← Chapters

အခန်း (၇၇-၇၈)

Vol. 8 Ch. 77-78

အခန်း (၇၇-၇၈)

Vol. 8 Ch. 77-78

အခန်း။ ၇၇

"သခင်လေး..."

ဟင်းလင်းပြင် တစ်နေရာမှ ဓားဝိညာဉ် ချင်းအာသည် ရှုပ်ထွေးပွေလီနေသော ဂူအတွင်းပိုင်းကို ကြည့်ရင်း အံ့အားသင့်လွန်းသဖြင့် ပါးစပ်ကလေး ဟောင်းလောင်းပွင့်ကာ ကြောင်အမ်းသွားတော့သည်။

မူလက သူမ၏ အစီအစဉ်အရဆိုလျှင် ဤလူအုပ်ကြီးသည် သူမနောက်သို့ ဂူထဲအထိ လိုက်လာကြရမည်ဖြစ်ပြီး ထိုအချိန်တွင် သူမက အချိန်သာလွန်မှုကို အသုံးချကာ ၃၅ ခုမြောက် လမ်းကြောင်းထဲသို့ တိုက်ရိုက်ဝင်ရောက်သွားရမည်ဖြစ်သည်။ ထိုအခါ သူမသည် ပင်လယ်ထဲသို့ နွားရုပ်ကြီး ဆင်းသွားသကဲ့သို့ ပျောက်ကွယ်သွားမည်ဖြစ်ပြီး ဤလူများ မည်မျှပင် အစွမ်းထက်စေကာမူ သူမနှင့် ချန်ကျီရှင်းကို ခဏချင်းအတွင်း ရှာတွေ့နိုင်မည် မဟုတ်ပေ။

ဤလူအုပ်ကြီးက သူတို့၏ နတ်ဘုရားအာရုံဖြင့် ရှာဖွေ၍မရမှန်း သိလာပြီး လမ်းကြောင်းတွေကို ဖျက်ဆီးပစ်ရန် ဆုံးဖြတ်လိုက်ချိန်တွင် သူမနှင့် ချန်ကျီရှင်းမှာ အမွေအနှစ်မြေအတွင်းသို့ ရောက်ရှိနေပြီဖြစ်ရမည်။

ဒါပေမဲ့ အခုတော့...

ချင်းအာမှာ သူမ၏ နဖူးကိုသာ လက်ဖြင့် အသာအယာ ပွတ်နေမိတော့သည်။

"မင်းက ဘယ်သူလဲ"

"နတ်ဘုရားဓားကို အခုချက်ချင်း အပ်စမ်း ဒါဆိုရင် မင်းအသက်ကို ချမ်းသာပေးမယ်"

ခေတ္တမျှ ကြောင်အမ်းသွားပြီးနောက် ဓားကျင့်ကြံသူများသည် သတိပြန်ဝင်လာကာ လေသံမာမာဖြင့် အော်ဟစ်ကြတော့သည်။

ထိုသူများထဲတွင် ကျင့်ကြံဆင့်အမြင့်ဆုံးဖြစ်သော ချိုင်ချင်းချီနှင့် ဟောက်ရီဓားဂိုဏ်းမှ အစောင့်အရှောက်တို့က တစ်ဦးကိုတစ်ဦး လှမ်းကြည့်လိုက်ကြသည်။ ချိုင်ချင်းချီက မျက်မှောင်အသာကြုတ်ကာ သက်ပြင်းတစ်ချက်ချပြီး ခေါင်းကို ခါယမ်းလိုက်၏။

"ထားလိုက်ပါတော့လေ... ဒါက ငါ့ရဲ့ ကံကြမ္မာမဟုတ်ဘူးထင်တယ်"

ချိုင်ချင်းချီက နောင်တရိပ်အချို့ဖြင့် သူ၏ အကြည့်ကို လွှဲလိုက်သည်။

သို့သော် အခြားတစ်ဦးဖြစ်သည့် ဟောက်ရီဓားဂိုဏ်း အစောင့်အရှောက်မှာမူ ရှေ့သို့ တစ်လှမ်းတိုးလာပြီး စဉ်းစားဆင်ခြင်ဟန်ဖြင့် ပြောလိုက်သည်။

"သူငယ်ချင်း... ဓားကို အပ်လိုက်ပါ။ ဒါဆိုရင် မင်း ဒီကနေ ဘေးကင်းကင်း ထွက်သွားနိုင်အောင် ငါ ကာကွယ်ပေးမယ်။ ဘယ်လိုလဲ"

ထိုစကားကို ကြားသောအခါ...

"စိတ်မဝင်စားဘူး"

ချန်ကျီရှင်းက ခေါင်းခါပြလိုက်သည်။

ဟောက်ရီဓားဂိုဏ်း အစောင့်အရှောက်၏ မျက်နှာမှာ ချက်ချင်းပင် ပျက်သွားတော့သည်။

နောက်တစ်ခဏတွင်...

"ကောင်းပြီလေ... ဒီပစ္စည်းက ငါတို့ ဂိုဏ်းချုပ်ငယ်လေး အသေအချာ လိုချင်နေတဲ့အရာပဲ သူငယ်ချင်း... ဒါဆိုရင်တော့ ငါ မင်းကို စော်ကားမိတော့မယ်"

သူ၏ မျက်နှာမှာ အေးစက်သွားပြီး စကားတစ်ခွန်းကို ထွေးအန်လိုက်ကာ ချန်ကျီရှင်းထံသို့ လက်ကြီးတစ်ဖက် ဆန့်ထုတ်၍ ဖိနှိပ်လိုက်တော့သည်။

သို့သော်လည်း ထိုအစောင့်အရှောက်၏ လက်က ချန်ကျီရှင်းကို မထိတွေ့နိုင်ခင်မှာပင်...

"သဘာဝလွန် စွမ်းအင်လက်ဝါး"

ကောင်းကင်ယံကို ဖုံးလွှမ်းနိုင်လောက်သည့် ကြီးမားလှသော အနက်ရောင် လက်ကြီးတစ်ဖက်မှာ ဟင်းလင်းပြင်ထဲတွင် ချက်ချင်း ဖြစ်ပေါ်လာပြီး ကျယ်ပြောလှသော ဂူတစ်ခုလုံးကို ပြည့်နှက်သွားစေသည်။

ထို့နောက် ထိုအနက်ရောင်လက်ကြီးမှာ ပြင်းထန်လှသော အရှိန်အဟုန်ဖြင့် အောက်သို့ ရိုက်ချလိုက်တော့သည်။

"ဟင်"

ဟောက်ရီဓားဂိုဏ်း အစောင့်အရှောက်၏ မျက်နှာမှာ သိသိသာသာ ပျက်သွားတော့သည်။ အရေးပေါ်အခြေအနေဖြစ်သွားသဖြင့် သူသည် သူ၏လက်ဝါးကိုသာ အလျင်အမြန် မြှောက်၍ ခုခံလိုက်ရ၏။

ဝုန်းးးးးးး

ခဏချင်းမှာပင် ထိုအစောင့်အရှောက်သည် တောင်ပေါင်းတစ်ရာက သူ့အပေါ်သို့ ဖိချလိုက်သကဲ့သို့ ခံစားလိုက်ရပြီး သူ၏လက်မောင်းတစ်လျှောက် ပြင်းထန်သော နာကျင်မှုများ စီးဆင်းသွားတော့သည်။ သူသည် နောက်သို့ သုံးလှမ်းခန့် တုန်တုန်ရင်ရင်ဖြင့် ဆုတ်လိုက်ရပြီး ခြေလှမ်းတိုင်းမှာ ပေါင်ချိန်တစ်ထောင်မက လေးလံနေသဖြင့် မြေပြင်ပေါ်တွင် ကျင်းကြီးသုံးကျင်း ဖြစ်သွားရချေသည်။

ဘုန်း ဘုန်း ဘုန်း…

ဂူတစ်ခုလုံးသည်လည်း ထိုအချိန်တွင် တရုန်းရုန်းနှင့် ပြင်းထန်စွာ တုန်ခါလာတော့သည်။ မြေကြီးများ သိမ့်သိမ့်တုန်ကာ ကျောက်တုံးကြီးများစွာ အပေါ်မှ ပြုတ်ကျလာပြီး ဖုန်မှုန့်များမှာလည်း လမ်းကြောင်းတစ်ခုလုံးကို ဖုံးလွှမ်းသွားတော့၏။

ထိုလွင့်ပျံနေသော ဖုန်မှုန့်များကြားတွင် ချန်ကျီရှင်းသည် ထိုအစောင့်အရှောက်ကို ကြည့်ရင်း သူ၏မျက်ဝန်းထဲ၌ နှမြောတသဖြစ်မှု အနည်းငယ် ဖြတ်ပြေးသွားသည်။ အမှန်အတိုင်းပြောရလျှင် စစ်မှန်သော အနှစ်သာရနယ်ပယ်သို့ သူ ရောက်ရှိပြီးကတည်းက မည်သူနှင့်မျှ အစွမ်းကုန် မတိုက်ခိုက်ရသေးပေ။

အကယ်၍ အချိန်ဆွဲနေမိပါက အခွင့်အရေးများ လက်လွတ်သွားမည်ကို မစိုးရိမ်လျှင် ဤလူနှင့် အသေအလဲ တိုက်ခိုက်ကြည့်ပြီး စစ်မှန်သော အနှစ်သာရနယ်ပယ် ဆိုသည့် အဆင့်အတန်း၏ တကယ့်တန်ဖိုးကို စမ်းသပ်ကြည့်ချင်မိသည်။

"ထားလိုက်ပါတော့လေ..."

ချန်ကျီရှင်းသည် ခေါင်းကို ခါယမ်းလိုက်ပြီး လှည့်ကြည့်ကာ ချင်းအာဓားကို ဟင်းလင်းပြင် ဝဲဂယက်အတွင်းသို့ ထိုးသွင်းလိုက်တော့သည်။

ချက်ချင်းပင် ပြင်းထန်လှသော စုပ်ယူမှု အားတစ်ရပ်မှာ ရှေ့သို့ တိုးထွက်လာသည်။ ချန်ကျီရှင်းမှာ မျက်စိရှေ့တွင် အရာအားလုံး ဝေဝါးသွားသလို ခံစားလိုက်ရပြီး ထိုနေရာမှ ပျောက်ကွယ်သွားတော့သည်။ ချန်ကျီရှင်း ပျောက်ကွယ်သွားသည်နှင့် တစ်ပြိုင်နက် ထိုဝဲဂယက်ကြီးမှာလည်း အလင်းစက်များအဖြစ် ပြောင်းလဲသွားကာ ဟင်းလင်းပြင်ထဲတွင် ပျံ့လွင့်ကာ ကွယ်ပျောက်သွားတော့၏။

ခဏအကြာတွင် ပြင်းထန်စွာ တုန်ခါနေသော ဂူကြီးမှာ တဖြည်းဖြည်း ပြန်လည်ငြိမ်သက်သွားပြီး ဖုန်မှုန့်များမှာလည်း လေနှင့်အတူ ပျောက်ကွယ်သွားသည်။

ဟောက်ရီဓားဂိုဏ်း အစောင့်အရှောက်မှာ မကျေမနပ်ဖြစ်နေသော မျက်နှာထားဖြင့် သူ၏ အနည်းငယ် တုန်ရင်နေသည့် ညာဘက်လက်ကို ငုံ့ကြည့်လိုက်မိသည်။ ရဲရဲနီသော သွေးစက်များမှာ သူ၏လက်မောင်းမှတစ်ဆင့် လက်ချောင်းထိပ်များဆီသို့ စီးကျလာပြီး မြေပြင်ပေါ်သို့ တစ်စက်ချင်း ကျနေတော့သည်။

"စစ်မှန်သော အနှစ်သာရနယ်ပယ်... ဒါက ခွန်အားတာအိုရဲ့ စစ်မှန်သော အနှစ်သာရနယ်ပယ်ပဲ ဖြစ်ရမယ်"

အစောင့်အရှောက်က ရေရွတ်လိုက်ရာ သူ၏မျက်နှာတွင် စိုးရိမ်ထိတ်လန့်မှုများ ပေါ်လာတော့သည်။ ထိုစကားကို ကြားလိုက်ရချိန်တွင် လူအုပ်ကြီးကြား၌ ဆူညံပွက်လောရိုက်သွားတော့၏။

"ဘာ..."

ရှန်းယန်၊ ရွှီလီနှင့် အခြားသူများသည် တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီး အားလုံး၏ မျက်ဝန်းထဲတွင် အံ့အားသင့်မှုများဖြင့် ပြည့်နှက်နေသည်ကို မြင်တွေ့လိုက်ရတော့သည်။

"အစ်ကိုပိုင်က စစ်မှန်သော အနှစ်သာရနယ်ပယ်ကလား ငါက တကယ်ပဲ အဲဒီလို ပညာရှင်ကြီးတစ်ယောက်နဲ့ ညီအစ်ကိုတွေ တော်နေခဲ့တာလား"

ရှန်းယန်၏ မျက်လုံးများမှာ ပြူးကျယ်သွားပြီး ပါးစပ်မှာလည်း အဟောင်းသား ဖြစ်နေတော့သည်။ သူသည် အတန်ငယ် ကြောက်ရွံ့မိသော်လည်း ပို၍ ခံစားနေရသည်မှာ အရာအားလုံးက အိပ်မက်တစ်ခုလို၊ ရေပူဖောင်းတစ်ခုလို လက်တွေ့မဆန်သည့် ဝေဝါးမှုမျိုးပင်။

ဒါက စစ်မှန်သော အနှစ်သာရနယ်ပယ်လေ။ အရှေ့မြောက် နယ်မြေရဲ့ ဘယ်နေရာမှာမဆို ဒီအဆင့်ရှိတဲ့သူတွေက သေချာပေါက် ဩဇာအာဏာကြီးမားတဲ့ ပုဂ္ဂိုလ်တွေပဲ မဟုတ်ဘူးလား။ အမတတာအိုဂိုဏ်းကြီးတွေထဲမှာတောင် ဒီနယ်ပယ်ကသူတွေဟာ အကြီးအကဲရာထူးကို ခန့်အပ်ခံရတာ။ အဲဒီလို ပုဂ္ဂိုလ်မျိုးကို ငါလိုလူက အစ်ကိုလို့ ခေါ်ခဲ့တာလား။

ထိုစဉ်မှာပင်...

"ဘယ်မှာလဲ ရတနာ ငါလိုချင်တဲ့ ရတနာ ဘယ်ရောက်သွားပြီလဲ"

ပျင်းရိပျင်းတွဲ နိုင်လှသော အသံတစ်ခု ပဲ့တင်ထပ်လာသည်။ မကြာမီမှာပင် နတ်ဘုရားခရီးသွား အထွတ်အထိပ်ရှိသော ဓားအစေခံ ရှစ်ဦးမှာ ဂူအတွင်းသို့ အတင်းအဓမ္မ တိုးဝင်လာပြီး လူအုပ်ကြားထဲတွင် လမ်းတစ်ခုကို ဖန်တီးလိုက်ကြသည်။

ဓားကျင့်ကြံသူ တစ်ဦးမှာ အနည်းငယ် ဖယ်ပေးရန် နောက်ကျသွားသဖြင့် ဓားအစေခံ၏ လည်ပင်းကို ဓားဖြင့်တစ်ချက် ခုတ်ပိုင်းခြင်းကို ခံလိုက်ရပြီး ချက်ချင်းပင် အသံတိတ်သွားတော့သည်။ ထိုမြင်ကွင်းကို မြင်လိုက်ရသော ကျန်ရှိသည့် ကျင့်ကြံသူအားလုံးမှာ ဆောင်းတွင်းက ပုစဉ်းရင်ကွဲများကဲ့သို့ ငြိမ်သက်သွားကြပြီး ဘေးသို့ ကပ်ပေးလိုက်ကြရ၏။

နောက်တစ်ခဏတွင် ခမ်းနားထည်ဝါသော အဝတ်အစားများကို ဝတ်ဆင်ထားပြီး ကျောက်စိမ်းရောင် ယပ်တောင်ကို ကိုင်ထားသော လူငယ်တစ်ဦးမှာ မည်သည့်ဖုံးကွယ်မှုမျှ မရှိဘဲ ဂူအပြင်ဘက်မှ ဖြည်းညှင်းစွာ လျှောက်လှမ်းဝင်ရောက်လာသည်။

"ငါလိုချင်တဲ့ ရတနာ ဘယ်မှာလဲ မင်း ငါ့ဆီ ယူလာပေးမယ် မဟုတ်လား"

ထိုလူငယ်က အစောင့်အရှောက်၏ ရှေ့တွင် ရပ်ကာ လက်ကို ဆန့်ထုတ်၍ မေးလိုက်သည်။

"ဂိုဏ်းချုပ်ငယ်လေး... အဲဒီဓားကို တစ်ယောက်ယောက်က ယူသွားပါပြီ။ ကျွန်တော့်အမြင်အရတော့ ဒါကို ဒီအတိုင်းပဲ လွှတ်ပေးလိုက်တာ ကောင်းမယ်ထင်တယ်..." အစောင့်အရှောက်က တွန့်ဆုတ်စွာဖြင့် ဦးညွှတ်လျက် ပြောလိုက်သည်။

သူ၏ အတွေးမှာ ချိုင်ချင်းချီနှင့် ဆင်တူပါသည်။ အကယ်၍ ဓားက ပိုင်ရှင်မရှိသေးလျှင် သူတို့ အစွမ်းကုန် လုယူနိုင်သော်လည်း ယခုမူ ပိုင်ရှင်ရှိသွားပြီဖြစ်ရာ ဆက်လက်တိုက်ခိုက်ခြင်းမှာ ဓားပြတိုက်ခြင်းသာ ဖြစ်သွားတော့မည်။ ၎င်းမှာ အဓိပ္ပာယ် လုံးဝ ကွာခြားသွားပြီ ဖြစ်သည်။

"ယူသွားပြီဆိုရင် ပြန်မလုနိုင်တော့ဘူးလား မင်းက စစ်မှန်သော အနှစ်သာရနယ်ပယ် ကျင့်ကြံဆင့်နဲ့တောင် ဒီလို အတွေးတွေ ရှိနေသေးတာလား။ မင်းက လူသားချင်း စာနာထောက်ထားမှု အသင်းကလား။ ဒီလို စည်းမျဉ်းတွေကိုပဲ ဖက်တွယ်နေတော့မှာလား"

ထိုလူငယ်က မျက်လုံးကို လှန်ကြည့်ကာ စိတ်ပျက်လက်ပျက်ဖြင့် စကားဖြတ်ပြောလိုက်သည်။

"ဒါကတော့..."

အစောင့်အရှောက်၏ မျက်နှာမှာ ခက်ခဲသွားပြီး "ဂိုဏ်းချုပ်ငယ်လေး... အကယ်၍ ယူသွားတဲ့သူက နောက်ခံမရှိတဲ့ လူငယ်တစ်ယောက်ဆိုရင် လုယူလိုက်တာ ပြဿနာမရှိပါဘူး။ ဒါပေမဲ့ အခုလူက ကျင့်ကြံဆင့်မှာလည်း ကျွန်တော်နဲ့ တန်းတူဖြစ်နေသလို သူက ခွန်အားတာအိုကျင့်ကြံသူလည်း ဖြစ်နေတယ်။ ကျွန်တော့်အထင်တော့ သူယူသွားပြီဆိုမှတော့ သွားလုတာက ငါတို့ ဟောက်ရီဓားဂိုဏ်းအတွက် အကြောင်းမဲ့ ရန်သူအသစ် တစ်ယောက် တိုးလာစေမှာကို စိုးရိမ်လို့ပါ..."

သူ စကားမဆုံးခင်မှာပင် ထိုလူငယ်က စိတ်မရှည်စွာဖြင့် ထပ်မံ ဖြတ်ပြောလိုက်ပြန်သည်။

"ကျောက်ချန်ရှန်း... အဲဒီလူက ငါတို့ဂိုဏ်းအတွက် ရန်သူဖြစ်မလား မဖြစ်မလားဆိုတာ မင်း ပူစရာ ကိစ္စမဟုတ်ဘူး။ ငါ သိချင်တာက မင်း အဲဒီ ခွန်အားတာအို သမားကို အနိုင်မတိုက်နိုင်ဘူးလား... အဲဒါပဲ"

"ကျွန်တော်... သူနဲ့ တကယ့်ကို ထိပ်တိုက်မရင်ဆိုင်ရသေးတော့ အနိုင်တိုက်နိုင်မလားဆိုတာ မသေချာဘူး"

ဟောက်ရီဓားဂိုဏ်း အစောင့်အရှောက်က ရိုးသားစွာ ပြန်ပြောလိုက်သည်။

"အဲဒါပဲလေ မဟုတ်လား အရင်သွားတိုက်ကြည့်ဦးပေါ့။ အကယ်၍ မင်းမနိုင်ရင်လည်း သူ့ကို ယူခိုင်းလိုက်တာပေါ့။ မင်းက မကြိုးစားတောင် မကြည့်ဘဲနဲ့ ငါ့ကို ပေါ့ပေါ့တန်တန် လုပ်နေတာလား ဘာလဲ... ငါ့အဖေ ဒီမှာမရှိတော့ မင်းက ငါ့ကို အလေးမထားတော့တာလား"

ခမ်းနားထည်ဝါသော အဝတ်အစားနှင့် လူငယ်က ထိုစကားကို ကြားသောအခါ အေးစက်စွာ လှောင်ပြောင်လိုက်၏။

"ဂိုဏ်းချုပ်ငယ်လေး... အဲဒါ ကျွန်တော့်ရဲ့ ရည်ရွယ်ချက် လုံးဝမဟုတ်ပါဘူး"

မူလအမည် ကျောက်ချန်ရှန်းဟု ခေါ်သော အစောင့်အရှောက်သည် တည်ကြည်သော မျက်နှာထားဖြင့် အလျင်အမြန် ဦးညွှတ်ကာ "ဟောက်ရီဓားဂိုဏ်းက ကျွန်တော့်အပေါ် အသက်သခင် ကျေးဇူးရှိခဲ့ပါတယ်။ ဂိုဏ်းချုပ်ငယ်လေးကလည်း ဓားဂိုဏ်းရဲ့ အနာဂတအရှင်သခင် ဖြစ်နေတော့ ကျွန်တော်က ဘယ်လိုလုပ် ပေါ့ပေါ့တန်တန် လုပ်ရဲပါ့မလဲ"

"ဟွန်း... လူတိုင်းကတော့ စကားကောင်းတွေ ပြောနိုင်တာပဲ။ ဒါပေမဲ့ ဘာအသုံးကျလို့လဲ ငါ့စကားကတော့ ဒါပဲ... မင်း ဘယ်လိုနည်းလမ်းပဲသုံးသုံး ငါ ဂရုမစိုက်ဘူး။ အဲဒီလူရဲ့ ခေါင်းနဲ့ ရတနာကို ငါ့ဆီ ယူလာခဲ့ရမယ်"

ထိုလူငယ်က ကျောက်ချန်ရှန်း၏ ပါးကို အသာအယာ ပုတ်လိုက်ပြီးနောက် ပတ်ဝန်းကျင်ကို ဝေ့ကြည့်ကာ ဘေးနားရှိ ဓားကျင့်ကြံသူများကို အထင်သေးစွာ ကြည့်ရင်း ခေါင်းခါယမ်းလိုက်

သည်။

"နိမ့်ကျတဲ့ လူအုပ်စုပဲ... တကယ်ကို ကံမကောင်းတာပဲ"

စကားဆုံးသည်နှင့် လူငယ်သည် သူ၏ ယပ်တောင်ကို ဖြန့်ကာ အေးအေးလူလူပင် ဂူအပြင်သို့ ထွက်ခွာသွားတော့သည်။ ကျောက်ချန်ရှန်း၏ မျက်နှာမှာ မရေရာသော အမူအရာများ ဖြစ်ပေါ်နေပြီး နောက်ဆုံးတွင် အသက်ကို ပြင်းပြင်းရှူကာ လေသံတိုးတိုးဖြင့် အမိန့်ပေးလိုက်သည်

"ဓားအစေခံအားလုံး... ငါနဲ့အတူ ဒီမှာ စောင့်ကြမယ်"

ချန်ကျီရှင်းမှာ မျက်စိရှေ့တွင် အရာအားလုံး ဝေဝါးသွားသလို ခံစားလိုက်ရသည်။ သူ ပြန်ဖွင့်ကြည့်လိုက်သောအခါ ကြီးမားလှသော ကြေးညိုရောင် ကျောက်တံခါးကြီးတစ်ခု၏ ရှေ့တွင် ရောက်နေသည်ကို တွေ့လိုက်ရ၏။

"သခင်လေး... ဒါက ဓားနတ်ဘုရားရဲ့ အမွေအနှစ်နေရာပဲ"

ချင်းအာ၏ အသံမှာ ဝမ်းသာရိပ်များ ပါဝင်နေပြီး ချန်ကျီရှင်း၏ စိတ်ထဲတွင် ပဲ့တင်ထပ်လာသည်။ ချန်ကျီရှင်းက ခေါင်းညိတ်လိုက်သည်။ ယခုအချိန်တွင် သူသည် ကောင်းကင်မြစ်တောင်မှ ထွက်ခွာလာရုံသာမက အရှေ့မြောက်နယ်မြေမှပင် ထွက်လာခဲ့ပြီ ဖြစ်သည်။

ဤနေရာမှာ ရှေးဟောင်းဓားနတ်ဘုရား ဖန်တီးထားသော ကမ္ဘာငယ်လေးတစ်ခုပင်။ နိဗ္ဗာန်

နယ်ပယ်အဆင့်ရှိသူတစ်ဦးက ဤကဲ့သို့ ဖန်တီးနိုင်စွမ်း ရှိသော်လည်း နိဗ္ဗာန်နယ်ပယ်၏ ကမ္ဘာငယ်လေးမှာ အလွန်ရိုးရှင်းလွန်းလှပြီး သက်ရှိများကို ရှင်သန်စေနိုင်ခြင်း သို့မဟုတ် ရေရှည်တည်တံ့ရန် ထောက်ပံ့ပေးနိုင်ခြင်း မရှိပေ။

မှတ်တမ်းများအရဆိုလျှင် ထိပ်တန်း အထွတ်အထိပ်နယ်ပယ် သို့မဟုတ် မဟာထာဝရအသက်ရှင်ခြင်းနယ်ပယ် ရှိ ပုဂ္ဂိုလ်များသည် သူတို့ကိုယ်တိုင် ဖန်တီးထားသော ကမ္ဘာငယ်လေးထဲတွင် သက်ရှိများကိုပင် မွေးဖွားလာစေနိုင်ပြီး ဖန်ဆင်းရှင် နတ်ဘုရားတစ်ပါးအဖြစ် ရပ်တည်နိုင်သည်ဟု ဆိုကြသည်။

အတွေးများကို ပြန်လည်စုစည်းကာ ချန်ကျီရှင်းသည် သူ၏ရှေ့မှ ကြေးညိုရောင် ကျောက်တံခါးကြီးကို မော့ကြည့်လိုက်သည်။ ထိုတံခါးပေါ်တွင် စာလုံးကြီး ခြောက်လုံးကို ထွင်းထုထားသည်။

"အစွမ်းထက်ဆုံး ဓားတာအိုက ဘာလဲ"

ထိုစာလုံးများ၏ အရေးအသားမှာ အလွန်စူးရှထက်မြက်လှပြီး ဓားတစ်လက်ဖြင့် ထွင်းထုထားသည့်အလား တစ်ချက်ကြည့်ရုံဖြင့်ပင် အလွန်အမင်း ထက်မြက်သော အငွေ့အသက်များကို ပေးစွမ်းနေသည်။

"အစွမ်းထက်ဆုံး ဓားတာအိုက ဘာလဲ နောက်ထပ် စာမေးပွဲမေးခွန်းတစ်ခုလား"

ချန်ကျီရှင်းက မျက်မှောင်ကြုတ်ကာ သူ့ဘာသာ ရေရွတ်လိုက်သည်။

"ဘာလို့ ဒီစီနီယာ ပညာရှင်ကြီးတွေက သူတို့ရဲ့ အမွေအနှစ်နေရာတွေမှာ စာမေးပွဲမေးခွန်းတွေ ထားခဲ့ရတာကို ဒီလောက် ကြိုက်နေကြတာလဲ"

"ချင်းအာ... မင်း..."

ချန်ကျီရှင်းသည် ခေတ္တမျှ စဉ်းစားပြီးနောက် ချင်းအာဆီမှာ သဲလွန်စတစ်ခုခု ရှိမလားဟု မေးရန် ပြင်လိုက်သည်။ သူ စကားပင် မဆုံးသေးမီ ချင်းအာ၏ မျက်လုံးများမှာ ပြူးကျယ်သွားပြီး တစ်ခုခုကို သတိရသွားပုံဖြင့် သူမ၏ ဦးရေပြားတစ်ခုလုံးပင် ထုံကျဉ်သွားသလို ခံစားလိုက်ရသည်။ သူမ၏ အသံမှာ ရုတ်တရက် ကျယ်လောင်လာပြီး အလျှင်အမြန် အော်ဟစ်လိုက်တော့သည်။

"သခင်လေး... ကျေးဇူးပြုပြီး လက်ကို ဒီတိုင်းထားပါ။ ဒီမေးခွန်းရဲ့ အဖြေကို ကျွန်မ သိပါတယ်"

အခန်း။ ၇၈

"ဟင်"

ချန်ကျီရှင်းမှာ ထိုစကားကို ကြားသောအခါ အတန်ငယ် ဇဝေဇဝါ ဖြစ်သွားသည်။

ချင်းအာက အဖြေကို သိနေရုံတင်မကဘဲ ဘာလို့ ဒီလောက်တောင် ပြင်းပြင်းထန်ထန် တုံ့ပြန်နေရတာလဲ။

ချင်းအာက တစ်ချက်ရယ်လိုက်ပြီးနောက် အလိုအလျောက် အိမ်အတွင်းမှ ထွက်ပေါ်လာကာ ချောမွေ့နေသော ကျောက်နံရံပေါ်တွင် စာသားတစ်ကြောင်းကို ဖြည်းညှင်းစွာ ထွင်းထုလိုက်တော့သည်။

"အစွမ်းထက်ဆုံး ဓားတာအိုက ဘာလဲ"

"ရန်သူကို တစ်ချက်တည်းနဲ့ သတ်နိုင်ပြီး ဒုတိယတစ်ချက် သုံးစရာမလိုတဲ့ ဓားတာအိုက အစွမ်းထက်ဆုံးပဲ"

ချင်းအာ နောက်ဆုံးစာလုံးကို ထွင်းထုပြီးသည်နှင့် တစ်ပြိုင်နက်...

ဂျိန်းးးးး

ချက်ချင်းဆိုသလိုပင် ကြေးညိုရောင် ကျောက်တံခါးကြီး တစ်ခုလုံးမှာ ဘေးတစ်ဖက်တစ်ချက်သို့ တရွေ့ရွေ့ ပွင့်ထွက်သွားတော့သည်။

"ဒီလောက် လွယ်လွယ်လေးလား"

ချန်ကျီရှင်းက အံ့အားသင့်စွာ မေးလိုက်သည်။

ချင်းအာက ခေါင်းညိတ်ပြုံးရယ်ရင်း ပြန်ဖြေသည်။

"သခင်လေး... ဒီမေးခွန်းက ဓားနတ်ဘုရား နာမည်မကြီးခင်တုန်းက တောင်ပိုင်းပင်လယ်က ဓားတာအို ဆွေးနွေးပွဲတစ်ခုမှာ ဓားဆရာကြီးတစ်ဦးက မေးခဲ့တဲ့ မေးခွန်းပါ"

"အဲဒီတုန်းက အခန်းထဲမှာရှိတဲ့ ဓားကျင့်ကြံသူတွေ အားလုံးက ဒီမေးခွန်းကို ကြားတဲ့အခါမှာ အမျိုးမျိုး အဖုံဖုံ စကားလုံးအလှတွေ သုံးပြီး ဖြေခဲ့ကြတယ်။ အချို့ဆိုရင် ဓားတာအို အကျဉ်းချုပ်ဆိုပြီး စာတမ်းအရှည်ကြီးတွေတောင် ချက်ချင်း ရေးသားခဲ့ကြသေးတယ်"

"ဒါပေမဲ့ ဓားနတ်ဘုရားကတော့ အခုနက စကားလုံး ၁၆ လုံးကိုပဲ ပြောခဲ့တာ"

"ဓားနတ်ဘုရား ယုံကြည်တာက ဓားတာအိုဖြစ်စေ တခြား တာအိုပေါင်း သုံးထောင်ဖြစ်စေ... အနှစ်သာရအားဖြင့်တော့ နောက်ဆုံးမှာ ရန်သူကို သတ်ဖြတ်ချင်တဲ့ ဆန္ဒဆီကိုပဲ ရောက်သွားတာပဲလို့ သူယူဆတယ်"

"ဒါက ဓားနတ်ဘုရား နောက်ပိုင်းမှာ အပိုအလှတွေကို စွန့်ပယ်ပြီး အစွမ်းထက်ဆုံး တစ်ချက်တည်းနဲ့ အပြတ်အသတ် သတ်နိုင်တဲ့ ဓားချက်ကို ရှာဖွေဖို့အတွက် အခြေခံ အုတ်မြစ် ဖြစ်လာခဲ့တာပေါ့"

ထိုစကားကို ကြားသောအခါ ချန်ကျီရှင်းက ခေါင်းကို တိတ်ဆိတ်စွာ ညိတ်လိုက်မိသည်။ ချင်းအာ၏ စကားများက သူ့အား ယခင်ဘဝမှ ဝတ်ရုံဖြူခြုံထားသည့် ကတုံးလေးတစ်ယောက်ကို သတိရစေသည်။ ထိုကောင်လေး၏ ကျင့်ကြံခြင်း ဒဿနမှာလည်း ဤရှေးဟောင်းဓားနတ်ဘုရားနှင့် အတော်ပင် ဆင်တူသည်။

သူတို့ စကားပြောနေစဉ်မှာပင် ကြေးညိုရောင်တံခါးကြီးမှာ အပြည့်အဝ ပွင့်သွားခဲ့ပြီ ဖြစ်သည်။

ချန်ကျီရှင်းသည် အတွင်းသို့ လှမ်းကြည့်လိုက်၏။ ကြေးညိုရောင် ကျောက်တံခါး၏ နောက်ကွယ်တွင် ကြီးမားလှသော ကျောက်ခန်းမဆောင်ကြီးတစ်ခု ရှိနေသည်။ ထိုခန်းမမှာ အလွန်ကျယ်ဝန်းသော်လည်း အပြင်အဆင်မှာမူ အလွန်ပင် ရိုးရှင်းသည်။

ခန်းမ၏ အလယ်ဗဟိုတွင် ရုပ်တုတစ်ခု ရှိနေ၏။

ထိုရုပ်တုမှာ လွင့်မျောနေသော အပြာရောင် ဖဲကြိုးစာများပါသည့် လှပသော အမျိုးသမီးတစ်ဦး၏ ပုံစံဖြစ်သည်။ သူမတွင် ဖီးနစ်မျက်ဝန်းများ၊ နက်မှောင်သော မျက်ခုံးတန်းများရှိပြီး နှာတံမှာ ပေါ်လွင်ထင်ရှားကာ ကောင်းကင်ယံသို့ မော့ကြည့်နေသည်။

သူမ၏ မျက်ခုံးများမှာ အနည်းငယ် ကြုတ်နေပြီး အမူအရာမှာ အေးစက်တည်ငြိမ်လှသည်။ ရုပ်တုတစ်ခုသာ ဖြစ်သော်လည်း သူမ၏ မျက်ခုံးအစုံကြားမှနေ၍ မည်သူ့ကိုမျှ အနားမကပ်စေလိုသည့် အထီးကျန်ဆန်သော အရှိန်အဝါများ ထွက်ပေါ်နေတော့သည်။

ချန်ကျီရှင်းသည် ထိုရုပ်တုကို မော့ကြည့်လိုက်ပြီးနောက် သူတို့၏ အကြည့်ချင်း ဆုံမိသွားသည့် ခဏမှာပင်...

ဝုန်းးးးးး

ရုတ်တရက်ဆိုသလို...

အတုမဲ့ပြီး ကြောက်မက်ဖွယ်ကောင်းလှသော ဓားအလင်းတန်းတစ်ခုမှာ ချန်ကျီရှင်း၏ မျက်ဝန်းအိမ်အတွင်းသို့ တဟုန်ထိုး တိုးဝင်လာတော့သည်။

ထိုဓားချက်၏ ထိတ်လန့်ဖွယ်ကောင်းမှုကို မည်သည့်စကားလုံးနှင့်မျှ ဖော်ပြ၍ မရနိုင်ပေ။ ထိုဓားချက်အောက်တွင် ကျယ်ပြောလှသော ကောင်းကင်ကြီးမှာ နှစ်ခြမ်းကွဲသွားပြီး နေ၊ လနှင့် ကြယ်တာရာများအားလုံးမှာပင် ခုတ်ပိုင်းဖျက်ဆီးခြင်း ခံလိုက်ရသကဲ့သို့ ခံစားလိုက်ရ၏။ တာအိုပေါင်း သုံးထောင် ဖြစ်စေ၊ နတ်ဘုရားအတတ်ပညာ များဖြစ်စေ မည်သည့်အရာမျှ ထိုဓားချက်ကို မတားဆီးနိုင်ချေ။ ထိုဓားချက်၏ ရှေ့မှောက်တွင် အရာအားလုံးမှာ ပုရွက်ဆိတ်ငယ်များနှယ် အလွယ်တကူပင် ကြေမွပျက်စီးသွားကြရသည်။

မရေမရာသော မြင်ကွင်းပေါင်းများစွာမှာလည်း ချန်ကျီရှင်း၏ စိတ်အာရုံထဲတွင် ပေါ်ပေါက်လာတော့သည်။ ၎င်းမှာ အမည်မသိ အရပ်တစ်ခုမှ ထွက်ပေါ်လာပြီး ခေတ်တစ်ခေတ်လုံးကို ဓားတစ်လက်တည်းဖြင့် လွှမ်းမိုးခဲ့သော ဝတ်ရုံဖြူနှင့် အမျိုးသမီးတစ်ဦး၏ ပုံရိပ်ပင်။

သူမသည် ထာဝရအသက်ရှင်ခြင်း မိသားစုကြီးများကို ကျော်ဖြတ်ခဲ့ပြီး ရှေးဟောင်းမြင့်မြတ်သော နယ်မြေများကိုပင် တိုက်ခိုက်ခဲ့သည်။ လက်ထဲမှ ဓားတစ်လက်ကိုသာ အားကိုးလျက် ထိုဝတ်ရုံဖြူနှင့် အမျိုးသမီးသည် ခေတ်တစ်ခေတ်လုံးကို သိမ်းကျုံးအောင်နိုင်ခဲ့ပြီး အတုမဲ့ ပါရမီဖြင့် ရေတွက်မရသော ပါရမီရှင်များကို သူမ၏ အရိပ်အောက်သို့ ရောက်စေခဲ့သည်။

ထိုအချိန်တွင် ချန်ကျီရှင်းမှာ ဝေဝါးနေသော အသိအာရုံဖြင့် ဝတ်ရုံဖြူနှင့် အမျိုးသမီးရုပ်တု၏ မျက်ဝန်းများကို စိုက်ကြည့်နေမိသည်။ အချိန်မည်မျှ ကုန်ဆုံးသွားသည်ကို မသိနိုင်တော့ချေ။

နောက်ဆုံးတွင် ထိုမြင်ကွင်းများမှာ ဒီလှိုင်းများနှယ် ပြန်လည် ဆုတ်ခွာသွားတော့သည်။

"သခင်လေး သခင်လေး..."

နူးညံ့သော ခေါ်သံများမှာ သူ၏နားထဲသို့ တိုးဝင်လာသည်။ ချန်ကျီရှင်းမှာ အိပ်မက်မှ နိုးလာသကဲ့သို့ သတိပြန်ဝင်လာပြီး သူ၏မျက်ဝန်းများမှာ တဖြည်းဖြည်း ပြန်လည် ကြည်လင်လာတော့သည်။

သူ၏ အသိစိတ်ပင်လယ်အတွင်း၌ မည်သည့်အချိန်က ရောက်ရှိနေမှန်းမသိသော ရွှေရောင်ရှေးဟောင်းစာအုပ်တစ်အုပ် ပေါ်လာခဲ့ပြီ ဖြစ်သည်။ ထိုစာအုပ်၏ စာမျက်နှာပေါ်တွင် ရှေးဟောင်းစာလုံး လေးလုံးကို ရေးသားထားသည်။

လွင့်ပျံပန်းမန် ဓားတာအို…

၎င်းအပြင် သူသည် ဤအမွေအနှစ်နေရာနှင့် ချင်းအာ နတ်ဘုရားဓားတို့အကြား ပိုမိုနက်ရှိုင်းသော ဆက်နွှယ်မှုကို ခံစားလိုက်ရသည်။ ချန်ကျီရှင်း၏ မျက်ဝန်းများထဲတွင် နားလည်သဘောပေါက်မှုများ ဝင်းလက်သွားတော့သည်။

ယခုအချိန်တွင် သူသည် အမွေအနှစ်ကို လက်ခံရရှိရုံတင်မကဘဲ ချင်းအာ နတ်ဘုရားဓားကိုလည်း အမှန်တကယ်ပင် အပိုင်စီးနိုင်ခဲ့ပြီ ဖြစ်သည်။

"သခင်လေး... အဆင်ပြေရဲ့လား"

ချင်းအာ၏ စိုးရိမ်တကြီး မေးမြန်းသံမှာ ပဲ့တင်ထပ်လာသည်။

"ငါ အဆင်ပြေပါတယ်"

ချန်ကျီရှင်းသည် သူ၏အကြည့်များကို လွှဲလိုက်ပြီးနောက် သက်ပြင်းရှည်တစ်ချက်ကို မှုတ်ထုတ်လိုက်သည်။

"သူမလို ပုဂ္ဂိုလ်မျိုးတောင် ဒီကမ္ဘာကြီးကနေ ပျောက်ကွယ်သွားခဲ့ရတာပဲ..."

ချန်ကျီရှင်းသည် အာရုံထဲတွင် မြင်တွေ့ခဲ့ရသည့် အတုမဲ့အမျိုးသမီးကို ပြန်လည်စဉ်းစားမိပြီးနောက် စိတ်မကောင်းဖြစ်ဟန်ဖြင့် ခေါင်းကို အသာအယာ ခါယမ်းလိုက်မိသည်။

"သခင်လေး... ဓားနတ်ဘုရား နောက်ဆုံးခရီးကို သွားခဲ့ပုံကို မြင်ခဲ့ရလို့လားဟင်"

ဓားဝိညာဉ် ချင်းအာက စိတ်လှုပ်ရှားနေသည့် လေသံဖြင့် မေးမြန်းလာသည်။

"မမြင်ခဲ့ဘူး"

ချန်ကျီရှင်းက ခေါင်းခါလိုက်သည်။ သူ၏စိတ်ထဲတွင် မြင်တွေ့ခဲ့ရသော မြင်ကွင်းများသည် ထိုထူးခြားလှသော အမျိုးသမီးက မဟာထာဝရအသက်ရှင်ခြင်းနယ်ပယ်သို့ ခြေလှမ်းလှမ်းလိုက်သည့် အချိန်မှာပင် ရပ်တန့်သွားခဲ့သည်။ သို့သော်လည်း ယနေ့ခေတ်ကာလတွင် ဓားနတ်ဘုရားနှင့် ပတ်သက်သည့် အကြောင်းအရာများ မကြားရတော့သည်ကို ကြည့်ခြင်းအားဖြင့် သူမ ကွယ်လွန်သွားခဲ့သည်မှာ သေချာသလောက်ပင်။

"အော်... ဟုတ်ကဲ့ပါ"

ချင်းအာ၏ အသံမှာ အနည်းငယ် စိတ်ပျက်သွားသည့်ပုံ ပေါက်နေသည်။

နောက်တစ်ခဏတွင် ချန်ကျီရှင်းသည် တင်ပျဉ်ခွေထိုင်လိုက်ပြီး သူ၏စိတ်ထဲသို့ ရောက်ရှိလာသော လွင့်ပျံပန်းမန် ဓားတာအိုကို စတင်လေ့လာတော့သည်။

သူသည် ရှေးဟောင်းဓားနတ်ဘုရား၏ ဘဝတစ်လျှောက်လုံးကို အတော်အတန် မြင်တွေ့ခဲ့ရပြီးဖြစ်ရာ သူမ၏ ဓားတာအိုကို အဓိက အဆင့်သုံးဆင့် ခွဲခြားနိုင်ကြောင်း သိရှိခဲ့သည်။ ထိုအထဲတွင် လွင့်ပျံပန်းမန် ဓားတာအိုမှာ သူမ၏ ပထမဆုံးသော အဆင့်ပင်။

အချိန်များမှာ တရွေ့ရွေ့ ကုန်ဆုံးသွားခဲ့သည်။

မျက်တောင်တစ်ခတ်အတွင်းမှာပင် ချန်ကျီရှင်းသည် ဤနေရာ၌ တင်ပျဉ်ခွေထိုင်လျက် လွင့်ပျံပန်းမန် ဓားတာအိုကို ဆင်ခြင်နေခဲ့သည်မှာ သုံးရက်တိုင်တိုင် ရှိသွားခဲ့ပြီ ဖြစ်သည်။

ကောင်းကင်ဘုံကို ဆန့်ကျင်နိုင်သည့် သူ၏ နားလည်သဘောပေါက်မှုစွမ်းအားနှင့် မြင့်မားလှသော ဓားတာအိုပါရမီတို့ ပေါင်းစပ်လိုက်သောအခါ သူ၏ ဓားတာအိုအပေါ် နားလည်မှုမှာ အံ့အားသင့်ဖွယ် အရှိန်အဟုန်ဖြင့် တိုးတက်လာတော့သည်။

"သခင်လေး... တကယ်တော့ ဓားတာအိုကို အဓိက နယ်ပယ်ကြီး လေးခု ခွဲခြားထားပါတယ်"

"အဲဒါတွေကတော့ အခြေခံအဆင့်၊ ကျွမ်းကျင်အဆင့်၊ နှံ့စပ်အဆင့်နဲ့ နောက်ဆုံးမှာတော့ အထွတ်အထိပ်အဆင့်တို့ပဲ"

"အထွတ်အထိပ်အဆင့်ကိုတော့ ဂုဏ်ထူးဆောင် ဆရာကြီးနယ်ပယ်လို့လည်း ခေါ်ကြတယ်။ ဒီအဆင့်ကို ရောက်တဲ့သူတွေကိုတော့ ဓားတာအို ဂုဏ်ထူးဆောင် ဆရာကြီးလို့ ဂုဏ်ပြုခေါ်ဝေါ်ကြတာပါ"

ချင်းအာ၏ အသံမှာ ချန်ကျီရှင်းအား ဓားတာအိုနှင့် ပတ်သက်သည့် ရှင်းလင်းချက်များကို တရစပ် ပြောပြနေသည်။

"ပြီးတော့ ဓားနတ်ဘုရားရဲ့ လွင့်ပျံပန်းမန် ဓားတာအို မှာလည်း ဒီနယ်ပယ် လေးခုလုံး ရှိနေပါတယ်။ လွင့်ပျံပန်းမန် ဓားသိုင်း ကို ကျွမ်းကျင်သွားရင် အခြေခံအဆင့်ကို ရောက်ပြီလို့ ဆိုနိုင်ပါတယ်"

"ဓားသိုင်းရဲ့ အထက်မှာတော့ ဓားဆန္ဒရှိပါတယ်။ အကယ်၍ သခင်လေးက လွင့်ပျံပန်းမန် ဓားဆန္ဒကို ပိုင်နိုင်သွားမယ်ဆိုရင် ဓားတာအိုရဲ့ ဒုတိယအဆင့်ဖြစ်တဲ့ ကျွမ်းကျင်အဆင့် ထဲကို ဝင်ရောက်နိုင်မှာပါ"

"ကျွမ်းကျင်အဆင့်ရဲ့ အထက်မှာရှိတဲ့ နှံ့စပ်အဆင့် အတွက်ကတော့... ဓားဆန္ဒနဲ့ ဖန်တီးထားတဲ့ ဓားဆန္ဒ ပန်းမန်ကို ခိုင်မာအောင် တည်ဆောက်နိုင်ဖို့ လိုအပ်ပါတယ်"

"နောက်ဆုံးနယ်ပယ်ဖြစ်တဲ့ ဂုဏ်ထူးဆောင်ဆရာကြီးနယ်ပယ်ကတော့ အရမ်းကို ခက်ခဲပါတယ်။ လွင့်ပျံပန်းမန် ဓားတာအိုထဲက အစွမ်းထက်ဆုံး နတ်ဘုရားအတတ်ပညာဖြစ်တဲ့ ခဏတာအလှတရားကို နားလည်သဘောပေါက်မှ ရမှာပါ"

ဘာမှပြန်မပြောဘဲ ငြိမ်သက်နေသော ချန်ကျီရှင်းကို ကြည့်ပြီး ဓားဝိညာဉ် ချင်းအာက မနေနိုင်ဘဲ ဆက်ပြောလိုက်သည်။

"သခင်လေး... ဓားတာအိုဆိုတာ တခြားအတတ်ပညာတွေနဲ့ မတူဘူး။ ရုတ်တရက် အသိဉာဏ်ပွင့်ရုံနဲ့တင် နားလည်နိုင်တာမျိုး မဟုတ်ဘဲ နေ့ညမပြတ် ကြိုးစားအားထုတ်မှု၊ စဉ်ဆက်မပြတ် တိုက်ခိုက်ယှဉ်ပြိုင်မှုတွေ ရှိမှသာ အဆင့်တက်နိုင်တာပါ"

"စကားပုံတစ်ခုရှိတယ်... ဓားတာအိုမှာ တစ်ညတည်းနဲ့ အောင်မြင်ဖို့ လောလို့မရဘူးတဲ့"

"ကျွန်မအမြင်အရတော့ သခင်လေး ဒီမှာတင် ဆက်ပြီး ဆင်ခြင်နေလို့ ထူးမှာမဟုတ်တော့ဘူး။ ဒီနေရာကနေ ထွက်ပြီး သခင်လေးရဲ့ ဓားစွမ်းရည်ကို လောကကြီးနဲ့ ယှဉ်ပြီး စမ်းသပ်ကြည့်တာက ပိုကောင်းလိမ့်မယ်..."

ချင်းအာသည် ချန်ကျီရှင်းမှာ အလွန်အမင်း လောနေသည်ဟု ထင်သဖြင့် စေတနာဖြင့် အလေးအနက် အကြံပေးနေခြင်း ဖြစ်သည်။

သို့သော် ရုတ်တရက်ဆိုသလို သူမ၏ စကားလုံးများမှာ ရပ်တန့်သွားပြီး သူမကိုယ်တိုင်လည်း ကျောက်ရုပ်တစ်ခုလို တောင့်တင်းသွားတော့သည်။

"ဒါက..."

ချင်းအာသည် ချန်ကျီရှင်းကို စိုက်ကြည့်နေမိရာ သူမ၏ မျက်ဝန်းများထဲတွင် တဖြည်းဖြည်းနှင့် သရဲတစ်ကောင်ကို မြင်လိုက်ရသည့်အလား ထိတ်လန့်အံ့ဩသော အမူအရာများ ပြည့်နှက်လာတော့သည်။

မည်သည့်အချိန်ကတည်းက စုဝေးရောက်ရှိနေမှန်းမသိသော နုနယ်ဖြူစင်သည့် ပန်းပွင့်ဖတ်ကလေးများသည် တင်ပျဉ်ခွေထိုင်နေသော ချန်ကျီရှင်း၏ ဘေးပတ်ပတ်လည်တွင် တိတ်တဆိတ် စုဝေးလာကြသည်။ ထိုပန်းပွင့်ဖတ်ကလေးများသည် ချန်ကျီရှင်း၏ အနီးမှ လွင့်တက်လာပြီး သူ့ကို ဗဟိုပြုကာ ဝဲလည်လာကြတော့၏။

ပန်းပွင့်တစ်ဖတ်... နှစ်ဖတ်... သုံးဖတ်...

မျက်တောင်တစ်ခတ်အတွင်းမှာပင်

ရေတွက်၍မရနိုင်သော ဓားဆန္ဒ ပန်းမန်များ ထွက်ပေါ်လာပြီး ဟင်းလင်းပြင်တစ်ခုလုံးကို သိမ်းပိုက်လိုက်တော့သည်။

ထိုဓားဆန္ဒ ပန်းမန်များသည် ချန်ကျီရှင်းကို ဝန်းရံကာ နှင်းပွင့်များ၊ နှင်းခဲများအလား လေထဲတွင် ဝဲပျံကခုန်နေကြပြီး လွင့်မျောယိမ်းနွဲ့နေကြတော့၏။ ထိုရေတွက်မရသော ပန်းပွင့်ဖတ်များ၏ ကခုန်မှုကြားတွင် ချန်ကျီရှင်းသည် သူ၏မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်လိုက်

သည်။ သူ၏အသံမှာ ဝမ်းသာခြင်း၊ ဝမ်းနည်းခြင်းမရှိဘဲ တည်ငြိမ်အေးဆေးလှသည်။

"ပန်းပွင့်လေးတွေ ပွင့်လာတဲ့ အသံ... ငါ ကြားလိုက်ရပြီ"

ဝုန်းးးးးး

ချန်ကျီရှင်း၏ နောက်ဆုံးစကားလုံးနှင့်အတူ ရေတွက်မရသော လွင့်ပျံပန်းမန်များမှာ ချက်ချင်းပင် ကြောက်မက်ဖွယ်ကောင်းပြီး ရက်စက်လှသော ဓားဆန္ဒများအဖြစ်သို့ ပြောင်းလဲသွားကာ ကျောက်ခန်းမဆောင်ကြီးတစ်ခုလုံးကို လွှမ်းခြုံသွားတော့သည်။

ကမ္ဘာပျက်မတတ် မုန်တိုင်းကြီးတစ်ခုအလား ကျယ်ပြောလှသော ကျောက်ခန်းမကြီးအတွင်း၌ သောင်းကျန်းနေသော ဓားအရှိန်အဝါများဖြင့် ပြည့်နှက်သွားတော့၏။ လွင့်ပျံပန်းမန် ဓားအရှိန်အဝါများ၏ တရစပ် တိုက်ခိုက်မှုအောက်တွင် ဟင်းလင်းပြင်ကြီးမှာပင် မခံနိုင်တော့ဘဲ စုတ်ပြတ်သတ်သွားကာ အော်ဟစ်ညည်းတွားသံများ ထွက်ပေါ်လာတော့သည်။

အကယ်၍ ဤနေရာသာ ရှေးဟောင်းဓားနတ်ဘုရားကိုယ်တိုင် အလွန်ခိုင်ခံ့သော ဟင်းလင်းပြင် အတားအဆီးများဖြင့် ဖန်တီးခဲ့ခြင်း မဟုတ်ပါက ခဏချင်းအတွင်းမှာပင် ပြာပုံအတိ ဖြစ်သွားလောက်သည်။

"သခင်လေး..."

ချင်းအာသည် လွင့်ပျံနေသော ပန်းပွင့်များ၏ အလယ်ဗဟိုတွင် ဝတ်ရုံဖြူကို ဝတ်ဆင်ကာ ဆံနွယ်နက်များ လွင့်ခါလျက် ခန့်ညားထည်ဝါသော အမူအရာဖြင့် ထိုင်နေသည့် ချန်ကျီရှင်းကို ကြည့်ရင်း မှင်တက်နေမိတော့သည်။

သူမ၏ အမြင်အာရုံထဲတွင် ဝေဝါးစွာဖြင့် နှစ်ပေါင်းများစွာ မတွေ့ရတော့သော ထိုဝတ်ရုံဖြူနှင့် ဓားနတ်ဘုရားမှာ ကမ္ဘာလောကကြီးကို တစ်ဖန်ပြန်လည် အုပ်စိုးရန် ပေါ်ထွက်လာသကဲ့သို့ ခံစားလိုက်ရတော့သည်။

All Chapters