← Chapters

အခန်း (၇၅-၇၆)

Vol. 8 Ch. 75-76

အခန်း (၇၅-၇၆)

Vol. 8 Ch. 75-76

အခန်း။ ၇၅

"ယိုကျိုး ချိုင်မိသားစုရဲ့ ဓားတာအိုဂုဏ်ထူးဆောင် ဆရာကြီး ချိုင်ချင်းချီပဲ"

ရှန်းယန်သည် ကောင်းကင်ယံသို့ မော့ကြည့်လိုက်ရာ မိုင်ပေါင်းသောင်းချီ ဝေးကွာသော အရပ်မှ ဓားကိုစီးနှင်းကာ ရောက်ရှိလာပြီး ကျယ်ပြောလှသော တိမ်ပင်လယ်ကြီးကို နှစ်ခြမ်းခွဲပစ်လိုက်သည့် အစိမ်းရောင်ဝတ်စုံနှင့် အဖိုးအိုကို မြင်လိုက်ရသဖြင့် လေးနက်သော အမူအရာဖြင့် ရေရွတ်လိုက်သည်။

"ချိုင်ချင်းချီက စစ်မှန်သော ကိုယ်ပိုင်အနှစ်သာရနယ်ပယ်ကို ချိုးဖျက်ဝင်ရောက်ပြီး ကိုယ်ပိုင် ဓားတာအိုမျိုးစေ့ကို ဖော်ဆောင်နိုင်ခဲ့တာ ကြာလှပြီ။ သူ့ရဲ့ ကျင့်ကြံဆင့်က စစ်မှန်သော

အနှစ်သာရ တတိယအဆင့်ကိုတောင် ရောက်နေလောက်ပြီ။ အဲဒါကို ဘာလို့ ဒီပွဲကို လာပါဝင်နေရတာလဲ"

ရှန်းယန်က ခေါင်းကိုသာ ခါယမ်းနေမိတော့သည်။

အခုလို အခြေအနေမျိုးမှာမှ စစ်မှန်သော အနှစ်သာရနယ်ပယ်က ဓားဆရာကြီးတစ်ဦးပါ ဝင်ပြီး ပြိုင်နေတယ်ဆိုတော့... ဒါက သက်သက်မဲ့ အနိုင်ကျင့်ရာ မရောက်ဘူးလား။

ကျန်တဲ့လူတွေအတွက်တော့ ဒါက ပြိုင်ပွဲမဟုတ်တော့ဘဲ အသတ်ခံဖို့ စောင့်နေရသလိုပဲ။ အဆင့်ချင်းက ကွာခြားလွန်းနေတာကို ဒီလိုပုဂ္ဂိုလ်မျိုးကပါ ဝင်ရှုပ်နေတာက တကယ့်ကို တရားမျှတမှု မရှိတဲ့ လုပ်ရပ်ပဲ။

"ညီလေးရှန်း... အကောင်းမြင်စမ်းပါ။ ဒီလို အမွေအနှစ် ပြိုင်ပွဲမျိုးမှာ ကျင့်ကြံဆင့်တစ်ခုတည်းနဲ့ ဆုံးဖြတ်တာ မဟုတ်ဘူး။ အခွင့်အရေးနဲ့ ကံကြမ္မာကလည်း အတူတူပဲ အရေးကြီးတယ်။ မဟုတ်ရင် လူတွေ ဘာလို့ အုန်းအုန်းကျွက်ကျွက် လာကြမလဲ ကျင့်ကြံဆင့် အမြင့်ဆုံးလူပဲ အမွေအနှစ်ကို ယူသွားလိုက်တော့မှာပေါ့ မဟုတ်ဘူးလား"

ရွှီလီက ပြုံးလျက် နှစ်သိမ့်လိုက်သည်။

အချိန်များမှာ တရွေ့ရွေ့ ကုန်ဆုံးသွားခဲ့သည်။

ကောင်းကင်မြစ်တောင်သို့ လူအများအပြား တစ်ယောက်ပြီးတစ်ယောက် ထပ်မံရောက်ရှိလာကြရာ ဆူညံပွက်လောရိုက်သွားတော့သည်။ ထိုအထဲတွင် အထူးသဖြင့် ခမ်းနားထည်ဝါစွာ ရောက်ရှိလာသူတစ်ဦးမှာ လူတိုင်း၏ အာရုံကို ဖမ်းစားလိုက်သည်။

၎င်းမှာ ပိုးထည်ဝတ်စုံ ဝတ်ဆင်ထားသော လူငယ်တစ်ဦးဖြစ်ပြီး သူ၏ ကျင့်ကြံဆင့်မှာ ထူးထူးခြားခြား မမြင့်လှဘဲ နတ်ဘုရားခရီးသွား ပဉ္စမအဆင့်ဝန်းကျင်တွင်သာ ရှိသည်။ သို့သော် သူ၏ ဘေးတွင် နတ်ဘုရားခရီးသွား အထွတ်အထိပ်ရှိသော ဓားအစေခံ လေးဦးသာမကဘဲ စစ်

မှန်သော အနှစ်သာရနယ်ပယ်မှ အစောင့်အရှောက်တစ်ဦးပါ အတူတူ လိုက်ပါလာခြင်းပင်။

ရှန်းယန်၏ ပြောပြချက်အရ ထိုသူမှာ ယွမ်ကျိုးရှိ ဟောက်ရီ ဓားဂိုဏ်း၏ ဂိုဏ်းချုပ်ငယ်လေးဖြစ်ပြီး အလွန်ပင် ဂုဏ်သတင်းကြီးမားသူ ဖြစ်သည်။

ဟောက်ရီ ဓားဂိုဏ်းသည် အရှေ့မြောက် နယ်မြေတစ်ခုလုံးတွင် အဆင့်အမြင့်ဆုံး ဓားတာအိုဂိုဏ်း သုံးခုအနက် တစ်ခုဖြစ်သည်။ ထိုဂိုဏ်းအတွင်း၌ မဟာထာဝရအသက်ရှင်ခြင်းနယ်ပယ်သို့ ရောက်ရှိသူ မရှိသေးသော်လည်း အထွတ်အထိပ်နယ်ပယ်တွင် ရှိသော ဘိုးဘေးကြီးတစ်ဦးက ဦးစီးနေခြင်းပင်။

အင်အားအရ ဆိုလျှင် ချန်ကျီရှင်း၏ ဇီဝေချန်မိသားစုနှင့်ပင် ရင်ဘောင်တန်းနိုင်လောက်သည်။

ခဏချင်းမှာပင် ကောင်းကင်မြစ်တောင် တစ်ခုလုံး၌ လှိုင်းတံပိုးကြီးများ မလာခင် ငြိမ်သက်နေသော မုန်တိုင်းကြို အငွေ့အသက်များကဲ့သို့ လျှို့ဝှက်သော အားပြိုင်မှုများဖြင့် ပြည့်နှက်သွားတော့သည်။

ထိုညနေခင်းတွင် ရှန်းယန်နှင့် အခြားသူများသည် မီးပုံဘေးတွင် ဝိုင်းဖွဲ့ကာ ဓားနတ်ဘုရား အမွေအနှစ်နေရာ အပြည့်အဝ ပေါ်ထွက်လာမည့်အချိန်ကို စောင့်ရင်း အေးအေးလူလူ စကားစမြည် ပြောနေကြသည်။

"ဟူး... ကျွန်တော် ငယ်ငယ်ကတည်းက အမေက အမြဲပြောတယ်။ ဒုက္ခကို သည်းခံနိုင်မှ လူတော်လူကောင်း ဖြစ်မှာတဲ့။ ဒါပေမဲ့ ကြီးလာတော့မှ သိလိုက်ရတယ်... တောက် ဒုက္ခခံတယ်ဆိုတာ တကယ်တော့ အဆုံးမရှိတဲ့ ဒုက္ခပင်လယ်ကြီးထဲမှာ နစ်နေရတာပါပဲလားလို့"

ရှန်းယန်က ဘယ်ကမှန်းမသိသော အရက်ဘူးကို ထုတ်ကာ စိတ်ပျက်လက်ပျက်ဖြင့် သောက်ရင်း ပြောလိုက်သည်။

ရွှီလီကလည်း ခါးသီးစွာ ပြုံးလျက် ခေါင်းညိတ်ထောက်ခံသည်။

"ဟုတ်တယ်... အရင်ကတော့ ကြိုးစားအားထုတ်မှုဆိုတာ ချီးကျူးစရာ အရည်အချင်းတစ်ခုလို့ ငါထင်ခဲ့တာ။ ဒါပေမဲ့ ကျင့်ကြံခြင်းလမ်းမှာ ခရီးပေါက်လာတော့မှ သိလိုက်ရတာက... တစ်ယောက်ယောက်က မင်းကို တကယ်ကြိုးစားတာပဲလို့ ပြောပြီဆိုရင် အဲဒါက မင်းမှာ တခြားချီးကျူးစရာ အချက်မရှိတော့လို့ ယဉ်ယဉ်ကျေးကျေးနဲ့ အားနာပါးနာ လာမြှောက်ပင့်ပေးနေတာပဲ။ ပါရမီအစစ်အမှန်ရှေ့မှာတော့ ကြိုးစားမှုဆိုတာ ပြောပလောက်တဲ့အရာ မဟုတ်တော့ဘူး"

"အော်... ညီလေးရွှီမှာ ဒီလို အတွေးအမြင်ရှိလိမ့်မယ်လို့ မထင်ထားဘူး ငါတို့တွေ တစ်ခွက်လောက် အတူသောက်သင့်တယ်"

ရှန်းယန်က မျက်လုံးများ တောက်ပသွားပြီး အရက်ဘူးကို ရွှီလီ့ထံ ကမ်းပေးလိုက်သည်။ ထို့နောက် ကောင်းကင်မြစ်တောင်ထိပ်ကို ငေးကြည့်ကာ အားကျမနာဖြစ်စွာဖြင့် နှုတ်ခမ်းသပ်လိုက်ပြီး "ဒီကမ္ဘာကြီးက အရမ်းရက်စက်တာပဲ။ အချို့လူတွေကျတော့ ငါတို့လို နောက်ခံမရှိတဲ့ သာမန်လူတွေ တစ်သက်လုံး ကြိုးစားရင်တောင် မရောက်နိုင်တဲ့ နေရာမျိုးမှာ မွေးဖွားလာကြတယ်။ ဟောက်ရီဓားဂိုဏ်းက ဂိုဏ်းချုပ်ငယ်လေးကိုပဲ ကြည့်လေ... သူ့ပါရမီက သိပ်မထူးခြားရင်တောင် ကံကောင်းတဲ့နေရာမှာ မွေးလာတာ။ မွေးကတည်းက ကောင်းကင်နဲ့မြေပြင်က ရတနာတွေ၊ ဆေးစွမ်းကောင်းတွေကို အလျှံပယ် သုံးနိုင်ခဲ့တယ်။ ငါတို့တွေက ဓားတာအိုကို တစ်ယောက်တည်း ခါးခါးသီးသီးနဲ့ရှာဖွေနေရချိန်မှာ သူကတော့ ဓားဆရာကြီးတွေဆီကနေ ကိုယ်တိုင်သင်ကြားမှုတွေ ရနေခဲ့သည်။ ဘယ်လိုသွားယှဉ်မလဲ... ယှဉ်လို့ကို မရဘူး မဟုတ်လား"

ထိုသို့ပြောရင်း ရှန်းယန်က တိတ်ဆိတ်စွာ နားထောင်နေသော ချန်ကျီရှင်းကို ကြည့်ကာ "အစ်ကိုပိုင်... ဘာလို့ ငြိမ်နေတာလဲ တစ်ခုခု ပြောပါဦး" ဟု မေးလိုက်သည်။

ချန်ကျီရှင်းမှာ အတန်ငယ် အံ့အားသင့်သွားပြီးမှ ပြုံးလျက် ပြောလိုက်သည်။

"ကျွန်တော့်အမြင်အရတော့ ညီလေးရှန်း ပြောတာ မမှားပါဘူး။ ဒါပေမဲ့ ကမ္ဘာကြီးရဲ့ သဘောက ဒီလိုပဲလေ။ အကယ်၍ တစ်စုံတစ်ယောက်ရဲ့ မျိုးဆက်သုံးဆက်စာ ကြိုးစားအားထုတ်မှုက မင်းရဲ့ ဆယ်နှစ်တာ ကြိုးစားမှုအောက်မှာ ရှုံးနိမ့်သွားမယ်ဆိုရင် အဲဒါက ပိုပြီးတော့ အဓိပ္ပာယ်မရှိဖြစ်မသွားဘူးလား"

ခေတ္တမျှ ရပ်နားပြီးနောက် ချန်ကျီရှင်းက ဆက်ပြောသည်။

"အခု သူတို့ ဘဝကို ပျော်ပျော်ပါးပါး ဖြတ်သန်းနိုင်တာက သူတို့ရဲ့ ဘိုးဘေးတွေက သူတို့အတွက် ဒုက္ခတွေကို ကြိုတင်ခံစားပေးခဲ့လို့ပဲ။ အခု မင်းက ဒုက္ခနည်းနည်းလောက် ပိုခံလိုက်မယ်ဆိုရင် မင်းရဲ့ သားစဉ်မြေးဆက်တွေကတော့ သာယာဝပြောမှုကို ခံစားခွင့် ရလာမှာပေါ့"

"ဘာတွေပြောနေတာလဲ ပါရမီရှိတဲ့သူက တစ်ရက်တည်းနဲ့ လုပ်နိုင်တဲ့အရာကို ငါတို့တွေက ရက်ပေါင်းတစ်ရာ ကြိုးစားရင်တောင် မလုပ်နိုင်ဘူး။ သူတို့က နယ်ပယ်တွေကို အလွယ်တကူ ကျော်ဖြတ်နိုင်ပေမဲ့ ငါတို့တွေက ဘယ်လောက်ကြိုးစားကြိုးစား နံရံတစ်ခုကို တိုးနေရသလိုပဲ။ အဲဒါက ဒုက္ခခံတာနဲ့ ဘာဆိုင်လို့လဲ"

ရှန်းယန်က ခေါင်းခါရင်း "အစ်ကိုပိုင်... အစ်ကိုက မိသားစုနောက်ခံကောင်းလို့ ကျင့်ကြံခြင်းလောကရဲ့ ဘေးအန္တရာယ်တွေကို မကြုံဖူးသေးတာပဲ။ အဲဒါကြောင့် ဒီလိုစကားတွေကို အေးအေးဆေးဆေး ပြောနိုင်တာပေါ့" ဟု ပြောလိုက်သည်။

"ဒါလည်း ဟုတ်တာပဲ"

ချန်ကျီရှင်းက ထပ်မံ ငြင်းခုံမနေတော့ဘဲ ခေါင်းညိတ်ပြလိုက်ကာ ကောင်းကင်မြစ်တောင်ဆီသို့သာ တိတ်ဆိတ်စွာ လှည့်ကြည့်နေတော့သည်။

ယခုအချိန်တွင် ကောင်းကင်မြစ်တောင်ပေါ်၌ စုဝေးရောက်ရှိနေသော ဓားကျင့်ကြံသူ အရေအတွက်မှာ တစ်ရာကျော် ရှိနေပြီ ဖြစ်သည်။

သို့သော် တကယ်တမ်းတွင်မူ သူ့အတွက် အမှန်တကယ် ခြိမ်းခြောက်မှု ပေးနိုင်သူမှာ နှစ်ဦး သုံးဦးခန့်သာ ရှိ၏။

ဓားတာအို ဂုဏ်ထူးဆောင်ဆရာကြီး ချိုင်ချင်းချီ၊ ဟောက်ရီဓားဂိုဏ်းမှ အစောင့်အရှောက်နှင့် နောက်ထပ်တစ်ဦးမှာ ချန်ကျီရှင်း အာရုံခံမိသော်လည်း ကိုယ်ထင်မပြသေးသော စစ်မှန်သော အနှစ်သာရနယ်ပယ်မှ လျှို့ဝှက်ပညာရှင်တစ်ဦးပင်။

ဒီမှာတင် အချိန်ဖြုန်းနေလို့ မဖြစ်တော့ဘူး။ ဒီလူအုပ်ကြီးရဲ့ အာရုံကို လွှဲပစ်ပြီး အမွေအနှစ်

နေရာထဲကို ဝင်နိုင်မယ့် နည်းလမ်းတစ်ခု ရှာရမယ်။

ချန်ကျီရှင်းက မျက်မှောင်ကြုတ်ကာ အတွေးနက်နေမိသည်။

ထိုစဉ်မှာပင် ရှန်းယန်နှင့် ရွှီလီတို့ကတော့ ဘဝအကြောင်း ဒဿနတွေကို ဆက်လက် ဆွေးနွေးနေကြဆဲပင်။ ဘိုင်လင်ဟုခေါ်သော အမျိုးသမီးငယ်မှာမူ ဓားသမား အာလျန်အနီးတွင်သာ ဝဲလည်ဝဲလည် လုပ်ရင်း ဂရုတစိုက်ရှိကြောင်း ပြသနေတော့သည်။

ဘိုင်လင်အတွက်တော့ ဒီတစ်ခေါက် ကောင်းကင်မြစ်တောင်ကို လာခဲ့ခြင်းမှာ ဓားနတ်ဘုရား၏ အမွေအနှစ်ကို ရဖို့ မျှော်လင့်ချက်ကြောင့် မဟုတ်ပေ။ သူမ၏ ရည်ရွယ်ချက်မှာ ကျင့်ကြံခြင်းလောက၏ အောက်ခြေအလွှာမှာ ရှင်သန်နေရသည့် သူမ၏ ကံကြမ္မာကို ပြောင်းလဲပေးနိုင်မည့် ပါရမီထူးချွန်သူ သို့မဟုတ် မိသားစုနောက်ခံကောင်းသူတစ်ဦးကို တာအိုအဖော်အဖြစ် ရှာဖွေရန်သာ ဖြစ်သည်။

တိတ်ဆိတ်လွန်းသော ဓားသမား အာလျန်မှာ သူမ သေချာစောင့်ကြည့်ပြီးမှ ရွေးချယ်လိုကသည့် နောက်ဆုံးပစ်မှတ်ပင်။

ညဉ့်နက်လာခဲ့ကာ မျက်တောင်တစ်ခတ်အတွင်းမှာပင် သန်းခေါင်ယံအချိန်သို့ ရောက်ရှိလာတော့သည်။

"သခင်လေး... ကျွန်မက တခြားတစ်ဖက်မှာ ဆူညံပွက်လောရိုက်အောင် လုပ်ပြီး လူတွေရဲ့ အာရုံကို ဆွဲထားပေးမယ်။ အဲဒီအချိန်မှာ သခင်လေးက ဓားနတ်ဘုရားရဲ့ အမွေအနှစ်နေရာထဲကို ဝင်လိုက်ရင် ဘယ်လိုလဲ"

အေးစိမ့်ပြီး ရင့်ကျက်သည့် အမျိုးသမီးအသံတစ်ခုက ချန်ကျီရှင်း၏ စိတ်ထဲတွင် ပဲ့တင်ထပ်လာပြန်သည်။

"အဲဒါ လုပ်သင့်တဲ့ နည်းလမ်းပဲ"

ချန်ကျီရှင်းက ခေတ္တမျှ စဉ်းစားပြီးမှ ခေါင်းညိတ်လိုက်သည်။

"ကောင်းပြီ သခင်လေး... မှတ်ထားပါ။ ဓားနတ်ဘုရားရဲ့ အမွေအနှစ်နေရာက ကောင်းကင်မြစ်တောင်ရဲ့ အရှေ့တောင်ဘက် တောင်ထိပ်မှာ ရှိပါတယ်။ အဲဒီကိုရောက်ရင် ခြေလှမ်းသုံးရာလောက် လျှောက်လိုက်ပါ။ ဖုံးကွယ်ထားတဲ့ ဂူပေါက်တစ်ခုကို တွေ့ပါလိမ့်မယ်။ ဂူထဲဝင်သွားရင် လမ်းခွဲပေါင်း ၇၃ ခု ရှိနေမှာပါ။ ၃၄ ခုမြောက် လမ်းကို ရွေးချယ်ပါ။ အဲဒီမှာ ကျူပင်တွေနဲ့ ကျူရွက်တွေ ဝန်းရံနေတဲ့ ရေတိမ်အိုင်လေးတစ်ခုကို တွေ့ပါလိမ့်မယ်။ အပင်တွေကို ဖယ်လိုက်ရင် အပြင်ကို ထွက်နေတဲ့ ကျောက်တုံးတစ်ခုကို တွေ့ပါလိမ့်မယ်။ အဲဒီကျောက်တုံးကို နှိပ်လိုက်ရင် ဂူနံရံ ပွင့်သွားပါလိမ့်မယ်။ အဲဒီ ကျောက်နံရံနားမှာ ကျွန်မကို စောင့်နေပါ..."

ချင်းအာက ညွှန်ကြားချက်များကို အလျှင်အမြန် ပြောကြားပြီးနောက် စိုးရိမ်တကြီးဖြင့် ထပ်မံမှာကြားလိုက်သည်။

"သခင်လေး... အကုန်လုံးကို အလွတ်မှတ်မိရဲ့လား"

"မှတ်မိပြီ"

ချန်ကျီရှင်းက ခေါင်းညိတ်ပြလိုက်သည်။

"ကောင်းပြီ... ဒါဆိုရင် စကြစို့"

ချင်းအာက အသာအယာ ပြုံးလိုက်၏။

"အင်း"

ချန်ကျီရှင်း၏ မျက်ဝန်းများ တောက်ပသွားပြီး မီးပုံဘေးမှ တိတ်တဆိတ် ထွက်ခွာလာကာ လူသူကင်းဝေးရာ ထောင့်တစ်နေရာသို့ လျှောက်သွားလိုက်သည်။

ရွှပ်…

ချင်းအာဓားသည် အသံမထွက်ဘဲ အိမ်အတွင်းမှ ထွက်ပေါ်လာပြီး မြေကြီးအတွင်းသို့ ချက်ချင်းပင် ငုပ်လျှိုးဝင်ရောက်သွားကာ ကောင်းကင်မြစ်တောင်၏ အနောက်မြောက်ဘက် ဆီသို့ တဟုန်ထိုး ပြေးထွက်သွားတော့သည်။

ချင်းအာဓား ထွက်ခွာသွားသည်ကို ကြည့်ရင်း ချန်ကျီရှင်း၏ မျက်ဝန်းများမှာ လျှို့ဝှက်ချက်များဖြင့် ဝင်းလက်နေ၏။ နောက်တစ်ခဏတွင် သူသည် အရှေ့တောင်ဘက် တောင်ထိပ်ဆီသို့ ပြတ်သားစွာ ခြေလှမ်းလှည့်လိုက်သည်။

ချန်ကျီရှင်း ထွက်ခွာသွားပြီး မကြာမီမှာပင်...

ဝုန်းးးးးး

ကောင်းကင်မြစ်တောင်၏ အနောက်မြောက်ထောင့်မှနေ၍ ဓားအလင်းတန်းတစ်ခုမှာ ကောင်းကင်ယံသို့ ဟုန်ခနဲ ထိုးတက်သွားပြီး ကျယ်ပြောလှသော ညကောင်းကင်ယံကြီးကို ထိန်လင်းသွားစေတော့သည်။

ခဏချင်းမှာပင် ကောင်းကင်မြစ်တောင်ပေါ်ရှိ ဓားကျင့်ကြံသူ ရာပေါင်းများစွာမှာ တစ်ပြိုင်နက်တည်း ခေါင်းမော့ကြည့်လိုက်ကြပြီး သူတို့၏ မျက်ဝန်းများမှာ သိသိသာသာ ကျဉ်းမြောင်းသွားကြသည်။

"အဖိုးတန် ရတနာကြီး ပေါ်လာပြီ"

"အမွေအနှစ်နေရာ တံခါးပွင့်သွားပြီလား"

"သွားကြစို့ မြန်မြန်သွားကြစို့"

"ဟားဟားဟား... ရှေးဟောင်းဓားနတ်ဘုရားရဲ့ အမွေအနှစ်ရေ... ငါလာပြီဟေ့"

"ဒီအခွင့်အရေးက ငါ့အတွက်ပဲ ဖြစ်ရမယ်"

ဒုန်း….

ငြိမ်သက်နေသော ညဉ့်ဦးယံမှာ ရုတ်တရက် ဆူညံပွက်လောရိုက်သွားပြီး ကောင်းကင်မြစ်တောင် တစ်ခုလုံး လှုပ်လှုပ်ရှားရှား ဖြစ်သွားတော့သည်။

အခန်း။ ၇၆

ရွှပ် ရွှပ် ရွှပ်

ရှုးးး ဝုန်းးးးး

ကောင်းကင်မြစ်တောင်ထက်တွင် အရပ်မျက်နှာအသီးသီးမှ ရောက်ရှိနေကြသော ရာနှင့်ချီသည့် ဓားကျင့်ကြံသူများသည် သူတို့၏ဓားများကိုယ်စီစီးကာ ကောင်းကင်ယံသို့ ပျံတက်သွားကြပြီး ချင်းအာ နတ်ဘုရားဓားရှိရာအရပ်သို့ တဟုန်ထိုး ဦးတည်သွားကြတော့သည်။

ကောင်းကင်တိုင်အောင် ထိုးတက်နေသော စွမ်းအင်များနှင့် ဟင်းလင်းပြင်ကို ဖြတ်တောက်နေသော ဓားအရှိန်အဝါများကြောင့် တစ်ချက်တစ်ချက်သာ မြင်ရသော ကြယ်ရောင်များမှာ ပျောက်ကွယ်သွားပြီး စူးရှတောက်ပသော ဓားအလင်းတန်းများဖြင့် ပြည့်နှက်သွားတော့သည်။ ညကောင်းကင်ယံကို ဖြတ်သန်းသွားသော ဓားအလင်းတန်းများသည် ထောင်နှင့်ချီသော ဥက္ကာခဲများအလား အလွန်ပင် ခမ်းနားထည်ဝါလှသော ဥက္ကာခဲမိုးကြီးအသွင် ဆောင်နေတော့၏။

"မြင့်မြတ်တဲ့ ရတနာ ပေါ်လာပြီ။ ဒါက ရှေးဟောင်းဓားနတ်ဘုရားရဲ့ အမွေအနှစ်နေရာ ပွင့်သွားတာ သေချာတယ်"

ရွှီလီသည် ကောင်းကင်သို့ မော့ကြည့်လိုက်ရာ သူ၏မျက်နှာမှာ အတိုင်းအဆမရှိ ဝမ်းသာပီတိဖြစ်မှုများဖြင့် ပြည့်နှက်သွားသည်။

"သွားကြစို့"

မျက်တောင်တစ်ခတ်အတွင်းမှာပင် ထိုသူများသည် ဓားအလင်းများကို စီးနင်းကာ ချင်းအာဓား ဖန်တီးထားသော ဆူညံမှုရှိရာအရပ်သို့ အပြေးအလွှား သွားကြတော့သည်။

"နေဦး... အားလုံးပဲ အစ်ကိုပိုင်ရော မြင်လိုက်ကြသေးလား ငါတို့တွေက အဖွဲ့ဝင်တွေလေ။ အတူတူ သွားကြရမှာပေါ့"

ရှန်းယန်က အလန့်တကြား အော်ဟစ်လိုက်သည်။

"သူ့ကို ဘာလို့ ဂရုစိုက်နေမှာလဲ ဒီလို အခွင့်အရေးမျိုးက အရင်ရောက်တဲ့သူ အရင်ရမှာလေ အာလျန်... လာ ငါတို့နှစ်ယောက် အတူတူ သွားရအောင်"

ငှက်ဖြူမျက်နှာဖုံးစွပ်ထားသော ဘိုင်လင်က လှောင်ပြောင်သလို ရယ်မောရင်း ပြောလိုက်သည်။

ရွှပ် ရွှပ် ရွှပ်

သူတို့သုံးယောက်မှာ ခေတ္တမျှပင် မဆိုင်းမတွဘဲ ကောင်းကင်ယံသို့ ပျံတက်သွားကြတော့သည်။

"အစ်ကိုပိုင်ရာ... ဘာလို့ ဒီလို အရေးကြီးတဲ့ အချိန်ကျမှ ပျောက်သွားရတာလဲ... အားး ထားလိုက်ပါတော့။ ငါသာ အခွင့်အရေးရရင် မင်းကို ခွဲပေးပါ့မယ်"

ရှန်းယန်မှာ အလွန်ပင် စိတ်လှုပ်ရှားနေသဖြင့် ခြေဆောင့်ကာ တွန့်ဆုတ်နေသော်လည်း နောက်ဆုံးတွင် မနေနိုင်တော့ဘဲ ဓားကိုစီးကာ ထွက်ခွာသွားတော့သည်။

ထိုအချိန်တွင်...

ဒုန်း ဒုန်း ဒုန်း

ချန်ကျီရှင်းမှာ မြေကျုံ့ခြေလှမ်းကို အသုံးပြုကာ သာမန်ခြေလှမ်းများအလား လှမ်းနေသော်လည်း သူ၏ခြေဖဝါးအောက်ရှိ မိုင်တစ်ရာခရီးမှာ လက်တစ်လက်မစာမျှသာ ကျန်ရှိတော့သည်။ ခြေလှမ်းအနည်းငယ်အတွင်းမှာပင် ချန်ကျီရှင်းသည် ကောင်းကင်မြစ်တောင်၏ အရှေ့တောင်ဘက် တောင်ထိပ်သို့ ရောက်ရှိသွားသည်။

ချင်းအာ ညွှန်ကြားထားသည့်အတိုင်းပင် ချန်ကျီရှင်းသည် ဖုံးကွယ်ထားသော ဂူပေါက်တစ်ခုကို မကြာမီမှာပင် တွေ့လိုက်ရသည်။ ဂူဝတွင် ခြေရာများစွာ ထပ်နေသည်ကို ကြည့်ခြင်းအားဖြင့် လွန်ခဲ့သော ရက်အနည်းငယ်အတွင်းမှာပင် ဤတောင်ကို အခြားသူများက ပိုက်စိပ်တိုက် ရှာဖွေထားကြသည်မှာ ထင်ရှားလှသည်။

ချန်ကျီရှင်းသည် ဂူအတွင်းသို့ ခြေလှမ်းလှည့်ကာ ရှေ့သို့ ဆက်သွားလိုက်သည်။ ဂူအတွင်းပိုင်း လမ်းကြောင်းမှာ ဘူးသီးလည်ပင်းကဲ့သို့ ကျဉ်းမြောင်းရှည်လျားလှသော်လည်း မိုင်အနည်းငယ်မျှ လျှောက်ပြီးသောအခါတွင်မူ မြင်ကွင်းမှာ ရုတ်တရက် ကျယ်ပြောသွားတော့သည်။ ၎င်းမှာ မှောင်မည်းနေသော တောအုပ်ထဲမှ ထွက်လာပြီးနောက် လှပသော ပန်းဥယျာဉ်ကို မြင်တွေ့လိုက်ရသကဲ့သို့ ခံစားချက်မျိုးပင်။

ချန်ကျီရှင်းသည် မော့ကြည့်လိုက်ရာ သူ၏ရှေ့တွင် ကြီးမားလှသော ကျောက်နံရံကြီးတစ်ခုကို တွေ့လိုက်ရသည်။

ထိုကျောက်နံရံကြီးမှာ အလွန်ကျယ်ပြောလှပြီး လူတစ်ကိုယ်စာသာ သီသီလေး ဖြတ်သန်းနိုင်သည့် ကျဉ်းမြောင်းသော လမ်းကြောင်းပေါင်း ၇၃ ခုအဖြစ် ပိုင်းခြားထားသည်။ ၎င်းမှာ ပျားအုံတစ်ခု သို့မဟုတ် ပုရွက်ဆိတ်တွင်းတစ်ခုနှင့်ပင် ဆင်တူနေတော့သည်။

"၃၄ ခုမြောက် လမ်းကြောင်း..."

ချန်ကျီရှင်း၏ မျက်မှောင်မှာ တဖြည်းဖြန်း ကြုတ်လာပြီး သူ၏မျက်နှာတွင် ထူးဆန်းသော အမူအရာတစ်ခု ပေါ်လာသည်။ ၃၄ ခုမြောက် လမ်းကြောင်းဆိုသည်ကို သူ လုံးဝမေ့မည်

မဟုတ်ပေ။

ဒါပေမဲ့ ဘယ်ဘက်ကနေ ရေတွက်ရမှာလား ဒါမှမဟုတ် ညာဘက်ကနေ ရေတွက်ရမှာလား။

ရှူးးးး

ချန်ကျီရှင်းကို ဗဟိုပြု၍ ကြီးမားလှသော နတ်ဘုရားအာရုံလှိုင်းကြီးတစ်ခုမှာ ရှေ့သို့ ဖြန့်ကျက်သွားတော့သည်။ သို့သော် ထိုအာရုံများမှာ လမ်းကြောင်းများအတွင်းသို့ ဝင်သွားသည်နှင့် တစ်ပြိုင်နက် ပင်လယ်ထဲသို့ ရွှံ့နွားရုပ်ကြီး ဆင်းသွားသကဲ့သို့ ဘာသဲလွန်စမှ မကျန်ဘဲ ပျောက်ကွယ်သွားတော့သည်။

ထင်ထားတဲ့အတိုင်းပဲ... ကောင်းကင်မြစ်တောင်မှာ နတ်ဘုရားအာရုံနဲ့ စမ်းသပ်တာကို ပိတ်ဆို့ထားတဲ့ ဝင်္ကပါတစ်ခု ရှိနေတာပဲ။

ချန်ကျီရှင်းက တွေးကာ သူ၏ အာရုံအားလုံးကို ပြန်လည်ရုပ်သိမ်းလိုက်သည်။

"ဒီလိုဆိုရင်တော့..."

ချန်ကျီရှင်းက အသက်ကို ပြင်းပြင်းရှူသွင်းလိုက်ပြီး သူ၏မျက်ဝန်းများထဲတွင် မရေရာသော အတွေးများဖြင့် ပြည့်နှက်သွားသည်။

"ဒါဆိုရင်လည်း..."

"နွားနတ်ဆိုး ကောင်းကင်ဖြို လက်သီး"

နွားရိုင်းတစ်ကောင်၏ ဟိန်းသံနှင့်အတူ ချန်ကျီရှင်းသည် သူ၏လက်သီးကို ရှေ့သို့ အားရပါးရ ထိုးသွင်းလိုက်တော့သည်။

ဝုန်းးးးးးး

ပြင်းထန်လှသော တုန်ခါမှုလှိုင်းကြီးမှာ ရှေ့သို့ တဟုန်ထိုး ပြေးထွက်သွားသည်။ ထိုခဏမှာပင် အလယ်ရှိ လမ်းကြောင်း ဒါဇင်နှင့်ချီ၍ ဝုန်းခနဲ ပေါက်ကွဲပျက်စီးသွားပြီး အမှုန့်အဖြစ် ပြောင်းလဲသွားတော့သည်။ ကောင်းကင်မြစ်တောင် တစ်ခုလုံးမှာလည်း ငလျင်လှုပ်သကဲ့သို့ ပြင်းထန်စွာ တုန်ခါသွားပြီး မြေကြီးများ လှုပ်ခတ်ကာ တောင်ကြီးတစ်ခုလုံး ယိမ်းထိုးသွားတော့၏။

ချန်ကျီရှင်းသည် သူ၏လက်မောင်းကို ပြန်ရုပ်သိမ်းလိုက်ပြီး အသာအယာ ဝှေ့ယမ်းလိုက်သည်။ လေပြင်းတစ်ချက် တိုက်ခတ်သွားပြီး ဂူအတွင်းမှ ထွက်ပေါ်လာသော ဖုန်မှုန့်များကို လွင့်စင်သွားစေသည်။

ထို့နောက် ချန်ကျီရှင်းသည် ရှေ့သို့ သေချာ စိုက်ကြည့်လိုက်၏။ ရှေ့ရှိ မြင်ကွင်းမှာ ပိုမိုကျယ်ပြောသွားပြီး အနက်ရှိုင်းဆုံးနေရာ၊ ကျောက်စက်ပန်းဆွဲများမှ ရေစက်လက်ကျရာမှ ဖြစ်ပေါ်လာသော ရေအိုင်လေးတစ်ခုအနီးတွင် ပန်းများနှင့် ကျူပင်များ ပေါက်ရောက်နေသည်ကို မြင်လိုက်ရသည်။

"တွေ့ပြီ"

ချန်ကျီရှင်းက အသာအယာ ပြုံးလိုက်ပြီး လက်ကို ဆန့်ကာ ပန်းများနှင့် ကျူပင်များကို ဖယ်ရှားလိုက်ရာ ချင်းအာ ပြောခဲ့သည့်အတိုင်းပင် အပြင်သို့ ထွက်နေသော ကျောက်တုံးတစ်ခုကို တွေ့လိုက်ရသည်။ ချန်ကျီရှင်းသည် ထိုကျောက်တုံးကို အားဖြင့် ဖိနှိပ်လိုက်တော့သည်။

ရှူးးး ရှူးးး ရှူးးး

ရုတ်တရက်ဆိုသလိုပင် အစက ပိတ်နေသော ကျောက်နံရံကြီး၏ ဟင်းလင်းပြင်မှာ စတင်၍ ပုံပျက်ကာ ရှုံ့တွလာတော့သည်။ ကျောက်နံရံပေါ်တွင် ဖြူဖွေးသော ဝဲဂယက်တစ်ခု ပေါ်ထွက်လာ၏။

"ဒါက အမွေအနှစ်နေရာရဲ့ ဝင်ပေါက်ပဲ ဖြစ်ရမယ်"

ချန်ကျီရှင်းက သူ့ဘာသာ ရေရွတ်လိုက်ပြီး လက်ကို ထိုဝဲဂယက်အတွင်းသို့ ထည့်ရန် ကြိုးစားကြည့်သည်။ သို့သော် ဝဲဂယက်ထံမှ ပြင်းထန်သော တွန်းကန်အားတစ်ခု ထွက်ပေါ်လာပြီး ချန်ကျီရှင်း၏လက်ကို တစ်လက်မမျှပင် အထဲသို့ ပေးမဝင်တော့ချေ။

"ထင်ထားတဲ့အတိုင်းပဲ... ချင်းအာဓားက သော့အဖြစ် လိုအပ်နေတာကိုး"

ချန်ကျီရှင်းက ခေါင်းခါလိုက်ပြီး ဂူအပြင်ဘက်သို့ လှည့်ကြည့်လိုက်သည်။ ယခုအချိန်တွင် အရာအားလုံးမှာ ချင်းအာအပေါ်၌သာ မူတည်တော့သည်။

ချွတ် ချွတ် ချွတ်

ကောင်းကင်ယံတွင် ကြောက်မက်ဖွယ်ကောင်းသော ဓားအလင်းတန်းနှစ်ခုမှာ ထိပ်တိုက်ရင်ဆိုင်မိသွားပြီး ကမ္ဘာပျက်မတတ် အသံကြီး ထွက်ပေါ်လာသည်။ တိုက်ပွဲမှ ထွက်ပေါ်လာသော နောက်ဆက်တွဲ စွမ်းအင်လှိုင်းများမှာ အနီးနားရှိ တောင်ကုန်းများကို တို့ဖူးကို ဓားဖြင့်လှီးသကဲ့သို့ တိခနဲ ဖြတ်တောက်သွားတော့၏။

ချင်းအာ နတ်ဘုရားဓား မြင့်မားစွာ လွင့်ပျံနေသော ဟင်းလင်းပြင်အောက်တွင် ဓားတာအို ဂုဏ်ထူးဆောင်ဆရာကြီး ချိုင်ချင်းချီနှင့် ဟောက်ရီဓားဂိုဏ်းမှ အစောင့်အရှောက်တို့မှာ ဓားချင်းယှဉ်ပြီးနောက် နှစ်ယောက်လုံး နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်ကြရသည်။

"ချိုင်ချင်းချီ... ငါတို့ ဟောက်ရီဓားဂိုဏ်းကို မျက်နှာသာပေးစမ်းပါ။ ဒီဓားကို ငါတို့ ဂိုဏ်းချုပငယ်လေးက လိုချင်နေတာ"

အစောင့်အရှောက်က လေးနက်သော အသံဖြင့် ပြောလိုက်သည်။

"သူကလား"

ချိုင်ချင်းချီက ဟောက်ရီဓားဂိုဏ်း၏ ဂိုဏ်းချုပ်ငယ်လေးကို တစ်ချက်လှမ်းကြည့်လိုက်ပြီး မျက်တောင်ကို အသာချကာ အေးစက်စွာ ပြောလိုက်သည်။

"သူသာ ဒီဓားကို ယူသွားမယ်ဆိုရင် ကောင်းကင်ဘုံရဲ့ ရတနာကို ဖြုန်းတီးရာ ရောက်လိမ့်မယ်။ ဓားနတ်ဘုရားရဲ့ နာမည်ကိုပါ အရှက်ခွဲရာ ရောက်လိမ့်မယ်"

"ချိုင်ချင်းချီ... မင်းက တကယ့်ကို ငါတို့ ဟောက်ရီဓားဂိုဏ်းကို ဆန့်ကျင်ချင်တာလား" အစောင့်အရှောက်၏ မျက်လုံးများ ကျဉ်းမြောင်းသွားပြီး ကြောက်မက်ဖွယ် အရှိန်အဝါများ ထွက်ပေါ်လာတော့သည်။

ဒီချိုင်ချင်းချီက စစ်မှန်သော အနှစ်သာရ တတိယအဆင့်မှာ ရှိနေတာပဲ။ ငါလည်း အဲဒီအဆင့်မှာပဲ ရှိနေတာပဲဟာ ဘာကို ကြောက်နေရမှာလဲ။

"လူငယ်လေး... ငါ ဓားပညာကို စတင်လေ့ကျင့်နေချိန်မှာ မင်းက ရွှံ့ပွဲစားနေတုန်းပဲ ရှိသေးတယ်။ မင်းက စစ်မှန်သော အနှစ်သာရနယ်ပယ်ကို ရောက်နေတာနဲ့ ငါနဲ့ တန်းတူရပ်နိုင်ပြီလို့ ထင်နေတာလား"

ချိုင်ချင်းချီ၏ အမူအရာမှာ ငြိမ်သက်နေသော ရေပြင်ကဲ့သို့ အေးဆေးနေသော်လည်း သူ၏လက်ထဲမှ ဓားမှာမူ တရစပ် မြည်ဟိန်းလာတော့သည်။ ပြင်းထန်သော ဓားအရှိန်အဝါ လေပြင်းများကြောင့် သူ၏ ဝတ်ရုံများမှာ တဖျတ်ဖျတ် လွင့်ခါနေ၏။

"ဒီနေ့... ပါရမီဆိုတာ အသက်အရွယ်ထက် အရေးကြီးပြီး တာအိုမှာ အနိမ့်အမြင့် ရှိတယ်ဆိုတာကို ငါ မင်းကို သင်ခန်းစာ ပေးရမယ်"

"နယ်ပယ်ချင်း တူနေရင်တောင် ငါတို့ကြားက ကွာခြားချက်က မိုင်ပေါင်းသောင်းချီ ဝေးကွာနေတယ်ဆိုတာ မှတ်ထားလိုက်"

အစောင့်အရှောက်ဖြစ်သူက အေးစက်စွာ တုံ့ပြန်လိုက်သည်။

"ဒါဆိုရင်လည်း ရှေးယခင်က အရှေ့ပင်လယ်လှိုင်းတွေကို စီးပြီး နဂါးနက်ကို သတ်ဖြတ်ခဲ့တဲ့ ဓားတာအိုဂုဏ်ထူးဆောင်ဆရာကြီး ချိုင်ချင်းချီရဲ့ တကယ့်အစွမ်းကို ဒီနေ့ ကျွန်တော် မြည်းစမ်းကြည့်ရတာပေါ့"

ဝုန်းးးးးးး

ကြောက်မက်ဖွယ်ကောင်းပြီး မမြင်ရသော ဓားဖိအားနှစ်ခုမှာ သူတို့နှစ်ဦးထံမှ တစ်ပြိုင်နက်တည်း ထွက်ပေါ်လာပြီး လေထုထဲတွင် အချင်းချင်း ထိပ်တိုက်ရင်ဆိုင်ကာ ညှစ်ထုတ်နေကြတော့သည်။

သူတို့နှစ်ဦးကြားရှိ တင်းမာမှုမှာ အထွတ်အထိပ်သို့ ရောက်ရှိနေစဉ်မှာပင်...

ရှူးးးးးးးးး

ဟင်းလင်းပြင်ထဲတွင် ငြိမ်သက်စွာ လွင့်မျောနေသော ချင်းအာ နတ်ဘုရားဓားသည် ရုတ်တရက် ဓားဦးတည်ရာကို လှည့်လိုက်ပြီး ကောင်းကင်မြစ်တောင်၏ အရှေ့တောင်ဘက် အရပ်သို့ တဟုန်ထိုး ပြေးထွက်သွားတော့သည်။

"ဟင်"

ချက်ချင်းဆိုသလိုပင် ချိုင်ချင်းချီနှင့် ဟောက်ရီဓားဂိုဏ်းမှ အစောင့်အရှောက်တို့မှာ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး သူတို့၏ ဓားဖိအားအားလုံးကို ပြန်လည်ရုပ်သိမ်းလိုက်ကြသည်။

"လိုက်စမ်း"

ဝုန်း ဝုန်း ဝုန်း….

မျက်တောင်တစ်ခတ်အတွင်းမှာပင် ထိုနှစ်ဦးမှာ ချင်းအာဓားနောက်သို့ ပထမဆုံး လိုက်ပါသွားကြတော့သည်။ သူတို့နောက်တွင်လည်း ကျန်ရှိနေသော ဓားကျင့်ကြံသူအားလုံးမှာ တစ်ယောက်ကိုတစ်ယောက် ကြည့်ကာ မျက်နှာများတွင် စိတ်အားထက်သန်မှုများဖြင့် ပြည့်နှက်သွားပြီး အလျှင်အမြန် လိုက်ပါသွားကြ၏။

ရှန်းယန်နှင့် အခြားသူများသည်လည်း လူအုပ်ကြီးထဲတွင် ရောနှောကာ ချင်းအာဓား ပျောက်ကွယ်သွားရာအရပ်သို့ အသည်းအသန် လိုက်သွားကြတော့သည်။

ခဏအကြာတွင် ချင်းအာဓားသည် ဂူအတွင်းသို့ ဝင်ရောက်သွားရာ ချိုင်ချင်းချီနှင့် အစောင့်အရှောက်တို့ ဦးဆောင်သော ဓားကျင့်ကြံသူ လူအုပ်ကြီးမှာလည်း ဂူအတွင်းသို့ အလုံးအရင်းနှင့် ဝင်ရောက်လာကြတော့သည်။

နောက်တစ်ခဏတွင် ဂူ၏ အနက်ရှိုင်းဆုံးနေရာ၌ သူတို့ မြင်တွေ့လိုက်ရသည်မှာ

ဖြူဖွေးသော ဟင်းလင်းပြင် ဝဲဂယက်ကြီးတစ်ခု၏ ရှေ့တွင် နှင်းပမာ ဖြူဖွေးသော ဝတ်ရုံကို ဝတ်ဆင်ထားပြီး အရပ်ရှည်ကာ ကျောပြင်မတ်လှသော လူရိပ်တစ်ခုမှာ မျက်နှာတွင် အဖြူရောင် ကြက်ခြေခတ်မျက်နှာဖုံးကို စွပ်ထားလျက် ထိုဝဲဂယက်ရှေ့တွင် တည်ငြိမ်စွာ ရပ်နေသည်ကို ဖြစ်သည်။

ရှူးးးး

ထိုသူသည် သူ၏ လက်ချောင်းငါးချောင်းကို အသာအယာ ဖြန့်ကားလိုက်ရုံသာ ရှိသေးသည်။

လူတိုင်း၏ အာရုံစိုက်မှုကို ခံနေရသော ချင်းအာ နတ်ဘုရားဓားသည် ထိုသူ၏လက်ထဲသို့ တိုက်ရိုက်ကျရောက်သွားပြီး သွယ်လျဖြူစင်သော လက်ချောင်းငါးချောင်းကြားတွင် အသာအယာ အကိုင်ခံလိုက်ရတော့သည်။

"ဟင် ဘယ်သူလဲ ဒီလူက"

ချက်ချင်းပင် ချိုင်ချင်းချီနှင့် အစောင့်အရှောက်တို့မှာ ခြေလှမ်းများကို ရပ်တန့်လိုက်ကြပြီး မျက်မှောင်ကြုတ်ကာ သံသယများဖြင့် ပြည့်နှက်သွားတော့သည်။

ထိုနှစ်ဦး၏ နောက်ကွယ်တွင်မူ ဓားကျင့်ကြံသူ လူအုပ်ကြီးထဲမှ ရှန်းယန်၊ ရွှီလီ၊ ဘိုင်လင်နှင့် အခြားသူများသည် ထိုဝတ်ရုံဖြူနှင့် လူရိပ်ကို မော့ကြည့်လိုက်ကြ၏။

နောက်တစ်ခဏတွင်...

" ပိုင်ရှီး"

"ဟင် အစ်ကိုပိုင်ပဲ..."

"သူ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"

ခဏချင်းမှာပင် ထိုလေးဦးမှာ အံ့အားသင့်တုန်လှုပ်စွာဖြင့် အာမေဍိတ်သံများ ထွက်ပေါ်လာပြီး သူတို့၏ မျက်နှာများမှာ မယုံကြည်နိုင်မှုများဖြင့် ပြည့်နှက်သွားတော့သည်။

All Chapters