← Chapters

တန်ဖိုးမဲ့ခြင်း

Vol. 001 Ch. 45

တန်ဖိုးမဲ့ခြင်း

Vol. 001 Ch. 45

ဟွာဖန်းလူက ထိုကြီးကျယ် ခမ်းနားလှသော နန်းတော်ကြီးအား ကြည့်လိုက်သည်။ ရီဖူရှင်း၏စကားများက သူ၏နှလုံးသားအား တိုက်ရိုက် ထိမှန်သွားသည်။ တစ်နေ့ သူတို့က သည်နေရာကို ဝင်လာဖို့ သူ့အား တောင်းပန်ကြမည့်နေ့ ရောက်လာမည်လော...။

သူ၏ ခန့်ညားသော မျက်နှာက တောက်ပသော အပြုံးတစ်ခု ပေါ်လာသည်။ သူက ခေါင်းညိတ်လျက် ပြောလိုက်သည်... “ငါမင်းကို ယုံတယ်...”

ဟွာဖန်းလူကား မိမိကိုယ်ကို ယုံကြည်မှု မရှိသော်လည်း ရီဖူရှင်း အပေါ်တွင်မူ အပြည့်အဝ ယုံကြည်ပေသည်။

"သွားမယ်...” ဟွာဖန်းလူက တိုးတိုးလေး ပြောလိုက်သည်။ သည်နေရာအား သူ့ထက် ဝင်ချင်သောသူ ရှိတော့မည် မထင်ပေ။ သူ၏အချစ်ရဆုံး မိန်းမ နှစ်ယောက်မှာ သည်နေရာတွင် ရှိသည်။

"ဆရာ... ကျွန်တော့်ကို တမင် ခေါ်လာတာမလား...” ရီဖူရှင်းက မေးလိုက်သည်... သိသာစွာပင် သူကား သူ၏မိန်းမ ရှိရာသည်နေရာသို့ ဝင်ရန် လာခဲ့ခြင်း မဟုတ်ပေ။ ဟွာဖန်းလူအား ချောမောခန့်ညားသည်။ ပါရမီကောင်းသည်။ ကု့ချင်းမိစ္ဆာဟု ကျော်ကြားသည်။ ဟွာဖန်းလူပင်လျှင် သည်နေရာမှ မကြိုဆိုလျှင် ရီဖူရှင်းဆိုလျှင် ပြောဖွယ်မရှိတော့။ သူသည်လည်း ချောမောသည်ကို ရီဖူရှင်း သိသော်လည်း အကယ်၍ သူက သည်နေရာမှ မင်းသမီးလေး၏ ရည်းစားဟု ပြောကာ အထဲသို့ ဝင်သွားခဲ့ပါက သူ၏ခြေလက်များအား ရိုက်ချိုးကာ အပြင်သို့ လွှင့်ပစ်ခံရနိုင်ပေသည်။

"ငါက မင်းက တွန်းအား နည်းနည်း ပေးချင်တာ...” ဟွာဖန်းလူက ဟက်ခနဲ ရယ်ရင်း ပြောလိုက်သည်။

သူတို့သုံးယောက် သိမ်းငှက်နက်ကြီး ပေါ်သို့ ပြန်၍ တက်ထိုင်လိုက်ကြသည်။ သူတို့ လေပေါ်သို့ တစ်ကြိမ်ပြန်၍ ရောက်သွားကြသည်။ ရီဖူရှင်းက ထိုနန်းတော်ကြီးအား ငုံ့ကြည့်လိုက်သည်။ ဟွာဂျီယူ အတွက် ဖြစ်ဖြစ် ဟွာဖန်းလူအတွက် ဖြစ်ဖြစ် ယခုအချိန်မှစ၍ သည်နေရာကား သူ၏ပထမ ဦးစားပေး ရည်ရွယ်ချက် ဖြစ်ပေသည်။

သိမ်းငှက်နက်ကြီးက မြေကြီးပေါ်သို့ နောက်တစ်ကြိမ် ဆင်းသက်လိုက်လျှင် သူတို့ကား ခြံဝင်းတစ်ခု၏အပြင်ကို ရောက်နေကြပြီ ဖြစ်သည်။ သူနေရာကား နန်ဒူမိသားစု ခြံဝင်းလောက် မကြီးကျယ်သော်လည်း သိသာစွာပင် သည်နေရာမှာလည်း အထက်တန်းလွှာ မိသားစု နေထိုင်ရာနေရာ ဖြစ်ကြောင်း မြင်နိုင်သည်။

သူတို့က မြေကြီးပေါ် ရောက်သည်နှင့် ခြံဝင်း၏ အဝင်ဝအား မြင်ရသည်။ အပြင်တွင် အစောင့်များ ရှိပြီး တံခါးပေါက်၏အပေါ်တွင် ရေးထားသည်မှာ “မူမိသားစု အိမ်တော်...” ဟူ၍ဖြစ်သည်။

"သွားမယ်...” ဟွာဖန်းလူက ပြောလိုက်သည်။ ရီဖူရှင်းက သူ့အား အဝင်ဝဆီ သယ်ဆောင်သွားလျှင် အစောင့်များက သူ့အား တားလိုက်ကြသည်... “ခင်ဗျားတို့ကို ဘာကူညီရမလဲ...” အစောင့်များထဲက တစ်ယောက်က မေးလိုက်သည်။

"မင်းတို့ရဲ့ ဆရာ မူဟောင်ကို သွားအသိပေးလိုက်... ဟွာဖန်းလူ သူ့ကို လာတွေ့တယ်လို့...” ဟွာဖန်းလူက အစောင့်အား ပြောလိုက်သည်။ ထိုအစောင့်က သူ၏အဖော်များအား ကြည့်လိုက်ပြီးလျှင် ခေါင်းညိတ်လိုက်သည်။ ထို့နောက် အိမ်တော်ရှိရာသို့ ဝင်သွားသည်။

မကြာမီ အသက်ဆယ့်ခုနစ်နှစ် အရွယ်ခန့် ရှိသော လူငယ်တစ်ဦး ရောက်ရှိလာသည်။ သူက ရီဖူရှင်း၏ ကျောပေါ်မှ ဟွာဖန်းလူအား မြင်လျှင် စိတ်ဝင်တစား ဖြစ်သွားပုံရသည်။ သူက အနည်းငယ် ဦးညွှတ်လျက် ပြောလိုက်သည်... “စီနီယာကို နှုတ်ဆက်ပါတယ်... ကျွန်တော်က မူယွန်ချိန်ပါ...”

"မူဟောင်ရဲ့သားတောင်မှ အရွယ်ရောက်နေပြီကိုး...” ဟွာဖန်းလူက ပြုံးလျက် ပြောလိုက်သည်... “မင်းအဖေ အိမ်မှာ မရှိဘူးလား...”

"အဖေက အထဲမှာ ရှိပါတယ်... စီနီယာကို ကြိုဆိုဖို့ အထဲမှာ ပြင်ဆင်နေပါတယ်... ကျွန်တော့် နောက်ကို လိုက်ခဲ့ပါ...” မူယွန်ချိန်က ပြောလိုက်သည်။ သူ၏လက်များက အိမ်အတွင်းဘက်သို့ ဆန့်တန်းလျက် အထဲသို့ ဖိတ်ခေါ်ဟန် ပြုထားသည်။ ရီဖူရှင်းက ဟွာဖန်းလူအား သယ်ဆောင်လျက် အထဲသို့ လှမ်းဝင်လိုက်သည်။

မူမိသားစု အိမ်မှာလည်း ကြီးမားကျယ်ပြန့်လှသည်။ သူတို့အုပ်စုက ခြံဝင်းအတွင်းရှိ အဆောက်အအုံ များစွာထဲမှာ အဆောင်တစ်ဆောင်သို့ ရောက်လာကြသည်။ ထိုနေရာတွင် သက်လတ်ပိုင်းအရွယ် လူကြီးတစ်ဦး ရပ်နေသည်။ သူက ဟွာဖန်းလူအား မြင်လျှင် သူ၏မျက်လုံးများတွင် နားမလည်သော အရိပ်အယောင်တချို့ ပြေးသွားသည်... “ဟွာဖန်းလူ... မင်း ဘာဖြစ်သွားတာလဲ...” သူက မေးလိုက်သည်။

"သူငယ်ချင်းဟောင်း ... မူဟောင်... ဒါက ပုံပြင်ရှည်ကြီးပဲ...” ဟွာဖန်းလူက သက်ပြင်းချလျက် ပြောလိုက်သည်။

"လာ... ထိုင်...” မူဟောင်က ထိုသို့ ပြောလိုက်လျှင် အစေခံ မိန်းကလေး တစ်ယောက်က လျှောက်လာပြီး သူတို့အားလုံး၏ရှေ့မှ ဖန်ခွက်များအား အဖန်ရည် ဖြည့်ပေးလိုက်သည်။ ထိုစဉ် မူဟောင်၏ဘေးနားသို့ မိန်းမပျိုတစ်ဦး ရောက်ရှိလာသည်။

လူတိုင်းက နေရာတွင် ထိုင်လိုက်လျှင် မူဟောင်က စတင် ပြောလိုက်သည်... “ဟွာဖန်းလူ... မင်းက မူယွန်ချိန်နဲ့ တွေ့ပြီးပြီ... ဒါကတော့ ... ငါ့သမီး... မူယွန်နီ...”

"ဒါက ရီဖူရှင်းနဲ့ ယူချင်းတဲ့... ရီဖူရှင်းက ငါ့ရဲ့ တပည့်... သူ့ကြောင့်ပဲ မင်းဆီကို ငါလာခဲ့တာ...” ဟွာဖန်းလူက ပြောလိုက်သည်။

"မင်း ဘာကို ဆိုလိုတာလဲ...” မူဟောင်က မေးလိုက်သည်။

"ငါက ဒွန်ဟိုင်မြို့မှာ ရန်သူတွေ အများကြီး ရှိတယ်ဆိုတာ မင်းလည်း အသိပဲ... ရီဖူရှင်းကို ဒီအထဲကို ဆွဲမသွင်းချင်ဘူး... ဒါကြောင့် မင်းသာ သဘောတူမယ်ဆိုရင် ငါက သူ့ကို မင်းနဲ့ အတူနေစေချင်တယ်... မင်းက သူ့ကို တူလို ဒါမှမဟုတ် တပည့်အနေနဲ့ ထားမယ်ဆိုလည်း ရတယ်...” ဟွာဖန်းလူက ရှင်းပြလိုက်သည်။ သူ၏သဘောထားမှာ ရီဖူရှင်းအတွက် ရှင်းလင်းသွားပြီ ဖြစ်သည်။

ဟွာဖန်းလူက ရီဖူရှင်းအတွက် အထောက်အပံ့ကောင်းရမည့် နောက်ခံ တစ်ခု ရှာဖွေရန် ကြိုးစားနေခြင်း ဖြစ်သည်။

"အဖေက သူ့လက်အောက်ကို ဘယ်သူ့ကိုမှ အလွယ်တကူ ပေးမဝင်ဘူး...” မူယွန်နီက ရီဖူရှင်းအား အေးစက်စွာ ကြည့်ပြီး ပြောလိုက်သည်။

"ယွန်နီ... စကားပြောတာ သတိထားစမ်း...” မူဟောင်က ကြိမ်းမောင်းလိုက်သည်။

"သူငယ်ချင်း... သူ့ပါရမီနဲ့ ပတ်သက်ပြီး ဘာမှ စိုးရိမ်စရာမလိုဘူး...” ဟွာဖန်းလူက ပြောလိုက်သည်။

"ရှင်က အနုပညာ သူတော်စင်ကြောင့် စွမ်းအင်တွေ ပျက်စီးသွားပြီမလား... ရှင့်ရဲ့ တပည့်က ဘယ်လောက် တော်နိုင်မှာလဲ... အခု ရှင်က ဒီလိုဖြစ်နေပြီ... ကျွန်မရဲ့အဖေကို ဒီကိစ္စထဲ ဆွဲမသွင်းပါနဲ့...” မူယွန်နီက လုံးဝ သဘောကျဟန် မရှိပေ။

"တိတ်တိတ်နေစမ်း...” မူဟောင်က သူ၏သမီးအား အော်လိုက်သည်။ ထို့နောက် သူက ဟွာဖန်းလူအား ပြောလိုက်သည်... “ကျုပ်သမီးက ဆုံးမလို့မရဘူး... ဟွာဖန်းလူ... ဘယ်လိုမှ သဘောမထားနဲ့...”

မူဟောင်က သူ၏ရှေ့မှ ခွက်အား ကောက်ကိုင်လိုက်ပြီးလျှင် နှုတ်ခမ်းနှင့်တေ့ကာ အနည်းငယ် သောက်လိုက်သည်။ တစ်ခန်းလုံး တိတ်ဆိတ်နေသည်။ သူကား ဟွာဖန်းလူ၏မေးခွန်းအား ဖြေကြားမည့်ပုံ မပေါ်ပေ။

ဟွာဖန်းလူကလည်း သူ ဘာကို ဆိုလိုသည်ကို နားလည်သည်။ ထိုအခိုက် ရီဖူရှင်းက ဝင်ပြောလိုက်သည်... “ဆရာ ... ကျွန်တော်တို့ ပြန်ရအောင်...”

"ကောင်းပြီ...” ဟွာဖန်းလူက ခေါင်းညိတ်လိုက်သည်... “သူငယ်ချင်း... ငါတို့ သွားတော့မယ်...” သူက မူဟောင်အား ပြောလိုက်သည်။

"မင်းက ရေနွေးကြမ်းကို ကုန်အောင် မသောက်တော့ဘူးလား...” မူဟောင်က ပြောလိုက်သည်။ သူ၏စကားတွင် ဟွာဖန်းလူတို့အား ဆက်နေရန် သဘောထား မပါဝင်ပေ။

ရီဖူရှင်းကား ဟွာဖန်းလူကို ကျောပေါ်တွင် ပိုးထားပြီး ဖြစ်သည်။ ဟွာဖန်းလူက ပြုံးလျက် ခေါင်းယမ်းလိုက်သည်... “မလိုတော့ပါဘူးလေ...”

"ဒါဆိုလည်း ကောင်းပြီလေ... မူယွန်ချိန်... မူယွန်နီ... မင်းတို့ရဲ့ ဦးလေးဟွာကို လိုက်ပို့လိုက်...” မူဟောင်က ပြောလိုက်သည်။ မောင်နှမနှစ်ယောက် ခေါင်းညိတ်လိုက်ပြီး ရီဖူရှင်းတို့၏နောက်မှ လိုက်ပါသွားကြသည်။ သူတို့ထွက်သွားပြီးမှ မူဟောင်က နှာခေါင်းရှုံ့လိုက်သည်။ တပည့်မွေးရန် သူ့တွင် တပည့်မရှားပေ။ ဟွာဖန်းလူ၏စွမ်းအင်မှာ ဖျက်ဆီးခံရပြီးဖြစ်သည်။ ထို့အပြင် သူက အနုပညာ သူတော်စင်နှင့် နန်ဒူမိသားစုတို့နှင့် ရန်သူဖြစ်နေသည်။ သူတို့က သူ့အား နောက်ခံထားရန် ကြံစည်နေသည်ကို သူနားလည်သည်။ သို့သော် သူ့တွင် ဟွာဖန်းလူတို့အား ကူညီရန် စိတ်ကူးမရှိပေ။

ရီဖူရှင်းတို့သုံးယောက် ခြံဝင်းထဲမှ လှမ်းထွက်လိုက်သည်နှင့် မူယွန်ချိန်က ပြောလိုက်သည်... “ဂရုစိုက်သွားပါ... စီနီယာ...”

သူတို့သုံးယောက် ဆက်လျှောက်လာခဲ့ကြသည်။ သို့သော် မကြာခင် သူတို့နောက်မှ မူယွန်နီ၏စကားသံ အချို့အား ကြားလိုက်ရသည်... “သူတို့ ဒီထက် မသိတတ်တော့ဘူးလား... ရှက်စရာ ကောင်းလိုက်တာ...”

"သူတို့ သိသွားပါပြီ...” မူယွန်ချိန်က ရယ်မောလိုက်သည်။ သူကား မူလက ရိုကျိုးသော ပုံစံ မဟုတ်တော့ပေ။

သူတို့၏စကားများအား ဖုံးကွယ်ရန်လည်း မကြိုးစားကြပေ။ သူတို့က တမင်ကြားအောင်ပင် ပြောနေကြခြင်း ဖြစ်ဟန်တူသည်။ သူတို့၏စကားများက ရီဖူရှင်း၏နားထဲသို့ ဝင်လာသည်။ ယူချင်း အံကြိတ်လိုက်သည်။ ဟွာဖန်းလူက စိတ်မကောင်းသလို ဖြစ်သွားကာ ရီဖူရှင်းအား ပြောလိုက်သည်... “ရီဖူရှင်း... ငါ့ကြောင့် မင်း ထိခိုက်ရပြီ...”

"မဟုတ်ဘူး... ဆရာ... မူဟောင်က ကန်းနေလို့ မမြင်တာ... သူက အနာဂတ် ဧကရာဇ်လောင်းရဲ့ဆရာဖြစ်ဖို့ အခွင့်အရေးကို လွှင့်ပစ်လိုက်တာ...” ရီဖူရှင်းက အေးဆေးစွာ ပြောလိုက်သည်။

"ကောင်စုတ်လေး...” ဟွာဖန်းလူက ရယ်မောလိုက်သည်။ ကြည့်ရသည်မှာ သူက ရီဖူရှင်းအတွက် စိုးရိမ်ရန် မလိုပေ။ ရီဖူရှင်းကား သူ ထင်ထားသည်ထက် ပို၍ ရင့်ကျက်ပေသည်... “ငါ့လို ကျန်းမာရေး မကောင်းတဲ့လူနဲ့ဆို သူတို့က မင်းကို ဒီလိုပဲ အထင်သေးကြမှာပဲ... မင်းရဲ့ အရည်အချင်း အစစ်အမှန်ကို မြင်ကြမှာ မဟုတ်ဘူး... မင်းက ကမ္ဘာကြီးကို ထိန်းချုပ်နိုင်တဲ့အခါ သူတို့အားလုံး နောင်တရကြလိမ့်မယ်...”

"ဆရာ ဒီလိုမပြောပါနဲ့...” ရီဖူရှင်း ဆိုးဆိုးရွားရွား ခံစားလိုက်ရသည်။ ရီဖူရှင်းက ဟွာဖန်းလူမှာ သူ့အတွက် မူဟောင်ထံတွင် အောက်ကျို့ခံ ပြောဆိုခဲ့သည်ကို ရှင်းလင်းစွာ နားလည်သည်။

ကု့ချင်းမိစ္ဆာဟု ရှေ့ပင်လယ်ဒေသ တစ်ခုလုံးတွင် ထင်ရှား ကျော်ကြားလှသော ဟွာဖန်းလူကား အလွန် မာနကြီးလှသည်။ ယခု သူ၏စွမ်းအင်များမှာ ပျက်စီးခဲ့ရပြီ ဖြစ်သော်လည်း သူ၏ရန်သူများကို အလေးမထားပေ။ ရီဖူရှင်းအတွက် မဟုတ်လျှင် ဒွန်ဟိုင်မြို့ကို သူလုံးဝ ပြန်လာဖြစ်မည် မဟုတ်ပေ။

"ရတယ်... ငါ့မှာ သူငယ်ချင်းအချို့ ရှိသေးတယ်... သူတို့ဆီ သွားကြည့်ရအောင်...” ဟွာဖန်းလူက ပြောလိုက်သည်။

"ဆရာ... ကျွန်တော့်အတွက် အခြားလူတွေကို အောက်ကျို့နေစရာ မလိုပါဘူး...” ရီဖူရှင်းက ပြောလိုက်သည်။

"ဒွန်ဟိုင်မြို့ကို လာတာ ငါ့ရဲ့ စိတ်ကူးပဲ... တီအန်ယွာတ ောင်မှာတုန်းက ရှာဖန်က မင်းကို သတ်ချင်ခဲ့တယ်... ဒီမြို့က ကြီးမားကျယ်ပြန့်တယ် ဆိုပေမဲ့ ငါတို့က သူနဲ့ မဆုံနိုင်ဘူးလို့ မပြောနိုင်ဘူး... ငါ့ရဲ့ လက်ရှိအခြေအနေနဲ့ မင်းကို မကာကွယ်နိုင်ဘူး... မင်းတစ်ယောက်တည်း ဒီပြဿနာတွေကို ဖြေရှင်းဖို့လည်း ငါခွင့်မပြုနိုင်ဘူး... “ဟွာဖန်းလူက ရှင်းပြလိုက်သည်...” စိတ်မပူနဲ့... ဒါက အခုလောလောဆယ် အစီအစဉ်ပဲ... နောက်ဆို ဒီလိုထပ်လုပ်ဖို့ မလိုတော့ဘူး...”

"ဆရာ... အရင်တုန်းက ဆရာ့ရဲ့ သက်စောင့်ဝိညာဉ် ဖျက်ဆီးခံခဲ့ရပြီး ဒွန်ဟိုင်မြို့က နှင်ထုတ်ခံခဲ့ရတယ်... ဒါပေမဲ့ ဘယ်သူက ဆရာ့ဘက်က ရပ်တည်ပေးခဲ့လဲ... အခု ဆရာက ပိုပြီး အခြေအနေ ဆိုးနေပြီ... ဘယ်သူက ဆရာ့ကို ကူညီဦးမှာလဲ... “ရီဖူရှင်းက မေးလိုက်သည်...” ကျွန်တော်က ကိုယ့်ဘာသာ ဂရုစိုက်ပါ့မယ်... စိတ်မပူပါနဲ့ဆရာ... ကျွန်တော်က တီအန်ယွာတောင်မှာတောင် မသေခဲ့တာ... ကျွန်တော်က အလွယ်တကူ မသေပါဘူး...”

ဟွာဖန်းလူက သက်ပြင်းချလိုက်သည်... “ကောင်းပြီလေ... ဒါဆို ကု့ချင်းဥယျာဉ်ကို သွားကြည့်ကြမယ်...”

"ဆရာ အရင်တုန်းက နေခဲ့တဲ့ နေရာလား...” ရီဖူရှင်းက ခန့်မှန်းလိုက်သည်။

"အင်း... အခုတော့ ပျက်စီးခြောက်ကပ် နေလောက်ပြီ...” ဟွာဖန်းလူက ခေါင်းညိတ်လိုက်သည်။ သူတို့က သိမ်းငှက်နက်ကြီးပေါ် တက်ကာ ခရီး ဆက်လာခဲ့ကြပြန်သည်။

ဟွာဖန်းလူနှင့် ရီဖူရှင်းတို့က ကု့ချင်းဥယျာဉ်ရှေ့မှာ ရပ်လိုက်လျှင် အံ့အားသင့် ထိတ်လန့်သွားကြသည်။ သူတို့၏ရှေ့မှ ခြံဝင်းကား သစ်ပင် ပန်းမင်များဖြင့် စိမ်းလန်းစိုပြည်ကာ လှပလွန်းနေသည်။

"ယူချင်း... ကု့ချင်းဥယျာဉ်ရဲ့ ပိုင်ရှင် အသစ်က ဘယ်သူလဲ သွားမေးကြည့်လိုက်ဦး...” ဟွာဖန်းလူက ပြောလိုက်သည်။

"အင်း...” ယူချင်းက ခေါင်းညိတ်ကာ အစောင့်ထံသို့ လျှောက်သွားလိုက်သည်။ သို့သော် နာမည်အား မသိခဲ့ရပေ။ အစောင့်က ပိုင်ရှင်နှင့်ပတ်သက်၍ ပြောလိုက်သော တစ်ခုတည်းသော အရာမှာ ပိုင်ရှင်အသစ်၏ မျိုးရိုးနာမည်မှာ တန် ဖြစ်သည်။

"အခု ထွက်သွားမယ်...” ဟွာဖန်းလူက ချက်ချင်း ပြောလိုက်သည်။ သူ၏အမူအရာ ပြောင်းသွားသည်။ ရီဖူရှင်းက တစ်ခုခု ထူးဆန်းသည်ကို သတိထားမိသော်လည်း ဘာမှမပြောတော့ပေ။ သူသည်လည်း ဟွာဖန်းလူ၏နောက်မှ လိုက်သွားသည်။

“ကျွန်မရဲ့ မျိုးရိုးနာမည်က ဒီလောက်တောင် ကြောက်စရာ ကောင်းလား...” သူတို့၏နောက်မှ အသံတစ်သံပျံ့နှံ့လာသည်။ ရီဖူရှင်းက သူ၏ခြေလှမ်းအား ရပ်တန့်လိုက်ပြီး နောက်ကို လှည့်ကြည့်လိုက်လျှင် ကု့ချင်းဥယျာဉ်ထဲမှ မိန်းမတစ်ယောက် လှမ်းထွက်လာသည်ကို မြင်ရသည်။ သူမကား အသက် သုံးဆယ်ဝန်းကျင်ခန့် ရှိမည်ဖြစ်ပြီး အလွန်လှပသည်။ သူမငယ်ရွယ်စဉ်က မည်မျှ ချောမောလှပမည်ကို လူတိုင်းက ခန့်မှန်းနိုင်သည်။

ဟွာဖန်းလူက ထိုမိန်းမအားမြင်လျှင် ခါးသီးစွာ ပြုံးလိုက်သည်... “မင်းက ကု့ချင်းဥယျာဉ်မှာ နေမယ်လို့ ငါမထင်မိခဲ့ဘူး...”

ထိုမိန်းမက ဟွာဖန်းလူအား ကြည့်လိုက်ပြီး အေးစက်သော အရှိန်အဝါများ သူမထံမှ လွင့်လာသည်။ သူမကား ဒေါသများ ပေါက်ကွဲ ထွက်လာတော့မည့် ပုံစံလိုပင်။ ရီဖူရှင်း အနည်းငယ် တုန်လှုပ်သွားသည်။ သူမက ဟွာဖန်းလူ၏ ရန်သူ များပေလော...။

"ဘယ်သူလုပ်တာလဲ...” သူမက အေးစက်စွာ ပြောလိုက်သည်... သူမက ဟွာဖန်းလူ၏ ဒဏ်ရာအား ရည်ညွှန်းခြင်း ဖြစ်၏။ သူမ၏စကားအရ ဟွာဖန်းလူ၏ရန်သူ မဖြစ်နိုင်တော့။

"ထားလိုက်တော့... မင်းကော ဘယ်လိုလဲ...” ဟွာဖန်းလူက မေးလိုက်သည်။

"ကျွန်မ ဘယ်လိုနေလဲ ဟုတ်လား... ရှင်ကော ဘယ်လိုထင်လဲ...” သူမက ပြန်မေးလိုက်သည်။ ရီဖူရှင်း စိတ်ရှုပ်ထွေးသွားသည်။ သူမက ဟွာဖန်းလူ၏ ဇနီးပေလော။ သို့ဆိုလျှင် သူမက နန်ဒူမိသားစု ခြံဝင်းတွင် မနေဘူးလား...။

"သူက ဘယ်သူလဲ...” ထိုမိန်းမက ရီဖူရှင်းအား ကြည့်လိုက်သည်။

"အဒေါ်... ကျွန်တော်က ဆရာ့ရဲ့တပည့်ပါ...” ရီဖူရှင်းက ဖြေလိုက်သည်။

"သူ့ဒဏ်ရာက ဘယ်သူ့ကြောင့်လဲ...” သူမက ဆက်မေးလိုက်သည်။

"အရှေ့ပင်လယ်ဒေသ စီရင်စု ဒုခေါင်းဆောင် ရှာဖန်က ကျွန်တော့်ကို သတ်မလို့ လုပ်တာကို ဆရာက တားဖို့ ကြိုးစားခဲ့တာ... ဒါကြောင့် ဆရာ့ရဲ့ဒဏ်ရာကို အရမ်း ဆိုးရွားသွားတာ...” ရီဖူရှင်းက ပြောလိုက်သည်။

"ရှာမိသားစုရဲ့ အသုံးမကျတဲ့သားကလား... သူက ဘယ်လိုလုပ် ရှင့်ကို ထိရဲတာလဲ... ငါ သူ့ကို သွားသတ်မယ်...” ထိုမိန်းမက ဒေါသသံဖြင့် ပြောလိုက်သည်။

"မရူးစမ်းနဲ့...” ဟွာဖန်းလူက သူမအား ကြည့်လိုက်သည်... “အချိန်တွေတောင် တော်တော်ကြာခဲ့ပြီ... နင့်ရဲ့ ဒေါသကို နည်းနည်းလေးတောင် မထိန်းနိုင်သေးဘူးလား...”

"ဟင်း... ကျွန်မက တစ်စုံတစ်ယောက်ရဲ့ စွန့်ခွာတာ မခံခဲ့ရဘူးဆိုရင် ဒီလို ဖြစ်မလား...” သူမက မေးလိုက်သည်။ ရီဖူရှင်းက သူ၏ခြေများ ပျော့ခွေသွားသလို ခံစားလိုက်ရသည်။ ဤသို့ဆိုလျှင် သူမမှာ သူ့ဆရာ၏ အချစ်ဟောင်း တစ်ယောက် ဖြစ်ရမည်။

"မင်း အခုထိ လက်မထပ်သေးဘူးလား...” ဟွာဖန်းလူ၏ လေသံက အနည်းငယ် နူးညံ့သွားသည်။

"ရှင် ကျွန်မကို ဒီလောက် လက်ထပ်စေချင်တာလား...” တန်လန်က ပြန်ပက်လိုက်သည်။ ဟွာဖန်းလူက မည်သို့ ပြောရမည် မသိတော့ပေ။

"ထားတော့... ဒီနေရာက ရှင့်ရဲ့ အိမ်ဟောင်းပဲ... အခု ရှင်ပြန်လာပြီဆိုတော့ ပိုင်ရှင်အမှန်ကို ပြန်အပ်ရတာပေါ့... ရှင်တို့တွေ အခုကစပြီး ဒီမှာ နေနိုင်တယ်...” တန်လန်၏ လေမှာလည်း ပျော့ပျောင်းသွားသည်။

"မဟုတ်ဘူး...” ဟွာဖန်းလူက ခေါင်းယမ်းလျက် ငြင်းလိုက်သည်

"ဘာကြောင့်လဲ... ကျွန်မက ရှင့်ကို အသက်ရှင်ရက် မျိုချပစ်မှာ ကြောက်လို့လား...” သူမ ပေါက်ကွဲသွားသည်... “တကယ်လို့ အရင်နှစ်တွေတုန်းက ရှင်က ကျွန်မကို လက်ထပ်ခဲ့မယ်ဆိုရင် အခြေအနေက ဒီလို ဖြစ်လာမလား... ရှင်က ဒီမိန်းမကြောင့် အခြေအနေတွေ ဆိုးရွားသွားတာလို့ မခံစားမိဘူးလား...” တန်လန်က ဒေါသသံဖြင့် မေးလိုက်သည်။

ရီဖူရှင်း ချွေးစေးများ ပြန်လာသည်... သည်အရာကား...

"အတိတ်ကို မပြောဘဲ နေရအောင်...” ဟွာဖန်းလူက အခြေအနေအား ထိန်းရန် ကြိုးစားလိုက်သည်... “ကု့ချင်းဥယျာဉ်မှာ နောက်ထပ် ဘယ်သူတွေ နေကြသေးတာလဲ...”

"ကျွန်မမှာ တပည့်မ နှစ်ယောက် ရှိတယ်...” သူမက ဖြေလိုက်သည်။

"ငယ်ရွယ်ပြီး ချောမောတာလား...” ဟွာဖန်းလူက မေးလိုက်သည်။

"တစ်ယောက်ရှိတယ်...” တန်လန်က ပြန်ဖြေလိုက်သည်... “ဘာလို့လဲ... ရှင်အခု ငယ်ငယ်လေးတွေကို သဘောကျနေတာလား...”

ဟွာဖန်းလူ ထိတ်လန့်သွားသည်... “အဓိပ္ပာယ်မရှိတာတွေ မပြောစမ်းနဲ့... ငါက မင်းရဲ့ တပည့်မကို မင်းရဲ့လမ်းစဉ်ကို မလိုက်စေချင်တာ... ဒါကြောင့် ငါ အထဲမဝင်တာ အကောင်းဆုံးပဲ...”

“ကျွန်မရဲ့ လမ်းစဉ်...” ပထမတော့ သူမက နားလည်ပုံ မပေါ်ပေ။ အတန်ကြာ သူမက ရီဖူရှင်းအား ကြည့်လိုက်ပြီး သဘောပေါက်သွားသည်။ ရီဖူရှင်းကား ငယ်ရွယ်ပြီး ခန့်ညား ချောမောသည်။ နောင်နှစ် အနည်းငယ်တွင် သူသည်လည်း ဒုတိယ ဟွာဖန်းလူ ဖြစ်လာလိမ့်မည်။

"ရှင်မွေးထားတဲ့ တပည့်တောင် ရှင်နဲ့တူတယ်... ဒါပေမဲ့ မစိုးရိမ်နဲ့... ကျွန်မ တပည့်မက ကျွန်မထက် ပိုပြီး ရည်မှန်းချက် မြင့်တယ်...” တန်လန်က ပြောလိုက်သည်... “အထဲဝင်ကြ...”

ဟွာဖန်းလူက မချိပြုံး ပြုံးလိုက်သည်။ ရီဖူရှင်းကဲ့သို့သော ကောင်က မိန်းကလေးများ အတွက် မည်မျှ ရည်မှန်းချက် မြင့်နေပါစေ သူ့အတွက် မခက်ခဲလှကြောင်း သူသာ အသိဆုံးပင်။

"နောင်တမရနဲ့...” ဟွာဖန်းလူ သက်ပြင်းချလိုက်သည်။ ထို့နောက် သူက ရီဖူရှင်းအား ကြည့်လိုက်သည်... “ဟေးကောင်လေး... ကောင်းကောင်းနေ...”

"ဆရာ... ကျွန်တော်က ဆရာထင်သလို မဆိုးသေးပါဘူး...” ရီဖူရှင်းကား လုံးဝ ပြောစရာ မရှိတော့ပေ။ မည်သည့်ဆရာက သူတို့၏တပည့်အစား အခြားလူ၏တပည့်ကို ကာကွယ်ရသနည်း။

***

All Chapters