← Chapters

အခန်း (၇၉-၈၀)

Vol. 8 Ch. 79-80

အခန်း (၇၉-၈၀)

Vol. 8 Ch. 79-80

အခန်း။ ၇၉

ရှုးးး ရှုးးး ရှုးးး

လွင့်ပျံနေသော ပန်းပွင့်ဖတ်ကလေးများသည် တဖြည်းဖြည်းနှင့် ကောင်းကင်နှင့် မြေကြီးအကြားတွင် ပျံ့လွင့်ကွယ်ပျောက်သွားကြသည်။ ကျယ်ပြောလှသော ကျောက်ခန်းမဆောင်ကြီးမှာလည်း တစ်ဖန်ပြန်လည် တိတ်ဆိတ်သွားတော့၏။

တော်တော်ကြာမှပင် မှင်တက်နေသော ချင်းအာမှာ သတိပြန်ဝင်လာပြီး မယုံကြည်နိုင်သေးသည့် လေသံဖြင့် မေးလိုက်သည်။

"သခင်လေး... သခင်လေးက ဓားတာအိုရဲ့ တတိယနယ်ပယ်ထဲကို တကယ်ပဲ ဝင်ရောက်သွားတာလား"

"အဲဒီလိုပဲ ပြောရမှာပေါ့"

ချန်ကျီရှင်းက မတ်တပ်ထရပ်လိုက်ရင်း တည်ငြိမ်စွာ ခေါင်းညိတ်ပြလိုက်သည်။

ချန်ကျီရှင်း၏ အတည်ပြုချက်ကြောင့် ချင်းအာမှာ ရင်ထဲမှ ကြိုတင်တွေးဆထားသော်လည်း အသက်ကို ပြင်းပြင်းရှူလိုက်မိတော့သည်။

သုံးရက်အတွင်းမှာတင် ဓားတာအိုရဲ့ တတိယအဆင့်ကို တိုက်ရိုက် ရောက်သွားတာလား။

ဤကဲ့သို့သော အရှိန်အဟုန်မျိုးမှာ တစ်ခါမှ မကြားဖူး၊ မမြင်ဖူးသည့်အရာပင်။ ရှေးဟောင်းသမိုင်း တစ်လျှောက်လုံးကို ပြန်လှန်ကြည့်လျှင်ပင် ဤကဲ့သို့သော သာဓကမျိုးကို ရှာတွေ့နိုင်မည် မဟုတ်ချေ။

သိထားသင့်သည်မှာ ကောင်းကင်ဘုံက ပေးသနားသော ပါရမီရှင်ဟု ကျော်ကြားခဲ့သည့် တစ်လောကလုံးကို တုန်လှုပ်စေခဲ့သော ဓားနတ်ဘုရားပင်လျှင် ထိုစဉ်က ဓားတာအို၏ တတိယအဆင့်ဖြစ်သော ဓားဆန္ဒနယ်ပယ်သို့ ရောက်ရှိရန် ခုနစ်နှစ် တိတိ အချိန်ယူခဲ့ရခြင်းပင်။

"မိစ္ဆာကောင်ပဲ"

ချင်းအာ၏ စိတ်ထဲတွင် အတွေးများစွာ ဗယောက်ဗယက် ဖြစ်နေပြီးနောက် နောက်ဆုံးတွင် သူမ၏ လည်ချောင်းထဲမှ ဤစကားလုံးနှစ်လုံးကိုသာ ညှစ်ထုတ်နိုင်တော့သည်။

မိစ္ဆာကောင်ဆိုသည်မှအပ ချန်ကျီရှင်းကို ဖော်ပြရန် အခြားမည်သည့် စကားလုံးကို သုံးရမှန်း သူမ တကယ်မသိတော့ပေ။ သုံးရက်အတွင်း ဓားတာအို တတိယအဆင့်ကို ရောက်သွားခြင်းမှာ သူမ၏ နားလည်မှုကို လုံးဝ ရိုက်ချိုးဖျက်ဆီးလိုက်ခြင်းပင်။

"ချင်းအာ... ဓားနတ်ဘုရားရဲ့ ဒုတိယအဆင့် ဓားတာအိုက ဘယ်မှာလဲ"

ချန်ကျီရှင်းက မေးလိုက်သည်။

ချင်းအာက စိတ်ကို ပြန်စုစည်းကာ အလျှင်အမြန် ပြန်ဖြေသည်။

"ဒါလည်း ဒီနေရာမှာပဲ ရှိတာပါ။ ဒါပေမဲ့ ဓားနတ်ဘုရားရဲ့ ဒုတိယအဆင့် ဓားတာအိုကို ဆက်ခံဖို့ဆိုရင် ပထမအဆင့်ဖြစ်တဲ့ လွင့်ပျံပန်းမန် ဓားတာအိုကို အထွတ်အထိပ်ထိ အရင်ကျွမ်းကျင်ရပါမယ်။ ဓားနှလုံးသားကို စုစည်းနိုင်ရမယ်။ ပြီးရင် ခဏတာအလှတရားကို ထုတ်ဖော်နိုင်မှသာ ဒုတိယအဆင့် ဓားတာအိုကို ဆက်ခံခွင့် ရမှာပါ"

"အဲဒီလိုလား"

ချန်ကျီရှင်းက ခေါင်းညိတ်လိုက်သည်။ အမှန်အတိုင်းပြောရလျှင် သူသည် ယခုအချိန်တွင် အတော်လေးကို ထူးဆန်းသော အခြေအနေတစ်ခုသို့ ရောက်ရှိနေခြင်းပင်။

ဓားတာအို၏ နယ်ပယ်ကြီးလေးခုမှာ ဓားကျွမ်းကျင်မှု၊ ဓားသိုင်းအတတ်၊ ဓားဆန္ဒနှင့် ဓားနှလုံးသားတို့ပင်

ကောင်းကင်ဘုံကို ဆန့်ကျင်နိုင်သော သူ၏ နားလည်သဘောပေါက်မှုစွမ်းအားကြောင့် ချန်ကျီရှင်းသည် သူ၏ ဓားတာအိုကို တတိယအဆင့်၏ အထွတ်အထိပ်သို့ ရောက်အောင် တွန်းပို့နိုင်ခဲ့ပြီ ဖြစ်သည်။ ထို့အပြင် စတုတ္ထနယ်ပယ်သို့ ရောက်မှသာ အသုံးပြုနိုင်မည့် လွင့်ပျံပန်းမန် ဓားတာအို၏ အမြင့်ဆုံး နတ်ဘုရားအတတ်ပညာဖြစ်သော ခဏတာအလှတရားကိုလည်း သူ တိုက်ရိုက် သဘောပေါက်သွားခဲ့ခြင်းပင်။

သို့သော် လက်ရှိတွင် သူသည် ဓားနှလုံးသားကိုမူ စုစည်းနိုင်ခြင်း မရှိသေးပေ။ ဆိုလိုသည်မှာ ခဏတာအလှတရားကို ထုတ်ဖော်နိုင်စွမ်း ရှိသော်လည်း သူ၏ ဓားတာအို ကျင့်ကြံမှုမှာ စတုတ္ထအဆင့်သို့ အမှန်တကယ် မရောက်ရှိသေးခြင်းပင်။

"ထားလိုက်ပါတော့လေ... မလောပါဘူး။ နောက်မှ ငါ ဓားနှလုံးသားကို စုစည်းနိုင်တဲ့အခါ ဒုတိယအဆင့် အမွေအနှစ်ကို ယူဖို့ ဒီကို ပြန်လာခဲ့တာပေါ့"

ချန်ကျီရှင်းက အေးဆေးစွာပင် ခေါင်းခါယမ်းလိုက်သည်။ မဝါးနိုင်ဘဲနှင့် အများကြီး မစားသင့်ဘူးဆိုသည့် အခြေခံသဘောတရားကို သူ နားလည်ပါသည်။ ၎င်းအပြင် ယခုအခါ သူသည် ဤအမွေအနှစ်နေရာကို အပြည့်အဝ ထိန်းချုပ်နိုင်ပြီဖြစ်ရာ ယခင်ကလို အခက်အခဲများ မရှိဘဲ အချိန်မရွေး ပြန်လာနိုင်မည်ပင်။

ကောင်းကင်ဘုံဆန့်ကျင်ဘက် နားလည်မှုစွမ်းအားနှင့်ဆိုလျှင် ဓားနှလုံးသားကို စုစည်းရန်မှာ အချိန်တစ်ခု ပေးရုံသာ လိုအပ်တော့သည်။

"သွားကြစို့"

ချန်ကျီရှင်းက အသက်ကို ပြင်းပြင်းရှူလိုက်သည်။ ယခုမူ ပြန်ထွက်ရမည့် အချိန်တန်ပြီဖြစ်ကာ

တစ်ချိန်တည်းမှာပင် ကောင်းကင်မြစ်တောင်ထက်၌ ဓားပုံသဏ္ဌာန်ရှိသော ပျံသန်းသည့် သင်္ဘောတစ်စင်းမှာ ကောင်းကင်မြစ်တောင်၏ အထက်တွင် တိတ်ဆိတ်စွာ ဝဲပျံနေသည်။ သင်္ဘော၏ ကုန်းပတ်ပေါ်တွင် ဟောက်ရီဓားဂိုဏ်း၏ ဂိုဏ်းချုပ်ငယ်လေးမှာ အဖိုးတန် နဂါးထွက်သက်သစ်သားဖြင့် ပြုလုပ်ထားသော ကုလားထိုင်ကြီးပေါ်တွင် ပျင်းရိစွာ ထိုင်နေ၏။

သူ၏နောက်တွင် နတ်ဘုရားခရီးသွား အထွတ်အထိပ် အဆင့်ရှိသော ဓားအစေခံ ရှစ်ဦးမှာ တန်းစီ၍ ရပ်နေကြသည်။ အမျိုးသမီးတစ်ဦးမှာ နန်းတွင်းဝတ်စုံနှင့်တူသော ရေဝတ်ရုံကို ဝတ်ဆင်ထားပြီး သူ၏ခြေရင်းတွင် တုန်တုန်ရင်ရင်ဖြင့် ဒူးထောက်ကာ သူ၏ ခြေကျင်းဝတ်ကို လက်ဖြင့် နှိပ်နယ်ပေးနေရ၏။

"ပြောစမ်း... ဖြူစင်တဲ့ ကြက်ခြေခတ်မျက်နှာဖုံး စွပ်ထားတဲ့လူနဲ့ မင်းနဲ့ ဘာပတ်သက်လဲ"

ခမ်းနားထည်ဝါသော ဝတ်စုံနှင့် သခင်လေးက သူ၏လက်ကို ရှေ့သို့ ဆန့်ထုတ်လိုက်ရာ ဓားအစေခံတစ်ဦးက ကျွမ်းကျင်စွာပင် ဝိညာဉ်လက်ဖက်ရည်တစ်ခွက်ကို သူ၏လက်ဖဝါးထဲသို့ ရိုသေစွာ ထည့်ပေးလိုက်သည်။

ခမ်းနားထည်ဝါစွာ ဝတ်ဆင်ထားသော သခင်လေးနှင့် မနီးမဝေးတွင် သင်္ဘောရွက်တိုင် နှစ်ခုပေါ်၌ ရှန်းယန်နှင့် ရွှီလီတို့ နှစ်ဦးမှာ နဂါးချည်နှောင်သော့ဖြင့် တင်းကျပ်စွာ အချည်ခံထားရပြီး သူတို့၏ ကျင့်ကြံဆင့်များမှာလည်း ပိတ်ပင်ခံထားရသဖြင့် အနည်းငယ်မျှပင် မလှုပ်ရှားနိုင်ကြချေ။ သူတို့၏ ဘေးတွင်မူ အာလျန်ဟုခေါ်သော ဓားသမားမှာ ခေါင်းဖြတ်သတ်ခြင်း ခံထားရသည်မှာ ကြာပြီဖြစ်ကာ သူ၏ဦးခေါင်းမှာ သင်္ဘောဦးတွင် ချိတ်ဆွဲခံထားရ၏။

"ဂိုဏ်း... ဂိုဏ်းချုပ်ငယ်လေး... ကျွန်တော် တကယ်ပဲ အဲဒီလူက ဘယ်သူလဲဆိုတာ မသိပါဘူး။ သူ့ကို ဒီရှန်းယန်က ခေါ်လာခဲ့တာပါ။ ကျွန်တော်တို့က လမ်းကြုံ သိရုံသက်သက်ပါပဲ..."

ရွှီလီက တုန်ရင်နေသော လက်ညှိုးဖြင့် ရှန်းယန်ကို ညွှန်ပြကာ ကြောက်လန့်တကြား ပြောလိုက်သည်။

သခင်လေး၏ ခြေရင်းတွင် ဒူးထောက်နေသော နန်းတွင်းဝတ်စုံနှင့် အမျိုးသမီးကလည်း အလျှင်အမြန်ပင် ထောက်ခံလိုက်သည်။

"ဂိုဏ်းချုပ်ငယ်လေး... ကျွန်မတို့ သူ့ကို တကယ်မသိတာပါ ဟုတ်ပါတယ် အဲဒီ ရှန်းယန်ဆိုတဲ့လူက ခေါ်လာတာပါ။ ကျွန်မတို့ကြားမှာ ဘာပတ်သက်မှုမှ မရှိပါဘူး"

ဖြောင်း…

သခင်လေးက ထိုအမျိုးသမီး၏ မျက်နှာကို အထင်သေးစွာဖြင့် ဖြတ်ရိုက်လိုက်သည်။

"ငါ မင်းကို မေးလို့လား ဘာလို့ စကားဖြတ်ပြောတာလဲ"

ယခင်က ဘိုင်လင်ဟု အမည်ဝှက်သုံးခဲ့သော ထိုအမျိုးသမီးမှာ ရိုက်ချက်ပြင်းထန်သဖြင့် နာကျင်စွာ အော်ဟစ်ရင်း လွင့်ထွက်သွားတော့သည်။ သူမ၏ အတော်အတန် လှပသော မျက်နှာပေါ်တွင် လက်ဝါးရာ ငါးခုမှာ ထင်ထင်ရှားရှား ပေါ်လာ၏။

"ဂိုဏ်း... ဂိုဏ်းချုပ်ငယ်လေး ပြောတာ မှန်ပါတယ်"

ဘိုင်လင်မှာ အနည်းငယ်မျှပင် စိတ်မဆိုးရဲဘဲ အတင်းအကျပ် ပြုံးကာ အလျှင်အမြန် ပြန်တွားလာပြီး သခင်လေး၏ ခြေရင်းတွင် ကြောင်လေးတစ်ကောင်နှယ် ငြိမ်ကုပ်စွာ ပြန်လည် ဒူးထောက်နေရရှာသည်။

ထို့နောက် သခင်လေးက ရှန်းယန်ကို ကြည့်ကာ ပြုံးလိုက်သည်။

"မင်းက ပိုင်ရှီးနဲ့ တော်တော်ရင်းနှီးတာပဲ ဟုတ်လား"

ရှန်းယန်၏ မျက်နှာဖုံးမှာ ဖယ်ရှားခံထားရသည်မှာ ကြာပြီဖြစ်ရာ သာမန်ရိုးစင်းသော လူငယ်တစ်ဦး၏ မျက်နှာ ပေါ်ထွက်နေသည်။ ယခုအချိန်တွင် ထိုမျက်နှာမှာ ဖူးရောင်ညိုမည်းနေပြီး ယခင်က အပြင်းအထန် ရိုက်နှက်ခံထားရသည်မှာ ထင်ရှားလှသည်။

"သတ္တိကြောင်တဲ့ကောင်တွေ"

ရှန်းယန်က ရွှီလီနှင့် ဘိုင်လင်တို့ကို အထင်သေးစွာ ကြည့်လိုက်သည်။ အပျော်သဘောနှင့် လူသတ်တတ်သော ဤဂိုဏ်းချုပ်ငယ်လေးက သူတို့၏ တောင်းပန်မှုကြောင့် လွှတ်ပေးလိမ့်မည်ဟု တွေးနေကြသည့် ထိုနှစ်ဦး၏ မိုက်မဲမှုကို သူ သိနေသည်။

နောက်တစ်ခဏတွင် ရှန်းယန်က သခင်လေးဘက်သို့ လှည့်ကာ သွားဖြဲ၍ ရယ်ပြလိုက်သည်။

"ဟုတ်တယ် ငါတို့က တော်တော်ရင်းနှီးတာ ညီအစ်ကိုတွေလိုပဲ။ အမှန်အတိုင်းပြောရရင် ငါ့အစ်ကိုက စစ်မှန်သော အနှစ်သာရနယ်ပယ်က ပညာရှင်ဖြစ်ရုံတင်မကဘူး။ သူ့နောက်ကွယ်မှာ အမတတာအိုဂိုဏ်းကြီးတွေရှိပြီး သူ့ဆရာက မဟာထာဝရအသက်ရှင်ခြင်းနယ်ပယ်က ပုဂ္ဂိုလ်ကြီးပဲ ဘယ်လိုလဲ ကြောက်သွားပြီလား"

စကားဆုံးသည်နှင့် ရှန်းယန်မှာ သေခြင်းတရားကို မကြောက်သည့်အလား ဓားဂိုဏ်းသခင်လေးကို စိုက်ကြည့်ကာ ဆက်လက် ပြုံးနေတော့သည်။ သူသည် ကျင့်ကြံခြင်းလောက၏ အောက်ခြေအဆင့်မှ ကျင့်ကြံသူတစ်ဦးသာ ဖြစ်သော်လည်း အခြေခံသဘောတရားတစ်ခုကိုမူ သူ ကောင်းကောင်းနားလည်ထားသည်။

မင်းက ကြောက်လေလေ ကြောက်စိတ်က မင်းကို ပိုပြီး မညှာမတာ ဝါးမြိုလေလေပဲ။

ဒါက မင်းငယ်ငယ်တုန်းက ရွာထဲက ခွေးတွေလိုပေါ့။ မင်းက ကြောက်ပြလေလေ သူတို့က မင်းရဲ့ ကြောက်စိတ်ကို ပိုသိပြီး ပိုပြီး အရူးအမူး ဟောင်ကြလေလေပဲ။

"ရိုက်စမ်း"

ခမ်းနားထည်ဝါသော ဝတ်စုံနှင့် သခင်လေးက လက်ဖက်ရည်ကို အေးအေးလူလူ တစ်ငုံသောက်ရင်း အမိန့်ပေးလိုက်သည်။

သူ့နောက်မှ ဓားအစေခံတစ်ဦးက လေထဲမှတစ်ဆင့် လက်ဝါးဖြင့် ရိုက်ချလိုက်ရာ ရှန်းယန်၏ မျက်နှာကို ပြင်းထန်စွာ ထိမှန်သွားတော့သည်။

ထွီး….

သွေးစများနှင့်အတူ ကျိုးသွားသော သွားအချို့မှာ ရှန်းယန်၏ ပါးစပ်ထဲမှ ထွက်ကျလာသည်။ ရှန်းယန်သည် အားယူ၍ ခေါင်းကို ပြန်မော့ကာ သခင်လေးကို ကြည့်ပြီး အကျယ်ကြီး ရယ်မော

လိုက်၏။

"ဟားဟားဟား... ဒါပဲလား ဟောက်ရီဓားဂိုဏ်းရဲ့ ဂိုဏ်းချုပ်ငယ်လေး လုပ်နိုင်တာ ဒါပဲလား ဓားအစေခံတွေကို သုံးပြီး အာဏာပြရုံပဲလား"

"လာလေ... ငါ့ကို သတ်လိုက်စမ်း ကံကြမ္မာဆိုတာ ပျံသန်းနေတဲ့ ငှက်တစ်ကောင်လိုပါပဲ။ ငါသာ မျက်မှောင်တစ်ချက် ကြုတ်လိုက်ရင် ငါ့နာမည်ကို ပြောင်းပြန်ရေးလိုက်စမ်း"

သခင်လေးက မျက်မှောင်ကျဉ်းလိုက်ပြီး နောက်ပြောင်ကျီစယ်သော အပြုံးဖြင့် ပြောလိုက်သည်။

"ပါးစပ်က တော်တော်မာတာပဲလား မလောပါနဲ့။ ငါတို့ အချိန်ပေးပြီး ဆော့ကြတာပေါ့။ မင်းလိုလူမျိုးတွေကို ငါ အများကြီး တွေ့ဖူးတယ်။ ခြွင်းချက်မရှိ အားလုံးက နောက်ဆုံးမှာတော့ မျက်ရည်တွေနဲ့ ဒူးထောက်တောင်းပန်ကြတာချည်းပဲ။"

"မင်းကတော့ သူတို့နဲ့ မတူဘဲ ထူးခြားနေမလားဆိုတာ ငါ တော်တော်လေး စောင့်ကြည့်ချင်မိတယ်"

အဝေးတစ်နေရာတွင် ချိုင်ချင်းချီသည် ဟင်းလင်းပြင်ထဲ၌ တင်ပျဉ်ခွေထိုင်နေရင်း ခေါင်းကို အသာအယာ ခါယမ်းလိုက်မိသည်။ ဟောက်ရီဓားဂိုဏ်း၏ ဂိုဏ်းချုပ်မှာ အရှေ့မြောက်နယ်မြေ၏ ထိပ်တန်းပုဂ္ဂိုလ်တစ်ဦးဖြစ်ပြီး သူရဲကောင်းတစ်ယောက်ဟု ခေါ်ဆိုနိုင်သူ ဖြစ်သည်။ သို့သော် မမျှော်လင့်ဘဲ သူ၏ တစ်ဦးတည်းသော သားဖြစ်သူမှာမူ ဤမျှ ရွံရှာဖွယ်ကောင်းပြီး မောက်မာရိုင်းစိုင်းသော အမူအရာများကို ပြသနေချေသည်။

"ဒီလို မိုက်မဲတဲ့ အပြုအမူတွေက တစ်နေ့နေ့မှာ ဟောက်ရီဓားဂိုဏ်းဆီကို ကပ်ဘေးတွေ သယ်ဆောင်လာလိမ့်မယ်"

ချိုင်ချင်းချီက တိုးတိုးလေး ရေရွတ်လိုက်ပြီး မျက်လုံးကို ပြန်မှိတ်လိုက်သည်။

ထိုစဉ်မှာပင် ကောင်းကင်မြစ်တောင်၏ အထက်ကောင်းကင်ယံတွင် ရုတ်တရက် ထစ်ချုန်းသံတစ်ခု ပဲ့တင်ထပ်လာသည်။

နောက်တစ်ခဏတွင် ဖြူဖွေးသော ဝဲဂယက်တစ်ခုမှာ ဟင်းလင်းပြင်ထဲ၌ တဖြည်းဖြည်း ပေါ်ထွက်လာတော့သည်။

သွယ်လျသော ကိုယ်လုံးကိုယ်ပေါက်၊ ဝတ်ရုံဖြူနှင့် ဆံနွယ်နက်များ၊ ကျောတွင် ဓားသေတ္တာတစ်လုံးကို လွယ်ထားပြီး မျက်နှာတွင် အဖြူရောင် ကြက်ခြေခတ်မျက်နှာဖုံးကို စွပ်ထားသော လူရိပ်တစ်ခုမှာ ဟင်းလင်းပြင်ထဲမှ လှမ်းထွက်လာခဲ့ပြီ ဖြစ်သည်။

"သူ ထွက်လာပြီလား"

ချက်ချင်းဆိုသလိုပင် ကောင်းကင်မြစ်တောင်ပေါ်ရှိ ဓားကျင့်ကြံသူအားလုံးမှာ ခေါင်းကို အမြန်မော့ကြည့်လိုက်ကြပြီး သူတို့၏ အကြည့်များမှာ ထိုဝဲဂယက်ထဲမှ ထွက်လာသူဆီသို့ စိုက်ကျသွားတော့သည်။

ပျံသန်းနေသော သင်္ဘောကုန်းပတ်ပေါ်တွင်မူ ဟောက်ရီဓားဂိုဏ်း၏ သခင်လေး မျက်နှာမှာ အတိုင်းထက်အလွန် ဝမ်းသာအားရ ဖြစ်သွားတော့သည်။

"ဟားဟားဟား... ရတနာ ငါ့ရဲ့ ရတနာ ထွက်လာပြီဟေ့"

အခန်း။ ၈၀

ကောင်းကင်ယံထက်တွင် ချန်ကျီရှင်းသည် ဝဲဂယက်ထဲမှ လှမ်းထွက်လိုက်သည်နှင့် ကောင်းကင်မြစ်တောင်၏ မြင်ကွင်းတစ်ခုလုံးမှာ သူ၏မျက်စိရှေ့သို့ တဖြည်းဖြည်း ရောက်ရှိလာတော့သည်။

ဟင်းလင်းပြင်ထဲတွင် အရှိန်အဝါကြီးစွာ ရပ်နားထားသော ပျံသန်းသည့် သင်္ဘောကြီး...

ခေါင်းဖြတ်ခံထားရသော ဓားသမား အာလျန်...

တင်းကျပ်စွာ ချည်နှောင်ခံထားရသော ရှန်းယန်နှင့် အခြားသူများ...

အဝေးတစ်နေရာတွင် တင်ပျဉ်ခွေထိုင်နေသော ဓားတာအိုဆရာကြီး ချိုင်ချင်းချီ...

ထို့အပြင် တစ်ခုခုကို အသည်းအသန် ရှာဖွေနေသော ဟောက်ရီဓားဂိုဏ်း အစောင့်အရှောက် ကျောက်ချန်ရှန်းနှင့် သူ့ကို ဝိုင်းကြည့်နေကြသော ဓားကျင့်ကြံသူများ။

ခဏအတွင်းမှာပင် ချန်ကျီရှင်းမှာ အခြေအနေအရပ်ရပ်ကို ရိပ်မိနားလည်သွားတော့သည်။

"မြန်မြန် သွားပြီး ငါ့ရဲ့ရတနာကို လုယူခဲ့ကြစမ်း"

ဂိုဏ်းချုပ်ငယ်လေးသည် ချန်ကျီရှင်းကို စိုက်ကြည့်ကာ သူ၏မျက်ဝန်းထဲတွင် စိတ်လှုပ်ရှားမှု လျှပ်စစ်စက္ကန့်များ ဝင်းလက်နေတော့သည်။

"အမိန့်အတိုင်းပါ"

သူ့နောက်မှ နတ်ဘုရားခရီးသွား အထွတ်အထိပ် အဆင့်ရှိသော ဓားအစေခံ ရှစ်ဦးမှာ ချက်ချင်းပင် ဟင်းလင်းပြင်ထဲသို့ ပျံတက်သွားပြီး ချန်ကျီရှင်းထံသို့ တဟုန်ထိုး ပြေးဝင်သွားကြတော့သည်။ ထိုရှစ်ဦးမှာ လေထဲတွင် တစ်ဦးနှင့်တစ်ဦး ချိတ်ဆက်မိသွားပြီး ဓားဝင်္ကပါ တစ်ခုကို ဖန်တီးကာ ချန်ကျီရှင်း၏ လမ်းကြောင်းကို ပိတ်ဆို့လိုက်ကြ၏။

တစ်ပြိုင်နက်တည်းမှာပင် စူးရှတောက်ပသော ဓားအလင်းတန်းတစ်ခုမှာ အဝေးမှ တဟုန်ထိုး ရောက်ရှိလာပြီး ချန်ကျီရှင်း၏ ရှေ့တွင် ရပ်တန့်လိုက်သည်။ ထိုသူမှာ အခြားသူမဟုတ်ပေ။ စစ်မှန်သော အနှစ်သာရ တတိယအဆင့်သို့ ရောက်ရှိထားသော အစောင့်အရှောက် ကျောက်ချန်ရှန်းပင်။

"မိတ်ဆွေ... ဓားကို အပ်လိုက်စမ်းပါ။ ဒါမှသာ ငါတို့ကြားမှာ ပဋိပက္ခတွေကို ရှောင်ရှားနိုင်မှာ ဘယ်လိုလဲ"

ကျောက်ချန်ရှန်းက လေးနက်သောအသံဖြင့် ပြောလိုက်သည်။

သူသည် အမှန်တကယ်တော့ မည်သူမှန်းမသိသော စစ်မှန်သော အနှစ်သာရနယ်ပယ် ပညာရှင်တစ်ဦးနှင့် အတတ်နိုင်ဆုံး ထိပ်တိုက်မတွေ့ချင်ပေ။ သခင်လေးမှာ အတွေ့အကြုံမရှိသဖြင့် မသိနားမလည်သော်လည်း သူကဲ့သို့ ဂိုဏ်းအစောင့်အရှောက်တစ်ဦးအနေနှင့်မူ ဤကဲ့သို့သောလူနှင့် ရန်ငြိုးဖွဲ့ရန်မှာ မည်မျှအန္တရာယ်ကြီးကြောင်း ကောင်းကောင်းသိသည်။

သို့သော် ထိုစကားဆုံးသည်နှင့်...

"ကျောက်ချန်ရှန်း မင်း ဘာတွေ ပေါက်ကရလျှောက်ပြောနေတာလဲ သူက စစ်မှန်သော အနှစ်သာရ ပထမအဆင့်လေးပဲ ရှိတာကို ငါ မင်းကို အမွှေးတိုင်တစ်တိုင်စာ အချိန်ပေးမယ်။ သူ့ကို အမြန်သတ်ပြီး ငါ့ရတနာကို ယူခဲ့စမ်း"

သင်္ဘောကုန်းပတ်ပေါ်မှ သခင်လေးမှာ မျက်မှောင်ကြုတ်ကာ ပြင်းထန်စွာ အော်ဟစ်လိုက်တော့သည်။

ကျောက်ချန်ရှန်းမှာ ထိုစကားကို ကြားသောအခါ အသက်ကို ပြင်းပြင်းရှူလိုက်ပြီး စိတ်ထဲမှ ဆုံးဖြတ်ချက်တစ်ခု ချလိုက်သည်။ ယနေ့တိုက်ပွဲမှာ ရှောင်လွှဲ၍ မရနိုင်တော့ကြောင်း သူ နားလည်သွားပြီဖြစ်သည်။ ချက်ချင်းပင် သူ၏မျက်ဝန်းထဲတွင် အေးစက်သော သတ်ဖြတ်လိုစိတ်များ ယှက်သန်းလာတော့၏။ သူ နောက်ထပ် တွန့်ဆုတ်မနေတော့ပေ။

"ဂိုဏ်းချုပ်ငယ်လေးက မင်းရဲ့အသက်ကို လိုချင်နေမှတော့... ငါလည်း တောင်းပန်ပါတယ်။ မင်း သေရုံပဲ ရှိတော့တယ်"

"တိုက်ခိုက်ကြစမ်း"

ဝုန်းးးးး

ခဏချင်းမှာပင် နတ်ဘုရားခရီးသွား အထွတ်အထိပ် အဆင့်ရှိ ဓားအစေခံ ရှစ်ဦးက စတင်လှုပ်ရှားလိုက်ပြီး အရပ်ရှစ်မျက်နှာမှနေ၍ ချန်ကျီရှင်းကို တစ်ပြိုင်နက်တည်း တိုက်ခိုက်လိုက်ကြတော့သည်။

ထက်မြက်ပြီး အတုမဲ့သော ဓားအလင်းတန်းများသည် ဓားအစေခံ ရှစ်ဦး၏ ဓားသွားများမှ ပေါက်ကွဲထွက်လာကာ ရွှေရောင်နေမင်းကြီးတစ်ခုအဖြစ် ပြောင်းလဲသွားပြီး တစ်ညတာကောင်းကင်ယံတစ်ခုလုံးကို လွှမ်းခြုံသွားစေ၏ ထိုမြင်ကွင်းကြောင့် အနားရှိ ရေတွက်မရသော ဓားကျင့်ကြံသူများမှာ မျက်တောင်တလှုပ်လှုပ် ဖြစ်သွားကြရသည်။

သုံးရက်တိုင်တိုင် ကြန့်ကြာနေခဲ့သော ဤတိုက်ပွဲသည် နောက်ဆုံး၌ ရောက်ရှိလာခဲ့သည်။

"ဟောက်ရီ ဓားဝင်္ကပါလား"

ချိုင်ချင်းချီသည် ဟင်းလင်းပြင်ထဲမှနေ၍ မျက်မှောင်ကို အသာကြုတ်လိုက်သည်။ ၎င်းမှာ ဟောက်ရီဓားဂိုဏ်း၏ လျှို့ဝှက်ဓားဝင်္ကပါများထဲမှ တစ်ခုဖြစ်ပြီး လူရှစ်ဦး၏ စွမ်းအားကို စုစည်းကာ တစ်ဦးချင်းစီထက် သာလွန်သော အင်အားကို ထုတ်ဖော်နိုင်ခြင်း ဖြစ်သည်။ ဤစွမ်းအားမျိုးမှာ သာမန် စစ်မှန်သော အနှစ်သာရနယ်ပယ်တစ်ဦးနှင့်ပင် ယှဉ်နိုင်စွမ်း ရှိသည်။

"နတ်ဘုရားခရီးသွား အဆင့်ရှိသူ ရှစ်ယောက်ရဲ့ ဓားဝင်္ကပါ။ အဲဒီအပြင် စစ်မှန်သော အနှစ်သာရ တတိယအဆင့်မှာရှိတဲ့ ကျောက်ချန်ရှန်း... သူ ဘယ်လို ခုခံမှာလဲ"

ချိုင်ချင်းချီက စိတ်ဝင်တစားဖြင့် ချန်ကျီရှင်းကို စိုက်ကြည့်နေမိသည်။

ဟင်းလင်းပြင်ထဲတွင် ချန်ကျီရှင်းမှာ ရွှေရောင်နေမင်းကြီးကို မော့ကြည့်လိုက်ပြီး ချင်းအာ နတ်ဘုရားဓားကို ဓားအိမ်အတွင်းမှ ဖြည်းညှင်းစွာ ဆွဲထုတ်လိုက်သည်။ သူသည် တည်ငြိမ်

အေးဆေးသော လေသံဖြင့် စကားတစ်ခွန်းကို ဆိုလိုက်၏။

"ကကွက်"

ချက်ချင်းပင် နုနယ်လှသော ပန်းပွင့်ဖြူကလေးများသည် ဟင်းလင်းပြင်ထဲ၌ ရုတ်တရက် ပွင့်အံလာတော့သည်။ ထို့နောက် ထိုပန်းပွင့်များသည် တစ်ပွင့်မှ တစ်ရာ၊ တစ်ရာမှ တစ်သောင်း... ကောင်းကင်တစ်ခုလုံးကို ဖုံးလွှမ်းသွားသည်အထိ ပွားများလာကြ၏။

"ဒါက ဘာကြီးလဲ..."

ချန်ကျီရှင်းထံသို့ ပြေးဝင်လာသော ဓားအစေခံ ရှစ်ဦးမှာ မျက်မှောင်ကြုတ်သွားကြသည်။ သို့သော် သူတို့ တုံ့ပြန်ရန် အချိန်မရလိုက်ခင်မှာပင် ထိုနုနယ်လှသော ပန်းပွင့်ဖတ်ကလေးများသည် ပေါက်ကွဲထွက်သွားကာ ကြောက်မက်ဖွယ်အကောင်းဆုံးနှင့် အားအင်အပြည့်ဆုံးသော ဓားအရှိန်အဝါများအဖြစ် ပြောင်းလဲသွားတော့သည်။

ဖု ဖု ဖု ဖု…..

သဲကန္တာရကို ဖြတ်တိုက်သွားသည့် မုန်တိုင်းတစ်ခုနှယ် ကောင်းကင်တစ်ခုလုံးသည် ဓားအရှိန်အဝါ ပင်လယ်ကြီးအဖြစ် ပြောင်းလဲသွားတော့သည်။ နတ်ဘုရားခရီးသွား အထွတ်အထိပ် အဆင့်ရှိ ဓားအစေခံ ရှစ်ဦးမှာ စကားတစ်ခွန်းပင် မပြောနိုင်လိုက်ဘဲ ပဲပြားကို ဓားဖြင့် လှီးဖြတ်လိုက်သကဲ့သို့ သန့်သန့်ရှင်းရှင်းပင် အပိုင်းပိုင်းအပြတ်ပြတ် ဖြစ်သွားကြတော့၏။

ကောင်းကင်ယံမှ သွေးမိုးများ ရွာသွန်းလာတော့သည်။

ချန်ကျီရှင်းမှာမူ ရှေ့သို့ တစ်လှမ်းတိုးလိုက်ပြီး မြေကျုံ့ခြေလှမ်းကို အသုံးပြုကာ ပေရာချီသော အကွာအဝေးကို လက်တစ်ဝါးစာအဖြစ် ပြောင်းလဲလိုက်ပြီး ကျောက်ချန်ရှန်း၏ ရှေ့မှောက်သို့ ချက်ချင်း ရောက်ရှိသွားသည်။ ချန်ကျီရှင်း၏ ကိုယ်ပေါ်မှ စစ်မှန်သော အနှစ်သာရနယ်ပယ်၏ အရှိန်အဝါများမှာ ပေါက်ကွဲထွက်လာတော့၏။

မလိုအပ်သော စကားများကို မပြောတော့ဘဲ ချန်ကျီရှင်းသည် သူ၏ဓားဖြင့် ကျောက်ချန်ရှန်းကို တိုက်ရိုက် ခုတ်ပိုင်းလိုက်တော့သည်။

"ဓားဆန္ဒ ပန်းမန်... ဒါက ရှေးဟောင်းဓားနတ်ဘုရားရဲ့ အမွေအနှစ်ပဲလား"

ကျောက်ချန်ရှန်း၏ မျက်နှာမှာ အေးစက်သွားပြီး သူ၏ဓားကို အလျင်အမြန် မြှောက်ကာ ခုခံလိုက်သည်။

ဒေါင်…

ဓားနှစ်လက် ထိတွေ့မိသံမှာ တောင်ထိပ်နှစ်ခု တိုက်မိသကဲ့သို့ ကျယ်လောင်လှပြီး ပြင်းထန်သော နောက်ဆက်တွဲ ရိုက်ခတ်မှုများမှာ ပတ်ဝန်းကျင်ရှိ တောင်ကုန်းများကိုပင် တညီတညာတည်း ပြတ်တောက်သွားစေသည်။

ကျောက်ချန်ရှန်းသည် ပြိုင်ဘက်၏ ဓားသွားမှတစ်ဆင့် တောင် သို့မဟုတ် ပင်လယ်ကဲ့သို့ လေးလံလှသော အားတစ်ရပ် စီးဝင်လာသည်ကို ခံစားလိုက်ရသည်။ သူ၏ ဓားရှည်မှာ အနည်းငယ် စောင်းသွားပြီး ထိုအားအင်၏ ထက်ဝက်ကျော်ကို လွှဲထုတ်လိုက်ရ၏။ သို့သော်လည်း သူသည် နောက်သို့ ခြေလှမ်းအတော်များများ ဆုတ်လိုက်ရပြီး လက်ဝါးမှာလည်း ထုံကျင်သွားတော့သည်။

ကျောက်ချန်ရှန်း အနေနှင့် အသက်ရှူပင် မချရသေးမီမှာပင် ရေတွက်၍မရသော လွင့်ပျံပန်းမန် ဓားအရှိန်အဝါများမှာ သူ့ထံသို့ တဟုန်ထိုး ပြေးဝင်လာသည်ကို မြင်လိုက်ရသည်။

"တစ်ခုခုတော့ တစ်ခုခုပဲ..."

ကျောက်ချန်ရှန်း၏ မျက်ဝန်းများမှာ လေးနက်တည်ကြည်သွားပြီးနောက် တိုးတိုးလေး ရေရွတ်လိုက်သည်။

"ဓားသိုင်းအတတ် အာရုဏ်ဦးအလင်း"

ဝုန်းးးးး

ခဏချင်းမှာပင် ကျောက်ချန်ရှန်းမှာ ရှေ့သို့ တစ်လှမ်းတက်လိုက်ပြီး မြေကမ္ဘာနှင့် ကောင်းကင်ယံကို ဖြတ်တောက်နိုင်စွမ်းရှိသော အာရုဏ်ဦးအလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားကာ လွင့်ပျံပန်းမန် ဓားအရှိန်အဝါများကို အကုန်အစင် ရိုက်ခွဲလိုက်တော့သည်။ သူသည် ချန်ကျီရှင်း၏ ရှေ့တည့်တည့်သို့ ရောက်ရှိလာပြီး သူ၏ဓားဖြင့် ပြင်းထန်စွာ ခုတ်ချလိုက်၏။

"ဒီဓားတာအိုက တကယ်ကို ကောင်းမွန်တဲ့ ဓားတာအိုပဲ။ ဒါပေမဲ့ နှမြောစရာကောင်းတာက မင်းရဲ့ကျင့်ကြံဆင့်က နိမ့်လွန်းနေလို့ ဒီဓားတာအိုရဲ့ တကယ့်စွမ်းအားစစ်စစ်ကို မထုတ်ဖော်နိုင်သေးတာပဲ"

ကျောက်ချန်ရှန်းက အေးစက်စွာ ရယ်မောလိုက်ပြီး သူ၏လက်ထဲမှ သုံးပေရှည်သော စိမ်းပြာရောင်ဓားမှာ အေးစက်သောအလင်းများကို ထွေးထုတ်နေသည့် မြွေဟောက်တစ်ကောင်အလား ချန်ကျီရှင်းကို ကိုက်ဖြတ်ရန် အားယူလိုက်တော့သည်။

ချန်ကျီရှင်းက ဘာမှပြန်မပြောဘဲ သူ၏ဓားကို မြှောက်ကာ ခုခံလိုက်၏။

ဒိုင်း ဒိုင်း ဒိုင်း…

ဒိုင်း ဒိုင်း ဒိုင်း…

မျက်တောင်တစ်ခတ်အတွင်းမှာပင် သူတို့နှစ်ဦးမှာ ကွက်စိပ်ဓားချက်ပေါင်း ရာနှင့်ချီ၍ ဖလှယ်လိုက်ကြပြီ ဖြစ်သည်။ ဓားရိပ်များမှာ တစ်ခုနှင့်တစ်ခု ထပ်ဆင့်နေပြီး အဆက်မပြတ် ရစ်ပတ်ယှက်နွယ်နေကြ၏။ ကျယ်ပြောလှသော ဓားအရှိန်အဝါများမှာ ဟိန်းဟောက်တိုက်ခတ်နေပြီး တောင်ထိပ်များကို မြေပြင်နှင့် ညီသွားစေကာ မြစ်ရေများကိုပင် ပြောင်းပြန်စီးဆင်းစေတော့သည်။

သူတို့နှစ်ဦး၏ တိုက်ပွဲမှာ ကောင်းကင်နှင့် မြေကြီးကိုပင် အပိုင်းပိုင်းအပြတ်ပြတ် ခုတ်ပိုင်းနေသည့်အလား ထင်မှတ်ရ၏။ အပြင်ဘက်မှ စောင့်ကြည့်နေသော ရေတွက်မရသော ဓားကျင့်ကြံသူများမှာ မျက်တောင်တစ်ချက်ပင် မခတ်ဘဲ တိုက်ပွဲကို အာရုံစိုက်နေကြသည်။ ဤသည်မှာ သာမန်ရက်များတွင် တွေ့ရခဲလှသော စစ်မှန်သော အနှစ်သာရနယ်ပယ်ပညာရှင်နှစ်ဦး၏ တိုက်ပွဲပင်။

ဒိုင်း ဒိုင်း ဒိုင်း….

ချန်ကျီရှင်းနှင့် ကျောက်ချန်ရှန်းတို့မှာ နောက်ထပ် ဓားကွက်ပေါင်း တစ်ရာခန့် ထပ်မံ ဖလှယ်လိုက်ကြပြန်သည်။ တိုက်ပွဲ၏ အလယ်ဗဟိုတွင် ကျောက်ချန်ရှန်း၏ နတ်ဘုရားဓားမှာ ချန်ကျီရှင်း၏အပေါ်သို့ မိုးသက်မုန်တိုင်းအလား ကျရောက်နေသည်။

ချန်ကျီရှင်းကတော့ ဘာမှပြန်မပြောဘဲ အဆက်မပြတ် ပြန်လည်ခုခံတိုက်ခိုက်နေပြီး တစ်ခါတစ်ရံတွင် တစ်ခုခုကို နားလည်သဘောပေါက်သွားသည့် အမူအရာမျိုး ပြသနေတတ်သည်။

"တောက် ဘာလို့ ငါ သူ့ကို အပြတ်မတိုက်နိုင်ရတာလဲ"

အသာစီးရနေသော ကျောက်ချန်ရှန်းမှာ မျက်မှောင်ကြုတ်လာပြီး စိတ်တိုဒေါသထွက်လာတော့သည်။ သူသည် သူ၏ဓားသိုင်းကို မည်မျှပင် အားစိုက်ထုတ်ပါစေ သူ၏ရှေ့မှ ချန်ကျီရှင်းမှာ မလဲကျတမ်း အရုပ်ကလေးတစ်ရုပ်နှယ် သူ၏တိုက်ကွက်တိုင်းကို ကပ်သီးကပ်သတ် ရှောင်တိမ်းနေနိုင်သည်ကို တွေ့လိုက်ရသောကြောင့်ပင်။ ၎င်းက သူ့ကို အလွန်အမင်း စိတ်ပျက်အားလျော့စေသည်။

"နေဦး"

ရုတ်တရက် သူ တစ်ခုခုကို သတိထားမိသွားပြီး မျက်နှာပျက်သွားတော့သည်။ သူသည် ပိုင်ရှီး ဟု အမည်ရသော ဤလျှို့ဝှက်ဆန်းကြယ်သူကို အသေအချာ ကြည့်လိုက်မိရာ ထိုလူ၏ အစောပိုင်းက အနည်းငယ် တောင့်တင်းနေသော ဓားတာအိုမှာ ကြောက်မက်ဖွယ်ကောင်းလှသော အရှိန်အဝါဖြင့် လျင်မြန်စွာ တိုးတက်နေသည်ကို သိလိုက်ရခြင်းပင်။

အစပိုင်းတွင် သူသည် ကျင့်ကြံဆင့်နှင့် ဓားတာအို အတွေ့အကြုံကို အသုံးချပြီး ဤလူကို တည်ငြိမ်စွာ ဖိနှိပ်ထားနိုင်ခဲ့သော်လည်း တိုတောင်းလှသော အချိန်ကာလအတွင်းမှာပင် ထိုသူ၏ ဓားတာအို အတွေ့အကြုံမှာ သိသိသာသာ ရင့်ကျက်လာခဲ့ပြီး သူနှင့် ရင်ဘောင်တန်းကာ ယှဉ်ပြိုင်နိုင်သည့် အဆင့်သို့ ဆိုက်ရောက်လာခဲ့ပြီ ဖြစ်သည်။

"ဒီကောင်... ငါ့ကို လေ့ကျင့်ဖော်အဖြစ် အသုံးချပြီး တစ်ချိန်လုံး သူ့ရဲ့ ဓားတာအို အတွေ့အကြုံကို တိုးတက်အောင် လုပ်နေတာလား"

ကျောက်ချန်ရှန်း၏ မျက်သူငယ်အိမ်တို့သည် အပ်ဖျားလောက်နီးပါး ကျုံ့ဝင်သွားတော့သည်။ နောက်တစ်ခဏ၌ သူ၏ အတွင်းသန္တာန်မှ ပြင်းထန်သော ဒေါသတရားတို့ ပေါက်ကွဲထွက်လာတော့၏။

"ဒီယုတ်မာတဲ့ကောင်။ မင်းက ငါ့ကို ဘယ်လိုမှတ်နေတာလဲ။ အလကားပေးတဲ့ လေ့ကျင့်ဖော်များ မှတ်နေသလား"

"ဓားသိုင်းအတတ် မဟာယွမ် ပျက်စီးခြင်း ခုတ်ချက်"

ကျောက်ချန်ရှန်းသည် ဒေါသတကြီး ဟိန်းဟောက်လိုက်ပြီး စစ်မှန်သော အနှစ်သာရ တတိယအဆင့်၏ ဝိညာဉ်အရှိန်အဝါတို့ကို အစွမ်းကုန် တွန်းထုတ်ကာ လက်ရှိဓားအတွင်းသို့ စီးဝင်စေလိုက်သည်။

ဝုန်းးးးး

ဂလက်ဆီတစ်ခုလုံးကို ဖုံးလွှမ်းသွားနိုင်မည့်အလား ကြောက်မက်ဖွယ်ကောင်းသော ဓားအလင်းတန်းသည် ကျောက်ချန်ရှန်း၏ ဓားသွားမှ ထွက်ပေါ်လာပြီး အဆုံးမဲ့ညကောင်းကင်ယံကို ဖြတ်သန်းကာ ချန်ကျီရှင်းထံသို့ တဟုန်ထိုး ပြေးဝင်သွားတော့သည်။

"လွင့်ပျံပန်းမန်"

ချန်ကျီရှင်းက စကားနှစ်ခွန်းကိုသာ တည်ငြိမ်စွာ ပြောလိုက်သည်။

ခဏချင်းမှာပင် ရေတွက်မရသော ဓားဆန္ဒ ပန်းပွင့်ဖတ်တို့သည် သူ၏ရှေ့၌ ပေါ်လာပြီး ဧရာမ ပန်းမန်ဒိုင်းကာကြီးတစ်ခုအဖြစ် အလိုအလျောက် စုစည်းသွားတော့သည်။

ဒိုင်းးး

မိုးကြိုးပမ်းသကဲ့သို့ ပြင်းထန်လှသော အသံဗလံကြီးကိုသာ ကြားလိုက်ရတော့သည်။ ကြောက်မက်ဖွယ် ဓားအလင်းတန်းသည် ဧရာမ ပန်းမန်ဒိုင်းကာကြီးပေါ်သို့ ကျရောက်သွားပြီး ဒိုင်းကာကြီးမှာ ပြင်းထန်စွာ တုန်ခါသွားကာ အက်ကြောင်းများပင် ထင်ကျန်ရစ်ခဲ့၏။ သို့သော် ဓားအလင်းတန်း အကုန်အစင် ပျောက်ကွယ်သွားသည့်တိုင် ပန်းမန်ဒိုင်းကာကြီးက တုန်ခါနေရုံကလွဲ၍ ပျက်စီးသွားခြင်း မရှိပေ။

နောက်တစ်ခဏ၌ ကြည်လင်၍ ဖြူစင်သော ဓားဆန္ဒပန်းပွင့်လေးများသည် လိပ်ပြာကလေးများအလား ပျံ့လွင့်သွားပြီး ဒိုင်းကာနောက်ကွယ်မှ ချန်ကျီရှင်း၏ ပုံရိပ်ကို ဖော်ပြလိုက်သည်။

"ဘာဖြစ်လို့လဲ။ ဆက်ဦးမလား"

ချန်ကျီရှင်းသည် တံတွေးကို အသာမြိုချလိုက်ပြီး အဝေးမှ ကျောက်ချန်ရှန်းကို စူးစိုက်ကြည့်နေ၏။ ကျောက်ချန်ရှန်းနှင့် တိုက်ခိုက်နေစဉ်အတွင်း သူ၏ ဓားတာအိုအပေါ် နားလည်မှုမှာ ရေထဲသို့ ပစ်ချလိုက်သော ရေမြှုပ်တစ်ခုနှယ် အရှိန်အဟုန်ဖြင့် တိုးတက်လာခဲ့ခြင်းပင်။

ဓားကွက်ပေါင်း ရာဂဏန်းအတွင်းမှာပင် သူ၏ အတွင်းစိတ်ထဲ၌ ဓားနှလုံးသားသည် ဝေဝါးစွာ စုစည်းလာနေသည်ကို သူ ခံစားလိုက်ရသည်။ ဤသည်မှာ သူ့ကို အမှန်တကယ် စိတ်လှုပ်ရှားစေခဲ့ပြီး ဓားတာအိုက လက်တွေ့လေ့ကျင့်မှု လိုအပ်ကြောင်းကို သူ ကောင်းစွာ သဘောပေါက်သွားစေခဲ့သည်။

"မင်း တစ်ချိန်လုံး ငါ့ကို ကစားနေတာလား"

ကျောက်ချန်ရှန်းသည် မည်းမှောင်နေသော မျက်နှာပေးဖြင့် ချန်ကျီရှင်းကို ကြည့်လိုက်၏။

"မင်းကို ကစားတယ် ငါ ဒဏ်ရာတောင် ရသွားတယ်လေ ဟုတ်ပြီလား"

ချန်ကျီရှင်းသည် သူ၏လက်ဖဝါးကို မြှောက်ပြီး ကျောက်ချန်ရှန်းဘက်သို့ လှုပ်ပြလိုက်သည်။ သူ၏ လက်ဖမိုးပေါ်၌ သဲ့သဲ့လေးသာ မြင်ရသော ဖြူရောင် အမာရွတ်ကလေးတစ်ခု ရှိနေသည်။

"မင်း... မင်း ငါ့ကို သတ်ဖို့ နည်းနည်းလေး... နည်းနည်းလေးပဲ လိုတော့တာလေ"

"မင်း"

ကျောက်ချန်ရှန်း၏ မျက်နှာသည် ရှက်စိတ်နှင့် ဒေါသကြောင့် နီမြန်းသွားပြီး နောက်ဆုံး၌ မခံစားနိုင်တော့ဘဲ ဟိန်းဟောက်လိုက်ပါတော့သည်။

"ဒီလောက် ယုတ်မာတဲ့ကောင်။ ငါ့ကို ဒီလိုမျိုး စော်ကားရဲတယ်ပေါ့"

ဝုန်းးး

ကျောက်ချန်ရှန်းသည် ဒေါသကြောင့် ဆံပင်များ ထောင်ထနေပြီး လက်ထဲမှ နတ်ဘုရားဓားကို လေထဲသို့ ပစ်မြှောက်လိုက်သည်။ ထို့နောက် သူသည် လက်နှစ်ဖက်ဖြင့် အမြန်ဆုံး မန္တန်များ ရွတ်ဖတ်ကာ တံဆိပ်ခတ်လိုက်တော့သည်။

"ဓမ္မပုံရိပ် လှောင်အိမ်ထဲကငှက်"

All Chapters