သူတောင် ဒီထဲရောက်ရင် ဒုက္ခလှလှတွေ့မှာ သေချာတယ်"

အစ်ကိုကြီးရှန်းက ချက်ချင်းပင် အားရပါးရ ချီးကျူးလိုက်သည်။

"ဒါက အသေးအဖွဲလေးပါဗျာ"

ရွှီလီက ရှက်ကိုးရှက်ကန်း ပြုံးလိုက်ပြီး သူ၏ လက်အင်္ကျီစကို ဝှေ့ယမ်းလိုက်ရာ ဓားပျံများမှာ အသိုက်ပြန်သည့် ပျံလွှားငှက်လေးများနှယ် သူ၏ လက်အင်္ကျီစအတွင်းသို့ ပြန်လည်ဝင်ရောက်သွားကြသည်။

အလယ်တွင် ရပ်နေသူမှာ အတော်အတန် အရပ်ရှည်သော အမျိုးသမီးတစ်ဦးဖြစ်ပြီး ရေကြိုးကြာငှက်တောင်ပံများကဲ့သို့ ရှည်လျားသော လက်အင်္ကျီပါသည့် နန်းတွင်းဝတ်စုံကို ဝတ်ဆင်ထားသည်။ သူမ၏ ခါးမှာ လက်တစ်ဖက်ဖြင့်ပင် ပတ်ကိုင်နိုင်လောက်အောင် သွယ်လျပြီး မျက်နှာတွင် ရွှေရောင် ဘိုင်လင်ငှက်မျက်နှာဖုံးကို စွပ်ထား၏။

"ငါက ဘိုင်လင်ပါ။ မျက်လှည့်ဓားတာအိုမှာ ကျွမ်းကျင်တယ်"

ထိုအမျိုးသမီး၏ အသံမှာ နူးညံ့လှသည်။ သူမက ဓားကို အသာအယာ လှည့်ပတ်လိုက်ရာ သူမ၏လက်ထဲတွင် ဓားပေါင်း ဒါဇင်နှင့်ချီ၍ ရုတ်တရက် ပေါ်လာတော့သည်။ ဘယ်အရာက အစစ် ဘယ်အရာက အတုဆိုသည်ကို ခွဲခြားရန်ပင် ခက်ခဲလှ၏။ ဤပညာမှာ အလွန်ပင် လက်ရာမြောက်လှသည်။ သို့သော် သူမ၏ အရှိန်အဝါကို ကြည့်ခြင်းအားဖြင့် သူမ၏ ကျင့်ကြံဆင့်မှာ သိပ်မမြင့်လှဘဲ အလွန်ဆုံးရှိလျှင် ဟင်းလင်းပြင်ကူးပြောင်းခြင်းနယ်ပယ်အထွတ်အထိပ်မှာသာ ရှိလိမ့်မည်ဟု ချန်ကျီရှင်း တွက်ဆလိုက်သည်။

တတိယမြောက် လူမှာမူ တစ်ချိန်လုံး တိတ်ဆိတ်နေပြီး သံမျက်နှာဖုံး အမည်းရောင်ကို စွပ်ထားသည့် အမျိုးသားတစ်ဦး ဖြစ်သည်။

" အာလျန်"

သူက စကားလုံးနှစ်လုံးကိုသာ တိုတိုတုတ်တုတ် ပြောလိုက်ပြီး ဓားကို တစ်ချက်တည်း ဝှေ့ယမ်းလိုက်ရာ အနက်ရောင် ဓားအလင်းတန်းတစ်ခုမှာ စောင်းလျက် ထွက်ပေါ်သွားပြီး မြေပြင်ပေါ်တွင် ပေဒါဇင်နှင့်ချီ၍ ရှည်လျားသော လမ်းကြောင်းကြီးတစ်ခု ဖြစ်သွားတော့သည်။

ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ အားလုံး၏ မျက်ဝန်းထဲတွင် ခန့်ညားထိတ်လန့်သော အရိပ်အယောင်များ ပေါ်လာတော့သည်။ ဘိုင်လင်ဟု ခေါ်သော အမျိုးသမီးမှာလည်း အာလျန်ကို မျက်လုံးလေးများ တောက်ပကာ ကြည့်လိုက်မိ၏။ ထိုဓားချက်တစ်ချက်တည်းမှ ထွက်ပေါ်လာသော အရှိန်အဝါအရ ဆိုလျှင် အနည်းဆုံး ကြည်လင်ခြင်းနယ်ပယ် အထွတ်အထိပ် သို့မဟုတ် နတ်ဘုရားခရီးသွားနယ်ပယ်ပင် ဖြစ်နိုင်သည်။

"အစ်ကိုပိုင်... အခု အစ်ကို့အလှည့်ပဲ အားလုံးကို အံ့အားသင့်အောင် လုပ်ပြဦးလေ"

အစ်ကိုကြီးရှန်းက ချန်ကျီရှင်းကို ကြည့်ကာ ရယ်မောပြောပြောလိုက်သည်။

ကျန်သောသူများကလည်း စူးစမ်းလိုစိတ်၊ မျှော်လင့်ချက်များဖြင့် ချန်ကျီရှင်းကို ကြည့်လိုက်ကြသည်။ အထူးသဖြင့် ဘိုင်လင်မှာ ချန်ကျီရှင်းကို သေချာ စိုက်ကြည့်နေမိ၏။ သူ၏ ဝတ်စားဆင်ယင်ပုံမှာ ထူးခြားလှသဖြင့် ဤသူမှာ သာမန်လူ မဟုတ်ဘဲ အတွေ့အကြုံယူရန် ထွက်လာသော မြင့်မြတ်သည့် မိသားစုကြီးတစ်ခုမှ တပည့်တစ်ဦး ဖြစ်နိုင်သည်ဟု သူမ တွေးနေမိသည်။ အကယ်၍ သူမသာ သူနှင့် နီးစပ်ခွင့်ရမည်ဆိုလျှင်...

"ကျွန်တော်လား"

ချန်ကျီရှင်းမှာ ခေတ္တမျှ ကြောင်အမ်းသွားပြီးမှ တိတ်ဆိတ်သွားတော့သည်။

ဓားတာအိုလား။

ငါက ဓားတာအိုအကြောင်းကို တစ်စက်ကလေးတောင် မသိဘူးလေ။

"ဘာဖြစ်လို့လဲ အစ်ကိုပိုင်အတွက် ပြသဖို့ အဆင်မပြေလို့လား ရပါတယ်ဗျာ... အဆင်မပြေရင်လည်း ကိစ္စမရှိပါဘူး။ ကျွန်တော်တို့ နားလည်ပါတယ်"

အစ်ကိုကြီးရှန်းက ရယ်လျက် ပြောလိုက်သည်။

"အဆင်မပြေတာတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ ကျွန်တော့်ရဲ့ ဓားတာအိုက..."

ချန်ကျီရှင်းက လက်သီးဖြင့် ပါးစပ်ကိုပိတ်ကာ ချောင်းတစ်ချက်ဟန့်လိုက်ပြီး "ကျွန်တော့်ရဲ့ ဓားတာအိုက... အဟမ်း... မဟာခွန်အား ဓားတာအိုလို့ ခေါ်ပါတယ်" ဟု ပြောလိုက်သည်။

"မဟာခွန်အား ဓားတာအို"

လူအုပ်ကြီးမှာ အံ့အားသင့်သွားပြီး တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်ကြသည်။

ဒီလို ဓားတာအိုမျိုး... ငါ တို့တစ်ခါမှ မကြားဖူးပါဘူး။

"အစ်ကိုပိုင်... မဟာခွန်အား ဓားတာအိုဆိုတာ ဘာကြီးလဲဗျ"

အစ်ကိုကြီးရှန်းက ခေါင်းနောက်ဘက်ကို ကုပ်ရင်း မေးလိုက်သည်။

"အဲဒါကတော့..."

ချန်ကျီရှင်းသည် သူ၏ကျောပေါ်ရှိ ဓားသေတ္တာအတွင်းမှ ချင်းအာဓားကို အသာအယာ ဆွဲထုတ်လိုက်ပြီး ရှေ့ရှိ တောင်စွန်းချောက်ကမ်းပါးကြီးတစ်ခုကို လှမ်းကြည့်လိုက်သည်။

သူသည် သူ၏ခန္ဓာကိုယ်အတွင်းမှ စွမ်းအားများကို အသာအယာ နိုးကြားစေလိုက်ပြီးနောက် မည်သည့် နည်းစနစ်ပုံစံမျှမရှိဘဲ ထိုတောင်စွန်းကို ဝုန်းခနဲ လွှဲရိုက်ချလိုက်တော့သည်။

ဝုန်းးးးးး

ခဏချင်းမှာပင် ထိုတောင်စွန်းချောက်ကမ်းပါးကြီးတစ်ခုလုံးမှာ တစစီ ကြေမွပျက်စီးသွားပြီး တောင်ကြီးတစ်ခုလုံးပင် ပြိုကျမတတ် ဟိန်းဟောက်သွားတော့သည်။

"အင်း... ဒါကိုပဲ ငါက မဟာခွန်အား ဓားတာအိုလို့ နာမည်ပေးထားတာ"

ချန်ကျီရှင်းက ဓားကို ဓားအိမ်ထဲ ပြန်ထည့်လိုက်သည်။ သူ၏မျက်နှာမှာတော့ အနည်းငယ် ရှက်ကိုးရှက်ကန်း ဖြစ်နေ၏။

စောစောက လုပ်ရပ်မှာ ဓားဖြင့် ခုတ်ပိုင်းလိုက်ခြင်းထက်စာလျှင် သန့်စင်သော ခွန်အားကြီးဖြင့် ထုရိုက်ဖျက်ဆီးလိုက်ခြင်းနှင့် ပိုတူနေသည်။

ခေတ္တမျှ အစ်ကိုကြီးရှန်းနှင့် ကျန်သောသူများမှာ တစ်ယောက်ကိုတစ်ယောက် ကြည့်ရင်း ကြောင်အမ်းနေကြသည်။

ခွန်အားအပြည့်နဲ့ ရှေ့ကို လွှဲရိုက်လိုက်ရုံတင်လား။ အဲဒါကိုပဲ မဟာခွန်အား ဓားတာအိုလို့ ခေါ်တာလား။

စောစောက မျှော်လင့်ချက်အပြည့် ရှိနေခဲ့သော ဘိုင်လင်မှာလည်း သူမ၏ မျက်ဝန်းထဲတွင် စိတ်ပျက်ရိပ်များ ချက်ချင်း ပေါ်လာတော့သည်။

ဒီလူက အပေါ်ယံပဲ ကြည့်ကောင်းတာပဲ။ သာမန်လူတစ်ယောက် ဖြစ်မှာပါ။ မဟုတ်ရင် ဘယ်

မြင့်မြတ်တဲ့ မိသားစုက ကလေးက ဒီလောက်အဆင့်မရှိတဲ့ ပညာမျိုး ရှိပါ့မလဲ။

သူမသည် စိတ်ထဲမှ တိတ်တဆိတ် ခေါင်းခါလိုက်ပြီး တိတ်ဆိတ်နေသော အာလျန်ဆီသို့သာ သူမ၏အကြည့်ကို ပြန်လည်ပို့ဆောင်လိုက်သည်။ သူမ၏ မျက်လုံးများမှာ ပြန်လည် တောက်ပလာ၏။

"အစ်ကိုပိုင်... အစ်ကို့ရဲ့ ဓားတာအိုက တကယ်ကို... တကယ်ကို ထူးခြားဆန်းပြားတာပဲဗျာ" အစ်ကိုကြီးရှန်းက နေရခက်စွာ ရယ်မောလိုက်ရသည်။

ဒီပိုင်ရှီးဆိုတဲ့လူက ဓားတာအိုမှာ ဘာမှမသိတဲ့ အစိမ်းသက်သက် လူသစ်တစ်ယောက်ပဲ။

သူတို့တွေ ရယ်မောနောက်ပြောင်နေကြစဉ်မှာပင်...

ဂျိန်းးးးးး

ကောင်းကင်ဘုံ ကိုးထပ်ကျော်ထက်မှ မြေကမ္ဘာကို တုန်လှုပ်စေမည့် ပေါက်ကွဲသံကြီးတစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။

ဟိုးအဝေး မိုးကုတ်စက်ဝိုင်းဆီမှနေ၍ လူရိပ်တစ်ခုမှာ ဓားကိုစီးကာ ချဉ်းကပ်လာသည်ကို မြင်လိုက်ရ၏။ ထိုသူ၏ ဓားချက်တစ်ချက်တည်းမှာပင် နေနှင့်လကို ဖြတ်တောက်ကာ ကောင်းကင်နှင့် မြေကြီးကို ဖောက်ထွက်သွားတော့မည့်အလား ကျယ်ပြောလှသော ကောင်းကင်ကြီးပင်လျှင် နှစ်ခြမ်းကွဲသွားရသည်။

"သူ တကယ်ပဲ ရောက်လာတာလား"

ချက်ချင်းဆိုသလိုပင် အစ်ကိုကြီးရှန်းနှင့် ကျန်သောသူများမှာ ကောင်းကင်သို့ မော့ကြည့်လိုက်ကြပြီး သူတို့၏ အမူအရာများမှာ ချက်ချင်း ပြောင်းလဲသွားတော့သည်။

All Chapters